နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူ၏ ဓမ္မအမိန့်
Vol. 9 Ch. 893
စစ်မြေပြင်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်း မင်းမူသွား၏။ သံမဏိသွေးကြောခန်းမမှ ကျင့်ကြံသူများအားလုံးမှာ သူတို့၏နှလုံးသားများကို တုန်လှုပ်ခြင်းလှိုင်းလုံးများ တဒိန်းဒိန်းဝင့်ဆောင့်နေသည့်အလား ခံစားနေကြရပြီး ပိုင်ရှောင်ချန်းကို ကြောင်တောင်တောင် ကြည့်နေကြသည်။
ပိုင်လင်းနှင့် ဇောင်ထျန်ကျောက်မှာမူ သူတို့၏မျက်လုံးများ ဦးခေါင်းခွံထဲမှ အချိန်မရွေးပေါက်ထွက်တော့မတတ်ပင်။
အောက်ဘက်ရှိ မရေမတွက်နိုင်သော အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းက ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အား ပြတ်ပြတ်သားသား ချေမှုန်းနိုင်ခဲ့ခြင်းကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။
ရှုံးနိမ့်သွားသော နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ မျက်နှာများမှာ ရှုံ့တွနေတော့သည်။ သူတို့သည် တိုက်ပွဲပြီးနောက် ပုံပျက်ဆင်းပျက်ဖြစ်နေသည်သာမက ဂိုဏ်းတူကျင့်ကြံသူပေါင်းများစွာက တိုက်ပွဲ၏ရလဒ်ကို မျက်စိဖြင့် တပ်အပ်မြင်သွားကြသည်။ ၄င်းမှာ အဖတ်ဆယ်မရလောက်အောင် မျက်နှာပျက်ရခြင်းမျိုးဖြစ်ပြီး ကြီးစွာသော အရှက်တကွဲဖြစ်ရသည်။ သို့သော်လည်း သူတို့က ပိုင်ရှောင်ချန်းကို လွန်စွာ ကြောက်လန့်နေသည်။
တချိန်တည်းမှာပင် နတ်အဆင့်ကျင့်ကြံသူသုံးယောက်သည် သံမဏိသွေးကြောခန်းမတပ်ဖွဲ့ ရောက်လာသဖြင့် စိတ်သက်သာရာရသွားကြသည်။ ကျားပေါ်တက်စီးေနမိမှတော့ ဆင်းရခက်မည်ဖြစ်ပါသော်လည်း သူတို့မှာ ထွက်ပြေးရန်အတွက် အကောင်းဆုံးအခွင့်အရေးကို ရရှိသွားလေပြီ။
ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်၊ ပိုင်လင်းနှင့် အခြားသူများဆီက ကြားလိုက်ရသော တအံ့တသြရေရွတ်သံများကြောင့် လွန်စွာနှစ်ထောင်းအားရဖြစ်လျက် လှမ်းကြည့်လိုက်သောအခါ နတ်အဆင့်ကျင့်ကြံသူသုံးယောက် ဆုတ်ခွာချင်နေကြောင်း မြင်လိုက်ရသည်။ သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ သူ၏ပင်ပန်းနွမ်းနယ်မှုများကို ဖုန်းကွယ်လိုက်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားအနည်းငယ်အား ထုတ်ဖော်လိုက်သည်။
" ချိန်ဟဲ့ထျန်နဲ့ ခင်ဗျားတို့နှစ်ယောက်။ ခင်ဗျားတို့ သိပ်လွန်သွားပြီ။ ပိုင်ရှောင်ချန်းဆိုတဲ့ကျုပ်က ရှင်းကုံကျစ်တာအိုဂိုဏ်းအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်။ အဲဒီအတွက်နဲ့ ကျုပ် သွေးမြေကျခဲ့ရတယ် “
" ကျုပ် မဟာတံတိုင်းမှာတုန်းက မရေမတွက်နိုင်တဲ့ ရန်သူပေါင်းမြောက်မြားစွာကို သတ်ဖြတ်ချေမှုန်းပေးခဲ့တာတောင်မှ ခင်ဗျားတို့က ကျုပ်ဂိုဏ်းကို သုတ်သင်ဖို့ ကြိုးစားခဲ့ကြတယ်ပေါ့လေ။ ဒီလိုကိစ္စမျိုးကို ဘယ်ကောင်ကမှ လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ဘူး “
