အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း (၂၄၁) - ဝူယွမ် နှင့် ယင်းဟွမ်ဟွမ်၊ လင်းတုန် နှင့် ယင်းရှောင်ရှောင်(၁)
ပင်မခန်းမကြီးအတွင်းတွင် လူအုပ်ကြီးဖြင့် ပြည့်ကျပ်နေခဲ့လေသည်။
ဝူယွမ်နှင့် လင်းတုန်တို့ ရောက်ရှိလာပြီးနောက် လေပြင်းခန်းမမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် သူတို့ကို နှုတ်ခွန်းဆက်လာကြ၏။
“ညီငယ်ဝူယွမ်၊ ညီငယ်လင်းတုန်၊ ဒီတစ်ကြိမ်မှာ ငါတို့ လေပြင်းခန်းမ အဆင့်သတ်မှတ်ချက် တက်လာမလာဆိုတာ မင်းတို့နှစ်ယောက်ပေါ်မှာပဲ မူတည်နေတယ်ကွ၊” ကျန်းဟောင်က ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ရယ်မောရင်း ပြောလိုက်သည်။
ယခုအခါ သူသည် ထိုနှစ်ဦးအပေါ် မည်သည့် မကျေနပ်ချက်မျှ မရှိတော့ပေ။ သူတို့ကြားရှိ စွမ်းအားကွာဟချက်က အမီလိုက်ရန် မဖြစ်နိုင်တော့ကြောင်း သူ့အား သိမြင်လာစေခဲ့သည်။
“ညီငယ်နှစ်ယောက် ရှိနေမှတော့ အနိုင်ရဖို့ သေချာသလောက်ပါပဲကွာ”
ဖန်ထုံကလည်း ပြုံးရွှင်စွာဖြင့် ဝင်ပြောလေသည်။
သူသည် မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်ထားပြီဖြစ်ရာ သူ၏ စိတ်ခံစားချက်မှာ အလွန်ကောင်းမွန်နေခဲ့၏။
ဤအရာအားလုံးမှာ ဝူယွမ်ကြောင့်ပင် ဖြစ်သည်။ ဝူယွမ်က ‘မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်’ ၏ အမွေအနှစ် လက်ဆင့်ကမ်းသည့် နည်းလမ်းကို ပြောင်းလဲပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပြောင်းလဲပေးခဲ့ခြင်းကြောင့်သာ သူသည် ဤကဲ့သို့ စွမ်းအားကြီးမားလွန်းသော သိုင်းပညာရပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
“ဂိုဏ်းတူအစ်ကိုနဲ့ ညီအစ်ကိုတွေ အားလုံး စိတ်ချပါ၊ ကျွန်တော်တို့ လေပြင်းခန်းမအတွက် ဂုဏ်ကျက်သရေတွေ ယူဆောင်လာပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ”
ဝူယွမ်နှင့် လင်းတုန်တို့ နှစ်ဦးလုံးက ပြုံး၍သာ တုံ့ပြန်လိုက်ကြလေသည်။ လေပြင်းခန်းမထဲတွင် အမျိုးသမီး တပည့်ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပေ။
တိုက်ရိုက်တပည့်များနှင့် ၎င်းအထက် အဆင့်ရှိသူများ အားလုံးမှာ အမျိုးသားများချည်းသာ ဖြစ်ကြ၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးက ကောင်းမွန်ပြီး ရိုးရှင်းလှပေသည်။
အားလုံးက ညီအစ်ကိုတွေချည်းပဲလေ...
သူတို့သည် ရင်ထဲရှိ စကားများကို ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောဆိုလေ့ရှိကြသည်။
ယခုအခါ လေပြင်းခန်းမမှ တပည့်များအားလုံးသည် တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်လျှံနေကြ၏။
‘မဟာရှေးဟောင်းကျမ်း’ ပြန်လည် ထွက်ပေါ်လာခြင်းက လေပြင်းခန်းမ တစ်ခုလုံးကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားရစေပြီး လေထုမှာလည်း ပြင်းပြတက်ကြွနေခဲ့သည်။
“ကြိုးစားနော်၊”
ကောင်းကင်ခန်းမ၏ အဖွဲ့ထဲတွင် ပါဝင်နေသော ယင်းဟွမ်ဟွမ်ကလည်း ဝူယွမ်ထံသို့ လက်သီးဆုပ်လေး မြှောက်ပြရင်း အားပေးစကား ဆိုလိုက်လေသည်။
သူမ၏ ဘေးတွင်တော့ အေးချမ်းတည်ငြိမ်သော အမူအရာကိုသာ အမြဲတမ်း ထိန်းသိမ်းထားလေ့ရှိသည့် ယင်းရှောင်ရှောင် ရှိနေ၏။
ဝူယွမ်က သူမကို ပြန်ပြုံးပြလိုက်သည်။
သို့သော် ဤမြင်ကွင်းလေးက တပည့်များစွာ၏ အာရုံကို ဖမ်းစားသွားခဲ့ဆဲပင်။
ယင်းရှောင်ရှောင်နှင့် ယင်းဟွမ်ဟွမ် ညီအစ်မနှစ်ဦးသည် မည်သည့်နေရာသို့ပင် သွားစေကာမူ တောင်ဂိုဏ်းတစ်ခုလုံးတွင် အမြဲတမ်း အာရုံစိုက်အခံရဆုံးသူများ ဖြစ်ကြလေသည်။
သူတို့၏ လှုပ်ရှားမှုတိုင်းကို အမြဲတစေ စောင့်ကြည့်နေကြသူများ ရှိနေတတ်သည်။
အခြားတစ်ဖက်တွင် ရှိနေသော ချင်းယိသည်လည်း ဝူယွမ်အပေါ်ထားရှိသည့် ယင်းဟွမ်ဟွမ်၏ တက်ကြွမှုများကို မြင်တွေ့လိုက်ရလေသည်။
