အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
အခန်း (၂၄၃) - လင်းတုန် ဟန်ဆောင်တိုက်ခိုက်ခြင်း၊ ဝူယွမ်နှင့် ဝမ်ယန်တို့၏ တိုက်ပွဲ(၁)
လင်းတုန်သည် နိဗ္ဗာန်အဆင့် ၈ တွင်သာ ရှိနေသော်လည်း ဝိညာဉ်တံဆိပ်ကို အသုံးပြုရန်ပင် မလိုအပ်ချေ။ သူ၏ ယွမ်စွမ်းအားသီးသန့်မှာ ယင်းရှောင်ရှောင်ကို ရင်ဆိုင်ရန်အတွက် လုံလောက်ရုံမျှသာမက ပိုလျှံနေခဲ့လေသည်။
နဂါးရုပ်လုံးများ ဖောင်းကြွနေသော ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံကြီးကို ကိုင်ဆောင်ထားသော လင်းတုန်၏ အရှိန်အဝါများမှာ လှိုင်းတံပိုးများအလား ပတ်၀န်းကျင်ကို ရိုက်ခတ်နေခဲ့၏။
သူသည် လိပ်ခွံတစ်ခုသဖွယ် လိပ်နက် ဝိညာဉ်သံချပ်ကာကို သူ၏ ကိုယ်ပေါ်တွင် ပထမဆုံး ဖန်တီးလွှမ်းခြုံလိုက်ပြီးနောက် ဆန်းကြယ်သော ရေစွမ်းအင်များကို ထုတ်လွှတ်လိုက်လေသည်။
လိပ်နက် သိုင်းပညာရပ်ကို သင်ယူတတ်မြောက်ပြီးနောက် လင်းတုန်သည် ထိုသိုင်းပညာရပ်ကို သူ၏ လှံသိုင်းပညာရပ်များတွင်လည်း ရောနှော အသုံးချခဲ့ပြီး ဆန်းကြယ်သော ရေစွမ်းအင်၏ အနှစ်သာရကို ရယူကာ သူ၏ တိုက်ကွက်များကို ပိုမိုအားကောင်းပြီး လေးလံလာစေရန် ပြုလုပ်ခဲ့သည်။
လင်းတုန်၏ ပတ်ဝန်းကျင်တွင် ရေကြီးရေလျှံနေသည့်အလား ဆန်းကြယ်သော ရေစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင် မြစ်ကြီးတစ်စင်းက သူ၏ ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံကြီးနှင့်အတူ စီးဆင်းနေပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံကို ညို့မှိုင်းသွားစေကာ လေထုကိုလည်း အဆပေါင်းများစွာ ပိုမိုလေးလံသွားစေခဲ့လေသည်။
လင်းတုန်၏ လိပ်နက်သံချပ်ကာနှင့် ဆန်းကြယ်သော ရေစွမ်းအင် လှံသိုင်းပညာရပ်တို့၏ အရှိန်အဝါသည် ယင်းရှောင်ရှောင် ထုတ်လွှတ်လိုက်သော ကောင်းကင် ဧကရာဇ်ကျမ်း၏ အရှိန်အဝါထက် မည်သို့မျှ ယုတ်လျော့နေခြင်း မရှိပေ။
ထို့အပြင် အလွန်အမင်း အားကောင်းလွန်းသော ဖိနှိပ်ခြင်း ခံစားချက်တစ်ခုပင် ပါဝင်နေသေး၏။
“ဒီမောင်ငယ်လေးကလည်း သာမန်မဟုတ်ဘူးပဲ၊” ယင်းရှောင်ရှောင်သည် ဆက်လက်၍ ပြုံးမနေနိုင်တော့ပေ။
ဆန်းကြယ်သော ရေစွမ်းအင်များဖြင့် ပြည့်နှက်နေသော ဧရာမ ရှေးဟောင်းလှံကြီးက သူမကို ကြီးမားလွန်းသော ဖိအားများ ပေးစွမ်းနေပြီး နောက်တစ်စက္ကန့်တွင် ထိုဆန်းကြယ်သော ရေစွမ်းအင်များအောက်သို့ သူမ နစ်မြုပ်သွားတော့မည့်အလား ခံစားနေရလေသည်။
သို့သော်ငြားလည်း ယင်းရှောင်ရှောင်သည် လွယ်လွယ်ကူကူဖြင့် အရှုံးပေးမည့်သူ မဟုတ်ပေ။
“ကောင်းကင်ဧကရာဇ်ကျမ်း၊ မဟာကောင်းကင် တိမ်တိုက်ရွှေ့လျားဓား”
မရေမတွက်နိုင်သော အကြည့်များ စူးစိုက်ကျရောက်နေချိန်တွင် ယင်းရှောင်ရှောင်သည် သူမ၏ ကျောက်စိမ်းသဖွယါ လက်ချောင်းလေးများကို ဆန့်တန်းလိုက်ပြီးနောက် ဧရာမအလင်းဓားကြီးကို လှမ်း၍ ဆုပ်ကိုင်လိုက်လေသည်။
နောက်တစ်ခဏတွင် သူမ၏ နှုတ်ခမ်းဖျားမှ ကြည်လင်ပြတ်သားပြီး အေးစက်သော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမ၏ ပုံရိပ်က ဧရာမဓားကြီး၏ အောက်တည့်တည့်တွင် ပေါ်လာကာ လက်ဖဝါးကို ရုတ်ခြည်း ဝှေ့ယမ်းလိုက်၏။
ရွှစ်။
ယင်းရှောင်ရှောင်၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများ အောက်သို့ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက်....
