တိုးတက်ရန် စိတ်အားထက်သန်နေသော သတ္တဝါများ
Vol. 28 Ch. 313
ဝူယွင်ပန်းပုရုပ်ဘေးတွင် ရပ်နေရင်း ကျိယွမ် သေသေချာချာ စဥ်းစားနေမိသည်။
အတန်ကြာပြီးနောက် သူသည်ပန်းပုပေါ်ရှိ အမှတ်အသားအားလုံးကို တစ်ခုချင်းစီ အလွတ်မှတ်သားထားလိုက်၏။
"လော့ပုဖန်က တကယ်ပဲ သိုင်းပညာရဲ့ အကန့်အသတ်တွေကို ချိုးဖျက်ပြီး ဟင်းလင်းပြင်ကို ခွဲထွက်သွားတယ်လို့ မစ္စတာကျိ ထင်လား"
ဟန်ချန်းယွင်က လော့ပုဖန်ချန်ထားခဲ့သော လက်ချောင်းရာအမှတ်အသားကို ငေးကြည့်ရင်း အားကျစွာ မေးသည်။
သမိုင်းမှတ်တမ်းများအရ လော့ပုဖန်သည် သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့သော နောက်ဆုံးသိုင်းပညာရှင်ဖြစ်၏။
ကလေးဘဝကတည်းကပင် ဟန်ချန်းယွင်သည် လော့ပုဖန်ကို အကြည်ညိုဆုံးဖြစ်ပြီး စံပြပုဂ္ဂိုလ်အဖြစ်ပင် သတ်မှတ်ခဲ့သည်။
သူသာမကပါ သိုင်းလောကရှိ သိုင်းပညာရှင် အတော်များများကလည်း လော့ပုဖန်အပေါ် များစွာကြည်ညိုကြသည်ဟု ဆိုနိုင်၏။
"သူ ဟင်းလင်းပြင်ကို ခွဲထွက်သွားတာ လည်းဖြစ်နိုင်သလို... ဒါမှမဟုတ် သူ သေသွားတာလည်း ဖြစ်နိုင်တာပဲ"
ကျိယွမ်ကတော့ အလေးအနက်မထားသလို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထိုသို့ပြောရင်းမှ အပြစ်ပေးနယ်မြေတွင် ယုရှုနှင့်တွေ့ဆုံခဲ့သည်ကို ရုတ်တရက် သူသတိရသွား၏။
မှတ်တမ်းများအရ ယုရှုမှာ သေပြီးသားလူတစ်ယောက် ဖြစ်သည်။သို့သော် သေပြီးသားလူတစ်ယောက်ကို ပြန်တွေ့ဆုံနေရသည်က ဘာကိုဆိုလိုနေသနည်း။
ဒီကမ္ဘာမှာ ငရဲပြည်ရှိနေပြီး ယုရှုက ငရဲပြည်က လာတာလား။
ကျိယွမ်သည် ဖြစ်နိုင်ခြေများစွာကို စဥ်းစားနေမိသည်။
သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်ရန်အတွက်မူ သူ့တွင် အကြံတစ်ခု ရှိနှင့်ပြီးသား ဖြစ်၏။
အတန်ကြာတွေးပြီးနောက် ကျိယွမ်သက်ပြင်းချလိုက်သည်။
"ငါလည်း သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်ဖို့ ပြင်ဆင်မှုတွေ စလုပ်သင့်ပြီထင်တယ်"
"ဗျာ.."
ဟန်ချန်းယွင်က ကျိယွမ်အား ထူးဆန်းသလိုကြည့်၏။
"နေပါဦး မစ္စတာကျိ၊ ခင်ဗျားက သိုင်းပညာအကန့်အသတ်ကို တကယ်ကြီးချိုးဖျက်ချင်တာလား"
သူသည် ကျိယွမ်၏ အစွမ်းကို လက်တွေ့ မြင်ဖူးသလို ထိုသူက မည်သိူ့သောသူဆိုသည်ကို သိ၏။
နတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းအားများရှိနေသည့် ဒဏ္ဍာရီလာမသေမျိုးကျင့်ကြံသူကြီးက သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်ရန် ရည်မှန်းနေသည်။
ဒါက ဝါသနာသက်သက်ပဲလား။
ရုတ်တရက် သူသည် တောင်ပိုင်းခြင်္သေ့ ကျန်းရန်ကို သတိရသွား၏။
ကျိယွမ်နှင့် ယှဥ်လျှင် ကျန်းရန်၏ ဝါသနာမှာ ဝါသနာပင် မမည်တော့ပေ။
"ခင်ဗျားပြောတာက ဝူယွင်ပန်းပုကို ကြည့်ပြီး တစ်ခုခု နားလည်သွားတာလား... လော့ပုဖန် ချန်ထားခဲ့တဲ့ အမှတ်အသားကနေ တစ်ခုခု သင်ယူလိုက်ရလို့ လော့ပုဖန်ကို အတုယူပြီး သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်ဖို့ စီစဥ်နေတာလား"
