← Chapters

ဓားချက်သုံးချက်

Vol. 6 Ch. 75

ဓားချက်သုံးချက်

Vol. 6 Ch. 75

ဘာသာပြန် - အားသစ်

ရွှပ်

ဓားမော့သည် ငွေဖြူရောင်အလင်းတန်းတစ်ခုအလား လက်ဖြာသွားသည်။ သွေးစွန်းနေသော စစ်မြေပြင်တွင်ပင် ထိုဓားချက်သည် အလွန် ထူးခြားသည့် အလှတရားတစ်ခုကို ဖော်ထုတ်ပြသနေသည်။

ဤသည်မှာ စင်စစ် လှပသေသပ်သော တိုက်ခိုက်မှုတစ်ခုပင်။

လီဝေ၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားရသည်။ သူမ တစ်ခုခု ပြောလိုသော်လည်း ထိုအခိုက်အတန့်တွင် စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့နေကာ အသံအားလုံး ပျောက်ရှသွားရသည်။ သူမ ထိုဓားအလင်းတန်းကိုသာ မှင်တက်စွာ ငေးမောကြည့်နေရုံသာ တတ်နိုင်ပေသည်။ သူမ၏စိတ်အစဉ်မှာ ထိုဓားချက်၏ အလှတရားထဲတွင်သာ အလုံးစုံနစ်မြောသွားရသည်။

ဤဓားချက်၏ အဓိပ္ပာယ်ကို လီဝေ မသိပေ။ သူမသည် ဓားမော့မှ ထွက်ပေါ်လာသော အလင်းတန်းကိုသာ လှပသည်ဟု ထင်မှတ်ကာ စွဲလန်းနစ်မြောသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဝါရင့်သိုင်းသမားအချို့ကမူ ထိုဓားချက်၏ အဓိပ္ပာယ်ပြည့်ဝမှုကို သိရှိကြသည်။ ထိုဓားချက်မှာ ပြီးပြည့်စုံလွန်းလှကာ ဤလောကပြင်ပမှ လာသကဲ့သို့ပင်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် သိုင်းပညာအပေါ် ဤကဲ့သို့ နားလည်သဘောပေါက်မှုမျိုး ရှိချင်မှ ရှိပေလိမ့်မည်။

“ထူးချွန်လိုက်တာ...”

အစောင့်အရှောက်အဖွဲ့မှ သိုင်းသမားအချို့က သက်ပြင်းချကာ ခေါင်းခါယမ်းမိလိုက်ကြသည်။ သို့သော်လည်း သူတို့၏ သက်ပြင်းချသံထဲတွင် နှမြောတသဖြစ်မှု အငွေ့အသက်အချို့ ပါဝင်နေသည်။

ထူးချွန်ထက်မြတ်တဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်နေတော့ရော ဘာဖြစ်လဲ။ လင်းဖုန်း ရင်ဆိုင်နေရတာက ပရော်ဖက်ရှင်နယ်အဆင့်မှာ ပြိုင်ဘက်ကင်းတယ်လို့ လူသိများတဲ့ သားရဲဘုရင်တစ်ကောင်လေ။

“ပိုင်းဖြတ်စမ်း”

ရုတ်တရက် လေဟာပြင်ထဲတွင် ငယ်ရွယ်နုပျိုပုံရသော်လည်း အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လင်းဖုန်းက သူ၏ဓားဖြင့် အားပါးတရ ခုတ်ချလိုက်သည်။ ဤသည်မှာ အစွမ်းထက်ဆုံး တိုက်ခိုက်မှု၊ ပြည့်စုံသော တိုက်ခိုက်မှုနှင့် မယုံကြည်နိုင်လောက်စရာ တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သည်။

ထို့အပြင် ဤသည်မှာ မည်သူမျှ တုဖက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်သည်။

လင်းဖုန်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဝဲကယက်စွမ်းအားတတိယအဆင့်ကို ထုတ်ဖော်လိုက်သည်။ ပြင်းထန်ကြမ်းတမ်းသော အားအင်တစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ လျင်မြန်စွာ ပေါက်ကွဲထွက်လာသည်။