ကောင်းကင်ယံတွင် ရပ်တန့်နေသော ဧရာမအလင်းဓားကြီးသည်လည်း ဓားသွားကို လှည့်လိုက်ပြီးနောက် ကောင်းကင်ထက်မှနေ၍ မိုးကြိုးပစ်ချလိုက်သည့်အလား အလွန်မြန်ဆန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် လင်းတုန်ထံသို့ တိုက်ရိုက် ခုတ်ပိုင်းချလိုက်လေတော့သည်။
အလင်းဓားကြီး အောက်သို့ ကျဆင်းလာသည်နှင့်အမျှ လေဟာနယ်ထဲတွင် တောက်ပလွန်းသော အလင်းတန်းတစ်ခု ကျန်ရစ်ခဲ့ပြီး ဤဓားချက်တစ်ချက်တည်းဖြင့်ပင် လေဟာနယ်ကို ထက်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ဖြစ်နေခဲ့၏။
အောက်ဘက်ရှိ မြေပြင်မှာ ချက်ချင်းပင် အက်ကွဲကြေမွသွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဧရာမဓားကြီး မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် အလွန်အမင်း ထက်ရှလှသော လေပြင်းများက အောက်ဘက်သို့ စိမ့်ဝင်လာပြီး တိုက်ပွဲရင်ပြင်ကြီးကို ထက်ခြမ်းခွဲပစ်လိုက်လေသည်။
တပည့်များ၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့၏။ ဂိုဏ်းတူအစ်မကြီး၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှပြီး နိဗ္ဗာန်အဆင့် ၉ တွင်ပင် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသူ အနည်းငယ်သာ ရှိလိမ့်မည်ဟု တွေးမိလိုက်ကြသည်။
တံခါးပိတ် ကျင့်ကြံသည့် ကာလအတွင်း ယင်းရှောင်ရှောင်သည်လည်း နိဗ္ဗာန်အဆင့် ၉ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။
သို့သော် ဤကဲ့သို့ ပြင်းထန်လွန်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လင်းတုန်မှာ စိုးရိမ်ပူပန်မှု အနည်းငယ်မျှ မရှိသည့်အပြင် ပြုံးပင် ပြုံးနေသေး၏။
ယင်းရှောင်ရှောင် ပို၍အားကောင်းလေ သူ ပို၍ပျော်ရွှင်လေပင် ဖြစ်သည်။ ထိုကဲ့သို့သော အမျိုးသမီးမျိုးကသာ သူ့ကို စိတ်ဝင်စားမှု ဖြစ်ပေါ်စေနိုင်သည်။
လင်းတုန်သည် သူ၏ နဂါးလှံကြီးကို ဝှေ့ယမ်းလိုက်ရာ ဆန်းကြယ်သော ရေစွမ်းအင် ဧရာမမြစ်ကြီးမှာ လှံ၏ လမ်းကြောင်းအတိုင်း စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး လင်းတုန်၏ ပတ်ဝန်းကျင်တွင် စီးဆင်းနေခဲ့သည်။
ဧရာမအလင်းဓားကြီးသည် အောက်သို့ ခုတ်ပိုင်းချလာခဲ့ပြီး ၎င်း၏ ထက်ရှလွန်းသော ဓားသွားက အနက်ရောင် ဆန်းကြယ်သော ရေစွမ်းအင်များကို အဆက်မပြတ် တိုက်ခိုက်ကာ ဖြတ်တောက်ရန် ကြိုးပမ်းနေခဲ့၏။
သို့သော် လင်းတုန်၏ အကာအကွယ်မှာ အားနည်းချက် မရှိရုံသာမက အလွန်အမင်း ခိုင်ခံ့လွန်းလှပေသည်။
ယင်းရှောင်ရှောင်သည် စီးဆင်းနေသော ဆန်းကြယ်သည့် ရေစွမ်းအင်များကို ရင်ဆိုင်ရသည့်အချိန်တွင်တော့ ၎င်းကို လုံးဝ ဖြတ်တောက်နိုင်ခြင်း မရှိတော့ပေ။
ယင်းအစား အလင်းဓားကြီးမှာ ဆန်းကြယ်သော ရေစွမ်းအင်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ၎င်းအတွင်းသို့ စုပ်ယူသွားခြင်း ခံလိုက်ရလေသည်။
လင်းတုန်၏ နဂါးလှံကြီးက အရိုင်းဆန်စွာ လှုပ်ရှားသွားပြီး ဆန်းကြယ်သော ရေစွမ်းအင် မြစ်ကြီးက လေထုထဲတွင် လှိုင်းလုံးကြီးများအလား ရိုက်ခတ်သွားကာ ယင်းရှောင်ရှောင်၏ ဓားများ အားလုံးကို နစ်မြုပ်သွားစေခဲ့၏။
ယင်းရှောင်ရှောင်၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမ၏ အေးစက်စက် မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။
သို့သော် လင်းတုန်သည် ကြမ်းတမ်းသော သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး တိုက်ပွဲအတွင်း မည်သည့်အခါမျှ သက်ညှာပေးမည် မဟုတ်ပေ။
