မိစ္ဆာနှိမ်နင်းရေးဌာနခွဲ
Vol. 28 Ch. 315
ဟွမ်မော့ ဒေါသတကြီးအော်လိုက်သည်နှင့် အခြားလူလေးယောက်ကလည်း ကျိယွမ်ကို စတင်ဝိုင်းရံထားလိုက်ကြသည်။
သူတို့၏ မျက်နှာများမှာ ရက်စက်ကြမ်းကြုတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်၊ သူတို့၏ မျက်လုံးများထဲတွင်လည်း လူမိုက်ဆန်ဆန် လှောင်ပြုံးများလည်း ရှိနေ၏။
ကျိယွမ်က သူ၏လက်သီးကို ပြန်မရုတ်သိမ်းသည့်အပြင် အေးစက်စွာအော်ဟစ်လိုက်သည်။
"ထျန်းရွှမ်း ဥပဒေအရ မိစ္ဆာတွေဆီမှာ အစေခံတဲ့သူတွေကို သနားညှာတာမှုမရှိဘဲ ကွပ်မျက်ရမယ်"
ဟွမ်မော့က ဟာသတစ်ခုအလား ကျယ်လောင်စွာ ရယ်မောလိုက်၏။
"မင်းက ဘယ်ခေတ်ထဲ ရောက်နေပြီလို့ ထင်နေတာလဲ၊ အခုထိ ထျန်းရွှမ်ဥပဒေအကြောင်း ပြောနေတုန်းပဲလား"
သို့သော် သူ၏မျက်နှာပေါ်မှာ အပြုံးမှာ ချက်ချင်း တောင့်တင်းသွားလေသည်။
သူ တုံ့ပြန်နိုင်စွမ်းမရှိလောက်အောင် လျှင်မြန်သည့် သံမဏိလက်သီးတစ်စုံမှာ သူ၏ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ကျရောက်လာသောကြောင့်ပင်။
"ဘုန်း...."
"အင့်..."
သူ၏ ဝမ်းဗိုက်ထဲတွင် အစာခြေရည်များပင် ပြောင်းပြန်လှန်တက်လာပြီး မျက်စိထဲတွင် ကြယ်များ လွင့်ပျံသွားသည်၊ သူ၏မျက်လုံးများမှာလည်း အဆမတန်ပြူးထွက်လာပြီး ချက်ပြုတ်ထားသော ပုစွန်ထုပ်ကြီးကဲ့သို့ ကုန်းကုန်းကွကွ ဖြစ်သွားကာ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
သူ့ဘေးရှိ လူထွားကြီးများမှာလည်း မှင်တက်သွားပြီး မည်သို့တုံ့ပြန်ရမှန်း မသိဖြစ်ကုန်၏။
သူတို့ရှေ့မှ လူငယ်က သူ၏လက်သီးကို အနီရောင် ပုဝါစဖြင့် အုပ်ထားပြီး မထီမဲ့မြင်အကြည့်ဖြင့် သူတို့အားကြည့်နေသည်။
"မင်းဆိုတဲ့အမွှေးထူကောင် ရေမချိုးတာ ဘယ်လောက်တောင် ကြာပြီလဲ၊ ကံကောင်းလို့ ငါ အမြော်အမြင်ရှိရှိနဲ့ ဒီပုဝါနဲ့ လက်ကို အုပ်ထားလိုက်လို့ပေါ့၊ မဟုတ်ရင် မင်းရဲ့ ရင်ဘတ်မွှေးတွေက ငါ့လက်ကို ညစ်ပတ်အောင် လုပ်တော့မှာ"
ရွှေရောင်အမွှေးထူသော ဟွမ်မော့ကတော့ ကျိယွမ်၏ စကားများကို တုံ့ပြန်နိုင်သည့် အခြေအနေတွင် မရှိတော့ပါ။
သူ အသက်ပင် မရှူနိုင်တော့ပေ။
မနီးမဝေးတွင်ရပ်နေသော ရှောင်မေ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်၊ သူမရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းမှာ အိမ်မက်ထက်ပင် ဆန်းကျယ်လှလေ၏။
သူမ ထိတ်လန့်လို့ မပြီးသေးမီမှာပင် ကျိယွမ်က အနီးရှိထင်းပုံဆီသို့ ပေါ့ပေါ့ပါးပါး လှမ်းသွားပြီး သားသတ်ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
"ရှေးလူကြီးတွေက သတ်ဖြတ်ဖို့ ဓားကို သုံးကြပြီး ခေတ်သစ်လူတွေက သေနတ်ကို သုံးကြတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ ဒါက သူတို့ရဲ့ လက်တွေ ညစ်ပတ်မှာကို ရှောင်ရှားဖို့ပဲ"
သားသတ်ဓားကို ကိုင်ထားရင်း ကျိယွမ်မှာ အမှန်တရားတစ်ခုကို သဘောပေါက်သွားသလို ခေါင်းတဆတ်ဆတ်ညိတ်၏။
ထို့နောက် အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားပြီးနောက် ကျိယွမ်က လေထဲသို့ ရိပ်ခနဲခုန်တက်လိုက်သည်။ တဆက်တည်းမှာပင် ဆင်းသက်လာသော အရှိန်ကို အသုံးချကာ သူသည် ဓားကို အောက်သို့ အားကုန် ဝှေ့ယမ်းချလိုက်သည်။
ရွှပ် ..