မျက်နှာချင်းဆိုင်မှ သားရဲဘုရင်သည်လည်း လင်းဖုန်း၏ ထက်ရှသော ဓားအရှိန်အဝါကို ခံစားမိသွားပုံရသည်။ တီးတိုးဟိန်းဟောက်သံနှင့်အတူ ကြီးမားသော လက်တံ ၁၀ ခုကျော်က လင်းဖုန်းထံသို့ လျှပ်တစ်ပြတ်အတွင်း ရိုက်ခတ်လာသည်။

လေထုထဲတွင် တဝီဝီ မြည်ဟည်းသံများဖြင့် လွှမ်းမိုးသွားသည်။ ထိုလက်တံများတွင် အလွန်တရာ ပြင်းထန်သော အားအင်များ ပါဝင်နေသည်။ အကယ်၍ ၎င်းတို့သာ လင်းဖုန်းကို ထိမှန်သွားပါက သူ၏ ခန္ဓာကိုယ် မည်မျှပင် သန်မာပါစေ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် လင်းဖုန်းမှာ ကြောက်ရွံ့မှု မရှိပေ။ သူ၏ စိတ်ထဲတွင် ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီ၊ ယွီရှန်း နှင့် ဖုန်းရှို့ တို့၏ ပုံရိပ်များ လျှပ်တစ်ပြတ် ပေါ်လာသည်။ သူသည် မျက်လုံးအစုံကိုပင် မှိတ်ထားလိုက်သည်။

ဤသူများသည် လင်းဖုန်းနှင့်အတူ သေရေးရှင်ရေး အခြေအနေများတွင် အတူတကွ တိုက်ပွဲဝင်ခဲ့ကြသော မိတ်ဆွေသူငယ်ချင်းကောင်းများ ဖြစ်ကြသည်။

အများပြည်သူအကျိုးအတွက် လင်းဖုန်းသည် နဂါးကျောက်တုံးမြို့မှ အရပ်သား ၃ သန်းကို ကာကွယ်ပေးလိုသည်။ ထို့အပြင် ပုဂ္ဂိုလ်ရေးဆန္ဒအရလည်း လင်းဖုန်းသည် သူ၏ သူငယ်ချင်းများအတွက် လက်စားချေလိုသည်။

ရွှစ်

လင်းဖုန်း၏ ဓားမော့မှာ ပိုမို လျင်မြန်လာပုံပင်။ သာမန်မျက်စိဖြင့် ကြည့်လျှင် စူးရှသော အဖြူရောင် အလင်းတန်းကိုသာ မြင်တွေ့ရသည်။

ရွှပ်

ဓားအလင်း တစ်ချက်လက်သွားကာ သားရဲ၏လက်တံမှာ အပိုင်းပိုင်း ပြတ်တောက်သွားသည်။

ဤတိုက်ခိုက်မှုမှာ သစ္စာတရားအတွက် ခုတ်ပိုင်းချက်ပင်။ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့၏ ပြတ်သားသော မျက်နှာအမူအရာများမှာ လင်းဖုန်း၏ မျက်စိရှေ့တွင် မြင်ယောင်နေဆဲပင်။ ယွီရှန်းနှင့် ဖုန်းရှို့တို့၏ လွမ်းမောကြေကွဲဖွယ် အကြည့်များက လင်းဖုန်း၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာကို ထိတွေ့လှုပ်ခတ်သွားသည်။

“‌ဝေါင်း...”

ပြင်းထန်သော နာကျင်မှုက တီကောင်သားရဲဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သေမတက် ခံစားရစေသည်။ ၎င်းမှာ အလွန်အမင်း နာကျင်လွန်းလှသည်။ သူ၏ လက်တံ ဒါဇင်ဝက်ခန့်မှာ သေးငယ်သော လူသားသိုင်းသမားလေး၏ တစ်ချက်တည်းသော ဓားချကိကြောင့် မည်သို့ ပြတ်တောက်သွားရသနည်း။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သားရဲဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သားရဲ၏ ဟိန်းဟောက်သံတွင် ဆဲဆိုသံများစွာလည်း ရောနှောနေလေသည်။ အကြောင်းရင်းတချို့ကြောင့် လင်းဖုန်းက ၎င်းကို နားလည်နေခဲ့သည်။ သားရဲဘုရင်၏ ဟိန်းဟောက်သံကို သူ အလိုလို နားလည်နေခြင်း ဖြစ်သည်။