သူသည်သူသည် အရိုင်းဆန်သော ဆန်းကြယ်သည့် ရေစွမ်းအင် မြစ်ကြီးကို သယ်ဆောင်ကာ ယင်းရှောင်ရှောင်ထံသို့ ပြင်းထန်စွာ ဖိအားပေး ချဉ်းကပ်သွားပြီး သူမကို ဆန်းကြယ်သော ရေစွမ်းအင် မြစ်ကြီးထဲသို့ တိုက်ရိုက်ပင် ဆွဲသွင်းသွားလေတော့သည်။
အနက်ရောင် ဆန်းကြယ်သည့် ရေစွမ်းအင်များက လည်ပတ်နေပြီး အပြင်ဘက်ရှိ လူများမှာ အတွင်းတွင် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို မမြင်နိုင်ကြတော့ပေ။
ဆန်းကြယ်သော ရေစွမ်းအင်များ အတွင်းတွင်မူ လင်းတုန်၏ နဂါးလှံကြီးသည် ယင်းရှောင်ရှောင်ထံသို့ ချိန်ရွယ်ထားပြီးဖြစ်ကာ ထက်ရှလှသော လှံထိပ်က သူမ၏ ဖြူဖွေးသော လည်တိုင်လေးဆီသို့ ဦးတည်နေလေသည်။
“ဂိုဏ်းတူအစ်မကြီး ရှောင်ရှောင်၊ ခင်ဗျား ရှုံးသွားပြီ။”
“မောင်လေးလင်းတုန်၊ မင်းရဲ့ လှံသိုင်းပညာရပ်တွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ မင်းရဲ့ မဟာရှေးဟောင်းကျမ်းကို ထုတ်သုံးလာအောင်တောင် ငါ မလုပ်နိုင်ခဲ့ဘူးပဲ၊”
ယင်းရှောင်ရှောင်က သက်ပြင်းချရင်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။ သူမသည် ဤမျှ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သော်ငြား လုံလောက်အောင် အားမကောင်းသေးပေ။
ဤမောင်ငယ်သည် အလွန်အမင်း အားကောင်းလွန်းသည်ကို သူမ သိရှိထားသော်လည်း သူ၏ အားအကောင်းဆုံးဖြစ်သော မဟာရှေးဟောင်းကျမ်းကို ထုတ်သုံးလာအောင်ပင် သူမ မလုပ်နိုင်ခဲ့ခြင်းက သူမ မည်မျှ အားနည်းနေသေးသည်ကို ပြသနေခြင်းပင် ဖြစ်သည်။
ဤအချက်က သူမကို များစွာ စိတ်ပျက်အားငယ်စေခဲ့သည်။
မူလက သူမသည် မဟာရှေးဟောင်းကျမ်းနှင့် ကောင်းကင်ဧကရာဇ်ကျမ်းတို့၏ တိုက်ပွဲကို မြင်တွေ့လိုခဲ့ပြီး သူမ၏ ကောင်းကင်ဧကရာဇ်ကျမ်းနှင့် မဟာရှေးဟောင်းကျမ်းကြားရှိ ကွာဟချက်က မည်မျှရှိသည်ကို သိရှိလိုခဲ့ခြင်း ဖြစ်သည်။
“ဂိုဏ်းတူအစ်မကြီး... ခင်ဗျား ကြည့်ချင်တယ်ဆိုရင် ကျွန်တော် ပြပေးနိုင်ပါတယ်...” လင်းတုန်က အနည်းငယ် ထစ်အစွာဖြင့် ပြောလိုက်လေသည်။
“ဘာကိုလဲ။” ယင်းရှောင်ရှောင်သည် သူဆိုလိုသည်ကို နားမလည်သေးဘဲ လင်းတုန်၏ အနည်းငယ် ရှက်ရွံ့နေကာ ဂနာမငြိမ်ဖြစ်နေသော မျက်ဝန်းများကို ကြည့်ရင်း ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ ဆန်းကြယ်သော ရေစွမ်းအင် ရေစီးကြောင်းတစ်ခုက သူမကို တိုက်ခတ်သွားပြီး တစ်ချိန်တည်းမှာပင် လင်းတုန်၏ ဝိညာဉ်စွမ်းအင် သတင်းစကားတစ်ခုက သူမ၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့၏။
“ဂိုဏ်းတူအစ်မကြီး ရှောင်ရှောင်၊ အသင့်ပြင်ထားပါ၊ ကျွန်တော် မဟာရှေးဟောင်းကျမ်းကို ထုတ်သုံးတော့မယ်၊ စိတ်မပူပါနဲ့၊ ကျွန်တော် အင်အားကိုထိန်းပြီးသုံးပါ့မယ်။”
ဂိုဏ်းတူအစ်မကြီးကို အလွန်လျင်မြန်စွာ အနိုင်ယူလိုက်ခြင်းက မကောင်းကြောင်းနှင့် မဟာရှေးဟောင်းကျမ်းကိုပင် အသုံးမပြုဘဲ အနိုင်ယူလိုက်ခြင်းက ဂိုဏ်းတူအစ်မကြီးကို များစွာ အရှက်ရစေလိမ့်မည်ဖြစ်ကြောင်း လင်းတုန်လည်း သဘောပေါက်သွားခဲ့သည်။
တပည့်များကြားတွင် ဂိုဏ်းတူအစ်မကြီး ယင်းရှောင်ရှောင်၏ ပုံရိပ်သည် အမြဲတစေ အလွန်စွမ်းအားကြီးမားသူ တစ်ဦးအဖြစ် တည်ရှိနေခဲ့၏။
ဝူယွမ်နှင့်သူ ဂိုဏ်းသို့ မဝင်ရောက်မီကဆိုလျှင် ဂိုဏ်းတူအစ်မကြီးသည် တောင်ဂိုဏ်း၏ နံပါတ်တစ် တပည့်ပင် ဖြစ်ခဲ့သည်။
ပျော်ရွှင်ဖွယ်ရာ တိုက်ပွဲတစ်ခု ပြီးဆုံးသွားပြီးနောက် ဂိုဏ်းတူအစ်မကြီးကို ထိုသို့ အရှက်ရစေခြင်းက အမှန်တကယ်ပင် မသင့်တော်ကြောင်း လင်းတုန် ခံစားလိုက်ရသည်။
