ကင်မရာပေါ်မှ အဓိကဇာတ်ကောင်
Vol. 6 Ch. 74
ဘာသာပြန် - အားသစ်
လင်းဖုန်းသည် အမြောက်ဆံတစ်လုံးကဲ့သို့ ရှေ့သို့ ဦးတည်ပြေးထွက်သွားသည်။ ဤမြင်ကွင်းသည် သူ၏အနောက်ရှိ ကင်မရာမှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဆိုသည်ကို သူ မသိပေ။
“အာ... ဒီလူက အရမ်းငယ်သေးတာပဲ။ သူက ကျောင်းသားတစ်ယောက် ဖြစ်လောက်တယ် မဟုတ်လား”
“ဟုတ်တယ်။ နဂါးကျောက်တုံးမြို့က သိုင်းသမား တော်တော်များများက အနန္တလမ်းစဉ်အကယ်ဒမီက ကျောင်းသားတွေလို့ ငါ ကြားဖူးတယ်။ ဒီလူငယ်လေးက အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမယ်။ သူက ဒီလောက်ငယ်ငယ်လေးနဲ့ ကြောက်စရာကောင်းတဲ့ သားရဲတွေကို တိုက်ခိုက်နေရတာပဲ...”
“မသေပါစေနဲ့၊ ကျေးဇူးပြုပြီး မသေပါစေနဲ့...”
လီဝေ ခန့်မှန်းခဲ့သည့်အတိုင်းပင် ငယ်ရွယ်သော လင်းဖုန်း၏ မျက်နှာမှာ လူငယ်တစ်ဦး၏ ဟန်ပန်မျိုး ရှိနေသေးသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အလွန် ကြီးမားတောင့်တင်းခြင်း မရှိဘဲ အနည်းငယ် ပိန်ပါးကျစ်လျစ်နေပုံရသည်။
သာမန်လူတစ်ယောက်နှင့်တူသော ဤလူငယ်လေးသည် လူအများစု၏ ရင်ထဲသို့ ထိရှသွားစေသည်။
လင်းဖုန်းကို မြင်သောအခါ သူတို့၏ ကိုယ်ပိုင် သားများ၊ ညီအစ်ကိုများ၊ မိတ်ဆွေသူငယ်ချင်းများ၊ အတန်းဖော်ကျောင်းသားများနှင့် အိမ်နီးချင်းများကို မြင်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဤမျှ ငယ်ရွယ်သော သိုင်းသမားလေးသည် အိမ်ထောင်ပင် မကျသေးလောက်သော်လည်း ဤရက်စက်ကြမ်းကြုတ်သော သားရဲများထံသို့ တွန့်ဆုတ်ခြင်းမရှိဘဲ ပြေးဝင်သွားခဲ့သည်။
လူတိုင်းမှာ လင်းဖုန်း၏ ပုံရိပ်ကို စိတ်ဝင်တစား ကြည့်ရှုနေကြပြီး သူတို့၏ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသည်။ လင်းဖုန်း ဘာမှမဖြစ်ပါစေနှင့်ဟု သူတို့ တိတ်တဆိတ် ဆုတောင်းနေမိကြသည်။
သို့သော် အဝေးရှိ ဗဟိုပင်လယ်မြို့မှ လင်းမိသားစုသည်ကား အစိုးရိမ်ရဆုံး ဖြစ်နေသည်။
ကပ်ပါး တီကောင်သားရဲများကဲ့သို့ ကြီးမားသော ဖြစ်ရပ်တစ်ခုကို လင်းမိသားစုက မသိဘဲ နေပါမည်လော။
သဘာဝကျစွာ လင်းဇနီးမောင်နှံသည်လည်း ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့သည်။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှ ရင်းနှီးနေသော ပုံရိပ်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် အေးခဲသွားသည်။
“ဖုန်းအာလား”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဖုန်းအာက အနန္တလမ်းစဉ်အကယ်ဒမီကို သွားတာ မဟုတ်ဘူးလား။ သူက ကျောင်းသားသစ်လေ။ ဘယ်လိုလုပ် ပြင်ပနယ်မြေကို သွားပြီး နဂါးကျောက်တုံးမြို့ကို ရောက်နေရတာလဲ”
လင်းကျုံးသည် အနန္တလမ်းစဉ်အကယ်ဒမီသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။ အတန်ကြာပြီးနောက် သူ ဧည့်ခန်းထဲသို့ မှင်သက်စွာ ပြန်ရောက်လာသည်။
“ဖုန်းအာက သူ့သဘောဆန္ဒအလျောက် ပြင်ပနယ်မြေကို သွားခဲ့တာတဲ့။ သူ တကယ့်ကို မိုက်မဲတာပဲ...”
