အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အခန်း (၂၄၅) - ခန်းမစစ်ဆေးပွဲ ချန်ပီယံ၊ ယောက္ခမလောင်းကြီးရှေ့တွင် လိမ္မာရိုကျိုးနေသော သမက်လောင်းလေး(၁)
တောင်ထွတ်ပေါ်တွင်မူ တပည့်များစွာသည် ဝမ်ယန် ထုတ်လွှတ်လိုက်သော သိုင်းပညာရပ် ဝိညာဉ်ပုံရိပ်ကို ကြည့်ရင်း သူတို့၏ မျက်၀န်းများထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်ကာ တုန်ခါနေခဲ့ကြလေသည်။
ထိုအနက်ရောင် လူရိပ်ကြီးက သူတို့အား အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှု ခံစားချက်ကြီးတစ်ခုကို ပေးစွမ်းနေခဲ့၏။စ
ယင်းရွှမ်းဇီ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော ဤအမည်နာမကို ကြားလိုက်ရချိန်တွင် ချီလဲ့၊ ချန်ကျန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ကြလေသည်။ “မိစ္ဆာနက်...”
ရှေးဟောင်းခေတ်ကာလက အလွန်နာမည်ကြီးလှသော ဤကြောက်မက်ဖွယ် ပုဂ္ဂိုလ်ကြီးအကြောင်းကို သူတို့လည်း သိရှိထားကြသည်မှာ ထင်ရှားလှပေသည်။
ချီလဲ့က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်လေသည်။ “ဝမ်ယန်က သူ့ရဲ့ သိုင်းပညာအမွေအနှစ်ကို ရခဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...”
တောင်ဂိုဏ်း၏ မဟာကျမ်းကြီး လေးစောင်သည် တောင်ဂိုဏ်းကို အရှေ့ဘက် ရွှမ်ဒေသရှိ စူပါဂိုဏ်းကြီး ရှစ်ခုစာရင်းတွင် ခိုင်မာစွာ ရပ်တည်နိုင်စေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်တော့ ဝမ်ယန်သည် သူတို့ ကောင်းကင်ခန်းမ၏ ‘ကောင်းကင် ဧကရာဇ်ကျမ်း’ ထက် မည်သို့မျှ ယုတ်လျော့ခြင်းမရှိသော သိုင်းပညာရပ်တစ်ခုကို အမှန်တကယ် ရရှိထားခဲ့ချေပြီ။
ဝမ်ယန်သည်လည်း ကံကောင်းမှုများနှင့် ကြီးမားသော အခွင့်အလမ်းများ ပြည့်နှက်နေသည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။
ဤအချိန်တွင် ဝမ်ယန်သည် စွမ်းအင်များ စုစည်းမှု ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
မိစ္ဆာကိုယ်ထည်တစ်ခုအလား အနက်ရောင် ဧရာမအရိပ်ကြီးသည် ဝမ်ယန်၏ အထက်တွင် ပေါ်လာခဲ့၏။
၎င်း၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း အချိန်ကာလများစွာကို ဖြတ်သန်းလာခဲ့သကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကြီးမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဝမ်ယန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အနက်ရောင် လေငွေ့တစ်ခုကို မှုတ်ထုတ်လိုက်လေသည်။
ဤအခိုက်အတန့်တွင် သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့နေခဲ့၏။
ဤသိုင်းပညာရပ်ကို ထုတ်လိုက်ရခြင်းက သူ့အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေပုံရပြီး သူ၏ စွမ်းအင် အမြောက်အမြားကို စားသုံးသွားခဲ့သည်။
ဝမ်ယန်သည် သူနှင့် မျက်နှာချင်းဆိုင်ရှိ ဝူယွမ်ကို မော့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ “မိစ္ဆာနက်ကြေးမုံ၊ မိစ္ဆာနက် ဆင်းသက်လာခြင်း...”
လွှမ်းမိုးနိုင်သော အနက်ရောင် အလင်းတန်းများသည် အနက်ရောင် ဧရာမအရိပ်ကြီးအတွင်းသို့ ရူးသွပ်စွာ စီးဝင်သွားကြ၏။
ထို့နောက် အနက်ရောင် အရိပ်ကြီး၏ မျက်နှာပေါ်တွင် သွေးရောင်လွှမ်းနေသော မျက်လုံးတစ်စုံအလား နီရဲရဲ အလင်းတန်းနှစ်ခု ပေါ်ထွက်လာခဲ့သည်။
ပုံရိပ်ပတ်လည်တွင် ဝေ့ဝဲနေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကြီးမှာလည်း ချက်ချင်းပင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့လေတော့သည်။
ပေါက်ကွဲထွက်လာသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါအောက်တွင် အောက်ဘက်ရှိ တပည့်များမှာ သူတို့၏ ယွမ်စွမ်းအင် လည်ပတ်မှုများပင် နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
ဝမ်ယန်၏ တိုက်ခိုက်မှုမှာ စွမ်းအင် အပြည့်အ၀ မရသေးသလို သူတို့ဆီသို့ ဦးတည်ထားခြင်း မဟုတ်သော်လည်း ၎င်းက သူတို့ကို အားကောင်းလှသော ဖိနှိပ်မှု စွမ်းအားတစ်ခုကို ခံစားရစေခဲ့၏။
တပည့်များမှာ အာခေါင်များ ခြောက်သွေ့လာပြီး သူတို့၏ ရင်တွင်းရှိ တုန်လှုပ်မှုမှာလည်း အလွန် ကြီးမားနေခဲ့သည်။
ဤသည်မှာ သူတို့နှင့် ဂိုဏ်းတူအစ်ကိုကြီးဝမ်ယန်ကြားရှိ ကွာဟချက်ပင် ဖြစ်သည်။
သိုင်းပညာရပ်၏ စွမ်းအား လှိုင်းဂယက်လေးများကပင် သူတို့၏ ခုခံနိုင်စွမ်းကန့်သတ်ချက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူသည် ဂိုဏ်းပေါင်းစုံ ၀ရမ်းစာရင်းတွင် ဒုတိယမြောက် အကြောက်ရဆုံးသူ ဖြစ်လာနိုင်ခဲ့သည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
ဤကြမ်းတမ်းပြီး ရက်စက်သော စွမ်းအား၏ ခြိမ်းခြောက်မှုအောက်တွင် မူလက ဝူယွမ်အပေါ် ယုံကြည်မှု ရှိခဲ့ကြသော တပည့်များစွာမှာ ယခုအခါ ယုံကြည်မှုများ မယိမ်းယိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရလေသည်။
“ဂိုဏ်းတူအစ်ကိုကြီး၀ူယွမ်က ဒီလောက် အားကောင်းတဲ့ မိစ္ဆာနက်အရိပ်ကြီးကို အနိုင်ယူနိုင်ပါ့မလား...”
