မြင်ရရဲ့လား
Vol. 6 Ch. 76
ဘာသာပြန် - အားသစ်
ကြမ်းကြုတ်သားရဲအရေအတွက်မှာ အလွန်တရာများပြားလှသည်။ အလွန့်အလွန်ပင် များပြားလွန်းလှသည်။ သားရဲများမှာ နေရာအနှံ့ရေပက်မဝင်အောင် ရှိနေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် သိုင်းသမားများ၏ အရေအတွက်မှာ တဖြည်းဖြည်းလျော့နည်းလာသည်။ ယခင်က သိုင်းသမား အများအပြား တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သိုင်းသမားများ ဆက်လက် တိုက်ခိုက်နေသော နေရာများမှာ ပိုပို နည်းပါးလာခဲ့သည်။
အခြေအနေက ဘေးကျပ်နံကျပ် ဖြစ်နေလေပြီ။
သာလွန်လူသား ကျွမ်းကျင်သူများပင် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဤသည်မှာ တစ်ဖက်သတ် တိုက်ပွဲတစ်ခုနီးပါး ဖြစ်နေသည်။ ကွာဟချက်က ကြီးမားလွန်းလှသည်။
သို့သော် ကင်မရာပေါ်တွင် မြင်တွေ့နေရသော လင်းဖုန်းကမူ ကွဲပြားသော ခံစားချက်ကို ပေးစွမ်းနေသည်။ ဖန်းသားပြင်ရှေ့ရှိ လူတိုင်းသည် ထိုလူငယ်လေး၏ ပုံရိပ်ကို အနီးကပ် စောင့်ကြည့်နေကြသည်။ သူ ဓားကို ဝှေ့ယမ်းလိုက်တိုင်း သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြသည်။
ပြိုင်ဘက်ကင်း...
ဤစကားလုံးက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသည်။ ပြိုင်ဘက်ကင်းပင်။ လင်းဖုန်း၏ လက်ရှိ စွမ်းဆောင်ရည်မှာ ပြိုင်ဘက်ကင်းလှပေသည်။ လက်ရွေးစင်အဆင့် သားရဲများဖြစ်စေ၊ သားရဲအရှင်သခင်များဖြစ်စေ လင်းဖုန်း သွားလေရာ နေရာတိုင်းတွင် သားရဲအလောင်းများ တောင်ပုံရာပုံ ဖြစ်သွားသည်။
သားရဲဘုရင်ဆိုရင်ရော ဘာဖြစ်လဲ။ လင်းဖုန်းရဲ့ ဓားချက် သုံးချက်ထက် ပိုပြီး မခုခံနိုင်ခဲ့ဘူး မဟုတ်ပါလား။
လီဝေ အလွန် စိတ်လှုပ်ရှားနေသည်။ ဤသည်မှာ သူမ အိမ်မက်ထဲတွင်ပင် မမက်ဖူးသော အကောင်းဆုံး သတင်းအရင်းအမြစ် တစ်ခုပင်။ သူမ ပထမဆုံးအကြိမ် အကြည့်ရောက်သွားခဲ့သော "လင်းဖုန်း" အမည်ရှိ ဤသူရဲကောင်းက ဤမျှလောက်အထိ အထင်ကြီးစရာ ကောင်းနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ထိုကြည့်ရဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသော တီကောင်သားရဲများကို လင်းဖုန်းက ရေပူထဲဓားထည့်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နေသည်ကို ကြည့်ရင်း လီဝေသည် လင်းဖုန်းအား သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးဟုပင် ထင်မှတ်မှားသွားခဲ့ရသည်။ သို့သော် သူမကိုယ်တိုင်က အစွမ်းထက်သော သိုင်းသမားတစ်ဦး မဟုတ်သော်လည်း သူမ၏ ကျယ်ပြန့်သော ဗဟုသုတအရ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်ရသေးကြောင်း သိပေသည်။
