← Chapters

သံလိုက်အိမ်မြှောင်

Vol. 28 Ch. 309

သံလိုက်အိမ်မြှောင်

Vol. 28 Ch. 309

ဗေဒင်ဆရာယုရှို့သည် ကျိယွမ်ကို အကဲခတ်သလိုကြည့်နေရင်း သူ၏မျက်နှာက လေးနက်လာပြီး ခန့်မှန်းရခက်သော အမူအရာပေါ်လာသည်။

“ဒီလူငယ်လေးက စကားပြောတာ ထူးဆန်းပေမဲ့... မင်းသိချင်တာမှန်သမျှကို ဒီနေ့... ငါ ဖြည့်ဆည်းပေးပါ့မယ်။”

ယုရှို ယခုလို လုပ်နေရခြင်းမှာ သူ့အပေါ်ကျရောက်နေသော ကျိန်စာကို ချေဖျက်ရန် အတွက်သာဖြစ်၏။

သူ့အပေါ် ကျရောက်နေသော ကျိန်စာကို ဖယ်ရှားရန်အတွက် သူသည် ယခုအရာများကို အသုံးပြုကာ ဤနေရာသို့ လာရောက်၍ ဗေဒင်ဟောရန်လို၏။

ထိုသို့ပြုလုပ်မှသာ သူ၏ကျိန်စာကို အတိုင်းအတာတစ်ခုအထိ ဖြေဖျောက်နိုင်မည်ဖြစ်သည်။

သူဗေဒင်ဟောပြောရာ၌သုံးနေသော ပစ္စည်းများအားလုံးမှာ တစ်ကြိမ်သုံးများသာဖြစ်သော်လည်း

၄င်းတို့၏ သီအိုရီအရ ဤလောကရှိ မည်သည့်အရာကိုမဆို တွက်ချက်နိုင်လေသည်။

“ကြေးပြားပေါ်ကို မင်းရဲ့လက်ကို တင်လိုက်ပါ၊ ငါ အဖြေကို သိပါလိမ့်မယ်”

ဗေဒင်ဆရာက တိုးတိုးလေး ပြောလိုက်၏။

“ကောင်းပြီလေ။”

ကျိယွမ်က သူ၏လက်ကို ကြေးပြားပေါ်သို့ တင်လိုက်သည်။

ထူးထူးဆန်းဆန်း ပြုမူနေကြသော ထိုနှစ်ယောက်ကို မြောက်ပိုင်းကြိုးကြာဟန်ချန်းယွင်က နားမလည်နိုင်စွာကြည့်နေ၏။

ဗေဒင်ဆရာကလည်း ထူးဆန်းသလို ၊ သိုင်းပြိုင်ပွဲတွင် ပါဝင်နေသည့် ကျိယွမ်ကလည်း ရူးကြောင်ကြောင်စကားများ ပြောနေပြန်သည်။

ဂိမ်းကို ဘယ်တော့နိုင်မှာလဲတဲ့ ၊ ဘာမေးခွန်းကြီးလဲ။ သူ့အရွယ်နဲ့ မိန်းမ ဘယ်နေ့ရမလဲလို့ မေးတာကမှ ယုတ္တိရှိဦးမယ် ။

တောင်ပိုင်းခြင်္သေ့ ကျန်းယန်၏ နှုတ်ခမ်းများက မထီမဲ့မြင်အပြုံးတစ်ခုနှင့်အတူ ကွေးညွတ်သွားသည်။

“ဒီနေ့ ဒီမှာ အရူးတစ်ယောက်ထက်မက ရှိနေပုံရတယ်ဟေ့ ၊ တော်တော်ရယ်ရတာပဲ။”

သူသည် အမြဲတမ်း မာနထောင်လွှားသူဖြစ်ပြီး လူတိုင်းကို အထင်သေးလေ့ ရှိ၏။ မျိုးရိုးမြင့် မိသားစုတွင် မွေးဖွားလာသူဖြစ်သလို ဒဏ္ဍာရီလာ ကြယ် ခုနစ်ပွင့်မိသားစုကြီးနှင့် ဆက်နွှယ်မှုရှိသဖြင့် သူသည် မိမိကိုယ်ကို အခြားသူများထက် သာလွန်သည်ဟု အမြဲခံယူထားလေသည်။

သိုင်းပညာလောကတွင် သူရှိနေပေးခြင်းကပင် ထိုအသိုက်အဝန်းအတွက် ဂုဏ်ယူစရာတစ်ခုပင်။

ယခုအခါမှာတော့ သူသည် သိုင်းပညာလောကမှ ထွက်ခွာပြီး ပိုမိုတောက်ပသော အနာဂတ်ကို လျှောက်လှမ်းနိုင်တော့မည်ဖြစ်ရာ သိုင်းပညာလောကရှိ လူများကို ပို၍ပင် အထင်သေးသွားတော့သည်။

ထိုအချိန်တွင် ယုရှိုသည် သူ၏အာရုံအားလုံးကို စုစည်းလိုက်ပြီး ကြေးပြား၏ လှုံ့ဆော်မှုကို စောင့်ဆိုင်းနေ၏။

သူ၏သွေးများမှာ ဆူပွက်နေပြီး ကြေးပြား၏ တုန့်ပြန်မှုကို မျှော်လင့်လျှက်ရှိသည်။

ဝန်ခံရလျှင် သူသည် ကံကြမ္မာဆိုး ခံစားနေရသော သာမန်လူတစ်ယောက်သာဖြစ်ပြီး ဗေဒင်ပညာရပ်ကို ဘာမှမသိပါ။

ဗေဒင်ဟောခြင်းဟု ခေါ်သည့်အရာမှာ လည်း သူ၏ရှေ့မှ ကြေးပြားက လုပ်ဆောင်ပေးခြင်းသာ ဖြစ်သည်။

ထိုအရာလေးက သူအားအဖြေထုတ်ပေးနေခြင်းပင်။

သို့သော် အချိန်အနည်းငယ်ကုန်လွန်သွားသော်လည်း ကြေးပြားထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပါ။