ဝူယွမ်၏ မျက်ဝန်းများထဲတွင် လင်းလက်သွားသော ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များက ချင်းရဲ့ကို အလွန်အမင်း မသက်မသာ ဖြစ်သွားစေခဲ့သည်။
ငယ်သူငယ်ချင်းလေးကို လက်လွှတ်လိုက်ရတော့မည့်အလားပင်။
“ညီငယ်ဝူယွမ်၊ ငါတို့ တောင်ဂိုဏ်းက ညီမလေးဟွမ်ဟွမ်ကို စောင့်ကြည့်နေတဲ့ မျက်လုံးပေါင်း ဘယ်လောက်တောင် ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
“တကယ်လို့ မင်းက ရှေ့ဆက်တိုးချင်တယ်ဆိုရင်တော့ မြန်မြန်လေး လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ချင်းယိလိုကောင်မျိုးတွေက အခွင့်အရေး ရသွားလိမ့်မယ်”
ဖန်ထုံနှင့် ဝူယွမ်၏ ဘေးရှိ အခြားသူအချို့ကလည်း ခပ်လှမ်းလှမ်းရှိ ယင်းဟွမ်ဟွမ်နှင့် ချင်းယိတို့ကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ထုံက ဝူယွမ်၏ နားနားသို့ ကပ်ကာ တီးတိုးရယ်မောရင်း ပြောလိုက်လေသည်။
ယခုအခါ တောင်ဂိုဏ်းတစ်ခုလုံးက ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ကြားရှိ ကြည်နူးဖွယ်ရာ ဆက်ဆံရေးကို မြင်တွေ့နေကြ ဖြစ်လေသည်။
ဝူယွမ် မပေါ်လာခင်ကဆိုလျှင် ယင်းဟွမ်ဟွမ်၏ မျက်နှာသာပေးမှုကို ရရှိရန် မျှော်လင့်ဆုံးသူမှာ သူမနှင့်အတူ ကြီးပြင်းလာခဲ့သည့် ငယ်သူငယ်ချင်း ချင်းယိပင် ဖြစ်ခဲ့၏။
လေပြင်းခန်းမမှ တပည့်များမှာတော့ ဝူယွမ်ဘက်မှ ထောက်ခံအားပေးခဲ့ကြသည်။
သူတို့သည် ဝူယွမ်အနေဖြင့် တောင်ဂိုဏ်း၏ မင်းသမီးလေးကို အပိုင်သိမ်းနိုင်လိမ့်မည်ဟု မျှော်လင့်နေကြလေသည်။
“အကိုတို့ အတွေးလွန်နေကြပြန်ပြီ၊ ချင်းယိက... သူမကို ခေါ်သွားနိုင်မှာ မဟုတ်ပါဘူး၊” ဝူယွမ်က အပြုံးလေးဖြင့် တုံ့ပြန်လိုက်လေသည်။
သူနှင့် ယင်းဟွမ်ဟွမ်တို့သည် ကတိကဝတ် အခိုင်အမာ ပြုထားပြီးကြပြီး ဖြစ်သည်။
“ဟဲဟဲ၊ ဒီလောက်နှစ်တွေ အများကြီး ကြာတဲ့အထိ ညီမလေးဟွမ်ဟွမ်က တပည့်သစ်တစ်ယောက်အပေါ် ဒီလောက်တောင် စိတ်ဝင်တစားနဲ့ နွေးနွေးထွေးထွေး ဆက်ဆံတာမျိုးကို ငါတို့မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ”
“ညီငယ်ဝူယွမ်၊ တကယ်လို့ မင်းသာ ငါတို့ တောင်ဂိုဏ်းရဲ့ မင်းသမီးလေးကို အပိုင်သိမ်းနိုင်မယ်ဆိုရင်တော့ ငါတို့ လေပြင်းခန်းမက ခန်းမလေးခုကြားမှာ ထိပ်ဆုံးနေရာကို ပြန်ရတာထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းနေလိမ့်ဦးမယ်း၊”
ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော ဖန်ထုံကပင် ပြုံးဖြီးဖြီးဖြင့် ဝင်ပြောလေသည်။
“ဟာဟ၊ ဂိုဏ်းတူအစ်ကိုကြီးဖန်ထုံပြောတာမှန်တယ်၊ ငါတို့ လေပြင်းခန်းမရဲ့ ဂုဏ်သတင်းကို ပြန်လည်မြှင့်တင်ဖို့ တာဝန်က ဂိုဏ်းတူအစ်ကိုကြီးဝူယွမ်ကလွဲပြီး တခြားသူ မရှိတော့ဘူး” အနီးနားရှိ လေပြင်းခန်းမမှ တပည့်များကလည်း ထိုစကားကို ကြားလိုက်ရချိန်တွင် ရယ်မောသံများ ဆူညံသွားခဲ့ကြသည်။
သူတို့ စကားပြောနေကြစဉ် လင်းတုန်၏ အကြည့်များကတော့ ယင်းရှောင်ရှောင်ထံသို့သာ တိတ်တဆိတ် ရောက်ရှိနေခဲ့သည်။
အချစ်ရေးတွင် အတွေ့အကြုံမရှိသော လင်းတုန်မှာ အနည်းငယ် ရှက်ရွံ့နေပြီး ပေါ်ပေါ်ထင်ထင် စိုက်ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေကာ အကဲခတ်ရုံမျှသာ ခပ်မြန်မြန် ကြည့်လိုက်ပြီးနောက် အကြည့်လွှဲသွားလေ့ရှိ၏။
သို့သော်ငြားလည်း ထိုကဲ့သို့သော လှုပ်ရှားမှု သေးသေးလေးများသည်ပင် ယင်းရှောင်ရှောင်၏ ထက်မြက်လှသော ဝိညာဉ်အာရုံခံစားမှ မလွတ်နိုင်ခဲ့ပေ။
ကံမကောင်းစွာဖြင့် ယင်းရှောင်ရှောင်သည် ထိုကဲ့သို့သော အကြည့်မျိုးကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပြီဖြစ်ရာ မည်သို့မျှ တုံ့ပြန်ခြင်း မပြုခဲ့ပေ။
ယင်းရှောင်ရှောင်သည် လင်းချင်းကျူကဲ့သို့ သူမထက် ပိုမိုစွမ်းအားကြီးမားသူများကိုသာ စိတ်ဝင်စားလေ့ရှိသည်။