ကျိယွမ်က ချက်ချင်းခေါင်းခါလိုက်သည်။
"ငါ လော့ပုဖန်ကို အတုမယူဘူး။ ပထမအချက်က ငါ့မှာ ဆွေမျိုးမရှိဘူး။ ဒုတိယအချက်က သူ့လမ်းစဥ်က ငါနဲ့မကိုက်ညီဘူး။ ပင်လယ်ထဲက ရတနာလေးတွေကမှ ငါနဲ့ ပိုကိုက်ညီတယ်"
ဟန်ချန်းယွင် စိတ်လှုပ်ရှားသွားသည်။
ကျင့်ကြံသူများသည် အမှန်ပင် ကျင့်ကြံသူများ ဖြစ်ကြပြီး သိုင်းပညာအကန့်အသတ်ကို မည်သို့ချိုးဖျက်ရမည်ကို ကို ခဏအတွင်း ရှာဖွေတွေ့ရှိသွားလေ၏။
"ဒါနဲ့ မင်းတို့မိသားစုက တော်တော်ချမ်းသာတာပဲ။ ငါ့ကို ရွက်လှေတစ်စင်းလောက် ငှားလို့ရမလား။ သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်ဖို့ အခွင့်အရေးရှာဖို့ ပင်လယ်ထဲသွားမလို့"
ကျိယွမ်က ရွက်လှေငှားရန် မေးလိုက်သည်။
လောကတွင် ကျိယွမ် မရှက်သောအရာနှစ်ခုရှိ၏။
သူက မသိလျှင် မေးရန် မရှက်တတ်သလို လိုအပ်လျှင် ပစ္စည်းငှားရန်လည်း ဝန်မလေးပါ။
"အဟမ်း... ကျွန်တော့်မှာ ရွက်လှေမရှိဘူး"
ဟန်ချန်းယွင်က အနေခက်စွာ ပြန်ဖြေသည်။
သူသည် ဒုတိယမျိုးဆက် ချမ်းသာသောသားလေး ဖြစ်သော်လည်း အခြားသူများကဲ့သို့ စည်းစိမ်မရှိပေ။
သူ့ဖခင်က စောစီးစွာ သေဆုံးသွားပြီး နောက် အာဏာမှာ သူ့အစ်ကိုလက်ထဲတွင် ရှိသည်။ သာမန်လူများနှင့် ယှဥ်လျှင် သူ၏ဘဝမှာ နိဗ္ဗာန်ဘုံကဲ့သို့ ဖြစ်သော်လည်း အခြားသူဌေးသားများနှင့် ယှဥ်လျှင်မူ အနည်းငယ် ကျပ်တည်းသူဟု ဆိုနိုင်၏။
"ဒါပေမဲ့ မင်းသမီး ဟွမ်ရှားမှာတော့ သေချာပေါက် ရှိမှာပဲ။ သူ့ဆီက ငှားကြည့်သင့်တယ်"
ဟန်ချန်းယွင်က အကြံပေးလိုက်သည်။
"ပါရာမေစီယံ မင်းသမီးဆီမှာ ရှိတာလား"
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားပြီး ခေါင်းညိတ်၏။
"ငါ သူ့ကို သေချာကာကွယ်ပေးခဲ့တာပဲ။ ရွက်လှေငှားဖို့ မေးရင် သူ ငြင်းမှာမဟုတ်ပါဘူးနော်"
ဒီအကွက်ကတော့ သေချာပေါက် ရမည်ဟု ကျိယွမ် ထင်နေသည်။
သူသည် မင်းသမီးဟွမ်ရှားကို အလွန်ဂရုတစိုက် ကာကွယ်ခဲ့ပြီး သူမ၏ ဆဲလ်ကွဲပွားမှုကိုပင် ရပ်တန့်လုနီးပါး ဖြစ်စေခဲ့သည် မဟုတ်ပါလား။
ထိုအရာက သူမ၏ သက်တမ်းကို အနည်းဆုံး ဆယ်မိနစ်ခန့် ရှည်စေခဲ့သဖြင့် သိသိသာသာ အကျိုးဆောင်ခဲ့ခြင်းဟု ဆိုနိုင်၏။
အကြံပေးမိသော ဟန်ချန်းယွင်မှာ ဆွံ့အသွားသည်။
ဒါကို ကောင်းကောင်းကာကွယ်ပေးတယ်လို့ ခေါ်သလား။
သို့သော် သူသည် ဒဏ္ဍာရီလာ မသေမျိုးကြီးကျိယွမ်ကို ပြန်မပြောရဲပါ။
"မင်းသမီးကို သွားရှာပြီး ရွက်လှေငှားကြစို့"
ကျိယွမ်က လက်ဝှေ့ယမ်းကာ သူတို့လာခဲ့သော လမ်းအတိုင်း ချက်ချင်းပြန်လှည့်သွားသည်။
ထိုအခါမှ ဟန်ချန်းယွင်မှာ အတော်လေး စိုးရိမ်မိသွား၏။
ပါရာမေစီယံအဖြစ် ပြောင်းလဲသွားသော မင်းသမီး သေသွားမည်ကို သူ တော်တော်လေး ကြောက်နေ၏။
သူ သိထားသလောက်ဆိုလျှင် ပါရာမေစီယံ၏ သက်တမ်းမှာ အလွန်တိုတောင်းလှသည် မဟုတ်ပါလား။
"မင်းသမီးလေးကတော့ လူပေါင်းမှားပြီလား"
...........