ယုရှို့၏ မျက်လုံးများတွင် ဝေခွဲမရသည့် အသွင်အပြင်များ ပေါ်လာပြီး ကြေးပြားအား ကြည့်၏။

ဘာဖြစ်နေတာလဲ ၊ တစ်ရက်တောင်မပြည့်သေးဘူးလေ ။

ထိုအချိန်တွင် ကျိယွမ်က ယုရှိုကို စိုက်ကြည့်ကာ တိုးတိုးလေးမေးလိုက်သည်။

“ကဲ၊ ဗေဒင်က ဘယ်လိုတဲ့လဲ။ ငါ ဒီဂိမ်းကို ဘယ်တော့ နိုင်မယ်တဲ့လဲ"

ယုရှိုသည် ကျိယွမ်ကိုတလှည့် ကြေးပြားကိုတလှည့်ကြည့်ကာ ခဏမျှ တိတ်ဆိတ်နေခဲ့သည်။

ယခုအခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

သူ၏ စိတ်ထဲတွင် မေးခွန်းပေါင်း များစွာ ရှိနေ၏။

ဗေဒင်ဟောကြေးပြားတစ်ခု ချို့ယွင်းသွားခြင်းကို သူ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းပင်။

ဖြစ်နိုင်တာက... တစ်ဖက်လူကလည်း ငါနဲ့ အမျိုးအစားတူ ဖြစ်နေတာများလား။

သူက ကျိယွမ်အား သေချာကြည့်မိပြန်သည်။

ထို့နောက် ကျိယွမ်ကို အားနာသလိုအမူအရာဖြင့် ကြည့်လိုက်၏။

“မင်းရဲ့ ဒီမေးခွန်းက ငါ့အတွက် တကယ်ကို ခက်ခဲလွန်းပါတယ်။

ဖြစ်နိုင်ရင်... တခြားမေးခွန်းတစ်ခုလောက် ပြောင်းမေးကြည့်မလား၊ ငါ ထပ်ကြိုးစားကြည့်ပါ့မယ်။”

ကျိယွမ်ကို ဆက်ဆံသည့် သူ၏ လေသံပင် ပြောင်းလဲသွားခဲ့သည်။

သူ၏စကားကို ကြားသောအခါ ကျိယွမ် သက်ပြင်းချလိုက်၏။

“မင်းရဲ့ ဗေဒင်ပညာက အားနည်းလွန်းတယ်၊ ငါ မင်းကို အထင်ကြီးမိသွားတာပဲ။"

" ကောင်းပြီလေ၊ ဒါဆိုရင် ဒီသိုင်းပညာပြိုင်ပွဲမှာ ငါ ချန်ပီယံဖြစ်မလားဆိုတာကိုပဲ တွက်ပေးစမ်းပါ။”

ဗေဒင်ဆရာယုရှိုက ထိုမေးခွန်းအား ချိုသည်ခါးသည်ပင် မပြောရသေးမီ ဘေးပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များက တဟားဟားလိုက်ကြသည်။

မြောက်ပိုင်းကြိုးကြာဟန်ချန်းယွင်ပင် ကျိယွမ်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပါ။

“ညီအစ်ကိုကျိ၊ မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား”

တောင်ပိုင်းခြင်္သေ့ကျန်းရန်ကတော့ ဟာသတစ်ခုကိုကြားရသည့်အလား အထင်သေးသော အမူအရာဖြင့်အသံကျယ်ကျယ် ပြောလိုက်သည်။

“ငါလည်း ဒီသိုင်းပညာပြိုင်ပွဲမှာ ပါနေတာကို ဒီကောင် မသိတာလား ဟားဟား ဟားဟား ။”

သူ၏ဆိုလိုရင်းမှာ ရှင်းလင်းပါသည်။ သူ ပါဝင်နေသရွေ့ ချန်ပီယံမှာ သူသာလျှင် ဖြစ်ရမည်မဟုတ်ပါလား။

အခြား သိုင်းပညာရှင်များကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

လွန်ခဲ့သောတစ်နှစ်ကပင် တောင်ပိုင်းခြင်္သေ့ကျန်းရန်သည် သိုင်းပညာပြိုင်ပွဲ တွင်ချန်ပီယံဖြစ်သွားသူကို တစ်ကွက်တည်းဖြင့်သာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။

ယခုနှစ်တွင်တော့ သူ၏သိုင်းပညာစွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိ ပိုမိုပြောင်မြောက်လာမည် ဖြစ်ရာ သူ ချန်ပီယံဖြစ်ဖို့မှာ သေချာသလောက် ရှိနေသည်။

“ကလေး၊ မင်းဘေးကလူက တောင်ပိုင်းခြင်္သေ့ ကျန်းရန်ကွ။ ဒီသိုင်းပညာပြိုင်ပွဲရဲ့ ချန်ပီယံက သေချာပေါက် သူပဲဖြစ်မှာ။ လက်တွေ့မကျတဲ့ အိပ်မက်တွေ မမက်နေနဲ့။”

"ဟုတ်တယ် ညီလေး ၊ အမြင့်ကြီးမှန်းရင် အကျနာတတ်တယ်ကွ "

ဝေဖန်သံများကို ရင်ဆိုင်နေရသော်လည်း ကျိယွမ်က ဂရုမစိုက်ပါ။

သူသည် ဗေဒင်ဆရာယုရှို့၏ အဖြေကို စောင့်ဆိုင်းရင်း လက်ကို ကြေးပြားပေါ်တွင် တင်ထားဆဲပင်။

သူက ဗေဒင်ဆရာသုံးသော ကြေးပြားအားတစ်ချက်စစ်ဆေးလိုက်၏။

[သွေးသံလိုက်အိမ်မြှောင် အတုအယောင်၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို အနည်းငယ်မြင်နိုင်စွမ်းရှိပြီး ကံကြမ္မာ၏ လမ်းကြောင်းကို ဖမ်းယူနိုင်သည်၊ သွေးသံလိုက်အိမ်မြှောင်ကျွန်း၏ ထုတ်ကုန်တစ်ခု ဖြစ်သည်။]

သို့သော် ထိုခဏ၌ပင် ကွဲအက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"ဟင်..."