ဧရာမမိစ္ဆာနက်အရိပ်ကြီးက ရဲရဲနီနေသော မျက်လုံးများဖြင့် ဝူယွမ်ကို စူးစိုက်ကြည့်ကာ တိုက်ရိုက်ပင် ပစ်မှတ်ထားလိုက်သည်။
သောင်းကျန်းနေသော ယွမ်စွမ်းအင်များက ကောင်းကင်ယံတွင် စုစည်းသွားကြပြီး ဝူယွမ်၏ ထွက်ပြေးရာ လမ်းကြောင်းအားလုံးကို လုံးဝ ပိတ်ဆို့ထားနိုင်သည့် အတားအဆီးတစ်ခုအဖြစ် ဖန်တီးလိုက်၏။
ချက်ချင်းပင် မိစ္ဆာနက်အရိပ်ကြီးက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ဧရာမလက်ဝါးကြီဖြင့် ဝူယွမ်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
လက်ဝါးကြီး အောက်သို့ ကျဆင်းလာသည်နှင့်အမျှ တောင်ထွတ်ကြီးမှာ အပြင်းအထန် တုန်ခါသွားပြီး မြေပြင်ကျယ်ကြီးမှာလည်း ဧရိယာအတော်များများ ပျက်ဆီးသွားခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ပေတစ်ရာခန့် ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခုက မြေပြင်ပေါ်တွင် ပေါ်လာပြီး သောင်းကျန်းနေသော မြေနဂါးကြီးတစ်ကောင်အလား လျှပ်စီးသဖွယ် အမြန်နှုန်းဖြင့် ဝူယွမ်ထံသို့ တိုးဝင်သွားခဲ့သည်။
ဝူယွမ်သည် ပတ်ဝန်းကျင်ရှိ စွမ်းအားများ၏ ချုပ်နှောင်ခြင်းကို ခံထားရသော်လည်း အောက်သို့ ပြင်းထန်စွာ ရိုက်ချလာသော အနက်ရောင် ဧရာမလက်ဝါးကြီးကို ရင်ဆိုင်ရာတွင် အနည်းငယ် လေးနက်သွားကာ ရေရွတ်လိုက်လေသည်။
“မဆိုးဘူးပဲ... စွမ်းအား အတော်လေး ပြင်းထန်တယ်”
“မဟာရှေးဟောင်းကျမ်း...”
“နတ်ဆိုးအတောင်ပံ...”
“ ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက်...”
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝူယွမ်သည် သိုင်းပညာရပ် သုံးခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်လေသည်။
အချိန်ကာလများပင် ရပ်တန့်သွားသကဲ့သို့ ထင်မှတ်ရ၏။
အံ့ဖွယ်ကောင်းသော တံဆိပ်သင်္ကေတများက ဝူယွမ်၏ ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာပြီး လေပြင်းစွမ်းအားများက သူ၏ ကိုယ်တွင်းမှ ပြန့်နှံ့ထွက်ပေါ်လာကာ အနက်ရောင် အတားအဆီးများကို သွားရောက် ထိတွေ့လိုက်လေသည်။
မြေအောက်ရှိစွမ်းအင်များကို လင်းတုန်က မဟာရှေးဟောင်းကျမ်းအား အသုံးပြု၍ တစ်ကြိမ် စုပ်ယူထားပြီးပြီး ဖြစ်သည်။
ယခု တောင်ထွတ်ပေါ်တွင် မဟာရှေးဟောင်းကျမ်းမှတစ်ဆင့် စွမ်းအားများကို အတင်းအဓမ္မ စုစည်းရန်မှာ ခက်ခဲနေပြီ ဖြစ်၏။
ဤသည်မှာ မဟာရှေးဟောင်းကျမ်း၏ ပတ်ဝန်းကျင်ကို ထည့်သွင်းမစဉ်းစားသော၊ ဖျက်ဆီးတတ်သော ဝိသေသ လက္ခဏာရပ်ပင် ဖြစ်သည်။
၎င်းသည် ပတ်ဝန်းကျင်အပေါ် များစွာ မှီခိုရပြီး လုံလောက်သော အားကောင်းသည့် စွမ်းအားများကို ထုတ်လွှတ်ရန်အတွက် ဆွဲငငါအသုံးပြုဖို့ရာ စွမ်းအင်များ လိုအပ်ပေသည်။
သို့သော်လည်း ယခုအခါ ဝူယွမ်သည် မဟာရှေးဟောင်းကျမ်းကို အသုံးပြု၍ အက်ကွဲနေသော မြေကြီးထံမှ စွမ်းအားများကို စုပ်ယူနေခြင်း မဟုတ်ဘဲ ဝမ်ယန် ဆင့်ခေါ်ထားသော မိစ္ဆာနက်ဝိညာဉ်ပုံရိပ်ကြီး၏ စွမ်းအားများကို စုပ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်လေသည်။
သူ၏ ရည်မှန်းချက်မှာ လောကထိတ်ခေါင်တွင် ထိတ်တန်း သိုင်းပညာရှင်တစ်ဦးအဖြစ် ရပ်တည်ရန်ဖြစ်ပြီး မည်သည့်အခြေအနေမျိုးတွင်မဆို သူ၏ ဉာဏ်ရည်နှင့် ကျွမ်းကျင်မှုများကို အသုံးချကာ အခက်အခဲများကို ကျော်လွှားရန် အမြဲတစေ ကြိုးစားနေခဲ့၏။
သူ့ကို ပိတ်လှောင်ထားသော အနက်ရောင် အတားအဆီးများသည် စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ထံသို့ စီးဝင်လာကြ၏။
ထို့နောက် ၎င်းတို့ကို နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် ပညာရပ်က စုပ်ယူလိုက်ပြီး သူ၏ ကျောဘက်တွင် ပုံပေါ်လာသော နတ်ဆိုးတောင်ပံများကို အားဖြည့်ပေးလိုက်လေသည်။
နတ်ဆိုးတောင်ပံများသည် ဤကဲ့သို့သော မကောင်းဆိုးဝါးဆန်သည့် အမှောင်စွမ်းအားမျိုးကို အတိအကျ လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ထို့ကြောင့် ဝမ်ယန်၏ ပိတ်ဆို့မှုသည် ဝူယွမ်ကို ချုပ်နှောင်နိုင်ခြင်း မရှိခဲ့ရုံသာမက သူ့ကို စွမ်းအားများ ဖြည့်တင်းပေးလိုက်သလိုပင် ဖြစ်သွားခဲ့လေသည်။
“ဝှစ်...”
