← Chapters

နိုးထလာသော ရေခဲနဂါးလေး၊ လင်းထျန်းလုံမှ ‌ရေခဲနဂါးလေးအား လိုက်လံဖမ်းဆီးခြင်း (၄)

Vol. 15 Ch. 144

နိုးထလာသော ရေခဲနဂါးလေး၊ လင်းထျန်းလုံမှ ‌ရေခဲနဂါးလေးအား လိုက်လံဖမ်းဆီးခြင်း (၄)

Vol. 15 Ch. 144

သို့သော် ဤအရာအားလုံးမှာ လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းများရှေ့တွင် အချည်းနှီး ဖြစ်နေပုံရလေသည်။

ရေခဲနဂါးလေး၏ လှုပ်ရှားမှု ရည်ရွယ်ချက်တိုင်းနှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းတိုင်းမှာ၊ လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် ရှင်းလင်းသော မြေပုံတစ်ခုကဲ့သို့ ဖော်ပြနေလေသည်။

သူသည် အတွေ့အကြုံရင့် မုဆိုးတစ်ဦးအတိုင်းပင်။

မျက်ကန်းတမ်း လိုက်လံဖမ်းဆီးနေခြင်း မဟုတ်ဘဲ၊ အဆက်မပြတ် ကြိုတင်ခန့်မှန်းကာ ပိတ်ဆို့နေပြီး၊ ရေခဲနဂါးလေး၏ ထွက်ပြေးမည့် နေရာကို တစ်ဆင့်ချင်း ကျဉ်းမြောင်းသွားစေလေသည်။

“အမြန်နှုန်းက လက်ခံနိုင်လောက်ပေမဲ့၊ လမ်းကြောင်းက ကြိုတင်ခန့်မှန်းဖို့ အရမ်းလွယ်လွန်းတယ်...” လင်းထျန်းလုံသည် စိတ်ထဲမှ တည်ငြိမ်စွာ အကဲဖြတ်လိုက်သည်။

သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ မြန်နှုန်းမြင့် လှုပ်ရှားမှုများနှင့် အံ့သြစရာကောင်းသော သွက်လက်မှုများကို ပြသနေလေသည်။

အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းက သူ၏ ခြေလှမ်းတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို မယုံနိုင်လောက်အောင် ချောမွေ့စေပြီး၊ သူ၏ အမြန်နှုန်းမှာ သွက်လက်မှုကြောင့် နာမည်ကြီးသော ရေခဲနဂါးလေးထက်ပင် တစ်ဆင့် ပိုမိုမြန်ဆန်နေတော့သည်။

သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ မျက်စိဖြင့်မြင်နိုင်သောနှုန်းဖြင့် တိုတောင်းလာနေလေသည်။

မီတာ ရှစ်ဆယ်၊ မီတာ ငါးဆယ်၊ မီတာ သုံးဆယ်...

ရေခဲနဂါးလေးသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် အရိုးခိုက်မတတ် အေးစက်နေသည့် သတ်ဖြတ်လိုစိတ်များ သူ၏အနောက်မှ တဖြည်းဖြည်း နီးကပ်လာသည်ကို ခံစားလိုက်ရပြီး၊ နှလုံးသားထဲရှိ ထိတ်လန့်မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။

သူ ရုတ်တရက် ခေါင်းလှည့်လိုက်ရာ ဒေါင်လိုက် သူငယ်အိမ်များထဲတွင် မျှော်လင့်ချက်မဲ့နေသော ရူးသွပ်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး၊ ရေခဲငွေ့တစ်သုတ်ကို နောက်တစ်ကြိမ် မှုတ်ထုတ်လိုက်လေသည်။

ဤတစ်ကြိမ်တွင် ရေခဲငွေ့များမှာ မြူခိုးများအဖြစ် ပြန့်ကားမသွားဘဲ အလွန်အမင်း စုစည်းသွားကာ၊ အပြာရောင် မှိန်ဖျော့ဖျော့ အလင်းတန်းများ၊ အေးစက်စက် တဖျတ်ဖျတ် လင်းလက်နေသော ရေခဲသလင်းမြား ဒါဇင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားသည်။