ကျိယွမ်၏လက်အောက်ရှိ ကြေးပြားပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး ကြေမွသွားလေသည်။

“ဝေါ့...”

ယုရှို့၏ မျက်လုံးများတွင် ထိတ်လန့်မှုများပေါ်လာပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးအချို့အန်ထွက်ကုန်၏။

သွေးသံလိုက်အိမ်မြောင်ကတော့ လုံးဝ ပျက်စီးသွားလေပြီ။

ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။

သာမန် ဗေဒင်တွက်တာလေးတင် ဒါက ပျက်စီးသွားတယ်လား။

ပတ်ဝန်းကျင်ရှိ လူများကလည်း နားမလည်သလို ထူးဆန်းသော မျက်နှာများ ဖြစ်ကုန်ကြသည်။

“ဘာတွေ ဖြစ်နေတာလဲ။”

“သူ ဘာလို့ သွေးအန်နေတာလဲ။”

“သူ သရုပ်ဆောင်နေတာထင်တယ်။”

လူများအားလုံး ဇဝေဇဝါ ဖြစ်နေကြပြီး နားမလည်နိုင်ဖြစ်နေ၏။

တောင်ပိုင်းခြင်္သေ့ ကျန်းရန်က စိတ်ပျက်သလို လှောင်ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်သည်။

“လှည့်ကွက်တွေ သုံးနေတာပဲ။ မင်းတို့ သရုပ်ဆောင်နေတာကို ကြည့်ပြီး ငါ့အချိန်တွေကို မဖြုန်းချင်တော့ဘူး”

ထို့နောက် သူက ထိုနေရာမှ လှည့်ထွက်သွားတော့သည်။

သူထွက်သွားသည်နှင့် အခြားသိုင်းပညာရှင် အများစုမှာလည်း အမျိုးမျိုးလှောင်ပြောင်ကာ ထွက်ခွာသွားကြ၏။

သူတို့က ကျိယွမ်နှင့်ဗေဒင်ဆရာတို့သည် အချင်းချင်း သိကျွမ်းကြပြီး တစ်ခုခုကို ကြံစည်နေကြသည်ဟု ထင်သွားကြခြင်းပင်။

မြောက်ပိုင်းကြိုးကြာ ဟန်ချန်းယွင်ပင်လျှင် ကျိယွမ်ကို သံသယအချို့ဖြင့် ကြည့်နေမိသည်။

ဗေဒင်ဆရာသည် သူ၏ လျှို့ဝှက်ချက်အချို့ကို ပြောပြနိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ကျိယွမ်နှင့် ဆက်စပ်နေသလား။

ဤအချိန်တွင် ကျိယွမ်သည် သူ၏အိတ်ထဲသို့ လက်နှိုက်ကာ စိတ်ကျန်းမာရေးမကောင်းကြောင်း ထောက်ခံစာကို ထုတ်ယူလိုက်သည်။

“သေချာကြည့်ဦး။ ဒါ ငါ့ရဲ့ ထောက်ခံစာပဲ။ ငါ့ကို အကွက်ဆင်ဖို့ မကြိုးစားနဲ့။ မင်းဟာကို ငါ ဖျက်ဆီးလိုက်တာ မဟုတ်ဘူးနော်။”

ကျိယွမ်သည် အရေးအကြောင်းဆိုအသုံးပြုနိုင်ရန်အတွက် သူ၏ စိတ်ကျန်းမာရေးထောက်ခံစာကို အမြဲ ဆောင်ထားလေ့ ရှိသည်။

ယခု သူ၏လုပ်ရပ်က မှန်သွားလေပြီ။

"ဒါက "

ကျိယွမ်၏လက်ထဲမှ ကတ်ပြားကိုကြည့်လိုက်ပြီးနောက် ဟန်ချန်းယွင်၏ စိတ်ထဲမှသံသယများ ချက်ချင်း ပျောက်ကွယ်သွားသည်။

အကယ်၍ ၎င်းမှာ သူ့ကို ပစ်မှတ်ထားသည့် အစီအစဉ်တစ်ခုသာ ဖြစ်ပါက ကျိယွမ်သည် ဤကဲ့သို့ သရုပ်ဆောင်နေစရာလိုမည် မဟုတ်ပေ။

ဗေဒင်ဆရာယုရှို့သည် နှုတ်ခမ်းပေါ်မှ သွေးစွန်းများကို လက်ဖြင့်သုတ်လိုက်ရင်းမှ ကျိယွမ်ကို ဇဝေဇဝါဖြင့် ကြည့်နေ၏။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်ပေါ်နေသည်။

“ဒါက မင်းနဲ့ မဆိုင်ပါဘူး။”

သွေးသံလိုက်အိမ်မြောင်ကဲ့သို့သော ထူးခြားသည့်ပစ္စည်းများသည် အကြောင်းပြချက်မရှိဘဲ မပျက်စီးနိုင်ပါ။

ထိုသို့ဖြစ်ရခြင်းမှာ သူ ဗေဒင်တွက်ပေးနေသော လူ သို့မဟုတ် ကိစ္စရပ်သည် ကိရိယာ၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေသည်ဟု ဆိုလိုခြင်းဖြစ်နိုင်၏။

ဒါပေမဲ့... ဒီလို အခြေအနေမျိုးက ကြောက်စရာကောင်းတဲ့ မိစ္ဆာတွေမှာမှ ဖြစ်ပေါ်တတ်တာ မဟုတ်ဘူးလား။

လူသားတစ်ယောက်အပေါ်မှာ ဘာလို့အခုလို တုန့်ပြန်ရတာလဲ။

ဖြစ်နိုင်သည်က သူ၏ရှေ့မှလူတွင် ဗေဒင်တွက်ခြင်းကို ပိတိဆို့ထားနိုင်သော ရတနာတစ်ခုခုရှိနေပုံရ၏။

