← Chapters

ကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်ခြင်း

Vol. 6 Ch. 73

ကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်ခြင်း

Vol. 6 Ch. 73

ဘာသာပြန် - အားသစ်

နဂါးကျောက်တုံးမြို့၏ အကြီးဆုံး ရုပ်မြင်သံကြားဌာနဖြစ်သည့်အလျောက် နဂါးကျောက်တုံး ရုပ်မြင်သံကြားဌာနသည် ပရော်ဖက်ရှင်နယ် ရုပ်သံထုတ်လွှင့်မှု ကိရိယာပစ္စည်းအစုံအလင် ရှိပေသည်။ ထို့အပြင် ရုပ်သံဌာနတွင် အထူး အစောင့်အရှောက်တပ်ဖွဲ့တစ်ဖွဲ့ပင် ရှိသေးသည်။

နဂါးကျောက်တုံးမြို့သည် ရှေ့တန်းစစ်မျက်နှာနှင့် နီးကပ်သောကြောင့် နဂါးကျောက်တုံးရုပ်သံဌာနသည် သားရဲများနှင့် ပတ်သက်သော မှတ်တမ်းရုပ်ရှင်အချို့ကို မကြာခဏ ရိုက်ကူးလေ့ရှိသည်။ အစောင့်အရှောက်တပ်ဖွဲ့၏ ကာကွယ်မှုသာ မပါပါက သတင်းထောက်များနှင့် ရိုက်ကူးရေးသမားများအတွက် ရှေ့တန်းအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ယခုလက်ရှိ မြို့ပြင်၌ ကြမ်းကြုတ်သားရဲများစွာ ကျူးကျော်လာပြီး နဂါးကျောက်တုံးမြို့တစ်ခုလုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ရုပ်သံဌာနက အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။

မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရန်ပင်။

နဂါးကျောက်တုံးမြို့အပြင်ဘက်ရှိ တိုက်ပွဲကို အဓိကထား၍ “ဆယ်နာရီအတွင်းမှ သေရေးရှင်ရေး” အမည်ရှိ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုကို ရိုက်ကူးကြမည် ဖြစ်သည်။

ထို့အပြင် ဤမှတ်တမ်းတင်ရုပ်ရှင်သည် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်သည့် နည်းလမ်းကို အသုံးပြုမည် ဖြစ်သည်။ ရုပ်သံဌာနသည် နဂါးကျောက်တုံးမြို့ ပြင်ပရှိ ပရိသတ်များအား မြို့၏ အမှန်တကယ် အခြေအနေကို ပြသရန် ဤမှတ်တမ်းတင်ရုပ်သံဗွီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်ပြသပေးမည် ဖြစ်သည်။

ဤသည်မှာ အာရုံစိုက်ခံရစေရန် လုပ်ဆောင်သော လှည့်ကွက်တစ်ခု မဟုတ်ဘဲ ပရော်ဖက်ရှင်နယ်ဆန်သော လုပ်ရပ်တစ်ခု ဖြစ်သည်။ ယင်းမှာ ရုပ်သံဌာနတစ်ခု၊ မီဒီယာကုမ္ပဏီတစ်ခုအနေဖြင့် လိုက်နာကျင့်သုံးသော ပရော်ဖက်ရှင်နယ် ကျင့်ဝတ်တစ်ခုပင် ဖြစ်သည်။

နဂါးကျောက်တုံးမြို့သည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းကို ရုပ်သံဌာနမှ လူများအားလုံး ကောင်းစွာ သိရှိထားကြသည်။ အကယ်၍ ရှေ့တန်းမှ သိုင်းသမားများ ဆယ်နာရီကြာအောင် မတောင့်ခံနိုင်ဘဲ သားရဲများကို မြို့ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်ပါက နဂါးကျောက်တုံးမြို့တစ်ခုလုံး အသက်ရှင်လျက် ငရဲအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

သူတို့ လုပ်နိုင်သမျှမှာ ဤဖြစ်စဉ်ကို တစ်ကမ္ဘာလုံးသိအောင် အမှန်အတိုင်း တင်ဆက်ပေးရန်သာ ဖြစ်သည်။