ခန်းမလေးခုမှ တပည့်များ အချင်းချင်း အကဲခတ်ကြည့်ရှုရင်း တက်ကြွစွာ စကားပြောဆိုနေကြစဉ် တောင်ထွတ်၏ အထက်ကောင်းကင်ယံမှ မီးခိုးရောင် လူရိပ်တစ်ခုက လေထုကို ခွင်းကာ ထွက်ပေါ်လာခဲ့၏။
သူသည် အနည်းငယ် အေးစက်ပြီး သွေးနံ့များ ပြည့်နှက်နေသော အရှိန်အဝါကို သယ်ဆောင်လာကာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ကောင်းကင်ခန်းမ တပည့်များ ရှိနေသော နေရာသို့ ဆင်းလာခဲ့သည်။
ထိုလူရိပ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တောင်ထွတ်တစ်ခုလုံး၏ ဆူညံသံများမှာ အနည်းငယ် ငြိမ်သက်သွားခဲ့၏။
သို့သော် သူသည် များပြားလွန်းသော ရှုပ်ထွေးသည့် အကြည့်များကို လျစ်လျူရှုကာ ကောင်းကင်ခန်းမမှ တပည့်များအနီးသို့ ချဉ်းကပ်သွားခြင်း မပြုခဲ့ချေ။
သူသည် ယင်းရှောင်ရှောင်တို့ ညီအစ်မကို အေးစက်စွာဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့ထံသို့ အကြည့်တစ်ချက် ဝေ့ဝဲလိုက်ကာ တင်ပျဉ်ခွေထိုင်ချရင်း မျက်လုံးများကို မှိတ်ထားလိုက်လေသည်။
ဝမ်ယန်ရောက်ရှိလာမှုကြောင့် အားလုံး၏ အသံများမှာ တိုးဝင်သွားခဲ့ပြီး လေထုမှာလည်း အနည်းငယ် ပိုမိုလေးနက်သွားခဲ့၏။
ဝှစ်၊ ဝှစ်၊ ဝှစ်...
လေထုကို ခွင်းသွားသော အသံများ ထပ်မံထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးရင်ပြင်၏ အရှေ့ဘက်၊ တောင်ဂိုဏ်းမှ အကြီးအကဲများအတွက် သတ်မှတ်ထားသော နေရာများတွင် လူရိပ်အချို့ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
ခန်းမလေးခုမှ ခန်းမသခင်များသည် သူတို့၏ နေရာများတွင် အသီးသီး နေရာယူပြီးကြပြီဖြစ်ကာ အလယ်ဗဟိုတည့်တည့်တွင်တော့ ရေအိုင်ကြီးတစ်ခုအလား တည်ငြိမ်အေးချမ်းနေသော မျက်နှာထားဖြင့် ယင်းရွှမ်းဇီ ရှိနေလေသည်။
သူတို့သည် အောက်ဘက်ရှိ တပည့်များကို အကဲခတ်ကြည့်ရှုလိုက်ပြီး ဝမ်ယန်ကို အထူးတလည် အာရုံစိုက် ကြည့်လိုက်ကြ၏။ ကောင်းကင်ခန်းမ၏ ခန်းမသခင်ဖြစ်သော ချီလဲ့မှာ ခပ်ဖွဖွ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ယင်းရွှမ်းဇီက ချီလဲ့ကို ကြည့်ကာ မိန့်ဆိုလိုက်သည်။ “အချိန်ရောက်ခါနီးပြီ၊ ခန်းမစစ်ဆေးပွဲ စတင်ကြောင်း ကြေညာလိုက်တော့။”
ချီလဲ့က ခေါင်းညိတ်ပြလိုက်ပြီး မတ်တတ်ရပ်ကာ မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံကြီးဖြင့် ကြေညာလိုက်လေတော့သည်။
“ခန်းမစစ်ဆေးပွဲရဲ့ စည်းမျဉ်းတွေကို ခန်းမအသီးသီးက ခန်းမသခင်တွေက ရှင်းပြပြီးသား ဖြစ်လိမ့်မယ်လို့ ငါ ယူဆတဲ့အတွက် ထပ်ပြီး အကျယ်တဝင့် မပြောတော့ဘူး”
“ဒါပေမယ့် ခန်းမစစ်ဆေးပွဲဆိုတာ သိုင်းပညာဖလှယ်တဲ့ စမ်းသပ်မှုတစ်ခုသာ ဖြစ်ပြီး အသေအကြေ ရန်ငြိုးဖွဲ့ရမယ့် တိုက်ပွဲမျိုး မဟုတ်ဘူး၊”
“ဒါကြောင့် သင့်တော်တဲ့ အချိန်မှာ ရပ်တန့်ဖို့ သတိထားကြပါ၊ တကယ်လို့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေကို သတ်ဖြတ်ဖို့ ကြံစည်တဲ့ အရိပ်အယောင်လေး တွေ့ရမယ်ဆိုရင်တောင် ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ လုံးဝ သက်ညှာပေးမှာ မဟုတ်ဘူး။”
“ဟုတ်ကဲ့ပါ၊” တပည့်များက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
“ပြိုင်ပွဲ အစီအစဉ်တွေကိုလည်း ရှင်းပြပြီးသွားပြီ၊ အဲ့ဒီတော့ ပြိုင်ပွဲ အစီအစဉ်အတိုင်း ခန်းမစစ်ဆေးပွဲကို စတင်လိုက်ကြရအောင်”
ချီလဲ့ စကားပြောဆိုပြီးသွားသည်နှင့် တောင်ထွတ်ပေါ်တွင် ချက်ချင်းပင် တစ်ဖန် ပြန်လည်ဆူညံသွားခဲ့လေသည်။ တပည့်များစွာသည် သူတို့၏ လက်ဖဝါးများကို လှန်လိုက်ကြရာ ကျောက်စိမ်းပြားလေးများ ထွက်ပေါ်လာ၏။
ထို့နောက် မရေမတွက်နိုင်သော လူရိပ်များသည် လျင်မြန်စွာ ထွက်ခွာသွားကြကာ၊ တောင်ထွတ်ပေါ်ရှိ ရာနှင့်ချီသော တိုက်ပွဲရင်ပြင်များဆီသို့ ဦးတည်သွားနေကြလေသည်။
ပြိုင်ပွဲများကို ခန်းမလေးခုကြား အပြန်အလှန် ယှဉ်ပြိုင်ရမည့် ပုံစံဖြင့် စီစဉ်ထားခြင်း ဖြစ်သည်။
