ဒါက မင်းမိန်းမ မဟုတ်ဘူးလား
Vol. 28 Ch. 310
စစ်ဆေးပွဲကျင်းပနေသော သိုင်းပညာမဟာမိတ်အဖွဲ့ခွဲတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
ကျိယွမ်၏ အစွမ်းမှာ သိုင်းပညာအထွတ်အထိပ်သို့ ရောက်ရှိနေသူများကြားတွင်ပင် သာမန်မဟုတ်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။
ထိုထက် ပို၍အရေးကြီးသည်မှာ သူသည် အလွန်ငယ်ရွယ်နေခြင်းဖြစ်သည်။
ချက်ချင်းဆိုသလိုပင် မဟာမိတ်အဖွဲ့မှ ကိုယ်ခံပညာရှင်အချို့သည် ကျိယွမ်နှင့် မိတ်ဆွေဖွဲ့ရန်စိတ်ကူးကာ ပြိုင်ပွဲစင်နားသို့ ကပ်လာကြ၏။
သို့သော် ကျိယွမ်ကမူ သူတို့၏အတွေးများနှင့် အပြုအမူများကို စိတ်မဝင်စားပေ။
"ဟိုတယ်မှာ ရေနွေးအိုး တည်ထားခဲ့တာ။ မာမားပြုတ်ဖို့ အမြန်ပြန်ရမယ်"
ထိုသို့ပြောပြီးနောက် စင်ပေါ်မှလွှားခနဲခုန်ချကာ မည်သူ့ကိုမှ နှုတ်မဆက်ဘဲ မဟာမိတ်အဖွဲ့ခွဲ့ထဲမှ ထွက်သွားလေသည်။
ခန်းမထဲမှ သိုင်းပညာရှင်များမှာ နားမလည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ဒီကောင်လေးက ဘာလဲဟ။
အဆောက်အဦးထဲသို့ မဝင်ခင် အပြင်ဘက်တွင် ကျိယွမ်ကို ဗေဒင်ဟောခန်း၌ မြင်တွေ့ခဲ့ရသူများမှာလည်း မယုံနိုင်သလို ခံစားနေကြရသည်။
"ဒီသိုင်းပညာရှင်က... တော်တော်ထူးဆန်းတာပဲ။"
"မင်းတို့မှတ်မိလား သူ့မှာ စိတ်ကျန်းမာရေးမကောင်းကြောင်း ထောက်ခံစာ ရှိပုံရတယ်။"
"ဘာ..."
"ဟုတ်လား ၊ သူ့အမူအရာကြည့်ရတာ တကယ်ပဲ တစ်ခုခုလွဲနေသလိုပဲ။"
"သိုင်းပညာကို ငယ်ငယ်လေးကတည်းက အလွန်အကျွံလေ့ကျင့်လို့ ဦးနှောက်ထိသွားတာများလား"
"ဘုရားသခင်က သူ့အတွက် ပြတင်းပေါက်ကို ဖွင့်ပေးခဲ့ပေမဲ့ တံခါးမကြီးကိုတော့ ပိတ်ထားခဲ့တာပဲ။"
သူတို့၏အကြည့်များမှာ မနာလိုမှုမှ သနားကရုဏာသို့ ပြောင်းလဲသွားသည်။
မြင့်မားသော သိုင်းပညာပါရမီရှိခြင်းမှာ မနာလိုစရာဖြစ်သော်လည်း... အကယ်၍ သူသာ စိတ်ဝေဒနာရှင်ဖြစ်နေပါက ပါရမီ မည်မျှမြင့်မားနေပါစေ ဘာအသုံးကျမည်နည်း။
သူသည် သန်မာကောင်း သန်မာနိုင်သော်လည်း ကိုယ်ပိုင်အသိဉာဏ်မရှိပါက သူတစ်ပါးလက်ထဲတွင် ငွေရှာသည့် ကိရိယာ သို့မဟုတ် ရုပ်သေးရုပ်တစ်ခုသာ အများဆုံး ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ပါရမီကောင်းခြင်းထက် ဦးနှောက်ကောင်းခြင်းက ပို၍အသုံးဝင်လေ၏။
ကျိယွမ် မဟာမိတ်အဖွဲ့ခွဲမှ ထွက်သွားသည်ကို မြင်သည်နှင့် ဟန်ချန်းယွင်ကလည်း နောက်မှ ချက်ချင်းထလိုက်လာသည်။
ရန်ရှန်းကတော့ မဟာမိတ်အဖွဲ့တွင် မတွေ့ရကြာပြီဖြစ်သော သူငယ်ချင်းဟောင်းများနှင့် စကားပြောရန် ကျန်ရစ်ခဲ့လေ၏။
ဟန်ချန်းယွင် လိုက်လာသည်ကို မြင်သော်လည်း ကျိယွမ်ကတော့ ထူးထူးခြားခြား မတုန့်ပြန်ပါ။
ယခုအချိန်တွင် ဟန်ချန်းယွင်၏ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ရှိနေ၏။
"မင်းရဲ့ သိုင်းပညာပါရမီက ငါ့ထက်တောင် သာသေးတယ်။ မင်းက ဒုတိယမြောက် လော့ပုဖန်တောင် ဖြစ်လာနိုင်မလား မသိဘူး"
ဟန်ချန်းယွင်သည် ကျိယွမ်နှင့်အတူ ဘေးချင်းယှဉ် လမ်းလျှောက်နေရင်းမှ စကားစသည်။
နှစ်ပေါင်းရာနှင့်ချီကြာသည်အထိ သိုင်းပညာအကန့်အသတ်ကို မည်သူမျှ မကျော်ဖြတ်နိုင်ခဲ့ပေ။
အကယ်၍ ကျိယွမ်ကသာ လုပ်ဆောင်နိုင်ခဲ့ပါက ၎င်းသည် သိုင်းပညာလောကတွင် အလွန်ကြီးကျယ်သော ဖြစ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
"ငါ့ပါရမီက တကယ်တော့ သာမန်ပါပဲ။ အခုငါ့ရဲ့အစွမ်းတွေက ငါ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ရလာတာပါ"
