← Chapters

နိုးထလာသော ရေခဲနဂါးလေး၊ လင်းထျန်းလုံမှ ‌ရေခဲနဂါးလေးအား လိုက်လံဖမ်းဆီးခြင်း (၅)

Vol. 15 Ch. 145

နိုးထလာသော ရေခဲနဂါးလေး၊ လင်းထျန်းလုံမှ ‌ရေခဲနဂါးလေးအား လိုက်လံဖမ်းဆီးခြင်း (၅)

Vol. 15 Ch. 145

သူတို့ဘုရင်၏ စွမ်းအားမှာ သူတို့ စိတ်ကူးထားသည်ထက်ပင် ပိုမိုအစွမ်းထက်နေချေပြီ။

ထိုအချိန်မှာပင် စွတ်ဖားပေါ်တွင် တစ်ချိန်လုံး အိပ်မောကျနေခဲ့ကြသော ရှောင်လန်နှင့် ရှောင်ယင်းတို့၏ မျက်တောင်ရှည်ကြီးများမှာ၊ အပြင်ဘက်မှ နောက်ဆုံးအဆုံးအဖြတ်ပေးမည့် သတ်ဖြတ်လိုစိတ်များနှင့် စွမ်းအင်လှိုင်းများကြောင့် အနှောင့်အယှက် ဖြစ်သွားသကဲ့သို့ အကြိမ်အနည်းငယ် ပြင်းထန်စွာ တုန်ခါသွားခဲ့လေသည်။

သူတို့သည် အနည်းငယ် ဝေခွဲမရဖြစ်နေဟန်ဖြင့် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ကြသည်။

စွတ်ဖားပေါ်ရှိ ထူထဲသော ဝက်ဝံသားရေစောင်ကြီမှာ လှုပ်ရှားသွားလေသည်။

ရှောင်လန်သည် ပထမဆုံး မျက်လုံးများကို အပြည့်အဝ ဖွင့်လိုက်လေသည်။

မူလက အားနည်းမှုကြောင့် အနည်းငယ် မှေးမှိန်နေခဲ့သော ထိုမျက်လုံးများမှာ၊ အခုလေးတင် နိုးလာခြင်းကြောင့် ဇဝေဇဝါ အရိပ်အယောင်လေးတစ်ခု ပါဝင်နေဆဲဖြစ်သော်ငြား၊ ယခင်က ကြည်လင်မှုနှင့် စိတ်ဓာတ်များကို လျင်မြန်စွာပင် ပြန်လည်ရရှိလာခဲ့လေသည်။

၎င်းနောက် ချက်ချင်းဆိုသလိုပင် ရှောင်ယင်းသည်လည်း မျက်လုံးများကို ပွတ်သပ်ကာ ညည်းတွားသံလေးတစ်ခုနှင့်အတူ ထထိုင်လိုက်လေသည်။

ကလေးငယ်နှစ်ဦးမှာ အပြင်ဘက်မှ လုံးဝ မငြိမ်သက်သေးသော စွမ်းအင်လှိုင်းဂယက်များနှင့် တွင်းအောက်ခြေမှ ထွက်ပေါ်လာနေသည့် နာကျင်နေဟန်သော ခပ်သဲ့သဲ့ အသံများကို တစ်ပြိုင်နက်တည်းနီးပါး ခံစားလိုက်ရလေသည်။

သူတို့၏ အကြည့်များမှာ တွင်းနက်ကြီး၏ အစွန်းရှိ ခမ်းနားထည်ဝါလွန်းသော ငွေပြာရောင်ပုံရိပ်ကြီးနှင့်၊ တွင်းအောက်ခြေရှိ ရုန်းကန်နေသော ရေခဲပြာရောင်ပုံရိပ်မှုဆီသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရလေသည်။

“ဖေဖေ...” ရှောင်ယင်းသည် အခုလေးတင် နိုးလာကာ အိပ်ချင်မူးတူးဖြစ်နေသည့် အခြေအနေမှ ချက်ချင်း ပြောင်းလဲသွားပြီး တွင်းအောက်ခြေကို စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြလိုက်လေသည်။