ခေါင်းပြတ်ကြီးတစ်ခုက လေထဲတွင်လွင့်ပျံသွား၏။
ကျန်နေခဲ့သော ခန္ဓာကိုယ်ကြီးမှ သွေးများ ပန်းထွက်သွားပြီး ပျော်ရွှင်ဖွယ်ကောင်းသော မင်္ဂလာနေ့ရက်ကို အနီရောင်ဖြင့် ထပ်မံကောင်းချီးပေးလိုက်သည့်အလားပင်။
ကျိယွမ်က လျင်မြန်စွာ ထပ်မံလှုပ်ရှားလိုက်။ ဦးခေါင်းပြတ်ကြီး မြေပြင်ပေါ်သို့ မကျမီ ခဏတာအတွင်းမှာပင် သူသည် သားသတ်ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်၏။
သွေးနံ့များ မပြန့်နှံ့မီ သွေးများမှာ မြူမှုန်များကဲ့သို့ ပန်းထွက်သွားသည်။
ပတ်ဝန်းကျင်ရှိ လူများမှာ ဦးခေါင်းများ မြေပြင်ပေါ်သို့ တဘုတ်ဘုတ်ပြုတ်ကျသွားသံကို ကြားလိုက်ကြရသည်။
ကျိယွမ်သည် ဓားကို ကိုင်ထားပြီး သတ်ဖြတ်စိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် သေမင်းတမန်ကဲ့သို့ ရပ်နေသည်။
ဟွမ်စစ်၏ မှေးနေသောမျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားလေ၏။
"သွေးစွမ်းအင်သုံး သိုင်းပညာရှင်... မင်းက တကယ်ပဲ သွေးစွမ်းအင်သိုင်းပညာရှင် ဖြစ်နေတာပဲ"
သို့သော် သူသည် အံ့သြရုံမျှသာ ဖြစ်သည်။ထိတ်လန့်သွားခြင်းတော့မရှိခဲ့ပါ။
"မင်း ကောင်းကောင်း ပုန်းကွယ်နေတာပဲ၊ လျှို့ဝှက်နေပြီး သွေးစွမ်းအင်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာအောင် အဆင့်တက်ပြီး ထူးခြားတဲ့ လမ်းစဉ်ပေါ်ကို တက်လှမ်းနေခဲ့တာပေါ့"
ဟွမ်စစ်က ချီးကျူးသလို ဆိုလိုက်သော်လည်း သူ၏အသံတွင် အထင်အမြင်သေးမှု တစ်စိတ်တစ်ပိုင်း ပါဝင်နေ၏။
"ဒါပေမဲ့ သွေးစွမ်းအင်သိုင်းပညာရှင် ဖြစ်သွားရုံနဲ့ ယွန်းယင်ခရိုင်မှာ မင်း စိတ်တိုင်းကျ လုပ်လို့ရမယ်လို့ မထင်လိုက်နဲ့၊ ဒီနေရာက မင်း သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး"
စကားနှင့်အတူ ဟွမ်စစ်က ကြိမ်လုံးတစ်လုံးကို ဆွဲထုတ်လိုက်ရင်း သူ၏မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ တောက်ပလာသည်။
ထိုကြိမ်လုံးမှာ ကြည်လင်နေပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသဖြင့် ၎င်းမှာ သာမန်ပစ္စည်းတစ်ခု မဟုတ်သည်မှာ ထင်ရှားလေသည်။
"ဒီကြိမ်လုံးကို သွေးစွမ်းအင်သိုင်းပညာရှင်တစ်ယောက်ရဲ့ အရိုးတွေနဲ့ လုပ်ထားတာ"
ဟွမ်စစ်က ကြင်နာသော လေသံဖြင့် ဆက်ပြောသည်။
"မင်းလိုပဲ သူကလည်း သူ့မှာ အရည်အချင်းရှိရုံနဲ့ စိတ်ကြိုက်လုပ်လို့ရမယ်လို့ ထင်ခဲ့တာလေ၊ ငါ့ရဲ့ အစ်ကိုကြီးရဲ့ မြေးက သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်ကို သဘောကျသွားတာဟာ အဲ့ဒီမိန်းမအတွက် ဂုဏ်ယူစရာ ဖြစ်သင့်တာ၊ ဒါပေမဲ့ သူတို့ ဇနီးမောင်နှံက ကိုယ့်နေရာကိုယ် မသိခဲ့ကြဘူး၊ နောက်ဆုံးတော့ သူမဟာ ငါ့ရဲ့ မြေးတော်မောင်ရဲ့ ခုတင်ပေါ်မှာပဲ သေဆုံးသွားခဲ့ရတယ်၊ သေခါနီးမှာတောင် သူ့ရဲ့ နှုတ်ခမ်းကို သွေးထွက်အောင် ကိုက်သွားသေးတယ်"
သူသည် စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေသကဲ့သို့ ဖြည်းညင်းစွာ ပြောနေသည်။
