ငါက နောက်လိုက်တာလေ၊ နင်က တကယ်ကြီး လုပ်လာတာလား
Vol. 28 Ch. 306
မင်ဝူသိုင်းသင်တန်းကျောင်းအတွင်း၌ ပွဲလမ်းသဘင်တစ်ခုအတွက် ပြင်ဆင်နေသကဲ့သို့ မီးအိမ်များ၊ အလံများဖြင့် ဝေဝေဆာဆာ အလှဆင်ထားသည်။
ပြောရလျှင် အမှန်တကယ်ပင် အောင်ပွဲခံအခမ်းအနားတစ်ခုဟု ဆိုနိုင်၏။
မင်ဝူသင်တန်းကျောင်းမှ ရွှီထဲ့ဟွာသည် ကိုယ်ခံပညာပြိုင်ပွဲ၏ မြို့နယ်အဆင့်တွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးဆယ်ဦးစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
ရွှီထဲ့ဟွာသည် မိမိကိုယ်ကို အလွန်ဂုဏ်ယူနေမိ၏။
သူ့လို အဆင့်အတန်းတစ်ဦးအတွက် ထိပ်သီးဆယ်ဦးစာရင်းဝင်ခြင်းမှာ အသေးအဖွဲဟု ထင်ရသော်လည်း ၎င်းမှာ မှတ်ကျောက်တင်ထားရမည့် အောင်မြင်မှုတစ်ခု ဖြစ်သည်။
ဥပမာပေးရလျှင် မြို့တော်ဝန်တစ်ဦးက မြို့နယ်အဆင့် လက်ရေးလှပြိုင်ပွဲတွင် တတိယဆု ရရှိသကဲ့သို့ ဖြစ်ပြီး အချင်းချင်းကြားတွင် ကြွားလုံးထုတ်ရန်ကောင်းသော အချက်တစ်ခုရလိုက်သလိုပင်။
အခြားပြိုင်ပွဲဝင်နှစ်ဦးသည် ရွှီထဲ့ဟွာ၏ နောက်တွင် ရပ်နေကြပြီး သူတို့၏ မျက်ဝန်းများမှာ အထင်ကြီး လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"စီနီယာအစ်ကိုရွှီ ထိပ်သီးဆယ်ယောက်စာရင်းထဲ ပါသွားတာ ဂုဏ်ယူပါတယ်ဗျာ၊ ဒါဟာ အစ်ကို့အတွက်ရော သင်တန်းကျောင်းအတွက်ရော တကယ်ကို ဂုဏ်ယူစရာပါပဲ"
လင်ဖုန်းက လေးစားစွာချီးကျူးစကား ဆိုသည်။
ရန်ကျန်းကလည်း ပြုံးရွှင်လျက် ဝင်မြှောက်၏။
"ဒီပုံဆို နောက်ဆယ်နှစ်အတွင်းမှာ စီနီယာအစ်ကိုရွှီက သိုင်းပညာရဲ့အကန့်အသတ်ကို ရောက်ပြီး အမျိုးသားအဆင့် ကိုယ်ခံပညာပြိုင်ပွဲမှာ အနိုင်မှာ သေချာသလောက်ပဲ"
သူ၏စကားကို ကြားသောအခါ အခြားကျောင်းသားများမှာ အားကျစိတ်များ ဖြစ်ပေါ်လာကြသည်။ အမျိုးသားအဆင့်ကိုယ်ခံပညာပြိုင်ပွဲတွင် အနိုင်ရရှိခြင်းသည် သူတို့အတွက် အလွန်ကြီးမားသော မက်မောစရာဂုဏ်သတင်းတစ်ခု မဟုတ်ပါလား။
ချန်ပီယံဖြစ်လာပါက သန်းတစ်ရာကျော်တန်ဖိုးရှိသော အကျိုးကျေးဇူးများအပြင် အခြားသောအခွင့်အလမ်းများစွာ ရရှိမည် ဖြစ်သည်။
ကုန်ပစ္စည်းများအတွက် ကြော်ငြာမော်ဒယ်လုပ်ခြင်း၊ ကျော်ကြားမှုနှင့်အတူ အထက်တန်းလွှာများကြား အတူတကွ ထိုင်ခွင့်ရခြင်းစသည့် အထူးအခွင့်အရေးများစွာ ရရှိနိုင်၏။
ရွှီထဲ့ဟွာအတွက် ကျော်ကြားမှုသည် သူ၏ နောင်ရေးအလုပ်အကိုင် တိုးတက်မှုအတွက် ဆုငွေထက်များ၀ွာပို၍ အရေးကြီးသည်။
"ဆယ်နှစ်ဆိုတာ အရမ်းကြာလွန်းပါတယ်"
ရွှီထဲ့ဟွာက မချိတင်ကဲ သက်ပြင်းချလိုက်၏။
သိုင်းပညာလောကသည် ကျဉ်းမြောင်းလွန်းပြီး ရှေ့ရေးအတွက်မျှော်လင့်ချက်မှာလည်း ကန့်သတ်ချက်များ ရှိနေသည်။
ဝန်ခံရလျှင် သူသည် ဤလောကထဲတွင် နောက်ထပ်ဆယ်နှစ်ခန့်အထိတော့ အချိန်ဖြုန်းမည် မဟုတ်ပါ။
နိုင်ငံအတွင်းရှိ ထိပ်သီးသိုင်းပညာရှင် တစ်ရာစာရင်းတွင် ပါဝင်ရန် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ပေးလျှင် လုံလောက်ပြီ ဖြစ်သည်။
သိုင်းပညာလောကသည် သူ့အတွက် အကူအညီဖြစ်စေနိုင်သော်လည်း တိုးတက်မှုက အကန့်အသတ် ရှိ၏။
"အမျိုးသားအဆင့် ကိုယ်ခံပညာပြိုင်ပွဲမှာ အနိုင်ရဖို့ ဆယ်နှစ်ပေးရမယ်ဆိုရင်တောင် ကျွန်တော်ကတော့ သေချာပေါက် လုပ်မှာပဲ"
လင်ဖုန်းက ရယ်မောကာ ပြောသည်။
"နင့်ရဲ့ ဆယ်နှစ်နဲ့ စီနီယာအစ်ကိုရွှီရဲ့ ဆယ်နှစ်က မတူဘူးလေ။ အစ်ကိုရွှီက အနာဂတ်မှာ နိုင်ငံရေးလောကထဲ ဝင်ဖို့ စီစဉ်ထားတာ။ သူက သိုင်းပညာလောကထဲမှာ နောက်ထပ် ဆယ်နှစ် အချိန်ဖြုန်းမှာ မဟုတ်ဘူး"
ရှင်းယွီက ရွှီထဲ့ဟွာနှင့် သူတို့ကြားမှ ကွာခြားချက်ကို ဝင်ပြောလိုက်သည်။
အခြားသူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြ၏။
ချင်းယွမ်နိုင်ငံတွင် အရာရှိများ ရာထူးတိုးခြင်းမှာ လုပ်သက်အပေါ်တွင်သာ အဓိကထားခြင်းမဟုတ်ပါ။
ကျော်ကြားမှုကို အတော်အသင့်တည်ဆောက်ပြီးနောက် အထက်တန်းလွှာများသည် အုပ်ချုပ်ရေးလောကထဲသို့ ဝင်ရောက်နိုင်ကြသည်။
လက်ရှိတွင် ရွှီထဲ့ဟွာသည် ကျော်ကြားမှု တည်ဆောက်နေသည့် အဆင့်ကိုဆောင်ရွက်နေသည်ဟု ဆိုနိုင်၏။
"စီနီယာအစ်ကိုရွှီက နိုင်ငံရေးထဲ ဝင်မှာလား ဒါမှမဟုတ် စစ်တပ်ထဲ ဝင်မှာလား"
ဝမ်ရှီးချောင်ကလည်း ဝင်ရောက် စပ်စုလိုက်သည်။
"စစ်တပ်ထဲ ဝင်မှာ"
ရွှီထဲ့ဟွာက ဆုံးဖြတ်ချက်ခိုင်မာစွာ ပြန်ဖြေ၏။
"စစ်တပ်ထဲ ဝင်မှာလား ၊ အဲဒါက အရမ်းအန္တရာယ်များတယ်လေ။ အခုလောလောဆယ် ကမ္ဘာကြီးက ငြိမ်းချမ်းနေတာ မဟုတ်ဘူး။ ဝူကွေ့နဲ့ ယွဲ့လန်တို့ စစ်ဖြစ်နေတာဆိုတော့ အဲဒီစစ်မီးက ကျွန်တော်တို့နိုင်ငံဆီ ဘယ်အချိန်ကူးစက်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး"
လင်ဖုန်းက ထိုကိစ္စကို တော်တော်လေးစိုးရိမ်နေဟန်ရှိ၏။
သူ၏အယူအဆအရပြောရလျှင် စစ်တပ်ထဲ ဝင်ခြင်းသည် နိုင်ငံရေးလောကထဲ ဝင်ခြင်းကဲ့သို့ ဘေးမကင်းပါ။
