သာလွန်လူသား၏ စတေးမှု
Vol. 6 Ch. 79
ဘာသာပြန် - အားသစ်
ဘုန်း
လင်းဖုန်းသည် ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး သိပ်သည်းစွာ တိူးဝင်ရိုက်ခတ်လာသော လက်တံများထံသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။ လက်တံများကြားတွင် အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ၎င်းမှာ ခဏတာမျှသာ ပွင့်လန်းသွားသော ပန်းတစ်ပွင့်အလား၊ မပျောက်ကွယ်ခင် အစွမ်းကုန်ထွန်းလင်းတောက်ပနေသော ကြယ်တာရာတစ်ပွင့်အလားပင်။
ကင်မရာမှတစ်ဆင့် လင်းဖုန်းသည် သူ၏ ဓားချက် တစ်ချက်တည်းဖြင့် လက်တံ သုံးလေးခုကို ဆက်တိုက် ဖြတ်တောက်နိုင်ခဲ့သည်ကို လူတိုင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။
သို့သော် တစ်ချိန်တည်းမှာပင် နောက်ထပ် လက်တံများက လင်းဖုန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ပုတ်လာကြသည်။
ဘုန်း
နာကျင်မှု။ အနှိုင်းမဲ့သော နာကျင်မှု။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံး အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားသကဲ့သို့ပင်။ မရေမတွက်နိုင်သော လက်တံများကြောင့် သူ၏ အသားများပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးများ ဖြစ်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်အက်ကွဲကြောင်းများမှ သွေးများ အဆက်မပြတ် စီးကျလာသည်။ လင်းဖုန်းသည် သွေးများဖြင့် ရွှဲနစ်နေပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။
သူ၏ ဓားပင်လျှင် ဘေးသို့ လွင့်စင်သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ၊ ဖုန်မှုန့်များဖြင့် အလုံးစုံ ဖုံးလွှမ်းသွားသည်။ မြေပြင်ထက်တွင် ဧရာမ တွင်းကြီးတစ်ခု ဖြစ်သွားပြီး ထိုကဲ့သို့တွင်းကြီးဖြစ်သည်အထိ ရိုက်ချခံလိုက်ရသော လင်းဖုန်းမှာမူ လက်ချောင်းတစ်ချောင်းပင် မလှုပ်ရှားနိုင်တော့ပေ။ သူ၏ ပြန်လည်ကုသနိုင်စွမ်း မည်မျှပင် အံ့အားသင့်ဖွယ် ကောင်းနေပါစေ ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံး ကျိုးကြေနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးများဖြင့် အလုံးစုံဖုံးလွှမ်းနေပြီ ဖြစ်သည်။ သွေးများ အဆက်မပြတ် ထွက်ကျနေသည်နှင့်အမျှ သူ၏ အသက်စွမ်းအင်များလည်း တဖြည်းဖြည်း ကုန်ဆုံးလာသကဲ့သို့ သူ ခံစားလိုက်ရသည်။
တိတ်ဆိတ်ခြင်း။ ဖန်သားပြင်ရှေ့ရှိ လူတိုင်း တိတ်ဆိတ်သွားကြသည်။ လီဝေ၏ ပါးစပ်မှာ အဟောင်းသား ပွင့်သွားသော်လည်း သူမ၏ လက်ဖြင့် တင်းကျပ်စွာ ပိတ်ထားလိုက်သည်။ နတ်ဆိုးနှစ်ကောင်၏ အာရုံစိုက်မှုကို ရရှိသွားမည်ကို စိုးရိမ်သဖြင့် သူမ စကားမပြောရဲတော့ပေ။
သို့သော် လီဝေသည် သူမ၏ အသံကို ထိန်းချုပ်နိုင်လျှင်ပင် သူမ၏ မျက်လုံးထဲမှ မျက်ရည်များကိုမူ မထိန်းချုပ်နိုင်ခဲ့ပေ။ ထူးခြားဆန်းပြားသော အဖြစ်အပျက်များနှင့် အဖြစ်ဆိုးမျိုးစုံကို မြင်တွေ့ခဲ့ရဖူးသော လီဝေသည် လင်းဖုန်း ဧရာမ တွင်းကြီးထဲသို့ ရိုက်ချခံရပြီး ငြိမ်သက်သွားသည်ကို မြင်သောအခါ သူမ၏ မျက်ရည်များကို ဆက်လက် မထိန်းထားနိုင်တော့ပေ။