ရုပ်သံစခန်းမှ တာဝန်ရှိသူများသည် ဤအထူးမှတ်တမ်းတင်ရုပ်ရှင်ကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ရိုက်ကူးရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ သို့သော် အစီအစဉ်တင်ဆက်သူကို ရှာဖွေရာတွင်မူ ရှားရှားပါးပါး တိတ်ဆိတ်သွားခဲ့ကြသည်။

မြို့ပြင်ထွက်ပြီး မှတ်တမ်းရုပ်ရှင် ရိုက်ရတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ။ အစောင့်အရှောက်အဖွဲ့များ၏ ကာကွယ်မှု ပါဝင်လျှင်တောင်မှ သားရဲများ၏ ဆွဲဖြဲခြင်းကို ခံရနိုင်သေးသည် မဟုတ်ပါလား။

နောက်ဆုံးတွင် မထင်မှတ်ထားသော လူတစ်ဦး ထွက်လာသည်။ ရုပ်သံဌာန၏ ထိပ်တန်း အမျိုးသမီး အစီအစဉ်တင်ဆက်သူ လီဝေ က မိမိသဘောဆန္ဒအလျောက် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ သူမသည် ဤမျှ ထူးခြားပြီး အန္တရာယ်များသော မှတ်တမ်းတင်ရုပ်ရှင်ကို ရိုက်ကူးရန် ဆန္ဒရှိနေခဲ့သည်။

လီဝေသည် ယခုနှစ်မှ အသက် ၂၄ နှစ်သာ ရှိသေးသော်လည်း နဂါးကျောက်တုံးမြို့၏ နာမည်အကြီးဆုံး အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ မူလက သူမတွင် တောက်ပသော အနာဂတ်တစ်ခု ရှိခဲ့သော်လည်း ယခုအခါ ဤသားရဲကျူးကျော်မှုဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေခဲ့ရလေပြီ။

လီဝေ ရှေ့ထွက်လာသည်ကို မြင်သောအခါ လူအများအပြားက တိတ်တဆိတ် နှမြောတသ ဖြစ်သွားကြသည်။

ယခုလက်ရှိအခိုက်အတန့်တွင် လီဝေနှင့် ရိုက်ကူးရေးသမားတို့သည် မြို့ပြင်၌ ရပ်နေကြသည်။ သူတို့ဘေးတွင် အစောင့်အရှောက်အဖွဲ့ဝင် ၁၂ ဦး ရှိနေပြီး အားလုံးမှာ အဆင့် ၇ နှင့်အထက် ပရော်ဖက်ရှင်နယ် သိုင်းသမားများ ဖြစ်ကြသည်။

ရုပ်သံစခန်းသည် ဤကိစ္စအတွက် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ပြီး လီဝေကို ကာကွယ်ရန် သူတို့၏ အတော်ဆုံးအဖွဲ့ကို စေလွှတ်ပေးခဲ့ခြင်းပင်။

"ချစ်ခင်လေးစားရပါသော ပရိသတ်ကြီးတို့ရှင်... ဒီနေ့ ပရိသတ်ကြီးတို့ မြင်တွေ့နေရတာကတော့ အထူးမှတ်တမ်းရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ နဂါးကျောက်တုံး ရုပ်မြင်သံကြားစခန်းကနေ တိုက်ရိုက် ထုတ်လွှင့်ပေးနေတာပါ။ ကျွန်မကတော့ လီဝေပါရှင်..."