တစ်ရက်ကြာပြီးနောက်တွင် ဖြစ်သည်။
ဇိမ်ခံရွက်လှေကြီးတစ်စီးသည် ပင်လယ်ပြင်တွင် ဖြည်းညှင်းစွာ ရွေ့လျားနေ၏။
ကျိယွမ်သည် ရွက်လှေပေါ်တွင် တည်ငြိမ်သော အမူအရာဖြင့် ရပ်နေသည်။
မင်းသမီး ဟွမ်ရှားသည်လည်း သူ၏နောက်တွင်ရပ်နေပြီး သူမ၏လှပသောမျက်နှာလေးတွင် ရိုသေလေးစားမှုများ ပြည့်နေ၏။
ယခင်နေ့က ကြုံတွေ့ခဲ့သော ဆယ်မိနစ်ခန့်အချိန်လေးသည် သူမဘဝတွင် အထူးဆန်းဆုံး အတွေ့အကြုံဖြစ်ခဲ့သည်။
လူသားမင်းသမီးလေးဘဝကနေ အနုဇီဝပိုးလေးတစ်ကောင်ဘဝသို့ အရှင်လတ်လတ်ကြီးပြောင်းသွားသော အတွေ့အကြုံကို မည်သူက မေ့နိုင်မည်နည်း။
သူမရှေ့ရှိ အလွန်ထူးခြားသော အမျိုးသားကို ရင်ဆိုင်ရာတွင် သူမ၏ မင်းသမီးတစ်ပါး၏ မာနများ လုံးဝမရှိတော့ဘဲ အစေခံတစ်ဦးကဲ့သို့ပင် ဖြစ်နေ၏။
"အနောက်တောင်ဘက်ကို မောင်း"
ကျိယွမ်က ပင်လယ်ပြင်အား ငေးနေရင်းမှ ပြောလိုက်သည်။
မင်းသမီးသည် ကျိယွမ်ပြောသော အရပ်သို့ ရွက်လှေကို မောင်းနှင်ရန် ဉာဏ်ရည်တု စက်ရုပ်ကို ချက်ချင်း အမိန့်ပေးလိုက်၏။
ရွက်လှေသည် အနောက်တောင်ဘက်သို့ ချက်ချင်း အရှိန်မြှင့်ကာ ထွက်ခွာသွားသည်။
ကျိယွမ်သည် စကားမဆိုဘဲ ရွက်လှေပေါ်တွင်ရပ်ရင်း ပင်လယ်ရေမျက်နှာပြင်ကိုသာ စိုက်ကြည့်နေ၏။
ယခု သူ လိုအပ်သော ဗီဇပြောင်း ပင်လယ်သတ္တဝါကို ရှာဖွေနေခြင်းပင်။
သို့သော် စိတ်အားတက်စရာမှာ လွန်ခဲ့သော နာရီဝက်ခန့်အထိ ဘာမှ မတွေ့ရသေးပေ။
ဗီဇပြောင်း ပင်လယ်သတ္တဝါများကို ရှာဖွေရန်မှာ တကယ် မလွယ်ကူပါ။
ထို့အပြင် ကျိယွမ်၏ သွေးမျိုးဆက်နှင့် တူညီသော ဗီဇပြောင်း ပင်လယ်သတ္တဝါကို ရှာရန်မှာ ပို၍ပင် ခက်ခဲလှ၏။။
လက်ရှိတွင် ချီယွမ်သည် ရေဒါတစ်ခုကဲ့သို့ ဖြစ်သွားပြီး ပင်လယ်ပြင်အား အမြဲမပြတ် စကင်ဖတ်နေသည်။
ဘေးတွင်ရပ်နေသော မင်းသမီးဟွမ်ရှားမှာလည်း တိတိဆိတ်စွာရှိနေပြီး သူမ၏နှလုံးသားထဲတွက် စူးစမ်းလိုစိတ်များ ပြည့်နေ၏။ သူမ ရင်ထဲတွင် မေးခွန်းများစွာ ရှိသော်လည်း မမေးရဲဘဲ ငြိမ်သက်စွာ နာခံနေသည်။
ထိုအခိုက် ရုတ်တရက် ကျိယွမ်က လက်ကာပြ၏။
"ရပ်လိုက်တော့"
မင်းသမီးဟွမ်ရှားသည် ဉာဏ်ရည်တု စက်ရုပ်ကို လှေကို ချက်ချင်းရပ်ရန် ညွှန်ကြားလိုက်သည်။
တစ်ချိန်ထဲမှာပင် သူမသည် ကျိယွမ်ကို စိတ်ဝင်စားစွာ ကြည့်နေပြီး ဘာဆက်လုပ်မည်ကို အလွန်သိချင်နေ၏။
ထိုအခိုက် ကျိယွမ်၏လက်ထဲ၌ ရှည်လျားသော ဓားတစ်လက်က ဘယ်ကမှန်းမသိ ပေါ်လာသည်။
"သွားစမ်း"
အမိန့်ပေးသံနှင့်အတူ သွေးရောင်ဓားရှည်သည် ပင်လယ်ထဲသို့ အရှိန်ဖြင့် ထိုးဆင်းသွားလေ၏။
မင်းသမီးဟွမ်ရှား၏ မျက်လုံးများ ပြူးကျယ်သွားသည်။
နောက်ဆုံးတွင် ကျိယွမ်၏ စွမ်းဆောင်မှုကို သူမ ထပ်မံ၍ မြင်တွေ့ခွင့်ရလိုက်လေပြီ။
ထိုသွေးရောင်ဓားကို သူမ မှတ်မိ၏။အွန်လိုင်းပေါ်ရှိ နာမည်ကြီးဗီဒီယိုထဲမှ ဓားကြီးပင်မဟုတ်ပါလား။
သူမသည် ကျိယွမ်ကို နတ်ဘုရားတစ်ပါးကဲ့သို့ အလွန်လေးစားစွာ ကြည့်လိုက်ပြီး နောက်သို့ပင် အနည်းငယ်ဆုတ်သွားမိသည်။
ဓားကို လွှတ်လိုက်ပြီးနောက် ကျိယွမ်သည် ရွက်လှေပေါ်တွင် အေးအေးလူလူ ထိုင်ချလိုက်၏။