"ငါတို့က သူ့ကို ဒုက္ခတောင် မပေးခဲ့ပါဘူး၊ ဒါပေမဲ့ သူက အရည်အချင်း နည်းနည်းရှိတာနဲ့ ဟွမ် မိသားစုရဲ့ စံအိမ်ထဲကို ကျူးကျော်ဝင်ရောက်နိုင်မယ်လို့ ထင်ခဲ့တာ၊ ငါ့အစ်ကိုကြီးက သူ ဘယ်လောက်တောင် မိုက်မဲသလဲဆိုတာ တွေ့တော့ သူ့ကို သတ်ပစ်လိုက်တယ်၊ သူ့အရိုးတွေက သန်မာတာတွေ့လို့ ငါလည်း ဒီကြိမ်လုံးလုပ်ဖို့ နည်းနွးတောင်းထားလိုက်တာ၊ ဪ... ဒီပေါ်က ပုတီးစေ့တွေကတော့ သူ့ဇနီးရဲ့ ဦးခေါင်းခွံကို အရောင်တင်ထားတာလေ"
အနီးတွင် ရပ်နေသော ရှောင်မေမှာ ချွေးစေးများ ထွက်လာပြီး ယွန်းယင်ခရိုင်ရှိ မိစ္ဆာများသည် အမှန်တကယ်ပင် လူသားစားသူများ ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
သူမက ထိတ်လန့်လွန်း၍ တုန်ယင်လာ၏။
ကျိယွမ်ကမူ တည်ငြိမ်နေဆဲဖြစ်သည်။
"မင်းက ဂန္ထဝင် ဗီလိန်တစ်ယောက်ရဲ့ အနေအထားမျိုး ရှိနေတာပဲ၊ ငါ့ဂိမ်းထဲက ဗီလိန်ဘော့စ်ကြီးက ဂိမ်းထဲက ဂိမ်းသေးသေးတစ်ခုထဲမှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသဖြင့် ဟွမ်စစ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
သူသည် ဤပုံပြင်ကို ပြောပြခြင်းမှာ ကျိအာကို သတိပေးရန်နှင့် ရန်စရန်အတွက် ဖြစ်သည်။
မပြည့်စုံသော သွေးမျိုးဆက်ရှိသည့် သွေးစွမ်းအင်သိုင်းပညာရှင်များသည် ရန်စခံရသည်နှင့်ဒေါသထွက်လွယ်ပြီး ဆင်ခြင်တုံတရားများ ပျောက်ကွယ်သွားတတ်ကြ၏။
ထိုသို့သောအချိန်တွင် သူတို့၏ ခွန်အားမှာ အနည်းငယ် တိုးလာနိုင်သော်လည်း မြန်နှုန်းနှင့် ဖျတ်လတ်မှုမှာ များစွာ ကျဆင်းသွားလေသည်။
မြန်နှုန်းမှာ ဟွမ်စစ်ကျွမ်းကျင်သည့် အရာဖြစ်ပြီး သူ၏အားသာချက်လည်းဖြစ်သည်။
သို့သော် သူ၏ စကားများမှာ ကျိယွမ်ကို ဒေါသထွက်အောင် မလုပ်နိုင်ခဲ့ပေ။
"မင်းက ဒီအရိုးပိုင်ရှင်ထက် ပိုစမတ်ကျပေမဲ့ အနည်းငယ်ပါပဲ"
ဟွမ်စစ်၏ သွယ်လျသော ကိုယ်လုံးမှာ ဖျတ်လတ်သော မျောက်တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်တက်သွားလေသည်။
တပြိုင်နက်တည်းမှာပင် သူ၏လက်ထဲမှ ကြိမ်လုံးဖြင့် ကျိယွမ်၏ ကျောဘက်ကို ရုတ်တရက် တိုက်ခိုက်လိုက်၏။
'ကောင်းကင်ထိုးဖောက် ကြိုးကြာငှက်"
ဟွမ်စစ်သည် မိစ္ဆာသိုင်းပညာတစ်ခုကို အသုံးပြုလိုက်သည်။
ထိုမိစ္ဆာသိုင်းပညာမှာ ၎င်း၏ မြန်နှုန်းကြောင့် လူသိများလေသည်။ ထိုသိုင်းပညာအား အပြည့်အဝ ကျွမ်းကျင်သွားပါက လူတစ်ယောက်ကို တစ်ခဏအတွင်း ဆယ့်သုံးကြိမ်အထိ တိုက်ခိုက်နိုင်၏။
တစ်ချက်တည်းနှင့်ပင် သာမန် သွေးစွမ်းအင်သိုင်းပညာရှင်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်ဖြစ်ရာ ဆယ့်သုံးကြိမ်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပါ။
ကျိယွမ်သည် သူ၏ ကျောဘက်မှ လေတိုးသံကို ချက်ချင်း ခံစားလိုက်ရသည်။
သူ၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ပေါ်လာ၏။
"ခြေလှမ်း"
သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး ကောင်းကင်ထိုးဖောက်ကြိုးကြာ
တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။