ကျည်ဆန်ဆိုသည်မှာ မျက်စိမပါသဖြင့် မည်သည့်အချိန်တွင်မဆို ရန်သူလက်ချက်မိသွားနိုင်သည် မဟုတ်ပါလား။
သို့သော် ရန်ကျန်းကတော့ အမြင်တစ်မျိုး ရှိသူဖြစ်သည်။
"အန္တရာယ်ရှိတဲ့ နေရာမှာ အခွင့်အရေး ရှိတာပဲ။ စစ်ပွဲက နီးကပ်လာနေပြီဆိုတော့ ကိုယ့်နာမည်ကို ထင်ရှားအောင် လုပ်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာမှာပါ။"
"နောက်တစ်ခါ စီနီယာအစ်ကိုရွှီနဲ့ တွေ့ရင် ငါတို့က သူ့ကိုဗိုလ်ချုပ်လို့တောင် ခေါ်ရတော့မှာ"
"ဘာပဲပြောပြော စစ်တပ်ထဲ ဝင်တာက တော်တော်လေး အန္တရာယ်များပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကောလာဟလတစ်ခု ကြားလိုက်ရသေးတယ်။ ဝူကွေ့နိုင်ငံက စစ်အခြေစိုက်စခန်းတစ်ခုမှာ တပ်ရင်းလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရတယ်တဲ့"
ရှင်းယွီက ရှုပ်ထွေးသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ဟားဟား နင်ပြောတာက ဓားတစ်လက်တည်းနဲ့ စစ်စခန်းတစ်ခုလုံးကို ဖျက်ဆီးလိုက်တဲ့ ဗီဒီယိုအကြောင်းလား ၊ အဲဒါကို ငါလည်း မြင်လိုက်တယ်။ အဲဒါက ရယ်စရာကြီးကို "
"အထူးပြုလုပ်ချက်တွေက စျေးပေါတာတွေနဲ့ လုပ်ထားသလိုပဲ၊ အတုကြီးမှန်း သိသာလွန်းတယ်"
ဝမ်ရှီးချောင်က လှောင်ပြောင်သလိုအသံကျယ်ကျယ်ဖြင့် မှတ်ချက်ချ၏။
သူမသည် ဝူကွေ့နိုင်ငံနှင့် လိုင်းပေါ်တွင် အမြဲတမ်း အဆင်မပြေဖြစ်နေသူ ဖြစ်သဖြင့် ထိုနိုင်ငံဘက်မှ ဗီဒီယိုများကို တွေ့ရှိတတ်ခြင်းမှာ ပုံမှန်ပင် ။
"ဟုတ်တယ် နင့်ရဲ့ သတင်းရင်းမြစ်တွေက ယုံကြည်ဖို့ခက်လွန်းတယ်။
တပ်ရင်းတစ်ခုလုံး သုတ်သင်ခံလိုက်ရတာကို တရားဝင် သတင်းထုတ်ပြန်ချက် တစ်ခုမှ မရှိဘူးလား"
လင်ဖုန်းကလည်း သံသယဖြစ်နေပုံရသည်။
ယွဲ့လန်သည် ချင်းယွမ်နိုင်ငံ၏ စစ်ရေးမဟာမိတ် ဖြစ်ရာ၊ အကယ်၍ ယွဲ့လန်က ထိုမျှ ကြီးမားလွန်းသော အောင်မြင်မှုမျိုး ရရှိခဲ့လျှင် ချင်းယွမ်နိုင်ငံက ထိုသတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ကာ စစ်ရေးအောင်မြင်မှုအဖြစ် ကြွေးကြော်မှာ အသေအချာပင်။
သို့သော် လက်ရှိတွင် ထိုအကြောင်းနှင့် ပတ်သက်၍ မည်သည့်တရားဝင်သတင်းမျှ မရှိသေးပါ။
အရာအားလုံးမှာ ကောလာဟလများသာဖြစ်နေ၏။
"အဲဒါက ချဲ့ကားပြောတာ ဖြစ်နိုင်ပါတယ်။ ငါလည်း အဲဒီဗီဒီယိုကို ကြည့်ပြီးပြီ။ ချင်းယွမ်နိုင်ငံမှာ အဲဒီလို လုပ်နိုင်တဲ့ လက်နက်မျိုး တစ်ခုမှ မရှိဘူးလို့ ငါ ရဲရဲကြီး ပြောရဲတယ်"
ရွှီထဲ့ဟွာကလည်း သဘာဝကျစွာပင် ထိုကိစ္စကို မယုံပါ။
သူသည် စစ်တပ်ထဲ ဝင်ရန် ရည်ရွယ်ထားသူ ဖြစ်သဖြင့် ချင်းယွမ်နိုင်ငံ၏ အဆင့်မြင့်လက်နက်များအကြောင်းကို အခြားသင်တန်းသားများထက် ပိုသိလေသည်။
ချင်းယွမ်နိုင်ငံ၏ မည်သည့်လက်နက်ကမျှ ထိုကဲ့သို့သော အကျိုးသက်ရောက်မှုကို မပေးနိုင်ပါ။
သွေးရောင်လွှမ်းသော ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲကာ ခုတ်ချလိုက်ခြင်းမျိုးမှာ 'ကောင်းကင်မျက်လုံး' ၏ တိုက်ခိုက်မှုများပင် မလုပ်ဆောင်နိုင်သော အရာဖြစ်သည်။
"တစ်ယောက်ယောက်က ငါတို့နောက်ကွယ်မှာ တိတ်တဆိတ်နဲ့ နတ်ဘုရား ဖြစ်သွားတာလို့ ကွန်မန့်တွေမှာ ရေးထားကြသေးတယ် ၊ ဟာသတွေပါဟယ် "
ဝမ်ရှီးချောင်က ရယ်မောကာ ပြောလိုက်သည်။
လူတိုင်းက ညဉ့်နက်သည်အထိ မအိပ်လျှင် "နတ်ဘုရားဖြစ်အောင် ကျင့်ကြံနေကြသည်" ဟု တင်စားပြောဆိုတတ်ကြသော်လည်း ၄င်းမှာနောက်ပြောင်ပြောဆိုမှုသပ်သပ်သာဖြစ်၏။
အခြားကျောင်းသားများကတော့ ဗီဒီယိုကို မကြည့်ရသေးသဖြင့် ထိုကိစ္စသေချာ နားမလည်ကြပါ။
ဤသို့ဖြင့် ကျောင်းသားတစ်စုမှာ ဟိုရောက်ဒီရောက် ခေါင်းစဥ်အမျိုးမျိုးဖြ၈့် အတန်ကြာအထိ စကားစမြည် ပြောဆိုနေကြသည်။
လင်ဖုန်းနှင့် ရန်ကျန်းတို့သည် နောက်ဆုံးမိနစ်အထိ သူတို့ကို ပစ်ပယ်သွားသော ကျိယွမ်အကြောင်းကို မပြောမိအောင် သတိထား၍ ရှောင်လွှဲနေကြ၏။
သင်တန်းကျောင်းအတွင်းရှိ ပတ်ဝန်းကျင်မှာ ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းနေလေသည်။
ထိုအခိုက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ဝမ်ရှီးချောင်ကို လှမ်းခေါ်လိုက်၏။
"မစ္စရှီးချောင်ကို တစ်ယောက်က လာမေးနေပါတယ်"
ဝမ်ရှီးချောင် လှည့်ကြည့်လိုက်ရာ ဧည့်ကြိုစာရေးကို တွေ့လိုက်ရသည်။
သူမက မလှုပ်ရှားမီ ရှင်းယွီက မျက်မှောင်ကြုတ်သွား၏။
"သူ နင့်ကို ထပ်နှောင့်ယှက်နေပြန်ပြီလား"
ဝမ်ရှီးချောင်၏ မျက်နှာတွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာကာ
မသက်မသာခေါင်းညိတ်ပြသည်။
"ဖြစ်နိုင်တာပဲ၊ အား... စိတ်ရှုပ်စရာကြီး"
ရှင်းယွီက တဟားဟား အော်ရယ်လေသည်။
"ဘာလို့ စိတ်ရှုပ်စရာ ဖြစ်ရမှာလဲ ၊ ဒါဟာ ကံကြမ္မာကောင်းတစ်ခု ဖြစ်နိုင်တာကို ဟားဟား ဟားဟား "