ကျိယွမ်က အမှန်အတိုင်းပြန်ဖြေ လိုက်သည်။
သူ၏ သိုင်းပညာပါရမီမှာ မူလကတည်းက သာမန်မျှသာ ဖြစ်ပြီး ယခုကဲ့သို့ အစွမ်းထက်လာခြင်းမှာ ဂိမ်းကို အလွန်အပတ်တကုတ် ကြိုးစား ကစားခဲ့သောကြောင့်ပင်။
"မင်းက အရမ်းနှိမ့်ချလွန်းတယ်။ သာမန်အသိုင်းအဝိုင်းမှာ ကြိုးစားမှုက အရေးကြီးပေမဲ့ သိုင်းပညာလောကမှာတော့ အားလုံးက ပါရမီပေါ်မှာပဲ မူတည်တယ်။ ပါရမီမတူရင် လူအချင်းချင်း ကွာခြားချက်က လူနဲ့ခွေး ကွာခြားချက်ထက်တောင် ပိုကြီးသေးတယ်"
ဟန်ချန်းယွင်က သိုင်းလောက၏အမှန်တရားကို ထောက်ပြသည်။ သိုင်းပညာသင်ယူရာ၌ ပါရမီမရှိလျှင် မည်မျှပင်ကြိုးစားပါစေ တိုးတက်မှုက လိပ်ထက်ပင်နှေးလေ၏။
ဟန်ချန်းယွင်မှာ ရှေးဟောင်းမျိုးရိုးမြင့် မိသားစုမှ ဖြစ်ပြီး သူ့တွင် အစ်ကိုတစ်ဦး ရှိလေသည်။
မျိုးနွယ်ရာဇပလ္လင်က သူ၏အစ်ကိုနှင့်သာ ဆိုင်သောကြောင့် သူသည် အစ်ကိုဖြစ်သူ၏ အသိုင်းအဝိုင်းထဲသို့ အဆင့်တန်းအတူတူ မဝင်ရောက်နိုင်ပေ။ ထို့အစား သူသည် သီးသန့်ဖြစ်နေသော သိုင်းပညာလောကထဲတွင်သာ အဆင်ပြေသလို နေထိုင်နေခဲ့ခြင်းဖြစ်သည်။
ထိုရွေးချယ်မှုက မိမိကိုယ်ကိုယ် ကာကွယ်ခြင်း တစ်မျိုးလည်းဖြစ်သည်ဟု ဆိုနိုင်၏။
ယနေ့မှ ကျိယွမ်နှင့်တွေ့ဆုံဖူးသော်လည်း ထိုသူသည် သူ့အား ထူးခြားသောခံစားချက်နှင့်အတူ လျှို့ဝှက်ဆန်းကြယ်မှုကို ပေးနေသလို သူ ခံစားရသည်။
ထို့အပြင် မကြာခင်က တွေ့ခဲ့ရသော ဗေဒင်ဆရာမှာလည်း အလွန်လျှို့ဝှက်ဆန်းကြယ်ပုံရနေပြန်၏။
အစပိုင်းတွင် ဟန်ချန်းယွင်က ထိုကိစ္စများက သူ့အား ထောင်ချောက်ဆင်ခြင်းဟု ထင်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
"ပြိုင်ပွဲမစခင် အချိန်နည်းနည်း ကျန်သေးတယ်။ ဒီအတောအတွင်း မင်း လုံထိုင်မှာပဲ နေမှာမှတ်လား ၊ ငါ မင်းကို လမ်းညွှန်ပေးပြီး လုံထိုင်အနှံ့ လိုက်ပြရင် ဘယ်လိုလဲ"
" လုံထိုင်မှာ သိုင်းပညာရှင်တွေအတွက်သွားသင့်တဲ့ နေရာတွေ အများကြီး ရှိတယ်၊ အဲဒါက ငါတို့အတွက် နေရာကောင်းပဲ။"
"မင်းရဲ့ လက်ရှိအစွမ်းကို ကြည့်ပြီး စိတ်မချနဲ့ဦး၊ ချန်ပီယံဆုရမလား ဆိုတာက နောက်ကိစ္စတစ်ခုပဲ။ ဒီအချိန်အတွင်း ရှေးလူကြီးတွေ ချန်ထားခဲ့တဲ့ လက်ရာတွေကို ကြည့်လို့ရတယ်၊ အဲဒါက မင်းရဲ့ သိုင်းပညာကို တိုးတက်စေနိုင်တယ်"
ဟန်ချန်းယွင်က စိတ်အားထက်သန်စွာ အကြံပြုသည်။
သူသည် ထိုအချိန်များကို အသုံးချ၍ ကျိယွမ်၏ နောက်ခံကိုလည်း စုံစမ်းချင်နေ၏။
"ကောင်းသားပဲ။ ငါ မင်္ဂလာဆောင်ပြီးရင်လည်း ဟန်းနီးမွန်း ခရီးစဉ် သေချာပေါက် သွားဦးမှာလေ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း သူ၏ အဖြေမှာ ဟန်ချန်းယွင်၏ တိုးတက်ရေးအကြံပြုချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။
ဟန်ချန်းယွင်မှာ ခဏမျှ ကြောင်သွား သည်။
ငါပြောတာက တစ်မျိုး ၊ သူဖြေတာက တလွဲ ။
သူသည် ကျိယွမ် စောစောက ထုတ်ပြခဲ့သည့် စိတ်ကျန်းမာရေး ထောက်ခံစာနှင့် မဟာမိတ်အဖွဲ့ထဲတွင်ကြားခဲ့ရသည်များကို ပြန်မတွေးဘဲ မနေနိုင်တော့ပေ။
ကျိယွမ်က တကယ်ပဲ စိတ်ဝေဒနာရှင်များလား။
မဟုတ်ရင် ဘာလို့ စကားပြောရတာ ဒီလောက်ခက်နေရတာလဲ။
ဟန်ချန်းယွင်က တစ်ဖက်လှည့်နှင့် ကျိယွမ်အား အမြန်မေးလိုက်သည်။
"မင်းဆေးရုံကို နေ့တိုင်းဘာသွားသွားလုပ်တာလဲ "
ကျိယွမ်သည် ခဏမျှ ကြောင်သွားပြီးနောက် ဟန်ချန်းယွင်ကို အရူးတစ်ယောက်လို ကြည့်၏။