အနိုင်ရရှိသူများသည် နောက်တစ်ဆင့်သို့ ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး ရှုံးနိမ့်သူများမှာမူ တိုက်ရိုက် ထွက်သွားရမည်ဖြစ်ကာ နောက်ဆုံး ကျန်ရစ်သူ တစ်ဦးတည်းကသာ ချန်ပီယံဆုကို ဆွတ်ခူးရရှိမည် ဖြစ်သည်။
ဝူယွမ်သည် သူ၏ ပြိုင်ပွဲအမှတ်စဉ်ကို ကြည့်လိုက်၏။ ပထမဆုံးပွဲစဉ်မှာ နံပါတ်ခုနစ် တိုက်ပွဲရင်ပြင်တွင် ဖြစ်သည်။
သူသည် တိုက်ပွဲရင်ပြင်ပေါ်သို့ ချက်ချင်းပင် ပျံသန်းသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ကျောက်စိမ်းရောင် စောင်းလေးကို ကိုင်ဆောင်ထားသော ကျော့ရှင်းလှပသည့် လူရိပ်လေးတစ်ခုကလည်း ပေါ့ပါးစွာ ပျံဝဲလာကာ သူ၏အရှေ့တွင် ညင်သာစွာ ဆင်းသက်လာခဲ့လေသည်။
သူ့ရှေ့တွင် ရပ်နေသော ပြုံးရွှင်နေသည့် မျက်နှာလေးကို ကြည့်ရင်း ဝူယွမ်မှာ ချက်ချင်းပင် ခေါင်းခဲသွားခဲ့ရသည်။
သူ၏ ပထမဆုံး ပြိုင်ဘက်မှာ ယင်းဟွမ်ဟွမ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။
“ကောင်းကင်ခန်းမက မိန်းမလှလေးကို အသုံးပြုပြီး ထောင်ချောက်ဆင်နေတာများလား”
ယင်းဟွမ်ဟွမ်၏ တောက်ပနေသော မျက်ဝန်းလေးများက ဝူယွမ်ကို ပြုံး၍ စိုက်ကြည့်နေခဲ့၏။
ဝတ်ရုံများဖြင့် ဖုံးအုပ်ထားသော်ငြား သူမ၏ သွယ်လျနူးညံ့သည့် ခန္ဓာကိုယ်လေးမှာ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများ ပေါ်လွင်နေလေသည်။
နေရောင်ခြည် ဖြာကျလာသောအခါ မူလကတည်းက လှပနေပြီးသားဖြစ်သော မိန်းမပျိုလေးမှာ ပိုမို၍ပင် တောက်ပလာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် တိုက်ပွဲရင်ပြင်ဆီသို့ ကျရောက်လာသော အကြည့်များမှာလည်း များစွာ ပိုမိုပြင်းပြလာခဲ့ကြသည်။
“ညီမလေးဟွမ်ဟွမ်၊ သူ့ကို အနိုင်ယူလိုက်၊ ပထမဆုက ငါတို့ ကောင်းကင်ခန်းမအတွက်ပဲ ဖြစ်ရမယ်။”
“ညီငယ်ဝူယွမ်၊ မင်း အရှုံးပေးလို့ မရဘူးနော်။”
... အောက်ဘက်တွင်တော့ ပွဲငတ်နေသော တပည့်များသည် သူတို့နှစ်ဦးကို ကြည့်ရင်း အားပေးစကားများဆိုကာ စတင်အော်ဟစ်နေကြလေသည်။
ဤကာလအတွင်း ထိုနှစ်ဦး စောင်းနှင့် ပုလွေကို အတူတကွ တီးမှုတ်နေကြသည်ကို တပည့်များစွာက မကြာခဏ မြင်တွေ့ခဲ့ရသည်။
သူတို့သည် ဂီတပညာရပ် ဖလှယ်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ထိုစကားများကို မည်သူကမျှ မယုံခဲ့ကြချေ။
ဖလှယ်သည်ဆိုရာတွင်လည်း ဖလှယ်သည့် ‘ကိုယ်ဟန်အနေအထား’ အပေါ်တွင် မူတည်နေသေးသည် မဟုတ်ပါလား။
“မင်း အရှုံးပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်၊” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ကြည့်ကာ ခါးသီးစွာ ပြုံးရင်း ပြောလိုက်လေသည်။
“မဖြစ်နိုင်ဘူး၊ တကယ်လို့ ကျွန်မသာ အရှုံးပေးလိုက်ရင် ကျွန်မရဲ့ ကောင်းကင်ခန်းမက ညီအစ်မတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ... ကျွန်မကြားမှာ အရင်ကတည်းက တစ်ခုခု ရှိနေခဲ့တယ်လို့ သူတို့က တကယ် ထင်သွားကြလိမ့်မယ်” ယင်းဟွမ်ဟွမ်က ပြတ်သားစွာ ခေါင်းခါယမ်းရင်း ငြင်းဆန်လိုက်လေသည်။
“ရှင် ကျွန်မရဲ့ စောင်းသံတွေကို အကြိမ်အများကြီး နားထောင်ဖူးပေမယ့် ကျွန်မရဲ့ စောင်းသံ တိုက်ခိုက်မှု အစစ်အမှန်ကိုတော့ တကယ် မကြုံဖူးသေးဘူးမလား၊ ဒီနေ့တော့ ရှင်မြင်ဖူးအောင် ကျွန်မပြပေးမယ်”
ယင်းဟွမ်ဟွမ်သည် စောင်းကို တိုက်ရိုက်ပင် မြှောက်ကိုင်လိုက်ပြီး သူမ၏ သွယ်လျသော ကျောက်စိမ်းသဖွယ် လက်ချောင်းလေးများဖြင့် စောင်းကြိုးများကို စတင် တီးခတ်လိုက်လေသည်။
“ဒါဆိုရင် ငါကလည်း ငါ့ရဲ့ ပုလွေသံ တိုက်ခိုက်မှုကို မင်း မြင်ဖူးအောင် ပြရတာပေါ့၊”
ဝူယွမ်က အနည်းငယ် ပြုံးလိုက်ပြီး ‘မိုးကြိုးဝိညာဉ် ကောင်းကင်ဓား’ ကို ထုတ်ယူကာ ပုလွေပုံစံအဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက် စတင် တီးမှုတ်လေတော့သည်။