လင်းဖုန်း သားရဲအုပ်တွင်းသို့ ပိုပိုပြီး နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။ သားရဲများ ပိုမိုများပြားပြီး ပိုမိုအစွမ်းထက်သော သားရဲအရှင်သခင်များ ရှိရာနေရာသို့ သူ သွားရောက်ကာ အဆက်မပြတ် သတ်ဖြတ်နေသည်။ တစ်ချိန်တည်းမှာပင် လီဝေကလည်း လင်းဖုန်းနောက်သို့ အနီးကပ် လိုက်ပါသွားခဲ့သည်။ မသိလိုက်မသိဘာနှင့်ပင် သူတို့သည် သားရဲများ၏ အကြီးအကျယ် ဝိုင်းရံမှုကို ခံလိုက်ရပြီ ဖြစ်သည်။
"အစ်မဝေ... ကျွန်တော်တို့ ဒုက္ခရောက်ပြီ"
ရုတ်တရက် ရှောင်ဝူက သူမ၏ အနောက်ဘက်မှ စိုးရိမ်တကြီး အော်ပြောလိုက်သည်။ သူ၏ အသံထဲတွင် အကြောက်တရား အနည်းငယ်ပင် ရောနှောနေသည်။
"ဒုက္ခရောက်ပြီလား"
ထိုအချိန်ကျမှ လီဝေ သတိပြန်ဝင်လာခဲ့သည်။ သူမသည် အန္တရာယ်များသော စစ်မြေပြင်အလယ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သားရဲများ နေရာအနှံ့ ရှိနေသည်ကို သတိပြုမိသွားသည်။ ထို့အပြင် ၎င်းတို့အားလုံးမှာ သွေးဆာရန်လိုစွာ စိုက်ကြည့်နေကြပြီး စက်ဆုပ်ဖွယ်ကောင်းသော အသံအမျိုးမျိုးကို ထုတ်လွှတ်နေကြသည်။
အမျိုးသမီးတစ်ဦးအနေဖြင့် သူမ မည်မျှပင် ရဲရင့်တည်ငြိမ်ပြီး အတွေ့အကြုံဗဟုသုတ ကြွယ်ဝပါစေ ထိုအခိုက်အတန့်တွင် သူမရင်ထဲမှ အကြောက်တရားကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူတို့ ဝိုင်းရံခံလိုက်ရပြီဖြစ်ပြီး အစောင့်အရှောက်အဖွဲ့သည်ပင် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အနိုင်နိုင် ရုန်းကန်နေရပြီ ဖြစ်သည်။
ကင်မရာမှတစ်ဆင့် ရုပ်သံဖန်သားပြင်ရှေ့ရှိ လူအများအပြားသည်လည်း လီဝေတို့ ရင်ဆိုင်နေရသော အခြေအနေကို မြင်တွေ့လိုက်ရသည်။ ခဏတာမျှ လူပေါင်းများစွာက တိတ်တဆိတ် ဆုတောင်းနေကြသော်လည်း ဆုတောင်းရုံဖြင့် အသုံးဝင်မည်ဆိုပါက ဤမျှများပြားသော စတေးခံရမှုများ ရှိလာမည် မဟုတ်ပေ။
"သတ်..."
အစောင့်အရှောက်အဖွဲ့မှ သိုင်းသမားများသည် ယခုအခါ သေသည်အထိ တိုက်ခိုက်ရုံသာ ရှိတော့သည်။ သူတို့အားလုံးမှာ အဆင့်မြင့် သိုင်းသမားများ ဖြစ်ကြသော်လည်း ဤမျှများပြားသော တီကောင်သားရဲများနှင့် ရင်ဆိုင်ရချိန်တွင် အသက်ဝဝရှူရန်ပင် ရုန်းကန်နေရသည်။ သားရဲတစ်ကောင် သတ်လိုက်တိုင်း နောက်ထပ် အကောင်များ ဆက်တိုက် ရောက်လာနေကြသည်။
သားရဲများမှာ မျက်စိတစ်ဆုံးနေရာအနှံ့ ရှိနေသည်။ ဝိုင်းရံထားမှုမှ ဖောက်ထွက်နိုင်ရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။
"အစ်မဝေ... ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံးရိုက်ကူးမှု ဖြစ်သွားနိုင်တယ်..."
