နတ်ဆိုးများနှင့် တိုက်ပွဲဝင်ခြင်း
Vol. 6 Ch. 78
ဘာသာပြန် - အားသစ်
ဘန်း
နတ်ဆိုး၏ လက်တံများ ပြင်းထန်စွာ ရိုက်ခတ်လိုက်သံမှာ လူတိုင်း၏ နှလုံးသားကို ရိုက်ခတ်လိုက်သကဲ့သို့ပင်။ လင်းဖုန်း၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ လူအများအပြားမှာ သူတို့၏ ရင်ထဲတွင် တင်းကျပ်သွားကြရသည်။
ဤသည်မှာ အစစ်အမှန် နတ်ဆိုးတစ်ကောင်ပင်။
"ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့"
"နတ်ဆိုးကတော့ တကယ့်ကို နတ်ဆိုးပါပဲ။ ဒီတိုက်ခိုက်မှုမှာ အနည်းဆုံး ခွန်အား တန်တစ်ရာကျော် ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုများလိမ့်မယ်။ ဒီလူငယ်သိုင်းသမားလေးကတော့ ဒါကို တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ငါကတော့ အံ့ဖွယ်တစ်ခု ဖြစ်လာဖို့ မျှော်လင့်နေတုန်းပဲ"
"အံ့ဖွယ်တစ်ခု..."
လူများစွာမှာ သူတို့၏ ရင်ထဲတွင် မျှော်လင့်တောင်းတနေကြပြီး သူတို့၏ မျက်လုံးများတွင် ထက်သန်သောမျှော်လင့်ချက်များ ပေါ်လာသည်။ သူတို့မှာ သာမန်အဆန်ဆုံးနှင့် အားအနည်းဆုံး လူသားများ ဖြစ်ကြသော်လည်း လူ့အဖွဲ့အစည်း တစ်ခုလုံးမှာ ဤကဲ့သို့မရေမတွက်နိုင်အောင် များပြားသော သာမန်လူသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဤကဲ့သို့သော သာမန်လူသားများကို ကာကွယ်ရန်မှာ သိုင်းသမားများ၏ တာဝန်ပင် ဖြစ်သည်။ ဤလူများသည် သူတို့၏ ညီအစ်ကို မောင်နှမများ၊ မိဘများ သို့မဟုတ် ချစ်သူရည်းစားနှင့် သားသမီးများပင် ဖြစ်နေနိုင်ပေသည်။
ထို့အတူပင် လူတိုင်း၏ ရင်ထဲတွင် သားရဲများကို အသက်စွန့်ကာ ရဲဝံ့စွာ တိုက်ခိုက်နေသော ဤလူငယ်သိုင်းသမားလေး လင်းဖုန်းကို သူတို့၏ မိသားစုဝင်တစ်ဦးအလား သတ်မှတ်ထားကြပြီ ဖြစ်သည်။
လင်းဖုန်းကို ဤကဲ့သို့ မသေစေချင်ကြပေ။
သို့သော် စောစောက တိုက်ခိုက်မှုမှာပင် နတ်ဆိုးများ၏ စွမ်းအားကို သက်သေပြခဲ့ပြီး ဖြစ်သည်။ ယင်းမှာ ပရော်ဖက်ရှင်နယ် သိုင်းသမားများ လုံးဝ လက်လှမ်းမမီနိုင်သော စွမ်းအားမျိုးပင်။
လူတိုင်း၏ မျက်လုံးများမှာ ဖန်သားပြင်ထံတွင်သာ ရှိနေသည်။ လီဝေပင်လျှင် ဘာမှမပြောနိုင်တော့ပေ။ လောကကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသကဲ့သို့ပင်။
ရုတ်တရက် လင်းဖုန်း၏ ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ သူသည် သူ၏ ခေါင်းကိုပင် မော့လိုက်သေးသည်။ သူ ဘာမှမဖြစ်ဘူး။ လင်းဖုန်း ဘယ်လိုအကြောင်းကြောင့်ပင် ဖြစ်ပါစေ ဘာမှမဖြစ်ဘဲ ရှိနေသည်။
"ကောင်းတယ်"
"သူ နတ်ဆိုးရဲ့ တိုက်ခိုက်မှုကိုတောင် တောင့်ခံနိုင်ခဲ့တယ်ပေါ့။ တကယ့်ကို အထင်ကြီးစရာပဲ"
"အနန္တလမ်းစဉ်အကယ်ဒမီမှာ နောက်ထပ် ထိပ်တန်း ပါရမီရှင်တစ်ယောက် ပေါ်လာပြန်ပြီ။ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူး။ တကယ်လို့ သူသာ ဒီတိုက်ပွဲကနေ အသက်ရှင်နိုင်မယ်ဆိုရင်..."