“အဲဒီ... သေချင်ယောင်ဆောင်တဲ့ အဲဒီ ဖွတ်ကြီးကို ဖေဖေနိုင်သွားပြီပဲ...” သူမ၏ အသံလေးမှာ ကြည်လင်နေပြီး ဖုံးကွယ်ထားခြင်းမရှိသော ချီးကျူးအားကျမှုများ ပါဝင်နေလေသည်။

ရှောင်လန်မှာမူ အနည်းငယ် ပိုမိုဂရုစိုက်တတ်ပုံ ရလေသည်။

သူမ၏ မျက်၀န်းများဖြင့် ဝံပုလွေဖေဖေ၏ ခန္ဓာကိုယ်ကို ဝေ့ကြည့်လိုက်ကာ၊ အမာရွတ်အသစ်များ မရှိကြောင်း အတည်ပြုလိုက်ပြီးနောက်၊ တွင်းအောက်ခြေရှိ ရေခဲနဂါးလေး၏ သေအံ့ဆဲဆဲ အခြေအနေကို အာရုံခံမိလိုက်လေသည်။

ထိုအချိန်မှသာ သူမသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး နူးညံ့သော ကလေးသံလေးဖြင့် ပြောလိုက်လေသည် “ဖေဖေက အရမ်း တော်တာပဲ... အဲဒါကြီးက... သေတော့မယ့်ပုံပဲ...”

သူ့သမီးလေးများ၏ အသံများကို ကြားလိုက်ရသောအခါ၊ လင်းထျန်းလုံ၏ ပတ်ဝန်းကျင်ရှိ အေးစက်စက် အရှိန်အဝါများမှာ ချက်ချင်းပင် များစွာ နူးညံ့သွားခဲ့လေသည်။

သူ နောက်သို့လှည့်လိုက်ပြီး သူ၏ ဧရာမခေါင်းကြီးကို ငုံ့ကာ စွတ်ဖားဆီသို့ ချဉ်းကပ်သွားသည်။

ထို့နောက် ကလေးငယ်နှစ်ဦး၏ ပါးပြင်များကို သူ၏နှာခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးသည့် အတွေးတစ်ခုကို ပေးပို့လိုက်သည် “နိုးပြီလား... ဘယ်လိုနေလဲ... နေလို့မကောင်းသလို ခံစားရတာ တစ်ခုခု ရှိသေးလား...”

“အင်း... အင်း... သမီး အကြာကြီးအိပ်ပျော်သွားတာပဲ... ခွန်အားတွေ အများကြီး ပြန်ပြည့်လာသလို ခံစားရတယ်...” ရှောင်ယင်းသည် ခေါင်းကို အပြင်းအထန်ညိတ်လိုက်ပြီး လင်းထျန်းလုံ၏ နှာခေါင်းကို ဖက်ရန် သူမ၏ လက်သေးသေးလေးအား ဆန့်ထုတ်လိုက်လေသည်။

ရှောင်လန်သည်လည်း သူမ အခြေအနေ ကောင်းမွန်ကြောင်း ပြသသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

ထိုအချိန်တွင် ရန့်မြဲ့၊ ထျန်းပင်းနှင့် အခြားသော အဓိကအဖွဲ့ဝင်များမှာလည်း စုဝေးလာကြလေသည်။

ထျန်းပင်းသည် တွင်းအောက်ခြေရှိ ရေခဲနဂါးလေးကို ကြည့်လိုက်ကာ သူ၏ လည်ချောင်းထဲမှ တိုးညှင်းသော ညည်းတွားသံတစ်ခု ထွက်ပေါ်လာသည်။

သွေးရောင်လွှမ်းနေသော မျက်လုံးများထဲတွင် ပြင်းပြလှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေကာ၊ အောက်သို့ ဆင်းသွားပြီး နောက်ဆုံး အဆုံးသတ် ပေးလိုက်ရမလားဟု ညွှန်ကြားချက် တောင်းခံနေဟန် ရှိလေသည်။

ရန့်မြဲ့မှာမူ ပိုမိုတည်ငြိမ်ပြီး၊ သူ၏ အကြည့်များက ရေခဲနဂါးလေး၏ ထူးဆန်းသော ကုသရေး စွမ်းရည်ကြောင့် တွန့်လိမ်နေသော ဒဏ်ရာများပေါ် ဝေ့ဝဲနေပြီးနောက်၊ လင်းထျန်းလုံကို ကြည့်ကာ ဘုရင်ကြီး၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေလေသည်။

လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းများမှာ ရေခဲနဂါးလေး အပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားပြီး သေချာ အကဲခတ်နေလေသည်။

ဤအကောင်၏ အသက်ရှင်နိုင်စွမ်းမှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။

ဤမျှ ပြင်းထန်သော ဒဏ်ရာကို ရရှိထားပြီးနောက်၊ မည်သည့် သာမန်ပါရမီရှင်အဆင့် မိစ္ဆာသားရဲမဆို ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သော်ငြား၊ ဤကောင်မှာမူ အသက်ငင်နေဆဲပင် ဖြစ်သည်။

ဒဏ်ရာများမှာ ဖျက်ဆီးမှု အမြန်နှုန်းကို များစွာ လိုက်မမီဘဲ နှေးကွေးသော်လည်း ခေါင်းမာစွာ ဆက်လက်ကုသရန် ကြိုးစားနေလေသည်။

“ဒီကောင်ကို သတ်လိုက်ရင် နှင်းခဲဝိညာဉ်မသေမျိုး ပင်ကိုစွမ်းရည် ပါတဲ့ တန်ဖိုးရှိအမြုတေ တစ်ခုကို ရကောင်းရနိုင်တယ်၊ ဒါပေမဲ့ အဲ့တာရဲ့တန်ဖိုးက ဒီလို ထူးခြားတဲ့ ပင်ကိုစွမ်းရည်ရှိပြီး အသက်ရှင်လျက်ရှိနေတဲ့ ‘နမူနာ’ တစ်ခုနဲ့ ယှဉ်နိုင်ဖို့ဆိုတာ မသေချာဘူး...”

လင်းထျန်းလုံသည် စိတ်ထဲတွင် လျင်မြန်စွာ ချိန်ဆလိုက်လေသည်။ ဝံပုလွေအုပ်စု၏ အနာဂတ် ရန်သူများမှာ ပိုမိုအစွမ်းထက်လာမည်ဖြစ်ပြီး၊ လူသားအင်အားစုများ၏ နည်းပညာနှင့် နည်းလမ်းများမှာလည်း အဆုံးအစမရှိ ပေါ်ထွက်လာနေလးသည်။

ဤသတ်၍မရနိုင်လုနီးပါး ဖြစ်နေသေည မိစ္ဆာသားရဲကိုသာ သူ ထိန်းချုပ်နိုင်မည်ဆိုလျှင်၊ ၎င်း၏ ပင်ကိုစွမ်းရည် လျှို့ဝှက်ချက်များကို သုတေသနပြုလုပ်ရန်အတွက် ဖြစ်စေ သို့မဟုတ် အချို့သော တိကျသည့် အခြေအနေများတွင် ရုတ်တရက် တိုက်ခိုက်မည့် လျှို့၀ှက်တပ်ဖွဲ့တစ်ခုအနေဖြင့် ဖြစ်စေ၊ မမျှော်လင့်ထားသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာနိုင်လေသည်။

ဤအကြောင်းကို တွေးမိသောအခါ လင်းထျန်းလုံသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။

သူ ခေါင်းမော့လိုက်ပြီး စူးရှရှအကြည့်များဖြင့် ဝံပုလွေအုပ်စုကို ဝေ့ကြည့်လိုက်ကာ၊ သူ၏ အတွေးများမှာ အဖွဲ့ဝင် အားလုံးထံသို့ ရောက်ရှိသွားလေသည်

“ရန့်မြဲ့... အဲ့ကောင်ကို စောင့်ကြည့်ထား၊ သူ လှုပ်ရှားမှုတစ်ခုခု လုပ်ရင် ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ဖောက်ခွဲဖို့ကြိုးစားရင် ချက်ချင်း သတ်ပစ်လိုက်..."

“ယင်းဖုန်း... အမဲလိုက်သမားတွေကို ခေါ်ပြီး ကင်းလှည့်တဲ့ အကွာအဝေးကို ချဲ့လိုက်၊ အနီးအနားမှာ တခြား ခြိမ်းခြောက်မှုတွေ မရှိဘူးဆိုတာ သေချာအောင်လုပ်...”

“ထျန်းပင်း... မင်းက အထောက်အပံ့အတွက် တာဝန်ယူ၊ အရှေ့ကနေ တိုး၀င်လာမယ့် အရာတွေကို အချိန်မရွေး ရင်ဆိုင်ဖို့ အသင့်ပြင်ထား...”

