← Chapters

နိုးထလာသော ရေခဲနဂါးလေး၊ လင်းထျန်းလုံမှ ‌ရေခဲနဂါးလေးအား လိုက်လံဖမ်းဆီးခြင်း (၃)

Vol. 15 Ch. 143

နိုးထလာသော ရေခဲနဂါးလေး၊ လင်းထျန်းလုံမှ ‌ရေခဲနဂါးလေးအား လိုက်လံဖမ်းဆီးခြင်း (၃)

Vol. 15 Ch. 143

အရိပ်မဲ့ခြေလှမ်းစွမ်းမရည်မှ ရရှိသော ထပ်ဆောင်း အပိုအမြန်နှုန်းမှာ ဤအားကောင်းလှသော ချုပ်နှောင်မှုကြောင့် ချက်ချင်းပင် အတော်များများ ပျက်ပြယ်သွားခဲ့လေသည်။

ရေခဲနဂါးလေးသည် ရူးသွပ်စွာ ရုန်းကန်နေပြီး သူ့အား ဝန်းရံထားသော စိတ်စွမ်းအင် ချုပ်နှောင်မှုကို အေးခဲသွားစေရန် ကြိုးစားရင်း၊ အကြေးခွံများကြားရှိ လစ်ဟာနေသော နေရာများမှနေ၍ အအေးဓာတ်များ ပိုမိုစိမ့်ထွက်လာလေသည်။

သို့သော် လင်းထျန်းလုံ၏ အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းက မည်မျှ အစွမ်းထက်နေသည်လောမသိ။

အထူးသဖြင့် သူ၏ တိကျသော ထိန်းချုပ်မှုအောက်တွင်၊ စိတ်စွမ်းအင်မှာ အမာကျောဆုံးသော သတ္တုခြေကျင်းများကဲ့သို့ လုံးဝ ရွေ့လျား၍ မရနိုင်လောက်အောင် ဖြစ်နေလေသည်။

ရုန်းထွက်ရန် မျှော်လင့်ချက်မရှိတော့သည်ကို မြင်လိုက်ရသောအခါ၊ ရေခဲနဂါးလေး၏ မျက်လုံးများထဲတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

သူသည် ထွက်ပြေးရန်မကြိုးစားတော့ဘဲ စွမ်းအင်များ အားလုံးကို ခေါင်းပိုင်းသို့ စုစည်းလိုက်လေသည်။

သူ၏ ရေခဲပြာရောင် ဦးခေါင်းမှာ နီလာကျောက်တစ်လုံးကဲ့သို့ ချက်ချင်း ကြည်လင်လာပြီး အန္တရာယ်ရှိသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေလေသည်။

ရေခဲနဂါးလေးသည် နောက်ဆုံးတွင် သူ၏ အသက်အတွက် တိုက်ခိုက်တော့မည် ဖြစ်သည်။

“မိစ္ဆာအမြုတေကို ကိုယ်တိုင် ဖောက်ခွဲဖို့ ကြိုးစားနေတာလား... ဒါမှမဟုတ် တားမြစ်ထားတဲ့ နည်းစနစ် တစ်မျိုးမျိုးကို သုံးဖို့လား...” လင်းထျန်းလုံ၏ မျက်၀န်းများ အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။

တစ်ဖက်ရန်သူ၏ လျင်မြန်စွာ မြင့်တက်လာပြီး မတည်ငြိမ်သော စွမ်းအင်တုံ့ပြန်မှုမှတစ်ဆင့် ရည်ရွယ်ချက်ကို သူ ချက်ချင်း အကဲဖြတ်လိုက်သည်။ တစ်ဖက်လူကို ထိုကဲ့သို့ အခွင့်အရေးမျိုး သူ မည်သို့မျှ မပေးနိုင်ချေ။

“မလှုပ်နဲ့...” လင်းထျန်းလုံက တိုးညင်းစွာ အော်ဟစ်လိုက်သည်။

သူ၏ စိတ်ထိန်းချုပ်ခြင်းမှာ နောက်တစ်ကြိမ် အားကောင်းလာပြီး၊ ရေခဲနဂါးလေး၏ လည်ပင်းနှင့် ခန္ဓာကိုယ်ကို သံကွင်းတစ်ခုကဲ့သို့ ညှစ်ထားလိုက်ကာ စွမ်းအင်စုစည်းမှု လုပ်ငန်းစဉ်ကို အတင်းအဓမ္မ ဖြတ်တောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ လှုပ်ရှားသွားခဲ့သည်။

အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း...

အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အသုံးပြုလိုက်သည်နှင့် သူ၏ ငွေပြာရောင်ပုံရိပ်မှာ မူလနေရာမှ တစ္ဆေတစ်ကောင်သဖွယ် ပျောက်ကွယ်သွားလေသည်။

နောက်တစ်ခိုက်အတန့်တွင်၊ စိတ်ထိန်းချုပ်ခြင်း စွမ်းရည်ဖြင့် လေထဲတွင် ဖမ်းချုပ်ခံထားရပြီး အပြင်းအထန် ရုန်းကန်နေသော ရေခဲနဂါးလေး၏ အရှေ့တွင် သူပေါ်လာခဲ့သည်။

ကြက်သီးထဖွယ်ကောင်းသော အပြာရောင် လျှပ်စီးလှိုင်းများနှင့် အရိုးခိုက်မတတ် အေးစက်နေသည့် စွမ်းအင်များ တဖျတ်ဖျတ် လင်းလက်နေသော ငွေပြာမိုးကြိုးလက်သည်းကြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုလက်သည်းထဲတွင် အရာအားလုံးကို ဆုတ်ဖြဲပစ်နိုင်မည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေပြီး ရေခဲနဂါးလေး၏ ကျိုးပဲ့လွယ်သော ဦးခေါင်းဆီသို့ ရက်စက်စွာ ရိုက်ချလိုက်လေတော့သည်။

ဤလက်သည်းချက်သာ ထိမှန်သွားပါက၊ ရေခဲနဂါးလေးတွင် နှင်းခဲဝိညာဉ်မသေမျိုး ပင်ကိုစွမ်းရည် ရှိနေသော်ငြား၊ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားမည် ဖြစ်လေသည်။

သေခြင်းတရား၏ အရှိန်အဝါက ရေခဲနဂါးလေးကို ချက်ချင်း လွှမ်းခြုံသွားလေသည်။

သေခြင်းတရားများဖြင့် ပြည့်နှက်နေသော တကယ့် အကျပ်အတည်းတစ်ခုကို သူ ခံစားလိုက်ရသည်။

ဤအရေးကြီးသော အချိန်တွင်၊ ရှင်သန်လိုသည့်ဗီဇက အရာအားလုံးကို လွှမ်းမိုးသွားခဲ့သည်။

သူသည် တိုက်ခိုက်ရုန်းကန်မှုများ အားလုံးကို စွန့်လွှတ်လိုက်ပြီး၊ ကျန်ရှိနေသော စွမ်းအင်များ အားလုံးကို သူ၏ အစွမ်းထက်ဆုံး အသက်ကယ် လှည့်ကွက်ဖြစ်သည့်... ‌ပွင့်လွှာရေခဲ လျှပ်တစ်ပြက်လှုပ်ရှားမှု အတွင်းသို့ ခြွင်းချက်မရှိ ဖြည့်သွင်းလိုက်လေတော့သည်။

ဝှစ်...

လင်းထျန်းလုံ၏ ထရှသော လက်သည်းများက သူ၏ဦးခေါင်းကို ထိတော့မည့် ဆဲဆဲတွင်၊ ရေခဲနဂါးလေး၏ ပုံရိပ်မှာ ရုတ်တရက် ဝေဝါးသွားသည်။

ရေခဲနဂါးလေးမှာ မရေမတွက်နိုင်သော ရေခဲသလင်းများဖြင့် ဖွဲ့စည်းထားသည့် တောက်ပသော ရေခဲပန်းပွင့်တစ်ပွင့်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွာသလေသည်။