"ဒီဂိမ်းလေးထဲက သိုင်းပညာက... တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ဒါက မင်းကို တော်တော်လေးအားကောင်းစေတယ်"
သိုင်းပညာနှင့် တာအိုနည်းစနစ်များသည် မတူညီသော အယူအဆ နှစ်ခုဖြစ်သည်။
သိုင်းပညာဖြင့် ယှဉ်ပြိုင်ခြင်းနှင့် တာအိုမန္တန်များဖြင့် ယှဉ်ပြိုင်ခြင်းသည် အလွန်ကွဲပြားသော အယူအဆများဟု ဆိုရပေမည်။
ထို့ကြောင့် ကန်းလန်နယ်မြေမှ အတွေ့အကြုံများကို ဤနေရာတွင် လုံးဝ ပုံတူကူး၍ မရနိုင်ပါ။
သို့သော် ကျိယွမ်တွင် သိုင်းပညာ တိုက်ခိုက်ရေး အတွေ့အကြုံများစွာ ရှိနေသည်။
ဝမ်ယုကုန်းမြေတိုက်ကြီးတွင် ရှိနေစဉ်က သူသည် ထျန်းရှ ဂိုဏ်းကို ဖျက်ဆီးခဲ့ပြီး သိုင်းပညာ တိုက်ခိုက်ရေး အတွေ့အကြုံများစွာ ရရှိခဲ့၏။
ထို့ကြောင့် ဟွမ်စစ်နှင့် ရင်ဆိုင်ရာတွင် သူသည် သိသိသာသာ အသာစီးရနေလေသည်။
ဟွမ်စစ်၏ တစ်ခုတည်းသော အားသာချက်မှာ သိုင်းပညာ နည်းစနစ်များ ဖြစ်သည်။
သွေးမျိုးဆက်သိုင်းပညာ နည်းစနစ်များသည် သွေးထဲတွင် ဖုံးကွယ်နေသော စွမ်းအားများကို အသုံးချပြီး ကြီးမားသော ခွန်အားကို ထုတ်လွှတ်နိုင်လေသည်။
ထိုသဘောတရားက ကျင့်ကြံခြင်းလောကရှိ စွမ်းရည်မန္တန်များနှင့် အလွန် ဆင်တူ၏။
ယခုအခါ၌ ကျိယွမ်မှာ စစ်မှန်ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော အဆင့်ရှိသော်လည်း သူ့တွင်အစွမ်းထက်စွမ်းရည်မန္တန်များ ကင်းမဲ့နေသည်။
"ဒါပေမဲ့... ငါ့မှာ စွမ်းရည်တစ်ခု ရှိသေးတယ်ကွ"
'ကောင်းကင်ပိုင်းဖြတ် ဓားခုတ်ချက်"
သူ၏ ခွန်းအားများ အဆများစွာတိုးတက်ကတည်းက ကျိယွမ်မှာ သူ၏လက်စွဲတော် စွမ်းရည်ကြီးကို အသုံးမပြုသလောက် ဖြစ်နေခဲ့သည်။
ထိုစွမ်းရည်များမှာ ထိပ်ဆုံးအဆင့်မဟုတ်သော်လည်း ၄င်းတို့၏ အားသာချက်မှာ မည်သည့်နေရာတွင်မဆို အသုံးချနိုင်ခြင်းပင်။
ငါ့ရဲ့လက်စွဲတော်ကြီးကို ထုတ်သုံးရမဲ့အချိန်ပဲ။
သူသည် ဤဓားခုတ်ချက်ဖြင့် အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ခဲ့ဖူးသည် မဟုတ်ပါလား။
ပြင်းထန်သော လေပြင်းတစ်ခု တိုက်ခတ်သွားပြီး ကျိယွမ်၏ လက်ထဲမှ သားသတ်ဓားမှာ သွေးလွှာတစ်ခု ဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်သွားကာ ကောင်းကင်ယံမှ ဆင်းသက်လာသည်။
"ဘုန်း..."
သားသတ်ဓားက ဟွမ်စစ်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာများ ပေါ်လာ၏။
သွေးစွမ်းအင်နယ်ပယ်ထဲသို့ ယခုမှဝင်ကာစဖြစ်သော ကျိအာက သူ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
ပြီးတော့ ဒီသိုင်းကွက်က ဘာကြီးလဲ။
သို့သော် အဖြေမရခင်မှာပင် သူသေဆုံးသွားခဲ့လေပြီ။
ကျိယွမ်က သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ၏ မျက်လုံးများတွင် ကျေနပ်သော အပြုံးများ ပြည့်နှက်နေသည်။
"မဆိုးဘူး၊ နောက်ဆုံးတော့ ငါ ဂိမ်းကစားတဲ့ အရှိန် ပြန်ရလာပြီ၊ ငါ သွေးစက်သုံးစက်လည်း ရလိုက်တယ်"
ဟွမ်စစ်၏ ခန္ဓာကိုယ်မှ ကျိယွမ်သည် သွေးစက်သုံးစက်ကို ထုတ်ယူလိုက်သည်။ ထိုသွေးစက် သုံးစက်မှာ မိစ္ဆာတစ်ကောင်၏ အဆီအနှစ်များ ဖြစ်ကြပြီး ကျိယွမ်အတွက် တန်ဖိုးအရှိဆုံး အရာများ ဖြစ်၏။