မြားများမှာ စူးရှသော လေခွင်းသံများနှင့်အတူ လင်းထျန်းလုံဆီသို့ ရုတ်တရက် မြားမုန်တိုင်းတစ်ခုကဲ့သို့ ကျရောက်သွားလေတော့သည်။

ဤသည်မှာ သူ၏ နောက်ဆုံးလက်ကျန် တိုက်ခိုက်ရေးနည်းလမ်း အနည်းငယ်ထဲမှ တစ်ခု ဖြစ်လေသည်။

သိပ်သည်းစွာ တိုး၀င်လာသော ရေခဲသလင်းမြားများကို ရင်ဆိုင်ရသည့် အချိန်တွင်ပင် လင်းထျန်းလုံ အရှိန်မလျှော့ခဲ့ပေ။

ငွေပြာဘုရင်မျက်၀န်းများဖြင့် မြားများအားလုံး၏ လမ်းကြောင်းများကို ချက်ချင်း တွက်ချက်လိုက်သည်။

သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အလွန်အမင်း သေးငယ်သော လှုပ်ရှားမှုလေးများဖြင့် ဘယ်ညာ ယိမ်းနွဲ့သွားပြီး၊ တစ္ဆေတစ်ကောင်ကဲ့သို့ မြားမိုးများကြားရှိ ကွက်လပ်များမှတစ်ဆင့် ဖြတ်သန်းသွားလေသည်။

ရေခဲသလင်းမြားအများစုမှာ လွဲချော်သွားပြီး သူ၏ အမွေးအမျှင်များကိုသာ သီသီလေး ပွတ်တိုက်သွားကြသည်။

ရံဖန်ရံခါ အမှန်တကယ် ရှောင်လွှဲ၍ မရနိုင်သော မြားအနည်းငယ်ကိုမူ သူ၏ ပေါ့ပေါ့ပါးပါး ရမ်းယှက်လိုက်သော လက်သည်းချက်များက ယင်ကောင်များကို ရိုက်ချလိုက်သကဲ့သို့ အလွယ်တကူ ဖယ်ရှားပစ်လိုက်လေသည်။

“စွမ်းအားက လက်ခံနိုင်လောက်စရာ ရှိပေမဲ့၊ နည်းစနစ်ကတော့ အရမ်းညံ့လွန်းတယ်...” လင်းထျန်းလုံ၏ အကဲဖြတ်မှုမှာ အေးစက်နေဆဲပင်။ ဤအဆင့် တိုက်ခိုက်မှုများမှာ သူ၏ အမွေးအမျှင်များကိုပင် မထိုးဖောက်နိုင်ပေ။

ဆယ်မီတာအကွာ။

သူတို့အဆင့်ရှိ တည်ရှိမှုများအတွက် ဤအကွာအဝေးမှာ လက်တစ်ကမ်းအကွာတွင် ရှိနေပြီ ဖြစ်လေသည်။ ရေခဲနဂါးလေးသည် အသက်အန္တရာယ်၊ အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။

ယခုချိန်မှာ အသက်အတွက် မတိုက်ခိုက်လျှင်၊ နောက်ထပ် အခွင့်အရေးရတော့မည် မဟုတ်ကြောင်း သူ သိထားလေသည်။

ရေခဲနဂါးလေးသည် စူးရှပြီး နားကွဲမတတ် ကျယ်လောင်သော အော်သံကြီးတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး၊ သူ့တစ်ကိုယ်လုံးရှိ အကြေးခွံများမှာ ချက်ချင်း ထောင်မတ်လာလေသည်။

ယခင်ကထက် များစွာ ပိုမိုကြမ်းတမ်းပြီး မတည်မငြိမ်ဖြစ်နေဿာ ရေခဲစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