"မင်း ဗီဒီယိုတွေ အရမ်းကြည့်လွန်းနေပြီ။ ငါ့ရဲ့ စိတ်ဝေဒနာဆိုတာက လှည့်ကွက်တစ်ခုပဲ၊ အစစ်မဟုတ်ဘူး"
ထိုအခါမှ ဟန်ချန်းယွင်မှာ သက်ပြင်းချနိုင်သွားသည်။
စိတ်ဝေဒနာရှင်စစ်စစ်တစ်ဦးဆိုလျှင် ထိုကဲ့သို့ ပြောလိမ့်မည်မဟုတ်ပေ။
"ငါ နားလည်မှုလွဲသွားတာဖြစ်မယ်။"
"ဟုတ်တာပေါ့...နေ့တိုင်း ဆေးရုံသွားရမယ့်သူ ဆိုတာကတော့... ဘယ်သူမှ မရှိနိုင်ဘူး။ ဖန်ကူးဆို တစ်ခါမှတောင်မသွားခဲ့ဘူး"
ကျိယွမ်က သဘာဝကျကျ ပြန်ဖြေသည်။
အချိန်ဆိုသည်မှာ ရှည်လျားလှ၏။
ဆေးရုံများမှာလည်း အမြဲတမ်း ရှိနေခဲ့သည် မဟုတ်ပေ။
ထို့ကြောင့် မည်သူက ဆေးရုံကို နေ့တိုင်း သွားနိုင်မည်နည်း။
ဥပမာအားဖြင့် ကောင်းကင်နှင့် မြေကြီး မဖြစ်တည်မီက မည်သူက ဆေးရုံသွားခဲ့သနည်း။
ထိုစကားကြားသောအခါ စိတ်သက်သာရာရနေဆသာ ဟန်ချန်းယွင်မှာ ပြန်လည်၍ ဇဝေဇဝါ ဖြစ်သွားရရှာသည်။
စိတ်ဝေဒနာဆိုတာ လှည့်ကွက်ဆိုရင်... သူပြောတာတွေက ဘာလို့ အဓိပ္ပာယ်မရှိရတာလဲ။
ကျိယွမ်မှာ တစ်ခုခု ချို့ယွင်းချက် ရှိနေတာကတော့ သေချာနေလေပြီ။
ထိုအခိုက် ရုတ်တရက်ဆိုသလို ဟန်ချန်းယွင်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျိယွမ်အား မေးလိုက်သည်။
"မင်း ထူးဆန်းတဲ့ အသံတစ်ခု ကြားလိုက်သလား"
သူက ထိုသို့ပြောပြီး အနီးနားရှိ လမ်းကြားတစ်ခုထဲသို့ လှမ်းကြည့်ကာ စူးစမ်းနေ၏။
လမ်းကြားမှာ ဗလာဖြစ်နေပြီး တိတ်ဆိတ်နေလေသည်။
သို့သော် အကြောင်းရင်းတစ်ခုကြောင့် ထိုနေရာမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်ဟု သူ ခံစားနေရ၏။
"အသံလား"
ကျိယွမ်ကလည်း လမ်းကြားသို့ စူးစမ်းသလို လှမ်းကြည့်လိုက်သည်။
"ငါ ဘာမှ မကြားဘူး၊ ဒါပေမဲ့... သွားကြည့်လို့တော့ ရတယ်။"
အမှန်တကယ်ပင် ကျိယွမ်သည် မည်သည့် ထူးခြားသောအသံမျှ မကြားခဲ့ပါ။
သို့သော် ဟန်ချန်းယွင် ကြည့်နေသည့် နေရာသို့ သူ လိုက်ကြည့်သောအခါ ထူးဆန်းသော အရာတစ်ခုကို ခံစားလိုက်ရသလိုလို ရှိ၏။
"ကောင်းပြီလေ။"
ဟန်ချန်းယွင်က ခဏမျှ စဉ်းစားပြီးနောက် ကျိယွမ်နှင့်အတူ ထိုလမ်းကြားသို့ ဝင်ရောက်သွားသည်။
လမ်းကြားမှာ သိပ်မကျယ်သလို အနည်းငယ်လည်း ညစ်ပတ်နေ၏။ မနီးမဝေးရှိ ပန်းအိုးတစ်လုံး၏ဘေးတွင် ခြောက်ကပ်နေသော ခွေးချေးတစ်တုံး ပင် ရှိသည်။ ၎င်း၏ စိုထိုင်းဆနှင့် အရောင်ကို ကြည့်ခြင်းအားဖြင့် ထိုနေရာတွင် ရှိနေသည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်၏။
ဟန်ချန်းယွင်သည် ဘာမှမရှိသော ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြုံးလိုက်သည် ။
"အလကား စိုးရိမ်မိတာ ထင်တယ်။ ငါက ခဏခဏ အသံတွေ ကြားယောင်တတ်တယ်။ တခါတလေ ထူးဆန်းတဲ့ အသံတွေ ကြားလို့ သွားစစ်ရင် ဘာမှ မရှိဘူး"
ဟန်ချန်းယွင်သည် ငယ်စဉ်ကတည်းက အသံကြားယောင်သည့် ဝေဒနာ ခံစားခဲ့ရသည်။
မူလက သူသည် အခြားသူများ မကြားနိုင်သောအရာကို ကြားနိုင်သည့် ပါရမီရှင်ရွေးချယ်ခံရသူတစ်ဦးဟု ထင်ခဲ့၏။
သို့သော် ဆေးရုံတွင် စစ်ဆေးပြီးနောက်... သူ့နားတွင် အသေးစား ပြဿနာတစ်ခု ရှိနေသည်ဟု သိလိုက်ရသည်။
"အဲဒါက ကြားယောင်တာ မဟုတ်ဘဲ မင်းရဲ့ သွေးမျိုးဆက်သိပ်သည်းမှုက... တော်တော် မြင့်မားနေလို့များလား"
ကျိယွမ်က ဘေးဘီသို့ကြည့်နေရင်းမှ ပေါ့ပေါ့ပါးပါး ကောက်ချက်ချသည်။
"မင်း ဘာကို ဆိုလိုတာလဲ"
ဟန်ချန်းယွင် နားမလည်ပေ။
"မင်းရဲ့ တတိယမျက်လုံး ပွင့်နေပြီလို့ ပြောတာ"
ကျိယွမ်က ပြုံးရင်း ပြောလိုက်သည်။