မြေပြင်ပေါ်တွင်တော့ ဖျံရဲတစ်ကောင်၏ အလောင်းရှိနေပြီး အနံ့ဆိုးများ ထွက်ပေါ်နေသည်။
ရှောင်မေ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသော်လည်း သွားကို ကြိတ်ကာ အရဲစွန့်၍ သတိပေးလိုက်၏။
"အစ်ကိုကျိ ၊ ဒီသွေးကို သောက်လို့ မရဘူး၊ တရားဝင်သွေးငြိမ်ဆေးပြားမရှိဘဲ မိစ္ဆာသွေးကို သောက်တာက ရှင့်ကို ရူးသွပ်သွားစေလိမ့်မယ်"
ကျိယွမ်၏ စိတ်ထဲတွင် မှတ်ဉာဏ်များ လျှပ်ခနဲ ပေါ်လာသော်လည်း သွေးငြိမ်ဆေးပြား'နှင့် ပတ်သက်သော အချက်အလက်များ မရှိပါ။
"မင်းက ဘယ်လိုလုပ်ပြီး အများကြီး သိနေတာလဲ၊ မင်းက တစ်ခုခု ထူးခြားတဲ့ NPC လား"
ကျိယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် အသားမည်းမလေး ရှောင်မေကို ကြည့်လိုက်သည်။
ရှောင်မေ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ကျိယွမ်၏စကားများက သူမအား သူစိမ်းဆန်သလို ခံစားရစေ၏။
နောက်ဆုံးတွင် သူမက အံကို ကြိတ်ကာ
ဖွင့်ဟလိုက်သည်။
"ကျွန်မ ထပ်ပြီး မဖုံးကွယ်တော့ပါဘူး၊ တကယ်တော့... ကျွန်မက ကျန်းချိုက ကျောက်မိသားစုကပါ"
"တစ်ခါမှ မကြားဖူးဘူး"
ကျိယွမ်က ခေါင်းခါလိုက်သည်။
"ကျန်းချိုက ကျောက်မိသားစုဆိုတာ သိုင်းပညာ မိသားစုတစ်ခုပါ၊ အမြဲတမ်း ကုန်ပစ္စည်းတွေကို စောင့်ရှောက်ပြီး..."
"လိုရင်းကိုပဲ ပြောပါ"
"မိစ္ဆာတစ်ကောင်ဆီက အတန်ဖိုးရှိဆုံးအရာဟာ သူ့ရဲ့ သွေးအဆီအနှစ်လို့ ကျွန်မ ကြားဖူးပါတယ်၊ အဲ့ဒီ သွေးအဆီအနှစ်ကို သောက်သုံးတာက ရှင့်ရဲ့ ခွန်အားကို တိုးတက်စေနိုင်တယ်၊ ဒါ့အပြင် မိစ္ဆာသွေးအဆီအနှစ်ကို သောက်သုံးတာဟာ သိုင်းပညာ နည်းစနစ်တွေကို ကျွမ်းကျင်မှုမှာလည်း သိသိသာသာ တိုးတက်စေတယ်"
" ဒါပေမဲ့ မိစ္ဆာတွေရဲ့ သွေးအဆီအနှစ်မှာ အဆိပ်ရှိတယ်၊ သာမန် သွေးစွမ်းအင်သိုင်းပညာရှင်တစ်ယောက်ဟာ သွေးတစ်စက်ကို သောက်သုံးမိရင် အဲ့ဒါကို အပြည့်အဝ ချေဖျက်နိုင်ဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် အချိန်ယူရတယ်၊ အများကြီး သောက်သုံးမိရင်တော့ ရူးသွပ်သွားလိမ့်မယ် ၊ နောက်ဆုံးမှာ မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီးသေဆုံးရမှာပဲ"
" တရားဝင် သွေးငြိမ်ဆေးပြား ရှိမှသာ မိစ္ဆာသွေးအဆီအနှစ်တွေကို ဘေးကင်းကင်းနဲ့ ပိုပြီးသောက်သုံးနိုင်မှာ ၊ ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် အများကြီး သောက်ရင်တော့ ရူးသွပ်သွားမှာပဲ"
ရှောင်မေက စိုးရိမ်တကြီး ရှင်းပြသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ရိုးရာလမ်းစဉ်အတိုင်း လျှောက်လှမ်းသော သိုင်းပညာရှင်များသည် တဖြည်းဖြည်းချင်းသာ တိုးတက်ကြမည် ဖြစ်သည်။ မိစ္ဆာသွေးကို ဝါးမြိုခြင်းမှာ ဖြတ်လမ်းတစ်ခု ဖြစ်ပြီး တိုးတက်မှုကို အလွန်မြ၃်ဆန်စေ၏။
သို့သော် ဖြတ်လမ်းများသည် ဆိုးကျိုးများ ရှိတတ်ပြီး စိတ်ဖောက်ပြန်ခြင်း၊ မိစ္ဆာအဖြစ် ပြောင်းလဲခြင်းနှင့် နောက်ဆုံးတွင် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်လေသည်။