နတ်ဆိုးတောင်ပံများ၏ အစွန်းရောက် အမြန်နှုန်းက ဝူယွမ်ကို အောက်သို့ ကျဆင်းလာသော ဧရာမလက်ဝါးကြီးမှ လျင်မြန်စွာ ရှောင်တိမ်းနိုင်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက် ပေါက်ကွဲထွက်လာခဲ့ပြီး နတ်ဆိုးတောင်ပံများ၏ အစွန်းရောက် အမြန်နှုန်းနှင့် ပေါင်းစပ်သွားကာ သူ၏ အမြန်နှုန်းကို အမြင့်ဆုံး ကန့်သတ်ချက်အထိ တွန်းတင်လိုက်လေတော့သည်။
မျက်တောင်တစ်ခတ်စာ အချိန်တိုလေးအတွင်းမှာပင် ဝူယွမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။
ဘုန်း...
အနက်ရောင် ဧရာမ လက်ဝါးကြီးက အောက်သို့ ကျဆင်းလာပြီး တောင်ထွတ်ပေါ်ရှိ ကျယ်ဝန်းသော တိုက်ပွဲရင်ပြင်ကြီးကို အပိုင်းပိုင်းအစစ ကြေမွသွားစေကာ မြေကြီးမှာလည်း အက်ကွဲသွားခဲ့၏။
သို့သော် ဝူယွမ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ၀မ်ယန်သည် လေဟာနယ်ကိုသာ ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
တပည့်များစွာက ဝူယွမ်ကို လိုက်လံရှာဖွေရင်း အံ့ဩတကြီး မေးခွန်းထုတ်လိုက်ကြလေသည်။
“ဝူယွမ် ဘယ်ရောက်သွားတာလဲ...”
ထိုလျှပ်တစ်ပြက် အချိန်လေးအတွင်းမှာပင် ဝူယွမ်သည် တကယ်ကို ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
သူ၏ အရှိန်မှာ မြန်ဆန်လွန်းလှပြီး တပည့်များ အရိပ်ပင် မမြင်လိုက်ရလောက်အောင်ကို မြန်ဆန်လွန်းနေခဲ့၏။
ဝမ်ယန်သည်လည်း တုန်လှုပ်သွားခဲ့ရသည်။ ဝူယွမ်က သူ၏ ထိန်းချုပ်မှုမှ မည်သို့ ရုန်းထွက်သွားခဲ့သည်ကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ပေ။
သူ ဝူယွမ်၏ ပုံရိပ်ကို လိုက်လံရှာဖွေရန်ပင် အချိန်မရလိုက်မီ သူ၏ ကျောဘက်မှ ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော အေးစက်မှုကြီးကိုလည်း ခံစားလိုက်ရ၏။
သူ ရှုံးနိမ့်သွားခဲ့ချေပြီ။
ဝူယွမ်သည် သူ၏ ကျောဘက်တွင် ရောက်ရှိနေပြီဖြစ်ပြီး ထက်ရှသော ဓားထိပ်ဖျားလေးက သူ၏ကျောပြင်ကို ဖိကပ်နေကာ အနည်းငယ်ပင် စိုက်ဝင်နေခဲ့ပြီ ဖြစ်သည်။
ဓားထိပ်ဖျားလေးက ဝူယွမ်၏ ရည်မှန်းချက် ပန်းတိုင်ဆီသို့ ဦးတည်နေသော ခိုင်မာသည့် ခြေလှမ်းများကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း ပြသနေသကဲ့သို့ပင်။
ဤမျှ နီးကပ်လွန်းသော အကွာအဝေးတွင် ပြိုင်ဘက်၏ ဓားက သူ့ကို ထိမိမှသာ သူ တုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ အစွမ်းမျိုးက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
ဤအမြန်နှုန်းသည် သူ အာရုံခံနိုင်သော အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဟူး...
တပည့်များမှာ အသက်ရှူမှားသွားကြသည်။ ဝူယွမ်၏ စွမ်းအားသည် သူတို့ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ချေပြီ။
တောင်ထွတ်အလယ်တွင် စောင့်ကြည့်နေကြသော ယင်းရွှမ်းဇီနှင့် ခန်းမသခင်လေးဦး၊ အထူးသဖြင့် ခန်းမသခင် လေးဦးလုံးပင်လျှင် ယခုလေးတင် ဝူယွမ်ပေါက်ကွဲထုတ်လွှတ်လိုက်သော အမြန်နှုန်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ကြပေ။
မြန်ဆန်လွန်းလှပေသည်။
သူတို့ပင်လျှင် ဝူယွမ်၏ လှုပ်ရှားမှု လမ်းကြောင်းကို မမြင်တွေ့လိုက်ရပေ။
ယင်းဟွမ်ဟွမ်က ဖြည်းညင်းစွာ တီးတိုးရေရွတ်လိုက်လေသည်။ “တကယ်လို့ အဲ့ဒီအမြန်နှုန်းနဲ့သာ ငါ့ဆီကိုလာမယ်ဆိုရင် သူ့ဓားက ငါ့ကို မထိုးဖောက်သွားခင် ငါ့ရဲ့ စောင်းကိုတောင် ထုတ်ဖို့ အချိန်ရမှာ မဟုတ်ဘူး...”
ဝူယွမ်က သူမနှင့် တိုက်ခိုက်ခဲ့ခြင်းမှာ တကယ်ကို ကလေးကစားသလို ကစားနေခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
စင်မြင့်ပေါ်တွင် ဝမ်ယန်သည် သူ၏ ယွမ်စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း မှုတ်ထုတ်လိုက်ကာ ရှုံးနိမ့်ကြောင်းဝန်ခံလိုက်လေသည်။ “မင်းက တကယ်ကို အားကောင်းလွနတာပဲ၊ ငါ မင်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး...”