ထို့ကြောင့် ပြီးဆုံးသွားသင့်ပြီဖြစ်သော တိုက်ပွဲကို သူ ဆက်လက်၍ ဆင်နွှဲရန် ပြင်ဆင်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဆန်းကြယ်သော ရေစွမ်းအင်မြစ်ကြီးက အမြင်အာရုံကို ကွယ်ထားပေးသဖြင့် အတွင်းတွင် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို မည်သူကမျှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ထို့နောက် ဆန်းကြယ်သော ရေစွမ်းအင်များ ဆူပွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ ယင်းရှောင်ရှောင်သည် ဆန်းကြယ်သော ရေစွမ်းအင်များပေါ်တွင် ရပ်နေလျက် ကောင်းကင်ယံသို့ ပင့်တင်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ကြရသည်။
ဆူပွက်နေသော ဆန်းကြယ်သည့် ရေစွမ်းအင်များက သူမကို လိုက်လံတိုက်ခိုက်နေသကဲ့သို့ ပုံပေါက်နေလေသည်။
အေးစက်တည်ငြိမ်သော ယင်းရှောင်ရှောင်သည် ဤချစ်စရာကောင်းသော မောင်လေးက သူမနှင့်အတူ ဟန်ပြတိုက်ပွဲတစ်ပွဲ ဆင်နွှဲရန် ဆန္ဒရှိနေပုံရသည်ကို သဘောမပေါက်သေးပေ။
သူမ စဉ်းစားချိန်ပင် မရလိုက်ချေ။
လင်းတုန်သည် သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်သုံးတော့မည် ဖြစ်သည်။
“ဂိုဏ်းတူအစ်မကြီးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ၊ ဒါဆိုရင် မဟာရှေးဟောင်းကျမ်းနဲ့ ဂိုဏ်းတူအစ်မကြီးရဲ့ ကောင်းကင်ဧကရာဇ်ကျမ်း၊ ဘယ်ဟာက ပိုပြီးအားကောင်းမလဲဆိုတာ ဂိုဏ်းတူအစ်မကြီးကို ကျွန်တော် ပြသပါရစေ။”
ဟန်ဆောင်ကောင်းသော လင်းတုန်က အော်ဟစ်လိုက်ပြီးနောက် မဟာရှေးဟောင်းကျမ်းကို အသက်သွင်းလိုက်လေသည်။
ယခင်က ဝူယွမ်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော တောရိုင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီး မြေအောက်မှ စွမ်းအင်အားလုံးကို စုပ်ယူလိုက်၏။
မီးတောင်ပေါက်ကွဲသည့်အလား များပြားလွန်းသော စွမ်းအင်များသည် လင်းတုန်၏ ပတ်ဝန်းကျင်တွင် လျင်မြန်စွာ စုစည်းလာကြသည်။
သူ၏ အရှိန်အဝါမှာ ချက်ချင်းပင် မြင့်တက်သွားပြီး မဟာရှေးဟောင်းကျမ်းမှ လုယူထားသော စွမ်းအင်များကို အချိန်တိုအတွင်း အသုံးပြုခဲ့လေသည်။
“မဟာရှေးဟောင်းကျမ်းက ဒီလောက်စွမ်းအားရှိတာကို ဂိုဏ်းတူအစ်မကြီး ခံနိုင်ရည်ရှိပါ့မလား။” ဤအချိန်တွင် လင်းတုန်၏ အရှိန်အဝါမှာ အလွန်အမင်း အားကောင်းလွန်းနေသည်ဟု ခံစားရသဖြင့် တပည့်များစွာက စိုးရိမ်ပူပန်နေကြလေသည်။
သူသည် ယင်းရှောင်ရှောင်ထက် တစ်ဆင့်နိမ့်သော နိဗ္ဗာန်အဆင့် ၈ တွင်သာ ရှိနေသော်လည်း မဟာရှေးဟောင်းကျမ်း ပေါက်ကွဲထွက်လာမှုက သူ၏ စွမ်းအားကို ချက်ချင်းပင် နှစ်ဆ တိုးသွားစေခဲ့သည်။
ယင်းရှောင်ရှောင်သည် မဟာရှေးဟောင်းကျမ်း၏ အားကောင်းလွန်းသော ဖိနှိပ်မှုအောက်တွင် နောက်ဆုံး၌ လေးနက်သွားခဲ့ပြီး ကောင်းကင်ဧကရာဇ်ကျမ်းကို နောက်တစ်ကြိမ် ထပ်မံ ထုတ်သုံးလိုက်လေသည်။
“ကောင်းကင်ဧကရာဇ်ကျမ်း၊ ဧကရာဇ်ခေါင်းလောင်း။”
ဤအချိန်တွင် သူမ၏ ကြည်လင်ပြတ်သားသော အော်ဟစ်သံနှင့်အတူ ကောင်းကင်နှင့် မြေကြီးရှိ ယွမ်စွမ်းအင်များသည် သူမ၏ ပတ်ဝန်းကျင်၌ ရူးသွပ်စွာ စုစည်းလာကြပြီး သူမ၏ ကိုယ်တွင်းရှိ များပြားလှသော ယွမ်စွမ်းအင်များနှင့် ပေါင်းစပ်သွားကြ၏။
ထို့နောက် မရေမတွက်နိုင်သော အကြည့်များအောက်တွင် ရှေးဟောင်း ဧရာမခေါင်းလောင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ထိုရှေးဟောင်းခေါင်းလောင်းကြီး ပုံပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းတုန်၏ နဂါးလှံကြီးသည် မဟာရှေးဟောင်းကျမ်း၏ အားဖြည့်မှုဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဆန်းကြယ်သည့် ရေစွမ်းအင်၏ အရှိန်အဟုန်ကို သယ်ဆောင်လာကာ ကြောက်မက်ဖွယ် လှိုင်းဂယက်များကို ထပ်မံ၍ ထုတ်လွှတ်လိုက်လေသည်။