"ရေအနက် မီတာ တစ်သောင်းကျော်ပဲ။ ခဏတော့ စောင့်ရမှာပေါ့"
သူသည် မီတာ တစ်သောင်းကျော် အနက်တွင်ရှိသော ဗီဇပြောင်း ပင်လယ်သတ္တဝါကို အာရုံခံမိခဲ့ခြင်းပင်။
ပြောရလျှင် ရေအနက်မီတာတစ်သောင်းမှာ အလွန်ကြောက်စရာကောင်းသော ပမာဏဖြစ်၏။
၂၁ရာစုကမ္ဘာပေါ်တွင်ဆိုလျှင် ထိုဖိအားမှာ မည်သည့် ရေငုပ်သင်္ဘောကိုမဆို ကြိတ်ခြေပစ်ရန် လုံလောက်သည်။
ကုံရှင်းဂြိုဟ်ပေါ်ရှိ နည်းပညာမှာ ၂၁ရာစုကမ္ဘာထက် အဆင့်မြင့်သော်လည်း ရေအောက်မီတာ တစ်သောင်းကျော်အထိဆင်းရန်မှာ အလွန်စိန်ခေါ်မှု ရှိနေဆဲပင်။
မင်းသမီးဟွမ်ရှား၏ လျူလီနိုင်ငံမှအရင်းအမြစ်အားလုံး စုပေါင်းလ်ုက်လျှင်ပင် မီတာ တစ်သောင်းကျော် ငုပ်နိုင်သော ရေငုပ်သင်္ဘောကို မတည်ဆောက်နိုင်ပေ။
ကျိယွမ်၏ ပစ်မှတ်မှာ ပင်လယ်အောက် မီတာ တစ်သောင်းကျော်တွင် အမှန်တကယ် ရှိနေခဲ့သည်။
မီတာတစ်သောင်းကျော်အနက်တွင်ရှိ သော ပင်လယ်ကြမ်းပြင်တွင် ကျိုးပဲ့နေသော သစ်သားတုံးတစ်ခုပေါ်၌ လတ်ဆတ်သော သွေးများ ကပ်ငြိနေ၏။
ထူးခြားသော ကျောက်တုံးများပေါ်တွင်လည်း ထူးဆန်းသောသွေးစွန်းမှုများ ရှိနေသည်။
ဖောင်းကြွနေသည့် ပုံသဏ္ဍာန်ရှိသော ဗီဇပြောင်း ပင်လယ်သတ္တဝါ၏ အလောင်းတစ်ခုမှာ ဖန်သားကဲ့သို့ ကြည်လင်သော ခရစ်စနယ်ခဲတစ်ခုအတွင်း ပိတ်မိနေပြီး ပင်လယ်ကြမ်းပြင်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေ၏။
လျှင်မြန်သော အချိန်တစ်ခုအတွင်းမှာပင် သွေးရောင်ဓားသည် တဖျတ်ဖျတ် တောက်ပသွားပြီး ပင်လယ်ကြမ်းပြင်တွင် အေးခဲနေသော ဗီဇပြောင်း ပင်လယ်သတ္တဝါ၏ အလောင်းကို အပေါ်သို့ ထိုးတက်သွားစေ၏။
ရွက်လှေပေါ်တွင် ရှိနေသော ကျိယွမ်
က အံ့အားသင့်သလို ရေရွတ်လိုက်သည်။
"ဒီဂိမ်းမှာ ငါ့ကံက တော်တော်ကောင်းနေတာပဲ။ ပထမဆုံးအကြိမ်မှာတင် ထူးခြားတဲ့ ပင်လယ်သတ္တဝါနဲ့ တွေ့တယ်"
"ဂိမ်းလား"
တစ်ချိန်လုံးငြိမ်နေသော မင်းသမီး ဟွမ်ရှားမှာ မနေနိုင်စွာ မေးမိသွားခဲ့ သည်။
"ဘာဂိမ်းလဲ"
"ငါပြောတာက...အခု မင်းတို့နေတဲ့ကမ္ဘာက ငါအနှစ်သက်ဆုံးဂိမ်းပဲ၊ ငါက ကစားသမားတစ်ယောက်ပေါ့"
မင်းသမီး ဟွမ်ရှားသည် ခေတ္တမျှ မှင်တက်သွားပြီးမှ မချိပြုံးလေ ပြုံးလိုက်သည်။
"မစ္စတာကျိကတော့ နောက်ပြောင်တတ်တာပဲ"
မစ္စတာကျိသည် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူပြောသမျှ အရာအားလုံးက အမှန်ဟု မဆိုနိုင်ပေ။သူက အနည်းငယ်နောက်ပြောင်တတ်၏။
"ငါ ဘယ်တော့မှ မနောက်တတ်ဘူး"
ကျိယွမ်က ထိုသို့ပြောကာ ပြုံးပြီး ဤအကြောင်းကို ဆက်မပြောတော့ပေ။
သူ့အတွက်မူ ဤကမ္ဘာရှိ လူများမှာ NPC များသာ ဖြစ်၏။
မကြာမီ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီးတစ်ခု ထတက်လာသည်။ သွေးရောင်အလင်းတစ်ခုကလည်း ဖျတ်ခနဲ ပေါ်လာပြီး သွေးဓားသည် ပုံဆောင်ခဲတစ်ခုကို ရွက်လှေပေါ်သို့ သယ်ဆောင်လာ၏။