ယင်းနောက် ချက်ချင်းဆိုသလိုပင်၊ ရေခဲပန်းပွင့်မှာ ဗုံးခနဲ အသံနှင့်အတူ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားပြီး၊ တဖျတ်ဖျတ် လင်းလက်နေသော ရေခဲသလင်း အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ လင်းထျန်းလုံ၏ စိတ်စွမ်းအင်ချုပ်နှောင်မှုမှ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

ဤတစ်ကြိမ်တွင် ရေခဲနဂါးလေးမှာ ပုံဖျက်ခြင်း၊ အယောင်ဆောင်ထားခြင်း မဟုတ်တော့ဘဲ၊ လေဟာနယ်စွမ်းအင် ပါဝင်နေသည့် တကယ့် အကွာအဝေးတို လေဟာနယ်ကူးပြောင်းလိုက်ခြင်း ဖြစ်လေသည်။

လင်းထျန်းလုံ၏ ဧရာမလက်သည်းကြီးမှာ လေကိုသာ ထိမှန်သွားပြီး၊ အားကောင်းလှသော ခွန်အားကြောင့် အောက်ဘက်ရှိ နှင်းပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ပေါက်ကွဲထွက်လာကာ လျှပ်စီးမီးပွားများ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားလေသည်။

သူ ခေါင်းမော့လိုက်ပြီး ငွေပြာဘုရင်မျက်၀န်းများဖြင့် ပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးဖတ်လိုက်လေသည်။

မီတာ တစ်ရာ့ငါးဆယ်ခန့် အကွာတွင်၊ ရေခဲသလင်း အလင်းစက်အစုအဝေး တစ်ခုမှာ လျင်မြန်စွာ စုစည်းလာပြီး၊ ရေခဲနဂါးလေး၏ ပုံရိပ်ကို နောက်တစ်ကြိမ် ဖော်ပြလာလေသည်။

သို့သော် ယခုအခါ ရေခဲနဂါးလေး၏ အရှိန်အဝါမှာ သိသိသာသာ ပိုမိုအားနည်းနေပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်မှာလည်း များစွာ မှေးမှိန်သွားခဲ့လေပြီ။

ပွင့်လွှာရေခဲ လျှပ်တစ်ပြက်လှုပ်ရှားမှုကို အတင်းအဓမ္မ အသုံးပြုလိုက်ခြင်းက သူ့အတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရသည်မှာ ထင်ရှားပြီး၊ ဖြစ်နိုင်သည်မှာ တိကျသော တန်ဖိုးတစ်ခု ပေးဆပ်လိုက်ရခြင်း ဖြစ်နိုင်လေသည်။

“လေဟာနယ် လျှပ်တစ်ပြက်လှုပ်ရှားမှုလား... မင်းဆီမှာ တကယ်ကို လှည့်ကွက်တချို့ ရှိနေတာပဲ...”

လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သော်ငြား၊ ၎င်းမှာ သားကောင်က စိတ်ဝင်စားစရာကောင်းသော စွမ်းရည်တစ်ခုကို ပြသလိုက်သည်ကို မြင်တွေ့ရချိန်တွင် မုဆိုးတစ်ဦး ခံစားရသည့် စိတ်လှုပ်ရှားမှုမျိုးနှင့် ပိုတူနေလေသည်။

“မင်း ဘယ်နှစ်ခါ လျှပ်တစ်ပြက်လှုပ်ရှားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...”

သူသည် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြီး အရိပ်တစ်ခုကဲ့သို့ လိုက်လံဖမ်းဆီးလေတော့သည်။

ရေခဲနဂါးလေးမှာ ထိတ်လန့်နေပြီး သူ့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် မဝံ့တော့ပေ။ သူသည် အရိပ်မဲ့ခြေလှမ်း၏ ထပ်ဆောင်း အပိုအမြန်နှုန်း အားကိုးကာ၊ နှင်းပြင်ကို ဖြတ်၍ ပြာပြာသလဲ ထွက်ပြေးနေလေသည်။