"ပါးစပ်ပိတ်ထားစမ်း၊ ငါ့ရဲ့ အကြိုက်က တစ်မျိုးတည်းပဲ ။ အဲဒါကတော့ သူတို့က ချောရမယ်"
"သူမက မချောဘူးလား"
"သူက ချောတယ်ဆိုရင်တောင်မှ မိန်းကလေးပဲလေ"
ဝမ်ရှီးချောင်က တော်တော်လေး မကျေမနပ်ဖြစ်နေ၏။
လွန်ခဲ့သော တစ်နှစ်က သူမသည် နိုက်ကလပ်တစ်ခုတွင် အချိန်ဖြုန်းနေရင်း ချောမောသော ယောကျ်ားလေးတစ်ဦးနှင့် ဆုံခဲ့သည်။ သူတို့ အရက်အနည်းငယ် သောက်ခဲ့ကြပြီး အခြေအနေများက အရှိန်တက်လာခဲ့၏။
သို့သော် ဟိုတယ်ရောက်သည့်အခါမှ တစ်ဖက်လူတွင် တစ်စုံတစ်ရာ ချို့ယွင်းနေကြောင်း သူမ သိလိုက်ရသည်။
ထို့နောက်တွင်မူ ဝမ်ရှီးချောင်က စိတ်မဝင်စားတော့ပါ။
သူမက ယောကျ်ားများကိုသာ ကြိုက်သူ ဖြစ်သည်။
ထို့ကြောင့် သူမက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့၏။
ထိုအကြောင်းအရာက ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့သော်လည်း လွန်ခဲ့သော ရက်ပိုင်းက ထို "ချောမောသော ယောကျ်ားလေး" နှင့် ထပ်မံ ဆုံတွေ့ခဲ့ပြန်သည်။
ထိုသူက သူမနောက်သို့ မဆုတ်မနစ် လိုက်နေခြင်းကြောင့် သူမမှာ အလွန်ပင် စိတ်ရှုပ်နေရသည်။
သို့သော်လည်း သူမအနေဖြင့် သွားရောက်တွေ့ဆုံရမည်ကိုလည်း သိနေ၏။
အကြောင်းမှာ သူမ၏ မိဘများနှင့် ထိုသူ၏ မိဘများမှာ သူငယ်ချင်းဟောင်းများဖြစ်ပြီး မျက်နှာပျက်၍ မရကြောင့်သူမ သိလိုက်ရသောကြောင့် ဖြစ်သည်။
ဝမ်ရှီးချောင်သည် သူမ၏လှပသောနှုတ်ခမ်းလေးများကို ဒေါသထွက်ကာ ကိုက်လိုက်၏။
"ဒီနေ့ခေတ် ပလတ်စတစ်ဆာဂျရီဆေးခန်းတွေက တကယ်ကို ကိုယ်ကျင့်တရား မရှိတာပဲ၊ မိန်းကလေးတစ်ယောက်ကို ယောကျ်ားလေးဖြစ်အောင် လုပ်ပေးလိုက်တာ။ ငါ့ကို ဒုက္ခပေးနေပြီ"
သူမ သင်တန်းကျောင်းပြင်ပသို့ ထွက်ချိန်တွင် ကောင်းကင်မှာ ကြည်လင်နေပြီး နေရောင်ခြည်ကလည်းအလွန်ပင် စူးရှနေသည်။
ဝမ်ရှီးချောင်သည် မလှမ်းမကမ်းရှိ ဆံပင်တိုတိုနှင့် ပုံရိပ်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။
"ကျောက်ဒီ၊ နင် ငါ့ဆီက ဘာလိုချင်နေတာလဲ"
သူမ၏ ရှေ့တွင်ရှိနေသူမှာ နိုက်ကလပ်တွင် သူမဆုံတွေ့ခဲ့သော "ချောမောသည့် ယောကျ်ားလေး" ကျောက်ဒီဆိုသော ယောက်ျားလျာတစ်ယောက် ဖြစ်သည်။
ကျောက်ဒီသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ရင်သားမရှိဘဲ ယောကျ်ားတစ်ဦးကဲ့သို့ ခက်ထန်သော မျက်နှာပေါက် ရှိသည်။
"ရှောင်ချောင်၊ ငါ့ကို မငြင်းပါနဲ့။ ငါက သူငယ်ချင်းအဖြစ်ပဲ နေချင်တာပါ"
ကျောက်ဒီက ချော့မောသလိုအသံဖြင့် ဖျောင်းဖျ၏။
ဝမ်ရှီးချောင်က သူမအား စူးခနဲကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။
သူငယ်ချင်းလား ၊ ဘယ်သူငယ်ချင်းက လင်ကွင်းတီးဖို့ ကြိုးစားလို့လဲ။ငါနဲ့ ရှင်းယွီအတူနေလာတာ နှစ်ပေါင်းမနည်းဘူး ၊ တစ်ခါမှ အဲဒီလိုစိတ်မပေါ်ဘူး။
သူမက ထိုစကား၏နောက်ကွယ်မှ ရည်ရွယ်ချက်ကို ကောင်းကောင်း သိသည်။
"နောက်ရက်အနည်းငယ်မှာ အန်တီရဲ့ ပန်းချီပြပွဲ စတော့မယ်။ ငါ့ကိုပါ ဖိတ်ပါလား ၊ အနုပညာပစ္စည်းတွေကို စိတ်ဝင်စားတဲ့ ချမ်းသာတဲ့ စီးပွားရေးသမား တချို့ကို ငါ သိတယ်"
ကျောက်ဒီက အကြံပြုသည်။
နောက်ငါးရက်တွင် ဝမ်ရှီးချောင်၏ မိခင်က ပန်းချီပြပွဲတစ်ခု ကျင်းပမည် ဖြစ်သည်။ ကျောက်ဒီက ထောက်ခံမှုပေးရန်အတွက် တက်ရောက်လိုခြင်း ဖြစ်၏။
ထို့အတူ အိမ်ရှင်၏ သမီးဖြစ်သူအနေဖြင့် ဝမ်ရှီးချောင်ကလည်း တက်ရောက်ရမည်။
ထိုစကားကို ကြားသောအခါ ဝမ်ရှီးချောင်မှာ ပို၍ပင် မကျေမနပ် ဖြစ်သွားပြီး အကြောင်းမဲ့ ဒေါသထွက်လာသည်။
သူမသည် လွတ်လွတ်လပ်လပ် နေတတ်သူဖြစ်ပြီး ထိုကဲ့သို့ သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖိအားပေးခြင်းကို အမုန်းဆုံး ဖြစ်၏။
ဘာလို့ တိုက်ရိုက် မလာရတာလဲ။မိဘတွေရဲ့ ခင်မင်မှုကိုအသုံးချပြီး လင်ကွင်းတီးဖို့ ကြိုးစားချင်နေတာလား ။
"စိတ်မရှိပါနဲ့၊ ငါ့အမေရဲ့ ပန်းချီပြပွဲကို ငါ မသွားချင်ဘူး။ ဧည့်သည်တစ်ယောက်မှ မလာဘဲ ဖြစ်နေတာကိုပဲ ပိုလိုချင်တယ်။ ဒါမှ ငါ့အမေက သူ့ရဲ့ အနုပညာ အိပ်မက်တွေကို စွန့်လွှတ်ပြီး အိမ်မှာပဲ မာကျောက်ကစားနေမှာ"
ဝမ်ရှီးချောင်က ဒေါသတကြီး ပြောလိုက်သည်။
ကျောက်ဒီက သူမ မှားသွားမှန်း သိလိုက်သဖြင့် ပြာပြာသလဲတောင်းပန်၏။
"ရှောင်ချောင်၊ ငါ တောင်းပန်ပါတယ်။ ဒေါသ မထွက်ပါနဲ့။"
" ကြည့်ပါဦး၊ ငါ မင်းအတွက် လက်ဆောင် ယူလာတယ်"
သူမက အကွက်တစ်မျိုးပြောင်းပြန်သည်။
ကျောက်ဒီက အိတ်တစ်ခုကို ထုတ်ယူကာ အထဲမှသားရေအိတ်ကို ဖွင့်လိုက်ရာ ကျိုးပဲ့နေသော ရှေးဟောင်း ဓားတစ်လက် ပေါ်လာ၏။
"ပြီးခဲ့တဲ့တစ်ခါက မင်း ဒီဓားကို ကြိုက်နေတာ ငါ တွေ့လို့၊ မင်းအတွက် ငါ ယူလာပေးတာ"
ကျောက်ဒီက အလိုက်သိ၍ အလိုလိုက်ချင်နေသော အမူအယာဖြင့်ဓားကို ထုတ်ပြသည်။