နှင်းခဲဝိညာဉ်မသေမျိုး (ရွှေရောင် · ဒဏ္ဍာရီအဆင့်) ပင်ကိုစွမ်းရည်၏ အလိုအလျောက် အသက်ဝင်ခြင်း။

နှင်းခဲဝိညာဉ်လောင်ကျွမ်းခြင်းကို အသက်သွင်းလိုက်ချေပြီ။

ဤသည်မှာ မိမိ၏ မူလအသက်စွမ်းအင်ကို အလွန်အကျွံ အသုံးပြုရသော တားမြစ်နည်းစနစ် တစ်ခုဖြစ်ပြီး၊ အချိန်တိုအတွင်း မိမိ၏ အမြန်နှုန်း၊ ကာကွယ်ရေးနှင့် စွမ်းအင် ပြင်းထန်မှုတို့ကို ကြီးမားစွာ မြှင့်တင်ပေးနိုင်လေသည်။

သို့သော် နောက်ဆက်တွဲဆိုးကျိုးများမှာမူ အလွန်အမင်း ဆိုးရွားလှပြီး၊ မိမိ၏ စိတ်စွမ်းအင်အကြီးအကျယ် ထိခိုက်ခြင်းနှင့် အဆင့်ကျဆင်းသွားခြင်းမှအစ ဝိညာဉ် လုံးဝလွင့်ပြယ်သွားပြီး သေဆုံးခြင်းအဆုံး ဖြစ်စေနိုင်လေသည်။

ဝုန်း...

ရေခဲနဂါးလေး၏ အရှိန်အဝါမှာ ဒုံးပျံတစ်ခုကဲ့သို့ ရူးသွပ်စွာ ထိုးတက်သွားပြီး၊ အဆင့် ၂၉ ၏ အချုပ်အနှောင်များကို ချက်ချင်း ထိုးဖောက်သွားကာ အဆင့် ၃၀ ဘုရင်အဆင့် တံခါးဝကို ခဏတာ ထိတွေ့သွားခဲ့လေသည်။

ဖြူဖျော့ဖျော့ အေးစက်သော မီးတောက်အလွှာတစ်ခု သူ၏ခန္ဓာကိုယ်ကို ဝန်းရံကာ လောင်ကျွမ်းနေပြီး အမြန်နှုန်းမှာလည်း နောက်တစ်ကြိမ် ရုတ်တရက် ထိုးတက်သွားသည်။

သာမန်မျက်စိဖြင့် ဖမ်းဆုပ်ရန် မဖြစ်နိုင်လုနီးပါး မြန်ဆန်လွန်းသည့် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အကွာအဝေးကို နောက်တစ်ကြိမ် ပြန်လည် ဆွဲဆန့်တော့မည့်အလား ဖြစ်နေလေသည်။

“မူလစွမ်းအင်ကို လောင်ကျွမ်းနေတာလား... သေခါနီး ရုန်းကန်မှုပဲ...” လင်းထျန်းလုံ၏ မျက်လုံးများတွင် ထက်မြက်သော အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

ရေခဲနဂါးလေးက လင်းထျန်းလုံ ဤမျှအထိ ပြတ်သားပြီး ယခုအခြေအနေအထိ တွန်းပို့ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လင်းထျန်းလုံသည်လည်း ရေခဲနဂါးလေး ထိုသို့ လွတ်မြောက်သွားမည်ကို မလိုလားချေ။

“အာဝူး...” တိုက်ပွဲအတွင်း အသုံးမပြုရသေးသော ငွေပြာဝံပုလွေ တိုက်ပွဲဟိန်းဟောက်သံ (ခရမ်းရောင် ပါရမီရှင်အဆင့်) မှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာခဲ့လေပြီ။

ဤဟိန်းဟောက်သံမှာ ရုပ်ပိုင်းဆိုင်ရာကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ဝိညာဉ်အဆင့်တွင် တိုက်ရိုက်သက်ရောက်မှု ရှိခြင်းဖြစ်သည်။