တစ်ခါတစ်ရံ ရုတ်တရက် ကွေ့ကောက်သွားကာ၊ တစ်ခါတစ်ရံတွင် ရေခဲအက်ကွဲကြောင်းများထဲသို့ ငုပ်ဆင်းသွားပြီး၊ လင်းထျန်းလုံ၏ လိုက်လံဖမ်းဆီးမှုကို နှောင့်နှေးစေရန် ကြိုးစားသည့်အနေဖြင့် ရေခဲလေငွေ့များ မှုတ်ထုတ်ရန် သို့မဟုတ် ရေခဲနံရံတစ်ခု ဖန်တီးရန်အတွက်လည်း ရံဖန်ရံခါ နောက်လှည့်တတ်လေသည်။

မကြာမီမှာပင် နှင်းကွင်းပြင်ပေါ်တွင် ပြင်းထန်သော စိန်ပြေးလိုက်တမ်း ကစားပွဲကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ငွေရောင် လျှပ်စီးတန်းတစ်ခုက အပြာရောင် အလင်းတန်းတစ်ခုကို အနီးကပ် လိုက်လံဖမ်းဆီးနေလေသည်။

သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရေခဲနံရံများ အဆက်မပြတ် ရိုက်ချိုးခံရပြီး၊ နှင်းကွင်းပြင်ကြီးမှာ နက်ရှိုင်းသော မြောင်းများအဖြစ် ဖျက်ဆီးခံနေရကာ၊ ပေါက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေလေသည်။

နှင်းဝံပုလွေအုပ်စုဝင်များမှာ ဘေးမှနေ၍ ကင်းစောင့်တာ၀န်ကို ထမ်းဆောင်ရင်း တိုက်ပွဲကို ကြည့်ရှုနေကြသည်။

သူတို့ဘုရင်ကြီး၏ ခွန်အားအပေါ် သူတို့ အကြွင်းမဲ့ ယုံကြည်ထားကြလေသည်။ ရန့်မြဲ့သည် ဘုရင်ကြီး၏ ပုံရိပ်ကို အနီးကပ် လိုက်လံကြည့်ရှုနေပြီး၊ ရေခဲနဂါးလေး ထွက်ပြေးမည့် လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာနေလေသည်။

ထျန်းပင်းမှာ တိုးညှင်းစွာ ညည်းတွားနေပြီး၊ ထိုကောက်ကျစ်သော ကောင်ကို အပိုင်းပိုင်းအပြတ်ပြတ် သွားမဆုတ်ဖြဲနိုင်သည့်အတွက် အားမလိုအားမရ ဖြစ်နေပုံ ရလေသည်။

ယင်းဖုန်း၏ ပုံရိပ်မှာ အရိပ်များထဲတွင် တဖျတ်ဖျတ် လင်းလက်နေပြီး၊ ရေခဲနဂါးလေး ဆုတ်ခွာမည့်လမ်းကို ပိတ်ဆို့ရန်အတွက် စစ်မြေပြင်အတွင်းသို့ အချိန်မရွေး ဝင်ရောက်ရန် အသင့်ရှိနေပုံ ရလေသည်။

စွတ်ဖားပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ရှောင်လန်နှင့် ရှောင်ယင်းတို့၏ မျက်မှောင်လေးများမှာ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

အပြင်ဘက်မှ ပြင်းထန်သော စွမ်းအင်လှိုင်းဂယက်များ၊ အဆက်မပြတ် ဟိန်းဟောက်သံများနှင့်၊ ဝံပုလွေဖေဖေ၏ ဖုံးကွယ်ထားခြင်းမရှိသော သတ်ဖြတ်လိုစိတ်များမှာ၊ ငြိမ်သက်နေသော ရေကန်တစ်ခုအတွင်း ပစ်ချလိုက်သည့် ကျောက်စရစ်ခဲများသဖွယ် သူတို့၏ အိပ်မောကျနေသော အသိစိတ် အနက်ထဲတွင် ရိုက်ခတ်သွားလေသည်။

သူတို့၏ ခန္ဓာကိုယ်များမှာ ပတ်ဝန်းကျင်ရှိ သိပ်သည်းလွနသော ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူနေကြပြီး၊ သူတို့၏ ပြန်လည်ကုသခြင်းကို အရှိန်မြှင့်နေလေသည်။