"မင်း လျှောက်ပြောနေပြန်ပြီ။ ငါ့တတိယမျက်လုံး ပွင့်နေတယ်ဆိုရင် သရဲတွေ ဘယ်မှာလဲ ၊ ငါ အခုထိ မင်္ဂလာတောင် မဆောင်ရသေးဘူး။ သရဲမလေးသာ ပေါ်လာရင် အခုချက်ချင်းတောင် လက်ထပ်လိုက်ဦးမယ်"
ဟန်ချန်းယွင်က အယုံအကြည်မရှိစွာ နောက်ပြောင်သလို ပယ်ချလိုက်သည်။
"နှစ်မီတာလောက် မြင့်ပြီး ချိုကြီး နှစ်ချောင်းပါတဲ့ တစ်ယောက်ဆိုရင်ရော မင်းလက်ထပ်ဦးမှာလား"
ကျိယွမ်က ထိုသို့မေးလိုက်ရင်းမှ ထူးဆန်းသော အမူအရာဖြင့် ရှေ့သို့ စိုက်ကြည့်နေလေသည်။
"ချိုကြီး နှစ်ချောင်းပဲ ပါပါ၊ ရင်ဘတ်မှာ အမွှေးတွေပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး။ ငါ သဘောတူတယ် ၊ သရဲမ ဆိုတာက ရှားပါးတဲ့ အရာပဲ။ သရဲနဲ့ လက်ထပ်ရတာ... တကယ့်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ပဲ ဟားဟား ဟားဟား "
ဟန်ချန်းယွင်သည် ပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာပြီး တဟားဟား အော်ရယ်၏။
သို့သော် သူ ဆက်ပြောနေစဉ်မှာပင် ထူးဆန်းသောအရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်က စေးကပ်သော အရည်တစ်ခုခုနှင့် ထိတွေ့မိသကဲ့သို့ ဖြစ်သွားပြီး လှုပ်ရှားရန် ခက်ခဲသွားခြင်းပင်။
ရုတ်တရက် သူ၏နဖူးပေါ်တွင်လည်း အေးစိမ့်မှုကို ခံစားလိုက်ရ၏။
"ဘာဖြစ်တာလဲ"
လက်ဖြင့် နဖူးကို သုတ်ယူလိုက်ပြီး လက်ကို ပြန်ကြည့်လိုက်သည်။
ဟန်ချန်းယွင်မှာ ရုတ်တရက် ထိတ်လန့်သွားပြီး ထအော်မိတော့သည်။
"သွေးတွေဟ"
သူ၏လက်တွင် သွေးများ ဖုံးလွှမ်းနေပြီး တစက်စက် ကျနေလေသည်။
ကျိယွမ်သည်လည်း ဟန်ချန်းယွင်၏ ဘေးတွင် သိလိုစိတ်ပြင်းပြနေသော အမူအရာဖြင့် ရပ်နေ၏။
"ဒါဆို ဒီဂိမ်းမှာ ဝှက်ထားတဲ့ မြေပုံလေးတွေ တကယ်ရှိတာပဲ။ မဟုတ်သေးဘူး... ဒါက ဝှက်ထားတဲ့ မြေပုံတောင် မဟုတ်သေးဘူး ထင်တယ်..."
"မင်း ဘာတွေ ပြောနေတာလဲ"
ဟန်ချန်းယွင်ကတော့ အမှန်တကယ် စိုးရိမ်နေပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်မှာလည်း တောင့်တင်းကာ ထုံကျင်လာသလို ခံစားရ၏။
သူ့နဖူးပေါ်သို့ ကျနေသော သွေးများကလည်း အဆက်မပြတ် ကျနေသလို ပို၍စိုစွတ်လာသည်။
"အပေါ်ကို မော့ကြည့်လိုက်ဦး၊ မင်း လက်ထပ်ချင်နေတဲ့ သရဲမကို ကြည့်လိုက်။ ဒါပေမဲ့... အဲဒါက သရဲတော့ ဟုတ်ပုံမရဘူး။"
ကျိယွမ်၏ စကားကြောင့် ဟန်ချန်းယွင်မှာ အလိုအလျောက် အပေါ်သို့ မော့ကြည့်လိုက်သည်။
"သောက်ခွေး...."
သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည် ။
"အဲဒါ... အဲဒါ ဘာကြီးလဲ ၊ အဲဒါသာ ငါ့မိန်းမ ဖြစ်လာရင်တော့ ငါ့တင်ပါးက တောင် သွေးထွက်မှာပဲ..."
သူ၏အပေါ်ဘက်တွင် အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင် ရှိနေ၏။
၎င်း၏ ဦးခေါင်းတွင် ချိုနှစ်ချောင်း ပါရှိပြီး ခန္ဓာကိုယ်မှာ အနက်ရောင် အသားဆိုင်များဖြင့် ဖုံးလွှမ်းနေကာ အောက်ဘက်တွင် အနီရောင် အသားစိုင်ကြီးများလည်း ရှိ၏။
လက်ထဲ၌ သွေးများ တစက်စက် ကျနေသော ပုဆိန်ကြီးတစ်လက်ကို ကိုင်ထားလေသည်။
ကျိယွမ်က ဟန်ချန်းယွင်ကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့၏။
"မင်းကတော့ စိတ်ပျက်စရာပဲ။ ဒီလို အခြေအနေမျိုးမှာတောင် ဒီလို ရွံစရာကောင်းတဲ့ စကားတွေ သုံးနေသေးတယ်၊ မင်းဦးနှောက်က ဘာဖြစ်နေတာလဲ"
"မင်းဦးနှောက်ကမှ ပြဿနာ ရှိနေတာ ၊ ဒါက သာမန် တုံ့ပြန်မှုပဲ"
သို့သော် ဟန်ချန်းယွင်၏ ခြေထောက်များကတော့ အလိုလိုတုန်နေပြီး နေရာမှပင် မရွေ့နိုင်သလို ခံစားနေရသည်။
ထိုအချိန်တွင် အားနည်းသော အသံတစ်သံ ထွက်ပေါ်လာ၏။