နဂါးလှံကြီးက လေထုကို ခွင်းကာ အောက်သို့ ထိုးဆင်းလာပြီးနောက် ဆန်းကြယ်သော ရေစွမ်းအင် မြစ်ကြီးနှင့်အတူ ရှေးဟောင်း ဧရာမခေါင်းလောင်းကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
အခန်း (၂၄၄) - လင်းတုန် ဟန်ဆောင်တိုက်ခိုက်ခြင်း၊ ဝူယွမ်နှင့် ဝမ်ယန်တို့၏ တိုက်ပွဲ(၁)
ဒေါင်။
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်သော ခေါင်းလောင်းသံကြီး တစ်ခု ပဲ့တင်ထပ်သွားခဲ့၏။
အသက်စွမ်းအင်ကင်းမဲ့ကာ ခြောက်သွေ့နေပြီးဖြစ်သော တောင်ထွတ်ကြီးမှာ နောက်တစ်ကြိမ် ဖျက်ဆီးခြင်း ခံလိုက်ရပြန်သည်။
ယခင်ကတည်းက အက်ကွဲနေခဲ့သော ကျောက်တုံးကြီးများမှာ ပြန့်နှံ့သွားသော တုန်ခါမှုလှိုင်းများကြောင့် အမှုန့်ဖြစ်လုမတတ် ကြေမွသွားခဲ့၏။ ထိုစွမ်းအားမှာ တကယ်ကို အံ့မခန်းပင် ဖြစ်ပေသည်။
“ဒုတိယညီလေးရဲ့ လှံထိပ်ဖျားက အပြင်ပန်းကြည့်ရင်တော့ အားကောင်းသလိုလိုနဲ့ လက်တွေ့မှာတော့ အားနည်းလွန်းနေပါလား” ဝူယွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
လင်းတုန်သည် ဤတိုက်ပွဲကို ဟန်ဆောင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။
ဤမျှ အားကောင်းသော တိုက်ခိုက်မှုက ယင်းရှောင်ရှောင်၏ အကာအကွယ်ကို မဖြိုခွဲနိုင်ခဲ့ဘဲ တောင်ထွတ်ပေါ်ရှိ ပတ်ဝန်းကျင်ကိုသာ ပျက်စီးစေခဲ့သည်။
ကြီးကျယ်ခမ်းနားသော တိုက်ကွက်ကို သေချာကြည့်ရမည်ဆိုလျှင် တိုက်ကွက်၏ စွမ်းအား ထက်ဝက်ကျော်မှာ အပြင်ဘက်သို့သာ ပြန့်ကျဲသွားခဲ့ခြင်း ဖြစ်လေသည်။
ပတ်ဝန်းကျင်ရှိ လူများအတွက်မူ ဤတိုက်ကွက်သည် ဝိညာဉ်ကိုပင် တိုက်ရိုက် တုန်လှုပ်သွားစေခဲ့သည်။
သို့သော် မုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသော ယင်းရှောင်ရှောင်မှာမူ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပေ။
စွမ်းအားထက်ဝက်ခန့်သာ ရှိသဖြင့် သူမ၏ ဧကရာဇ်ခေါင်းလောင်းမှာ အေးဆေး တားဆီးနိုင်ခဲ့သည်။
လင်းတုန်၏ စုစည်းထားသော စွမ်းအားများ ပြန်လည်ရုပ်သိမ်းသွားမှသာ ယင်းရှောင်ရှောင်ကို ဖုံးလွှမ်းထားသော ရှေးဟောင်း ခေါင်းလောင်းကြီးမှာ ပျောက်ကွယ်သွားခဲ့လေသည်။
“ဟူး... ဂိုဏ်းတူအစ်မကြီးက အားကောင်းတုန်းပဲ၊ လင်းတုန်ဆီက ဒီလောက် အားကောင်းတဲ့ တိုက်ခိုက်မှုကိုတောင် သူမက တကယ်ကို တားဆီးနိုင်ခဲ့တာပဲ။”
“လင်းတုန်ကလည်း အံ့ဩစရာပဲ၊ ဒီလိုပုံစံဆိုရင် နိဗ္ဗာန်အဆင့် ၉ မှာ သူ့ကို ယှဉ်နိုင်မယ့်သူ သိပ်မရှိလောက်ဘူးလို့ ထင်တယ်၊ သူနဲ့ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်၊ ဘယ်သူက ပိုပြီး အားကောင်းမလဲဆိုတာ သိချင်လိုက်တာ။”
“မဟာရှေးဟောင်းကျမ်းက တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်၊ ကောင်းကင်ဧကရာဇ်ကျမ်းက အဲဒါနဲ့ ယှဉ်လို့မရနိုင်ဘူး”
... အောက်ဘက်ရှိ တပည့်များ၏ ပြောဆိုဆွေးနွေးသံများကို နားထောင်ရင်း ယင်းရှောင်ရှောင်၏ စိတ်ခံစားချက်မှာ အလွန် ရှုပ်ထွေးနေခဲ့သော်ငြား စောစောက လင်းတုန် သူမကို အပြတ်အသတ် အနိုင်ယူခဲ့စဉ်က ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုမျိုးကိုတော့ မခံစားရတော့ပေ။
သူမ လင်းတုန် ကြည့်လိုက်၏။ သူမကဲ့သို့ပင် ပုံမှန်အားဖြင့် ပြုံးခဲသော ဤညီငယ်သည် ဤကဲ့သို့ တွေးတတ်ခေါ်တတ်သော ဘက်ခြမ်းလည်း ရှိနေသေးသည်လော။