“ဒါနဲ့၊ ဒီသွေးသံလိုက်အိမ်မြှောင်ကို မင်း ဘယ်က ရခဲ့တာလဲ။ တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါလည်း တစ်ခုလောက် လိုချင်တာ၊ ငါ့မှာသာ အဲဒါရှိရင် ပိုက်ဆံတွေ အများကြီး ရှာနိုင်မှာ ”

ကျိယွမ်က ကြေးပြားအပိုင်းအစများကို နှမြောသလိုကြည့်ကာ မေးလိုက်သည်။

သူ၏မေးခွန်းကြောင့် ယုရှို့၏ မျက်လုံးများတွင် သတိထားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာ၏။

“မင်း... မင်းမှာ ဘာသေခြင်းစွမ်းအင်မှ မရှိဘဲနဲ့ ဒါကို သွေးသံလိုက်အိမ်မြှောင်လို့ ခေါ်တယ်ဆိုတာ ဘယ်လိုသိတာလဲ။”

သို့သော် သူစကားကျွံသွားပြီဟု ယုရှို့ ချက်ချင်း နောင်တရသွားသည်။

ကျိယွမ်ကတော့ မထူးဆန်းသလိုဖြေလိုက်၏။

“ငါက စိတ်မနှံ့တဲ့သူမို့လို့ပေါ့။ စိတ်မနှံ့တဲ့သူတစ်ယောက်က ဒီလိုအရာတွေကို သိနေတာ သဘာဝကျတယ် မဟုတ်လား။"

"ဒါနဲ့ ငါ မင်းကို တစ်ခုလောက် မေးချင်တယ်။ ဝိညာဉ်လမ်းစဉ် သိုင်းဘုရင် အကြောင်း မင်းသိတာများ ရှိလား။”

ယခုကမ္ဘာတွက် ကျိယွမ်၏ တာဝန်မှာ လူသားလမ်းစဉ်သိုင်းဘုရင်၊ ဝိညာဉ်လမ်းစဉ် သိုင်းဘုရင် ဖြစ်လာရန်နှင့် လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား အဆင့်အထိ ကျင့်ကြံရန် ဖြစ်သည်။

လူသားလမ်းစဉ် သိုင်းဘုရင်ဖြစ်လာရန်မှာ ရိုးရှင်းပြီး ကိုယ်ခံပညာပြိုင်ပွဲတွင် အကြိမ်တစ်ရာတိတိ ချန်ပီယံဆု ရယူရန်သာ လိုအပ်၏။

သို့သော် ဝိညာဉ်လမ်းစဉ်သိုင်းဘုရင်နှင့် ပတ်သက်၍မူ မည်သည့်သဲလွန်စမျှ မရှိသေးချေ။

ဗေဒင်ဆရာသည် ထူးခြားပုံရသဖြင့် ကျိယွမ်က သဲလွန်စလေးများရလေမလားဟု မေးကြည့်ရန် စိတ်ကူးပေါ်သွားခြင်းပင်။

“ဝိညာဉ်လမ်းစဉ် သိုင်းဘုရင်လား”

ယုရှို့က ခေါင်းယမ်းလိုက်သည်။

“တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့... လူသားလမ်းစဉ် သိုင်းဘုရင်နဲ့ ဒဏ္ဍာရီလာ နဂါးရူးသိုင်းဘုရင်အကြောင်းတော့ ကြားဖူးတယ်။”

ယုရှို့ ဘာမှဖုံးကွယ်မထားတော့ပါ။ သူ၏ရှေ့မှလူငယ်သည် လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားသည်ဟု သူ ခံစားရပြီး သွေးသံလိုက်အိမ်မြှောင်၏ အမည်ကိုပင် သိနေသဖြင့် လျှို့ဝှက်ထားလည်း မထူးတော့ဟု သူယူဆလိုက်သည်။

“နာမည်တစ်မျိုးနဲ့သိုင်းဘုရင် တစ်ယောက်ပေါ့လေ၊ ဟုတ်လား”

ကျိယွမ်က စဥ်းစားနေသလို တိုးတိုးလေး ရေရွတ်လိုက်၏။

ထိုအခိုက် ယုရှို့သည် စကားပြောရန်ပြင်လိုက်ပြီးမှ ရုတ်တရက် မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။

“မကောင်းတော့ဘူး၊ ငါ... ငါ သွားရတော့မယ်။”

သွေးသံလိုက်အိမ်မြှောင်မှာ ကြေမွသွားပြီဖြစ်သော်လည်း ကျိန်စာ၏ အကြွင်းအကျန်အချို့မှာ သူအပေါ်၌ ကျန်ရှိနေဆဲ ဖြစ်သည်။ ၎င်းကို သူ အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေလေသည်။

သူက ထို့သို့ပြောပြီးသည်နှင့် ချက်ချင်းထွက်ခွာသွားပြီး သူ၏ပစ္စည်းများကိုပင် ပြန်သိမ်းမသွားခဲ့ပါ။

မြောက်ပိုင်းကြိုးကြာ ဟန်ချန်းယွင်သည် ယုရှို့ ထွက်ခွာသွားသည့် ပုံရိပ်ကို ဇဝေဇဝါဖြင့် ကြည့်နေသည်။

“မင်း သူ့ကို မသိတာ သေချာရဲ့လား။”

“မသိပါဘူး... ဒါပေမဲ့ သူက စိတ်ဝင်စားဖို့ကောင်းသားပဲ”

ကျိယွမ်က ခေါင်းယမ်းပြရင်းမှ

ဗေဒင်ဆရာ ပြောခဲ့သည့် သေခြင်းစွမ်းအင်ဆိုသည့် စကားလုံးကို စဥ်းစားနေ၏။

၎င်းမှာ ဗေဒင်ဆရာသည် တစ်ကိုယ်တော် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်း ဖြစ်နိုင်သည်ဟု ညွှန်ပြနေခြင်းပင်။

“သူကလည်း မင်းလိုပဲ တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။"

"ဖြစ်နိုင်တာက... ကောလာဟလတွေက မှန်နေတာလား ”