ပုံဆောင်ခဲမှာ အမြင့် တစ်မီတာ၊ အလျား တစ်မီတာနှင့် အနံ တစ်မီတာခန့်ရှိသော အတုံးအခဲတစ်ခု ဖြစ်ပြီး ထိုပုံဆောင်ခဲထဲတွင် ခြေထောက်သုံးချောင်း၊ ရေယက်နှစ်ခုနှင့် မျက်လုံးသုံးလုံးပါသော ထူးဆန်းသော ဗီဇပြောင်းငါးတစ်ကောင်၏ အလောင်း ရှိနေသည်။
ငါး၏ မျက်လုံးများမှာ ပွင့်နေဆဲဖြစ်ပြီး လူသားကဲ့သို့သော ခံစားချက်များဖြစ်သည့် ဒေါသနှင့် နာကြည်းမှုများကို ဖော်ပြနေသည်။
【မိုလီ - မိစ္ဆာငါးများ၏ ဘုရင်၊ ထိတ်လန့်ဖွယ် သွေးမျိုးဆက်ပါရှိသော သိုင်းပညာသူရဲကောင်းအဆင့်ရှိသော ငါး၊ တစ်ခါက မြို့ငယ်လေးတစ်မြို့မှ လူနှစ်ထောင်ကို မျိုချခဲ့ပြီးနောက် ဤနေရာတွင် ပိတ်လှောင်ခံထားရသည်။】
ကျိယွမ်၏ မျက်လုံးများက တစ်ချက်လက်သွားပြီး အချက်အလက်မျိုးစုံကို အမြန်စကင်ဖတ်လိုက်သည်။
သူသည် ငါးကိုစစ်ဆေးနေရင်းမှ သူ၏လည်ချောင်းက လှုပ်ရှားသွားပြီး ရေငတ်လာသကဲ့သို့ ခံစားလိုက်ရ၏၊ ခရစ်စတယ်ခဲကို ချက်ချင်းခွဲထုတ်ပြီး မိုလီမိစ္ဆာငါး၏ လတ်ဆတ်သော သွေးများကို အငမ်းမရသောက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။
မင်းသမီး ဟွမ်ရှားကတော့ ထိုငါးကြီးကိုကြည့်ပြီး ကြောက်လန့်သွားသည်။
"ဒီဗီဇပြောင်း သတ္တဝါကြီးက... ကြည့်ရတာ တော်တော်ရွံစရာကောင်းတာပဲ"
စကားပုံအရဆိုလျှင် ဝက်သား မစားဖူးသော်လည်း ဝက်ပြေးတာတော့ မြင်ဖူးသည် မဟုတ်ပါလား။
ယခုခေတ်တွင် ထိုစကားပုံမှာ ပြောင်းပြန်ဖြစ်နေပြီဟု ဆိုရပေခြိမ့်မည်။ မင်းသမီးဟွမ်ရှားသည် ဗီဇပြောင်း ပင်လယ်သတ္တဝါကို မမြင်ဖူးသော်လည်း စားဖူးလေ၏။
ဘလူးစတားပေါ်ရှိ မြို့နေလူအတော်များများမှာ ဝက်သားစားဖူးသော်လည်း ဝက်ပြေးတာကို အပြင်၌မမြင်ဖူးကြပေ။
"ဒါက ကြီးမားတဲ့ ရလဒ်ပဲ၊ ပြီးတော့..."
ကျိယွမ် တောက်ပသောအပြုံးဖြင့် မှတ်ချက်ချ၏။
"ဒါက အကောင်းဆုံး ငါးစာပဲ"
သူက ပြောနေရင်းမှ ငါးမျှားကြိုးတစ်ချောင်းကို ထုတ်ယူကာ ပုံဆောင်ခဲကို ပတ်ချည်လိုက်သည်။
ကျိယွမ်မှာ အလွန် လောဘကြီးသူဟု ဆိုနိုင်၏။
ယခုရထားသော ဗီဇပြောင်း ပင်လယ်သတ္တဝါမှာ သူ၏ သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်ရန် လုံလောက်နိုင်လေသည်။
ဒါပေမဲ့ ငါက ပင်လယ်ထဲရောက်နေမှတော့ ပိုပြီးများများရရင် မကောင်းဘူးလား။
သွေးမျိုးဆက်သိုင်းလမ်းစဥ်မှာ သွေးများကို စဥ်ဆက်မပြတ် ဝါးမြိုရန် လိုအပ်၏။
ထို့ကြောင့် သူသည် ငါးမျှားကြိုးတွင် ပုံဆောင်ခဲကို သေသေချာချာချည်နှောင်ပြီးနောက် ဓားဖြင့် အပေါက်ငယ်လေးတစ်ခု ဖောက်လိုက်သည်။
ငါးမျှားကြိုးသည် ပုံဆောင်ခဲကို ဖြတ်ပြီး ဗီဇပြောင်း ပင်လယ်သတ္တဝါ၏ ကိုယ်ထည်ကို ထိုးဖောက်သွားလေ၏။
အထဲမှဗီဇပြောင်း သတ္တဝါမှာ ယခုအထိ နိုးမလာသေးဘဲ အိပ်ပျော်နေဆဲ သို့မဟုတိ မေ့မျောနေဆဲဖြစ်ပုံရသည်။
"အားလုံး အဆင်သင့်ပဲ၊ ငါးမျှားကြစို့"
ကျိယွမ်သည် ပျော်ရွှင်စွာဖြင့် ဗီဇပြောင်း ပင်လယ်သတ္တဝါကို ပင်လယ်ထဲသို့ ပစ်ချလိုက်၏။
"မင်းတို့ရဲ့ ဘိုးဘေးကို ငါးစာအဖြစ် သုံးထားတာဆိုတော့ မင်းတို့အားလုံး ငါးစာလာဟပ်ကြမယ် မဟုတ်လား"
