ဒုတိယအကြိမ် တိုက်ပွဲ
Vol. 6 Ch. 72
ဘာသာပြန် - အားသစ်
နဂါးကျောက်တုံးမြို့အပြင်ဘက်တွင် အရှေ့လေက ပြင်းထန်စွာ တိုက်ခတ်နေသည်။ လုံကျိုး ဦးဆောင်သော အခြား သာလွန်လူသား ကျွမ်းကျင်သူ ၁၅ ဦးလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် အခြားသော သိုင်းသမား ၂၀၀၀ ခန့်သာ အသီးသီး ရောက်ရှိလာခဲ့ကြသည်။
နဂါးတောင်အခြေစိုက်စခန်းတွင် ရှိစဉ်က စုစုပေါင်း သိုင်းသမား ၅၀၀၀ ခန့် ရှိခဲ့သည်။ သို့သော် ယခုအခါ ၂၀၀၀ ခန့်သာ ကျန်ရှိတော့သည်။ ယခင်က နဂါးကျောက်တုံးမြို့မှ ထွက်ခွာသွားသူများကို ဖယ်လိုက်လျှင် ကျန်ရှိနေသူများမှာ အမိန့်ကို မရရှိခဲ့ကြခြင်း သို့မဟုတ် အမိန့်ရပြီးနောက် မြို့ပြင်သို့ မလာရောက်ကြခြင်း ဖြစ်နိုင်သည်။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ ထိုသိုင်းသမားများသည် အမိန့်ကို ဘယ်တော့မှ ရရှိနိုင်တော့မည် မဟုတ်ခြင်းပင်။ သူတို့သည် ကပ်ပါးပြုခံလိုက်ရခြင်း သို့မဟုတ် သားရဲများနှင့် တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ကြခြင်း ဖြစ်နိုင်သည်။
လုံကျိုး သိုင်းသမားများအားလုံးကို တစ်ချက် ကြည့်လိုက်သည်။ လူအုပ်ထဲတွင် လင်းဖုန်းကို သူ တွေ့လိုက်ရသည်။ ထူးဆန်းသောရောဂါ ရှိနေသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အနန္တလမ်းစဉ်အကယ်ဒမီ၏ အစွမ်းထက်ဆုံး ပါရမီရှင်တစ်ဦးဖြစ်သူ လင်းဖုန်းသည် ယခုအခါ လူအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည်။
လုံကျိုး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သာလွန်လူသား ကျွမ်းကျင်သူ ၁၅ ဦးကို ပြောလိုက်သည်။ “မြို့ပြင်မှာ နတ်ဆိုး ၃၀ ဦးဆောင်တဲ့ သားရဲစစ်တပ်ကြီး ရှိနေပြီး မြို့ထဲမှာတော့ အရပ်သား ၃ သန်း ရှိနေတယ်။ ဒီတိုက်ပွဲမှာ ငါတို့ နိုင်ဖို့ အခွင့်အရေး ၁၀ ရာခိုင်နှုန်းတောင် ရှိချင်မှ ရှိလိမ့်မယ်”
“စစ်သေနာပတိချုပ်... ကျုပ်တို့က မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားပြီးသားသူတွေပါ။ ကျုပ်တို့ ရှေ့တန်းမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာ။ ဘယ်တုန်းကများ ကြောက်ဖူးလို့လဲ။ အဆိုးဆုံးဖြစ်လာရင် ကျုပ်တို့တွေ သေရုံပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်၊ ကျုပ်တို့ ဒီမှာ ရှိနေသရွေ့တော့ ဒီသားရဲတွေကို နဂါးကျောက်တုံးမြို့ထဲကို အတင်းဝင်ခွင့် ပေးလို့မဖြစ်ဘူး”