"မင်းတို့က ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
"ငါ အခု သိပြီ၊ မင်းရဲ့ သွေးမျိုးဆက် သိပ်သည်းမှုက အတော်လေး မြင့်မားနေတယ် ၊ ပြီးတော့ ဒီနေရာက လက်တွေ့ကမ္ဘာနဲ့ အရမ်းနီးကပ်နေတာပဲ။ မင်းက မတော်တဆ သူ့ကို ဒီကို ခေါ်လာမိတာဖြစ်မယ်"
ဟန်ချန်းယွင် အလန့်တကြား လှည့် ကြည့်လိုက်သောအခါ ထူးဆန်းသော ဗေဒင်ဆရာကို တွေ့လိုက်ရသည်။
သို့သော် ဗေဒင်ဆရာမှာ အလွန် သနားစဖွယ် အခြေအနေတွင် ရှိနေ၏။
သူ၏ပါးစပ်မှ သွေးများ ဆက်တိုက်ကျနေပြီး ဝမ်းဗိုက်တွင်လည်း သွေးထွက်နေသော ဒဏ်ရာကြီးတစ်ခု ရှိနေကာ အူများကိုပင် ခပ်ရေးရေး မြင်နေရသည်။
ဗေဒင်ဆရာယုရှုက အားနည်းစွာ ဆက်ပြောနေသည်။
"ဒါက အပြစ်ပေးသူဖူးမော့ပဲ၊ ငါ့အပေါ်မှာ ရှိနေတဲ့ ကျိန်စာက မပြယ်သေးလို့ ငါ့ကို လာပြီး အပြစ်ပေးနေတာ။ သူ့မှာ ကြောက်စရာကောင်းတဲ့ နတ်ဘုရား စွမ်းအားတွေ ရှိတယ်၊ သူ့ပုဆိန်နဲ့ တစ်ချက်တည်း ရိုက်လိုက်ရင် တောင်ကုန်းအသေးလေး တစ်ခုကိုတောင် နှစ်ခြမ်းခွဲနိုင်တယ်။ ဒါဟာ ဒဏ္ဍာရီထဲက ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးပဲ"
ဟန်ချန်းယွင်က မသင်္ကာသလို မျက်နှာထားနှင့် ယုရှု၏ ဝမ်းဗိုက်မှဒဏ်ရာကို ကြည့်လိုက်သည်။
တောင်တွေကို ဖြိုနိုင်လောက်အောင် စွမ်းအားကြီးတယ် ဆိုပြီးတော့ သူ့ဗိုက်မှာ ဘာလို့ ဒီဒဏ်ရာလေးပဲ ရှိနေတာလဲ။
ဒီကောင်က တော်တော် ခံနိုင်ရည် ရှိတာလား။အမှန်ဆို တစ်စစီဖြစ်နေရမှာလေ ။
ဟန်ချန်းယွင်၏ အကြည့်ကို မြင်သောအခါ ယုရှုက တစ်ဖက်လူ၏ သံသယကို နားလည်သွားပုံရ၏။
"ငါက အပြစ်ပေးခံရတဲ့သူမို့ ပုဆိန်နဲ့ ၃၇ ကြိမ် အခုန်ခံရမှာ။ ရိုက်ချက်တစ်ခုချင်းစီက သတ်မှတ်ထားတဲ့ ပျက်စီးမှုကိုပဲ ဖြစ်စေပြီး နောက်ဆုံး တစ်ချက်ရောက်မှ အသက်အန္တရာယ် ဖြစ်စေတာ။"
"ဒါပေမဲ့ မင်းတို့ နှစ်ယောက်က... အပြစ်ပေးကွင်းပြင်ထဲကို မတော်တဆ ဝင်လာမိတာပဲ။ ငါတို့ အားလုံး သေရတော့မယ်၊ ဒါက ဖူးမော့ကို ဒေါသထွက်အောင်လုပ်သလိုပဲ။ သူ က ငါတို့ အားလုံးကို သတ်တော့မှာ"
အပြစ်ပေးခံနေရစဉ်အတွင်း အပြစ်ပေးခံရသူ၏ သေဆုံးနိုင်ခြေမှာ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။
သို့သော်... ဤနေရာသို့ မတော်တဆ ဝင်လာသူမှန်သမျှကတော့ သေဆုံးရန် ၁၀၀ ရာခိုင်နှုန်းဖြစ်၏။
ထို့ကြောင့် အချို့က ဤစည်းမျဉ်းကို အသုံးပြု၍ ရန်သူများကို အပြစ်ပေးနေသောနေရာသို့ လှည့်ဖြား ခေါ်ဆောင်ကာ အပြစ်ပေးသူအား သတ်ခိုင်းတတ်ကြသည်။
ထိုစကားကို ကြားသောအခါ ဟန်ချန်းယွင်၏မျက်နှာ ဖြူဖျော့သွားသည်။
သူက ချိုနှစ်ချောင်းနှင့် ကြောက်မက်ဖွယ် သတ္တဝါကြီးကို ကြောက်ရွံ့စွာကြည့်လိုက်၏ ။
"ငါတော့ သွားပြီ၊ မင်္ဂလာတောင် မဆောင်ရသေးဘူး။ ငါ မသေချင်သေးဘူး"
"ဒါ မင်း မျှော်လင့်နေတဲ့ မိန်းမ မဟုတ်ဘူးလား ၊ မင်း စောစောကပဲ အဲဒါကြီးကို လက်ထပ်ချင်တယ် ပြောထားတာလေ"
"ငါ..."
ဟန်ချန်းယွင်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး စကားဆက် မပြောနိုင်တော့ပေ။
ယုရှုကတော့ သူသာဒဏ်ရာ မရှိပါက ဟန်ချန်းယွင်ကို လက်မထောင်ပြပြီး
"မင်းကတော့ အချစ်သူရဲကောင်းပဲ" ဟု ပြောမိပေလိမ့်မည်။
ထိုအရာမှာ အပြစ်ပေးသူ ဖူးမော့ မဟုတ်ပါလား။
ထိုအချိန်တွင် ဖူးမော့သည် သူတို့၏ စကားကို နားလည်သွားပုံရပြီး
မိုးကြိုးပစ်သကဲ့သို့ ဟိန်းဟောက်သံကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
အုန်း........