သွေးမျိုးစက်သိုင်းလမ်းစဥ်မှာ ဝါးမြိုခြင်းဖြင့် သန်မာလာသော လမ်းစဥ်ဖြစ်သည်။ သတိမေ့နေသော ဘိုးဘေးကို ငါးစာအဖြစ် သုံးထားလျှင် အခြား ဗီဇပြောင်းသတ္တဝါများ စုပြုံလာပြီး ဘိုးဘေးကို ဝါးမြိုရကြိုးစားကြမည် မဟုတ်ပါလား။ထိုသို့ ဝါးမျိုနိုင်လျှင် ၄င်းတို့၏ အင်အားကလည်း သိသိသာသာတိုးတက်သွားပေလိမ့်မည်။
ငါးစာချပြီးနောက် ကျိယွမ်သည် ပြန်ထိုင်ကာ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်နေလိုက်သည်။
ယခုသူ လုပ်ရမည်က တိုးတက်ချင်စိတ်ပြင်းပြနေသည့် ဗီဇပြောင်း သတ္တဝါများ သူ့ဆီသို့ အလိုအလျောက် ရောက်လာမှာကို စောင့်ဖို့သာရှိလေ၏။
"ထင်ယောင်ထင်မှား ကမ္ဘာကြီး၊ ပျင်းစရာကောင်းတဲ့ အချိန်ဖြုန်းဂိမ်းလေးပေါ့။နည်းနည်းပါးပါး သတ်ဖြတ်မှုတွေ ရှိနေရင် ပိုပြီး ကျေနပ်စရာကောင်းမှာကို"
ကျိယွမ်က မတတ်သာသလို သက်ပြင်းချလိုက်သည်။
သို့သော် ယုရှုးနှင့်တွေ့ပြီးနောက် သူသည် မြေပုံအသစ်များကို ဖွင့်နိုင်လာပြီး တိုက်ပွဲစစ်စစ်များကို မကြာခင်စတင်နိုင်တော့မည်ဟု ကြိုတင်နိမိတ် ရနေသဖြင့် အပျင်းပြေရန် မကြာတော့ပါ။
တစ်နာရီခန့်အကြာတွင် ငြိမ်သက်စွာထိုင်နေသော ကျိယွမ်၏ မျက်လုံးများဖွင့်လာပြီး မျက်နာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
"နောက်ဆုံးတော့ သူတို့ လာကြပြီ"
ကျိယွမ်က ပငိလယ်ပြင်တစ်နေရာသို့ လက်ညှိုးညွှန်လိုက်သည်နှင့် ငါးနှင့်တူသော ဗီဇပြောင်း သတ္တဝါတစ်ကောင်သည် ရုတ်တရက် ပင်လယ်ထဲမှ ခုန်ထွက်လာပြီး ရွက်လှေပေါ်သို့ ကျလာသည်။
ကျိယွမ်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။
"မင်းက ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့ အရမ်းစိတ်အားထက်သန်နေတာဆိုတော့ မင်းသေပြီးရင် မင်းရဲ့အရိုးပြာတွေကို ပင်လယ်ထဲ ကြဲပက်ပေးမယ်လို့ ငါ ကတိပေးတယ်၊ ဒါမှ မင်းရဲ့ မူလအရပ်ကို ပြန်ရောက်မှာပေါ့"
ကျိယွမ်သည် လူကောင်းတစ်ယောက် ဖြစ်သောကြောင့် မိမိကိုယ်ကိုယ် တိုးတက်ရန် စိတ်အားထက်သန်စွာ ကြိုးစားသူများအပေါ် ရက်ရောတတ်သည်။
သူက စကားပြောနေရင်းမှ ထိုဗီဇပြောင်း သတ္တဝါကို ပေါ့ပေါ့ပါးပါး ဖမ်းဆီးလိုက်၏။ တိုးတက်ချင်လွန်း၍ ဘိုးဘေးဆီသို့ အရောက်လာခဲ့သော ငါးမှာ ချက်ချင်း ပေါက်ကွဲသွားသည်။
သတ္တဝါ၏ခန္ဓာကိုယ်မှ သွေးတစ်စက်ထွက်လာပြီး ကျန်ရှိသော အစိတ်အပိုင်းများမှာ အနှစ်များအဖြစ် ပြောင်းလဲသွား၏။
ကျိယွမ်က လက်ကို ခါယမ်းလိုက်ရာ မီးတောက်တစ်ခု ပေါ်လာပြီး
ကျန်နေခဲ့သော အနှစ်များသည် မီးတောက်အောက်တွင် ပြာဖြစ်ကုန်၏။
"ငါက အမြဲတမ်း ကတိတည်တယ်၊ ပင်လယ်သတ္တဝါတွေကို ဘယ်တော့မှ မလိမ်ဘူး"
ထိုစကားများနှင့်အတူ ကျိယွမ်သည် ပြာများကို ပင်လယ်ထဲသို့ ကြဲပက်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် သွေးတစ်စက်ကို မျိုချလိုက်၏။
"အင်း... ငါ့ရဲ့ သိုင်းပညာပါရမီက နည်းနည်း တိုးလာတယ်၊ ဒါပေမဲ့ အဟန့်အတားကတော့... နည်းနည်း လိုသေးတယ်"
ကျိယွမ်သည် အခြေအနေပြ ဘားတန်းတစ်ခု ပေါ်နေလျှင်ကောင်းမည်ဟုတွေးမိသည်၊ ထိုသို့မြင်နေရလျှင် အရာရာမှာ ပိုမိုလွယ်ကူသွားမည် မဟုတ်ပါလား။