သို့သော် ယခုလက်ရှိ အခြေအနေအရ ဤသို့ဖြစ်နေပြီ ဖြစ်ရာ လင်းကျုံးလည်း ဘာမှ မတတ်နိုင်တော့ပေ။ လင်းဖုန်း ဘာမှမဖြစ်ပါစေနှင့်ဟု တိတ်တဆိတ် ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
ဗဟိုပင်လယ်တက္ကသိုလ်၏ သိုင်းပညာကလပ်တွင် သိုင်းပညာကလပ် အဖွဲ့ဝင်များအားလုံး ဧရာမဖန်သားပြင်ကြီးကို စူးစိုက်ကြည့်နေကြသည်။
လူငယ်လေးတစ်ယောက်၏ ပုံရိပ် ဖန်သားပြင်ပေါ်တွင် ပေါ်လာသောအခါ လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။ သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုဖန်သာပြင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
လင်းချန်၏ ဘေးရှိ အတန်းဖော်ကလည်း တစ်ခုခုကို သတိပြုမိသွားပုံရကာ အံ့ဩတကြီး အော်မေးလိုက်သည်။
“လင်းချန်... အဲဒါ နင့်အစ်ကို လင်းဖုန်း မဟုတ်လား။ သူက ဘာလို့ နဂါးကျောက်တုံးမြို့ကို ရောက်နေတာလဲ”
လင်းချန် ဘယ်လိုလုပ် သိနိုင်မည်နည်း။ သူမ၏ တတိယအစ်ကို လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီသို့ သွားခဲ့ကြောင်းကိုသာ သူမ သိထားသည်။ သူက ဘာကြောင့် နဂါးကျောက်တုံးမြို့တွင် ရုတ်တရက် ပေါ်လာရသနည်း။
ထို့အပြင် သူမ ဘယ်တော့မှ အမြင်မှားမည် မဟုတ်ပေ။ ထိုသူမှာ သူမ၏ တတိယအစ်ကို လင်းဖုန်းပင် ဖြစ်သည်။
“တတိယအစ်ကို... ဘေးကင်းပါစေ...”
လင်းချန်သည် ထိုဖြစ်ရပ်ပြီးကတည်းက အလွန် သန်မာသူ ဖြစ်လာသည်။ သို့သော် ယခုအချိန်တွင် သူမသည် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိပြီး မျက်ရည်များပင် ကျလာခဲ့သည်။ နဂါးကျောက်တုံးမြို့သည် သားရဲများ နေရာအနှံ့ရှိနေပြီး အလွန် အန္တရာယ်များသော နေရာဖြစ်သည်။ လင်းဖုန်း အသက်ရှင်နိုင်ပါ့မလား။
ကမ္ဘာပေါ်ရှိ ထိပ်တန်း သိုင်းပညာအကယ်ဒမီ သုံးခုထဲမှ တစ်ခုဖြစ်သော ဝန်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားများသည်လည်း အခြား သိုင်းပညာအကယ်ဒမီ နှစ်ခုနှင့် ပတ်သက်သော သတင်းများကို အနီးကပ် စောင့်ကြည့်လေ့လာတတ်ကြသည်။
လက်ရှိအချိန်တွင်ဝန်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားများစွာသည် အကယ်ဒမီ၏ ပင်မခန်းမတွင် ထိုင်ကာ ဧရာမဖန်သားပြင်ကို စူးစိုက်ကြည့်ရှုနေကြသည်။ ဖန်သားပြင်ပေါ်တွင် နဂါးကျောက်တုံးမြို့မှ အထူးမှတ်တမ်းရုပ်ရှင်ကို တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်။