အခန်း (၂၄၂) - ဝူယွမ် နှင့် ယင်းဟွမ်ဟွမ်၊ လင်းတုန် နှင့် ယင်းရှောင်ရှောင်(၂)
သူသည်လည်း အသံလှိုင်း တိုက်ခိုက်မှု အချို့ကို လေ့လာစူးစမ်းထားခဲ့ဖူးသည်။
ထို့အပြင် လင်းယွမ်သည်လည်း မိုးကြိုးအသံနှင့် ပေါင်းစပ်နိုင်စွမ်းရှိပြီး ၎င်း၏ တိုက်ခိုက်မှုစွမ်းအားမှာလည်း မနိမ့်ကျလှပေ။
အခြား တိုက်ပွဲရင်ပြင်များတွင် အပြင်းအထန် တိုက်ခိုက်နေကြချိန် ဤနှစ်ဦးမှာမူ မျက်နှာချင်းဆိုင်လျက် စောင်းနှင့် ပုလွေကို တီးမှုတ်နေကြလေသည်။
ထိုအသံလှိုင်းများသည် လေထုထဲတွင် ပွတ်တိုက်မိသွားကြပြီး အားကောင်းလွန်းသော ယွမ်စွမ်းအင် လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သော်ငြား ယင်းမှာ တိုက်ပွဲတစ်ခုနှင့် လုံးဝ မတူညီနေပေ။
ထိုအစား သူတို့နှစ်ဦး ချစ်ကြည်နူးနေကြသည်နှင့်ပင် ပိုတူနေသေး၏။
“လွန်လွန်းနေပြီ...”
အခြားတပည့်များမှာ ဤလူရှေ့သူရှေ့ ကြည်နူးပြနေမှုကို အတင်းအဓမ္မ သည်းခံကြည့်ရှုနေခဲ့ကြရလေသည်။
အဆုံးတွင်တော့ ဝူယွမ်က သဘာဝကျကျပင် အနိုင်ရရှိသွားခဲ့၏။
သူ၏ အသံလှိုင်းများသည် ယင်းဟွမ်ဟွမ်၏ အသံလှိုင်းများလောက် အားမကောင်းသော်လည်း ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်ပြီးနောက်တွင်တော့ ယင်းဟွမ်ဟွမ်ကို အလွယ်တကူပင် ကျော်လွန်သွားခဲ့သည်။
တစ်ပွဲပြီးဆုံးသွားပြီးနောက် ခန်းမလေးခုမှ တိုက်ရိုက်တပည့်များ၏ ထက်ဝက်ခန့်မှာ တိုက်ရိုက် ထွက်သွားခဲ့ကြရသည်။
နောက်တစ်ဆင့်...
ဝူယွမ်၏ ပြိုင်ဘက်မှာ မြေကြီးခန်းမမှ ချင်းယိ ဖြစ်ကာ လင်းတုန်၏ ပြိုင်ဘက်မှာမူ ကောင်းကင်ခန်းမမှ ဂိုဏ်းတူအစ်မကြီး ယင်းရှောင်ရှောင် ဖြစ်လေသည်။
တိုက်ပွဲရင်ပြင်ပေါ်တွင် ချင်းယိက ဝူယွမ်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“ငါ နိဗ္ဗာန်အဆင့် ၉ ကို ထိုးဖောက် ဝင်ရောက်ပြီးသွားပြီ၊”
“မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူးဆိုတာကို သိပေမယ့် ငါတို့နှစ်ယောက်ကြားက ကွာဟချက်ကိုတော့ ငါ သိချင်သေးတယ်၊”
သူ၏ ရင်ထဲတွင် မကျေနပ်မှုများစွာ ကိန်းအောင်းနေခဲ့၏။
ဂိုဏ်းအတွင်းတွင် ဝူယွမ်၏ ရုတ်ခြည်း တိုးတက်လာမှုက လျင်မြန်လွန်းလှသဖြင့် သူ့အား စွမ်းအားကင်းမဲ့သွားသကဲ့သို့ ခံစားရစေခဲ့သည်။
မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီး အမြောက်အမြားကို ရရှိခဲ့ပြီး နိဗ္ဗာန်အဆင့် ကိုး သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက် မူလက သူသည် ဝူယွမ်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု တွေးကာ ယုံကြည်မှု အချို့ ရှိနေခဲ့သည်။
သို့သော် သူ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ယာတုန်မှ ဆန်းကြယ်ရှင်ခြင်းအဆင့် အကြီးအကဲကို ဝူယွမ် အနိုင်ယူခဲ့ကြောင်း ကြားသိလိုက်ရ၏။
ဤသတင်းက ချင်းယိကို ချက်ချင်းပင် မျှော်လင့်ချက် ကင်းမဲ့သွားစေခဲ့သည်။
သောက်ကျိုးနည်း တိုးတက်မှုကြီးပင်။
တံခါးပိတ် မကျင့်ကြံမီက ဝူယွမ်သည် ယောင်းလင်းကိုသာ အနိုင်ယူနိုင်ခဲ့သေးသည်။ ယခု တစ်လခန့်သာ တံခါးပိတ်ကျင့်ကြံရသေးသာ်ငြား တစ်ဖက်လူ၏ စံချိန်မှာ အသစ် ပြန်လည်ရေးထိုးသွားခဲ့လေပြီ။
ဆန်းကြယ်ရှင်ခြင်းအဆင့်။ ချင်းယိ ဆယ်ယောက်ပေါင်းလျှင်တောင် ဆန်းကြယ်ရှင်ခြင်းအဆင့် တစ်ယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
“ကွာဟချက်က ယောင်းလင်း ဆယ်ယောက်လောက် ရှိမယ်ထင်တယ်၊” ဝူယွမ်က ချင်းယိကို ပြုံးပြရင်း ပြောလိုက်လေသည်။
ဤချင်းယိအပေါ်တွင် သူသည် သိပ်ပြီး အမြင်ကြည်လင်လှခြင်း မရှိပေ။ အချစ်ရေး ပြိုင်ဘက် ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်၏။
သူသည် ငယ်သူငယ်ချင်းဆိုသည့် အကြောင်းအရာကို အမြဲတစေ ထုတ်ဖော်ပြောဆိုလေ့ရှိသော်ငြား ဤနေရတွင် ငယ်သူငယ်ချင်းများက အောင်မြင်သွားသည်ကို ဝူယွမ် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