သူ့တွင် အခြေအနေပြဘားတန်းတစ်ခုရှိလျှင် သူ၏ တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ပြီး ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ မြင့်တက်လာမည်ဟု သူ ခံစားရသည်။
ဤသိူ့ဖြင့် အချိန်များကုန်လာခဲ့သလိုကျိယွမ်၏ ဘေးတွင်လည်း ဗီဇပြောင်း သတ္တဝါများ၏ ပြာများ ပိုမိုစုဝေးလာသည်။
ပထမနေ့တွင် သူသည် ဆယ့်ရှစ်ကောင်တိတိ ဖမ်းမိခဲ့သည်။
ဒုတိယနေ့တွင် သတ္တဝါအရေအတွက်မှာ သိသိသာသာ တိုးလာပြီး စုစုပေါင်း တစ်ရာ့သုံးဆယ်အထိ ရှိလာ၏။
ကျိယွမ်က လက်ထဲမှရုပ်ဆိုးဆိုးသတ္တဝါအား ကြည့်ကာ သက်ပြင်းချမိသည်။
"ဒီကမ္ဘာမှာ တိုးတက်ဖို့ စိတ်အားထက်သန်တဲ့ သတ္တဝါတွေ အများကြီး ရှိတာပဲ"
ထပ်မံ၍ ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကျိယွမ် ဖမ်းမိသော ဗီဇပြောင်း သတ္တဝါ အရေအတွက်မှာ ပိုမိုများပြားလာသည်။
ထို့အပြင် ၎င်းတို့ ပေါ်လာသော အရှိန်မှာလည်း မြန်ဆန်လာ၏။
ယနေ့မှာတော့ ပင်လယ်ပြင်တွင် ကြီးမားသော ရွက်လှေတစ်စင်း ပေါ်လာခဲ့သည်။
ထိုရွက်လှေကို ပိုင်ဆိုင်သူများမှာ မောင်နှမနှစ်ယောက်ဖြစ်ပြီး အခြား ချမ်းသာသော ဒုတိယမျိုးဆက် လူငယ် တစ်ဒါဇင်ခန့်လည်း လှေပေါ်တွင်ပါလာ၏။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်သည် လက်ရန်းကို မှီရင်း ပင်လယ်ကို စိုက်ကြည့်ကာ အတွေးများနေလေသည်။
ရွက်လှေပိုင်ရှင် လျူယုသည် လှပစွာ လမ်းလျှောက်လာရင်း အနက်ရောင်ဝတ်စုံနှင့် လူကို စက်စုသလို ကြည့်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူမှာ သူတို့ ပင်လယ်ထဲတွင် တွေ့ခဲ့သူ ဖြစ်ပြီး
သူ၏အပြောအရ သူသည် ရေကူးနေရင်း ပြဿနာအချို့နှင့် တွေ့ကြုံခဲ့သဖြင့် ထိုမောင်နှမနှစ်ယောက်၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
"ချန်ဖန်၊ ရှင့်ကို ကြည့်ရတာ အတွေးများနေပုံရတယ်။ ဘာတွေ စဥ်းစားနေတာလဲ"
လျူယုက ချန်ဖန်၏ ခန့်ညားသော မျက်နှာကို ကြည့်ရင်း သိချင်စွာ မေးလိုက်သည်။
ချန်ဖန်သည် ငယ်ရွယ်သော်လည်း လောကဓံကိုကောင်းစွာနားလည်နေသော လူတစ်ယောက်၏ အငွေ့အသက်များ ရှိနေ၏။
"ရင့်ကျက်သော အမျိုးသားများ" ကို သဘောကျသော လျူယုမှာ ဤအချက်ကို အလွန်နှစ်သက်နေခဲ့သည်။
"ကျွန်တော် တစ်ခုခုကို စဥ်းစားနေတာပါ... မစ္စလျူ၊ ရွက်လှေကို ကျွန်တော်ပြောတဲ့ဘက်ကို မောင်းပေးလို့ ရမလား။ အဲဒီအတွက် မင်းကို ရက်ရက်ရောရော ပြန်ပေးဆပ်ပါ့မယ်"
ချန်ဖန်က အားနာသလို ပြောလိုက်သည်။ သူ၏ မျက်လုံးများက ပင်လယ်အောက်ခြေကို ထိုးဖောက်မြင်နိုင်သကဲ့သို့ ရှိနေပြီး ထိုနေရာတွင် ဗီဇပြောင်း သတ္တဝါတစ်ကောင်ကို သူ မြင်လိုက်ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် တူညီသော နေရာတစ်ခုသို့ ဦးတည်နေသည့် ဗီဇပြောင်း သတ္တဝါ များကို တွေ့ရှိခဲ့သေးသည်။
ထို့အရာမှတစ်ဆင့် သူသည် မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရ၏။
"ဒါက..."
