← Chapters

ဗေဒင်ဆရာ

Vol. 28 Ch. 308

ဗေဒင်ဆရာ

Vol. 28 Ch. 308

"ကိုယ်ခံပညာပြိုင်ပွဲကို အထင်မသေးနဲ့။ ချန်ပီယံဆုရဲ့ ဂုဏ်သတင်းက အရင်လို မမြင့်မားတော့ဘူးဆိုပေမဲ့ ထိပ်သီးတစ်ရာထဲမှာတင် သိုင်းပညာရဲ့အကန့်အသတ်ကို ရောက်ရှိနေတဲ့ ပညာရှင် သုံးဆယ်ဝန်းကျင်လောက် ရှိနေသေးတယ်"

ကျိယွမ်က ချန်ပီယံဆုယူမည်ဟု အပိုင်ပြောနေသည်ကို ကြားသောအခါ ရန်ရှန်းက မနေနိုင်စွာ သတိပေးလိုက်သည်။

"သုံးဆယ်... အဲဒီထဲမှာ ခင်ဗျားလောက် သန်မာတဲ့သူ ရှိလား"

ကျိယွမ်က ရန်ရှန်းအား ပြန်မေးလိုက်သည်။ သူ့အတွက် အရေအတွက်ကအရေးမကြီးပါ အရည်အချင်းကသာအဓိကဖြစ်၏။

" ပြီးခဲ့တဲ့ အခေါက်က ချန်ပီယံကရော ဘယ်လိုအနေအထားရှိလဲ ၊ သူက ခင်ဗျားနဲ့ ယှဉ်နိုင်လား"

ထိုကိစ္စကိုတော့ ကျိယွမ် နည်းနည်း ထည့်စဉ်းစားရပေလိမ့်မည်။

တကယ်လို့ သိုင်းပညာပြိုင်ပွဲက ပြိုင်ဘက်တွေက အရမ်းသန်မာနေရင် ဘယ်လိုလုပ်မလဲ။

သိုင်းပညာ သက်သက်နဲ့တင် မနိုင်နိုင်ရင် သူ... နည်းနည်းလောက် ခိုးချ ရမလား။

ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာက ဂိမ်းတစ်ခုပဲလေ။ နည်းနည်းလောက် ခိုးချတာလေးကို မဟုတ်တာလုပ်တာလို ပြောမရဘူး။ ပြီးတော့ ငါ ခိုးချနေတာကိုလည်း ဘယ်သူမှ သိနိုင်တာမှ မဟုတ်တာ ။

ထို့ကြောင့် နည်းဥပဒေအရ ပြောရလျှင် ကျိယွမ်က တရားမဝင်တိုက်ခိုက်သည်ဟု မဆိုနိုင်ပါ။ သူ၏တိုက်ကွက်များက လုံးဝ ပွင့်လင်းမြင်သာပြီး တရားမျှတပါသည်။

"ပြီးခဲ့တဲ့ ချန်ပီယံကတော့..."

ရန်ရှန်း၏ မျက်လုံးများတွင် ဂုဏ်ယူရိပ် အနည်းငယ် ပေါ်လာ၏။

"ငါတို့က အဆင့်တူတူပဲ၊ ငါးဆယ် ငါးဆယ်ပေါ့"

ထိုစကားကို ကြားလိုက်ရမှ ကျိယွမ်က သက်ပြင်းချနိုင်သွားသည်။ သူ ခိုးချရန်မလိုတော့ပေ။

"ဒီနှစ်ပြိုင်ပွဲက အဲဒီလောက်အထိ အားနည်းနေမယ်ဆိုရင် ချန်ပီယံဆုရဖို့က ကျွန်တော့်အတွက် လွယ်လွယ်လေး ဖြစ်မှာပဲ။ ကြည့်ရတာ ကျွန်တော် ခိုးချဖို့တောင် မလိုတော့ဘူးထင်တယ်"

"မင်းကတော့လေ၊ ငါ့ကို အရမ်းအထင်သေးတာပဲ ၊ ငါ့အဆင့်က အားနည်းတယ်လို့ ပြောရအောင် ဘာကို ဆိုလိုတာလဲ"

ရန်ရှန်းက မခံနိုင်စွာ ပြောလိုက်သည်။

ဒီ ကျိယွမ်ဆိုသောကောင်လေးမှာ အရိုက်ခံချင်စရာကောင်းတဲ့ ပါးစပ်မျိုး ရှိလေ၏။

မင်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ် ဆိုရင်တောင် ဒီလောက်ထိ အမွှန်းတင်နေတာတော့ လွန်တာပေါ့။

"ဟူး... ပြိုင်ဘက်ကင်းဖြစ်ရတဲ့ အထီးကျန်မှုကို နောက်ဆုံးတော့ ကျုပ်နားလည်သွားပြီ"

ကျိယွမ်က ခံစားချက်အပြည့်ရှိသော အသံဖြင့် ပြောလိုက်သည်။ သူ၏ ပုံစံမှာ မြင့်မြတ်သော သခင်လေးတစ်ဦး၊ အထီးကျန် ဓားသမားတစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်နေ၏။

ထိုသဘာဝဆန်သော ဆွဲဆောင်မှုကြောင့် ရန်ရှန်းပင် ခေတ္တမျှ ကြောင်အသွားပြီး ကျိယွမ်၏ စကားများကို မသိစိတ်က ယုံကြည်မိသလိုလို ဖြစ်သွားသည်။

သို့သော် သူက ဇွတ်ငြင်းဆဲပင်။

"အထီးကျန်ညီလေး၊ ဒီသိုင်းပညာပြိုင်ပွဲမှာ မင်း တကယ် အထီးကျန်ရမလားဆိုတာ ကြည့်ကြသေးတာပေါ့!"