အလွန် အားကောင်းသော်လည်း အလွန် နှိမ့်ချတတ်သည်။
သူမ သူ့ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
“ငါ ရှုံးသွားပါပြီ၊ ဒီပွဲမှာ မောင်လေးလင်းတုန်နဲ့ ဆက်ပြီး ယှဉ်ပြိုင်ဖို့ ငါ့မှာ ခွန်အားမရှိတော့ပါဘူး။”
ယင်းရှောင်ရှောင်သည် မျက်နှာပူတတ်သူဖြစ်ပြီး လင်းတုန်နှင့် ဆက်လက်၍ ဟန်ဆောင်တိုက်ခိုက်ရန် အလွန် ရှက်ရွံ့နေသဖြင့် ကိုယ်တိုင် ဖွင့်ဟဝန်ခံလိုက်လေသည်။
“ဂိုဏ်းတူအစ်မကြီးက အားနာတတ်လွန်းနေပါပြီ၊ ဂိုဏ်းတူအစ်မကြီးရဲ့ ဓားသိုင်းပညာရပ်တွေက လင်းတုန်ထက် မနိမ့်ကျပါဘူး၊ နောင်တစ်ချိန်မှာလည်း ဂိုဏ်းတူအစ်မကြီးနဲ့ ထပ်ပြီး သိုင်းပညာဖလှယ်ခွင့်ရဖို့ မျှော်လင့်ပါတယ်”
လင်းတုန်က သူ၏ လှံကို သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်လေသည်။
“မောင်လေးလင်းတုန်က နှိမ့်ချလွန်းနေပါပြီ” ယင်းရှောင်ရှောင်က သူမ၏ တည်ငြိမ်သော မျက်နှာထားကို ပြန်လည်ရယူလိုက်ပြီး ဓားကို သိမ်းဆည်းကာ တိုက်ပွဲရင်ပြင်ပေါ်မှ ပျံသန်းထွက်ခွာသွားတော့သည်။
“ငါ့အစ်မတောင် လင်းတုန်ကို မနိုင်ဘူးလား။”
ယင်းဟွမ်ဟွမ်က တီးတိုးရေရွတ်လိုက်မိ၏။ သူမ၏ ရင်ထဲတွင် သူမ၏ အစ်မသည် အမြဲတစေ အားကောင်းလွန်းသူ တစ်ဦး ဖြစ်ခဲ့သည်။
“နင့်အစ်မက အားနည်းနေလို့မဟုတ်ပါဘူး၊ လင်းတုန်ကိုက အားကောင်းလွန်းနေတာ၊ သူသာ သူ့ရဲ့ စွမ်းအားတွေကို အပြည့်အဝ ထုတ်သုံးလိုက်မယ်ဆိုရင်.... လင်းတုန်ရဲ့ စွမ်းအားက ငါ့ထက် သိပ်ပြီးနိမ့်မှာမဟုတ်ဘူး။”
ဝူယွမ်က သူမကို နှစ်သိမ့်ပေးလိုက်လေသည်။
လင်းတုန်သည် သူနှင့် အမျိုးအစားတူသော အရာများစွာကို သင်ယူထားခဲ့သည်။
သူက ကျောက်လက်ဖွဲ့နှင့် ဘိုးဘေးအဆောင်တို့ကို ကမ္ဘာ့သစ်ပင်တွင် ထည့်သွင်း၍ ပြုစုပျိုးထောင်ပြီးနောက် လင်းတုန်ကိုလည်း ကောင်းကင်ပြာ နဂါးအသွင်ပြောင်းခြင်း အတတ်ပညာ၊ ကစဉ်ကလျှားထိန်းချုပ်ခြင်းဓားသိုင်းနှင့် နတ်ဆင်ဖိနှိပ်ခြင်းအကျဉ်းထောင် စွမ်းအားတို့ကို သင်ကြားပေးခဲ့သည်။
ထို့အပြင် ကောင်းကင်ပြာ နဂါးအသွင်ပြောင်းခြင်း အတတ်ပညာကို ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေရန်အတွက် သူ၏ အာဏာရှင်သွေးကို အသုံးပြု၍ ကောင်းကင်ချီ အသစ်စက်စက် တစ်ခုကို ဖန်တီးပေးခဲ့သေး၏။
ကောင်းကင်ပြာနဂါးနှင့် လိပ်နက်၊ သိုင်းပညာရပ်နှစ်ခု၊ တစ်ခုက တိုက်ခိုက်ရန်ဖြစ်ပြီး တစ်ခုက ကာကွယ်ရန် ဖြစ်သည်။
နတ်ဆင်ဖိနှိပ်ခြင်းအကျဉ်းထောင် စွမ်းအားကို အပြည့်အဝ မြှင့်တင်ထားပြီး ကစဉ်ကလျှားထိန်းချုပ်ခြင်းဓားသိုင်းမှာ အားအကောင်းဆုံးသော ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှု နည်းလမ်းတစ်ခု ဖြစ်သည်။
လင်းတုန်၏ နည်းလမ်းများသည် သူနှင့် ဆင်တူပြီး လင်းတုန်တွင် လိပ်နက်ဝိညာဉ်တံဆိပ်လည်း ရှိနေသေးသည်။
မဟာရှေးဟောင်းကျမ်း၏ ပေါက်ကွဲအားနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းအင်မြင့်တက်လာမှုမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
ယင်းရှောင်ရှောင်သည် သဘာဝကျကျပင် လင်းတုန်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
ဟုန်ယာတုန်မှ ဆန်းကြယ်ရှင်ခြင်းအဆင့်ရှိ အကြီးအကဲ တစ်ဦးပင်လျှင် လင်းတုန်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
“နောက်တစ်ပွဲ၊ ဝူယွမ် နဲ့ ဝမ်ယန်။”
နောက်ဆုံးတွင်တော့ တတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝူယွမ်နှင့် ဝမ်ယန်တို့ အလှည့်ရောက်ရှိလာခဲ့လေသည်။
ဝှစ်...