ဝမ်ယန်က ဆက်လက် ပြောဆိုလိုက်၏။ “တောင်ဂိုဏ်းက နောက်ဆုံးတော့ ထူးချွန်ပြောင်မြောက်တဲ့ တပည့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီပဲ...”
သူသည်လည်း တောင်ဂိုဏ်းအပေါ်တွင် သံယောဇဉ် ရှိနေခဲ့သော်ငြား ဤနှစ်များတစ်လျှောက်တွင် သူ၏ ကံကြမ္မာဆိုးအတွက် ဝမ်းနည်းပူဆွေးနေခဲ့ပြီး တောင်ဂိုဏ်းဘက်မှ လှုပ်ရှားမှုကင်းမဲ့နေခြင်းအပေါ် ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။
တောင်ဂိုဏ်းမှာ အနည်းငယ် သူရဲဘောကြောင်လွန်းနေခဲ့သည် မဟုတ်လော။
သူ ဝမ်ယန် သေဆုံးသွားခဲ့လျှင်တောင်မှ အမုန်းတရားများကို သယ်ဆောင်သွားမည် မဟုတ်ပေ။
သို့သော်ငြား တောင်ဂိုဏ်း၏ အခက်အခဲများကို သူ နားလည်နိုင်လေသည်။
ကံကြမ္မာဆိုးက သူ့အပေါ်သို့ ကျရောက်လာခဲ့ခြင်းသာဖြစ်ပြီး သူသည်လည်း သူ့နည်းသူ့ဟန်ဖြင့် လှုပ်ရှားခဲ့ခြင်းသာ ဖြစ်၏။
ယခုအခါတွင် သူ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သော်လည်း တောင်ဂိုဏ်းတွင် သူထက် ပိုမိုအားကောင်းသော၊ အတိအကျဆိုလျှင် များစွာ ပို၍အားကောင်းသော တပည့်တစ်ယောက် ရှိနေပြီဖြစ်သဖြင့် သူဝမ်းသာနေခဲ့လေသည်။
“အနည်းဆုံးတော့ ဒီတစ်ကြိမ် ဂိုဏ်းပြိုင်ပွဲမှာ တောင်ဂိုဏ်းက ယွမ်ဂိုဏ်းတပည့်တွေနဲ့ တွေ့ဖို့ကို ကြောက်ရွံ့နေတော့မှာ မဟုတ်သလို ထူးချွန်တဲ့ တပည့်တွေ အများကြီးလည်း သေဆုံးရတော့မှာ မဟုတ်ပါဘူးလေ”
အလားတူပင် တောင်ဂိုဏ်း၏ အထက်လူကြီးများနှင့် တပည့်များအားလုံးသည် ဝူယွမ်ကို လေးစားချီးကျူးမှု၊ စိတ်သက်သာရာရမှုနှင့် ဝမ်းမြောက်ဝမ်းသာဖြစ်မှုတို့ဖြင့် ကြည့်ရှုနေခဲ့ကြလေသည်။
ဝူယွမ်၏ အောင်ပွဲမှာ ထိုက်တန်လွန်းလှပေသည်။
လက်စားချေလိုစိတ်လိုစိတ်များ ရှိနေသေးသော ဝမ်ယန်အား တောင်ဂိုဏ်း တပည့်များကို မဦးဆောင်နိုင်ရန် သူတို့အားလုံး မျှော်လင့်ခဲ့ကြပြီး သူတို့၏ ခေါင်းဆောင်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားရန်လည်း မျှော်လင့်ခဲ့ကြသည်။
ဝူယွမ်သည် ထိုအရာအားလုံးကို အောင်မြင်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့လေပြီ။
ချန်ကျန်းသည် တပည့်များစွာကို ကြည့်လိုက်ပြီး၊ မေးဖို့မလိုတော့ဟု ခံစားရသော်လည်း စည်းမျဉ်းအရ မေးမြန်းလိုက်လေသည်။
“ဒီပွဲစဉ်မှာ ဝူယွမ် အနိုင်ရတယ်၊ တခြား ဘယ်သူကများ သူ့ကို စိန်ခေါ်ချင်သေးလဲ...”
ချန်ကျန်းက ဆက်လက်၍ ကြေညာလိုက်သည်။ “တကယ်လို့ မရှိတော့ဘူးဆိုရင်တော့ ဝူယွမ်က ဒီခန်းမစစ်ဆေးပွဲရဲ့ နောက်ဆုံး အောင်နိုင်သူ ဖြစ်သွားပြီ...”
တောင်ထွတ်တစ်ခုလုံးမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့၏။
ထို့နောက် ချန်ကျန်း၏ အိုမင်းသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လေးနက်သော အသံဖြင့် ကြေညာလိုက်လေသည်။
“ဒီလိုဆိုမှတော့ ဒီခန်းမစစ်ဆေးပွဲရဲ့ ချန်ပီယံဟာ လေပြင်းခန်းမက ဝူယွမ် ဖြစ်သွားပြီလို့ ငါ အတည်အလင်း ကြေညာလိုက်ပါတယ်...”
သူက ဆက်လက်ပြောဆိုလိုက်၏။
“ထိပ်တန်း တပည့်တစ်ဦးအနေနဲ့ ဝူယွမ်ဟာ ဂိုဏ်းပြိုင်ပွဲ ကာလအတွင်းမှာ ငါတို့ တောင်ဂိုဏ်း တပည့်တွေအပေါ် အမိန့်ပေး ကွပ်ကဲပိုင်ခွင့်ကို ရလိမ့်မယ်၊ ဂိုဏ်းပြိုင်ပွဲမှာ ပါဝင်မယ့် တပည့်အားလုံးကို ဝူယွမ်က ဦးဆောင်ရမှာဖြစ်ပြီး သူတို့ရဲ့ စည်းကမ်းပိုင်းကိုလည်း သူကပဲ တာဝန်ယူရလိမ့်မယ်...”