ဝန်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသားများသည် သာမန်လူများနှင့် မတူပေ။ သူတို့သည် ဤကပ်ပါးပြုခြင်း ဖြစ်ရပ်နောက်ကွယ်မှ ဇာတ်လမ်းများနှင့် အချို့သော သီးသန့် အတွင်းသတင်းများကို ကြိုတင် သိရှိထားကြသည်။
ထို့ကြောင့် တစ်စုံတစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။ “ဒီတစ်ခါတော့ အနန္တလမ်းစဉ်အကယ်ဒမီက အကြီးအကျယ် ဆုံးရှုံးရတော့မယ် ထင်တယ်။ နဂါးတောင်အခြေစိုက်စခန်းမှာ အနန္တလမ်းစဉ်အကယ်ဒမီက ပါရမီရှင် သိုင်းသမားတွေ အများကြီး ရှိတယ်။ အခု သူတို့အားလုံး နဂါးကျောက်တုံးမြို့မှာ ပိတ်မိနေကြပြီ”
“ဟုတ်တယ်။ အနန္တလမ်းစဉ်အကယ်ဒမီက ချမ်းသာတဲ့ မိသားစုတွေက အမွေဆက်ခံသူတွေကို အမြဲ လက်ခံလေ့ရှိပေမဲ့ သူတို့ထဲမှာ ထိပ်တန်း ပါရမီရှင်တွေလည်း ရှိသေးတယ်။ ဥပမာပြောရရင် ဟိုးအရင်တုန်းက အနန္တလမ်းစဉ်အကယ်ဒမီရဲ့ နတ်ဆိုးဘုရင် တုန်ဖန်းရှန် ဆိုရင် ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲလေ”
“ဒီကိစ္စအပြီးမှာ အနန္တလမ်းစဉ်အကယ်ဒမီက သေချာပေါက် ကြီးကြီးမားမား ဆုံးရှုံးရတော့မှာပဲ...”
မြင်ကွင်းပြောင်းသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်ပေါ်တွင် လူငယ်သိုင်းသမားလေးတစ်ဦး ပေါ်လာသောအခါ လူအပေါင်းတို့မှာ အနည်းငယ် အံ့ဩသွားကြသည်။
“ဦးဆောင်တိုက်ခိုက်တာလား။ သူ ရူးသွားပြီပဲ”
“သူ့ရဲ့ ပစ်မှတ်က ဟို သားရဲအုပ်စု ဖြစ်ပုံရတယ်။ ဘုရားရေ... အဲ့ကောင်တွေက အကြီးကြီးတွေပဲ။ အဲဒါ ဘုရင်အဆင့် သားရဲလား”
“သားရဲဘုရင် တစ်ကောင်တည်း မဟုတ်ဘူး၊ အရှင်သခင်အဆင့်သားရဲ အုပ်ကြီးလည်း ပါသေးတယ်။ ဒီလူက အနန္တလမ်းစဉ်အကယ်ဒမီက ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ ကံမကောင်းတာက သူ ဘယ်လောက်ပဲ သတ္တိရှိရှိ အရင်စတိုက်ပါစေ သူက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သာလွန်လူသား ကျွမ်းကျင်သူမှမဟုတ်သေးပဲကို။ သာလွန်လူသားတွေကလွဲရင် သိုင်းသမားတွေ ဘယ်လောက်ပဲ များများ သားရဲဘုရင်နဲ့ ရင်ဆိုင်ရရင် သေချာပေါက် သေရမှာပဲ”
“သူက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပြင်ပနယ်မြေကို သွားခဲ့တာပဲ။ နှမြောစရာကောင်းလိုက်တာ”
ဝန်ရိုးစွန်းအကယ်ဒမီမှ သိုင်းသမားများသည် သဘာဝကျစွာပင် အကဲခတ်နိုင်စွမ်း ကောင်းကြသည်။ ထိုတီကောင်သားရဲများ၏ အရွယ်အစားမှာ ထူးခြားနေသည်မျာ သိသာထင်ရှားလှသည်။ ၎င်းတို့မှာ သားရဲဘုရင်နှင့် အရှင်သခင်အဆင့်သားရဲများ ဖြစ်ကြောင်း ရှင်းလင်းနေသည်။