လူပေါင်းများစွာမှာ တိတ်တဆိတ် စိတ်လှုပ်ရှားနေကြသည်။ အကယ်၍ လင်းဖုန်းသာ နတ်ဆိုး၏ တိုက်ခိုက်မှု တစ်ချက်ကို တောင့်ခံနိုင်လျှင် ဒုတိယ သို့မဟုတ် တတိယမြောက် တိုက်ခိုက်မှုကိုလည်း တောင့်ခံနိုင်မည် မဟုတ်ပါလား။
သို့သော် နတ်ဆိုးများအကြောင်းကို အနည်းငယ် သိရှိထားကြသော သိုင်းသမားများကမူ စိတ်လေးနေကြသည်။ ဤသည်မှာ တိုက်ခိုက်မှု တစ်ချက်သာ ရှိသေးသည်။ နတ်ဆိုး၏ ခန္ဓာကိုယ်တွင် လက်တံ ၁၀ ခုထက်မက ရှိနေသည်။ အကယ်၍ နတ်ဆိုးက လက်တံအားလုံးကို အသုံးပြုလာပါက လင်းဖုန်း မည်သို့ ခုခံနိုင်ပါမည်နည်း။
ဤဘေးဒုက္ခမှ အသက်ရှင်နိုင်ရန်မှာ မည်မျှအထိ ခက်ခဲလိုက်ပါဘိသနည်း။
လင်းဖုန်းမှာမူ သူ၏ လုပ်ရပ်တိုင်းသည် ဘီလီယံနှင့်ချီသော လူများ၏ နှလုံးသားကို ဖမ်းစားထားသည်ကို မသိပေ။ သူ ခေါင်းမော့လိုက်ပြီး သူ့ရှေ့မှ နတ်ဆိုးကို စူးစိုက်ကြည့်လိုက်သည်။
နတ်ဆိုးတစ်ကောင်တည်း မဟုတ်။ နှစ်ကောင်ပင်။
စောစောက တိုက်ခိုက်မှုတွင် အနည်းဆုံး ခွန်အား တန် ၂၀၀ ပါဝင်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ ဤသည်မှာ လက်တံ တစ်ခုတည်းသာ ရှိသေးသည်။ အကယ်၍ နှစ်ခု၊ သုံးခု၊ လေးခု... သို့မဟုတ် ၁၀ ခုထက်မက ဖြစ်လာလျှင်ရော မည်သို့ဖြစ်မည်နည်း။
လင်းဖုန်း မျက်လုံးမှိတ်လိုက်သည်။ သူ ယခင်က ထုတ်ဖော်ခဲ့သော ဓားချက် သုံးချက် ဖြစ်သည့် သစ္စာတရား၊ လက်စားချေခြင်းနှင့် ကာကွယ်ခြင်း ဓားချက်များကို ပြန်လည် စဉ်းစားနေသည်။
ထိုဓားချက် သုံးချက်မှာ အမှန်တကယ်တော့ သိုင်းပညာသက်သက်ဟု မဆိုနိုင်ဘဲ စိတ်ဆန္ဒ အရှိန်အဝါ တစ်မျိုးပင် ဖြစ်သည်။ ထိုစိတ်ဆန္ဒအောက်တွင် လင်းဖုန်းသည် သိုင်းပညာ၏ အနှစ်သာရကို ပိုမိုနားလည်သဘောပေါက်လာသကဲ့သို့ ပိုမို အစွမ်းထက်သော စွမ်းအားများကိုလည်း ထုတ်ဖော်နိုင်သည်။
စိတ်ဆန္ဒနှင့် အစစ်အမှန်စိတ်အသိတို့မှာ အတိုင်းအတာတစ်ခုအထိ ဆင်တူညီမှုများ ရှိကြသည်။ ၎င်းတို့ နှစ်ခုစလုံးမှာ မကြုံစဖူးသော စွမ်းအားများ သို့မဟုတ် ငုပ်လျှိုးနေသော စွမ်းရည်များကို ပေါက်ကွဲထွက်စေနိုင်သည်။
လင်းဖုန်းတွင် ငုပ်လျှိုးနေသော စွမ်းရည်များ ရှိနေသလား။ သံသယဖြစ်ဖွယ်မရှိ၊ လင်းဖုန်း၏ စွမ်းရည်မှာ သူကိုယ်တိုင် စိတ်ကူးထားသည်ထက်ပင် ပိုမို ကြီးမားလှသည်။ သူ ပေါင်းစပ်ထားသော သားရဲ လေးကောင်၏ မျိုးရိုးဗီဇမှာတင် မယုံကြည်နိုင်လောက်သော စွမ်းရည်များ ပါဝင်နေသည်။
သို့သော် ယခုအချိန်တွင် လင်းဖုန်းသည် သူ၏ စွမ်းရည်အနည်းငယ်ကိုသာ ထုတ်ဖော်နိုင်သေးပြီး ၎င်းမှာလည်း အထူးစိတ်ဆန္ဒအပေါ်တွင် အခြေခံနေရသည်။
ဝှစ်...ဝှစ်...ဝှစ်...