သွေးငြိမ်ဆေးပြားများကတော့ မိစ္ဆာသွေးအဆီအနှစ်ရှိ အဆိပ်များကို ဖြေဖျောက်ပေးနိုင်သဖြင့် သိုင်းပညာရှင်များကို မိစ္ဆာသွေးအဆီအနှစ်များ အလုံးရေပိုသောက်သုံးနိုင်ရန် ကူညီပေး၏။
သို့သော် အလွန်အကျွံ သောက်သုံးလျှင်တော့ သေဆုံးခြင်းသို့ ဦးတည်နေဆဲ ဖြစ်သည်။
"အင်း.. နားလည်ပြီ"
ကျိယွမ်က ပေါ့ပေါ့ပါးပါးပခုံးတွန့်လိုက်၏။မျှော်လင့်ထားသည့်အတိုင်း ကစားသမားများတွင် အမြဲတမ်း အားသာချက်များ ရှိနေသည်။
သူ့အနေဖြင့် သွေးငြိမ်ဆေးပြားများ လိုအပ်နေသလလား။
မလိုအပ်ပါ။
ထို့အပြင် သွေးငြိမ်ဆေးပြား သောက်သုံးသူများမှာပင် ကန့်သတ်ချက်များ ရှိနေပြီး များများသောက်လျှင် ရူးသွပ်သေဆုံးဦးမည်သာ။
ကျိယွမ်ကမူ အစားရှောင်မယ်တော်ထံမှ ဝါးမြိုခြင်းကမ္ဘာဦးခန္ဓာကိုယ်အား ရရှိထား၏။၀ါးမြိုခြင်းကမ္ဘာဦးခန္ဓာမှာ အရာအားလုံးကို ဝါးမြိုနိုင်သဖြင့် မိစ္ဆာသွေးအဆီအနှစ်ကို ဝါးမြိုခြင်းမှာ ပြဿနာ မရှိပေ။
"ရပါတယ်၊ ငါက ကစားသမားတစ်ယောက်ပဲ၊ ငါ့မှာ သက်သေခံလက်မှတ်လည်းရှိတယ်လေ၊အဲဒီတော့ ငါ ရူးသွားရင်တောင် မကြောက်ဘူး"
ကျိယွမ်သည် ထိုသွေးစက်သုံးစက်ကို သိမ်းဆည်းထားလိုက်ပြီး ချက်ချင်း မသောက်သေးပါ။
ရှောင်မေ၏အပြောအရ သွေးအဆီအနှစ်သည် ခွန်အားကို တိုးစေရုံသာမက သိုင်းပညာ စွမ်းရည်များကိုလည်း တိုးတက်စေနိုင်သည်ဟူ၏။
ထို့ကြောင့် နောင်တစ်ချိန်မှ အသုံးပြုရန် သိမ်းထားချင်သည်။
ထို့အပြင် ဟွမ်စစ်၏ သိုင်းပညာနည်းစနစ်များက သူ၏ အာရုံကို ဖမ်းစားခဲ့၏။
ထိုအရာကိုမြင်ပြီးနောက် သူသည် ဤဂိမ်းကို အောင်မြင်စွာ ကစားလိုပါက ဂိမ်းအတွင်းရှိ သိုင်းပညာ နည်းစနစ်များကို သင်ယူရန် အမှန်တကယ် လိုအပ်မှန်း သဘောပေါက်သွားခဲ့သည်။
"အစ်ကိုကျိ... ဟွမ်စစ်ကို သတ်လိုက်ပြီဆိုတော့ ရှင် အခုချက်ချင်းပြေးသင့်ပြီ"
" ဟွမ်စစ်ရဲ့ အစ်ကိုကြီးက သွေးစွမ်းအင်သိုင်းပညာမှာ ကျွမ်းကျင်တဲ့ မိစ္ဆာတစ်ကောင်ပဲ"
ရှောင်မေက ကျိယွမ်အား စိုးရိမ်တကြီးတိုက်တွန်းလိုက်သည်။
ဟွမ်စစ်သည် သွေးစွမ်းအင်သိုင်းပညာ၏ အစောပိုင်းအဆင့်တွင် ရှိသော မိစ္ဆာတစ်ကောင် ဖြစ်ပြီး ယွန်းယင်ခရိုင်တွင် ထင်ရှားသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရ၏။
သို့သော် ယွန်းယင်ခရိုင်တွင် ဟွမ်စစ်ကို
ကြောက်ရွံနေကြခြင်းမှာ သူ၏အစ်ကိုကြီးကြောင့်သာ ဖြစ်လေသည်။
သူ၏ အစ်ကိုကြီးမှာ သွေးစွမ်းသိုင်းပညာ၏ ဆရာအဆင့်တစ်ဦး ဖြစ်လေသည်။
"သွေးစွမ်းအင်သိုင်းခံပညာရဲ့ ဆရာအဆင့်တစ်ယောက်လား ၊ အဲ့ဒါဆိုရင်တော့ နည်းနည်း ခက်ခဲနိုင်တယ်"
ကျိယွမ်က ထိုသို့ပြောကာ ချိန်ဆနေသည်။
သွေးစွမ်းအင်သိုင်းပညာ၏ ဆရာအဆင့်မှာ 'ချီသန့်စင်ခြင်း' အဆင့်၏ အထွတ်အထိပ်နှင့် ညီမျှနိုင်ဖွယ် ရှိနိုင်၏။
ထို့ကြောင့် သိုင်းပညာ သီးသန့်ဖြင့် တိုက်ခိုက်ပါက ကျိယွမ်မှာ အကြီးအကဲဟွမ်၏ အနိုင်ယူခြင်းကို ခံရဖွယ် ရှိသည်။
သို့သော် ကျိယွမ်ကသာ သူ၏ တာအိုနည်းစနစ်များကို အသုံးပြုမည်ဆိုလျှင် တော့ ရလဒ်မှာ...။
"ဒါပေမဲ့ ငါ အောက်ခြေလွတ်ပြီး မနေသင့်ဘူးလို့ ထင်တယ်"