သာလွန်လူသား ကျွမ်းကျင်သူများမှလွဲ၍ မည်သူက သားရဲဘုရင်ကို အနိုင်ယူနိုင်မည်နည်း။
သူတို့နှင့် အရွယ်တူ သို့မဟုတ် သူတို့ထက်ပင် ငယ်ရွယ်သော ပါရမီရှင် သိုင်းသမားလေးတစ်ဦး သားရဲများ၏ ဝါးမြိုခြင်းကို ခံရတော့မည်ကို သူတို့ ဘာမှမလုပ်ပေးနိုင်ဘဲ ကြည့်နေကြရသည်။ သူတို့သည်လည်း ကြောက်ရွံ့မှုကို ခံစားနေကြရသည်။
ထိုလူငယ်သိုင်းသမားလေးကို မည်သည့် ကံကြမ္မာက စောင့်ကြိုနေမည်ကို မသိရသဖြင့် လူတိုင်းမှာ စိုးရိမ်ပူပန်နေကြသည်။
ဝန်ရိုးစွနအကယ်ဒမီမှ လူအုပ်ထဲတွင် ပထမနှစ် နတ်မိမယ်ဆယ်ယောက်ထဲမှ တစ်ဦးအဖြစ် နာမည်ကြီးသော ချူချန်းမှာ သဘာဝကျစွာပင် လူအများ၏ အာရုံစိုက်မှုကို ရရှိနေသူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ချူချန်း၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးပင် အနည်းငယ် တုန်ရီနေသည်။
“ချန်းချန်း... ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား”
ချူချန်း၏ သူငယ်ချင်းက စိုးရိမ်တကြီး မေးလိုက်သည်။ သူမကို စသိကတည်းကပင် ချူချန်း ဤကဲ့သို့ ဖြစ်နေသည်ကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သို့သော် ချူချန်းက ပြန်မဖြေပေ။ ယင်းအစား သူမသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
သူမ ဝန်ရိုးစွန်းအကယ်ဒမီသို့ ရောက်နေသည်မှာ လအနည်းငယ် ရှိနေပြီဖြစ်သော်လည်း လင်းဖုန်းကို သူမ မည်သို့ မေ့နိုင်ပါမည်နည်း။
“လင်းဖုန်း... နင် ဘယ်လိုလုပ်ပြီး အနန္တလမ်းစဉ်အကယ်ဒမီကို ရောက်သွားတာလဲ။ ပြီးတော့ ပြင်ပနယ်မြေကိုရော...”
ချူချန်းသည် သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားသဖြင့် သွားရာပင် ထင်နေသည်။ သူမသည် လင်းဖုန်းကို လုံးဝ လက်လွှတ်ဆုံးရှုံးမခံနိုင်ပေ။ လင်းဖုန်း ရုတ်တရက် အန္တရာယ်နဲ့ ရင်ဆိုင်နေရသည်ကို မြင်သောအခါ သူမ မည်သို့ အေးအေးဆေးဆေး နေနိုင်ပါမည်နည်း။
ချူချန်း၏ အဖော်ကလည်း တစ်ခုခုကို သတိထားမိသွားပုံရပြီး အလွန်တရာ အံ့အားသင့်သွားသည်။ ချူချန်း၏ တုံ့ပြန်မှုက တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်ပေါ်ရှိ ထိုလူငယ်သိုင်းသမားလေးကြောင့်များ ဖြစ်နေမလား။ ချူချန်း ဝန်ရိုးစွန်းအကယ်ဒမီသို့ ရောက်လာကတည်းက မရေမတွက်နိုင်သော ထူးချွန်သည့် ကျောင်းသားများက သူမကို စိတ်ဝင်စားကြောင်း ပြသခဲ့ကြသော်လည်း ချူချန်းက မည်သူ့ကိုမျှ စိတ်ဝင်စားမှု မပြခဲ့ကြောင်း သိထားရပေမည်။