တီကောင်နတ်ဆိုးသည် နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် လက်တံ သုံးခုကို တစ်ပြိုင်နက် ထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုလက်တံ သုံးခုမှာ မတူညီသော အရပ်မျက်နှာများနှင့် မျက်ကွယ်ထောင့်များမှ လာခြင်းဖြစ်ပြီး လင်းဖုန်း၏ ဆုတ်လမ်းကို လုံးဝ ပိတ်ဆို့ထားသကဲ့သို့ပင်။
လင်းဖုန်း ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။ ထိုအခိုက်အတန့်တွင် လင်းဖုန်းသည် သူ၏ စိတ်ထဲမှ အတွေးမျိုးစုံကို ဖယ်ထုတ်လိုက်သည်။
သူ တိုက်ခိုက်ရမည်၊ သေသည်အထိ တိုက်ခိုက်ရမည်။
ရွှပ်
လင်းဖုန်း ဓားမော့ဖြင့် ထပ်မံ ခုတ်ချလိုက်သည်။ ဤဓားချက်ပြီးနောက် သူ၏ စိတ်အစဉ်မှာ အံ့ဖွယ် အခြေအနေတစ်ခုထဲသို့ နစ်မြောသွားသည်။ ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီ၊ ဖုန်းရှို့နှင့် အခြားသူများ၏ အော်ဟစ်သံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
ထိုအသံများမှာ ခဏတာမျှသာ ဖြစ်သော်လည်း သူ၏ နားထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်နေဆဲပင်။
ထိုအချိန်တွင် လင်းဖုန်း၏ ဓားမှာ သက်ဝင်လှုပ်ရှားလာပုံရသည်။ သူသည် စိတ်ဆန္ဒနယ်ပယ်ထဲသို့ အလုံးစုံ နစ်မြောသွားသည်။
သစ္စာတရားအတွက် ဓားချက်
လက်စားချေခြင်းအတွက် ဓားချက်
ကာကွယ်ခြင်းအတွက် ဓားချက်
အရာအားလုံးကိုပိုင်းဖြတ်...