သားရဲဘုရင်က အခြား သားရဲအရှင်သခင်များကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် အမိန့်ပေးနေသည်ကိုပင် သူ နားလည်နေသည်။ ထိုသားရဲက လင်းဖုန်းကို ကိုယ်တိုင်ကိုယ်ကျ ဝါးမြိုပစ်တော့မည် ဖြစ်သည်။

သို့သော် လင်းဖုန်းမှာ အလွန်တရာ တည်ငြိမ်အေးစက်နေဆဲပင်။ မည်သည့်အရာကမျှ ယခုလက်ရှိ သူ့ကို မတားဆီးနိုင်တော့ပေ။

“ဒုတိယ ဓားချက်”

လင်းဖုန်း နောက်ထပ် တစ်ချက် ခုတ်လိုက်ပြန်သည်။ ဤဓားချက်မှာ ဒေါသ၊ နာကျည်းမှုနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ လက်စားချေခြင်းအတွက် တိုက်ခိုက်မှုပင်။ ယင်းမှာ ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီ၊ ယွီရှန်း နှင့် ဖုန်းရှို့ တို့အတွက် လက်စားချေခြင်း ဖြစ်သလို တီကောင်သားရဲများ၏ ဝါးမြိုခြင်းကို ခံခဲ့ရသော သနားစရာကောင်းသည့် လူသားများအားလုံးအတွက် လက်စားချေခြင်းလည်း ဖြစ်သည်။

ဒုတ်

လင်းဖုန်း၏ ကလဲ့စား ဓားချက်က သားရဲဘုရင်၏ ဧရာမ ခန္ဓာကိုယ်ကြီးပေါ်သို့ ပြင်းထန်ရက်စက်စွာ ကျရောက်သွားသည်။ ၎င်း၏ မူလက ပျော့ပျောင်းသော ဂွမ်းကဲ့သို့ ခန္ဓာကိုယ်မှာ တန် ၈၀ ကျော်ရှိသော ဖျက်ဆီးအားကို မခုခံနိုင်ပေ။

ထို့ကြောင့် လင်းဖုန်း၏ ဓားသည် သားရဲဘုရင်ကို အပေါ်မှ အောက်သို့ နှစ်ခြမ်း ခွဲပစ်လိုက်သည်။

သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။ သားရဲဘုရင်၏ ပြန်လည်ကုသနိုင်စွမ်းမှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။ နှစ်ခြမ်းကွဲသွားရုံ မပြောနှင့် အပိုင်းပိုင်း ခုတ်ဖြတ်ခံရလျှင်ပင် သေဆုံးမည် မဟုတ်ပေ။

“တတိယ ဓားချက်”

လင်းဖုန်း နောက်တစ်ကြိမ် ခုတ်လိုက်ပြန်သည်။ ဤဓားချက်မှာ တာဝန်သိမှု၊ ကာကွယ်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ကာကွယ်ခြင်း၏ ဓားချက်ပင် ဖြစ်သည်။ ၎င်းမှာ နဂါးကျောက်တုံးမြို့ရှိ နိုင်ငံသား ၃ သန်းနှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ကာကွယ်ရန် ရည်ရွယ်သည့် တိုက်ခိုက်မှုပင်။

ဤဓားချက်မှာ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပေသည်။

လင်းဖုန်း၏ ဓားအရှိန်မှာ နောက်တစ်ကြိမ် ပိုမို မြန်ဆန်လာသည်။ မူလက တန် ၈၀ ရှိသော သူ၏ အင်အားမှာလည်း များစွာ တိုးလာပုံရသည်။ ဤရဲစွမ်းသတ္တိ၊ ခွန်အားနှင့် ပြတ်သားမှုတို့မှာ လင်းဖုန်း၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားသည်။

ဘန်း

ဤတိုက်ခိုက်မှုတွင် ပေါက်ကွဲအားတစ်ခု ပါဝင်နေပုံရသည်။ ဓားခုတ်ချက် ထွက်ပေါ်လာသည်နှင့် မီတာ ဒါဇင်နှင့်ချီသော ပတ်ဝန်းကျင်ဘေးပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။ ဓားအရှိန်အဝါ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ သားရဲအားလုံးမှာ တစ်စစီ ကြေမွပျက်စီးသွားကြရသည်။