အခန်း (၂၄၆) - ခန်းမစစ်ဆေးပွဲ ချန်ပီယံ၊ ယောက္ခမလောင်းကြီးရှေ့တွင် လိမ္မာရိုကျိုးနေသော သမက်လောင်းလေး(၂)
ဤကြေညာချက်က ဝူယွမ်၏ အဆင့်အတန်းကို တောင်ဂိုဏ်း၏ အလေးစားရဆုံး တပည့်တစ်ဦးအဖြစ် ခိုင်မာစွာ အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။
ဝူယွမ်က အနည်းငယ် ဦးညွှတ်ကာ ရိုသေစွာဖြင့် လက်ခံလိုက်လေသည်။ “တပည့် အမိန့်ကိုနာခံပါ့မယ်...”
ပြိုင်ပွဲများတွင် အဖွဲ့များကို ဦးဆောင်ခဲ့ရသော အတွေ့အကြုံများစွာ သူ့ထံတွင် ရှိနှင့်ပြီးဖြစ်သည်။
မဟာယန်ပြည်ထောင်စု၏ အဖွဲ့ကို ဦးဆောင်ကာ ပြည်ထောင်တစ်ရာတိုက်ပွဲ တစ်လျှောက်လုံး တစ်နှစ်တာကာလအထိ ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ဖူးသဖြင့် သူ့ထံတွင် ရင့်ကျက်သော ကွပ်ကဲမှု အတွေ့အကြုံများနှင့် ကောင်းမွန်စွာ ဦးဆောင်နိုင်မည့်ဆိုသည့် ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့လေသည်။
ချန်ကျန်းက ပြုံး၍ ခေါင်းညိတ်ပြရင်း ဝူယွမ်ကို ပြောကြားလိုက်လေသည်။
“ခန်းမစစ်ဆေးပွဲရဲ့ နောက်ဆုံး အောင်နိုင်သူဟာ ဆုလာဘ်တစ်ခုကို ရလိမ့်မယ်၊ မင်း တစ်ရက် နှစ်ရက်လောက် အနားယူသင့်တယ်၊ ပြီးတော့ စွမ်းအင်တွေ ပြန်ပြည့်လာပြီဆိုရင် ဂိုဏ်းချုပ်ကြီးရဲ့ စံအိမ်ကို သွားလိုက်ပါ...”
သူသည် ဝူယွမ်ကို လေးစားအားကျမှု အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
ဝူယွမ်သည် သူတို့ လေပြင်းခန်းမအတွက် ဂုဏ်ကျက်သရေများကို ယူဆောင်လာပေးခဲ့သည် မဟုတ်လော။
ဝူယွမ်က ဝမ်းသာအားရဖြင့် ဖြေကြားလိုက်လေသည်။ “ဟုတ်ကဲ့ပါခန်းမသခင်...”
ဆုလာဘ်ဆိုသည်မှာ ကောင်းသောအရာပင် ဖြစ်၏။
ဤအချိန်တွင် ဝမ်ယန်သည် သူ၏ လေးလံသော ဓားကြီးကို ထမ်းလျက် တိုက်ပွဲရင်ပြင်ပေါ်မှ ဆင်းသက်သွားခဲ့လေသည်။
ဝူယွမ်က အားပေးသည့်အပြုံးလေးဖြင့် သူ့ကို လှမ်းခေါ်ကာ ပြောဆိုလိုက်လေသည်။
“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်၊ စိတ်မပျက်ပါနဲ့... ခင်ဗျားရဲ့ ပြိုင်ဘက်က ကျနော်မဟုတ်ဘူး၊ ယွမ်ဂိုဏ်းပါ၊ စိတ်ဓာတ်ခွန်အားကို ကောင်းကောင်း ထိန်းသိမ်းထားပြီး ခင်ဗျားရဲ့ အခြေအနေကို ပြန်လည်တည်ဆောက်ထားအုံး"
“ဂိုဏ်းပြိုင်ပွဲကမှ ခင်ဗျား တကယ် တိုက်ခိုက်ရမယ့် အချိန်ပဲ...”
ဝမ်ယန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ခေါင်းကို ဖြည်းညင်းစွာ လှည့်ကာ ဝူယွမ်၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်လိုက်၏။ သူ နောက်ဆုံးတွင် အချိန်အတော်ကြာမှသာ တုံ့ပြန်နိုင်ခဲ့လေသည်။
ဝူယွမ်နှင့် သူသည် အကျင့်တူသောသူများပင် ဖြစ်သည်။ ဤစကားများက သူ၏ ရင်တွင်းရှိ ညို့မှိုင်းအုံ့ဆိုင်းနေသော အလွှာတစ်ခုကို ဖယ်ရှားပေးလိုက်လေသည်။
သူ၏ ပြိုင်ဘက်မှာ ယွမ်ဂိုဏ်းပင်ဖြစ်ပြီး အမြဲတစေ ထိုသို့သာ ဖြစ်ခဲ့သည်။
ဝမ်ယန်၏ ပုံမှန်အားဖြင့် ခံစားချက်ကင်းမဲ့နေတတ်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာမလို အရိပ်အယောင်များ တွေ့လိုက်ရသော်လည်း အဆုံးတွင်တော့ မည်သည့် းအပြုံးမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
သူသည် ဝူယွမ်ကို ခေါင်းတစ်ချက်သာ လေးနက်စွာဖြင့် ညိတ်ပြလိုက်လေသည်။
ထို့နောက် သူက တီးတိုးရေရွတ်လိုက်၏။ “အဲ့ဒီအချိန်ကျရင် မင်းသတ်ခိုင်းတဲ့သူ ဘယ်သူ့ကိုမဆို ငါ သတ်ပေးမယ်...”
ဝူယွမ်ကလည်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ယောက်ျားအချင်းချင်းကြားတွင် စကားတွေ အများကြီး ပြောနေစရာ မလိုသလို အရာရာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြနေစရာလည်း မလိုအပ်ပေ။
ဆိုလိုရင်းကို အားလုံးက နားလည်သဘောပေါက်ကြသည်။
ယွမ်ဂိုဏ်း...