“ဟုတ်တယ်။ ကျုပ် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ကတည်းက ကျုပ်မိသားစုနဲ့ အပေါင်းအသင်းရောင်းရင်းတွေအားလုံး ပြည့်စုံကြွယ်ဝတဲ့ ဘဝတွေကို ရရှိခဲ့ပြီးပြီ။ ကျုပ်ဘဝမှာ နောင်တရစရာ ဘာမှမရှိတော့ဘူး။ ကျုပ် တိုက်ပွဲမှာ သေသွားရင်တောင် သေချာပေါက် သူရဲကောင်းတစ်ယောက် ဖြစ်လာမှာပဲ။ ကျုပ်မိသားစုက ကျုပ်အတွက် ဂုဏ်ယူကြလိမ့်မယ်”
“ကျုပ်တို့ ဒီသားရဲတွေကို တစ်လက်မမှ အလျှော့မပေးဘူးကွ”
သာလွန်လူသား ကျွမ်းကျင်သူ ၁၅ ဦးသည် မည်သည့်အရာကိုမျှ အလျှော့ပေးမည် မဟုတ်ပေ။ သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်နှင့် ဘာကိုဆိုလိုသလဲဆိုသည်ကို သူတို့အားလုံး သိကြသည်။ သူတို့ကဲ့သို့ သာလွန်လူသား ကျွမ်းကျင်သူများပင် သေဆုံးနိုင်ခြေ အလွန်မြင့်မားလှသည်။
သို့သော် ယခု သူတို့ပြောသကဲ့သို့ပင်၊ သေသွားတော့ရော ဘာဖြစ်လဲ။ သိုင်းသမားများ၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ဖြစ်သည်။ လူ့အဖွဲ့အစည်းက ပေးစွမ်းနိုင်သော အမြင့်ဆုံး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘဝကို သူတို့ ရရှိထားပြီး ဖြစ်သည်။ သူတို့ သေဆုံးသွားပြီးနောက်တွင်လည်း သေချာပေါက် သူရဲကောင်းများ ဖြစ်လာကြမည်ဖြစ်ပြီး သူတို့၏ မိသားစုများနှင့် သားစဉ်မြေးဆက်များကို စောင့်ရှောက်ပေးလိမ့်မည် ဖြစ်သည်။ သူတို့တွင် အနာဂတ်အတွက် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ပေ။
ဤသည်မှာ သာလွန်လူသား ကျွမ်းကျင်သူ ၁၅ ဦးတည်းသာ မဟုတ်ပေ။ မြို့ပြင်သို့ ရောက်ရှိလာသော သိုင်းသမား ၂၀၀၀ ကျော်၏ အတွေးမှာလည်း ထိုနည်းတူပင်။ အဆိုးဆုံးဖြစ်လာပါက သူတို့ သေဆုံးရမည်ဖြစ်သော်လည်း သေဆုံးပြီးနောက် သူတို့သည် သေချာပေါက် သူရဲကောင်းများ ဖြစ်လာကြမည်ဖြစ်ပြီး သူတို့၏ မိသားစုများကို စောင့်ရှောက်ပေးလိမ့်မည် ဖြစ်သည်။
လူ့အဖွဲ့အစည်းတစ်ခုလုံးသည် ရှေ့တန်းစစ်မျက်နှာတွင် ကျဆုံးသွားသော သူရဲကောင်းများကို အလေးအမြတ်ထားကြသည်။ ထို့အပြင် လစာနှင့် ခံစားခွင့်များမှာလည်း အလွန် ရက်ရောလှသည်။ သူရဲကောင်းများ စတေးခံရသည့်အပြင် မတရားမှုများနှင့် ကြုံတွေ့ရသည့် ဖြစ်ရပ်မျိုး သေချာပေါက် ရှိမည်မဟုတ်ပေ။ လူ့အဖွဲ့အစည်းသည် တိုးတက်စည်ပင်နေပြီး လူသားသိုင်းသမားများသည် သူတို့၏ အသက်ကို စွန့်လွှတ်ရန် ဝံ့ရဲကြသည်။ ဤသည်မှာ လူသားတို့၏ နယ်မြေတစ်ခုလုံး လျင်မြန်စွာ ကျယ်ပြန့်လာပြီး သိုင်းသမားများ ပိုမို ထွက်ပေါ်လာရခြင်း၏ အကြောင်းရင်းပင်။
လုံကျိုး အလွန် ကျေနပ်သွားသည်။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်ရသေးမီ ရှေ့တန်းတွင် တိုက်ပွဲဝင်စဉ်ကလည်း ဤသို့နည်းတူ ရဲစွမ်းသတ္တိမျိုး ပြသခဲ့ဖူးသည် မဟုတ်ပါလား။