ဟန်ချန်းယွင်က တစ်ခုခုကို သတိရသွားဟန်ဖြင့် ရေရွတ်လိုက်သည်။

“ဘာကောလာဟလလဲ”

ကျိယွမ်က စပ်စုလိုက်ရင်းမှ သူ၏ဖုန်းအားထုတ်ယူ၏။

သူက သွေးသံလိုက်အိမ်မြှောင်၊ သွေးသံလိုက်အိမ်မြှောင်ကျွန်း၊ သေခြင်းစွမ်းအင်နှင့် ဒဏ္ဍာရီလာ နဂါးရူးသိုင်းဘုရင် စသည့် စကားလုံးများကို ဇီးရိုးဝမ်းထံ ပေးပို့ကာ အချက်အလက်များ ရှာဖွေခိုင်းလိုက်သည်။

"မကြာသေးခင်က ဝူကွေနိုင်ငံမှာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တယ်။ စစ်စခန်းတစ်ခုလုံး သုတ်သင်ခံလိုက်ရတာ။"

"ငါ အဲဒီဗီဒီယိုကို ကြည့်လိုက်ရတယ်၊ ကောင်းကင်မှာ သွေးရောင်ဓားကြီးတစ်စင်း ရှိနေပြီး ရုတ်တရက်ဆိုသလို... စခန်းထဲက စစ်သားတွေအားလုံး သေကုန်ကြရော။"

"ပြီးတော့ အမွေအနှစ်တွေ ပြန်လည်နိုးထလာမယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိနေပြီး အဲဒီလူက မသေမျိုးကျင့်ကြံသူတစ်ယောက်တဲ့။”

ဟန်ချန်းယွင်သည် ထိုနေရာအရောက်တွင် အသံကိုနှိမ့်ကာ ပြောလိုက်ရင်းမှ သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားနေသလို စိတ်ဓာတ်ကျနေသော အရိပ်အယောင်များလည်း ထင်ဟပ်နေ၏။

“တကယ်လို့ ကျင့်ကြံခြင်းလမ်းစဉ်က တကယ် ရှိနေတယ်ဆိုရင်... ငါတို့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့သမျှက ဘာအတွက်လဲ...”

သူသည် အမှန်တကယ်ပင် စိတ်ဓာတ်ကျနေပုံရသည်။

အကယ်၍ ကျင့်ကြံခြင်းလမ်းစဉ်သာ ရှိခဲ့ပါက သိုင်းပညာမှာ အသုံးမဝင်တော့ပေ။

သိုင်းပညာ၏ အကန့်အသတ်များကို ကျော်ဖြတ်နိုင်သည့်တိုင်... ၎င်းမှာ အဓိပ္ပာယ်မဲ့သွားမည် မဟုတ်ပါလား။

သိုင်းပညာရှင်တစ်ဦးက စစ်သား သုံးထောင်ပါဝင်သည့် တပ်ရင်းတစ်ခုကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ပါ့မလား။

လုံးဝမဖြစ်နိုင်ပေ။

ကျိယွမ်က သူ၏စိုးရိမ်ပူပန်မှုများက အရေးမကြီးသလို ရယ်မောလိုက်သည်။

“မင်းက မသေမျိုးလမ်းစဥ်ပေါ်လာလို့ သိုင်းပညာလမ်းစဥ်က အသုံးမဝင်တော့ဘူးလို့ ပြောနေတာလား "

"ငါမေးပါဦးမယ် မင်းရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေက ဗီဇပြောင်းစစ်သည်တော်တစ်ယောက်ကို တောင် အနိုင်ယူနိုင်လို့လား။”

“အဲ..”

ဟန်ချန်းယွင် စကားမပြောနိုင်တော့ပါ။

မှန်ပါသည် ။ကျင့်ကြံခြင်းလမ်းစဉ် မရှိသည့်တိုင်အောင် သိုင်းပညာမှာ မူလကတည်းက ထူးခြားနေသည်တော့ မဟုတ်ပေ။

သိုင်းပညာ အထွတ်အထိပ်သို့ ရောက်နေသူပင်လျှင် အဆင့်မြင့် ဗီဇပြောင်းဆေးဝါးများ သုံးစွဲထားသော စစ်သားတစ်ယောက်ကို အနိုင်မတိုက်နိုင်ပါ။

“မင်း စကားကောင်းကောင်း မပြောတတ်ရင် မပြောနဲ့တော့”

ဟန်ချန်းယွင်က မကျေမနပ် ပြောလိုက်သော်လည်း သူ၏ စိတ်အခြေအနေမှာ သိသိသာသာ တိုးတက်လာသည်။

သိုင်းပညာက အားနည်းနေရင်ကော ဘာဖြစ်လဲ။

အရင်ကတည်းက အားနည်းနေခဲ့တာကို

၊ ကျင့်ကြံခြင်းလမ်းစဥ်ကြောင့် အားနည်းသွားတာမှ မဟုတ်တာ ။

“ငါ အခု စိုးရိမ်နေတာက ကျင့်ကြံခြင်းလမ်းစဉ်က တကယ်နိုးထလာပြီး အနာဂတ်မှာ သိုင်းပညာပြိုင်ပွဲတွေ ဖျက်သိမ်းခံရမှာကိုပဲ... အဲဒါကတော့...”