ငွေပြာဝံပုလွေဘုရင်၏ ခမ်းနားထည်ဝါမှုများ ပါဝင်နေသော မျက်စိဖြင့်မမြင်ရသည့် အသံလှိုင်းလုံးကြီးတစ်ခုမှာ ဆူနာမီလှိုင်းကြီး တစ်ခုကဲ့သို့ တိုက်ခတ်သွားလေတော့သည်။

ထွက်ပြေးရန်အတွက် မူလစွမ်းအင်ကို ရူးသွပ်စွာ လောင်ကျွမ်းနေသော ရေခဲနဂါးလေးသည်၊ သူ၏ ဝိညာဉ်ကို သံတူကြီးတစ်လက်ဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

သူ၏ အသိစိတ်များ ချက်ချင်း ဗလာကျင်းသွားပြီး၊ မြန်ဆန်စွာ ရွေ့လျားနေသော ခန္ဓာကိုယ်ကြီးမှာလည်း တောင့်တင်းသွားလေသည်။

နှင်းခဲဝိညာဉ်လောင်ကျွမ်းခြင်း အခြေအနေမှာ တစ်ခဏမျှ ပြတ်တောက်သွားခဲ့ချေပြီ။

ဤတုံ့ဆိုင်းသွားသည့် ခဏတာ အခိုက်အတန့်လေးသည်ပင် လင်းထျန်းလုံအတွက် လုံလောက်သွားခဲ့ပြီ ဖြစ်လေသည်။

အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းသည် အမြင့်ဆုံး ကန့်သတ်ချက်အထိ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူသည် ရေခဲနဂါးလေး၏ အထက်တည့်တည့်တွင် နေရာကူးပြောင်းလိုက်သည့်အလား ချက်ချင်း ပေါ်လာခဲ့လေသည်။

သူ၏ ညာဘက်လက်သည်းကို မြင့်မားစွာ မြှောက်ထားပြီး၊ လက်သည်းများ၏ ထိပ်ဖျားတွင်၊ မှိန်ဖျော့ဖျော့ အပြာရောင် လျှပ်စီးစွမ်းအားများနှင့် လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိပုံရသော ငွေပြာရောင်စွမ်းအင်တို့မှာ ပြီးပြည့်စုံစွာ ပေါင်းစပ်၊ သိပ်သည်းကာ စုစည်းနေလေသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ မခံမရပ်နိုင်လောက်အောင် တဝီဝီ မြည်နေသည်။

ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်း (ခရမ်းရောင် ပါရမီရှင်အဆင့်) အစွမ်းကုန် တိုက်ကွက်။

“သေစမ်း...”

လင်းထျန်းလုံ၏ အေးစက်သော အတွေးနှင့်အတူ၊ ဖျက်ဆီးနိုင်စွမ်းအားကောင်းသော စွမ်းအားများ ပါဝင်နေသည့် ထိုဧရာမ လက်သည်းကြီးမှာ....

အလျင်စလို စုစည်းထားသော ရေခဲချပ်ဝတ်တန်ဆာ (အဖြူရောင် · ငွေအဆင့်)အလွှာနှင့် ရေခဲနဂါးလေး၏ ပတ်ဝန်းကျင်ရှိ လောင်ကျွမ်းနေသော နှင်းခဲဝိညာဉ်မီးတောက်များကို၊ ပါးလွှာသော စက္ကူတစ်ရွက်ကို ဆုတ်ဖြဲလိုက်သကဲ့သို့ အလွယ်တကူ ဆုတ်ဖြဲသွားပြီး၊ ရေခဲနဂါးလေး၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေတော့သည်။

ဂျွတ်...

အရိုးခိုက်မတတ် အက်ကွဲသံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

“ဂါး... ဝေါင်းး...”