ပြင်းထန်သော အသံလှိုင်းတစ်ခု ထွက်ပေါ်လာပြီး တစ်နေရာလုံးကို လွှမ်းခြုံသွား၏။
လမ်းကြားတစ်ခုလုံးမှာ အသံလှိုင်းများနှင့် ပြည့်နှက်နေပြီး ပဲ့တင်ထပ်နေသည်။
ကျိယွမ်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများပေါ်လာပြီး ဖူးမော့အား စိတ်ဝင်စားစွာကြည့်လိုက်၏
"ဒါက... သိုင်းပညာပဲ"
အမှန်တကယ်ပင် ထိုသတ္တဝါ၏ နည်းစနစ်မှာ သိုင်းပညာနှင့် မျိုးရိုးတူကြောင်း သူ ချက်ချင်း မြင်လိုက်ရသည်မဟုတ်ပါလား။
ယခုတိုက်ခိုက်မှုမှာ အသံလှိုင်း တိုက်ခိုက်မှု ဖြစ်၏။
သို့သော် ထိုတိုက်ခိုက်မှုမှာ ကျိယွမ်အတွက်မူ ဘာမှ မဟုတ်သော်လည်း ။
သူ့ဘေးရှိ ဟန်ချန်းယွင်နှင့် မနီးမဝေးရှိ ယုရှုတို့မှာမူ ထိုအသံလှိုင်းကြောင့် ချက်ချင်းသတိလစ်သွားပြီး မေ့မျောသွားကြသည်။
ဖူးမော့သည် သူ၏ပုဆိန်ကြီးကို တင်းကျပ်စွာကိုင်လျှက် ကျိယွမ်ဆီသို့ ဦးတည်လာ၏။
ကြမ်းတမ်းစွာနင်းချလိုက်တိုင်း ခြေသံကြီးများက တဒုန်းဒုန်းမြည်နေပြီးခံစားချက်မဲ့သော စစ်သည်တော်တစ်ဦးကဲ့သို့ မည်သည့် စိတ်ခံစားမှုကိုမျှ မပြဘဲ တွေ့တွေ့သမျှ ရန်သူများကို ဖျက်ဆီးရန်သာ ရည်ရွယ်ချက်ရှိပုံရသည်။
ကျိယွမ်က ကြောက်မက်ဖွယ်သတ္တဝါကြီးအား ကြောက်လန့်ရမည့်အစား ပြုံးပြလိုက်သည်။
"မင်းက ငါနဲ့ တိုက်ချင်တာလား"
ဖူးမော့က တုန့်ပြန်မှုမရှိဘဲ သူ၏အနီးသို့ တစ်လှမ်းချင်း တိုးမြဲတိုးလာ၏။
"ခဏနေဦး၊ ခဏနေမှ တိုက်ကြတာပေါ့"
ကျိယွမ်က လက်ကာပြလျက် တားလိုက်သော်လည်း ဖူးမော့က လုံးဝ လျစ်လျူရှုကာ ကျိယွမ်နှင့် ပို၍ နီးကပ်လာသည်။
ကျိယွမ်သည် မြေပြင်ပေါ်တွင် သတိလစ်နေသော ဟန်ချန်းယွင်နှင့်ယုရှုတို့ကို ကြည့်ကာ မကျေမနပ်ရေရွတ်လိုက်၏။
"ဒါက သိပ်မတရားဘူး။ ငါကတော့ အသက်နဲ့ရင်း တိုက်နေရပြီး သူတို့ကကျ ဘာလို့အိပ်နေရတာလဲ"
"ဒီကောင် ပြောတော့လည်းသူ့မိန်းမဆိုပြီး ဘာမှတာဝန်မယူဘူး "
ကျိယွမ် မကျေမနပ် ဖြစ်သွားသည်။
အားလုံး အန္တရာယ်ရှိနေသည့် အချိန်တွင် သူတို့ကအသံလှိုင်းကြောင့် မေ့သွားကြပြီး သူ့ကိုသာ တစ်ယောက်တည်း တိုက်ခိုင်းနေ၏။
ဒါက ဘယ်လိုလုပ်တရားမျှတမှာလဲ။
"နိုးကြစမ်း"
ကျိယွမ်က ရုတ်တရက်အော်ဟစ်လိုက်သည်။
လမ်းကြားလေးထဲတွင် မိုးကြိုးများ ပေါက်ကွဲသွားသကဲ့သို့ သူ၏အသံက ဟိန်းထွက်သွားလေ၏။ တလှမ်းချင်းတိုးလာသော ဖူးမော့ပင် တုန့်ခနဲရပ်သွားသည်။
ဟန်ချန်းယွင်၏ မျက်လုံးများမှိတ်ထားပြီး သတိလစ်နေဆဲ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ငေါက်ကနဲ မတ်တတ်ရပ်လျက် ဖြစ်သွားကာ အမွှေးအမျှင်များ ထောင်ထလာသည်။
ဗေဒင်ဆရာယုရှုမှာလည်း ထိုနည်းလည်းကောင်း ဆက်ကနဲ မတ်တပ်ရပ်လာ၏။
ကျိယွမ်၏ အသံက သူတို့နားထဲသို့ ဆက်တိုက်ဝင်ရောက်နေပြီး ဖူးမော့၏ တိုက်ခိုက်မှုထက်ပင် ပို၍ ပြင်းထန်သည်။
နောက်ထပ် နှစ်စက္ကန့်ခန့် ကြာပြီးနောက် ယုရှုနှင့် ဟန်ချန်းယွင်တို့ ကြောင်စီစီဖြင့် မျက်လုံးပွင့်လာကြ၏။
"ဘာဖြစ်တာလဲ ၊ ငါ သတိလစ်သွားတာလား"
ဟန်ချန်းယွင် ဇဝေဇဝါ ဖြစ်နေသည်။
အတန်ကြာအထိ ဇဝေဇဝါဖြစ်ပြီးမှ
သတိအနည်းငယ်ဝင်လာကာ မျက်လုံးပြူးကြီးများဖြင့် ကျိယွမ်ကို ကြည့်လိုက်သည်။
"အခုလေးတင် ငါ့မှာ တကယ့်ကို အစွမ်းထက်တဲ့ မိန်းမ ရှိနေတယ်လို့ အိပ်မက်မက်လိုက်တယ်"
ယုရှုမှာလည်း သူ အချိန်အကြာကြီး အိပ်ပျော်နေခဲ့သလို ခံစားနေရသည်။
မေ့မြောနေရာမှ ပြန်နိုးလာပြီး ပတ်ဝန်းကျင်အားကြည့်ကာ နားမလည်ဖြစ်နေ၏။
ဖူးမော့၏ အသံလှိုင်း တိုက်ခိုက်မှုသည် လူတစ်ဦးကို တစ်နေ့နှင့်တစ်ညလုံးလုံး အိပ်ပျော်သွားစေပြီး အချိန်မပြည့်မီ နိုးလာရန် မဖြစ်နိုင်ပါ။
အဆင့်မြင့် ကိရိယာများဖြင့်ပင် နှိုး၍ မရနိုင်ပေ။
သို့သော် ယခု သူ မည်သို့ နိုးလာသနည်း။
"မင်းရဲ့ အစွမ်းထက်တဲ့ မိန်းမက ဒီမှာပဲ ရှိနေသေးတယ်လေ"
ကျိယွမ်က ရှေ့သို့ လက်ညှိုးထိုးပြသည်။