" ခင်ဗျားတို့ ကျုပ်ကို လျော်ကြေးပေးရမယ်။ အခုချက်ချင်း ကျုပ်ကို ဒူးထောက်တောင်းပန်ပြီး နောင်ကျရင် အဏ္ဏဝါခေါ်သံဂိုဏ်းသားတွေအားလုံးနဲ့ ဝေးဝေးနေပါ့မယ်လို့ ကျိန်ရမယ်။ အဲဒီလိုမှ မလုပ်ရင်တော့ ဒီကိစ္စ ဒီအတိုင်းပြီးမှာ မဟုတ်ဘူး။ ခင်ဗျားတို့ လွတ်သွားရင်တောင်မှ ကျုပ်က ခင်ဗျားတို့ကို ခြေရာခံပြီး ခင်ဗျားတို့ မျိုးနွယ်စုတွေကိုပါ သုတ်သင်ပစ်မယ် "
သူက သူ၏စကားလုံးများ လေးနက်သွားစေရန် အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ သူ့ဘက်တွင် အမှန်တရားရှိသည် မဟုတ်ပါလော။
ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့်ပိုင်ကျိမ်းထျန်တို့မှာ သူ၏စကားလုံးများအား ကြားသောအခါ သွေးအန်လုမတတ် ဖြစ်သွားကြသည်။ ပိုင်ရှောင်ချန်း၏ စကားလုံးများက ပြင်းထန်လွန်းသည်။ စောစောက သူက တိုက်ခိုက်လျှင်တိုက်ခိုက်၊ ထွက်ပြေးလျှင်ထွက်ပြေး ဟုပြောခဲ့ပါသော်လည်း ယခုတွင် သူ့နောက်၌ မိတ်ဆွေများ ရှိနေပြီဖြစ်ရာ ပို၍ အလွန်အကျူး ပြုမူနေတော့သည်။ သူက လျော်ကြေးတောင်းဆိုနေသည်သာမက သူတို့အား လူပုံအလယ်တွင် အရှက်ကွဲစေရန် ဖိအားပေးနေပေသည်။
" သိပ်မြောက်ကားကားလုပ်မနေနဲ့ ပိုင်ရှောင်ချန်း "
လီရှမ်းတောက်က မျက်လုံးများ ရဲရဲနီလျက် ဟိန်းဟောက်လိုက်သည်။ ဤအခြေအနေမှ လွတ်မြောက်ရန် သူ အပြင်းအထန်အားထုတ်ခဲ့ရပါသော်လည်း ယခုတွင် လွယ်ကူသောထွက်ပေါက်ကား ပြန်လည်ပိတ်ဆို့သွားခဲ့လေပြီ။
ထိုအချိန်တွင် သံမဏိသွေးကြောခေါင်းဆောင်ကြီးက အသက်တစ်ရှိုက်ရှူသွင်းလိုက်ပြီး လှစ်ခနဲလှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ပိုင်ရှောင်ချန်း၏ေဘးရှိ အနည်းငယ်အကွာအဝေးသို့ ရောက်သွားသည်။
သူ့မျက်လုံးများတွင် စူးရှ ပြတ်သားသောအလင်းတန်းများဖြင့် ဝင်းလက်တောက်ပနေပြီး အခြားနတ်အဆင့်ကျင့်ကြံသူသုံးယောက်ကို ကြည့်ကာ ဆောင်းလေတမျှ အေးစက်သည့် ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောလိုက်သည်။
" မြောက်ကားကားလုပ်နေတယ် ဟုတ်လား။ ချိန်ဟဲ့ထျန်၊ ပိုင်ကျိမ်းထျန်၊ လီရှမ်းတောက်၊ မင်းတို့ကောင်တွေ သံမဏိသွေးကြောခန်းမကလူတွေကို ထင်သလို အနိုင်ကျင်လို့ရမယ်များ ထင်နေကြတာလား “
" ငါ့မိတ်ဆွေဟောင်းကြီး ပိုင်ပြောတာ သွေးထွက်အောင် မှန်တယ်။ သံမဏိသွေးကြောခန်းမက ရန်သူတွေကို မရေမတွက်နိုင်လောက်အောင် ချေမှုန်းပေးခဲ့တာတောင်မှ မင်းတို့က ဂိုဏ်းတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားနေတယ်ပေါ့။ ဘယ်သူကများ ဒီလိုကိစ္စမျိုးကို လက်ပိုက်ကြည့်နေနိုင်မှာလဲ။ ညီလေးပိုင်က နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးဆီကနေ အကြီးအကဲတစ်ယောက်အဖြစ် တင်မြှောက်မခံရသေးပေမယ့် သူက စစ်ဦးစီးမှူးတစ်ယောက်ဖြစ်တဲ့အပြင် သံမဏိသွေးကြောခန်းမရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတော့ ငါ့ စောင့်ရှောက်မှုအောက်မှာရှိတယ် “