လီဝေသည် ရုံးသုံးဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အလွန် ကျက်သရေရှိလှသည်။ သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေဆဲပင်။ တစ်ကမ္ဘာလုံးကို တင်ဆက်ပြသနေသော ဤတိုက်ရိုက်ထုတ်လွှင့်သည့် မှတ်တမ်းရုပ်ရှင်မှာ သူမဘဝ၏ နောက်ဆုံးတင်ဆက်မှုလည်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူမသည် အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ရန် ကြိုးစားနေခဲ့သည်။

မြင်ကွင်းက ပြောင်းလဲသွားပြီး ဖန်သားပြင်ပေါ်တွင် သားရဲများစွာ ပေါ်လာသည်။ ထိုသားရဲများ၏ ရက်စက်ကြမ်းကြုတ်သော အခြမ်းကို ဖန်သားပြင်ပေါ်တွင် ပြသထားသည်။ သိုင်းသမားများမှာ အလွယ်တကူ ဆွဲဖြဲခံနေရပြီး သားရဲများ၏ ဝါးမြိုခြင်းကိုပင် ခံနေရသည်။

မြင်ကွင်းမှာ အလွန်တရာ သွေးထွက်သံယိုများပြီး အမှန်တကယ်လည်း လက်တွေ့ကျလှသည်။

ဤကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်သည့် အထူးမှတ်တမ်းရုပ်ရှင်သည် ယခင်ရုပ်မြင်သံကြား အစီအစဉ်အားလုံး၏ ကြည့်ရှုနှုန်းကိုပင် ကျော်လွန်သွားပြီဖြစ်ကြောင်း လီဝေ မသိခဲ့ပေ။ ကမ္ဘာတစ်ဝန်းရှိ ရုပ်မြင်သံကြားများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဤမှတ်တမ်းရုပ်ရှင်ကို ပြသနေကြသည်။

ရုပ်မြင်သံကြားတွင် တိုက်ရိုက်ထုတ်လွှင့်နေရုံသာမက အွန်လိုင်းတွင်လည်း တိုက်ရိုက်ထုတ်လွှင့်နေသည်။ မရေမတွက်နိုင်သော လူများစွာသည် ဤအထူးမှတ်တမ်းရုပ်ရှင်ကို အာရုံစိုက်နေကြသည်။ နဂါးကျောက်တုံးမြို့ ရင်ဆိုင်နေရသော အခြေအနေကို လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော ကပ်ပါးပြု တီကောင်သားရဲများ၏ သက်ရောက်မှုမှာ အလွန် ကြီးမားလှသော်လည်း လူအများအပြားမှာ သတင်းအချက်အလက်များကို လက်တွေ့မြေပြင်ပင်ရင်းမှ တိုက်ရိုက် မရရှိကြသဖြင့် အခက်တွေ့နေကြရသည်။ ဤကပ်ပါး တီကောင်သားရဲများ ဘယ်ကရောက်လာသလဲ၊ လက်ရှိဘာတွေဖြစ်နေသလဲဆိုသည်ကို သူတို့ မသိကြပေ။

ယခုအခါ ဤအထူး တိုက်ရိုက်ထုတ်လွှင့်သည့် မှတ်တမ်းရုပ်ရှင်မှတစ်ဆင့် သူတို့သည် ကပ်ပါး တီကောင်သားရဲများ၏ အစစ်အမှန် အသွင်အပြင်နှင့် လက်ရှိနဂါးကျောက်တုံးမြို့တွင် အတိအကျ ဘာတွေဖြစ်နေသလဲဆိုတာကို သိရှိသွားကြပြီ ဖြစ်သည်။

လူ ၃ သန်း၏ အသက်အိုးအိမ်စည်းစိမ်မှာ ဤတိုက်ပွဲပေါ်တွင် မူတည်နေသည်။ ဤသည်မှာ သားရဲများနှင့် လူသားများကြား အသေအကြေအပျက်အစီး အများဆုံး တိုက်ပွဲတစ်ခုပင်။

လူအများအပြားမှာ ငယ်စဉ်ကတည်းက ဘေးကင်းပြီး ငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ကြရသည်။ ထို့ကြောင့် စစ်ပွဲတစ်ခု မည်မျှအထိ ရက်စက်ကြမ်းတမ်းနိုင်သည်ကို သူတို့ စိတ်ကူး၍ပင် မရနိုင်ကြပေ။ သူတို့၏ ငြိမ်းချမ်းသော ဘဝများသည် ရှေ့တန်းမှ သိုင်းသမားများနှင့် သားရဲများကြားက ပြင်းထန်သော တိုက်ပွဲများဖြင့် ရင်းနှီးဖလှယ်ထားရခြင်း ဖြစ်ကြောင်းကို သူတို့ မသိခဲ့ကြပေ။