တစ်ချိန်တည်းမှာပင်၊ သံမဏိဒိုင်းကာ ကင်းစခန်းနှင့် တိုက်ပွဲမှ သိမ်းဆည်းရမိသော ပစ္စည်းများထဲတွင် အထူးပြုလုပ်ထားသော ခိုင်ခံ့သည့် သတ္တုကြိုးများနှင့် သတ္တုသံကွင်းအချို့ ပါဝင်ကြောင်းကို သူ သတိရလိုက်လေသည်။

မကြာမီမှာပင် ယင်းဖုန်းသည် သူ၏ ပါးစပ်ထဲတွင် အေးစက်စက် လင်းလက်နေသော သတ္တုကေဘယ်ကြိုးလိပ် အချို့နှင့် ခိုင်ခံ့သော သံကွင်းအချို့ကို ကိုက်ချီလျက် သူ၏ အရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

လင်းထျန်းလုံသည် ဤသံကွင်းများကို ရေခဲနဂါးလေး၏ လည်ပင်း၊ ခြေလက်များနှင့် အမြီးတို့တွင် တိကျစွာ တပ်ဆင်ရန်အတွက် အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို အသုံးပြုလိုက်ပြီး၊ ချုပ်နှောင်မှုတစ်ခုအနေဖြင့် သူ၏ ကိုယ်ပိုင် ငွေပြာရောင်စွမ်းအင် အနည်းငယ်ကို အတင်းအဓမ္မ ထိုးသွင်းလိုက်လေသည်...။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ လင်းထျန်းလုံသည် ရေခဲနဂါးလေး အပေါ် ဖိနှိပ်ထားမှုကို အနည်းငယ် ဖြေလျှော့ပေးလိုက်လေသည်။

သူသည် ရေပြာကြေးခွံအစောင့်အရှောက် တစ်ကောင်ကို လာရန် အချက်ပြလိုက်ပြီး၊ ပြင်းထန်စွာ ဒဏ်ရာရနေသော ရေခဲနဂါးလေးကို တွင်းနက်ကြီးထဲမှ ဂရုတစိုက် ဆွဲထုတ်ကာ စောင့်ကြည့်အတွက် အဖွဲ့၏ အနောက်ဘက်တွင် ထားရန် ညွှန်ကြားလိုက်လေသည်။

ရေခဲနဂါးလေး၏ ကိစ္စကို ဖြေရှင်းပြီးနောက်၊ လင်းထျန်းလုံသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည်။

ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အပြောင်းအလဲများမှာ အန္တရာယ်ကင်းကင်းဖြင့် အဆုံးသတ်သွားခဲ့ပြီး ပစ္စည်းအများအပြားပင် ရရှိခဲ့သော်ငြား၊ (ရေခဲပင်မသတ္တုကြော၊ ရေခဲနဂါးလေး ကို အညံ့ခံခိုင်းနိုင်ခဲ့ခြင်း)၊ ၎င်းတို့သည် နှင်းဝံပုလွေအုပ်စု၏ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် စွမ်းအင်အများအပြားကိုလည်း စားသုံးသွားခဲ့ပြီ ဖြစ်သည်၊

အထူးသဖြင့် ယခုလေးတင် နိုးလာကြပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အချိန်လိုအပ်နေသေးသည့် ရှောင်လန်နှင့် ရှောင်ယင်းတို့အတွက် ပို၍ပင် မှန်ကန်လှပေသည်။

သူသည် ဝိညာဉ်နယ်မြေ၏ ပိုမိုနက်ရှိုင်းသော ဦးတည်ရာသို့ မော့ကြည့်လိုက်လေသည်။

နှင်းဝိညာဉ်မြေခွေး၏ ကောင်းချီးပေးမှုမှ ယူဆောင်လာပေးသော အခွင့်အရေးများနှင့် ပတ်သက်သည့် ဝေဝါးဝါး အာရုံခံစားနိုင်စွမ်းမှာ ရှိနေဆဲဖြစ်သော်ငြား ၎င်းမှာ ခပ်သဲ့သဲ့ အန္တရာယ် သတိပေးချက်တစ်ခုနှင့်လည်း ရောနှောနေလေသည်။