သူတို့သည် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြသော်လည်း အခြားတစ်ယောက်၏ နှလုံးသားကို မသိမ်းပိုက်နိုင်ခဲ့ကြပေ။ အနာဂတ်တွင်လည်း သူတို့အတွက် အခွင့်အရေး လုံးဝ ရှိလာမည် မဟုတ်ပေ။
ငယ်ရွယ်စဉ်ကတည်းက သူမကို မသိမ်းပိုက်နိုင်ခဲ့လျှင် ကြီးလာသောအခါတွင်လည်း သူမကို သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ချေ။
လုံး၀ မဖြစ်နိုင်ချေ။ (ငယ်သူငယ်ချင်းတွေ ငိုလို့ရပီ🥹🥹)
“ဘယ်လောက်ပဲ ကွာနေပါစေ၊ ငါ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ချင်သေးတယ်၊”
ချင်းယိ၏ မျက်နှာထားမှာ အေးစက်သွားပြီး ချက်ချင်းပင် ဝူယွမ်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
“မင်းသဘောပဲ၊”
ဝူယွမ်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။
ချက်ချင်းပင် သူ၏ ကိုယ်တွင်းရှိ စွမ်းအင်များ ဆူပွက်လာပြီး လက်သီးတစ်ချက် ပြန်လည် ပစ်သွင်းလိုက်လေသည်။
၀ုန်း...
တုံးအိအိ တိုက်မိသံကြီးနှင့်အတူ ချင်းယိမှာ ဝူယွမ်၏ လက်သီးချက်ကြောင့် တိုက်ရိုက်ပင် လွင့်စဉ်သွားခဲ့ပြီး တိုက်ပွဲရင်ပြင်ပေါ်မှ ပြုတ်ကျသွားလေတော့သည်။
ချက်ချင်း ရှုံးနိမ့်သွားခြင်းပင်။
ဝူယွမ်သည် လုံးဝ အလျှော့ပေးခဲ့ခြင်းမရှိပေ။
ချင်းယိကဲ့သို့သော လူမျိုးအတွက် သူ့ကို အမှန်တကယ် လဲကျသွားစေမှသာ အစစ်အမှန် အခြေအနေကို လက်ခံနိုင်မည် ဖြစ်သည်။
ချင်းယိ၏ ကမ္ဘာလေးထဲတွင်တော့ သူမှလွဲ၍ မည်သူကမျှ ယင်းဟွမ်ဟွမ်နှင့် မထိုက်တန်ပေ။
ဤသည်မှာ ငယ်စဉ်ကတည်းက သူ မွေးမြူလာခဲ့သော သာလွန်သည့် ခံစားချက်ပင် ဖြစ်၏။
အကယ်၍ ဝူယွမ်သာ အနည်းငယ်မျှ အလျှော့ပေးလိုက်မည်ဆိုပါက သူက အခွင့်အရေးရှိသေးသည်ဟု တွေးထင်ကာ မျှော်လင့်ချက်များ ထားနေဦးမည်သာ ဖြစ်သည်။
ဝူယွမ်၏ ကရုဏာကင်းမဲ့သော အနိုင်ယူမှုမှာ ချင်းရဲ့ကို ယင်းဟွမ်ဟွမ်အပေါ် ထားရှိသည့် သူ၏ စိတ်ကူးယဉ်မှုများကို စွန့်လွှတ်လိုက်စေရန်အတွက် ဖြစ်သည်။
သူ ပြန်လည် နိုးထလာပြီး ပိုမို အားကောင်းလာမည်လော သို့မဟုတ် လုံးဝ အရှုံးပေးသွားမည်လော ဆိုသည်မှာတော့ သူ၏ ရွေးချယ်မှုသာ ဖြစ်ပေလိမ့်မည်။
“ဟူး... အချစ်ပြိုင်ဘက်တွေ တွေ့ကြပြီဆိုရင် မျက်လုံးတွေ နီလာတတ်ကြတာပါပဲလား”
များစွာသော တပည့်များမှာ သက်ပြင်းများကို ခပ်ဖွဖွချရင်း ရေရွတ်လိုက်ကြလေသည်။
“ရှင်၊ ရှင် အဲဒီလောက် ပြတ်ပြတ်သားသား အနိုင်ယူပြစရာ မလိုပါဘူး၊ ဂိုဏ်းတူအစ်ကိုကြီး ချင်းယိက အမြဲတမ်း ဂုဏ်ယူဝင့်ကြွားတတ်တဲ့သူမို့လို့ ဒီလို ထိုးနှက်ချက်မျိုးကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊”
ယင်းဟွမ်ဟွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ မခံစားနိုင်သည့် ဝမ်းနည်းမှု အရိပ်အယောင်လေးများဖြင့် ပြောလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေခဲ့၏။
ဝူယွမ်က ချင်းယိအပေါ် ယခုလို ဆက်ဆံခြင်းမှာ သူမအတွက် မနာလိုဝန်တိုမှုများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း လူတိုင်းကို ပြောပြနေသည်နှင့်ပင် တူနေတော့သည်။
“တကယ်လို့ မင်း သူ့ကို သဘောကျတယ်ဆိုရင် သွားပြီး နှစ်သိမ့်ပေးလိုက်ပါ၊ တကယ်လို့ သဘောမကျဘူးဆိုရင်တော့ မသွားနဲ့၊ မဟုတ်ရင် သူ့မှာ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ သူ ပြန်တွေးသွားအောင် မင်းက လုပ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။”
အနည်းငယ် စိတ်မပါ့တပါ ဖြစ်နေပုံရသော ယင်းဟွမ်ဟွမ်ကို ကြည့်ကာ ဝူယွမ်က ပြောလိုက်လေသည်။
‘ရူးသွပ်စွာချစ်မြတ်နိုးသူ’ တစ်ယောက်၏ အကြီးမားဆုံးသော အထင်မှားမှုကြီးမှာ “သူမ အဲဒီလို လုပ်တယ်ဆိုတာ သူမ ငါ့ကို သဘောကျနေလို့ပဲ ဖြစ်ရမယ်” ဟူသော အတွေးပင် ဖြစ်သည်။
“ငါ...”