လီဝေ တစ်ယောက်တည်း မဟုတ်ပေ။ ဖန်သားပြင်ရှေ့ရှိ လူများစွာ၏ မျက်နှာများပေါ်တွင်လည်း မျက်ရည်များ စီးကျနေပြီ ဖြစ်သည်။
အမေလင်း၊ လင်းချန်နှင့် ချူချန်းတို့အားလုံးမှာ အံ့ဖွယ်တစ်ခု ဖြစ်လာပြီး လင်းဖုန်း ပြန်လည် မတ်တပ်ရပ်လာနိုင်ရန် သူတို့၏ ရင်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေကြသည်။ သို့သော် အံ့ဖွယ်များဆိုသည်မှာ ဖြစ်ပေါ်လာရန် အလွန် ခက်ခဲလှသောကြောင့်သာ အံ့ဖွယ်များဟု ခေါ်ဆိုကြခြင်း ဖြစ်သည် မဟုတ်ပါလား။
နတ်ဆိုးနှစ်ကောင်သည် ဤမျှနှင့် သူတို့၏ ဒေါသကို မဖြေဖျောက်နိုင်သေးပုံရသည်။ ထို့ကြောင့် သူတို့၏ လက်တံများကို ဒေါသတကြီး ထပ်မံ ဝှေ့ယမ်းလိုက်ပြီး လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရက်ရက်စက်စက် ရိုက်ချလိုက်ကြသည်။
ဒုတ်
ရိုက်ချက်တိုင်းမှာ ခွန်အား တန် ၂၀၀ ကျော် ပါဝင်နေသည်။ အခြား သိုင်းသမား တစ်ယောက်ယောက်သာ ဆိုပါက အသက်ရှူရပ်သွားသည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော ကျွမ်းကျင်သူများပင်လျှင် ဤကဲ့သို့ အကြိမ်ကြိမ် ရိုက်ချခံရမှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။
နှစ်ကြိမ်၊ သုံးကြိမ်...
ဖန်သားပြင်ရှေ့ရှိ မရေမတွက်နိုင်သော လူများမှာ ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီ ဖြစ်သည်။ သူတို့ မျှော်လင့်နေသော အံ့ဖွယ်အမှုက ဖြစ်မလာခဲ့ပေ။
"ဖုန်းအာ..."
လင်းဇနီးမောင်နှံမှာ အလွန် နာကျင်ကြေကွဲနေရသော်လည်း သူတို့ ဘာမှ မတတ်နိုင်ကြပေ။
"တတိယအစ်ကို"
လင်းချန်သည် သူမ အန္တရာယ်နှင့် ကြုံတွေ့ရစဉ်က သူမ၏ တတိယအစ်ကို လင်းဖုန်း ပြေးဝင်လာခဲ့ပုံကို ပြန်လည် သတိရမိသည်။ ထိုအချိန်က သူမသည် လင်းဖုန်းကို ဤလောကတွင် အချစ်စရာကောင်းဆုံးနှင့် အားအကိုးရဆုံး လူတစ်ယောက်အဖြစ် ခံစားခဲ့ရသည်။
သို့သော် ယခုအခါ လင်းဖုန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နတ်ဆိုးများ၏ အကြိမ်ကြိမ် ရိုက်နှက်မှုကို ခံနေရသည်။ သူမ ဆက်ကြည့်ရန်ပင် မခံစားနိုင်တော့ပေ။
ချူချန်းသည်လည်း တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။ သူမ အသံထွက်၍ မငိုသော်လည်း သူမ၏ ရင်ထဲတွင် အလွန် နာကျင်နေခဲ့သည်။ သူမသည် ဝန်ရိုးစွန်းအကယ်ဒမီသို့ ရောက်ရှိလာခဲ့သော်လည်း လင်းဖုန်းသည် သူမ၏ ရင်ထဲတွင် နေရာယူထားဆဲဖြစ်ကြောင်းကိုမူ ငြင်းဆို၍ မရနိုင်ပေ။ ဤသည်မှာ တစ်ရက်နှစ်ရက်အတွင်း သို့မဟုတ် တစ်နှစ်နှစ်နှစ်အတွင်း မေ့ပစ်နိုင်သော အရာမျိုး မဟုတ်ပေ။
လင်းဖုန်းနှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က အချိန်ကို သူမ ပြန်လည် သတိရမိသည်။ ထိုအချိန်က လင်းဖုန်းသည် ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသူတစ်ဦး ဖြစ်သည်။ သူက စကားနည်းသော်လည်း အလွန် နူးညံ့သိမ်မွေ့ပြီး သူမကို နွေးထွေးသော ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သည်။