သားရဲဘုရင်သည်ပင် ခြွင်းချက် မရှိပေ။ လင်းဖုန်း၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှု ကျရောက်လာသည်နှင့် သားရဲဘုရင်၏ ပြန်လည် ကောင်းမွန်လာကာစ ခန္ဓာကိုယ်မှာ ပူဖောင်းတစ်ခုအလား ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။ အဆုံးမဲ့ ဓားအရှိန်အဝါများက သားရဲဘုရင်၏ ခန္ဓာကိုယ်ကို ဖဲကြိုးမျှင်များအလား လျင်မြန်စွာ ပိုင်းဖြတ်ပစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ သားရဲများအားလုံး ရပ်တန့်သွားကြသည်။ သွေးချောင်းစီး တိုက်ပွဲဝင်နေကြသော သိုင်းသမားများသည်လည်း မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေကြသည်။ လီဝေ၊ ရိုက်ကူးရေးသမား၊ အစောင့်အရှောက်အဖွဲ့နှင့် တီဗွီဖန်သားပြင်ရှေ့မှ ဘီလီယံနှင့်ချီသော လူများပင် မှင်သက်သွားကြသည်။ သူတို့၏ ရင်ထဲတွင် လှိုက်တက်လာသောခံစားချက်တစ်ခု၊ အင်အားတစ်ခုမှာ ပေါက်ကွဲထွက်တော့မည့်အလား စုပြုံတိုးပွားလာသည်။

“ကောင်းတယ်”

မည်သူက အော်လိုက်သည်ကို မသိရသော်လည်း ထိုခံစားချက်က လူအများအပြား၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ဖန်သားပြင်ပေါ်တွင် သားရဲများက လင်းဖုန်းကို ဆွဲဖြဲပစ်တော့မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း အမှန်တကယ်တန်းတွင် လင်းဖုန်းက သားရဲဘုရင်ကို တိုက်ရိုက် သုတ်သင်ပစ်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ဤသည်မှာ အစစ်အမှန် သားရဲဘုရင်တစ်ကောင်ပင်။

လီဝေ၏ မျက်လုံးများ တောက်ပလာပြီး သူမ အလွန်တရာ စိတ်လှုပ်ရှားသွားသည်။ ယခုအချိန်တွင် သူမ၏ စိတ်ထဲတွင် စကားလုံးတစ်လုံးသာ ရှိတော့သည်။ ယင်းမှာ သူရဲကောင်းဟူ၍ပင်။

ဤသည်မှာ တကယ့် သူရဲကောင်းစစ်စစ်၊ တကယ့် အဓိကဇာတ်ကောင် ဖြစ်သည်။ ဤကဲ့သို့ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် လူသားများအတွက် အလိုအပ်ဆုံးက ဘာလဲ။ သံသယဖြစ်ဖွယ်မရှိ၊ သူရဲကောင်းတစ်ယောက်ပင် ဖြစ်ပေသည်။

ထို့အပြင် သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသူ မဟုတ်သလို သာလွန်လူသား ကျွမ်းကျင်သူလည်း မဟုတ်ပေ။ သူသည် သာမန်သိုင်းသမားတစ်ဦးသာ ဖြစ်သော်လည်း သာမန်သိုင်းသမားတစ်ဦးက မျှော်လင့်ချက်မဲ့သော အခြေအနေတွင် မယုံကြည်နိုင်လောက်သော ရဲစွမ်းသတ္တိနှင့် ခွန်အားတို့ကို ထုတ်ဖော်ကာ ကြောက်မက်ဖွယ်ကောင်းသော သားရဲဘုရင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။

အကယ်၍ လင်းဖုန်းသာ သူရဲကောင်း မဟုတ်လျှင် မည်သူက ဖြစ်နိုင်ပါဦးမည်နည်း။

ဤအခိုက်အတန့်မှစ၍ လူတိုင်းသည် ဤပုံရိပ်၊ ဤဓားချက်နှင့် ဤလူငယ်သိုင်းသမားလေးကို ရင်ထဲအသည်းထဲတွင် အမြဲတစေ မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။