" အဲဒီတော့ ဒီနေ့၊ ဒီနေရာမှာရှိတဲ့ ဘယ်ကောင်ကများ သံမဏိသွေးကြောခန်းမက လူတစ်ယောက်ကို ထိရဲမလဲ ကြည့်ကြသေးတာပေါ့ "
နတ်အဆင့်ခေါင်းဆောင်ကြီးက စကားပြောလိုက်စဥ် သံမဏိသွေးကြောခန်းမမှ ကျင့်ကြံသူများက သတ်ဖြတ်လိုသော အရှိန်အဝါများ ထုတ်လွှတ်လိုက်ရာ မန္တန်ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာပြီး ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့ ထွက်ပြေးနိုင်သည့် မည်သည့်လမ်းကြောင်းကိုမဆို ပိတ်ပင်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ ပို၍စိတ်ဓာတ်တက်ကြွလာပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသည်လည်း ထိုနည်းတူပင်။ ဆန့်ကျင်ဖက်အားဖြင့် နတ်အဆင့်ကျင့်ကြံသူသုံးယောက်မှာ ခါးခါးသီးသီးညည်းညူနေကြပြီး သူတို့၏မျက်နှာများ လွန်စွာရှုံ့မဲ့နေတော့သည်။
ပိုင်ရှောင်ချန်းက ဤသည်မှာ အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း ရုတ်ချည်း သဘောပေါက်လိုက်သည်။ ယခု သူသာ လှုပ်ရှားလိုက်လျှင် သူ၏မဟာမိတ်များအားလုံးက သူ့အား သေချာပေါက် ထောက်ပံ့ပေးမည်ဖြစ်သည်။
သို့သော် သူ လှုပ်ရှားတော့မည့်အချိန်မှာပင် မိုးကောင်းကင်သည် မိုးခြိမ်းသည်ထက်သာလွန်သော ထစ်ခြုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်သွား၏။ ကောင်းကင်ကြီး မှေးမှိန်၍ ပုံပျက်ရှုံ့တွလာသည်။ ကုန်းမြေတစ်လျှောက်တွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက်လင်းလက်လာ၏။ တစ်ဆက်တည်းမှာပင် ပြင်းထန်သော စွမ်းအားတစ်ခုက ပိုင်ရှောင်ချန်းကို နောက်သို့ ဖိအားပေးကာ ပေါ်ထွက်လာတော့သည်။
တူညီသော စွမ်းအားများက ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အားလုံးကို ထိမှန်သွားရာ သူတို့မှာ နောက်သို့ မီတာပေါင်းများစွာ လွင့်ထွက်သွားသည်။ သံမဏိသွေးကြောခန်းမမှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုသည့်အရှိန်အဝါများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သို့သော် ဤမျှနှင့်မပြီးသေးပေ။ ကောင်းကင်မှ အံ့သြတုန်လှုပ်ဖွယ် ဖိအားများ သက်ရောက်လာရာ နတ်အဆင့်ကျင့်ကြံသူများအားလုံး၏ မျက်နှာများ ပျက်သွားတော့သည်။ ရှိသမျှယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ တဆတ်ဆတ်တုန်ရီလာကြပြီး ထိုအဆင့်အောက်ရှိ မည်သူမဆို လည်ပင်းအညစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။
ထိုမျှသာမက ကောင်းကင်ယံတွင် ဧရာမအလင်းပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် နတ်အဆင့်ကျင့်ကြံသူများအားလုံး၏ စိတ်ဆန္ဒများ လုံးဝနှင်ထုတ်ခံလိုက်ရတော့သည်။