ဟန်ချန်းယွင်၏ အသံတွင် လွမ်းဆွေးမှုအချို့ ပါဝင်နေသည်။

သိုင်းပညာက ဘာမှမဟုတ်သည့်တိုင်အောင် ၄င်းမှာ သူအလွန်တန်ဖိုးထားခဲ့သည့်အရာ ဖြစ်လေ၏။

သူ ငယ်စဉ်ကတည်းက သိုင်းပညာပြိုင်ပွဲများကို ကြည့်လာခဲ့သော ပရိတ်သတ်စစ်စစ် ဖြစ်သည်။

သူ့အတွက်ပြောရလျှင် သိုင်းဘုရင်များမှာ သူ လေးစားအားကျရသော ပရော်ဖက်ရှင်နယ် အားကစားသမားများကဲ့သို့ပင် ။

သို့သော် သူစိုးရိမ်ထားသလို မမျှော်လင့်ထားသော အခြေအနေများပြောင်းလဲသွားပါက တစ်နေ့တွင် ဤကမ္ဘာပေါ်၌ ကိုယ်ခံပညာပြိုင်ပွဲများ ရှိတော့မည် မဟုတ်ပေ။

“မင်း အလွန်အကျွံ တွေးနေတာပဲ။ ချင်းယွမ်နိုင်ငံတော်ကြီး ပျက်သုဉ်းသွားရင်တောင် သိုင်းပညာပြိုင်ပွဲကတော့ နောက်ထပ် အကြိမ်တစ်ရာအထိ ဆက်ရှိနေဦးမှာပါ”

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်သည်။

“မင်းကတော့ လေကြီးလိုက်တာ။ ချင်းယွမ်နိုင်ငံတော်သာ မရှိတော့ရင် ဘယ်လိုလုပ်ပြီး သိုင်းပညာပြိုင်ပွဲက ရှိဦးမှာလဲ”

ဟန်ချန်းယွင်က လက်မခံနိုင်ပါ။နိုင်ငံတောင် မရှိတော့မှတော့ သိုင်းပြိုင်ပွဲက ဘယ်လိုလုပ်ရှိတော့မှာလဲ။

“ငါ ဒီမှာ ရှိနေသရွေ့ သိုင်းပညာပြိုင်ပွဲလည်း ရှိနေမှာပဲ။”

“အေးပါကွာ၊ ဟုတ်ပါပြီ။”

ထို့နောက် သူတို့နှစ်ဦးသည် စကားတပြောပြောနှင့် သိုင်းပညာမဟာမိတ်အဖွဲ့ခွဲအတွင်းသို့ ဝင်ရောက်လာခဲ့ကြလေသည်။

ယခုနေရာ၌ အရည်အချင်းစစ်ဆေးခြင်းကိုပြုလုပ်မည်ဖြစ်ပြီး

စစ်ဆေးမှု အောင်မြင်သူ မည်သူမဆို ကိုယ်ခံပညာပြိုင်ပွဲ၏ တရားဝင်ပွဲစဉ်များတွင် တိုက်ရိုက် ပါဝင်နိုင်ပေလိမ့်မည်။

သူတို့ရောက်ရှိသွားချိန်၌ ခန်းမအတွင်း၌ လူပေါင်း ၃၀ ကျော် ရှိနေပြီး အားလုံးမှာ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထိုအချိန်တွင် တောင်ပိုင်းခြင်္သေ့ ကျန်းရန်သည် သူ၏ မွေးရာပါသိုင်းစွမ်းရည်ကို ထုတ်ဖော်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

စင်မြင့်ပေါ်တွင် မိုးကြိုးပစ်သံကဲ့သို့ မြည်ဟီးသွားခဲ့သည်။

သူ၏ ပြိုင်ဘက်ဖြစ်သော သန်မာသည့် သိုင်းပညာရှင်မှာ မည်သို့မျှ တုံ့ပြန်ချိန်မရလိုက်ဘဲ အပြင်းအထန်ဒဏ်ရာရသလို လဲကျသွား၏။

“တောင်ပိုင်းခြင်္သေ့ ကျန်းရန် အနိုင်ရရှိပါတယ်”

ဒိုင်လူကြီး၏ ကြေညာသံကြားသည်နှင့် ကျန်းရန်သည် လဲကျနေသောပြိုင်ဘက်အား တစ်ချက်ပင် လှည့်မကြည့်ဘဲ မာနထောင်လွှားစွာဖြင့် စင်ပေါ်မှ ဆင်းလာသည်။

အောက်တွင်ရှိနေကြသော သိုင်းပညာရှင်များမှာ ကျန်းရန်ကို အားကျစိတ်နှင့်အတူ ကြောက်လန့်စွာကြည့်နေကြ၏။

“တောင်ပိုင်းခြင်္သေ့ ကျန်းရန်ရဲ့ ခွန်အားက မနှစ်ကထက် ပိုပြီးတိုးတက်လာပြန်ပြီ။”

“ဒီနှစ်ပြိုင်ပွဲရဲ့ ချန်ပီယံက သေချာပေါက် သူပဲ ဖြစ်လိမ့်မယ်။”

“ဒါပေမဲ့ သူက... အရမ်း မာနကြီးလွန်းတယ်။”

လူအများက အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။

“နောက်တစ်ယောက်... ကျိယွမ်။”

ဒိုင်လူကြီး၏ ခေါ်သံနှင့်အတူ ကျိယွမ် ရှေ့သို့ ထွက်လိုက်သည်။

စစ်ဆေးမှု အောင်မြင်ထားသော ဟန်ချန်းယွင်က ကျိယွမ်ကို အားပေး၏။

"ကံကောင်းပါစေ၊ အနာဂတ်ချန်ပီယံကြီး။ စစ်ဆေးမှုမှာ ရှုံးပြီးထွက်နေရဦးမယ် ။”

ရန်ရှန်းက သူ၏စကားကြောင့် တဟားဟား ရယ်မောလိုက်သည်။

“မင်းက ကျိယွမ်ကို တော်တော်အထင်သေးတာပဲ။ သူ့ရဲ့ အရည်အချင်းက... မင်းထက်တောင် သာသေးတယ်”

“ကျုပ်ထက် သာတယ်ဟုတ်လား”

ဟန်ချန်းယွင်က အံ့အားသင့်သွားသလို လှည့်ကြည့်သည်။

“သူ့အဆင့်က ဘယ်လောက်မို့လို့လဲ။”

“ကြည့်သာ ကြည့်နေလိုက်စမ်းပါ”

ရန်ရှန်း၏ လျှို့ဝှက်သလိုပြုံးပြီး ရှင်းမပြခဲ့ပေ။

ကျိယွမ်မှာ အသက် ၂၀ ကျော်မျှသာ ရှိသေးပြီး ဟန်ချန်းယွင်ထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ငယ်သည်။