အလွန်တရာ ကြည့်ရဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးဆာရန်လိုနေသည့် မျက်နှာများကို ကြည့်ရင်း လူတိုင်း တိတ်ဆိတ်သွားကြသည်။ ကလေးအချို့မှာ ကြောက်လန့်တကြား ငိုကြွေးနေကြသော်လည်း ထိုသို့ ငိုနေသည့်တိုင် လူကြီးများက ကလေးများကို ဤမှတ်တမ်းရုပ်ရှင်အား ဆက်လက်ကြည့်ရှုရန် တိုက်တွန်းနေခဲ့ကြဆဲပင်။

ဤသည်မှာ အလက်တွေ့အကျဆုံးနှင့် ရုပ်လုံးအပေါ်ဆုံး သင်ခန်းစာတစ်ခုပင် ဖြစ်သည်။ ငြိမ်းချမ်းသောဘဝတစ်ခုသည် ကြီးမားသော တန်ဖိုးပေးဆပ်မှုမှ လာကြောင်းကို ဤထုတ်လွှင့်မှုမှတဆင့် သူတို့ကို သိစေသည်။ လူသားများနှင့် သားရဲများသည် သဘာဝ ရန်သူများ ဖြစ်ကြသည်။ တစ်ဖက်က အသက်ရှင်ရန်အတွက် အခြားတစ်ဖက်က သေဆုံးရမည်သာ။

ဤသည်မှာ အမှားအမှန်နှင့် ဘာမှမဆိုင်ပေ။ ၎င်းမှာ ရှင်သန်ရေးအတွက်သက်သက်သာ ဖြစ်သည်။

လီဝေသည် သတင်းရှာ‌ဖွေတင်ဆက်နိုင်စွမ်းပြည့်ဝသော အမြင်စူးရှသည့် အစီအစဉ်တင်ဆက်သူနှင့် သတင်းထောက်တစ်ဦး ဖြစ်သည်။ သူမနှင့် ရိုက်ကူးရေးသမား ရှောင်ဝူ တို့သည်လည်း လက်တွဲညီညီ အလုပ်လုပ်နိုင်ကြသည်။ ယခုအခါ သူတို့နှစ်ဦးသည် ရှေ့တန်းသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေကြသော်လည်း လီဝေမှာ ကျေနပ်မှု မရှိသေးပေ။

"ဆက်သွားမယ်။ တိုက်ပွဲမြေပြင်ထဲကို ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရမယ်။ ဒါမှသာ မြေပြင် သတင်းအချက်အလက်တွေကို တိုက်ရိုက်ရရှိနိုင်မှာဖြစ်ပြီးတော့ တိုက်ပွဲရဲ့ အစစ်အမှန်ပုံစံကို ရိုက်ကူးနိုင်မှာပဲ"

"အစ်မဝေ... ကျွန်တော်တို့ ဒီထက်ပိုပြီး ဝင်သွားလို့ မရတော့ဘူး။ ဒီထက်ပိုဝင်သွားမယ်ဆိုရင် သားရဲတွေနဲ့ ထိပ်တိုက်တွေ့တော့မှာ။ အရမ်း အန္တရာယ်များတယ်"

ရှောင်ဝူက သူမကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ သူက လီဝေထက် အသက်ပိုကြီးသော်လည်း သတင်းတင်ဆက်မှုကဏ္ဍတွင်မူ လီဝေမှာ အလွန် ဩဇာတိက္ကမ ကြီးမားလှသည်။ ရုပ်သံစခန်းရှိ လူတိုင်းက လီဝေကို 'အစ်မဝေ' ဟုသာ ခေါ်ကြသည်။