တက်ကြွပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ဤသိုင်းသမားများကို ကြည့်ရင်း သူ အလွန် ဂုဏ်ယူမိသည်။
“အရမ်းကောင်းတယ်။ မင်းတို့အားလုံး လူသားသိုင်းသမားတွေရဲ့ တာဝန်ကို မေ့မသွားကြဘူးပဲ! သေချာတာကတော့ မင်းတို့ကိုရော၊ နဂါးကျောက်တုံးမြို့က နိုင်ငံသား ၃ သန်းကိုပါ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။ နောက်ထပ် ၁၀ နာရီအတွင်းမှာ ကမ္ဘာ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အန္တိမ စစ်သေနာပတိချုပ် ကိုးဦးထဲက တစ်ဦးဖြစ်တဲ့ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ဟာ နဂါးကျောက်တုံးမြို့ကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မယ်”
“ငါတို့ ၁၀ နာရီလောက် တောင့်ခံထားနိုင်ရင် အရှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်လာတဲ့အထိ တောင့်ခံထားနိုင်ရင် ငါတို့ ကယ်တင်ခံရလိမ့်မယ်။ နဂါးကျောက်တုံးမြို့က လူ ၃ သန်းလုံး ကယ်တင်ခံရလိမ့်မယ်”
လုံကျိုး၏ စကားသံများက အားပါပါဖြင့် ထွက်ပေါ်လာပြီး သိုင်းသမားအားလုံး ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ အမှန်တကယ်တွင် လုံကျိုးသည် ဤသတင်းကို နဂါးကျောက်တုံးမြို့မှ လူများကို ဖုံးကွယ်ထားမည် မဟုတ်ပေ။ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အခြားနည်းလမ်းများမှတစ်ဆင့် မြို့သူမြို့သားအားလုံးကို အသိပေးရန် မြို့တော်ဝန်ကို သူ အကြောင်းကြားထားပြီး ဖြစ်သည်။
မျှော်လင့်ချက်မဲ့နေသူများအားလုံးကို စိတ်ဓာတ်ခွန်အားပေးရန် ဤကဲ့သို့သော မျှော်လင့်ချက်မျိုး လိုအပ်ပြီး ဤသတင်းမှာ အလွန် အချိန်ကိုက်ပင် ဖြစ်သည်။
သတင်းရရှိသော နိုင်ငံသားများစွာသည် မြို့ပြင်တွင် ကာကွယ်ရေး အတားအဆီးများ တည်ဆောက်ရန် ကိုယ်တိုင်ကိုယ်ကျ ကူညီလုပ်ဆောင်ပေးကြပြီး သိုင်းသမားများအားလုံးကို အားပေးစကားများ ပြောကြားကြသည်။ မြို့တွင်းတွင်လည်း စစ်ရဲများနှင့် အချို့သော သိုင်းသမားများက တီကောင်သားရဲများကို ဆက်လက် နှိမ်နင်းနေကြသဖြင့် ယေဘုယျအားဖြင့် ဘေးကင်းလုံခြုံနေပြီ ဖြစ်သည်။
ယခုလက်ရှိ အန္တရာယ်အများဆုံး နေရာမှာ မြို့ပြင်ပင်။ နတ်ဆိုး ၃၀ နှင့် ကြမ်းကြုတ်သားရဲများစွာ ပါဝင်သောစစ်တပ်ကြီး ချီတက်လာနေလေပြီ။ အကယ်၍ သူတို့ ၁၀ နာရီကြာအောင် မတောင့်ခံနိုင်ပါက နဂါးကျောက်တုံးမြို့ရှိ လူတိုင်းအတွက် သေဆုံးပျက်စီးခြင်းသာ မလွဲမသွေ ကြုံရပေလိမ့်မည်။
ဒုန်း... ဒုန်း...