အမြဲတမ်းသတိကြီးကြီးထားတတ်ခြင်းက ကျိယွမ်၏ အကျင့်တစ်ခုပင်။
ယွန်းယင်ခရိုင်တွင် ချီသန့်စင်ခြင်း အထွတ်အထိပ်နှင့် ညီမျှသော သိုင်းဆရာကြီးတစ်ပါး ရှိနေသည်။
ဆိုလိုသည်မှာ ယန်နတ်ဘုရားအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အခြားသူများ မရှိဟု မည်သူ ပြောနိုင်မည်နည်း။
သူ သတိထားရန် သေချာပေါက်လိုအပ်သည်။
"ဘာပဲပြောပြော ဟွမ်စစ်ရဲ့ အစ်ကိုကြီးက ကလဲ့စားချေဖို့ ကြိုးစားလိမ့်မယ်၊ ငါ့မှာ မင်းကို ကာကွယ်ပေးဖို့ အချိန်မရှိဘူး၊ မင်းလည်း ထွက်ပြေးသင့်တယ်"
ကြင်နာတတ်သူဖြစ်သောကြောင့် ကျိယွမ်သည် NPC တစ်ယောက်၏ ကောင်းကျိုးကို ထည့်သွင်းစဉ်းစားပေးလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်မေ၏မျက်နှာလေးက ဝမ်းသာအားရ လင်းလက်သွားလေသည်။
"အစ်ကိုကျိ...ကျွန်မ အခုချက်ချင်း ထွက်သွားပါ့မယ်"
သူမသည် ထွက်ပြေးရန် အစကတည်းက စိတ်ကူးရှိနေမှန်း သိသာ၏။
သူမတွင် ကျိယွမ်အပေါ် ထူးထူးခြားခြား သံယောဇဉ် မရှိပါ။လောလောဆယ်တွင် သူမ၏ အသက်မှာ အရေးကြီးဆုံး ဖြစ်သည်။
"ကောင်းပြီ၊ အခုပဲ သွားတော့"
ကျိယွမ်က အကြောင်းရင်းမသိသော်လည်း ပင်ပန်းနွမ်းနယ်မှုကို စတင်ခံစားလာရသည်အား သတိပြုမိလိုက်၏။
တိုက်ပွဲသေးသေးလေးကို တိုက်ခိုက်ပြီးနောက် သူသည် အလွန်ပင်ပန်းနေသည်ဟု ခံစားရ၏။
သိုင်းပညာဖြင့် တိုက်ခိုက်ရာတွင် သွေးနှင့် စွမ်းအင် အမြောက်အမြား အသုံးပြုလိုက်ရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ရှောင်မေသည် အထုပ်အပိုးများအမြန်ပြင်ဆင်ကာ ချက်ချင်း ထွက်ခွာသွား၏။ ကျိယွမ်ကတော့ သူ၏ ခုတင်ပေါ်တွင် လဲလျောင်းကာ လျင်မြန်စွာ အိပ်ပျော်သွားလေတော့သည်။
...........
ယွန်းယင်ခရိုင် ရုံးတော်အတွင်း၌ ဖြစ်သည်။
ခရိုင်ဝန်မှာ သူ၏ရှေ့ရှိ အနက်ရောင် တိုက်ပွဲဝင် ဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား အလွန် ထိတ်လန့်နေ၏။သူက မျက်နှာချိုသွေးကာ မြှောက်ပင့်သော လေသံဖြင့် ရှင်းပြနေသည်။
"လူကြီးမင်းတို့ခင်ဗျာ၊ လော့မိသားစုနဲ့ ချန်မိသားစု တို့အကြောင်းမှတ်တမ်းအားလုံး ဒီမှာ ရှိပါတယ်၊ ဒီဖြစ်ရပ်က အတော်လေး ထူးဆန်းတာတော့ အမှန်ပါ"
" တချို့က ဒါဟာ မိစ္ဆာတွေကြောင့်လို့ ပြောကြပြီး တချို့ကတော့ လော့ပုဖန် ဟာ မိစ္ဆာသွေးအဆီအနှစ်တွေ အများကြီး သောက်သုံးမိလို့ ရူးသွပ်သွားပြီး လော့မိသားစုနဲ့ ချန်မိသားစု နှစ်ခုလုံးကို သူ့ဘာသာ သတ်ဖြတ်ပစ်ခဲ့တာလို့ လည်း ပြောကြပါတယ်"
ခရိုင်ဝန်သည် သူ၏ အထက်လူကြီးများကို ဆက်ဆံနေသကဲ့သို့ သူ၏ရှေ့မှ လူလေးယောက်ကို နှိမ့်ချစွာ ဦးညွှတ်လိုက်သည်။
ထိုလူလေးယောက်မှာ မိစ္ဆာနှိမ်နင်းရေးဌာနခွဲမှ မိစ္ဆာနှိမ်နင်းရေးသမားများ ဖြစ်ကြ၏။
ဤကဲ့သို့သော ရှုပ်ထွေးလှသော ခေတ်ကာလတွင် မိစ္ဆာများက နေရာတကာ သောင်းကျန်းနေသည်။
ထျန်းရွှမ်အင်ပါယာ ရပ်တည်နိုင်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ မိစ္ဆာနှိမ်နင်းရေးဌာနခွဲကြောင့် ဖြစ်သည်ကို မည်သူမှမငြင်းနိုင်ပါ။