ယင်းဟွမ်ဟွမ်က ဘာမှ ဆက်မပြောနိုင်တော့ပေ။
ဒီနှစ်တွေတစ်လျှောက်လုံး သူမအပေါ်ထားရှိခဲ့သော ချင်းယိ၏ ခံစားချက်များကို သူမ သိရှိခဲ့သော်လည်း သူမက သူ့ကို သဘောမကျသည့်အပြင် သူ့ကိုလည်း မနာကျင်စေလိုသောကြောင့် မည်သို့ ငြင်းပယ်ရမည်ကို မသိခဲ့ခြင်းဖြစ်သည်။
ဤအချက်ကပင် ချင်းယိကို သူ့မှာ မျှော်လင့်ချက် ရှိနေသေးသည်ဟု ခံစားရစေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်တော့ ဝူယွမ်က ချင်းယိကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်ခြင်းမှာ ယင်းဟွမ်ဟွမ်အတွက် ရွေးချယ်မှုတစ်ခု လုပ်ပေးလိုက်ခြင်းဟု ယူဆနိုင်ပေသည်။
အဓိက အချက်မှာ ယင်းဟွမ်ဟွမ်အနေဖြင့် သူ့ကို သွားရောက် နှစ်သိမ့်မပေးရန်ပင် ဖြစ်သည်။
“ပြိုင်ပွဲကို ကြည့်လိုက်ဦး၊ နင့်အစ်မက လင်းတုန်နဲ့ ပြိုင်ရတာမို့လို့၊ အနိုင်ရချင်မှ ရမှာနော်။”
ဝူယွမ်က စင်မြင့်ဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။ ဤအချိန်တွင် လင်းတုန်နှင့် ယင်းရှောင်ရှောင်တို့မှာ စတင် တိုက်ခိုက်နေကြပြီ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားကြသူများ ဖြစ်သည့်အတွက် သူတို့၏ တိုက်ခိုက်မှု လှုပ်ရှားမှုများမှာ ရှင်းလင်းပြီး အလွန်အမင်း ပြင်းထန်လှပေသည်။
ယင်းရှောင်ရှောင်သည် သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ရာ အစိမ်းရောင် အလင်းတန်းများ ရစ်ပတ်နေသော သုံးပေခန့် ရှည်လျားသည့် အစိမ်းရောင် ဓားတစ်လက်က သူမ၏ လက်ထဲမှ လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့၏။
သူမ၏ ကြည်လင်လှပသော မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခုက တလက်လက် တောက်ပသွားပြီးနောက် သူမ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လျင်မြန်စွာ ပျံသန်းထွက်ခွာလာလေသည်။
ထိုအလင်းတန်းသည် သေးသွယ်သော လျှပ်စီးကြောင်းတစ်ခုအလား လင်းတုန်၏ အရှေ့သို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာခဲ့၏။
ထက်ရှလွန်းသော အစိမ်းရောင်ဓားသည် လင်းတုန်၏ မျက်နှာဆီသို့ ဖြောင့်တန်းသော လမ်းကြောင်းတစ်ခုအတိုင်း ပြင်းထန်စွာ တိုက်ရိုက် ထိုးစိုက်လာခဲ့သည်။
လင်းတုန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက သူ၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာခဲ့၏။
ချက်ချင်းပင် သူ၏ လက်ချောင်းနှစ်ချောင်းက ရှေ့သို့ တိုးထွက်သွားပြီးနောက် ပြင်းထန်စွာ ထိုးစိုက်လာသော အစိမ်းရောင်ဓားကို သူ၏ လက်ချောင်းနှစ်ချောင်းကြားတွင် တိုက်ရိုက် ညှပ်ထားလိုက်လေသည်။
သူ၏ လက်များသည် ရွှေရောင်လွှမ်းနေသော သတ္တုတစ်မျိုးကဲ့သို့ ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာလွန်းသည်။
လင်းတုန်သည် လက်ချောင်းများကို အသုံးပြုရသည့် သိုင်းပညာရပ်များကို မကြာခဏ လေ့ကျင့်လေ့ရှိပြီး လက်ချောင်းပုံစံ သိုင်းပညာရပ်များကို အများဆုံး သိရှိထားသူ ဖြစ်သည်။
‘ရွှေခေါင်းလောင်း ကိုယ်ခန္ဓာ’ နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ လက်ချောင်း သိုင်းပညာရပ်များမှာ ပို၍ပင် အားကောင်းလာခဲ့လေသည်။
သူက ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ထားရင်း ယင်းရှောင်ရှောင်ထံသို့ ပြန်လည်တွန်းပို့လိုက်ပြီးနောက် သူ၏ လက်ချောင်းများက လျှပ်စီးတန်းတစ်ခုအလား လှုပ်ရှားသွားကာ ယင်းရှောင်ရှောင်၏ ကျောက်စိမ်းရောင် လက်ကောက်ဝတ်ကို ခပ်ဖွဖွ တောက်လိုက်လေသည်။
ယင်းရှောင်ရှောင် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
လင်းတုန်၏ လက်ချောင်းထိပ်များတွင် စုစည်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို သူမ ခံစားသိရှိနိုင်ပေသည်။
သူမက ချက်ချင်းပင် လက်ကောက်ဝတ်ကို လျင်မြန်စွာ ပြန်ရုပ်လိုက်ပြီး ဓားရှည်ထံမှ တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက် ကြည်လင်ပြတ်သားပြီး အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ “ကောင်းကင်ကြယ်စု ပန်းသုံးပွင့်ဓား”
ရွှစ်၊ ရွှစ်၊ ရွှစ်...