မြို့ပြင်ရှိ သိုင်းသမားစစ်တပ်သည် မြေပြင်တုန်ခါလာမှုကို ခံစားနေရပြီ ဖြစ်သည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် လမ်းတစ်လျှောက်လုံး ဖုန်တလုံးလုံး ထနေသည်။ သားရဲစစ်တပ်ကြီး နောက်ဆုံးတွင် ရောက်ရှိလာချေပြီ။ ထို့အပြင် သားရဲအုပ်ကြီးမှာ ကြီးကျယ်များပြားလှကာ အလွန်တရာ အရှိန်အဝါ ကြီးမားလှသည်။ သားရဲအရေအတွက် သောင်းနှင့်ချီ ရှိနေပုံရသည်။
အကယ်၍ ဤမျှများပြားသော သားရဲများ နဂါးကျောက်တုံးမြို့ထဲသို့ ဝင်ရောက်သွားပါက မြို့တစ်ခုလုံး အသက်ရှင်လျက် ငရဲအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
လင်းဖုန်းသည်လည်း လူအုပ်ထဲတွင် ရှိနေသည်။ သူ ဓားမော့ကိုကိုင်ကာ သားရဲများကို စူးစိုက်ကြည့်နေသည်။
ထိုသားရဲအားလုံးမှာ တီကောင်သားရဲများသာ ဖြစ်ကြသည်။ ယခင်က ရှေ့တန်းရှိ အဆုံးအဖြတ်တိုက်ပွဲတွင် တွေ့ခဲ့ရသော နှာမောင်းရှည်သားရဲများနှင့် ဆူးချွန်သားရဲများ ကဲ့သို့သော အခြားသားရဲများ မပါဝင်တော့ပေ။ သောင်းနှင့်ချီသော သားရဲအားလုံးမှာ တီကောင်သားရဲများသာ ဖြစ်ကြသည်။
ဤမျှများပြားသော သားရဲအရေအတွက် ရှိနေပြီး အားလုံးက တီကောင်သားရဲများ ဖြစ်နေခြင်းကြောင့် ဤတိုက်ပွဲမှာ အခြေခံအားဖြင့် ရှုံးနိမ့်ရန် သေချာနေပြီဖြစ်ကြောင်း လူတိုင်း သိကြသည်။ အရေအတွက်အရဖြစ်စေ သာလွန်လူသားအဆင့် တိုက်ပွဲဝင်စွမ်းရည်အရဖြစ်စေ သားရဲစစ်တပ်ကြီးသည် မြို့ပြင်ရှိ လူသားသိုင်းသမားများထက် များစွာ သာလွန်နေသည်။
ဒီလောက်များပြားတဲ့ သားရဲတွေကို ၁၀ နာရီကြာအောင် ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။
ဤသည်ကို မြင်သောအခါ လုံကျိုးသည် အားရပါးရ ရယ်မောလိုက်သည်။ မှန်ပေသည်။ သားရဲများ ဤမျှလောက်ထိပင် များပြားနေပါလျှင်မူ မည်သည့်နည်းဗျူဟာမှ မလိုအပ်ပါတော့ချေ။ နည်းဗျူဟာများမှာလည်း အသုံးမဝင်တော့ပေ။
“ဟားဟား... ဒါက ပိုတောင် ကောင်းသေးတယ်။ ဒီတစ်ခါတော့ ငါလည်း သတ်ဖြတ်ပွဲမှာ အစွမ်းကုန် ပါဝင်လို့ရပြီပေါ့”
လုံကျိုး စစ်သေနာပတိချုပ် ဖြစ်လာကတည်းက သူ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ခဲ့ရသည့် အကြိမ်အရေအတွက်မှာ ပိုပို နည်းပါးလာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ အမိန့်ပေး ကွပ်ကဲနေရန် လုံးဝ မလိုအပ်တော့ပေ။
“သတ်...”
လုံကျိုး ဟိန်းဟောက်လိုက်သည်။ သူ၏ အသံမှာ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။
“သတ်...”
ဤတိုက်ပွဲတွင် ကံကောင်းခြင်းဆိုတာ မရှိကြောင်း သိုင်းသမားများအားလုံး သိကြသည်။ သူတို့ မခုခံနိုင်လျှင် သေရမည်။ သို့သော် သူတို့၏ အသက်ကို စတေးရမည်ဆိုလျှင်တောင် ဤသားရဲများကို နဂါးကျောက်တုံးမြို့ထဲသို့ ဝင်ခွင့်ပြုမည် မဟုတ်ပေ။
ဘန်း
သိုင်းသမားများ စတင် လှုပ်ရှားလိုက်ကြသည်။ သူတို့က အစပြုကာ တိုက်ခိုက်လိုက်ကြသည်။ အထူးသဖြင့် သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးမှာ သိုင်းသမားများအားလုံး၏ ရှေ့ဆုံးမှ ပြေးဝင်သွားကြသည်။
လုံကျိုးသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ လက်ခုပ်တီးလိုက်သည်။ သူ၏ လက်ဖဝါးများက ဒါဇင်နှင့်ချီသော မီတာ ပတ်လည်အတွင်းရှိ လေထုအားလုံးကို စုပ်ယူလိုက်သည်။ ထို့နောက် ပြန်လည်တွန်းထုတ်လိုက်သည့်အခါ ဒါဇင်နှင့်ချီသော တီကောင်သားရဲများမှာ ချက်ချင်းပင် တစ်စစီ ကြေမွသွားတော့သည်။