ရှောင်ဝူ အံကြိတ်လိုက်သည်။ သူသည် အဝေးမှ ပုံရိပ်ဆီသို့ ကင်မရာကို ချိန်ရွယ်ထားဆဲပင်။ ဤမှတ်တမ်းရုပ်ရှင်ကို အဆုံးသတ်နိုင်မည်မဟုတ်ကြောင်း သေချာနေသော်လည်း သူ၏ အသက်နောက်ဆုံးစက္ကန့်အထိ ရိုက်ကူးခြင်းကို သူ လက်လျှော့မည် မဟုတ်ပေ။
လီဝေလည်း အနည်းငယ် ထိတ်လန့်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အစောင့်အရှောက်များမှာ တဖြည်းဖြည်း ပိုမိုနည်းပါးလာပြီး အားလုံးမှာလည်း ဒဏ်ရာရနေကြပြီ ဖြစ်သည်။ သူမ အံကြိတ်လိုက်ပြီး သူမရှေ့ရှိ ပုံရိပ်ဆီသို့ ရုတ်တရက် အော်ပြောလိုက်သည်။
"ကျွန်မတို့ကို ကယ်ပါဦး"
လီဝေ၏ အသံမှာ ပရမ်းပတာဖြစ်နေသော စစ်မြေပြင်တွင် အဝေးသို့ မရောက်နိုင်သော်လည်း အဝေးမှ ပုံရိပ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။
လင်းဖုန်းသည် အလွန် ထူးခြားသော အခြေအနေတစ်ခုတွင် ရောက်ရှိနေသည်။ ဤအခြေအနေတွင် သူသည် ဤသားရဲများ၏ အသံများကို အလွယ်တကူ နားလည်နိုင်နေသည်။ သူ ဆက်လက် သတ်ဖြတ်နေသည်နှင့်အမျှ ဤတီကောင်သားရဲများသည်လည်း အကြောက်တရားကို ခံစားလာရပြီး ကြောက်လန့်နေကြသည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများပင် အကြောက်တရားကို ခံစားသိရှိကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့သည်လည်း သေရမည်ကို ကြောက်ကြသည်ပင်။ သူတို့၏ ဉာဏ်ရည် မည်မျှပင် နိမ့်ကျပါစေ သေခြင်းတရားကိုတော့ ကြောက်ရွံ့ကြသေးသည်။ ၎င်းမှာ သက်ရှိအားလုံး၏ သဘာဝ ဗီဇပင် ဖြစ်သည်။
လင်းဖုန်း၏ ပတ်ဝန်းကျင်တွင် ထိတ်လန့်မှုနှင့် အကြောက်တရားများ ပျံ့နှံ့နေသည်။ လင်းဖုန်း သွားလေရာ နေရာတိုင်းတွင် တီကောင်သားရဲများပင် ရှေ့သို့ မတိုးရဲကြတော့ပေ။ သူတို့အားလုံး ကြောက်လန့်နေကြသည်။
လင်းဖုန်းသည် တီကောင်သားရဲများ၏ ဘာသာစကားကို အဘယ်ကြောင့် နားလည်နိုင်သည်ကို သူ မသိပေ။ ၎င်းမှာ သူ တီကောင်သားရဲများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ထားခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ပြင် သူပေါင်းစပ်ခဲ့သော မျိုးရိုးဗီဇမှာလည်း သားရဲဘုရင်၏ မျိုးရိုးဗီဇပင် ဖြစ်သောကြောင့် ဖြစ်နိုင်ကြောင်း သူ ဝေဝါးစွာ ခန့်မှန်းမိသည်။
သို့သော် သူသည် နွားရိုင်းများ၊ ယူနီကွန်းများနှင့် နှာမောင်းရှည်သားရဲများ၏ အသံများကိုမူ နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် ဤအရာမှာ အလွန် ထူးဆန်းလှသည်။ လင်းဖုန်း မသိနိုင်သော အကြောင်းရင်းတစ်ခု ရှိနေနိုင်ပေသည်။
တီကောင်သားရဲများ၏ အသံအမျိုးမျိုး လင်းဖုန်း၏ နားထဲတွင် ပဲ့တင်ထပ်နေစဉ်မှာပင် သူသည် မရင်းနှီးသော အကူအညီတောင်းသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ဝှစ်