.........

လုံထိုင်မြို့သည် ချင်းယွမ်နိုင်ငံ၏ အဆင့်(၁) မြို့သစ်များထဲမှ တစ်မြို့ ဖြစ်သည်။

ဤမြို့သည် နာမည်ကြီး ခရီးသွား နေရာတစ်ခုအဖြစ် ကျော်ကြားပြီး နှစ်စဉ် ခရီးသွားအမြောက်အမြားကို ဆွဲဆောင်လျက် ရှိသော်လည်း လက်တွေ့တွင်မူ ၎င်းသည် ခရီးသွားလုပ်ငန်းနေရာမဟုတ်ဘဲ အားကောင်းသော စက်မှုမြို့တစ်မြို့ ဖြစ်သည်။

ယခုနှစ်၏ နိုင်ငံတော်အဆင့်သိုင်းပညာပြိုင်ပွဲကို လုံထိုင်မြို့တွင် ကျင်းပမည်ဖြစ်၏။

လုံထိုင်မြို့သည် ချင်းယွမ်နိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး တစ်ချိန်က ချင်းယွမ်နိုင်ငံကို အုပ်ချုပ်ခဲ့သော မင်းဆက်တစ်ဆက်ထီးနန်းစိုက်ရာ မြို့တော်နှစ်ခုအနက် တစ်ခုလည်း ဖြစ်ခဲ့သည်။

ထိုမြို့တော်ကို ဝူကျင်းမြို့ သို့မဟုတ် သိုင်းပညာ မြို့တော်ဟု ခေါ်တွင်ခဲ့ကြ၏။

ဒဏ္ဍာရီများအရ ထျန်းခွေမင်းဆက်အတွင်းတွင် သိုင်းပညာရှင် သုံးထောင်ခန့်သည် သိုင်းပညာ၏ အကန့်အသတ်များကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် 'ဝူတက်လှမ်းခြင်း ညီလာခံ' ကျင်းပရန် လုံထိုင်မြို့တွင် စုဝေးခဲ့ကြသည်။

ထိုသိုင်းပညာရှင် သုံးထောင်တို့သည် သိုင်းပညာအကြောင်း ဆွေးနွေးခဲ့ကြပြီး သိုင်းပညာ၏ အနှစ်သာရကို အတူတကွ လေ့လာခဲ့ကြသည်။

သိုင်းပညာပါရမီရှင် လော့ပုဖန်သည် ဝူတက်လှမ်းခြင်းညီလာခံတွင် အလင်းပွင့်သွားပြီး သိုင်းပညာ၏ အကန့်အသတ်များကို ကျော်ဖြတ်နိုင်ခဲ့သည်ဟူသော ကောလာဟလများ ရှိခဲ့သည်။

ထိုအချိန်က ရုတ်တရက် သူ၏ ဦးခေါင်းအထက်တွင် ကြာပန်းတစ်ပွင့် ပေါ်လာပြီး သူသည် ဟင်းလင်းပြင်ထဲသို့လှမ်းတက်ကာ ထွက်ခွာသွားခဲ့သည်ဟု ဆိုကြ၏။

ထိုကောလာဟလက သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်နိုင်ခဲ့သူ၏ နောက်ဆုံးမှတ်တမ်းတင်ထားသော သာဓကဖြစ်ပြီး ထိုနောက်တွင် အကန့်အသတ်ကိုချိုးဖြတ်နိုင်သူဟူ၍ မရှိတော့ပါ။

ထို့ကြောင့် ချင်းယွမ်နိုင်ငံတွင် သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ခြင်းသည် နှစ်ပေါင်းထောင်ချီကြာသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

လုံထိုင်မြို့၏ လမ်းမများပေါ်တွင် လျှောက်နေရင်းမှ ရန်ရှန်းက ကျိယွမ်အားရှင်းပြလာသည်။

"သိုင်းပညာရှင်တွေအတွက် အကျော်ကြားဆုံး နေရာက ဝူယွင်ဆောင်ပဲ"

ဝူယွင်ဆောင်ပေါ်တွင် သမိုင်းတစ်လျှောက် သိုင်းပညာရှင် တစ်ထောင်ကျော် ချန်ထားခဲ့သော အမှတ်အသားများ ရှိပြီး သူတို့၏ ကိုယ်ပိုင် စွမ်းအားများဖြင့် ရိုက်နှိပ်ထားခြင်း ဖြစ်သည်။

"မင်းမှာသာ ထူးထူးခြားခြား ပါရမီပါရင် ဝူယွင်ခန်းမက အမှတ်အသားတွေကို ကြည့်ရုံနဲ့ သူတို့ရဲ့ စစ်မှန်တဲ့ ကိုယ်ခံပညာ ရည်ရွယ်ချက်တွေကို အရိပ်အမြွက် မြင်နိုင်လိမ့်မယ်။"

"ငါတို့ ချင်းလူမျိုးတွေထဲမှာ သိုင်းပညာအကန့်အသတ်ကို နောက်ဆုံးအနေနဲ့ ချိုးဖြတ်နိုင်ခဲ့တဲ့လျိုပုဖန်ကလည်း ဝူယွင်ခန်းမမှာ အမှတ်အသားတွေ ချန်ခဲ့သေးတယ်။"

"ငါတို့ စမ်းသပ်ပွဲ ပြီးသွားရင် မင်း သွားကြည့်ချင်လား"

လောလောဆယ် သူတို့၏ ဦးတည်ရာမှာ လုံထိုင်မြို့ရှိ သိုင်းပညာ မဟာမိတ်အဖွဲ့ခွဲရုံး ဖြစ်သည်။