သို့သော် သူသည် ထိုအရွယ်လေးမှာပင် သိုင်းပညာအကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်၏။

ပို၍ အရေးကြီးသောအချက်မှာ ကျိယွမ်သည် သိုင်းပညာကို စတင်လေ့လာခဲ့သည်မှာ တစ်နှစ်တောင် မပြည့်သေးခြင်းပင်။

သူသည် အမှန်တကယ်ပင် လော့ပုဖန်ကဲ့သို့ သိုင်းပညာ၏ အကန့်အသတ်များကို ချိုးဖျက်နိုင်သူ ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

မှတ်တမ်းများအရပြောရလျှင် လော့ပုဖန်၏ သိုင်းပညာပါရမီမှာ ကျိယွမ်လောက်ပင် မကောင်းမွန်လှပါ။

ထိုအချိန်တွင် ကျိယွမ်သည် တည်ငြိမ်သော အမူအရာဖြင့် စင်မြင့်ပေါ်သို့ တက်သွားလေသည်။

သူ၏ ပြိုင်ဘက်မှာ ကျိယွမ်၏ ပေါင်ထက်ပင် ပိုမိုတုတ်ခိုင်သော လက်မောင်းကြီးများရှိသည့် လူသန်ကြီးတစ်ဦး ဖြစ်၏။

စင်မြင့်ပေါ်တွင် ရပ်နေသည့်အခါ သူ၏ ပုံစံမှာ ထူထဲသောနံရံကြီးတစ်ခုနှင့်ပင် တူနေသည်။

“ဒီကလေးကတော့ ‘သံချပ်ကာလေဆင်နှာမောင်း’ နဲ့ တွေ့ရတာ ကံဆိုးတာပဲ။”

“သံချပ်ကာလေဆင်နှာမောင်းက အနှိုင်းမဲ့ ခံစစ်စွမ်းအားရှိတဲ့ ‘မဖောက်ထွင်းနိုင်သော သံချပ်ကာနည်းစနစ်’ ကို ကျင့်ကြံထားတာ။ ဒီလူငယ်လေးက သူ့ရဲ့ခံစစ်ကို ဘယ်လိုမှ ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။”

“သူက တော်တော်ငယ်သေးတာ မဟုတ်လား ၊ ဒီမှာ ဘာလာလုပ်တာလဲ။”

စင်အောက်ရှိ သိုင်းပညာရှင်များက အချင်းချင်း ဆွေးနွေးနေကြပြီး ဟန်ချန်းယွင်ပင် ကျိယွမ်အတွက် အနည်းငယ်စိုးရိမ်လာမိသည်။

“သူ ကံဆိုးလွန်းတယ်။ သာမန်အကန့်အသတ်ရောက် သိုင်းပညာရှင် တစ်ယောက်တောင်မှ သံချပ်ကာလေဆင်နှာမောင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"

သိုင်းပညာမှာ အားနည်းနေဆဲ ဖြစ်သောကြောင့် ခန္ဓာကိုယ် တည်ဆောက်ပုံ ကွာခြားချက်ကလည်း အရေးကြီးနေဆဲဖြစ်လေသည်။

ဤလူသန်ကြီးမှာ အနည်းဆုံး ပေါင် ၃၀၀ ခန့် ရှိပြီး အရပ်မှာ ၂ မီတာကျော် မြင့်သည်။ထိုမျှသန်မာသူတစ်ဦးမှာ သိုင်းပညာကို ဟုတ်တိပတ်တိမသင်ကြားထားလျှင်ပင် သိုင်းပညာရှင်တစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်၏။

၎င်းအပြင် သူသည် သံချပ်ကာနည်းစနစ်ကဲ့သို့ ခက်ခဲသောသိုင်းပညာကိုလည်း လေ့ကျင့်ထားသေးပြန်သည်။

မျှော်လင့်ချက်မရှိဘူး ။

သို့သော် စင်မြင့်ပေါ်မှာတော့ ကျိယွမ်က ထိုလူသန်ကြီးကို ကြည့်ကာ သူ၏မျက်လုံးများတွင် သနားသလို အရိပ်အယောင်အချို့ ပေါ်လာသည်။

“မင်းရဲ့ ခန္ဓာကိုယ်က အလောင်းရုပ်သေးအဖြစ် ပြုပြင်ဖို့အတွက် အကောင်းဆုံးပဲ။ နှမြောစရာပဲ—ငါက လူကောင်းတစ်ယောက် ဖြစ်နေတော့ အသုံးမဝင်ဘူး”

စကားအဆုံးတွင် ကျိယွမ်သည် ရုတ်တရက် လှုပ်ရှားလိုက်၏။

"ဟာ..."

ကြည့်နေသော သိုင်းပညာရှင်များမှာ သူ၏ အရှိန်က မယုံနိုင်လောက်အောင် မြန်ဆန်လှသဖြင့် ပါးစပ်များပွင့်ကုန်ကြသည်။

ဒီကောင် မြန်လှချည်လား။

ခွန်အားကြီးမားသော သံချပ်ကာလေဆင်နှာမောင်းမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပါ။

အင်အားကြီးမားသော စွမ်းအားတစ်ခုက သူ၏ ရင်ဘတ်ကို ရိုက်ခတ်သွားလေသည်။

“အား”

သံချပ်ကာလေဆင်နှာမောင်း နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ထိန်းချုပ်မရတော့ဘဲ စင်ပေါ်မှ လွင့်ထွက်သွားကာ ကျယ်လောင်သော အသံကြီးဖြင့် မြေပြင်ပေါ်သို့ ကျသွားသည်။

တိုက်ပွဲမှာ စပင်မစရသေးဘဲ ချက်ချင်းပြီးဆုံးသွား၏။

အားလုံးမှာ ထိတ်လန့်သွားကြပြီး ကြောင်ငေးသွားကြသည်။။သူတို့မြင်လိုက်ရသည်မှာ အလွန်ကြောက်စရာ ကောင်းလှ၏။