လင်းဖုန်း ရုတ်တရက် လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အဝေးမှ ထူးထူးခြားခြား အုပ်စုတစ်ခုကို သူ တွေ့လိုက်ရသည်။ သိုင်းသမားအချို့က ငယ်ရွယ်လှပသော အမျိုးသမီးတစ်ဦး၏ နောက်သို့ လိုက်ပါနေကြပြီး ဗီဒီယို ကင်မရာတစ်လုံးလည်း ရှိနေသည်။
ဒါ ဘယ်သူတွေလဲ။
"သတင်းထောက်လား။ ရိုက်ကူးရေးသမားလား"
လင်းဖုန်း အနည်းငယ် ထူးဆန်းသွားသည်။ ဤသူများမှာ အစီအစဉ်တစ်ခု ရိုက်ကူးနေသော သတင်းထောက်များနှင့် ရိုက်ကူးရေးသမားများ ဖြစ်ကြောင်း ရှင်းလင်းနေသည်။ သူတို့က ဘာလို့ စစ်မြေပြင်မှာ ရောက်နေကြတာလဲ။ စစ်သတင်းထောက်တွေ အကြောင်း သူ ကြားဖူးသော်လည်း ဤကဲ့သို့ အန္တရာယ်များသော အခြေအနေမျိုးတွင် ဘယ်လို အစီအစဉ်မျိုးကိုများ ရိုက်ကူးနေကြတာလဲ။
"ကျွန်မတို့ကို ကယ်ပါဦး"
လင်းဖုန်း သူမကို သတိပြုမိသွားသည်ကို လီဝေ မြင်သောအခါ သူမ ထပ်မံ အော်ပြောလိုက်သည်။ ယခုအချိန်တွင် ရှေ့မှ လူငယ်သိုင်းသမားမှာ သူတို့နှင့် အနီးဆုံးတွင် ရှိနေသည်။
လင်းဖုန်း အကူအညီတောင်းသံကို ထပ်မံ ကြားလိုက်ရသည်။ သေချာပေါက်ပင် ဤငယ်ရွယ်သော အမျိုးသမီး သတင်းထောက်က အကူအညီ တောင်းနေခြင်း ဖြစ်သည်။ သူ တွန့်ဆုတ်မနေပေ။ ဤလူများ ဘာပဲလုပ်နေပါစေ သူတို့သည် အန္တရာယ်ကြုံနေရပြီ ဖြစ်သည်။ သူတို့ကို ဒုက္ခထဲတွင် ပစ်ထားခဲ့၍ မဖြစ်ပေ။
ဝှစ်
လင်းဖုန်း မြေကြီးကို ဆောင့်နင်းလိုက်ရာ မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် သူသည် ကောင်းကင်သို့ ပြင်းထန်စွာ ခုန်တက်သွားပြီး လီဝေနှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်သည်။ သူ ဓားမော့ကို မြှောက်ကာ ခုတ်ချလိုက်သည်။ အဖြူရောင် အလင်းတန်းတစ်ခု အရပ်မျက်နှာ အားလုံးသို့ ပြန့်ထွက်သွားသည်။ ဂျုံရိတ်သကဲ့သို့ပင် လီဝေ ပတ်ဝန်းကျင်ရှိ သားရဲများ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြသည်။
"ဟူး..."
"ငါတို့တော့ ကယ်တင်ခံလိုက်ရပြီ"
လီဝေ သက်ပြင်းချလိုက်သည်။ အလားတူပင် ရာပ်သံဖန်သားပြင်ရှေ့ရှိ လူများသည်လည်း သက်ပြင်းချလိုက်ကြသည်။
အချို့က အနည်းငယ်ပင် ရွှတ်နောက်နောက်ဆိုလိုက်ကြသည်။
"အို... သူရဲကောင်းက အလှလေးကို ကယ်တင်လိုက်ပြီ။ ဒီ အမျိုးသမီး သတင်းထောက်ကလည်း အရမ်းလှတယ်။ သူမရဲ့ ဘဝတစ်သက်တာလုံးကို သူ့အတွက် ပေးဆပ်ရလောက်တယ်"
"ငါ အွန်လိုင်းမှာ ရှာကြည့်လိုက်တယ်။ အဲဒီ အမျိုးသမီး သတင်းထောက်က နဂါးကျောက်တုံးမြို့ ရုပ်သံဌာနက ထိပ်တန်း အစီအစဉ်တင်ဆက်သူပဲ။ သူမက အသက် ၂၄ နှစ်ပဲ ရှိသေးတယ်"
"သူတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တာပဲ... ချောမောတဲ့ အမျိုးသားနဲ့ လှပတဲ့ အမျိုးသမီး။ သူတို့ ဒီအကျပ်အတည်းကနေ အသက်ရှင်နိုင်သရွေ့တော့..."