ဟန်ချန်းယွင် လှမ်းကြည့်လိုက်သောအခါ မူးဝေနေသောခေါင်းမှာ ချက်ချင်း နိုးကြားသွားတော့သည်။
"အိပ်မက်က တကယ်ကြီးဟ"
ကျိယွမ်က သူတို့အားလျစ်လျူရှုကာ ဖူးမော့ကို အသိပေးလိုက်၏။
" အခု ဆက်တိုက်လို့ ရပြီ။ ငါ့ရဲ့အဖော်တွေကို ငါ နှိုးပြီးသွားပြီ"
ကျိယွမ်က သတ္တဝါကြီးအား ဖိတ်ခေါ်လိုက်သည်။
သုံးယောက် တစ်ယောက်ဆိုတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာပေါ့။
သူ့အဖွဲ့သားတွေက အိပ်နေပြီး သူတစ်ယောက်တည်း တိုက်ရတာမျိုးကို သူ လက်မခံနိုင်ပေ။
"ဟန်ချန်းယွင်၊ မြန်မြန်လုပ်၊ မင်းရဲ့ အစွမ်းထက်တဲ့ မိန်းမကို သွားတိုက်တော့"
ကျိယွမ်က ကြောင်တောင်တောင်လုပ်နေသော ကြိုးကြာအမည်ခံ ကြက်ဖကေနှင့် ကြွက်မင်းသားကြီးအား အော်ပြောလိုက်သည်။
ဟန်ချန်းယွင်ကတော့ ကြောက်မက်ဖွယ် သတ္တဝါကြီးကို ကြည့်ပြီးခြေထောက်များပင် တဆတ်ဆတ် တုန်ရင်နေ၏။
ထိုသတ္တဝါကြီး တစ်ချက်လေးအော်ရုံနှင့်ပင် သူ သတိလစ်သွားခဲ့သည်။
ငါက ဘယ်လို တိုက်ရမှာလဲ။
ယုရှုကလည်း မူလကတည်းက တိုက်ခိုက်လိုစိတ်များ ကုန်ဆုံးနေပြီးသားဖြစ်သောကြောင့် တုပ်တုပ်မျှပင် မလှုပ်ဘဲ ယနေ့ ဖြစ်ပျက်သမျှမှာ အလွန် ထူးဆန်းနေသည်ဟု တွေးနေ၏။
"မင်းတို့ နှစ်ယောက်ကတော့ အသုံးမကျလိုက်တာ"
ကျိယွမ်က စိတ်ပျက်သလို သက်ပြင်းချလိုက်သည်။
"မင်းတို့ နှစ်ယောက်လုံး သူတစ်ချက်အော်ရုံနဲ့တင် လဲသွားလို့ မင်းတို့မပါဘဲ ဒီကောင်ကို ငါတစ်ယောက်တည်း တိုက်ဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့ ငါ့စိတ်ထဲမှာ မမျှတဘူးလို့ ခံစားနေရတယ်။ ငါက တိုက်နေရပြီး မင်းတို့က ဘာလို့ အိပ်နေရတာလဲ"
" ဒါကြောင့် အတူတိုက်ရအောင် ငါ မင်းတို့ကို နှိုးလိုက်တာကို၊ မင်းတို့က... ဒီလောက်ပဲလား"
"ဘာ..."
ဟန်ချန်းယွင်က ကျိယွမ်အား မမြင်ဖူးသူလို ကြည့်နေ၏။
ယုရှုမှာလည်း နားမလည်နိုင် ဖြစ်နေသည်။
တစ်ခုခုတော့ လွဲနေပြီ။
"ဟူး... မင်းက မယားကြောက်ပဲ ၊ ကိုယ်မိန်းမကို ပြန်မတိုက်ချင်ဘူး ထင်တယ်၊ မင်းမိန်းမကို တိုက်ရမှာမကြိုက်ဘူးဆိုရင် ဒီလို လုပ်ကြတာပေါ့၊ ငါက မင်းအစား မင်းမိန်းမကို တိုက်ပေးမယ်၊ မင်းက ဘေးကနေ အားပေး။ ဒီနေ့တော့ ငါ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး မင်းကို အားပေးသူအဖြစ် အသုံးပြုမယ်"
ကျိယွမ်က ထိုသို့ပြောပြီး ဖူးမော့ဆီသို့ ဦးတည်လိုက်၏။
ယုရှုက ဘာမှဝင်မပြောသော်လည်း သူ၏မျက်လုံးများ စူးရှသွားခဲ့သည်။
သူသည် ရုတ်တရက်ဆိုသလို အကြောင်းမဲ့ပျက်စီးသွားသော သွေးသံလိုက်အိမ်မြှောင်ကို သတိရသွား၏။
ဒါဆိုရင်...
ထိုအချိန်တွင် ဟန်ချင်းယွင်က တုန်တုန်ယင်ယင်ဖြင့် ထောက်ခံလိုက်သည်။
"ငါ တိုက်ခိုက်တာတော့ မတော်ပေမဲ့ အားပေးတာတော့ တကယ် တော်တယ် ၊ ညီလေးကျိ ရဲရဲသာတိုက် "
ထိုကြောက်မက်ဖွယ် သတ္တဝါကြီးကို သူ ရင်မဆိုင်ရဲပါ။ရင်ဆိုင်လျှင်လည်း သေရုံသာရှိ၏။
ယနေ့ ကျိယွမ်နှင့်တွေ့ဆုံပြီးကတည်းက ဖြစ်ပျက်ခဲ့သည်များက များပြားလွန်းပြီး ထူးဆန်းလွန်းလှသဖြင့် သူ၏ ဦးနှောက်မှာလည်း အလျင်မီအောင် အလုပ်မလုပ်နိုင်တော့ပုံရသည်။
သူကတိုက်ရဲမှတော့ သူ့ကိုပဲ အားပေးရုံပေါ့။
ထို့ပြင် သူနှင့်အဆင့်တူသိုင်းပညာ အထွတ်အထိပ်အဆင့်သာရှိသည့် ကျိယွမ်က ဤမျှအစွမ်းထက်သောသတ္တဝါကြီးကို မည်သို့တိုက်ခိုက်မည်နည်းဆိုသည်အား သူအလွန် သိချင်နေသည်။
"ငါ့မှာ ဓားတစ်လက် ရှိတယ်... "
"သတ်"
ကျိယွမ်က ရုတ်တရက် အော်ဟစ်လိုက်ရာ လမ်းကြားတစ်ခုလုံးတွင် အနီရောင် အလင်းတန်းများဖြင့် ချက်ချင်း ပြည့်နှက်သွားသည်။
ကြယ်တာရာများ၏ အနက်ရှိုင်းဆုံးနေရာမှ ရောက်ရှိလာပုံရသော သွေးနီရောင်ဓားရှည်တစ်လက်က ကျိယွမ်၏ လက်ထဲသို့ ဘယ်ကမှန်းမသိရောက်ရှိလာ၏။
သွေးနီရောင်ဓားရှည်ကို ကိုင်ဆောင်ထားသောအခါ ကျိယွမ်မှာ အနှိုင်းမဲ့ ဓားနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သွားသည်။
"ဒါ... ဒါ... ဒါ..."