ကျိယွမ်အနေဖြင့် သိုင်းပညာပြိုင်ပွဲ၏ နိုင်ငံတော်အဆင့်ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့် ရရှိရန်အတွက် အထူးလမ်းကြောင်းကို အသုံးပြုရန် လိုအပ်၏။

"အင်း... ပြဿနာမရှိဘူး။ ရှေးလူဟောင်းတွေ ချန်ထားခဲ့တဲ့ အမှတ်အသားတွေကို ကျွန်တော်လည်းသိချင်နေတာ။ အဲဒီ လော့ပုဖန် ဆိုတဲ့ လူကလည်း စိတ်ဝင်စားဖို့ကောင်းပုံပဲ"

ကျိယွမ်က ဟိုဟိုဒီဒီကြည့်နေရင်းမှ ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ ပြီးရင်သွားကြတာပေါ့ ။ ငါတို့ရှေ့က အဆောက်အအုံက ကမဟာမိတ် အဖွဲ့ခွဲပဲ။ ဒါပေမဲ့ ခဏတော့ တန်းစီစောင့်ရလိမ့်မယ်။ ဒီနေ့ လူ တော်တော်များတယ်။ ဒီလူတွေက သိုင်းပညာလောကရဲ့ အနာဂတ် ထိပ်သီးတွေ ဖြစ်လာမှာ။ နောက်ပိုင်း သိုင်းပညာ အသိုက်အဝန်းမှာ တိုးတက်ချင်တယ်ဆိုရင် မင်းအနေနဲ့ သူတို့နဲ့ ရင်းနှီးအောင် လုပ်ထားသင့်တယ်"

"ကြည့်ရတာ သူတို့အားလုံးက ပြိုင်ဘက်ဟောင်းတွေ ဖြစ်လာကြမယ့်ပုံပဲ ၊ ဒါပေမဲ့ ကျူပ်လို ပြိုင်ဘက်ကင်းကျိက သူတို့နဲ့ ရင်းနှီးအောင် လုပ်ဖို့ ပျင်းတယ်ဗျာ"

သူ့ကိုယ်သူ ဇွတ်ပြိုင်ဘက်ကင်းနေသော ကျိယွမ်အားကြည့်ကာ ရန်ရှင်းကခေါင်းကိုသာ ခါယမ်းလိုက်မိ၏။

ဒီကောင်လေးကတော့ ...။

ကျိယွမ်သည် သူ၏ရည်ရွယ်ချက်အောင်မြင်စေရန်ဆိုလျှင် သူသည် သိုင်းပညာပြိုင်ပွဲကို တစ်ခုထက်မက ပါဝင်ရမည်ဖြစ်သည်။

ထို့ကြောင့် ပြိုင်ပွဲများဆက်ရှိနေသရွေ့ ချန်ပီယံ မဖြစ်သေးသူတိုင်းသည် သူ၏ ပြိုင်ဘက်များသာဖြစ်၏။

"ဒီညီလေးက စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငယ်ငယ်လေးနဲ့ ဒီအဆင့်ကို ရောက်နေပြီ။ ငါတို့နှစ်ယောက်စလုံးက ဒီကမ္ဘာမှာ ထူးခြားတဲ့သူတွေ ဖြစ်ပုံရတယ်"

တက်ကြွသောအသံနှင့်အတူ ဆန်းပြားသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ဆံပင်ကို ကြက်ဖအမောက်ပုံစံ ထောင်ထားသော လူငယ်တစ်ဦးက သူတို့ဆီသို့ လျှောက်လာ၏။

သူသည် အသက် ၂၅ သို့မဟုတ် ၂၆ နှစ်ခန့် ရှိပုံရပြီး သူ၏ အငွေ့အသက်များအရ သူသည်လည်း သိုင်းပညာ၏ အထွတ်အထိပ်တွင် ရှိနေကြောင်းကို အလိုလို ဖော်ပြနေသည်။

ထိုလူကို မြင်လိုက်ရသောအခါ ရန်ရှန်း၏ မျက်လုံးများတွင် တည်ကြည်မှုများ ဖြတ်ပြေးသွား၏။

"မြောက်ပိုင်း ကြိုးကြာ၊ ဟန်ချန်းယွင်"

"ငါ့နာမည်က ဒီလောက်အထိ လူသိများနေလိမ့်မယ်လို့ မထင်ထားဘူး ဟားဟားဟားဟား "

ကြက်ဖခေါင်းနှင့်လူက သဘောကျစွာ ရယ်မောလိုက်သည်။

ကျိယွမ်သည်လည်း မြောက်ပိုင်းကြိုးကြာ ဟန်ချန်းယွင်၏ အကြောင်းကို ကြားဖူးပါသည်။

သိုင်းပညာလောကတွင် သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်နိုင်ရန် အလားအလာ အရှိဆုံးဟု ယူဆရသော ပါရမီရှင်နှစ်ဦး ရှိ၏။

သူတို့ကို 'တောင်ပိုင်းခြင်္သေ့' နှင့် 'မြောက်ပိုင်းကြိုးကြာ' ဟု လူသိများကြသည်။

နှစ်ဦးစလုံးသည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများပင်။

သူတို့နှစ်ဦးအနက် တောင်ပိုင်းခြင်္သေ့သည် သိုင်းပညာအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်ရုံသာမက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်ဟု ဆို၏။

ပြီးခဲ့သည့်နှစ်ကတည်းကပင် သူသည် သိုင်းပညာပြိုင်ပွဲ၏ လက်ရှိချန်ပီယံကို စိန်ခေါ်ခဲ့ပြီး တစ်ကွက်အသာဖြင့်သာ ရှုံးနိမ့်ခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ တောင်ပိုင်းခြင်္သေ့သည် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေပြီး သူတို့ရှေ့မှ ကြက်ဖကေနှင့် မြောက်ပိုင်းကြိုးကြာက ဒုတိယလိုက်နေသည်။