ပြီးခဲ့သည့်အကြိမ်က ဝမ်ရှီးချောင်သည် ရှေးဟောင်းပစ္စည်းဈေးတွင် လမ်းလျှောက်နေရင်း ကျိုးပဲ့နေသော ရှေးဟောင်းဓားတစ်လက်ကို သဘောကျခဲ့သည်။
သို့သော် အခြားတစ်ယောက်က အရင်ဝယ်သွားခဲ့ပြီး သူမက သုံးဆပေး၍ ပြန်ဝယ်သော်လည်း တစ်ဖက်လူက ငြင်းဆိုခဲ့လေ၏။
ထိုစဉ်က ဝမ်ရှီးချောင်မှာ အတော်လေး စိတ်ပျက်ခဲ့ရသည်။
ကျောက်ဒီက ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုသူကို ဖိအားပေး၍ ခြိမ်းခြောက်ကာ ဤဓားကို အရယူခဲ့ခြင်းပင်။
ယခုမူ သူမသည် ၎င်းကို ဝမ်ရှီးချောင်အား လက်ဆောင်အဖြစ် ပြန်ပေး၏။
ကျိုးပဲ့နေသောဓားကို ကြည့်ရင်း ဝမ်ရှီးချောင်၏ မျက်ဝန်းများမှာ အံ့သြမှုဖြင့် တောက်ပသွားသော်လည်း၊ ခနအတွင်း ဒေါသများ ဖြစ်ပေါ်လာသည်။
"ဒီဓားကို နင်ဘယ်လိုနည်းနဲ့ ရလာတာလဲ"
အမှန်အတိုင်း ပြောရလျှင် သူမသည် ကျောက်ဒီကို သိပ်မကြိုက်ဘဲ ရှောင်ဖယ်နေခြင်းမှာ ကျောက်ဒီက ယောကျ်ားလေးလို ဝတ်ဆင်ထား၍သာ မဟုတ်ဘဲ၊ ကျောက်ဒီနှင့် သူမမှာ အဆင့်အတန်း မတူဟု ခံစားရသောကြောင့် ဖြစ်သည်။
ဝမ်ရှီးချောင်က မိမိကိုယ်ကို လူဆိုးတစ်ယောက်ကဲ့သို့ မြင်သော်လည်း ကိုယ်ကျင့်တရား လုံးဝမရှိသူ မဟုတ်ပါ။
မည်သို့ပင်ဖြစ်စေ သူမသည် မိသားစုဂုဏ်ကို အသုံးပြု၍ အခြားသူများကို အနိုင်ကျင့်ခြင်း သို့မဟုတ် ဥပဒေချိုးဖောက်ခြင်းမျိုးကို ဘယ်သောအခါမှ လုပ်မည်မဟုတ်ပေ။
ကျောက်ဒီကမူ သိသိသာသာ ကွဲပြားသည်။ ကျောက်ဒီသည် သဝန်တိုမှုကြောင့် ယောကျ်ားတစ်ဦး၏ ခြေထောက်ကို ရိုက်ကျိုးခဲ့ဖူးကြောင်း သူမ ကြားသိထားသည်။
ထို့ကိစ္စတွင်လည်း သူမ၏ အရှိန်အဝါရှိသော မိသားစုနောက်ခံကို အသုံးပြု၍ ဥပဒေအပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည်။
သူမသည် ကျောက်ဒီ၏ လုပ်ရပ်များကို လုံးဝ သဘောမတူပါ။
ဤကျိုးပဲ့နေသော ဓားမှာလည်း ကျောက်ဒီ၏ ခြိမ်းခြောက်မှု သို့မဟုတ် မတရားနည်းလမ်းဖြင့် ရလာခဲ့ခြင်း ဖြစ်နိုင်သည်။
သူမ၏စကားကို ကြားသောအခါ ကျောက်ဒီ၏ မျက်နှာမှာ အေးစက်သွားပြီး စိတ်မရှည်တော့သည့် ပုံစံမျိုး ဖြစ်လာသည်။
သူမက ဝမ်ရှီးချောင်၏ လက်ကို ဆွဲကိုင်လိုက်ကာ အေးစက်သော မျက်နှာထားဖြင့် ..
"ဒီဓားက..."
သို့သော် သူမ၏ စကားမဆုံးမီ အသံတစ်ခုက ကြားဖြတ်ဝင်လာသည်။
"ဝမ်ရှီးချောင်၊ တိုက်ဆိုင်လိုက်တာ၊ ငါ ရောက်တာနဲ့ နင်ကိုတန်းတွေ့ရတာပဲ။ ဒီနေ့ ငါ့ကံက ကောင်းနေတယ် ထင်တယ်"
ဝမ်ရှီးချောင် လှည့်ကြည့်လိုက်ရာ ကြံ့ခိုင်ချောမောလူငယ်တစ်ဦးက နှစ်လိုဖွယ်ပြုံးလျက် လက်ဆောင်ဗူးတစ်ခုကိုကိုင်ကာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကျိယွမ်ကို မြင်လိုက်ရသဖြင့် ဝမ်ရှီးချောင်၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ပေါ်လာသော်လည်း ချက်ချင်းပင် စိတ်ရှုပ်ထွေးသွား၏။
သိသိသာသာပင် ကျောက်ဒီသည် သူမအပေါ် ဒေါသထွက်နေပြီ ဖြစ်သည်။
အကယ်၍ ရွှီထဲ့ဟွာလိုလူမျိုးကသာ ဤအချိန်တွင် ရောက်လာပါက သူမအနေဖြင့် သူ့ကို အကူအညီတောင်းနိုင်ပေလိမ့်မည်။
သို့သော် ရောက်လာသူမှာ ကျိယွမ် ဖြစ်နေသည်။ ကျိယွမ်သည် သာမန်မိသားစုမှ လာသူဖြစ်သဖြင့် ကျောက်ဒီက သူ့အပေါ် အာဃာတ ထားသွားမည်ကို သူမ စိုးရိမ်မိသည်။
"နင် ပြန်ရောက်ပြီလား"
ဝမ်ရှီးချောင်သည် ကျိယွမ်အားနှုတ်ဆက်ရင်း လက်ကိုရုန်းလိုက်သော်လည်း ကျောက်ဒီ၏ လက်မှ မလွတ်မြောက်နိုင်ခဲ့ပါ။ ကျောက်ဒီက လုံးဝပိုင်နိုင်စွာ ဆုပ်ကိုင်ထား၏။
သူမက အရေးမကြီးသလို ခဏငြိမ်ထားလိုက်ကာ ထပ်မရုန်းတော့ဘဲ ကျိယွမ်အား နှုတ်ဆက်လိုက်သည်။
"ကျိယွမ်၊ စီနီယာအစ်ကို ရွှီထဲ့ဟွာက ဒီတစ်ခါ ကိုယ်ခံပညာပြိုင်ပွဲမှာ ထိပ်သီးဆယ်ဦးထဲ ပါသွားတယ်။ သူတို့ အထဲမှာ အောင်ပွဲခံနေကြတယ်၊ နင်လည်း သွားကြည့်လိုက်ဦးလေ"
သူမသည် ကျိယွမ်ကို သူမ၏ဒုက္ခများကြားထဲ မဝင်စေချင်ပါ။ကျောက်ဒီ၏ရန်ငြှိုးဖွဲ့ခြင်းကို ခံရလျှင် ကျိယွမ်၏နောက်ခံဖြင့် ဘာမှပြန်လုပ်နိုင်မည်မဟုတ်ပေ။
"အော်၊ သူ ဆယ်ဦးစာရင်းထဲ ပါသွားတာလား ၊ ငါတို့ မင်ဝူ သင်တန်းကျောင်းက လူတော်တွေနဲ့ ပြည့်နေတာပဲ။"
"ဒါပေမဲ့ ငါ ဒီနေ့ လာတာက နင့်ကို တွေ့ဖို့လေ"
ကျိယွမ်က ထိုသို့ပြောရင်းမှ လှပစွာ ထုပ်ပိုးထားသော ဗူးလေးကို ဝှေ့ယမ်းပြသည်။
ဇီးရိုးဝမ်းက ၎င်းကို ပန်းရောင် ဖဲကြိုးလေးများဖြင့် ချစ်စရာကောင်းအောင် ထုပ်ပိုးပေးထားခဲ့ခြင်းပင်။
"ဒါက ငါ မင်းကို ပေးတဲ့ လက်ဆောင်၊ ဒါက တစ်သန်း တန်တယ်နော်"
ကျိယွမ်က လက်ဆောင်ဗူးကို မြှောက်ပြရင်း ဂုဏ်ယူစွာ ပြုံးလိုက်၏။
သူ့အနေဖြင့် သင်တန်းကျောင်းတွင် လုပ်စရာ နှစ်ခု ရှိသည်။
ပထမမှာ ဝမ်ရှီးချောင်ထံမှ ငွေတစ်သန်းကို လက်ခံရန်နှင့်၊ ဒုတိယမှာ သူ နောက်ပိုင်းတွင် လေ့ကျင့်ရေးဆင်းတော့မည် မဟုတ်ကြောင်း သင်တန်းကျောင်းအုပ်ကို အသိပေးရန် ဖြစ်သည်။
"တစ်သန်းတန် ဟုတ်လား"
ဝမ်ရှီးချောင်မှာ အံ့အားသင့်သွားသည်။