ချူချန်း၏ မိသားစုသည် သူမ ငယ်စဉ်က ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ဤနွေးထွေးသောခံစားချက်မှာ သူမ အလွန် လိုအပ်နေသော အရာတစ်ခုပင် ဖြစ်သည်။ ထိုစဉ်က အလွန် သာမန်ဟု ထင်ရသော လင်းဖုန်းကို သူမ ဘာကြောင့် သဘောကျခဲ့သလဲဆိုသည်ကို မပြောပြတတ်သော်လည်း သူမ သူ့ကို သဘောကျခဲ့ပြီး သူမ၏ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သူမ ထွက်ခွာရန် ရွေးချယ်ခဲ့စဉ်ကပင် သူမ၏ စောင့်ဆိုင်းမှုအတွက် မျှော်လင့်ချက် မရှိတော့သောကြောင့်သာ နာကျင်စွာဖြင့် ထွက်ခွာသွားခဲ့ရခြင်း ဖြစ်သည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူနှင့် ပြန်လည် ဆုံတွေ့ရရန်ပင် သူမ မျှော်လင့်နေခဲ့သေးသည်။
သို့သော် ယခုအခါ အရာအားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူမ ရင်ထဲက မျှော်လင့်ချက်က မှန်တစ်ချပ်လို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပြီ။ လင်းဖုန်းက နတ်ဆိုးတွေရဲ့ ရိုက်နှက်မှုကြောင့် သွေးသံရဲရဲ ဖြစ်နေတာကို သူမ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရရုံသာမက သူ သေဆုံးသွားတော့မှာကိုတောင် ဒီအတိုင်း ကြည့်နေရတော့မည်။
သူမ ဘာမှ လုပ်မပေးနိုင်ပေ။ ဤနာကျင်မှုမျိုးက အရိုးထဲအထိ စိမ့်ဝင်နေသည်။
ယခုအချိန်တွင် လင်းဖုန်းသည် နာကျင်မှုကိုပင် မခံစားရတော့ပေ။ သူသည် လောကကြီးတစ်ခုလုံး အလွန် မှောင်မိုက်နေသည်ဟုသာ ခံစားနေရသည်။ ပတ်ဝန်းကျင်တွင်လည်း မည်သည့် အသံမျှ မရှိတော့သကဲ့သို့ပင်။
သို့သော် နတ်ဆိုး၏ လက်တံများက သူ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ရိုက်ပုတ်နေသည်ကို သူ အာရုံခံနိုင်နေသေးသည်။
ရိုက်ချက်တိုင်းတွင် တန် ၂၀၀ ကျော် ခွန်အားများ ပါဝင်နေသည်။ ရိုက်ချက်တစ်ခုတိုင်းတွင် သူ၏ အသက်စွမ်းအင်များ တဖြည်းဖြည်း ကုန်ဆုံးသွားနေသည်။ သူ၏ ပြန်လည်ကုသနိုင်စွမ်း မည်မျှပင် အစွမ်းထက်ပါစေ အသုံးမဝင်တော့ပေ။ သူ သေတော့မည်ကို လင်းဖုန်း နားလည်လိုက်သည်။
"နောက်ဆုံးတော့ အရာအားလုံး ပြီးဆုံးသွားပြီလား။ နှမြောစရာပဲ၊ ငါ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ခဲ့ဘူး..."
"အိမ်ကို နောက်တစ်ခေါက်လောက် ပြန်သွားချင်သေးတယ်။ အဖေ၊ အမေ၊ အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ ညီမလေး... အားလုံးပဲ ထာဝရ နှုတ်ဆက်ပါတယ်"
"ပြီးတော့ ချူချန်း... တကယ်တော့ နင်က ငါ့ရင်ထဲမှာ ရှိနေတယ်ဆိုတာ ငါ နင့်ကို တစ်ခါမှ မပြောပြခဲ့ဖူးဘူး။ နှမြောစရာပဲ၊ အခုတော့ ငါ နင့်ကို ပြောပြဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး"
"ငါ အရမ်း ပင်ပန်းနေပြီ။ နောက်ဆုံးတော့ ငါ အနားယူလို့ ရပြီ..."