သူ၏ အမည်ကို ကြားလိုက်ရချိန်တွင် လေးလံသော ဓားကြီးကို ကျောတွင် လွယ်ထားသည့် အေးစက်တည်ငြိမ်သော ဝမ်ယန်သည် တိုက်ပွဲရင်ပြင်ပေါ်သို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့လေသည်။
ဝူယွမ်ကလည်း အနီးကပ် လိုက်ပါသွားပြီး တိုက်ပွဲရင်ပြင်ပေါ်တွင် ပေါ်လာခဲ့၏။
ယခု တောင်ထွတ်ပေါ်ရှိ တိုက်ပွဲရင်ပြင်ပေါ်တွင် ရှိနေသော ထိုနှစ်ဦးကို လူတိုင်း စောင့်ကြည့်နေကြလေသည်။
အရေးအကြီးဆုံး တိုက်ပွဲကြီး ရောက်ရှိလာပြီဖြစ်သဖြင့် တပည့်များအားလုံးမှာ အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြလေသည်။
လေထုပင် ခဲအေးသွားမတတ် ဖြစ်နေခဲ့၏။
သို့သော် ဤခဲအေးမှုမှာ အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။
ထို့နောက်ထို့နောက် အံ့မခန်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုက ကွင်းပြင်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေသည်။
ဝမ်ယန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေးလံသော ဓားကြီးက သူ၏ လက်ထဲသို့ ရောက်ရှိလာကာ ဓားသွားက ဖြောင့်တန်းစွာ ထွက်ပေါ်လာပြီး လျင်မြန်၍စွာဖြင့် ရုတ်တရက် ဝူယွမ်၏ လည်ချောင်းဆီသို့ ထိုးစိုက်လာခဲ့သည်။
ဝမ်ယန် လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် ဝူယွမ်သည် ခြေတစ်ဖက်ကို မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်၏။
ကြီးမားကျယ်ပြန့်သော အပြာရောင် အလင်းတန်းများက သူ၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်ပေါ်တွင် အပြာရောင် နဂါးအကြေးခွံများ ပေါ်လာကာ ချက်ချင်းပင် ကောင်းကင်ပြာနဂါး သံချပ်ကာ အလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲတွင် မိုးကြိုးဝိညာဉ်ကောင်းကင်ဓား ပေါ်လာခဲ့သည်။
ထက်ရှလှသော ဓားအလင်းတန်းတစ်ခု လင်းလက်သွားကာ ဧရာမမိုးကြိုးဓား အရိပ်ကြီးက ဝမ်ယန်၏ လေးလံသော ဓားကြီးကို ဖြတ်တောက်ပြီး သူ၏ မျက်နှာဆီသို့ တိုက်ရိုက်ပင် ခုတ်ပိုင်းသွားခဲ့သည်။
ဝမ်ယန်မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ ဓားကို ပြန်လည်ရုပ်သိမ်းကာ နောက်ဆုတ်လိုက်ရလေသည်။
“ကောင်းကင်ဧကရာဇ်ကျမ်း၊ မဟာကောင်းကင် တိမ်တိုက်ရွှေ့လျားဓား”
ဝမ်ယန်က ခပ်ဩဩ အသံဖြင့် အော်ဟစ်လိုက်ပြီး ဧရာမအလင်းဓားကြီး တစ်ခုက သူ၏ အရှေ့တွင် စုစည်းလာခဲ့၏။
သူသည် အချိန်ဆွဲနေရန် လုံးဝ မရည်ရွယ်ထားမှန ထင်ရှားလွန်းပြီး ပြတ်ပြတ်သားသား လှုပ်ရှားနေသည်။
ဝူယွမ်ကို အလွန် အရေးကြီးသော ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားလေသည်။
ကောင်းကင်ခန်းမ၏ တပည့်ဟောင်းတစ်ဦးအနေဖြင့် သူ၏ ကောင်းကင်ဧကရာဇ်ကျမ်း ကျင့်ကြံမှုအဆင့်မှာ ယင်းရှောင်ရှောင်ထက် မည်သို့မျှ ယုတ်လျော့နေခြင်း မရှိသည့်အပြင် ယင်းရှောင်ရှောင်ထက်ပင် ရက်စက်ကြမ်းကြုတ်မှု အနည်းငယ် ပိုမိုပါဝင်နေသေး၏။
“မဟာရှေးဟောင်းကန္တာရ အဆုံးစွန်ဖြတ်တောက်ခြင်းဓား”
“ခုတ်ပိုင်းလိုက်”
ဝူယွမ်၏ ဧရာမဓားကြီးက လေထုထဲတွင် ရပ်တန့်နေပြီး ကောင်းကင်ယံတွင် မိုးချိန်းသံများ ရူးသွပ်စွာ ပေါက်ကွဲနေခဲ့သည်။
ဧရာမဓားသွားကြီးက အလင်းဓားကြီးကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့၏။
ဝီ၊ ဝီ...
မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက တုန်ခါသွားပြီး မိုးကြိုးရူန်းစာလုံးများ လင်းလက်လာကာ အလင်းတန်းများကို ခွဲခြမ်းပြီး အရိပ်များကို ရွှေ့ပြောင်းကာ ကောင်းကင်မိုးကြိုးများကို ဆွဲငင်၍ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
၀ုန်းးး
တောက်ပနေသော ငွေရောင်မိုးကြိုးစီးကြောင်းကြီး တစ်ခု ကျဆင်းလာပြီး ဧရာမအလင်းဓားကြီးအပေါ်သို့ ထပ်မံကျရောက်သွားကာ ဓားကြီးကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်လေတော့သည်။
ကောင်းကင်၏ စွမ်းအားမှာ အံ့မခန်းဖြစ်ပြီး ကြီးမားလွနါးသော မိုးကြိုးလျှပ်စီးသံလိုက်လှိုင်းများက ဝမ်ယန်ကို မြေပြင်ပေါ်သို့ လွင့်စဉ်သွားစေခဲ့သည်။
၀မ်ယန်သည် မြေပြင်ပေါ်တွင် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ အနက်ရောင်ဓားကြီးကို မြေကြီးထဲသို့ စိုက်ထားလိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် အလွန် ထူးဆန်းသော လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်တော့သည်။
ဝမ်ယန်၏ ပါးစပ်မှ သွေးအဆီအနှစ်တစ်လုပ် အန်ထွက်လာပြီး နောက်ဆုံးတွင် သွေးလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်ယန်၏ ထူးဆန်းသော လက်သင်္ကေတပေါ်သို့ ကျဆင်းသွားခဲ့သည်။
ချက်ချင်းပင် အလွန်အမင်း ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ၏ ကိုယ်တွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေတော့သည်။
ထူးဆန်းသော အရှိန်အဝါတစ်ခုက ဝမ်ယန်၏ ကိုယ်တွင်းမှ ပြန့်နှံ့သွားပြီး ဤအရှိန်အဝါ ပြန့်နှံ့သွားသည်နှင့်အမျှ ရုတ်တရက် အနက်ရောင် မြူခိုးတန်းများကလည်း သူ၏ကိုယ်တွင်းမှ လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို မုန်တိုင်းတစ်ခုအလား ဖုံးလွှမ်းသွားခဲ့သည်။
အနက်ရောင် မြူခိုးများက ကောင်းကင်တစ်ဝက်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး ၎င်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုက ခပ်ရေးရေး ထွက်ပေါ်နေလေသည်။
အလင်းတန်းတစ်ခုက လျှပ်စီးတစ်ခုအလား လင်းလက်သွားသော်လည်း ဝမ်ယန်နှင့် ဆယ်ပေအကွာသို့ ရောက်ရှိချိန်တွင် ဝမ်ယန်၏ ပတ်ဝန်းကျင်ကို မျက်စိဖြင့်မမြင်ရသော အကာအကွယ်တစ်ခုက ကာကွယ်ထားသည့်အလား ‘ဖောင်း’ ခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။
ရွှစ်... ရွှစ်... ရွှစ်...
မိုးကြိုးများက အကာအကွယ်ကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည်လွင့်စဉ်သွားခဲ့ပြီး ဝမ်ယန်ကို အနည်းငယ်ပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ဝူယွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဥ်ဓားကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ဧရာမ ဓားအလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဘုန်း
ဓားအလင်းတန်းက အကာအကွယ်ကို အလျားလိုက် တိုက်ခိုက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင် တုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ အရပ်မျက်နှာ အားလုံးသို့ ပြန့်နှံ့သွားစေခဲ့သည်။
ဝမ်ယန်၏ အကာအကွယ်မှာ မပြိုကွဲသွားခဲ့သော်လည်း သူ ရပ်နေသော မြေပြင်မှာမူ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ဝမ်ယန်၏ နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းလေး တစ်ခုပင် စီးကျလာခဲ့၏။
သူသည် ထိုနေရာတွင်ပင် ဆက်လက်ထိုင်နေပြီး သူ၏ လက်သင်္ကေတများက အဆက်မပြတ် ပြောင်းလဲနေကာ အလွန်အမင်း အားကောင်းလွန်းသော သိုင်းပညာရပ်တစ်ခုကို အသုံးပြုနေပုံရသည်။
ကောင်းကင်ယံတွင် ပြည့်နှက်နေသော အနက်ရောင် အလင်းတန်းများသည် ရုတ်တရက် လျင်မြန်စွာ စုစည်းလာကြပြီး အလွန်အမင်း ကြီးမားကာ ဝေဝါးနေသော အနက်ရောင် အရိပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုအနက်ရောင် အရိပ်ကြီး၏ အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခုက လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာပြီး ပတ်၀န်းကျင်ရှိ အပူချိန်ကို ထိုးကျသွားစေခဲ့သည်။
ဝမ်ယန်၏ ဦးခေါင်းထက်တွင် စုစည်းနေသော ဧရာမ အနက်ရောင် ပုံရိပ်ကြီးကို မြင်လိုက်ရသောအခါ စင်မြင့်ထက်ရှိ ထိုင်ခုံများတွင် ထိုင်နေကြသော ချန်ကျန်းနှင့် အခြား ခန်းမသခင် လေးဦးလုံး မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ကြလေသည်။
“ဘယ်လောက်တောင် အားကောင်းတဲ့ ယွမ်စွမ်းအင် လှိုင်းဂယက်တွေလဲ၊ ဒီသိုင်းပညာရပ်က ကောင်းကင်ဧကရာဇ်ကျမ်းထက် မနိမ့်ဘူးပဲ” ကောင်းကင်ခန်းမ၏ ခန်းမသခင်ဖြစ်သော ချီလဲ့က အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
“ဒီသိုင်းပညာရပ်ရဲ့ ဝိညာဉ်ကို ကြည့်ရတာ မိစ္ဆာနက်ဖြစ်နေပုံပဲ” ယင်းရွှမ်းဇီက ခန့်မှန်းကာ ကောက်ချက်ချလိုက်လေသည်။