မြောက်ပိုင်းကြိုးကြာ ဟန်ချန်းယွင်ကို စူးစမ်းသလိုကြည့်နေရင်းမှ ကျိယွမ်က

အကြံပေးလိုက်သည်။

"ခင်ဗျားရဲ့ ဆံပင်ပုံစံကို ပြောင်းသင့်တယ်"

ဟန်ချန်းယွင်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားရိပ်များ ပေါ်လာ၏။

"ငါ့ဆံပင်ပုံစံက မလန်းဘူးလို့ မင် က ပြောချင်တာလား"

သူက သူ၏ကြက်ဖကေအား တစ်ချက်သပြီးမှ ဆက်ပြော၏။

"ညီလေး၊ ငါတို့ သိုင်းပညာပြိုင်ပွဲမှာ တွေ့ရင် မင်း ငါ့ဂွေးစိကို ကန်ချင်ကန်လို့ ရတယ်၊ ဒါပေမဲ့ ငါ့ဆံပင်ကိုတော့ မဖျက်ဆီးနဲ့"

ဟန်ချန်းယွင်သည်လည်း တော်တော်လေး ဆန်းပြားသူဖြစ်ပြီး တွေ့တွေ့ချင်းမှာပင် ထိုသို့သော စကားများကို ပြောတတ်သူပင်။

"ခင်ဗျား ဆံပင်ပုံစံက စတိုင်ကျပါတယ်၊ ဒါပေမဲ့ ခင်ဗျားနဲ့ မလိုက်ဘူး"

ကျိယွမ်က သူ၏ခေါင်းအား သေချာကြည့်ကာ ထပ်မံပြောလိုက်သည်။

"အို... ဒီညီလေးက ဆံပင်ညှပ်တာကိုလည်း လေ့လာထားတာလား ၊ ငါတို့က ဝါသနာတူတွေထင်တယ်"

ဟန်ချန်းယွင်က အံသြသလိုမေးရင်း မှ သူ၏ခေါင်းမှကြက်ဖအမောက်အား နှစ်ချက် သုံးချက် ထပ်သလိုက်၏။

"ဒီဆံပင်ပုံစံကို ငါ့ဘာသာငါ ဒီဇိုင်းထုတ်ထားတာ။ ဘယ်လိုလဲ လန်းတယ်မလား ၊ မင်းအတွက် ဆံပင်ပုံစံတစ်ခု အလကား ဒီဇိုင်းထုတ်ပေးရမလား "

"မလိုပါဘူး၊ ကျေးဇူးပဲ"

ကျိယွမ်က ချက်ချင်းခေါင်းခါပြလိုက်သည်။

"ခင်ဗျားရဲ့ သွေးမျိုးဆက်ထဲမှာ ကြက်ဖလည်း မရှိဘူး၊ ကြိုးကြာလည်း မရှိဘူး။ တကယ်တမ်း ရှိတာက... ကြွက်လေ"

"ဒါကြောင့် ခင်ဗျားရဲ့ ဘွဲ့နာမည်ရော ဆံပင်ပုံစံရော ခင်ဗျားနဲ့ မလိုက်ဘူး။ ခင်ဗျား ဒါကို ပြောင်းသင့်တယ်"

"သွေးမျိုးဆက်လား"

အမောက်ထောင်ထားသော ဟန်ချန်းယွင် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုကဲ့သို့သော သီအိုရီမျိုးကို သူ တစ်ခါမှ မကြားဖူးပေ။

သူက ကျိယွမ်ကို ကြောင်ကြည့်ရင်း မှ မေးမိ၏။

"မင်း တကယ် ပြောနေတာလား၊ ဒါမှမဟုတ် ငါ့ကို နောက်နေတာလား"

"ဒါပေါ့၊ ကျွန်တော် အတည်ပြောနေတာ။ တစ်ယောက်ယောက်ကို နောက်ချင်တယ်ဆိုရင်တောင် အဲဒါ ခင်ဗျား မဟုတ်ဘူး။ ဟိုအဆောက်အအုံရှေ့က ဗေဒင်ဆရာကို နောက်တာကမှ ပိုပြီး ပျော်ဖို့ကောင်းမှာ မဟုတ်ဘူးလား"

ကျိယွမ်က ထိုမျှသာရှင်းပြကာ ထိုအကြောင်းကို ဆက်မပြောတော့ပေ။

အမှန်တကယ်ပင် ဟန်ချန်းယွင်၏ သိုင်းပညာ သွေးမျိုးဆက်သည် ကျိယွမ်၏ သုတေသနပြုချက်အရ 'ကြွက်နှင့်တူသော' မျိုးရိုးနှင့် ကိုက်ညီနေသည်။

ကျိယွမ်ကတော့ သူ၏ ကိုယ်ပိုင် မျိုးရိုးသည် ပင်လယ်ငါးနှင့် ဆင်တူမည်ဟု ခန့်မှန်းထားသည်။

"ဟို ဗေဒင်ဆရာလား၊ အဲဒါကို မင်း ယုံတယ်ပေါ့"

ဟန်ချန်းယွင်က အဆောက်အအုံရှေ့ရှိ ဆိုင်လေးဘက်သို့ လှမ်းကြည့်လိုက်သည်။

ဆိုင်အတွင်း၌ နုနယ်သော အသားအရေရှိသည့် လူငယ်တစ်ဦး ထိုင်နေပြီး သူ၏ ဆိုင်းဘုတ်တွင် 'သံမဏိနှုတ်ခမ်း နတ်မျက်စိ တွက်ချက်ခြင်း' ဟု စာလုံးကြီးများဖြင့် ရေးထားလေသည်။