ကျိယွမ်က ရုတ်တရက် ဉာဏ်ပွင့်သွားတာလား။
သူက ငါ့ကို လက်ဆောင် လာပေးနေတယ်ပေါ့ ။
အကယ်၍ သင်တန်းကျောင်းသားမှထဲမှဆိုလျှင် လက်ဆောင်ပေးသူက တစ်ခုခု ကြံစည်နေသည်ဟု သူမ ထင်မိမှာသေချာ၏။
သို့သော် ကျိယွမ်ကတော့ မတူပေ။ သူက အမြဲတမ်း ပွင့်လင်းသူဖြစ်သဖြင့် လှည့်ကွက်ရှိမည် မဟုတ်ဘဲ ခင်မင်ရင်းနှီးမှုကြောင့် ဖြစ်နိုင်သည်ဟု သူမ တွေးမိသည်။
သို့သော် ယခုအချိန်မှာ မသင့်တော်လှပါ။
ကျောက်ဒီကလည်း စပ်စုချင်စိတ်နှင့်အတူ ကျိယွမ်ကို ရန်လိုသောမျက်လုံးများဖြင့် ကြည့်ကာ မာကျောစွာမေးလေ၏။
"ရှောင်ချောင်၊ ဒါက မင်းကို လိုက်နေတဲ့သူလား ၊ တော်တော်တော့ ချောတာပဲ"
အရွယ်ရောက်နေသူချင်းဖြစ်သဖြင့် လက်ဆောင်ပေးခြင်းမှာ အကူအညီတောင်းခြင်း သို့မဟုတ် ပိုးပန်းခြင်းဟုသာ ကျောက်ဒီက ထင်မှတ်လိုက်သည်။
"ဒီ တစ်သန်းတန် လက်ဆောင်ကို ကြည့်ခွင့်ရမလားလို့ သိချင်မိတယ်"
ကျောက်ဒီက ဂရုမစိုက်စွာမေးလိုက်သည်။
ကျိယွမ်ကချောမောနေသော်လည်း ဝတ်စားဆင်ယင်မှုမှာ သာမန်ကာလျှံကာ ဖြစ်ပြီး၊ ထုပ်ပိုးမှုက လှပရုံသာရှိပြီး ဈေးပေါသော ပစ္စည်းမှန်း သိသာလှ၏။
၎င်းထဲတွင် တစ်သန်းတန် ပစ္စည်း ရှိမည်ဟု သူမ မယုံကြည်ပါ။
ဝမ်ရှီးချောင်ကမူ ကျောက်ဒီက ချီယွမ်ကို ဒုက္ခပေးရန် ကြိုးစားနေမှန်း သိသဖြင့် အမြန်စကားဖြတ်ရန်ကြိုးစားလိုက်သည်။
"ဒါက ငါ့လက်ဆောင်ပဲ။ ဘယ်အချိန် ဖွင့်မလဲဆိုတာ ငါ့အပေါ်မှာပဲ မူတည်တယ်"
သူမသည် ကျောက်ဒီအား ကျိယွမ်ကို ပြောဆိုရန် အခွင့်အရေး မပေးလိုပါ။
ဤအချိန်တွင် ကျိယွမ်က ခေါင်းညိတ်၏။
"အခုပဲ ဖွင့်လိုက်ပါ။နင့်ကို အတည်ပြုပေးစေချင်လို့၊ ငါက အမြန် ပြန်သွားရမှာမို့လို့ပါ ၊ ငါ ခရီးသွားနေတာ ရက်အတော်ကြာတော့ အရမ်းပင်ပန်းနေလို့ အိမ်ပြန်နားချင်ပြီ"
အနားယူပြီးနောက်တွင်လည်း သူသည် ရန်ရှန်းနှင့်အတူ ကိုယ်ခံပညာပြိုင်ပွဲအတွက် စစ်ဆေးမှုခံယူရန် ခရီးဆက်ရဦးမည် မဟုတ်ပါလား။
"ဟင်"
ဝမ်ရှီးချောင်မှာ ကျိယွမ် ဘာလုပ်ချင်နေမှန်း မသိသဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။
"နင်က အခုပဲ ဖွင့်စေချင်တာ သေချာလား"
"သေချာတာပေါ့၊ ဘာလို့ မရရမှာလဲ ၊ ဒီမှာ တခြားလူလည်း မရှိဘူး၊ ကင်မရာလည်း မရှိဘူးဆိုတော့ အဆင်ပြေပါတယ်"
ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်၏ ။
လက်ရှိတွင် သူတို့ သုံးဦးမှာ သင်တန်းကျောင်း အဆောက်အဦး၏ ထောင့်တစ်နေရာတွင် ရောက်နေကြပြီး လူသူကင်းမဲ့နေသည်။
ဝမ်ရှီးချောင်မှာ ကျိယွမ်၏ စကားများက ထူးဆန်းနေသဖြင့် ကြောင်တောင်တောင်ဖြစ်ကာ ဝေခွဲမရပေ။ပြောရလျှင် သူမနှင့်ကျိယွမ် နှစ်ယောက်တည်းသာဆိုလျှင် ချက်ချင်းဖွင့်ကြည့်မိမှာ အသေအချာပင်။
ယခုတော့...။
ထိုအခိုက် ကျောက်ဒီက မိန်းမဆန်ဆန် ထုပ်ပိုးထားသော လက်ဆောင်ဗူးကို လှမ်းယူလိုက်၏။
"ငါ ဖွင့်ပေးမယ်။ တစ်သန်းတန် လက်ဆောင်က ဘယ်လိုလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကျောက်ဒီက ဖဲကြိုးကို ဆွဲဖြုတ်ခြင်းမျိုးတော့မလုပ်ဘဲ သေသေချာချာ ဖြေလိုက်သည်။
သူမ၏ မျက်နှာတွင် စပ်စုလိုစိတ်များ ပြည့်နှက်နေ၏။
ဝမ်ရှီးချောင်မှာ ကျောက်ဒီထက်ပင် ပို၍ စပ်စုချင်နေမိသည်။
ကျိယွမ်လိုလူက သူမကို လက်ဆောင်ပေးခြင်းမှာ တော်တော်ထူးဆန်းလှသည်မဟုတ်ပါလား။
၎င်းက တစ်သန်းတောင် တန်သည်တဲ့။
စက္ကန့်အနည်းငယ် ကြာသောအခါ ကျောက်ဒီက ထုပ်ပိုးမှုကို ဖွင့်နေရင်း သူမ၏ နှာခေါင်းထဲသို့ အနံ့အနည်းငယ်၊ သွေးနံ့နှင့် ဆားနံ့တို့ ရောနှောနေသော အနံ့တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။
ဘာလဲ။
သူမ ထုပ်ပိုးမှုကို အပြည့်အဝ ဖွင့်ချလိုက်သည်။
ချက်ချင်းပင် သွေးတစိုစိုနှင့် လူတစ်ယောက်၏ ဦးခေါင်းပြတ်ကြီးက သူမ၏ မျက်စိရှေ့မှောက်တွင် ဘွားခနဲပေါ်လာ၏။
"အား"
သူမသည် ကြောက်လန့်တကြားအော်ဟစ်လိုက်ကာ လက်ဆောင်ဗူးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်မိသည်။
သူမသည် ကျိယွမ်ကို ကြောက်လန့်တကြား လှည့်ကြည့်၏။
ထို့နောက်သူမသည် အလွန်ထိတ်လန့်သွားပြီး ဘာမှစဉ်းစားမနေတော့ဘဲ ထွက်ပြေးသွားတော့သည်။
သူမ၏ လက်ထဲရှိ ကျိုးပဲ့နေသော ရှေးဟောင်းဓားမှာ မြေပြင်ပေါ်သို့ ကျသွားသော်လည်း ပြန်မကောက်ရဲတော့ပါ။
၎င်းမှာ လူခေါင်းပြတ်ကြီး ဖြစ်သည်။
တကယ့် လူခေါင်းအစစ်ကြီး။
လမ်းမပေါ်တွင် လူခေါင်းပြတ်ကြီးကို လက်ဆောင်အဖြစ် သယ်လာရဲသူမှာ မည်မျှ ရက်စက်သူဖြစ်မည်နည်း။
အမြန် ပြေးတာကသာ အကောင်းဆုံးပင် ဖြစ်သည်။
ဝမ်ရှီးချောင်၏ ဘေးကင်းလုံခြုံမှုအတွက်မူ သူမ လုံးဝ ဂရုမစိုက်နိုင်တော့ပါ။
ထိုအချိန်တွင် ဝမ်ရှီးချောင်၏ ဦးနှောက်မှာလည်း ဗလာဖြစ်သွားသည်။
သူမသည် ကြောင်တောင်တောင်ဖြင့် ရပ်နေမိကာ ခြေဖျားလက်ဖျားများမှာ ထုံကျဉ်နေပြီး လှုပ်ရှား၍ပင် မရတော့ပါ။
"နင်... နင်က..."