လင်းဖုန်း မည်သည့် နာကျင်မှုကိုမျှ မခံစားရတော့ပေ။ သူ၏ ပခုံးပေါ်မှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျဆင်းသွားသကဲ့သို့ သူ အလွန် ပေါ့ပါးသွားသည်ဟုပင် ခံစားနေရသည်။
သူ အရမ်း ပင်ပန်းနေခဲ့ပြီ။ ကုသ၍မရသော ထူးဆန်းသည့် ရောဂါကို ခံစားနေရကြောင်း သိလိုက်ရစဥ်ကတည်းက သူသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားခဲ့ရသည်။ သူ သဘောကျသော မိန်းကလေးကိုပင် လက်ခံရန် မဝံ့ရဲခဲ့သလို လူငယ်များ ခံစားသင့်သည့် ပျော်ရွှင်စရာများကိုလည်း မစမ်းသပ်ရဲခဲ့ပေ။
သူသည် အမြဲတမ်း ကြီးမားသော ဖိအားများအောက်တွင် နေထိုင်ခဲ့ရသည်။ မျိုးရိုးဗီဇ ပေါင်းစပ်ကိရိယာကို ရရှိပြီးနောက်တွင်လည်း သူသည် အမြဲတမ်း ဖိအားများအောက်တွင် ရှိနေခဲ့သည်။
ယခု သူ သေတော့မည်။ သူသည် သူ၏ ခွန်အားအားလုံးကို အစွမ်းကုန် အသုံးပြုခဲ့သော်လည်း ပြိုင်ဘက်များကို အနိုင်မယူနိုင်သေးပေ။ သူ အနိုင်မယူနိုင်တော့မှတော့ အရာအားလုံးကို အပြီးတိုင် စွန့်လွှတ်လိုက်တာပဲ ကောင်းပါတယ်။
မသိလိုက်မသိဘာနှင့်ပင် လင်းဖုန်း၏ အသိစိတ်မှာ အမှောင်ထုထဲသို့ အလုံးစုံ နစ်မြောသွားခဲ့သည်။ အကယ်၍ အံ့ဖွယ်အမှုသာ မရှိခဲ့လျှင် သူ၏ အသိစိတ်များ အမှောင်ထုထဲသို့ လုံးဝ နစ်မြောသွားသောအခါ သူ အမှန်တကယ် သေဆုံးသွားပေလိမ့်မည်...
အံ့ဖွယ်အမှု။ လူတိုင်းက အံ့ဖွယ်အမှုတစ်ခုကို တောင်းတနေကြသော်လည်း နတ်ဆိုးနှစ်ကောင်၏ ဧရာမ ခန္ဓာကိုယ်ကြီးများကို ကြည့်ရင်း လူအများအပြားမှာ မျှော်လင့်ချက်မဲ့သလို ခံစားနေကြရသည်။
ရွှပ်
ရုတ်တရက် နတ်ဆိုးတစ်ကောင်က ၎င်း၏ လက်တံများဖြင့် လင်းဖုန်း၏ ဒဏ်ရာအပြည့်နှင့် ခန္ဓာကိုယ်ကို သိမ်းကြုံးယူလိုက်ပြီး ၎င်း၏ ဆာလောင်မွတ်သိပ်နေသော ပါးစပ်ကြီးကို ဟလိုက်သည်။
ဤနတ်ဆိုးက လင်းဖုန်းကို အရှင်လတ်လတ် ဝါးမြိုတော့မည် ဖြစ်သည်။ ၎င်းက လူသားများ၏ သူရဲကောင်းကို ဝါးမြိုပစ်တော့မည် ဖြစ်သည်။
"ဟားဟားဟား... မင်းတို့ ကောင်စုတ်လေးတွေ၊ ငါ့ကို သတ်ဖို့ အဲဒီလောက် မလွယ်ဘူးလို့ မှတ်ထားလိုက်"
ရုတ်တရက် အဝေးရှိ တိုက်ပွဲကြီးထဲမှ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးက ရူးသွပ်စွာ ရယ်မောလိုက်သည်။ ထိုသာလွန်လူသား ကျွမ်းကျင်သူမှာ နတ်ဆိုး သုံးကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး လှုပ်ရှားရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။ သူသည် တစ်ချိန်လုံး အသည်းအသန် တောင့်ခံနေခဲ့ရခြင်း ဖြစ်သည်။
စောစောက သူ၏ လက်များကို နတ်ဆိုးအချို့၏ လက်တံများက ရစ်ပတ်ထားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကိုပင် ရစ်ပတ်ထားခဲ့သည်။ နတ်ဆိုးများ ချဉ်းကပ်လာသည်နှင့် သူလည်း နတ်ဆိုးသုံးကောင်၏ ဆွဲဖြဲခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် သူ ရူးသွပ်စွာ ရယ်မောလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စစ်မြေပြင်ပေါ်တွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသကဲ့သို့ ဖြစ်သွားသည်။ ထိုသာလွန်လူသား ကျွမ်းကျင်သူကို ဗဟိုပြုကာ မှိန်ပျပျ လေဆင်နှာမောင်းတစ်ခု ပေါ်လာသည်။