ဤအရာက သူတို့ ရှင်းလင်းပစ်ရမည့် ပြိုင်ဘက်ပင် ဖြစ်သည်။
ခန်းမစစ်ဆေးပွဲ ပြီးဆုံးသွားသည်နှင့်အမျှ လေပြင်းခန်းမသည် ခန်းမလေးခု၏ ထိပ်ဆုံးနေရာသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီး ဤအရာက လေပြင်းခန်းမမှ တပည့်များကို အပြည့်အဝ ခေါင်းမော့ထားနိုင်စေခဲ့လေသည်။
ပြိုင်ပွဲအတွင်းရှိ ဝူယွမ်နှင့် လင်းတုန်တို့၏ အားကောင်းသော စွမ်းဆောင်ရည်များသည်လည်း တပည့်များကြားတွင် တောမီးအလား လျင်မြန်စွာ ပြန့်နှံ့သွားခဲ့၏။
ခန်းမစစ်ဆေးပွဲကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော သောင်းနှင့်ချီသည့် အပြင်စည်းတပည့်များသည် တရားဝင် အတွင်းစည်းတပည့်များ၏ ပိုမိုချဲ့ကားကာ ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် ပြောဆိုမှုများအောက်တွင် ဝူယွမ်နှင့် လင်းတုန်တို့ကို တောင်ဂိုဏ်း၌ ယင်းရွှမ်းဇီပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များအဖြစ် ရှုမြင်လာခဲ့ကြလေတော့သည်။
ချန်ပီယံတစ်ဦးအနေဖြင့် ဝူယွမ်သည် သူ၏ ပြိုင်ပွဲဆုလာဘ်ကို တောင်းခံရန်အတွက် ဝူတောင်ပေါ်ရှိ ယင်းရွှမ်းဇီ၏ စံအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တောင်ဂိုဏ်း၏ အတွင်းပိုင်း၊ နက်ရှိုင်းသော နေရာရှိ လူသူကင်းမဲ့သော တောင်ထွတ်တစ်ခုပေါ်တွင် လှပသော ရှုခင်းများရှိကာ တိတ်ဆိတ်အေးချမ်း၍ ကျက်သရေရှိလှပေသည်။
ခန်းမများနှင့် နန်းတော်များ ပြည့်နှက်နေသော အခြားတောင်ထွတ်များနှင့် မတူဘဲ ဤနေရာတွင် ဝါးအိမ်လေး တစ်လုံးသာ ရှိလေသည်။
အေးအေးလူလူရှိသော အရှိန်အဝါတစ်ခုက လေထုထဲတွင် ပြန့်နှံ့နေပြီး လာရောက်လည်ပတ်သူတိုင်း၏ တင်းမာနေသော စိတ်နှလုံးကို ပြေလျော့သွားစေနိုင်စွမ်း ရှိ၏။
သို့သော်လည်း ဝူယွမ်မှာမူ စိတ်ပြေလက်ပျောက်ဖြင့် ပတ်၀န်းကျင်အလှကို ခံစားရန် ခက်ခဲနေခဲ့သည်။
သူနှင့် ယင်းဟွမ်ဟွမ်တို့၏ လျှို့ဝှက်ဆက်ဆံရေး စတင်ခဲ့ချိန်မှစ၍ သူ့အတွက် ယင်းရွှမ်းဇီကို တိုက်ရိုက် ရင်ဆိုင်ရန် ခက်ခဲနေခဲ့လေသည်။
ဤယောက္ခမလောင်းကြီးက သူ့ကို အတွေးများ တင်းမာလာစေခဲ့၏။
ယင်းရွှမ်းဇီက သူ့အား အသေအလဲ ရိုက်နှက်သွားမည်ကို သူ တကယ်ကို ကြောက်ရွံ့နေခဲ့မိသည်။
အဓိက အကြောင်းရင်းမှာ သူသည် ဖြူစင်သူ တစ်ယောက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။
ကွယ်ရာတွင် ကျန်းယွဲ့၊ ရွှမ်းစု၊ ပိုင်ယွမ်၊ မုချန်ချန်နှင့် အခြားသူများလည်း ရှိနေသေးသည် မဟုတ်လော။
သူ့လို ‘ပင်လယ်ဘုရင်’(တစ်နည်းအားဖြင့် စားဘဲ) မျိုးကို ယောက္ခမလောင်းကြီးက သေချာပေါက် တစ်ယောက်ပြီး တစ်ယောက် ရှင်းလင်းပစ်ပေလိမ့်မည်။
ယင်းရွှမ်းဇီသည် ကျန်းလဲ့ သို့မဟုတ် မုလဲ့တို့ကဲ့သို့ အင်အားစုငယ်လေးတစ်ခုမှ ယောက္ခမမျိုး မဟုတ်ပေ။
သူသည် ကြောက်မက်ဖွယ်ကောင်းသော စူပါဂိုဏ်းကြီးဖြစ်သည့် တောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဖြစ်ပြီး လောကထဲရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးပင် ဖြစ်သည်။
သူ၏ သမီးကို အနိုင်ကျင့်၍ ရနိုင်မည် မဟုတ်ပေ။
ယင်းရွှမ်းဇီ၏ အသံက ၀ါးအိမ်အတွင်းထဲမှ ထွက်ပေါ်လာခဲ့လေသည်။
“အပြင်မှာ ဘာရပ်လုပ်နေတာလဲ... ဝင်လာခဲ့လေ။”
ဝူယွမ်သည် သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးကာ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်လေသည်။
ဝါးအိမ်လေးအတွင်းတွင် အလင်းရောင်မှာ နူးညံ့နေခဲ့၏။ အရှေ့ဘက်တွင် ဝါးဖြင့်ပြုလုပ်ထားသော စားပွဲတစ်လုံး ရှိလေသည်။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ယင်းရွှမ်းဇီသည် တည်ငြိမ်စွာ ထိုင်နေပြီး သူ၏ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေကာ အရှိန်အဝါမှာ ပင်လယ်သမုဒ္ဒရာကြီးအလား အတိုင်းအတာ မသိနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။
ဝူယွမ်သည် သူ၏ မောက်မာမှုများကို ဖယ်ရှားလိုက်ပြီး လိမ္မာရေးခြားရှိသော သမက်လောင်းလေး တစ်ဦးအလား ရင်တွင်း၌ ရိုသေလေးစားမှုများကို ထားရှိကာ လက်နှစ်ဖက်ကို ယှက်၍ ရိုသေစွာဖြင့် နှုတ်ခွန်းဆက်သလိုက်လေသည်။
“တပည့် ဝူယွမ်၊ ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်...”
ယင်းရွှမ်းဇီက မော့ကြည့်လိုက်ပြီး ဝူယွမ်ကို ကြင်နာစွာ ပြုံးပြလိုက်ကာ သူ့ရှေ့ရှိ ထိုင်ခုံကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။
“ထိုင်ပါဦး...”