သူမသည် ကျိယွမ်ကို ကြည့်ရင်း စကားကို အဆက်အစပ်ရှိအောင်ပင် မပြောနိုင်တော့ပါ။
"ဒီလက်ဆောင်ကို ကြိုက်တယ်မလား၊ ကြည့်ပါဦး..ရှောင်ချောင်လေးက အရမ်းစိတ်လှုပ်ရှားပြီး စကားတောင် မပြောနိုင်တော့ဘူးပဲ"
ကျိယွမ်က သူမကို နားလည်ပေးသလို ပြောလိုက်သည်။
သူမ စကားထစ်နေခြင်းမှာ သူ့လက်ဆောင်ကြောင့် မျက်ရည်ကျမတတ် ဝမ်းသာနေခြင်းပင် မဟုတ်ပါလား။
သို့သော် ဝမ်ရှီးချောင်မှာတော့ ခြေထောက်များမှာ ထုံကျဉ်နေပြီး နှလုံးသားလေးမှာလည်း ကြောက်လန့်မှုကြောင့် ခုန်ပေါက်နေသည်။ ကျောက်ဒီက သူမကို ဆွဲမသွားဘဲ ထွက်ပြေးသွားသည်ကိုပင် ဒေါသ ထွက်နေမိသည်။
သူမ၏ ရှေ့တွင်ရှိနေသော ကျိယွမ်ကို လူသတ်သမားတစ်ဦးကဲ့သို့ ခံစားနေရ၏။
"ကဲ၊ ခေါင်းကို ပေးပြီးပြီဆိုတော့ ငါ့ကို တစ်သန်းပေးရမယ့်အချိန် ရောက်ပြီ မဟုတ်လား"
ကျိယွမ်က မျက်စပစ်ကာ လက်ကို ဖြန့်လိုက်သည်။
ထိုခေါင်းက တစ်သန်းတန်ဖြစ်သည်။
အမဲသားခေါက်ဆွဲ ပေါင်းများစွာ ဝယ်စားနိုင်သည့်ပမာဏဖြစ်ရာ သူ လုံးဝ အလဟဿ အဖြစ်မခံနိုင်ပါ။
ဝမ်ရှီးချောင်မှာတော့ လုံးဝ ဆွံ့အသွားသည်။
ကျိယွမ်က သူမကို ခြိမ်းခြောက်၍ငွေတောင်းနေသည်ဟုပင် သူမ ထင်သွားသည်။
လူခေါင်းပြတ်ကြီးကိုပြပြီး ငွေတစ်သန်းကို တောင်းနေ၏။
မပေးလျှင် ထိုအရာလိုဖြစ်သွားမည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
ဓားပြတိုက်နည်းများကို သူမ သေချာ နားမလည်သော်လည်း ဤခေါင်းကို မြင်လိုက်ရသူ မည်သူမဆို ငွေပေးမည်မှာတော့ သေချာလှသည်။
"ငါ့ရဲ့ ဘဏ်အကောင့်နံပါတ်ကို နင့်ဖုန်းထဲ ပို့ထားတယ်။ ပိုက်ဆံ လွှဲပေးဖို့ မမေ့နဲ့ဦး"
ကျိယွမ်က လက်ကိုပြန်ရုတ်ကာဆိုသည်။
ကျိယွမ်၏ ရိုးသားသော မျက်နှာပေးကို ကြည့်ရင်း ဝမ်ရှီးချောင် ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်တော့သည်။
ယခုအချိန်တွင် သူမအနေဖြင့် ခေါင်းနှင့်ပိုက်ဆံ ၊ နစ်ခုထဲက တစ်ခုကို ရွေးရတော့မည် မဟုတ်ပါလား။
"နင်က ဘာလို့ အဲဒီလောက် စိတ်မပါတဲ့ ပုံစံ ဖြစ်နေရတာလဲ၊ ဒီခေါင်းကို ရဖို့ ငါ ဘယ်လောက် ကြိုးစားခဲ့ရလဲ သိရဲ့လား"
"ငါ့မှာ ဝူကွေ့နိုင်ငံအထိ သွားခဲ့ရတယ်၊ အဲဒီမှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေ ကအများကြီး ၊ အကုန်လုံးမှာ လိုက်ရှာပြီးတော့မှ နင့်ကို တစ်လလုံး စော်ကားခဲ့တဲ့ကောင်ကို ရှာတွေ့တာ။ အဲဒီနောက်... သူ့ခေါင်းကို ဖြတ်ခဲ့တာပဲ"
"ငါ ဘယ်လောက် အန္တရာယ်များခဲ့လဲ သိလား ၊ လုံခြုံရေး စစ်ဆေးတဲ့နေရာကို ဖြတ်တဲ့အချိန်မှာ ငါ့နှလုံးက ခုန်လွန်းလို့ လည်ပင်းနားအထိ ရောက်နေခဲ့တာ။"
" ဒါကို တစ်သန်းဆိုတာ အရမ်းများနေလို့လား"
ဝမ်ရှီးချောင်၏ ကြောင်တောင်တောင်ပုံစံကို ကြည့်ကာ ကျိယွမ်က သူ၏ ခက်ခဲမှုများကို ပိုပိုသာသာရင်ဖွင့်လိုက်သည်။
သူက လွယ်လွယ်လေးရလာတယ်များ ထင်နေတာလား။ကပ်စေးကုတ်မ ..။
ဝမ်ရှီးချောင်မှာ ကြောင်နေရာမှ အံ့အားသင့်သွားသည်။
ငါ့ကို တစ်လလုံး စော်ကားခဲ့တဲ့သူ တဲ့လား။
ဖြစ်နိုင်ပါ့မလား။
သူမသည် သွေးစိုနေသောဦးခေါင်းပြတ်ကြီးကို အားတင်းကာ တည့်တည့်ကြည့်လိုက်သည်။
ထိုသူ၏ ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသောအခါ...
ဝမ်ရှီးချောင်၏ မျက်လုံးများမှာ အဆမတန်ပြူးကျယ်သွားလေ၏။
"သူပဲ... သူပဲ..."