၄င်းက ကြယ်အလင်းရောင်နှင့် ပြုလုပ်ထားဟန်တူပြီး ဒေါသမထွက်သည့်တိုင် ကြောက်လန့်ဖွယ်ကောင်းေနသည်။ ကောင်းကင်နှင့်မြေကြီးအား ထောက်ကန်ပေးနိုင်သည်အထိ ကြီးမားသည့်အတွက် ၄င်းအားမြင်လိုက်ရသည့် မည်သူမဆို နက်နက်နဲနဲ တုန်လှုပ်သွားတော့သည်။
၄င်းက သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်အသွင် ဖြစ်တည်လာပြီး ထိုလူကြီးက ကြယ်ပွင်လေးများပမာ စူးရှတောက်ပနေသည့် မျက်ဝန်းများနှင့် လူအားလုံးကို အထက်စီးမှ ကြည့်နေသည်။ သူ့ထံမှ ထွက်ပေါ်လာနေသော အငွေ့အသက်များအရ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။ ၎င်းတို့က နတ်ဘုရားတစ်ပိုင်းအဆင့် အငွေ့အသက်များဖြစ်ပြီး အတားအဆီးမရှိ ဖြန့်ကျက်လာနေသည်။
နတ်အဆင့်ကျင့်ကြံသူလေးဦးက ထိုအလင်းပုံရိပ်အားမြင်သောအခါ လက်များယှက်၍ လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
" ခေါင်းဆောင်ကြီးရှင်းကုံကို ဂါဝရပြုပါတယ်"
သူတို့သည်သာ ထိုကဲ့သို့ ပြုမူလိုက်ကြခြင်းမဟုတ်။ သံမဏိသွေးကြောခန်းမမှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည်လည်း ကတုန်ကယင်ဖြင့် ဂါဝရပြုအရိုအသေပေးလိုက်ကြသည်။ ထို့နောက် ကျန်ရှိသောလူများမှာ ထိုစူးရှတောက်ပနေသောပုံရိပ်အား မသိကြသော်လည်း အစွမ်းထက်ကျင့်ကြံသူများ၏ စကားလုံးများကို ကြားလိုက်ကြရာ ပင့်သက်ရှိုက်လိုက်ကြပြီး ထပ်ကြပ်မကွာ အရိုအသေပေးလိုက်ကြသည်။
ပိုင်ရှောင်ချန်း၏ အသက်ရှူသံမှာ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး စိတ်ထဲတွင် တုန်ရီသွားတော့သည်။ သိသာထင်ရှားစွာပင် ထိုစူးရှတောက်ပနေသော ပုံရိပ်သည်ကား ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အစွမ်းထက်ဆုံးတန်ခိုးရှင်တစ်ဦးြဖစ်သည့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးကလွဲ၍ တခြားသူ မဟုတ်ပေ။
" နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ဝင်ပါလာပြီ "
ပိုင်ရှောင်ချန်းမှာ အတန်ငယ်စိတ်လှုပ်ရှားသွားသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် ဆက်ခံခဲ့ဖူးကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သဖြင့် သူ၏စိုးရိမ်သောကများကို ဖိနှိပ်နိုင်လိုက်သည်။ သို့သော် သူက အလွန်ကြောက်ရွံသည့်အမူအရာဖမ်း၍ လက်ယှက်အရိုအသေပေးလိုက်သည်။
အချိန်အနည်းငယ်သာကြာလိုက်သည်။ စစ်မြေပြင်ပေါ်ရှိ လူတိုင်းက ခေါင်းဆောင်ကြီး ရှင်းကုံကို ကောင်းကင်နှင့်မြေကြီးအားလုံးရှိ အမြင့်မြတ်ဆုံးသောပုဂ္ဂိုလ်တစ်ယောက်အလား လေးလေးစားစား အရိုအသေပေးနေကြလေပြီ။
သူက မည်သည့်အမူအရာမှမရှိသော မျက်နှာထားဖြင့် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အား လျစ်လျူရှု၍ လူအုပ်ကြီးအား လှမ်းကြည့်လိုက်သည်။ အမှန်တကယ်ဆိုရလျှင် သူက သံမဏိသွေးကြောခန်းမမှ နတ်အဆင့်ကျင့်ကြံသူများကိုပင် မျက်လုံးထဲမထည့်ချေ။ ထိုအစား သူက ပိုင်ရှောင်ချန်းကိုသာ မမှိတ်မသုန်ကြည့်နေ၏။