ပိုမိုပြင်းထန်လာသော တိုက်ပွဲကြောင့် သူတို့ လုံးဝနိုးထလာရန် အချိန်များစွာ မလိုတော့ကြောင်း ထင်ရှားလှပေသည်။

လင်းထျန်းလုံအတွက်မူ၊ ကနဦး စမ်းသပ်မှုများအပြီးတွင် ရေခဲနဂါးလေး၏ စွမ်းရည်မဖားအကြောင်းကို အခြေခံအားဖြင့် သူနားလည်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ တိုက်ခိုက်ရေးနည်းလမ်းများမှာ နည်းပါးပြီး အကာအကွယ်မှာတော့ လက်သင့်ခံနိုင်စရာရှိကာ ထွက်ပြေးရန်နှင့် အသက်ကယ်စွမ်းရည်မှာမူ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှပေသည်။

သို့သော် အကြွင်းမဲ့ ခွန်အားကွာဟမှုနှင့် ငွေပြာဘုရင်မျက်၀န်း၏ ထိုးထွင်းသိမြင်နိုင်စွမ်းတို့ရှေ့တွင်၊ ဤလှည့်ကွက်များမှာ နောက်ဆုံးတွင် အဆုံးသတ်သွားမည်သာ ဖြစ်လေသည်။

“ကစားပွဲက အခု အဆုံးသတ်သင့်ပြီ...” လင်းထျန်းလုံ စိတ်ထဲမှ တွေးလိုက်သည်။

သူ၏ အမြန်နှုန်းမှာ နောက်တစ်ကြိမ် ထိုးတက်သွားပြီး၊ ရေခဲနဂါးလေးနှင့် အကွာအဝေးကို ချက်ချင်းကျဉ်းသွားစေခဲ့သည်။

ငွေပြာဘုရင်မျက်၀န်းများဖြင့် နဂါးလေး၏ နောက်ထပ် ထွက်ပြေးမည့်လမ်း‌ကြောင်းကို ကြိုတင်ခန့်မှန်းလိုက်ပြီး၊ ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်း (ခရမ်းရောင် ပါရမီရှင်အဆင့်)စွမ်းရည်ကို ပေါက်ကွဲထွက်ရန် အသင့် ပြင်ထားလေသည်။

တကယ့် အသေသတ်တိုက်ကွက်မှာ ကျရောက်လာတော့မည် ဖြစ်လေသည်။

ရေခဲနဂါးလေးသည် အရိပ်မဲ့ခြေလှမ်း၏ အမြန်နှုန်းကို အမြင့်ဆုံး ကန့်သတ်ချက်အထိ တွန်းတင်လိုက်ပြီး၊ နှင်းကွင်းပြင်ကို ဖြတ်၍ ပြာပြာသလဲ ထွက်ပြေးနေကာ၊ သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးနေသော အပြာရောင် ပုံရိပ်ယောင်များ ထွက်ပေါ်နေလေသည်။

သူသည် မျဉ်းဖြောင့်အတိုင်း လုံးဝမပြေးရဲဘဲ၊ အဆက်မပြတ် ပုံမှန်မဟုတ်သော ရုတ်တရက် ကွေ့ကောက်သွားခြင်းများ၊ လမ်းကြောင်းပြောင်းလဲမှုများကို ပြုလုပ်ကာ၊ တစ်ခါတစ်ရံ ဧရာမရေခဲတိုင်များကြားသို့ တိုးဝင်သွားသည်။

တစ်ခါတစ်ရံတွင် မတ်စောက်သော ရေခဲနံရံများအပေါ် လျှောတိုက်သွားကာ၊ သေမင်းတမန်တစ်ဦးကဲ့သို့ သူ့နောက်မှ လိုက်လံဖမ်းဆီးနေသော ငွေပြာရောင်ပုံရိပ်ကို ခါချပစ်ရန် ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်ကို အသုံးပြုရန် ကြိုးစားနေလေသည်။

All Chapters