သူမ မှတ်မိသွားပြီ ဖြစ်သည်။ ဤဦးခေါင်းမှာ သူမနှင့် အွန်လိုင်းတွင် တစ်လတိတိ စကားများခဲ့သည့် ဝူကွေ့စစ်ဗိုလ်၏ ဦးခေါင်းပင် ဖြစ်သည်။
သူ၏ဦးခေါင်းမှာ ယခုအခါ ကျိယွမ်၏ လက်ဆောင်ဗူးထဲသို့ ရောက်နေခြင်းပင်။
မယုံကြည်နိုင်စရာ အဖြစ်အပျက်က သူမကို ကြောင်သွားစေသည်။
ရုတ်တရက် လွန်ခဲ့သော ရက်ပိုင်းက ကျိယွမ်နှင့် ပြောခဲ့သော စကားကို သူမ သတိရလိုက်သည်။ ကျိယွမ်က သူ ဝူကွေ့နိုင်ငံတွင် ရောက်နေသည်ဟု ပြောခဲ့၏။
ထို့အပြင် လွန်ခဲ့သောလအနည်းငယ်က ကျိယွမ်ကို သူမ နောက်ပြောင်ခဲ့သည်ကိုလည်း သတိရသွားသည်။
အကယ်၍ ကျိယွမ်က ဝူကွေ့စစ်ဗိုလ်၏ ဦးခေါင်းကို ယူလာပေးနိုင်လျှင် သူမက တစ်သန်းပေးမည်ဟု ပြောခဲ့ဖူးလေ၏။
ယခုမူ အရာအားလုံးက အဓိပ္ပာယ်ရှိသွားလေပြီ။
မှန်ပါသည်... ကျိယွမ်က ထိုစစ်ဗိုလ်၏ခေါင်းကို တကယ် ယူလာခဲ့၏။
ဝမ်ရှီးချောင်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်လာပါ ။သူမ၏ရင်ထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
'ငါက နောက်ပြောင်လိုက်တာလေ၊ နင်က ဘာလို့ တကယ်ကြီး လုပ်လိုက်ရတာလဲ'
သူမ၏ နောက်ပြောင်မှုက အတော်အသင့်လေးသာဖြစ်ခဲ့ခြင်းကို သူမ အလွန်ပင် ကျေးဇူးတင်နေမိသည်။
အကယ်၍ သူမက ပို၍ကြီးမားသော နောက်ပြောင်မှုမျိုး လုပ်ခဲ့လျှင် ကျိယွမ်က ဘာတွေများ လုပ်လာဦးမည်နည်း။
ဝမ်ရှီးချောင်သည် သူမ၏ချောမောပြီး စိတ်ထားထူးဆန်းသော သူငယ်ချင်းအား မမြင်ဖူးသူလို ငေးကြည့်နေမိ၏။
တစ်ချိန်တည်းမှာပင် ကျိယွမ်က ဤအရာကို မည်သို့ လုပ်ဆောင်ခဲ့သနည်းဆိုသည်ကို သူမ သိချင်စိတ် ပြင်းပြလာတော့သည်။
တစ်ဖက်လူမှာ ဝူကွေ့နိုင်ငံထဲတွင် နေထိုင်နေသောစစ်ဗိုလ်တစ်ဦး ဖြစ်သည်။သာမန်အရပ်သားလည်း မဟုတ်ပါ။
ထို့ပြင် ဗီဒီယိုများအရ သူသည် သာမန်စစ်ဗိုလ် မဟုတ်ဘဲ အထက်တန်းလွှာ နောက်ခံရှိသူလည်း ဖြစ်သည်။
စစ်အခြေစိုက်စခန်းတစ်ခုတွင် ရှိနေသော လူတစ်ယောက်ကို ကျိယွမ်က မည်သို့ သတ်နိုင်ခဲ့သနည်း။
ဝမ်ရှီးချောင် စကားမပြောသည်ကို မြင်သောအခါ ကျိယွမ်က စိုးရိမ်သွားပုံရ၏။
"ငါ နည်းနည်း ချဲ့ကားပြောတာ ဖြစ်နိုင်ပေမယ့် အဓိကကတော့ .. တစ်သန်းကို မလျှော့ပေးနိုင်ဘူးနော်"
ဒါက ကျိယွမ်၏ စဉ်းစားပုံ ဖြစ်သည်။
ဝမ်ရှီးချောင်က ကျိယွမ်ကို ကြည့်ကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
"ငါ အခုချက်ချင်း တစ်သန်းလွှဲပေးပါ့မယ်"
ဝမ်ရှီးချောင်အတွက် တစ်သန်းမှာ မများလှပါ။ သူမ ရှာကြံပေးနိုင်ပါသည်။
မည်သို့ပင်ဆိုစေ လူခေါင်းပြတ်ကြီးကို မျက်စိရှေ့တွင် မြင်နေရမှတော့ သူမက ငွေမပေးဘဲ နေရဲပါမည်လား။
တကယ် ကျိယွမ်က ငါ့ခေါင်းကို ဖြတ်ပြီး အဲဒီဗူးထဲ ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ။
နောင်တွင်မူ ကျိယွမ်နှင့် စကားပြောရာတွင် အလွန်သတိထားရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။သူ့ရှေ့တွင် စကားကို ပေါ့ပေါ့တန်တန် မပြောရဲတော့ပါ။
မဟုတ်သေးဘူး၊ ကျိယွမ်နှင့် အဝေးဆုံးမှာ နေတာကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။
"ဒီခေါင်းကို သေချာ သိမ်းထားဦးနော်။ စတိုးဆိုင်တွေလို ခုနစ်ရက်အတွင်း ပြန်လဲပေးတာ ဒါမှမဟုတ် ငွေပြန်အမ်းတာမျိုး မရှိဘူး"
ကျိယွမ်က အလေးအနက် သတိပေးလိုက်သည်။
ဝမ်ရှီးချောင်သည် တုန်တုန်ရင်ရင်ဖြင့် လက်ဆောင်ဗူးကို မကြည့်ရဲကြည့်ရဲပိတ်လိုက်ကာ ကယောင်ကတန်းနှင့် ခေါင်းညိတ်ပြရှာသည်။
"ဟင်... ဒါ ဘယ်သူ့ဓားလဲ ဘယ်သူ ချန်ထားခဲ့တာလဲ ၊ပိုင်ရှင်မရှိဘူးလား"
ကျိယွမ်၏ အကြည့်က မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသောဓားဆီသို့ ရောက်သွားသည်။ သူက ငုံ့၍ ကောက်ယူလိုက်ကာ
ပြုံး၏။
"ပိုင်ရှင်မရှိဘူးဆိုတော့ ဒါ ငါ့ဟာပဲပေါ့"
ကျိယွမ်မှာ စိတ်ကြည်လင်နေပြီး ဒီနေ့ သူ အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။
ငါ့မျက်ခုံးတောင်မလှုပ်ဘဲ ကံတွေကောင်းနေတာ။
ငွေတစ်သန်း ရသည့်အပြင် ဓားတစ်လက်လည်း ကောက်ရခဲ့သည်မဟုတ်ပါလား။
ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူ့အတွက် ဤဓားမှာ အရေးမပါသော်လည်း၊ သိုင်းပညာရှင် ကျိယွမ်အတွက်မူ အနည်းငယ် တန်ဖိုးရှိသည်။
ကျိယွမ်၏ စကားနှင့် လုပ်ရပ်များကို ကြည့်ကာ ဝမ်ရှီးချောင်က မငြင်းရဲပါ။
"ဟုတ်ပါတယ်၊ အဲဒါ ပိုင်ရှင်မရှိတော့ဘူး၊ အခု နင့်ဟာ ဖြစ်သွားပြီ"
ကျိယွမ်သည် ကျိုးပဲ့နေသော ဓားကို အိတ်ထဲသို့ သက်တောင့်သက်သာ ထည့်လိုက်၏။
"သင်တန်းကျောင်းထဲ ပြန်သွားရအောင်"
ခေါင်းပါသော လက်ဆောင်ဗူးကို ကိုင်ထားသည့် ဝမ်ရှီးချောင်မှာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်မိပြန်သည်။
ယခုအချိန်တွင် သူမသည် ကျိယွမ်ကို မငြင်းရဲတော့ပါ။
ကျိယွမ်က သူမကို အဝတ်အစားတွေ ချွတ်ပြီး ပတ်ပြေးခိုင်းရင်တောင် သူမ အံကြိတ်ပြီး သဘောတူမိမည် ဖြစ်သည်။သူမက အဲဒီလောက်ထိ ကြောက်သွားခြင်းဖြစ်၏။
-------------
ကျိယွမ်၏ နောက်မှနေ၍ လူခေါင်းပါသော လက်ဆောင်ဗူးကြီးကို မသက်မသာကိုင်၍ လိုက်လာရသည့် ဝမ်ရှီးချောင်မှာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