သူ၏ ဘေးတွင် ထူးဆန်းသော ပစ္စည်းအစုံအလင်ရှိနေပြီး ပုံစံမှာ လိမ်လည်လှည့်ဖြားသူတစ်ဦးနှင့် တော်တော်လေးတူနေ၏။

"ဟန်ဆောင်မယ်ဆိုရင်တောင် ဒီထက်ပိုကောင်းအောင် လုပ်သင့်တယ်။ ဒီလူက နတ်မျက်စိ တွက်ချက်သူ ဖြစ်ဖို့ဆိုရင် အရမ်းငယ်လွန်းတယ်... ငါတော့ မယုံဘူး"

ဟန်ချန်းယွင်က သူမယုံကြည်ကြောင်း ပွင့်လင်းစွာထုတ်ပြောလေသည်။

သို့သော် ကျိယွမ်က ပြုံးလိုက်ပြီး အမောက်ထောင်အား ဖိတ်ခေါ်လိုက်၏။

"သိုင်းပညာပြိုင်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ သူ့ကို မေးကြည့်ရအောင်လား"

ဟန်ချန်းယွင်က ဆိုင်လေးအားတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။

"မထူးပါဘူး၊ အားနေတာနဲ့ အတူတူပဲ။ ကြည့်ကြသေးတာပေါ့"

"မင်းတို့ နောက်ကျသွားပြီ။ တောင်ပိုင်းခြင်္သေ့ ကျန်းယန်က အဲဒီမှာ ရောက်နေပြီ"

ရန်ရှန်း၏ စကားကြောင့် ဟန်ချန်းယွင်က လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်ရိပ်နှင့် မကျေနပ်ရိပ် အချို့ ပေါ်လာသည်။

" ကျန်းယန်က ပြဿနာရှာဖို့ ရောက်နေတာပဲနေမှာ "

ဟန်ချန်းယွင်၏ လေသံက ကျန်းယန်အပေါ် သူ၏ မနှစ်မြို့မှုကို ဖော်ပြနေသည်။

ကျန်းယန်သည် သိုင်းပညာ ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း အလွန်မာနကြီး၏ ။ ရိုးရိုးမာနမျိုးပင်မဟုတ်ဘဲ လူတိုင်းကို အထင်သေးခြင်းမျိုး ဖြစ်၏။

သိုင်းပညာရှင်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူခြင်းသည် ကိစ္စမရှိသော်လည်း ကျန်းယန်သည် မာနထောင်လွှားနေရုံသာမက သိုင်းပညာကိုပါ အထင်သေးသည့် ပုံစံမျိုး ရှိသည်။

"မင်းတို့ရဲ့ သိုင်းပညာလောကကို ငါ လာပေးတာ မင်းတို့အတွက် ဂုဏ်ယူစရာပဲ" ဆိုသည့် မျက်နှာမျိုးနှင့် ဆက်ဆံတတ်၏။

ထိုအချိန်တွင် ကျန်းယန်က အရှေ့သို့ တိုးသွားသဖြင့် သိုင်းပညာမဟာမိတ်မှ လူငယ်ပါရမီရှင်အများအပြားကလည်း ဗေဒင်ဟောနေသော လူငယ်ကို သွားရောက် ကြည့်ရှုကြသည်။

ကျိယွမ်နှင့် ဟန်ချန်းယွင်တို့လည်း ထိုနေရာသို့ ရောက်သွားကြ၏။

ကျိယွမ်က ဆိုင်အားတစ်ချက်ကြည့်ရင်း သူ၏ မေးစေ့ကို ပွတ်ကာ စဥ်းစားနေသည်။

"နင်းထောင်အတွက် မင်္ဂလာလက်ဆောင်တွေ မဝယ်ရသေးဘူး။ ငါလည်း ပိုက်ဆံအပိုရအောင် ဗေဒင်ဆိုင်တစ်ဆိုင် ဖွင့်ရင်ကောင်းမလား"

ထိုအချိန်တွင် လူအုပ်ထဲ၌ ကျန်းယန်၏ မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာများ ပြည့်နှက်နေပြီး ဟောက်စားလုပ်နေ၏။

"လူလိမ်ပဲ၊ မင်းက ဒီအရွယ်လေးနဲ့ ကံကြမ္မာအကြောင်း ပြောနေတာလား ၊ ဘယ်လောက်တောင် မဟုတ်ကဟုတ်ကတွေလဲ၊ မသေမျိုးလမ်းစဉ်တောင် ကံကြမ္မာကို နားလည်တယ်လို့ မပြောနိုင်ဘူး။ မင်းက ဘယ်သူမို့လို့ ကိုယ့်ကိုယ်ကိုယ် နတ်မျက်စိ တွက်ချက်သူလို့ ခေါ်နေတာလဲ"

သူ၏လေသံက မသိလျှင် သူကပဲ မသေမျိုးလမ်းစဥ်မှ ဆရာတစ်ပါးလိုလို ထင်ရ၏။

"ကံကြမ္မာကို မမြင်နိုင်တာက လူတစ်ယောက်က လုံလောက်အောင် မသန်မာလို့ပါ"

ဗေဒင်ဆရာလူငယ်က နုနယ်ပုံပေါက်သော်လည်း သူ၏ မျက်လုံးများမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

ကျန်းယန်၏ အကြည့်က အရာရာကို အထင်သေးသော မာနထောင်လွှားသည့် အကြည့်မျိုး ဖြစ်ပါက၊ ထိုလူငယ်၏ မျက်လုံးများမှာမူ လောကကြီးနှင့် ကင်းကွာနေသကဲ့သို့ စစ်မှန်ပြီး တည်ငြိမ်သော ဂုဏ်ယူမှုမျိုးကို ဆောင်ထားသည်။