ဝိညာဉ်နယ်မြေ၏ အနက်ထဲတွင် ပိုမိုကြီးမားသော လျှို့ဝှက်ချက်များ ပုန်းကွယ်နေမည်မှာ သေချာပြီး၊ ပိုမိုကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များလည်း ပုန်းအောင်းနေနိုင်လေသည်။

“ဒီနေ့တော့ ငါတို့ ဒီမှာပဲ စခန်းချပြီး အနားယူကြမယ်...” လင်းထျန်းလုံ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ဒီနေရာကို ဗဟိုပြုပြီး၊ ရန့်မြဲ့၊ ထျန်းပင်း... မင်းတို့က အဖွဲ့ကို ဦးဆောင်ပြီး အလှည့်ကျ ကင်းစောင့်ကြ... တခြား အဖွဲ့ဝင်တွေကတော့၊ မင်းတို့ရဲ့ အခြေအနေကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာအောင် လုပ်ကြပါ... မနက်ဖြန်ကျမှ ငါတို့ ဆက်ပြီး စူးစမ်းလေ့လာကြမယ်...”

အမိန့် ထုတ်ပြန်လိုက်သည်နှင့် နှင်းဝံပုလွေအုပ်စုမှာ ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။

ရေပြာကြေးခွံအစောင့်အရှောက်များသည် ရိုးရှင်းသော်လည်း ခိုင်ခံ့သော ယာယီ စခန်းတစ်ခုကို လျင်မြန်စွာ တည်ဆောက်ရန်အတွက် သူတို့၏ ကိုယ်ပိုင် အကြေးခွံများနှင့် ပတ်ဝန်းကျင်ရှိ ရေခဲကျောက်တုံးများကို အသုံးပြုလိုက်ကြလေသည်။

အခြားသော နှင်းဝံပုလွေများမှာ တစ်ကောင်ပြီးတစ်ကောင် လှဲလျောင်းလိုက်ကြပြီး၊ သူတို့၏ ကုန်ဆုံးသွားသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ပြန်လည် ဖြည့်တင်းရန်အတွက် ဝိညာဉ်နယ်မြေအတွင်းရှိ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေကြလေသည်။

​ရှောင်လန်နှင့် ရှောင်ယင်းတို့သည်လည်း စွတ်ဖားပေါ်တွင် လိမ္မာစွာ ထိုင်လိုက်ကြပြီး၊ သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းစနစ်များဖြစ်သည့်... ရေခဲနှလုံးသား သိုင်းကျမ်း နှင့် ခရမ်းရောင်အကျဉ်းထောင် မိစ္ဆာသိုင်းကျမ်း တို့ကို တိတ်ဆိတ်စွာ စတင်လည်ပတ်လိုက်ကြလေသည်။

ဝိညာဉ်နယ်မြေအတွင်းရှိ သန့်စင်သော ရေခဲဒြပ်စင် စွမ်းအင်များမှာ သူတို့အား ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကြီးမားသော အကျိုးကျေးဇူးကို ဖြစ်ပေါ်စေလေသည်။

​လင်းထျန်းလုံသည် စခန်း၏ အလယ်ဗဟိုတွင် လှဲလျောင်းနေပြီး၊ ယနေ့၏ ရိတ်သိမ်းရရှိမှုများကို ချေဖျက်နေရင်း အဖွဲ့တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေးနေကာ၊ တစ်ချိန်တည်းမှာပင် သူ၏ ငွေပြာဘုရင်မျက်၀န်းများဖြင့် အဝေးမှ မှုန်ဝါးဝါး လေပြင်းများနှင့် နှင်းများ၊ လှည့်စားတတ်သော အလင်းတန်းများကို သတိဝီရိယဖြင့် စောင့်ကြည့်နေလေသည်။

​ထျန်းစန်းဝိညာဉ်နယ်မြေ၏ ညဉ့်ယံမှာ ငြိမ်းချမ်းမှု မရှိရန် သတ်မှတ်ခံထားရပြီးသား ဖြစ်လေသည်။

ထို့အပြင် နှင်းဝံပုလွေဘုရင်နှင့် သက်ဆိုင်သော ဒဏ္ဍာရီမှာလည်း ၎င်း၏ အခန်းသစ်ကို ယခုမှ စတင်ရုံသာ ရှိသေးလေတော့သည်။

All Chapters