လင်းဖုန်း မျက်လုံးများပင် မှိတ်ထားလိုက်သည်။ သို့သော်လည်း သူ့ရှေ့သို့ အလွန် မြန်ဆန်သော အရှိန်ဖြင့် ရိုက်ခတ်လာသော လက်တံ သုံးခုကိုမူ ရှင်းလင်းစွာ အာရုံခံနိုင်နေဆဲပင်။
သူသည် ဓားမော့ကို အားကုန် ဝှေ့ယမ်းလိုက်သည်။
ဘန်း
လင်းဖုန်း၏ ခန္ဓာကိုယ် တုန်ခါသွားသော်လည်း ယခုတစ်ကြိမ်တွင် သူ နောက်မဆုတ်ခဲ့ပေ။ သူ၏ စွမ်းအားမှာ ခွန်အား၏ အကန့်အသတ်ကို ကျော်လွန်သွားသကဲ့သို့ သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ တန် ၈၀၊ တန် ၉၀ နှင့် တန် ၁၀၀ ကိုပင် ကျော်လွန်သွားခဲ့ပြီ။
တန်တစ်ရာ...။ ဤသည်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများနှင့် ပရော်ဖက်ရှင်နယ် သိုင်းသမားများကို ပိုင်းခြားထားသော ချောက်နက်ကြီးတစ်ခုပင်။ ထိုချောက်နက်မှာ မည်သူမှ မကျော်ဖြတ်နိုင်သော စံနှုန်းတစ်ခုပင် ဖြစ်သည်။
သို့သော် ယခုလက်ရှိအချိန်တွင် လင်းဖုန်းသည် ထိုစံနှုန်းကို ချိုးဖျက်လိုက်လေပြီ။ ထိုအံ့ဖွယ် စိတ်ဆန္ဒအခြေအနေတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ဆူပွက်နေပုံရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ သားရဲမျိုးရိုးဗီဇများသည်ပင် အလိုလို နိုးထဟိန်းဟောက်နေကြသည်။
တိုက်ခိုက်စမ်း
တွန့်ဆုတ်မနေဘဲ တိုက်ပွဲဝင်ခြင်းသည်သာ လင်းဖုန်း၏ စိတ်ထဲတွင် ရှိသော တစ်ခုတည်းသော အရာ ဖြစ်သည်။
ရွှစ်
လင်းဖုန်း ဓားဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။ ထိုအံ့ဖွယ် စိတ်ဆန္ဒအခြေအနေတွင် သူ၏ ဓားသိုင်းမှာ ပြည့်စုံလုနီးပါး ဖြစ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းရည်များကို အကန့်အသတ်ထိတိုင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလာသည်။ သူသည် သုံးကြိမ် ဆက်တိုက် ခုတ်ချလိုက်ပြီး ဓားချက်တိုင်းမှာ တစ်နေရာတည်းသို့သာ ကျရောက်သွားခဲ့သည်။
ဒုတ်
နောက်ဆုံးတွင် လင်းဖုန်း၏ ဓားချက် သုံးချက်မှာ ပေါင်းစည်းသွားသည်။ သူ၏ ဓားချက်မှာ တန်တစ်ရာကျော် ခွန်အားဖြင့် ကျရောက်သွားပြီး ဧရာမတိုင်လုံးကြီးကဲ့သို့ ထူထဲသော လက်တံတစ်ခုမှာ ချက်ချင်းပင် ပြတ်တောက်သွားတော့သည်။ အစိမ်းရောင် သွေးများ ပန်းထွက်လာပြီး ပုပ်ညှီနေသော အနံ့များ ထွက်ပေါ်လာသည်။
"ဝေါင်း..."
လက်တံတစ်ခု ပြတ်တောက်သွားသော နတ်ဆိုးမှာ အလုံးစုံ ရူးသွပ်သွားတော့သည်။ သူသည် အစွမ်းထက်သော နတ်ဆိုးတစ်ကောင်ပင်။ သူ့ မျက်လုံးထဲတွင် လင်းဖုန်းမှာ သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သော်လည်း ယခုအခါ ထိုပုရွက်ဆိတ်က သူ့လက်တံတစ်ခုကို ဖြတ်တောက်ပစ်ခဲ့သည်။
ဤသည်မှာ မည်သည့်နည်းနှင့်မျှ ခွင့်လွှတ်နိုင်စရာ မရှိပေ။
ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးက နတ်ဆိုးတစ်ကောင်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်လား။ တီကောင်နတ်ဆိုးသည် ဤသည်ကို မမျှော်လင့်ထားရုံသာမက ရုပ်သံဖန်သားပြင်ရှေ့မှ မရေမတွက်နိုင်သော လူများသည်လည်း ဤအရာကို မျှော်လင့်မထားခဲ့ကြပေ။ ထိုလက်တံကြီးမှာ ဧရာမတိုင်လုံးကြီးအလား အလွန်တရာ ထူထဲပြီး မာကျောလှသည်။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားတစ်ဦးပင်လျှင် လက်တံတစ်ခုကို ဖြတ်တောက်ရန် အားထုတ်မှုအချို့ ပြုလုပ်ရမည် ဖြစ်ရာ ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးအဖို့ ပြောနေရန်ပင် မလိုတော့ပေ။