လူငယ်၏တုန့်ပြန်မှုကို ကြားရသောအခါ ကျန်းယန်၏ လှောင်ပြောင်မှုက ပို၍ ပြင်းထန်လာ၏။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည် စိတ်အနှောင့်အယှက် ဖြစ်စေသော တုန်လှုပ်ချောက်ချားဖွယ် သတင်းတစ်ခုကို ကြားသိခဲ့ရသည်။

ထိုသတင်းကြောင့် သိုင်းပညာလောကထဲတွင် နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ခြင်းက လုံးဝအလဟဿ ဖြစ်ခဲ့သည်ဟု သူခံစားလိုက်ရသည်။

အစကတည်းက သူသည် သိုင်းပညာအသိုက်အဝန်းကို တစ်ခါမှ အလေးအနက် မထားခဲ့ဖူးပါ ။

ယခုအခါ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီး မသေမျိုးလမ်းစဉ်များ ပေါ်ထွက်လာတော့မည်ဟု ဆိုသဖြင့် သူက ပို၍ပင်အထင်မကြီးတော့ပေ။

သူ၏ ချန်ပီယံဖြစ်လိုသောဆန္ဒကို ဖြည့်ဆည်းရန်နှင့် သူ၏ အတိတ်ဘဝကို အဆုံးသတ်ရန်အတွက်သာ မဟုတ်လျှင် သူသည် ဤနေရာသို့ လုံးဝလာမည် မဟုတ်ပါ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် မသေမျိုးလမ်းစဉ်အကြောင်းကို သိရှိခဲ့ရပြီး ၎င်းကို အလွန်တောင့်တလာခဲ့သည်။

"ဒါဆိုရင် ငါ့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲဆိုတာ မင်း ပြောပြစမ်း"

တောင်ပိုင်းခြင်္သေ့ ကျန်းယန်က ဗေဒင်ဆရာ လူငယ်ကို စိန်ခေါ်လိုက်သည်။

လူငယ်က သူ၏စကားကြားသောအခါ ပြုံးလိုက်ပြီး ဖိတ်ခေါ်လေသည်။

"ကျေးဇူးပြုပြီး ခင်ဗျားရဲ့ လက်ကို ဒီကြေးပြားပေါ် တင်ပေးပါ ခင်ဗျာ"

ဗေဒင်ဆရာ လူငယ်သည် ထူးဆန်းသော သင်္ကေတများ ရေးထိုးထားသည့် ကြေးပြားတစ်ခု၏ နောက်ကွယ်တွင် ထိုင်နေ၏။

ကျန်းယန်က ဝေခွဲမနေဘဲ သူ၏ လက်ကို ထိုကြေးပြားပေါ်သို့ တင်လိုက်သည်။

ခဏအကြာတွင် ဗေဒင်ဆရာ၏ မျက်လုံးများ၌ သနားသော အရိပ်အယောင်များ ပေါ်လာ၏။

"ခင်ဗျားက ကြီးကျယ်တဲ့ ချမ်းသာကြွယ်ဝမှုနဲ့ မြင့်မြတ်မှုတွေထဲမှာ မွေးဖွားလာတာပဲ၊ ဒါပေမဲ့ ကံမကောင်းတာက... ခင်ဗျားရဲ့ ကံတရားက ကုန်ဆုံးသွားပြီ။"

"ခင်ဗျားရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းမှာ... ခင်ဗျား ဘာမှ ထူးထူးခြားခြား အောင်မြင်မှု ရမှာ မဟုတ်တော့ဘူး"

ဗေဒင်ဆရာ၏ စကားများကြောင့် နံဘေးရှိလူအုပ်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။

"မင်းက တကယ့် လူလိမ်ပဲ။ ဒါက ဒီနှစ် သိုင်းပညာပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး တောင်ပိုင်းခြင်္သေ့ ကျန်းယန်ကွ"

"သူ့ကိုမှ 'အောင်မြင်မှု မရနိုင်ဘူး' လို့ သတ်မှတ်ရင် ဘယ်သူက အောင်မြင်မှု ရနိုင်မှာလဲ"

"ဒီမှာ ထိုင်ပြီး ဗေဒင်ဟောနေတာကကော ထိုက်တန်တဲ့ ကြိုးပမ်းမှုလို့ မင်း ပြောချင်တာလား"

ဘေးက ကြည့်နေသူများက မခံနိုင်စွာဖြင့် တစ်ယောက်တစ်ခွန်း လှောင်ပြောင်ကြ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျိယွမ်သည် ပိုက်ဆံအပိုရရန် ဗေဒင်ဟောဆိုင်ဖွင့်မည့် အကြံကို တိတ်တဆိတ် စွန့်လွှတ်လိုက်တော့သည်။

ငါ့စိတ်နဲ့ မရလောက်ဘူး ။

မည်သို့ဆိုစေ ယခုလှောင်ပြောင်သံများကို ကြားရလျှင် သူသည်ငြိမ်ခံမနေဘဲ ချက်ချင်းပြန်ချေပမိမှာသေချာ၏။

သို့သော် ကျိယွမ်သည် စကားပြောသ အတတ်ပညာ၌ ပါရမီမပါပေ။ ထို့အတူ သူကမဆဲဆို

တတ်သောကြောင့် အငြင်းအခုံဖြစ်လာလျှင် သူသာရှုံးမှာသေချာသလောက်ပင်။

ထိုသို့ သူ ရှုံးသွားလျှင် ဘာဖြစ်မည်နည်း။

သူက တိုက်ခိုက်သော နည်းလမ်းကိုပဲ သုံးရပေတော့မည်။

"ဒီဗေဒင်ဆရာက သိပ်မတော်ဘူးပဲ၊ ကောင်းတဲ့စကားတောင် မပြောတတ်ဘူး ၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ကောင်းတာလေးတွေပြောရမှာကို "