ဟန်ချန်းယွင်မှာ အလွန်တုန်လှုပ်သွားကာ မျက်လုံးပြူးသွားသော်လည်း အံ့သြမှုနှင့်အတူ ဝမ်းသာအားရ ဖြစ်သွား
သည်။
" ဟိုဗီဒီယိုထဲ ဓားကြီးလား"
သူကကျိယွမ်၏ ဓားကိုသေချာကြည့်ပြီးနောက် သွေးရောင်နီရဲသွားသော ပတ်ဝန်းကျင်တစ်ခုလုံးကို သေသေချာချာ ကြည့်လိုက်သည်။
မြင်မြင်သမျှအားလုံးက သွေးနီရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး အလိုလိုကြောက်ရွံ့စေ၏။
သူ သဘောပေါက်သွားလေပြီ။
"မင်း... မင်းက စစ်သားသုံးထောင်ရှိတဲ့ စစ်စခန်းကို အပြတ်ရှင်းခဲ့တဲ့သူလား"
ထိုရင်းနှီးနေသော ဓား၊ ရင်းနှီးနေသော ဓားအလင်းတန်း ၊ အားလုံးက ဗီဒီယိုထဲကအတိုင်းပင်။
ပြီးတော့ ဒါက လုံထိုင်မြို့ထဲက လမ်းကြားထဲမှာ ၊တကယ့်လက်တွေ့ပဲ။
ထိုဓားကို ကိုင်ထားတဲ့သူက သူနှင့်လောလောလတ်လတ်မှ ရင်းနှီးထားသော ကျိယွမ် ဖြစ်နေ၏။
ညီအစ်ကို... မင်း ဘယ်တုန်းက တိတ်တဆိတ် ကျင့်ကြံသူ ဖြစ်သွားတာလဲ။
မသေမျိုး ကျင့်ကြံသူတစ်ယောက်က... ကိုယ်ခံပညာပြိုင်ပွဲကို ဝင်ပြိုင်နေတာလား။
ဒါကြီးက...
သူ ဆက်မတွေးနိုင်ခင်မှာပင် တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။
ကြီးမားသော ဓားရှည်ကြီးတစ်ခုက ဖူးမော့ထံသို့ ခုတ်ပိုင်းချလိုက်ခြင်းပင် ။
ကြောက်စရာကောင်းသော ဖူးမော့ကလည်း ငြိမ်ခံမနေပါ ။ လေထဲသို့ မီတာတစ်ရာခန့် ခုန်တက်သွားပြီး ၎င်း၏ ကြီးမားသော ပုဆိန်ကို လွှဲကာ ခုတ်ချ
လိုက်၏။
ထိုခုတ်ချက်က အမှန်တကယ်ပင် တောင်ကုန်းလေးတစ်ခုကို နှစ်ခြမ်းခွဲနိုင်လောက်သော ပြင်းထန်သော ခုတ်ချက်ဖြစ်သည်။
ယုရှု၏ မျက်လုံးများတွင် အတိုင်းအဆမရှိသော ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
ဘယ်သူက ဒီလို ခုတ်ချက်ကြီးကို ခံနိုင်မှာလဲ။
ငါတို့တော့ သေပြီ။
သွေးနီရောင်အလင်းတန်းများက ပိုမို တောက်ပလာပြီး ကျိယွမ်၏ ဓားနှင့် ဖူးမော့၏ပုဆိန်ကြီးတို့ ထိပ်တိုက် တွေ့သွား၏။
ဝုန်း.......။
ယုရှုသည် ဖူးမော့ကသာ အသာစီးရလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ ထင်သလို ဖြစ်မလာခဲ့ပေ။
လေထဲတွင်ရှိနေသော ဖူးမော့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီးနောက် လေးခြမ်း၊ ရှစ်ခြမ်းမှသည်... ပိုပိုပြီး များလာကာ သေးငယ်သွားပြီးနောက် အစိပ်စိပ် အမွှာမွှာ ဖြစ်ကာ ပျက်စီးသွားတော့သည်။
ရလဒ်အနေဖြင့် လေထဲတွင် သွေးမိုးများ ရွာသွန်းလာ၏။
ဓားတစ်ချက်တည်းသာ ခုတ်လိုက်သော်လည်း ဖူးမော့မှာ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။
ယုရှုမှာ လုံးဝ တုန်လှုပ်သွားသည်။
"ဒါက... နတ်ဘုရားတစ်ပါးပဲ"
အပြစ်ပေးသူကို သတ်နိုင်တဲ့ ဒီလို ဓားချက်မျိုးက နတ်ဘုရားကလွဲလို့ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
နတ်ဘုရားတစ်ပါးသာလျှင် ဤမျှ ကြီးကျယ်ခမ်းနားသော စွမ်းအားကို ပိုင်ဆိုင်နိုင်သည် မဟုတ်ပါလား။
သွေးသံလိုက်အိမ်မြှောင် အဘယ့်ကြောင့် ပျက်စီးသွားရသနည်းဆိုတာကို
အခုမှ သူ လုံးဝနားလည်သွားခဲ့သည်။
သူက နတ်ဘုရားတစ်ပါး၏ ကံကြမ္မာ
ကို တွက်ချက်ရန် ကြိုးစားခဲ့လေ၏။
သို့သော် ယုရှုသည် ကျိယွမ်အား နားမလည်နိုင်စွာကြည့်နေမိသည်။
ဘာလို့ ဒီလိုအစွမ်းထက်တဲ့ ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးက... လက်တွေ့ကမ္ဘာမှာ ရှိနေရတာလဲ။
သူ၏အတွေးများက ရှုပ်ထွေးနေသော်လည်း တပြိုင်နက်တည်းမှာပင် အလွန်နက်ရှိုင်းသော ရိုသေလေးစားမှုများ ဖြစ်ပေါ်နေသည်။
ကျိယွမ်သည် သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ၏ ဝတ်ရုံများမှာ ဒဏ္ဍာရီလာနတ်သားတစ်ပါးကဲ့သို့ လွင့်ပျံနေသည်။
သူက ပါးစပ်အဟောင်းသားကြီးဖြစ်နေသော ကြက်ဖကေနှင့်ကြွက်မိတ်ဆွေကြီးအား အော်ပြောလိုက်၏။
"ဟန်ချန်းယွင်... မင်းမိန်းမ သွေးထွက်နေပြီ။"