“မြန်မြန်... သူ့ဆီကိုသွား။ ငါတို့ သူ့ဆီကို အနီးကပ် သွားရမယ်”

လီဝေ အလွန် စိတ်လှုပ်ရှားနေသည်။ ထူးခြားဆန်းကြယ်သော မြင်ကွင်းများစွာကို တွေ့မြင်ကြားသိခဲ့ရဖူးသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် အံ့ဖွယ်အမှုတစ်ခု ဖြစ်လာနိုင်သည်ကို သူမ စိတ်လှုပ်ရှား၍ မဆုံး ဖြစ်နေသည်။

သို့သော် လင်းဖုန်းမှာ ရပ်တန့်မသွားခဲ့ပေ။ သူသည် သားရဲဘုရင် တစ်ကောင်တည်းကိုသာ သတ်ခဲ့ရသေးခြင်းဖြစ်ပြီး သူ့ပတ်ဝန်းကျင်တွင် သောင်းနှင့်ချီသော သားရဲများ ရှိနေဆဲပင်။ ထို့ကြောင့် သူသည် ဓားမော့ကို တင်းတင်းဆုပ်ကိုင်ကာ သားရဲအုပ်ကြီးထဲသို့ သိုးအုပ်ထဲရောက်သွားသော ကျားတစ်ကောင်အလား ပြေးဝင်သွားတော့သည်။

ထိုသားရဲများမှာ အရှင်သခင်အဆင့်သားရဲများ ဖြစ်ကြသည်။ သို့သော် လင်းဖုန်းက သူတို့ကို ဓားတစ်ချက်ချင်းစီဖြင့်သာ အပြတ်ရှင်းလင်းသွားသည်။ သူ၏ ဓားအလင်း တစ်ချက်လက်သွားတိုင်း သားရဲတစ်ကောင် ချက်ခင်းသေဆုံးသွားသည်။ ဤသည်မှာ စင်စစ်အားဖြင့် မိစ္ဆာဆန်သောတိုက်ပွဲမြေပြင်တစ်ခုပင်။ သွေးများ၊ ပြတ်တောက်နေသော အသားပိုင်းများနှင့် သားရဲများ၏ အော်ဟစ်ငိုညည်းသံများက လေထုထဲတွင် ပြည့်နှက်နေသည်။

ယခုလက်ရှိ လင်းဖုန်းမှာ စစ်နတ်ဘုရားတစ်ပါးအလား ဖြစ်နေသည်။ သူသည် သိုင်းသမားအားလုံး၏ ယုံကြည်မှုကိုပင် စုစည်းပေးနိုင်ခဲ့သည်။ လင်းဖုန်း၏ ရဲဝံ့စွာ ဦးဆောင်တိုက်ခိုက်သတ်ဖြတ်မှုများကြင့် သူတို့အားလုံးမှာ မကြုံစဖူးသော ရဲစွမ်းသတ္တိနှင့် ခွန်အားများ ထွက်ပေါ်လာကြသည်။

သေရေးရှင်ရေး အခြေအနေများတွင် ကြီးမားသော ကြောက်ရွံ့မှုများ ရှိနေနိုင်သော်လည်း ထိုအခြေအနေများမှာပင် ပိုမိုကြီးမားသော ငုပ်လျှိုးနေသည့်စွမ်းရည်များလည်း ရှိနေနိုင်သည် မဟုတ်ပါလား။

လင်းဖုန်းသည် လူတစ်ကိုယ် ဓားမော့တစ်ချောင်းနှင့် သားရဲအုပ်ကြီးထဲသို့ တရကြမ်း ပြေးဝင်သွားသည်။ မည်သည့် သားရဲကမျှ သူ့ကို ခြိမ်းခြောက်နိုင်ခြင်း မရှိ‌ချေ။ ထိုသည်ကို မည်မျှသော သိုင်းသမားများက မြင်တွေ့ခဲ့ကြသည်ကို မသိနိုင်ပေ။

ဤသည်မှာ တကယ့် သူရဲကောင်းစစ်စစ်ပင်။

All Chapters