"ဒီအကျပ်အတည်းကနေ အသက်ရှင်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ အခု စစ်ပွဲက အရမ်း ပြင်းထန်နေပြီ၊ ပြီးတော့ တစ်နာရီပဲ ရှိသေးတယ်။ နောက်ထပ် ၉ နာရီတောင် ကျန်သေးတယ်။ အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်လာတဲ့အထိ သူတို့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးက သေးငယ်လွန်းပါတယ်"
လူအများအပြားမှာ ဖိုရမ်အချို့တွင်ပင် ဤအကြောင်းကို ဆွေးနွေးနေကြသည်။ သို့သော် သူတို့ မည်သို့ပင် ဆွေးနွေးကြပါစေ ယခုတစ်ကြိမ် နဂါးကျောက်တုံးမြို့၏ အကျပ်အတည်းအတွက် ဖြေရှင်းနည်း မရှိပေ။ ကပ်ပါး တီကောင်သားရဲများ၏ ကပ်ပါးပြုသည့် နည်းလမ်းကို မသိရသေးသဖြင့် မည်သည့် အစွမ်းထက် သိုင်းသမားများကမျှ သူတို့ကို ကယ်တင်ရန် လာရောက်ကြမည် မဟုတ်ပေ။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်ရှိလာမည့် အချိန်ကိုသာ သူတို့ စောင့်ဆိုင်းနိုင်တော့သည်။ သို့သော် ထိုအချိန်ရောက်လာလျှင် နဂါးကျောက်တုံးမြို့မှာ လူသေမြို့ကြီးတစ်မြို့ ဖြစ်နေလောက်ပြီ ဖြစ်သည်။
လီဝေသည် လင်းဖုန်းကို အနီးကပ် မြင်တွေ့လိုက်ရသည်။ သူသည် သူမ စိတ်ကူးထားသည်ထက်ပင် ပို၍ ငယ်ရွယ်နေသေးသည်။ သို့သော် ထိုနက်ရှိုင်းသော မျက်လုံးများက လောကကြီးကို ငြီးငွေ့နေပုံရသည်။
ဒီလူမှာ ဇာတ်လမ်းတစ်ပုဒ် ရှိရမယ်။
လီဝေသည် အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ လူကဲခတ်ရာတွင် အလွန် ကျွမ်းကျင်သည်။
"ကျွန်မတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"
လီဝေက လင်းဖုန်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။
"ခင်ဗျားတို့ ဒီမှာ ဘာလာလုပ်နေကြတာလဲ"
လင်းဖုန်း ကင်မရာက သူ့ကို ချိန်ရွယ်ထားသည်ကို မြင်လိုက်သည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဒီလိုအချိန်မျိုးမှာတောင် သူတို့ ရိုက်ကူးနေကြတုန်းလား။
လီဝေက သူမ၏ ဆံပင်များကို လက်ဖြင့် သပ်တင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကျွန်မတို့က နဂါးကျောက်တုံးမြို့ ရုပ်သံဌာနကပါ။ အခု မှတ်တမ်းရုပ်ရှင်တစ်ခုကို တိုက်ရိုက် ထုတ်လွှင့်နေတာပါ။ ရှင်တို့လို သိုင်းသမားတွေက အသက်ကို ပဓာနမထားဘဲ သားရဲတွေနဲ့ တိုက်ခိုက်နေကြတယ်။ ကျွန်မတို့ သတင်းထောက်တွေရဲ့ တာဝန်ကတော့ ရှင်တို့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို ကမ္ဘာပေါ်က လူတိုင်းဆီ ပြသပေးဖို့ပါပဲ။ စောစောက ရှင် သားရဲဘုရင်တစ်ကောင်ကို ဓားချက် သုံးချက်တည်းနဲ့ သတ်ခဲ့တယ်။ ရှင်က တိုက်ပွဲမှာ တကယ့်ကို ပြိုင်ဘက်ကင်းတာပဲ။ ရုပ်မြင်သံကြားပေါ်ကနေ ရှင့်ကို သိသွားတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်"
"ဒါ တိုက်ရိုက်ထုတ်လွှင့်နေတာလား"
လင်းဖုန်း တိတ်ဆိတ်သွားသည်။ ဤသည်မှာ တစ်ကမ္ဘာလုံးကို တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်။ သူ၏ ဖခင်၊ မိခင်၊ ညီမလေး၊ သူ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ အားလုံး သူ့ကို မြင်တွေ့နေရလောက်ပြီ ဖြစ်သည်။
ပြီးတော့ သူ့နှလုံးသား အနက်ရှိုင်းဆုံးမှာ ရှိနေတဲ့ ထိုတစ်ယောက်... သူမရော သူ့ကို မြင်ရရဲ့လား။