ယခုအခါတွင် လီဝေ၏ ခေါင်းမာကာ ဩဇာကြီးမားသော အခြမ်းကို အပြည့်အဝ မြင်တွေ့လိုက်ရသည်။

"မရဘူး... ငါတို့ ထပ်ပြီး ဝင်ရမယ်။ ငါတို့ရဲ့ သိုင်းသမားတွေကို ကြည့်စမ်း။ သူတို့ သွေးစွန်းတဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြတာ။ ငါတို့ ဒီတိုင်း ဘာမှမလုပ်ဘဲ နေလို့မဖြစ်ဘူး"

လီဝေက ဆက်ဝင်ရန် တင်းခံနေသဖြင့် ရှောင်ဝူလည်း သူမနောက်သို့ လိုက်ရုံသာ တတ်နိုင်တော့သည်။

မှတ်တမ်းရုပ်ရှင်များတွင် ရှုထောင့်မှာ အရေးကြီးသော်လည်း တစ်ချိန်တည်းမှာပင် မှတ်တမ်းရုပ်ရှင်၌ အဓိကဇာတ်ကောင်တစ်ဦးလည်း ရှိနေသည်။ အကယ်၍ အဓိကဇာတ်ကောင်သာ ရှိမည်ဆိုပါက မှတ်တမ်းရုပ်ရှင် တစ်ခုလုံးကို ရိုက်ကူးရာတွင် သံသယဖြစ်ဖွယ်မရှိ ပိုမို လွယ်ကူစေပြီး ပိုမို လက်တွေ့ကျစေမည် ဖြစ်သည်။

ထို့ကြောင့် လီဝေသည် စစ်မြေပြင်တွင် အဓိကဇာတ်ကောင်ကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

အဓိကဇာတ်ကောင်ဟူသော ခေါင်းစဉ်မှာ အလွန် ကိုယ်စားပြုနိုင်စွမ်း ရှိရမည်ဖြစ်ပြီး လူအများအပြားနှင့် ထပ်တူကျနိုင်ရမည် ဖြစ်သည်။ သို့သော် ဤသည်မှာ စစ်မြေပြင်တွင် ရှာဖွေရန် မလွယ်ကူပေ။ အမှန်တကယ်တွင် သူတို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားသောအခါ သားရဲအချို့နှင့်ပင် ထိပ်တိုက်တွေ့ခဲ့ကြသေးသည်။

ကံကောင်းစွာဖြင့် အစောင့်အရှောက်အဖွဲ့၏ ကာကွယ်မှုကြောင့် လီဝေနှင့် ရှောင်ဝူ နှစ်ဦးစလုံး ဘေးကင်းလုံခြုံခဲ့ကြသည်။ သို့သော် လီဝေ၏ ကိုယ်ပေါ်တွင်တော့ သွေးညှီနံ့များဖြင့် ပြည့်နှက်ဖွုးလွှမ်းနေသည်။

"ဟင်"

လီဝေသည် အလွန် သနားစရာကောင်းသော အခြေအနေတွင် ရှိနေသော်လည်း လူအုပ်ထဲတွင် ထူးခြားသော သိုင်းသမားတစ်ဦးကို သူမ ရှာဖွေတွေ့ရှိသွားသည်။

ထိုသိုင်းသမားမှာ အလွန် ငယ်ရွယ်ပြီး အသက် ၂၀ ခန့်သာ ရှိဦးမည် ဖြစ်သည်။ သူ၏ မျက်နှာမှာ နုနယ်သေးပုံရသော်လည်း ထိုလူငယ်သိုင်းသမား၏ မျက်လုံးများမှာမူ အလွန် တည်ငြိမ်အေးစက်နေပြီး ကြောက်ခမန်းလိလိပင်။

ထိုလူငယ်သိုင်းသမား၏ ဘေးတွင် မရေမတွက်နိုင်သော ကြမ်းကြုတ်သားရဲများ အတုံးအရုံး လဲကျနေသည်။ ခြွင်းချက်မရှိ ထိုသားရဲအားလုံးမှာ အပိုင်းပိုင်းအစစ ပြတ်တောက်နေခြင်း သို့မဟုတ် ခေါင်းများ နှစ်ခြမ်းကွဲနေခြင်းသာ ဖြစ်သည်။ မြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