“ဒါက... အကန့်အသတ်ရောက် သိုင်းပညာရှင်တစ်ယောက်ပဲ၊ပြီးတော့ သာမန်အဆင့်လည်း မဟုတ်ဘူး။”

လူများ သတိပြန်ဝင်လာသောအခါ ကျိယွမ်အပေါ် ထားရှိသည့် သူတို့၏ အကြည့်များ ပြောင်းလဲသွားတော့သည်။

“တော်တော် ငယ်သေးတာပဲ... သူ့ရဲ့ ပါရမီက တောင်ပိုင်းခြင်္သေ့နဲ့ မြောက်ပိုင်းကြိုးကြာထက်တောင် သာသေးတယ်။”

အထူးစင်မြင့်ပေါ်ရှိ သိုင်းပညာရှင်များမှာလည်း မှင်တက်နေကြသည်။

အထူးစင်မြင့်ထက်ရှိ သိုင်းပညာရှင်ကြီးအချို့ဆိုလျှင် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်များပင် ရပ်လိုက်မိကြ၏။

“ဒီလောကမှာ နောက်ထပ် လော့ပုဖန်တစ်ယောက် ပေါ်လာပြီလား။”

လူတိုင်းက ကျိယွမ်ကို မမြင်ဖူးသော အထူးအဆန်းတစ်ခုလို ကြည့်နေကြသည်။

ဤမျှ ငယ်ရွယ်သောအသက်အရွယ်နှင့် သိုင်းပညာ အကန့်အသတ်သို့ ရောက်ရှိနေခြင်းမှာ...။

ဤပါရမီရှင်မျိုးမှာ တစ်ခါမှမရှိခဲ့ဖူးသလို နောက်ထပ်လည်း ရှိလာလိမ့်မည် မဟုတ်ပေ။

ဖြစ်နိုင်တာက... သူဟာ သိုင်းပညာရဲ့ အကန့်အသတ်ကိုတောင် ချိုးဖျက်နိုင်မှာလား။

ထိုအချက်ကို တွေးမိသောအခါ သိုင်းပညာရှင်များမှာ တည်ငြိမ်စွာ မနေနိုင်ကြတော့ပါ။

ထိုအချိန်တွင် သိုင်းပညာရှင်တစ်ဦးက တောင်ပိုင်းခြင်္သေ့ ကျန်းရန်ကို ကြည့်လိုက်မိပြီး သူ၏မျက်လုံးများတွင် ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု ပေါ်လာသည်။

“ကျန်းရန်၊ ဒီတစ်ခါတော့ မင်းအတွက် ပြိုင်ဘက်ကောင်း ရပြီ။ သူ့ရဲ့ ခွန်အားက... မင်းနဲ့ တန်းတူလောက် ဖြစ်နိုင်တယ်။”

ကျန်းရန်သည် ကျိယွမ်ကို အကဲခတ်သလိုတစ်ချက်ကြည့်လိုက်သော်လည်း သူ၏အကြည့်မှာ မာနထောင်လွှားနေဆဲပင်။

“ငါက ဒီကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်နေမှတော့ ချန်ပီယံက ငါပဲ ဖြစ်ရမှာပေါ့"

"ဟွန့်...သူ့ရဲ့ ခွန်အားကို... အရင်ကဆိုရင်တော့ ငါ လေးစားမိမှာပေါ့၊ ဒါပေမဲ့ အခု ငါက... အရင်လိုလူ မဟုတ်တော့ဘူး။ ချန်ပီယံဆုကို ရယူပြီး ဂုဏ်သိက္ခာရှိရှိ ထွက်ခွာသွားဖို့သာ မဟုတ်ရင် ဒီပြိုင်ပွဲမှာ ငါ ဝင်ပြိုင်ဖို့တောင် စိတ်ကူးမှာ မဟုတ်ဘူး။”

ယခုသူသည် ယခင်ကနှင့် မတူတော့ပါ။

သူသည်... ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။

သူ စတင်ရုံသာ ရှိသေးသော်လည်း... သာမန်သိုင်းပညာရှင်အချို့ကို ကိုင်တွယ်ဖို့ကတော့... လွယ်ကူလှ၏။

ကျိယွမ်နှင့် အခြား သိုင်းပညာရှင်များကို သူကတော့ အထင်သေးစွာသာ ကြည့်နေတော့သည်။

..........

တစ်ချိန်တည်းမှာပင် လမ်းကြားလေးတစ်ခုအတွင်း၌ဖြစ်သည်။

ဗေဒင်ဆရာယုရှို့သည် ပြင်းထန်သောနာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အမှတ်များဖြင့် ဖုံးလွှမ်းနေ၏။

သွေးရောင်အမှတ်များက သူ၏မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းနေသဖြင့် ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသလို ကြက်သီးထဖွယ်လည်း ကောင်းလှသည်။

“မကောင်းတော့ဘူး...”

ယုရှို့ နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။

ဒုန်း...

ဒုန်း..ဒုန်း ..

သူ၏စိတ်ထဲတွင် စည်တော်ကို တီးခတ်နေသကဲ့သို့ အသံကြီးကလည်း တဖြည်းဖြည်းနီးလာနေသည်။

သူ မြေပြင်ပေါ်သို့ လဲကျသွားပြီး အမြင်အာရုံက တဖြည်းတဖြည်း ဝေဝါးလာခဲ့သည်။

သူ၏ ရှေ့မှ မြူခိုးများကြားမှ ဦးချိုများပါသော ကြောက်မက်ဖွယ်သတ္တဝါကြီးတစ်ကောင်က သူ့ထံ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၏။

ထိုသတ္တဝါကြီး၏ လက်ထဲတွင် သွေးများ စွန်းထင်နေသောပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး ရက်စက်စွာခုတ်ပိုင်းတော့မည့်အလားပင်။

ယုရှို့၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာ၏။

“ဒီလိုအဆင့်ရှိတဲ့ မိစ္ဆာမျိုးက ဘာလို့ရောက်ရတာလဲ... ငါ သွားပြီ။ ဒီမှာ တင် သေရတော့မယ်...”

All Chapters