အခြား သာလွန်လူသား ကျွမ်းကျင်သူများကလည်း သူတို့၏ စွမ်းရည်များကို ပြသနေကြသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူတိုင်းသည် အထူးစွမ်းရည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အထူးစွမ်းရည်များကိုကို နှိုးဆွအသုံးပြုလာကြသည်။ သူတို့နှင့် ရင်ဆိုင်ရချိန်တွင် သာမန်သားရဲများ၊ အရှင်သခင်အဆင့်သားရဲများနှင့် သားရဲဘုရင်များပင်လျှင် ကွာခြားမှု မရှိပေ။ ခြွင်းချက်မရှိ တစစီကြေမွပျက်စီး သေဆုံးသွားကြရသည်သာ။
လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ထိုသားရဲများအားလုံး သွေးမြူများအဖြစ် ကြိတ်ချေခံလိုက်ရသည်။
သို့သော် ထိုသားရဲများကြားတွင် နတ်ဆိုးများလည်း ပါဝင်နေပြီး နတ်ဆိုးအရေအတွက်မှာ ၃၀ ထိပင် ရှိနေသည်။
ဤမျှများပြားသော နတ်ဆိုးသားရဲများကို သာလွန်လူသား ကျွမ်းကျင်သူများအနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။ နတ်ဆိုး ၃၀ စလုံးမှာ တောင်ကုန်းငယ်လေး ၃၀ အလား အလွန် ကြီးမားကြသည်။ သားရဲများကြားတွင် ယင်းနတ်ဆိုးတို့သည် အလွန် ထင်ရှားပေါ်လွင်နေသည်။
သာလွန်လူသား ကျွမ်းကျင်သူများက သာမန် သားရဲများကို တစ်ဖက်သက် သတ်ဖြတ်နေသည်ကို တွေ့မြင်ရသော်ငြား နတ်ဆိုး ၃၀ မှာ ဂရုမစိုက်သကဲ့သို့သာ ကြည့်နေကြသည်။ ၎င်းတို့သည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုကြပေ။ သာမန် သားရဲများမှာ သူတို့မျက်စိထဲတွင် ဘာမှမဟုတ်သကဲ့သို့ပင်။
ဤနတ်ဆိုးများသည် လူသားများနှင့် အကြမ်းဖျင်း ဉာဏ်ရည်တူညီကြသည်။ သာမန် သားရဲများ သေဆုံးသွားသည်ကို သူတို့ ဂရုမစိုက်ကြပေ။ အမှန်တကယ် သေချာစဉ်းစားကြည့်လျှင် သူတို့သည် အဆက်မပြတ် ကပ်ပါးပြုနိုင်ကြသည်။ ကပ်ပါးပြုရန် လက်ခံကောင် အလုံအလောက် ရှိနေသရွေ့ လက်အောက်ခံသားရဲများကို လိုသလောက် ရရှိနိုင်ပေသည်။
ဤသာမန် သားရဲများမှာ အမှန်တကယ်ပင် အမြောက်စာများသာ ဖြစ်ကြသည်။
“ဟားဟား... ကျေနပ်စရာပဲ၊ တကယ်ကို ကျေနပ်စရာပဲ”
သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးက ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ ပုဆိန်တစ်ချက် ဝှေ့ယမ်းမှုတွင် ဒါဇင်နှင့်ချီသော သားရဲများမှာ အပိုင်းပိုင်း ပြတ်တောက်သွားကြသည်။
အခြား သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးမှာမူ မြေထိုးစက်ကြီး တစ်စီးအလားပင် ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ လူ့ဘီလူးတစ်ကောင်အလား အဆက်မပြတ် ကြီးထွားလာသည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သွေးခင်းလမ်းတစ်ခု ဖောက်သွားသကဲ့သို့ပင်။
နတ်ဆိုး ၃၀ သည် အရာအားလုံးကို အချိန်အတော်ကြာအောင် စိတ်ဝင်စားမှုမရှိဘဲ ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင် အခြားနတ်ဆိုးများထက် နှစ်ဆခန့် သိသိသာသာ ပိုကြီးသော နတ်ဆိုးတစ်ကောင်က စူးရှသော အော်ဟစ်သံတစ်ခုကို ထုတ်လွှင့်လိုက်သည်။
ထို့နောက် သားရဲအားလုံး ရူးသွပ်သွားသည့်အလား စူးရှသော အသံများဖြင့် ပြန်လည် တုံ့ပြန်လိုက်ကြသည်။
မရေမတွက်နိုင်သော သားရဲများ ချက်ချင်း ရူးသွပ်သွားကြပြီး နတ်ဆိုး ၃၀ သည်လည်း သာလွန်လူသား ကျွမ်းကျင်သူ ဆယ်ဦးကျော်ကို တိုက်ရိုက် ပစ်မှတ်ထားကာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။