လီဝေသည် ရင်ထဲမှ အကြောက်တရားကို သည်းခံကျော်လွှားလိုက်သည်။ သူမ၏ သတင်းအာရုံခံနိုင်စွမ်းက သူမကို အလွန် စိတ်လှုပ်ရှားသွားစေသည်။

"ရှောင်ဝူ... ကင်မရာကို သူ့ဆီ ချိန်လိုက်။ ဟုတ်တယ်... ဟို လူငယ်သိုင်းသမားဆီကို။ ငါတို့ သူ့နောက်ကို လိုက်ရမယ်"

လီဝေသည် ထိုလူငယ်သိုင်းသမားဆီသို့ အကြောက်အလန့်မရှိ ပြေးဝင်သွားတော့သည်။

လင်းဖုန်းသည် လက်ထဲတွင် ဓားကိုကိုင်ကာ နေရာတွင်ပင် မားမားမတ်မတ်ရပ်နေသည်။ သူ၏ အနောက်ဘက်တွင် ကင်မရာတစ်လုံးက သူ့ကို ချိန်ရွယ်ထားသည်ကို သူ မသိသလို သတ္တိခဲ သတင်းထောက်တစ်ဦးက သူ့ကို အဓိကဇာတ်ကောင်အဖြစ် ထားကာ အထူးမှတ်တမ်းရုပ်ရှင် ရိုက်ကူးနေသည်ကိုလည်း သူ လုံးဝ မသိပေ။

သူ၏ ဘေးတွင် သားရဲများ တစ်ကောင်ပြီးတစ်ကောင် လဲကျနေသော်လည်း သူ အနည်းငယ်မျှပင် ဝမ်းသာမနေပေ။ ဤသားရဲများမှာ မည်မျှပင် သတ်သတ် ကုန်ဆုံးသွားမည် မဟုတ်သော အမြောက်စာများသာ ဖြစ်ကြသည်။

သာမန်သားရဲအရေအတွက် မည်မျှပင် များများသတ်နိုင်ပါစေ သူတို့သည် တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

စစ်မြေပြင်တစ်ခုလုံးတွင် လူသားသိုင်းသမားများမှာ ပိုပိုပြီး နည်းပါးလာသည်။ အလွန်တရာများပြားလှသော သားရဲအရေအတွက်ကြားတွင် လူသားသိုင်းပညာရှင်တို့မှာ နစ်မြုပ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ လင်းဖုန်း ရှေ့သို့ ဆက်လက် ပြေးဝင်သွားသည်။ သူ၏ အရှိန်မှာ မမြန်ဆန်သော်လည်း သူ့ကို ပိတ်ဆို့ထားသော သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြသည်။ လင်းဖုန်းသည် သူသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ သားရဲအားလုံးကို အလုံးစုံသုတ်သင်သတ်ဖြတ်ရှင်းလင်းသွားသည်။

ရုတ်တရက် လင်းဖုန်း ရပ်တန့်လိုက်သည်။ မလှမ်းမကမ်းတွင် သားရဲဘုရင်တစ်ကောင်နှင့် အရှင်သခင်အဆင့် သားရဲအုပ်တစ်အုပ်ကို သူ တွေ့လိုက်ရသည်။

ဘုန်း

ရုတ်တရက် လင်းဖုန်း မြေကြီးကို ဆောင့်နင်းလိုက်သည်။ မြေပြင်တစ်ခုလုံး ငလျင်လှုပ်ခတ်သကဲ့သို့ တုန်ခါသွားသည်။ ထို့နောက် လင်းဖုန်းသည် အမြောက်ဆံတစ်ခုအလား ရှေ့သို့ ခုန်ထွက်ကာ သားရဲအုပ်ဆီသို့ ဦးတည်ပြေးထွက်သွားတော့သည်။

All Chapters