ကြက်ဖကေနှင့်ဟန်ချန်းယွင်က မနေနိုင်စွာ မှတ်ချက်ပေးလိုက်၏။

ကျိယွမ်က ဗေဒင်ဆရာလူငယ်ကို ထူးဆန်းသလိုကြည့်လိုက်သည်။

"ကျုပ်က ကံကြမ္မာ ဟောတဲ့နေရာမှာ မကျွမ်းကျင်ပေမဲ့ သူပြောတာ တော်တော်မှန်တယ်လို့ ထင်တယ်။"

"ခင်ဗျားရဲ့ ဘိုးဘွား သွေးမျိုးဆက်အကြောင်း သူ့ကို မေးကြည့်ချင်လား၊ အဲဒါက ကြွက်ဟုတ်မဟုတ် သိရတာပေါ့"

"ဟင်"

ဟန်ချန်းယွင် ဇဝေဇဝါ ဖြစ်သွားသည်။

ကျိယွမ်က အဘယ့်ကြောင့် ထိုသို့ ပြောနေသည်ဆိုတာ သူ လုံးဝ နားမလည်ပါ။

လူသားအားလုံးက လူသားတွေရဲ့ မျိုးဆက်တွေပဲ မဟုတ်ဘူးလား ၊ ဘာလို့ ဒီကောင်က တကြွက်တည်းကြွက်နေရတာလဲ။

သို့သော် ကျိယွမ်က တိုက်တွန်းနေသဖြင့် ပင်ကိုယ်ကပင် ပေါ့ပေါ့ပါးပါး နေတတ်သော ဟန်ချန်းယွင်က အပျင်းပြေမေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ့ရဲ့ ဘိုးဘွား သွေးမျိုးဆက်အကြောင်း ပြောပြနိုင်မလား"

ဟန်ချန်းယွင်၏ စကားကြောင့် ထိုနေရာရှိ လူများ ကြောင်သွားကြသည်။

ဗေဒင်ဆရာ လူငယ်ကတော့ ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ ပုခုံးများ အနည်းငယ် တုန်ခါသွား၏။

သို့သော် သူက ကောင်းကောင်း ဖုံးကွယ်ထားသဖြင့် ကျိယွမ်တစ်ယောက်သာ သတိပြုမိလိုက်သည်။

လုငယ်က ဟန်ချန်းယွင်ကို ကြည့်ကာ ကျန်းယန်ကို ပြောခဲ့သည့်အတိုင်း ထပ်ပြောသည် ။

"ကျေးဇူးပြုပြီး ခင်ဗျားရဲ့ လက်ကို ကြေးပြားပေါ် တင်ပေးပါ"

ဟန်ချန်းယွင်က လိုက်နာလိုက်ပြီး ဗေဒင်ဆရာကို မျှော်လင့်တကြီး ကြည့်နေ၏။

ခဏအကြာတွင် ဗေဒင်ဆရာက စကားပြောလာသည်။

"ခင်ဗျားရဲ့ ဘိုးဘွားတွေထဲမှာ နိုင်ငံတော်ကို ကာကွယ်ခဲ့တဲ့ စစ်သူကြီးတစ်ယောက် ရှိခဲ့ဖူးတယ်၊ ပြီးတော့ နောက်ထပ် ပြန်ကြည့်ရင် ခင်ဗျားက လောက်ထန်မင်းဆက်က နောက်ဆုံး အရှင်သခင်ရဲ့ မျိုးဆက်ပဲ"

မထင်မှတ်ထားသဖြင့် ဟန်ချန်းယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

အကယ်၍ ဟန်မိသားစုအကြောင်း စုံစမ်းကြည့်မည်ဆိုလျှင် သူတို့၏ ဘိုးဘွားများထဲတွင် အလွန်ကြည်ညိုလေးစားခံရသော စစ်သူကြီးတစ်ဦး ရှိခဲ့ကြောင်း သိနိုင်မည် ဖြစ်သည်။

သို့သော်... လောက်ထန်မင်းဆက် နောက်ဆုံး အရှင်သခင်၏ မျိုးဆက် ဖြစ်သည်ဆိုသည်မှာ အလွန်လျှို့ဝှက်လှပြီး မိသားစုအတွင်းမှာပင် သိသူ အနည်းငယ်သာရှိ၏။

ဟန်ချန်းယွင် ကိုယ်တိုင်ပင်လျှင် ဒါကို လွန်ခဲ့သော ခြောက်လကမှ သိရှိခဲ့ရခြင်းပင်။

ဒီလူက ဘယ်လို သိနေတာလဲ။

သူသည် အဓိပ္ပာယ်မရှိသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

သို့သော် သူ၏ အမူအရာကို ဖုံးကွယ်ထားပြီး ပေါ့ပေါ့ပါးပါးတုနိ့်ပြန်လိုက်သည်။

"ဒီဆရာကတော့ စကားပြော တော်တော်ကောင်းတာပဲ "

ထိုအချိန်တွင် ဗေဒင်ဆရာက ဆက်ပြောသည် ။

-"ကျွန်တော် ခင်ဗျားရဲ့ ဘိုးဘွား သွေးမျိုးဆက်ကို တွက်ချက်ပြီးပြီ။ အဲဒါက သတ္တဝါပေါင်း သုံးရာ့ကိုးဆယ့်ကိုးမျိုးထဲက အုပ်စုလိုက်နေတတ်တဲ့ ကြွက် အမျိုးအစားပဲ"

"ဟေ.."