မကြာမီ သူတို့နှစ်ဦး သင်တန်းကျောင်းထဲသို့ ရောက်လာကြ၏။
ရှင်းယွီက ကျိယွမ်ကိုမြင်သောအခါ အအံ့သြသွားပုံရသည်။
သူမက ကျိယွမ်ကို တစ်လှည့် ၊ ဝမ်ရှီးချောင်ကို တစ်လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်၏။
"အို... ဘယ်သူက နင့်ကို လက်ဆောင်ပေးတာလဲ၊ နင့်မျက်နှာကြည့်ရတာ သိပ်မကြိုက်တဲ့ ပုံပဲ "
" မကြိုက်ရင်လည်း လွှင့်ပစ်လိုက်လေ ၊ ဘာလို့ အထဲထိယူလာနေသေးလဲ "
သူငယ်ချင်းဖြစ်သူ၏ စကားကို ကြားသောအခါ ဝမ်ရှီးချောင် ထိတ်လန့်သွားသည်။
"ငါ ကြိုက်တယ်၊ ငါ တကယ် ကြိုက်တာပါ"
"အဲဒါက ငါပေးတဲ့ လက်ဆောင်ပါ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
ရှင်းယွီ အံ့အားသင့်သွားပြီး မယုံနိုင်ဖြစ်သွား၏။
"နင်လို သစ်တုံးကြီးက... နောက်ဆုံးတော့ ဉာဏ်ပွင့်ပြီး ရှောင်ချောင်ကို လက်ဆောင် ပေးတတ်လာပြီပေါ့ ၊ ရှောင်ချောင်၊ လာပါဦး၊ ဘာလေးလဲဆိုတာ ငါ့ကို ပြပါဦး"
ရှင်းယွီက လက်ဆောင်ဗူးကို ကိုင်ရန် လက်လှမ်းလိုက်သည်။
ဝမ်ရှီးချောင်က ပျားတုပ်ခံရသလို အလန့်တကြား နောက်ဆုတ်သွားပြီး ချက်ချင်းငြင်းလိုက်၏။
"မလုပ်နဲ့ "
သူမ၏အကဲဆတ်တေပုံကိုမြင်သောအခါ မြင်သောအခါ ရှင်းယွီက ဆက်မမေးတော့ဘဲ သဘောကျစွာရယ်မောလေသည်။
"ဒါက ရည်းစားလေးကို ဝမ်းသာလွန်းလို့ မျက်ရည်ကျစေတဲ့ လက်ဆောင်မျိုး များ ဖြစ်နေလို့လား"
ဝမ်ရှီးချောင်သည် နှုတ်မှ မည်သည့်စကားမှ မဖြေသော်လည်း စိတ်ထဲမှ ခေါင်းညိတ်ကာ ထောက်ခံနေမိသည်။
သူမမှာ တကယ်ပင် မျက်ရည်ကျမတတ် ဖြစ်နေလေ၏။
စိတ်လှုပ်ရှားဖို့ကောင်းလွန်းလို့ လက်ဆောင်ကိုတောင် ထပ်မကြည့်ရဲတော့ဘူး ။
ဝမ်ရှီးချောင်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ကျိယွမ်သည် သင်တန်းကျောင်း၏ ဒုတိယ စီနီယာအစ်ကိုထံသို့ သွားခဲ့သည်။
သူ့ရည်ရွယ်ချက်မှာ ရှင်းလင်းပါသည်။
ယခုအခါ သူသည် သိုင်းပညာ၏ အကန့်အသတ်သို့ ရောက်ရှိနေလေပြီ ။ သူတို့စကားနှင့်ပြောရလျှငိ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သဖြင့် သင်တန်းကျောင်းမှ သင်ယူစရာ မရှိတော့ပါ။
ထို့ကြောင့် သူ နောက်ပိုင်းတွင် လာရောက်နိုင်တော့မည် မဟုတ်ကြောင်း ဒုတိယ စီနီယာအစ်ကိုကို အသိပေးရန်ပင်။
"အော်၊ ရပါတယ်၊ မင်းက ဒီမှာ ကျောင်းသားလေ ဝန်ထမ်းမှမဟုတ်တာ ၊ သင်တန်းကြေးလည်း အပြည့် ပေးထားပြီးသားဆိုတော့ မင်းစိတ်ကြိုက် လုပ်နိုင်တယ်"
ဒုတိယ စီနီယာအစ်ကိုက ရယ်မောကာ ခွင့်ပြုလိုက်သည်။
"ဒါနဲ့ မင်း ဒီတစ်ခေါက် ကိုယ်ခံပညာပြိုင်ပွဲကို လွဲသွားတာ နှမြောစရာပဲ။ ရွှီထဲ့ဟွာက တော်တော် စွမ်းဆောင်နိုင်ခဲ့တယ်၊ နံပါတ်ကိုးတောင် ရခဲ့တယ်လေ"
သင်တန်းကျောင်းထဲတွင် လူတိုင်းက ရွှီထဲ့ဟွာကို ချီးကျူးနေကြသော်လည်း အဆင့်အတိအကျကိုမူ မပြောကြပါ။ သူက နံပါတ်ကိုး ရခဲ့သဖြင့် ထိပ်သီးဆယ်ဦးစာရင်းဝင်သည်ဟုသာ အလွယ်ပြောလိုက်ကြခြင်းပင်။
"မဆိုးပါဘူး၊ တကယ့်ကို ပါရမီရှင်ပဲ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ချီးကျူးလိုက်သည်။
ဒုတိယ စီနီယာအစ်ကိုက နှမြောတသ သက်ပြင်းချကာ ကျိယွမ်အားပုခုံးပုတ်၏။
"မင်း မလာနိုင်တာ တကယ် နှမြောဖို့ ကောင်းတယ်။ တကယ်လို့ မင်းသာ ပါခဲ့ရင် ငါတို့ သင်တန်းကျောင်းက လေးယောက် ဖြစ်သွားမှာ။ ဒါဆိုရင် ငါတို့ အသင်းလိုက် ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မီနိုင်မှာကွာ"
ကျိယွမ်ကလည်း ပခုံးတွန့်ပြလိုက်ပြီး
မတတ်သာသလို ဝန်ခံလိုကသည်။
"ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေလို့ နိုင်ငံခြား သွားခဲ့ရလို့ပါ"
"နောက်မှ ရွှီထဲ့ဟွာနဲ့ တွေ့ရင် ကျွန်တော့်ကိုယ်စား ပြောပေးပါဦး"
ကျိယွမ်မှာလည်း အလိုက်အထိုက် နေတတ်သူ ဖြစ်သည်။
သူ့တွင် စိတ်ကျန်းမာရေးမကောင်းကြောင်း ထောက်ခံစာ ရှိသော်လည်း၊ သူသည် ယဉ်ကျေးသော အရူးတစ်ယောက်အဖြစ်သာ နေထိုင်သင့်သည် မဟုတ်ပါလား။
သူသည် ရွှီထဲ့ဟွာကို အလေးမထားခဲ့မိသဖြင့် တောင်းပန်စကား ပြောသင့်၏။
သို့သော် သူသည် သင်တန်းကျောင်းသို့ ပြန်လာဖြစ်တော့မည် မဟုတ်သဖြင့် ဒုတိယ စီနီယာအစ်ကိုကိုသာ မှာကြားခဲ့ရလေသည်။
"အင်း၊ ဒါက ကိစ္စမရှိပါဘူး၊ ကိစ္စအသေးအဖွဲလေးပါ။"
" ကြည့်ရတာ မင်းကတော့ နောက်နှစ်မှပဲ ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ပြီး အတွေ့အကြုံယူရတော့မယ့် ပုံပဲ"
ဒုတိယ စီနီယာအစ်ကိုက ဆက်ပြော၏။
"ဒါပေမဲ့ နောက်နှစ်ဆိုရင် မင်းက လက်မှတ်ရသိုင်းပညာရှင် တစ်ယောက် ဖြစ်နေလောက်ပြီဆိုတော့ ရာထူးကောင်းကောင်းတောင် ရနိုင်တာပဲ"
ကျိယွမ်က ခေါင်းယမ်းလိုက်သည်။
"ဘာလို့ နောက်နှစ်အထိ စောင့်နေရမှာလဲ ၊ ကျွန်တော် ဒီနှစ် အမျိုးသားအဆင့် ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ဦးမှာကို..."
"ဟားဟား... ပြီးတော့ ချန်ပီယံလည်း ဖြစ်လာဦးမှာပေါ့လေ ဟုတ်လား"
ဒုတိယ စီနီယာအစ်ကိုက ဟာသဖောက်ကာ ရယ်မောလိုက်သည်။
ကျိယွမ်၏ နိုင်ငံတော်အဆင့် ကိုယ်ခံပညာပြိုင်ပွဲတွင် အနိုင်ရမည်ဟူသော ကြွားလုံးမှာ သင်တန်းကျောင်းတစ်ခုလုံး ပျံ့နှံ့နေသော်လည်း မည်သူကမျှ အတည်မယူကြပါ။
ကျိယွမ်ကတော့ ဆက်ရှင်းပြမနေတော့ပါ ။
----------------