အစိမ်းရောင် အလင်းတန်းများက လေထုကို ခွင်းကာ မြည်ဟည်းသွားပြီး ချက်ချင်းဆိုသလိုပင် အစိမ်းရောင် အလင်းတန်း ဓားပန်းပွင့် သုံးပွင့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုဓားပန်းပွင့်များပေါ်မှ အလွန်အမင်း သိပ်သည်းနေသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး အလွန်တရာ အားကောင်းလွန်းသော ဖျက်ဆီးနိုင်စွမ်းများ ပြန့်နှံ့သွားလေသည်။
“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း၊ ပေါင်းစပ်။”
လင်းတုန်က ရှေးဟောင်း ဧရာမလက်ချောင်းငါးချောင်းကို စုစည်းလိုက်ကာ ကြီးမားလွန်းသော လက်ဝါးကြီးတစ်ခုအဖြစ် ဖန်တီးလိုက်ပြီး ယင်းရှောင်ရှောင်၏ ဓားပန်းပွင့်သုံးပွင့်ကို ဖုံးအုပ်လိုက်လေသည်။
အစိမ်းရောင်အလင်းတန်း ဓားပန်းပွင့် သုံးပွင့်မှာလည်း သူ၏ ကြီးမားလွန်းသော လက်ဝါးကြီး၏ ဖုံးအုပ်မှုကို ခံလိုက်ရ၏။ ဓားအလင်းတန်းများက အပြင်းအထန် ရုန်းကန်နေကြသော်လည်း ထိုကြီးမားလှသော လက်ဝါးကြီးကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
“ဂိုဏ်းတူအစ်မကြီး၊ အမကြီးရဲ့ ဓားက ကျွန်တော့် လက်ချောင်းတွေလောက် မမာဘူးထင်တယ်။”
လင်းတုန်သည် ယင်းရှောင်ရှောင်အနီးသို့ ထပ်မံချဉ်းကပ်သွားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားကို အသုံးပြုကာ တိုက်ရိုက်ပင် အနီးကပ် တိုက်ခိုက်လေတော့သည်။
“မောင်ငယ်လင်းတုန်၊ မင်းက တကယ်ကို အားကောင်းတာပဲ၊ ဒါပေမယ့် မင်းရဲ့ လက်ချောင်းတွေကိုချည်းပဲ အားကိုးနေလို့ကတော့ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။”
ယင်းရှောင်ရှောင်၏ မျက်နှာထားမှာ လေးနက်လာခဲ့သည်။ လင်းတုန်က သူမအပေါ် ဖိအားများ ပေးနိုင်နေသဖြင့် ကောင်းကင်ဧကရာဇ်ကျမ်းကို အသုံးပြုတော့မည် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်များသည် ဧရာမလှိုင်းလုံးကြီးတစ်ခုအလား ယင်းရှောင်ရှောင်၏ အနောက်ဘက်တွင် ရူးသွပ်စွာ စုစည်းလာကြသည်။
နောက်တစ်ခဏတွင် ထိုလှိုင်းလုံးကြီးက ရိုက်ခတ်သွားပြီး သူမ၏ အနောက်ဘက်တွင် ပေတစ်ရာခန့် ကြီးမားသော ဧရာမ အလင်းဓားကြီးတစ်လက်အဖြစ်သို့ တကယ်ပင် ပြောင်းလဲသွားခဲ့လေသည်။
ထိုအလင်းဓားကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံမှာ တွန့်လိမ်ကောက်ကွေးသွားသကဲ့သို့ ဖြစ်သွားခဲ့၏။
ထိုအလင်းဓားကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပင် ထက်ခြမ်းခွဲပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားပုံရသည်။
“ကောင်းကင်ဧကရာဇ်ကျမ်းလား...”
လင်းတုန်က တီးတိုးရေရွတ်လိုက်ပြီး ဆက်လက်၍ ပေါ့ဆရဲခြင်း မရှိတော့ပေ။
သူက ဝူယွမ် အဆင့်မြှင့်တင်ပေးထားပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်တစ်ခုအဖြစ်သို့ တိုးတက်ရောက်ရှိနေပြီဖြစ်သော ‘ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံ’ ကို ချက်ချင်းပင် ထုတ်ယူလိုက်လေသည်။
“လက်ချောင်း သိုင်းပညာရပ်တွေနဲ့ မလုံလောက်ဘူးဆိုရင် ငါ့ဆီမှာ လှံသိုင်းပညာရပ်တွေ ရှိသေးတယ်...”
ရွှေရောင် နဂါးများ ရစ်ပတ်ထားသည့် ထူထဲသော အနက်ရောင်၊ ဧရာမ ‘ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံ’ ကြီးကို ကိုင်ဆောင်ထားသော လင်းတုန်သည် စစ်နတ်ဘုရားတစ်ပါးအလား ကောင်းကင်ယံသို့ ပျံတက်သွားပြီး ယင်းရှောင်ရှောင်၏ အလင်းဓားကြီးကို တိုက်ရိုက်ပင် ရင်ဆိုင်လိုက်လေတော့သည်။