ဗေဒင်ဆရာ၏စကားကြောင့် ဟန်ချန်းယွင်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် စောစောကတင် ကျိယွမ်က သူ၏ သွေးမျိုးဆက်သည် ကြွက်မှ ဆင်းသက်လာသည်ဟု ပြောခဲ့သည် မဟုတ်ပါလား။

ယခုလည်း ဗေဒင်ဆရာကလည်း ထိုအတိုင်းပင် ပြောနေပြန်သည်။

ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် ပူးပေါင်းကြံစည်မှုလား။

"မင်းတို့နှစ်ယောက်က သိနေကြတာလား"

ဟန်ချန်းယွင်က ကျိယွမ်ကို မသင်္ကာသလိုလှမ်းကြည့်ရင်း မေးလိုက်သည်။

ကျိယွမ်နှင့် ဤဗေဒင်ဆရာတို့ ပူးပေါင်းပြီး သူ့ကို လှည့်စားနေသည်ဟု သူ သံသယဝင်သွားသည်။

မဟုတ်ရင် သူတို့က သူ့မိသားစုရဲ့ လျှို့ဝှက်ချက်များကို မည်သို့ သိနိုင်မည်နည်း။

ကျိယွမ်က ခေါင်းခါပြ၏။

"ငါ ဒီ NPC ကို မသိပါဘူး"

ရန်ရှန်းကလည်း ဝင်ပြောသည်။

"ငါ အာမခံနိုင်ပါတယ်၊ ကျိယွမ်က ဒီလူကို မသိပါဘူး"

ဒီနေ့ ဖြစ်ပျက်သမျှက လုံးဝ တိုက်ဆိုင်မှုသပ်သပ်သာဖြစ်လေသည်။

ဟန်ချန်းယွင်၏ စိတ်ထဲတွင်တော့ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေပြီး ယနေ့ ဖြစ်ရပ်များက အတော်လေး ထူးဆန်းနေသည်ဟု ခံစားရသည်။

ဗေဒင်ဆရာကလည်း ကျိယွမ်အားတစ်ချက်ကြည့်ကာ ငြင်းဆို၏။

"ကျွန်တော် ဒီလူကြီးမင်းကို မသိပါဘူး... ဒါ ကျွန်တော်တို့ ပထမဆုံးအကြိမ် ဆုံတာပါ"

ထိုသို့ပြောနေရင်းနှင့် သူက ဟန်ချန်းယွင်ကို ပြန်ကြည့်ကာ အတည်ပြုလိုက်သည်။

"ကျွန်တော် ပြောခဲ့တာတွေက အမှန်တရားတွေပဲ။ ခင်ဗျား မယုံရင် လွန်ခဲ့တဲ့ သုံးလကို ပြန်စဉ်းစားကြည့်ပါ။ ခင်ဗျား ကြွက်ကြီးတစ်ကောင် လိုက်ဖမ်းတာခံနေရတဲ့ အိပ်မက်မျိုး မက်ခဲ့ဖူးလား"

ဟန်ချန်းယွင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဗေဒင်ဆရာအား သရဲသဘက်လို ကြည့်လိုက်၏။

သူ တကယ်ကို တုန်လှုပ်သွားလေပြီ။

လွန်ခဲ့သော သုံးလက သူသည် ထိုကဲ့သို့သော အိပ်မက်မျိုး အမှန်တကယ် မက်ခဲ့၏။ ထိုအချိန်က သူသည် ၄င်းကို သိပ်ဂရုမစိုက်ခဲ့သလို ဘယ်သူ့ကိုမှလည်း ထုတ်မပြောခဲ့ပေ။

ဒီဗေဒင်ဆရာက ဘယ်လို သိနေတာလဲ။

"ဒါကို မင်း ဘယ်လိုသိတာလဲ"

ဟန်ချန်းယွင်၏ နှလုံးသားထဲတွင် လှိုင်းတံပိုးများ ထလာသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်တွင် ကျိယွမ်က သူ၏ပုခုံးအားပုတ်ကာ အတည်ပြုလေ၏။

"သူ တော်တော်မှန်တယ်လို့ ကျုပ် ပြောသားပဲ ၊ ခင်ဗျားကမှ မယုံတာ"

ကျိယွမ်သည် ဟန်ချန်းယွင်၏ အိပ်မက်အကြောင်း မသိသော်လည်း အနည်းငယ်တော့ ခန့်မှန်းနိုင်ပါသည်။

သူ မူလမျိုးစေ့ဘဝဖြစ်နေစဉ်က ကျိယွမ်သည် ဆရာဝန်မလေးတစ်ဦး၏ အိပ်မက်ပုံရိပ်ကို မတော်တဆ မြင်ခဲ့ရသဖြင့် ကျိန်စာသင့်ကာ သေလုနီးပါး ပင် ဖြစ်ခဲ့ဖူး၏။

လွန်ခဲ့သော သုံးလက မျိုးဆက်နှင့်ပတ်သက်သောအိပ်မက်အချို့မြင်မက်နိုင်သူများသည် သူတို့၏ သွေးမျိုးဆက် သိပ်သည်းဆမှာ အကန့်အသတ်တစ်ခုသို့ ရောက်ရှိသွားသောသူများ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအရာက ကျိယွမ်၏ တွေးဆချက်သာ ဖြစ်ပြီး မှန်လား မှားလား မသိရသေးပါ။

ကျိယွမ်က ရှေ့သို့တိုးသွားလိုက်သည်။ ဗေဒင်ဆရာက မဆိုးလှသဖြင့် သူလည်းစမ်းကြည့်ချင်လာ၏။

"ကဲ၊ ငါ့ကိုလည်း ဗေဒင်တစ်ခုလောက် ဟောပေးပါ။ ငါ ဒီဂိမ်းကို ဘယ်တော့လောက် နိုင်မလဲဆိုတာ ကြည့်ပေးပါဦး"

-------------

All Chapters