သူသည် ဤတပည့်အပေါ် အလွန်အမင်း အထင်ကြီးလေးစားမိသော်လည်း သူ၏ ကျင့်စဉ်များ၊ သိုင်းပညာရပ်များနှင့် ကျင့်ကြံခြင်းအဆင့်တို့တွင်သာမက သူ၏ အပြုအမူများကပါ အနည်းငယ် နားလည်ရခက်နေသည်ဟု ခံစားရလေသည်။
သူ ဂိုဏ်းထဲသို့ ပထမဆုံး ဝင်ရောက်လာစဉ်က သူသည် မောက်မာပြီး စည်းမဲ့ကမ်းမဲ့နေခဲ့၏။
နောက်ပိုင်း မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို ရရှိပြီးနောက်တွင်ပင် သူ့ကို ရင်ဆိုင်ရာတွင် ယုံကြည်မှုများဖြင့် ပြည့်လျှံနေဆဲဖြစ်ကာ ကိုယ့်ကိုကိုယ် မည်သည့် သိမ်ငယ်မှုမျှမရှိဘဲ စကားပြောဆိုနိုင်ခဲ့ပြီး တောင်ဂိုဏ်း၏ အရေးကြီးကိစ္စရပ်များကိုပင် သူနှင့် ဆွေးနွေးရဲသည့် သတ္တိမျိုး ရှိခဲ့သည်။
သို့သော်ငြားလည်း ဤကာလအတွင်း တောင်ဂိုဏ်းရှိ သူ၏ အဆင့်အတန်းနှင့် လွှမ်းမိုးနိုင်မှုမှာ ပိုမိုမြင့်မားလာခဲ့ပြီး ယခုအခါ တောင်ဂိုဏ်း၏ ပထမတပည့်ရင်း ဖြစ်လာချိန်တွင်မူ သူ၏ အရှေ့၌ ပို၍ပင် ရိုရိုကျိုးကျိုး နေတတ်လာခဲ့သည်မှာ အံ့ဩစရာပင်။
ယုတ္တိကျကျ စဉ်းစားကြည့်မည်ဆိုလျှင် ဤကဲ့သို့သော အောင်မြင်မှုများကို ရရှိပြီးနောက် သူသည် ပို၍ပင် မောက်မာလာသင့်သည် မဟုတ်လော။
မည်သို့ပင်ဆိုစေကာမူ ဝူယွမ်၏ စိတ်နေသဘောထားက ယင်းရွှမ်းဇီကို အလွန် ကျေနပ်သွားစေခဲ့ပြီး ဂိုဏ်းပြိုင်ပွဲတွင် သူ့ကို အဖွဲ့အား ဦးဆောင်ခွင့်ပေးရန် ပိုမိုယုံကြည်မှု ရှိလာစေခဲ့သည်။
အောင်မြင်မှုများ ရရှိလာချိန်တွင် မောက်မာဝင့်ကြွားခြင်း၊ စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းမျိုး မရှိဘဲ ပိုမိုနှိမ့်ချလာတတ်ခြင်းမှာ တကယ်ကို ကောင်းမွန်လှပေသည်။
ဝူယွမ်သည် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာရန် အလားအလာရှိသူ တစ်ဦးပင် ဖြစ်သည်။
ဝူယွမ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ရှေ့သို့ လျှောက်သွားကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ ခန္ဓာကိုယ် အထက်ပိုင်းကို မတ်မတ် ထားလိုက်လေသည်။
ယင်းရွှမ်းဇီက သူ့ကို ခြွင်းချက်မရှိ ချီးကျူးစကား ဆိုလိုက်လေသည်။ “အင်း... အရမ်းကောင်းတယ်၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာရုံသာမက မင်းရဲ့ စိတ်နေစိတ်ထားကလည်း အတော်လေးကို ရင့်ကျက်လာပုံရတယ်...”
ဝူယွမ်၏ စိတ်နေစိတ်ထား ပြောင်းလဲလာမှုသည် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခု ဖြစ်သည်ဟု သူ ခံစားလိုက်ရ၏။
လူတစ်ယောက်အနေဖြင့် မိမိ၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင်ပင် နိမ့်ချစွာ နေထိုင်နိုင်စွမ်းရှိခြင်းက ဂုဏ်သတင်းနှင့် အောင်မြင်မှုများအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်သည်။
ဝူယွမ်က ခေါင်းခါယမ်းရင်း တုံ့ပြန်လိုက်လေသည်။ “ဂိုဏ်းချုပ်ကြီးက မြှောက်ပင့်လွန်းနေပါပြီ... ဖိအားတွေ ပိုများလာတယ်လို့ ကျနော် ခံစားနေရရုံပါ...”
ထိုစကားမှာ သူ၏ ရင်ထဲမှ အမှန်တကယ် ထွက်ပေါ်လာသော စကားပင် ဖြစ်သည်။
ယခုအခါ ယင်းရွှမ်းဇီက သူ့ကို ပို၍ အထင်ကြီးလေးစားလေလေ၊ သူသည် ‘ပင်လယ်ဘုရင်’ တစ်ပါး ဖြစ်ကြောင်းကို ယင်းရွှမ်းဇီ သိရှိသွားချိန်တွင် သူ ပို၍ သနားစရာကောင်းသည့်ပုံစံဖြင့် သေဆုံးရလေလေပင် ဖြစ်လိမ့်မည်။
ထို့ကြောင့် ထိုဖိအားမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှပေသည်။
ယင်းရွှမ်းဇီက သူ့အား နှစ်သိမ့်စကား ဆိုလိုက်လေသည်။
“ဖိအားတွေကို ခံစားရတာ ပုံမှန်ပါပဲ၊ စွမ်းအားကြီးတဲ့သူတွေက တာ၀န်တွေ ပိုများလာတာပဲလေ၊ မင်းက အခု တပည့်တွေကြားထဲမှာ လေးလံတဲ့ တာဝန်တွေကို ထမ်းပိုးထားရတဲ့သူ ဖြစ်နေပြီ၊ တပည့် အတော်များများက မင်းအပေါ်ကို အားကိုးနေကြတယ်ဆိုတော့ မင်းက ပိုပြီးစဉ်းစားဆင်ခြင်ရမှာပေါ့...”