သူတို့မှာ မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေကြသော်လည်း ထိုထက်မက စိတ်လှုပ်ရှားနေကြသည်။ ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ၎င်းမှာ မျှော်လင့်ချက်မဲ့သော အခြေအနေတွင် ပေါက်ကွဲထွက်လာသော စွမ်းရည်၊ နိုးထတောက်လောင်လာသော ငုပ်လျှိုးနေသည့် အစွမ်းများပင်။ ဤသည်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အောင်ပွဲပင် ဖြစ်သည်။
မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေဆိုရင်ရော ဘာဖြစ်လဲ။ သောင်းနဲ့ချီတဲ့ သားရဲတွေ ရှိနေတော့ရော ဘာဖြစ်လဲ။ နတ်ဆိုးတွေ အများကြီး ရှိနေတော့ရော ဘာဖြစ်လဲ။
ရဲစွမ်းသတ္တိ၊ ခွန်အားနဲ့ ပြတ်သားမှုတွေက အံ့ဖွယ်အမှုတွေကို ဖန်တီးနိုင်တယ်။
လင်းဖုန်းသည် လူတိုင်း၏ နှလုံးသားကို မြှင့်တင်ပေးနိုင်သော အံ့ဖွယ်တစ်ခုကို ဖန်တီးခဲ့သည်။ ဤဓားချက်က ဘာကို ဆိုလိုသည်ကို သူ မသိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုသို့ဆိုလျှင် ဒုက္ခရောက်နေသော သိုင်းသမားများကိုသာ ကြည့်လိုက်ပါ။ သူတို့အားလုံး ရူးသွပ်သွားကြပြီး ထိုသားရဲများနှင့်အတူ အသေခံ တိုက်ခိုက်ရန်ပင် အသင့်ဖြစ်သွားကြသည်။
ဤသည်မှာ လင်းဖုန်း ယူဆောင်လာပေးသော စိတ်ဓာတ်ခွန်အားပင် ဖြစ်သည်။ ဤသည်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားအဆင့် ကျွမ်းကျင်သူများပင် မလုပ်နိုင်သော အရာတစ်ခုပင်။ ယခုအခါ လင်းဖုန်းသည် နဂါးကျောက်တုံးမြို့တစ်ခုလုံး၏ သံသယဖြစ်ဖွယ်မရှိသော သူရဲကောင်းဖြစ်သလို လူသားမျိုးနွယ်အားလုံး၏ သူရဲကောင်းလည်း ဖြစ်လာခဲ့ချေပြီ။
လင်းဖုန်းသည် တီကောင်နတ်ဆိုး၏ လက်တံတစ်ခုကို ဖြတ်တောက်နိုင်ခဲ့သော်လည်း ဤဒဏ်ရာအသေးစားလေးက နတ်ဆိုး၏ တိုက်ခိုက်ရေးစွမ်ူရည်အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။ ပြတ်တောက်သွားသော လက်တံမှာ လျင်မြန်စွာ ပြန်လည် ပေါက်လာသည်။
သို့သော် ၎င်းအတွက်မူ ဤသည်မှာ ကြီးမားသော အရှက်ရမှုပင် ဖြစ်သည်။
ထို့ကြောင့် နတ်ဆိုးနှစ်ကောင် စတင် လှုပ်ရှားလာကြသည်။ မရေမတွက်နိုင်သော လက်တံများမှာ ပိုက်ကွန်တစ်ခုအလား လင်းဖုန်းကို ဝိုင်းရံလိုက်သည်။ ပတ်ဝန်းကျင်လေထုတစ်ခုလုံးမှာ နတ်ဆိုးနှစ်ကောင်၏ အမျက်ဒေါသနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ယခုလက်ရှိအချိန်တွင် လင်းဖုန်း နောက်မဆုတ်နိုင်တော့ပေ။ သူ နောက်ဆုတ်မည်လည်း မဟုတ်ပေ။
သစ္စာတရားအတွက် ဓားချက်
လက်စားချေခြင်းအတွက် ဓားချက်
ကာကွယ်ခြင်းအတွက် ဓားချက်
သုံးချက်ပေါင်း တစ်ချက်... ပိုင်းဖြတ်စမ်း...
လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားအလင်းတန်းများကြောင့် အဖြူရောင် အလင်းတစ်ခုအလား ဖြစ်နေသည်။ သူကိုယ်တိုင်က ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ မရေမတွက်နိုင်သော လက်တံများနှင့် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။