"မလုပ်နဲ့"
လုံကျိုး၏ မျက်လုံးများ နီရဲသွားသည်။ အခြား သာလွန်လူသား ကျွမ်းကျင်သူများ၏ မျက်နှာအမူအရာများလည်း အကြီးအကျယ် ပြောင်းလဲသွားကြသည်။ သူတို့ ကျယ်လောင်စွာ အသံကုန် အော်ဟစ်လိုက်ကြသော်လည်း အသုံးမဝင်တော့ပေ။ ပြင်းထန်သော လေပြင်းများ ပိုမို အားကောင်းလာသည်နှင့်အမျှ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှင့်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကြီးတစ်ခု တဖြည်းဖြည်း ချဉ်းကပ်လာသကဲ့သို့ သားရဲများနှင့် လူသားသိုင်းသမားများ၏ ရင်ထဲတွင် ကြီးမားသော ကြောက်ရွံ့မှုတစ်ခု စုစည်းလာနေသည်။
"လေမုန်တိုင်း အသွင်ပြောင်းခြင်း၊ ပေါက်ကွဲစမ်း"
သာလွန်လူသား ကျွမ်းကျင်သူ၏ ဟိန်းဟောက်သံနှင့်အတူ သူ့ပတ်ဝန်းကျင်ရှိ လေဆင်နှာမောင်းများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ဧရာမ ဗုံးကြီးတစ်လုံးအလား ပေါက်ကွဲထွက်သွားတော့သည်။
ဘုန်း
ပြင်းထန်လှသော ပေါက်ကွဲမှု လှိုင်းလုံးကြီးက အရပ်မျက်နှာ အားလုံးသို့ ရိုက်ခတ်သွားသည်။ မီတာ ရာနှင့်ချီသော ပတ်လည်အတွင်းရှိ နတ်ဆိုးများ၊ သားရဲများ သို့မဟုတ် လူသားသိုင်းသမားများ အားလုံးမှာ ပေါက်ကွဲမှု ဧရိယာအတွင်းသို့ ရောက်ရှိသွားကြသည်။ ထိုနေရာရှိ သားရဲအားလုံးမှာ ကြောက်မက်ဖွယ် ပေါက်ကွဲမှု လှိုင်းလုံးကြီးကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြသည်။
လင်းဖုန်းကို သူတို့၏ လက်တံများဖြင့် ရစ်ပတ်ထားသော နတ်ဆိုးများသည် အနည်းငယ် ဝေးကွာသော နေရာသို့ ရွေ့သွားသော်လည်း သူတို့လည်း ပေါက်ကွဲမှု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နတ်ဆိုးနှစ်ကောင် လွင့်စင်သွားကြသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်မှာလည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး မရပ်တန့်မီ အဝေးကြီးအထိ လိမ့်ထွက်သွားသည်။
စစ်မြေပြင်တွင် ဖြစ်စေ၊ ဖန်သားပြင်ရှေ့တွင် ဖြစ်စေ လူတိုင်းသည် ဤမြင်ကွင်းကြောင့် အလွန်တရာ တုန်လှုပ်သွားကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် လူတိုင်း၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် အကြောက်တရားနှင့် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
သာလွန်လူသားတစ်ဦး။ ၎င်းမှာ လူသားမျိုးနွယ်၏ အခိုင်အမာဆုံး ကာကွယ်သူများထဲမှ တစ်ဦးဖြစ်သော မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် သာလွန်လူသားအဆင့် ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်သည်။
သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဤကဲ့သို့ ကြေကွဲဖွယ်ကောင်းစွာ သေဆုံးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် လူတိုင်း ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ကြရသည်။
ဤအခိုက်အတန့်ကျမှသာ လူအများအပြား ရုတ်တရက် နားလည်သွားကြသည်။ ဤသည်မှာ နဂါးကျောက်တုံးမြို့ရှိ လူ ၃ သန်းအတွက်သာ တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်းကိုပင်။