ဝူယွမ်၏ ဖိအားကို နားလည်ပေးနိုင်သည်ဟု သူ ခံစားရ၏။ ဂိုဏ်းချုပ် တစ်ဦးအနေဖြင့် သူသည်လည်း ဂိုဏ်းတစ်ခုလုံးကို ထမ်းပိုးထားရသည် မဟုတ်ပါလော။
(ဒီယောက္ခမနဲ့ သမက်လောင်းကတော့ ဟုတ်နေပီ🥹)
ယင်းရွှမ်းဇီက ဆက်လက် ပြောကြားလိုက်၏။
“ဒါပေမယ့် မင်း အရမ်းကြီး စိုးရိမ်ပူပန်နေစရာတော့ မလိုပါဘူး၊ ဒီလောက်အထိ ရောက်လာခဲ့ပြီဆိုတော့ ဘာပဲဖြစ်ဖြစ် မင်းက အခု တောင်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်နေပြီပဲလေ”
“မင်းက တောင်ဂိုဏ်းကို ထိခိုက်နစ်နာစေမယ့် အလုပ်မျိုး မလုပ်သရွေ့ ဒီဂိုဏ်းက မင်းရဲ့အနောက်မှာ အမြဲတမ်း ရပ်တည်နေပေးမှာပါ၊ မင်း ဘာပဲလုပ်လုပ် မင်းကို ငါ ထောက်ခံပေးမယ်...”
ထိုစကားကို ကြားပြီးနောက် ဝူယွမ်က ရင်ထဲတွင် တိတ်တဆိတ် ဖြည့်စွက်တွေးတောလိုက်မိလေသည်။ “ခင်ဗျားရဲ့ သမီးကိုကော... တကယ်လို့ ကျနော်က ခင်ဗျားသမီးကို ယူမယ်ဆိုရင်ကော အဲ့ဒါကိုပါ ထောက်ခံပေးမှာလား...”
သို့သော် သူ၏ နှုတ်မှတော့ လိမ္မာရေးခြားရှိစွာဖြင့်သာ ရိုသေစွာ ဖြေကြားလိုက်ရလေသည်။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး...”
ယင်းရွှမ်းဇီက ပြုံးလိုက်ပြီး သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းအတွင်းမှ အလင်းတန်း သုံးခု ပျံသန်းထွက်ပေါ်လာကာ နောက်ဆုံးတွင် လေထုထဲ၌ ရပ်တန့်သွားသည်။
သူက ပြောလိုက်လေသည်။ “ကောင်းပြီ၊ ဒီတစ်ကြိမ်အတွက် မင်းရဲ့ ဆုလာဘ်ကို အရင်ပေးလိုက်ရအောင်...”
ထို့နောက် သူက ဆက်လက်ရှင်းပြလေသည်။ “ဒီပစ္စည်း သုံးခုစလုံးက အရမ်း ထူးခြားပြောင်မြောက်တဲ့ အရာတွေချည်းပဲ၊ အဲ့ဒီအထဲကနေ မင်း တစ်ခုကို ရွေးချယ်နိုင်တယ်...”
“ရွေးချယ်စရာ သုံးခုထဲက တစ်ခု ရွေးရမယ်လား...”
ဝူယွမ်သည် သိချင်စိတ် ပြင်းပြစွာဖြင့် လေထဲသို့ မော့ကြည့်လိုက်၏။ ထိုနေရာတွင် အလင်းတန်းအစုအဝေး သုံးခု ရှိနေလေသည်။
ပထမဆုံး အလင်းတန်းအစုအဝေးထဲတွင် မီးတောက်များကဲ့သို့ နီရဲနေသော ပေတံငယ်လေးတစ်ခုရှိသည်။ ထိုပေတံလေးပေါ်တွင် မီးတောက်ပုံစံ ပုံစံငယ်များ ဖုံးလွှမ်းနေပြီး အလွန်အမင်း ပူပြင်းကာ ပြင်းထန်သော လှိုင်းဂယက်တစ်ခုကို ခပ်ရေးရေး ထုတ်လွှတ်နေ၏။
၎င်း၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်မှာ နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်ထက် အနည်းငယ်ပင် မနိမ့်ကျသော ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ကောင်း တစ်ခုဖြစ်ပုံရသည်။
ဒုတိယတစ်ခုမှာ လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားခန့်ရှိသော အနက်ရောင် သံချပ်ကာ တစ်ခု ဖြစ်သည်။
အနက်ရောင် ချီစွမ်းအင် လှိုင်းများသည် ၎င်းအတွင်းမှ စိမ့်ထွက်နေပြီး မြွေများအလား မျက်နှာပြင်ပေါ်တွင် ရစ်ပတ်နေကြ၏။
ဤပစ္စည်းမှာ ကာကွယ်ရေးအတွက် အသုံးပြုရသော ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခုပင် ဖြစ်သည်။
နောက်ဆုံး အလင်းတန်းအစုအဝေး အတွင်းတွင်မူ လက်ဖဝါးအရွယ်အစားခန့်ရှိသော အနက်ရောင် သစ်သားပြားလေး တစ်ခု ရှိနေလေသည်။
ထိုသစ်သားပြားပေါ်တွင် မှုန်ဝါးဝါး ရူန်းစာလုံးအချို့ကို ရေးထွင်းထားပုံရပြီး ၎င်းကို ကြည့်ရသည်မှာ သာမန် သစ်သားပြားလေး တစ်ခုအလား ထင်မှတ်ရလေသည်။
သို့သော်ငြား ဝူယွမ်သည် သူ၏ စူးရှလွန်းသော ဝိညာဉ်စွမ်းအင်ကြောင့် ထိုသစ်သားပြားလေးထံမှ ထွက်ပေါ်နေသော အတော်လေး ထူးခြားဆန်းကြယ်သည့် လှိုင်းဂယက်တစ်ခုကို ခံစားမိလိုက်လေသည်။
ထိုလှိုင်းဂယက်က သူ၏ နှလုံးသားကို ချက်ချင်းပင် တစ်ချက် ခုန်သွားစေခဲ့၏။
“ကောင်းပြီ၊ အဲဒီတစ်ခုပဲ...”
ဝူယွမ်သည် ဤရတနာကို မှတ်မိသွားခဲ့ချေပြီ၊ ၎င်းမှာ ‘တိတ်ဆိတ်ခြင်းကျောက်တိုင်’ ပင် ဖြစ်တော့သည်။