ချူချန်း၏ ရင်ထဲတွင် အမြဲတမ်း နေရာယူထားသူ တစ်ယောက် ရှိနေခဲ့တာများလား။
“ချူချန်း... နင် သူ့ကို သိတာလား”
“သိတယ်။ ပြီးတော့ သူ့ကို ငါ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး”
လင်းဖုန်း တွန့်ဆုတ်ခြင်းမရှိဘဲ သားရဲအုပ်ထဲသို့ ပြေးဝင်သွားသည်ကို ကြည့်ရင်း ချူချန်း၏ မျက်ဝန်းအစုံမှာ မျက်ရည်စများဝေ့သီကာ နီရဲလာသည်။ ယခုအချိန်တွင် သူမသည် "ရေခဲဘုရင်မ" ဟူသော ဂုဏ်ပုဒ်နှင့် အနည်းငယ်မျှပင် မလျော်ညီတော့ပေ။
လင်းဖုန်း ခုန်ထွက်သွားပြီးနောက် လီဝေနှင့် ရိုက်ကူးရေးသမားတို့လည်း နောက်မှ လိုက်ပါသွားကြသည်။
ထူးခြားဆန်းပြားသည့် အဖြစ်အပျက်များကို မြင်တွေ့ဖူးပြီး မည်သည့်အခြေအနေမျိုးတွင်မဆို အေးဆေးတည်ငြိမ်စွာ နေနိုင်သော လီဝေပင်လျှင် ရှေ့ရှိ သားရဲအုပ်ကြီးထံသို့ လင်းဖုန်း တည့်တည့် ပြေးဝင်သွားသည်ကို မြင်သောအခါ အလွန် စိုးရိမ်ထိတ်လန့်သွားရသည်။
သို့သော် လီဝေသည် သူမ၏ ပရော်ဖက်ရှင်နယ်ဆန်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူမသည် ကင်မရာကို ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။
“ဒီလူငယ်သိုင်းသမားလေးရဲ့ နာမည်နဲ့ သူ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ကျွန်မ မသိပါဘူး။ ဒါပေမဲ့ သူက အရမ်း ငယ်ရွယ်သေးတယ်ဆိုတာ သိသာပါတယ်။ ပြီးတော့ သူက သားရဲတွေရဲ့ အသန်မာဆုံးဘုရင်ဖြစ်တဲ့ သားရဲဘုရင်တစ်ကောင်နဲ့ ရင်ဆိုင်တော့မှာပါ”
“သူ့ရဲ့ ပုံရိပ်ကို ကျွန်မတို့ မှတ်ထားကြပါစို့။ ဘယ် ပရော်ဖက်ရှင်နယ် သိုင်းသမားမှ သားရဲဘုရင်ကို မခုခံနိုင်ပါဘူး။ ဒါပေမဲ့ ဒီလူငယ်သိုင်းသမားလေးကတော့ ကိုယ့်အသက်ကို စတေးဖို့ အသင့်ဖြစ်နေပြီးတော့ ရဲစွမ်းသတ္တိအပြည့် ပြတ်သားမှုတွေနဲ့အတူ ရှေ့ကို ပြေးဝင်သွားခဲ့ပါပြီ”
ကင်မရာထဲတွင် လင်းဖုန်းသည် လက်ထဲမှ ဓားမော့ကို မြင့်မားစွာ မြှောက်ထားသည်။ သားရဲဘုရင်တစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင် အံ့ဖွယ်အမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ ဤအမည်မသိ သိုင်းသမားလေးသည် သူ၏ သနားစရာကောင်းသော လုပ်ရပ်ဖြင့် ကမ္ဘာပေါ်ရှိ ဘီလီယံနှင့်ချီသော လူများ၏ ရင်ကို လှုပ်ခတ်သွားစေရန် ကံကြမ္မာဖန်တီးထားခြင်းပင် ဖြစ်သည်။
ဤသည်မှာ သိုင်းသမားတစ်ဦး၏ မယိုင်လဲသောစိတ်ဓာတ်၊ လူသားမျိုးနွယ်၏ အနိုင်မခံအရှုံးမပေးတတ်သော စိတ်ဓာတ်ပင်။