ပိုင်ရှောင်ချန်းမှာ သူ၏စိုးရိမ်သောကများကို ဖိနှိပ်လိုက်သည့်တိုင် ထပ်မံပေါက်ဖွားလာပြန်တော့သည်။ သူက ချက်ချင်းပင် မြေရိုင်းဒေသမှာတုန်းက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့သည့် နည်လမ်းအချို့အား ပြန်စဥ်းစားလိုက်သော်လည်း ဤသည်မှာ လုံးဝမတူညီသော အခြေအနေတစ်ရပ်ဖြစ်ကြောင်း အလျင်အမြန်သဘောပေါက်လိုက်သည်။ သူ၏ စိုးရိမ်သောကများ မြင့်တက်လာပြီး ဉာဏ်နီဉာဏ်နက်များအား ဖြစ်ညစ်စဥ်းစားနေစဥ် အလင်းပုံရိပ်ကြီးက သူ့ထံမှ အကြည့်လွှဲသွား၏။
ထို့နောက် ရှေးဆန်သော ဆန်းကြယ်နက်နဲသည့်အသံကြီးတစ်သံ ထစ်ခြုန်းလာကာ တစ်နေရာလုံးတွင် ပြည့်နှက်သွားတော့သည်။
" ပိုင်ရှောင်ချန်းကို သံမဏိသွေးကြောခန်းမရဲ့ အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်လိုက်။ သူ့ကို အကြီးအကဲတစ်ယောက်ရဲ့ အမိန့်ပေးဆွဲပြားနဲ အပြာရောင်သက်တန့်ပေါ်မှာ အင်မော်တယ်ဂူတစ်လုံးပေးပြီးတော့ ဂိုဏ်းကို တရားဝင်ပြန်လာဖို့ ရက်ရွေးလိုက်။ အခုကစပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ နတ်အဆင့်ကျင့်ကြံသူခြောက်ဦး ရှိပြီ "
သူ၏စကားလုံးများ မိုးခြိမ်းသံတမျှ ပြင်းထန်ကျယ်လောင်စွာ ပဲ့တင်ထပ်သွားစဥ် သံမဏိသွေးကြောခန်းမမှ ကျင့်ကြံသူများ သိသိသာသာ စိတ်လှုပ်ရှားသွားကြ၏။ ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့၏မျက်နှာများသည် လူသေကောင်ကဲ့သို့ ဖြူဆုတ်သွားပြီး ဦးညွှတ်လိုက်ကြရလေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ အသိအမှတ်ပြုမှုဖြင့် သူတို့သည် ပိုင်ရှောင်ချန်းနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းကို အရှေ့ဘက်ကောင်းကင်တံတားဒေသတွင် တစ်ဟုန်ထိုးကျော်ကြားလာခြင်းမှ မဟန့်တားနိုင်တော့ကြောင်း သိလိုက်ကြသည်။
သံမဏိသွေးကြောခန်းမပင် စိတ်လှုပ်ရှားနေလျှင် အဏ္ဏဝါခေါ်သံဂိုဏ်းကား ဆိုဖွယ်မရှိတော့ပေ။ ဤအခိုက်အတန့်တွင် သူတို့ အလွန်အကျူး ဝမ်းသာပျော်ရွှင်သွားကြရာ တစ်ခနက် ကြွေးကြော်လိုက်ကြတော့သည်။ ပိုင်ရှောင်ချန်းမှာမူ စိတ်သက်သာရာကာ သက်ပြင်းချလိုက်ပြီး စောစောက မည်သည့်အတွက် သူ အလွန်အမင်း ကြောက်လန့်ခဲ့မိသည်ကိုေတွးကာ အံ့သြနေတော့သည်။
" နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတွေကို ဘယ်ကောင် ဂရုစိုက်နေပါစေကွာ။ ငါက ကောင်းကင်ဧကရာဇ်ရဲ့ ဆံပင်တစ်ချောင်းကိုေတာင် စုပ်ယူလာခဲ့တဲ့ကောင်၊ နတ်ဘုရားတစ်ပိုင်းအဆင့်လောက်လေးကို ငါက ကြောက်နေရမှာလား။ ငါ့တပည့်က ငရဲဧကရာဇ်၊ ငါ့ယောက္ခမက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကွ၊ ဘာမှတ်တုံး "
ထိုနည်းအားဖြင့် သူက သူ့ကိုယ်သူ ဆက်လက်အားပေးနေပြီး စောစောက သူ မည်ကဲ့သို့ ဩချရလောက်အောင် တိုက်ခိုက်ခဲ့သည့်အကြောင်းကို တွေးတောကာ စိတ်လှုပ်ရှားစွာ အရသာခံနေတော့သည်။