လျူယု တုံ့ဆိုင်းသွားလေသည်။
သူတို့သည် ဤအပျော်ခရီးကို သေချာစီစဥ်ထားခြင်း ဖြစ်ပြီး လမ်းကြောင်းပြောင်းရန်က မလွယ်ပေ။
သို့သော် ချန်ဖန်၏ခန့်ညားသော မျက်နှာကို ကြည့်မိသောအခါ လျူယုက လှပစွာပြုံးလိုက်၏။
"ပြဿနာမရှိပါဘူး"
"ကျေးဇူးတင်ပါတယ်"
ချန်ဖန်က လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ သူ၏ ပုံစံမှာ အလွန်ဖြောင့်မတ်ပြီး ယဥ်ကျေးပုံရှိလှ၏။
တစ်ဖက်ရှိ ရွက်လှေပေါ်မှာတော့ ကျိယွမ်သည် ကျေနပ်သော မျက်နှာဖြင့် ထိုင်နေလေသည်။
ယနေ့ သူသည် ဗီဇပြောင်း သတ္တဝါ နောက်ထပ် နှစ်ရာခန့်ကို ဖမ်းမိခဲ့သဖြင့် သူစုဆောင်းမိသော သွေးပမာဏမှာလည်း ပို၍ ပို၍ များပြားလာသည်။
"ဟူး...ဒီပင်လယ်သတ္တဝါတွေက တော်တော်လေး ကြိုးစားပြီး တိုးတက်ချင်စိတ် ရှိကြတာပဲ။ ငါက ဘယ်လိုလုပ် ပျင်းနေလို့ ဖြစ်မှာလဲ"
ထိုအချိန်တွင် မင်းသမီးဟွမ်ရှားက သူ့အနီးချဥ်းကပ်လာသည်။
"မစ္စတာကျိ၊ မလှမ်းမကမ်းက ရွက်လှေတစ်စင်းက အချက်ပြလွှတ်နေတယ်။ သူတို့က အရေးကြီးတဲ့ ကိစ္စရှိလို့ ကျွန်မတို့ သင်္ဘောပေါ်ကို တက်လာချင်တယ်လို့ ပြောနေတယ်"
"အို"
ကျိယွမ်က ထိုအခါမှ မော့ကြည့်လိုက်ပြီး အဝေးရှိ ရွက်လှေကို ချက်ချင်း သတိပြုမိသွားသည်။
သူ၏ အကြည့်မှာ ရွက်လှေပေါ်ရှိ အနက်ရောင်ဝတ်စုံနှင့်လူ၊ ချန်ဖန် အပေါ်သို့ ချက်ချင်း ကျရောက်သွားသောအခါ ချက်ချင်းဆိုသလိုပင် သေခြင်းစွမ်းအင် အနည်းငယ်ကို အာရုံခံမိလိုက်၏။
"ယုရှုနဲ့ ဆင်တူတဲ့ လူတစ်ယောက်လား"
ကျိယွမ် စိတ်ဝင်စားသွားသည်။
အကယ်၍ အခြားသူသာဆိုလျှင် သူ ချက်ချင်း ငြင်းဆိုပေလိမ့်မည်။
သို့သော် ယုရှုကဲ့သို့သော လူများကိုတော့ သူအလွန်စူးစမ်းချင်နေသည်။
"တွေ့ကြတာပေါ့"
"ကောင်းပါပြီ"
ဆယ်မိနစ်ခန့်အကြာတွင် လျူယုနှင့် သူမ၏အစ်ကိုတို့သည် ချန်ဖန်ကို ခေါ်ဆောင်ကာ မင်းသမီးဟွမ်ရှား၏ ရွက်လှေပေါ်သို့ တက်လာကြသည်။
လျူယုသည် မမျှော်လင့်ထားသော အခြေအနေများအတွက် သူမ၏ ခါးတွင် သေနတ်တစ်လက်ကို အဆင်သင့် ချိတ်ထား၏။
သို့သော် ရွက်လှေပေါ်တွင် ချောမောသောအမျိုးသားတစ်ဦးနှင့် လှပသောအမျိုးသမီးတစ်ဦးသာ ရှိသည်ကို မြင်လိုက်ရသောအခါ လျူယု၏ စိုးရိမ်စိတ်မှာ လျော့ပါးသွားသည်။
လှပသောလူငယ်စုံတွဲမှာ ဟန်းနီးမွန်းထွက်လာသော ချမ်းသာသည့် ဒုတိယမျိုးဆက် စုံတွဲတစ်တွဲဟု ထင်ရ၏။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့်ချန်ဖန်က ကျိယွမ်ကိုတစ်လှည့် ပင်လယ်ကို တစ်လှည့်ကြည့်ကာ မျက်လုံးများ မှေးလိုက်သည်။
"မင်း ငါးမျှားနေတာလား"
ကျိယွမ်က ပြုံးလိုက်သော်လည်း ခေါင်းညိတ် ခေါင်းခါမလုပ်ပါ။
"ငါ မင်းရဲ့ မေးခွန်းကို ဖြေရင် မင်းကော ငါ့မေးခွန်းတစ်ခုကို ပြန်ဖြေမှာလား။ အဲဒါမှ တရားမျှတမှာပေါ့"
ကျိယွမ်၏ တုံ့ပြန်မှုကြောင့် ချန်ဖန် အနည်းငယ် မှင်တက်သွားသည်။
သူသည် လူပေါင်းစုံနှင့် တွေ့ဖူးသော်လည်း ယခုလိုစကားပြောရခက်သောလူမျိုးနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
"ကောင်းပြီလေ"
သူက အနည်းငယ်စဥ်းစားပြီး သဘောတူလိုက်၏။
"ဟုတ်တယ်၊ ငါ ငါးမျှားနေတာ။ အခု ငါ့အလှည့်ပဲ။ မင်းတို့ရဲ့ ကမ္ဘာထဲကို ဘယ်လိုဝင်ရသလဲ"
ကျိယွမ်က ပျင်းရိစွာ အကြောဆန့်ရင်း မှ ချန်ဖန်အား ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ချန်ဖန်၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး ကျိယွမ်အား ထူးဆန်းသလိုကြည့်၏။
လျူယု၊ သူမ၏အစ်ကိုနှင့် မင်းသမီး ဟွမ်ရှားတို့မှာ ကျိယွမ် ဘာအကြောင်းပြောနေမှန်း နားမလည်သဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။
ချန်ဖန်က ကျိယွမ်ကို သေချာ စိုက်ကြည့်လိုက်ပြီးမှ အေးစက်စွာအသိပေး၏။
"မင်း အဲဒီထဲကို မဝင်ချင်ပါဘူး။ မင်း အဲဒီကို ရောက်ဖို့ဆိုရင်... အရင်ဆုံး သေရမယ်"