ရေခဲနဂါးလေးသည် နာကျဉ်လွန်းသဖြင်ပ စူးရှလွန်းသော အော်ဟစ်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ လေထဲမှနေ၍ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ အောက်သို့ ရိုက်ချခံလိုက်ရပြီး၊ အောက်ဘက်ရှိ နှင်းပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားခဲ့လေသည်။

‌သူ့အား နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားစေသည့် ကျောပြင်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးမှနေ၍ ရေခဲပြာရောင် သွေးများမှာ စမ်းရေတွင်းတစ်ခုသဖွယ် ပန်းထွက်လာလေတော့သည်။

ရေခဲနဂါးလေးသည် တွင်းအောက်ခြေတွင် လဲလျောင်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီနေလေသည်။

လောင်ကျွမ်းနေသော မူလစွမ်းအင် မီးတောက်များမှာ ကြာမြင့်စွာကတည်းက ငြိမ်းသတ်သွားခဲ့ပြီဖြစ်ပြီး၊ သူ၏ အရှိန်အဝါမှာ လေတိုက်နေသော ဖယောင်းတိုင်မီးလေး တစ်ခုကဲ့သို့ လျင်မြန်စွာ မှေးမှိန်လာနေကာ၊ ထရန်၊ ရုန်းကန်ရန် ခွန်အားပင် မရှိတော့ပေ။

ထိုဒေါင်လိုက် သူငယ်အိမ်များထဲတွင် နာကျင်မှုများ၊ ကြောက်ရွံ့မှုများနှင့်... မယုံကြည်နိုင်လောက်သော မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်တစ်ခု ပြည့်နှက်နေလေသည်။

သူ၏ နာမည်ကြီး နှင်းခဲဝိညာဉ်မသေမျိုး ပင်ကိုစွမ်းရည်မှာ ရူးသွပ်စွာ အလုပ်လုပ်နေပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို ကုသရန် ကြိုးစားနေသော်ငြား....

ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်းအတွင်းတွင် ပါဝင်နေသော အဖျက်စွမ်းအင်များမှာ အရိုးထဲထိ ကပ်တွယ်နေသော လောက်ကောင်များအလား၊ ဆဲလ်တစ်ရှူးအသစ်များကို အဆက်မပြတ် ဖျက်ဆီးပစ်နေလေရာ... ကုသမှု အမြန်နှုန်းမှာ ဖျက်ဆီးမှု အမြန်နှုန်းကို လိုက်မမီနိုင်တော့ပေ။

လင်းထျန်းလုံ၏ ပုံရိပ်မှာ တွင်းနက်ကြီး၏ အစွန်းပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

သူ၏ ငွေပြာရောင် အမွေးအမျှင်များမှာ ဝိညာဉ်နယ်မြေ၏ အလင်းရောင်အောက်တွင် အေးစက်သော အလင်းတန်းများဖြင့် စီးဆင်းနေပြီး၊ သေခြင်းနှင့်ရှင်းခြင်းကို စီရင်ဆုံးဖြတ်နေသည့် သေမင်းတစ်ပါးသဖွယ် တွင်းအောက်ခြေရှိ သေအံ့ဆဲဆဲ သားကောင်ကို အထက်စီးမှ ကြည့်နေလေသည်။

တိုက်ပွဲ ပြီးဆုံးသွားလေပြီ။

နှင်းကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး၊ ရေခဲပြင်ကို ဖြတ်သန်းတိုက်ခတ်နေသော အေးစက်သည့် လေပြင်းများ၏ အသံသာ ရှိလေတော့သည်။

နှင်းဝံပုလွေအုပ်စုဝင်များမှာ၊ တစ်ချိန်က လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲ့သော်လည်း ယခုအခါတွင် သေခါနီး ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် တွင်းအောက်ခြေရှိ ရေခဲနဂါးလေး ကို ကြည့်ရင်း၊ သူတို့၏ မျက်လုံးများထဲတွင် ဘုရင်ကြီးအတွက် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။

All Chapters