မိစ္ဆာနှိမ်နင်းရေးဌာနခွဲကို မည်သည့်အချိန်တွင် တည်ထောင်ခဲ့သည်ကို မသိရသလို သမိုင်းမှတ်တမ်းများတွင်လည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။
မိစ္ဆာနှိမ်နင်းရေးဌာနခွဲသည် မိစ္ဆာများကို နှိမ်နင်းရန်အတွက် တစ်နိုင်ငံလုံးမှ ထူးခြားသော သိုင်းပညာရှင်များကို အဖွဲ့တစ်ဖွဲ့အဖြစ် စုစည်းထားခြင်းဟူသည်လောက်ကိုသာ သိကြ၏။
"အင်း၊ မင်း ထွက်သွားလို့ရပြီ"
ဩရှရှအသံတစ်ခုက ဆိုလိုက်သည်။
ခရိုင်ဝန်သည် ခွင့်ပြုချက် ရလိုက်သဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေ၏။
အခန်းထဲတွင် မိစ္ဆာနှိမ်နင်းရေးသမား လေးဦး ကျန်နေခဲ့သည်။
အကယ်၍ ကျိယွမ်သာ ဤနေရာတွင် ရှိနေပါက သူတို့အထဲမှ တစ်ယောက်မှာ ရွက်လှေပေါ်တွင် သူ တွေ့ဆုံခဲ့သော ချန်ဖန်ဖြစ်ကြောင်း ချက်ချင်းမှတ်မိပါလိမ့်မည်။
အနက်ရောင် တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ဆင်ထားသော ချန်ဖန်မှာ စဉ်းစားခန်း ဝင်နေဟန်ဖြင့် လေးနက်နေ၏။
အခြား သုံးဦးကတော့ ဖိုင်တွဲများကို ဟိုဟိုဒီဒီလှန်လှော ကြည့်ရှုနေကြသည်။
အတန်ကြာမှ အမျိုးသမီး မိစ္ဆာနှိမ်နင်းရေးသမားက ချန်ဖန်အားလေးစားစွာကြည့်၏။
"ကပ္ပတိန်၊ ဒီမစ်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လို ထင်လဲ"
သူတို့ထဲတွင် အသန်မာဆုံးဖြစ်သော ချန်ဖန်းကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ထားကြသည်။
သူတို့သည် ယွန်းယင်ခရိုင်တွင် မစ်ရှင်တစ်ခု လုပ်ဆောင်နေကြခြင်းဖြစ်ပြီး
အပေါ်ယံကြည့်လျှင် သူတို့အလုပ်မှာ အထင်ကြီးစရာ ကောင်းသော်လည်း လက်တွေ့တွင်မူ အသက်အန္တရာယ်များဖြင့် အမြဲတမ်းပြည့်နှက်နေကြောင်း သူတို့သာ အသိဆုံးဖြစ်၏။
ခရိုင်ဝန်သည် ရိုသေလေးစားဟန်ပြနေသော်လည်း ဖုံးထားသော ရည်ရွယ်ချက်များ ရှိမရှိ မည်သူ သိနိုင်မည်နည်း။
ထို့အပြင် ယွန်းယင်ခရိုင်ရှိ မိစ္ဆာအရေအတွက်မှာလည်း တော်တော်လေးများပြားနေသည်။
သူတို့သည် မိစ္ဆာများကို ရန်စမိမည်ကို စိုးရိမ်သဖြင့် ပေါ်ပေါ်တင်တင် သိသိသာသာ မလုပ်ရဲကြပါ။
မိစ္ဆာများကို နှိမ်နင်းဖို့ဆိုသည်ကတော့...။
ထိုကိစ္စကို မေ့ထားရပေလိမ့်မည်။
သူတို့၏ ဦးစားပေးသည် မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိင်ရန်နှင့် သူတို့၏အသက်ရှင်သန်ရေးကို သေချာစေဖို့သာ ဖြစ်သည်။
သူတို့၏ မစ်ရှင်နှင့် မသက်ဆိုင်ပါက သူတို့သည် မိစ္ဆာများကို သွေးဆူကာ တမင်ရန်စလိမ့်မည် မဟုတ်ပါ။
ချန်ဖန်းက ဖိုင်တွဲများကို ပိတ်ထားလိုက်ပြီး နက်ရှိုင်းစွာစဥ်းစားနေ၏။
" ဒီကိစ္စမှာ အဓိကကျတဲ့ လူ၊ လော့ပုဖန်ကို ငါတို့ ရှာဖို့ လိုတယ်"
"ဒါပေမဲ့... လော့ပုဖန်က အဆင့်မြင့် နယ်ပယ်ကို တက်လှမ်းသွားပြီ မဟုတ်လား"
အမျိုးသားတစ်ယောက်က မယုံနိုင်သလို ရေရွတ်၏။
"သူ့ရဲ့ တက်လှမ်းမှုက အတုအယောင် ဖြစ်မှာ သေချာပါတယ်၊ သာမန် ကိုယ်ခံပညာရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး အဆင့်တက်သွားနိုင်မှာလဲ"
မျက်နှာဝိုင်းသောအမျိုးသမီးက ယုံကြည်မှုအပြည့်ဖြင့် ကန့်ကွက်သည်။
"မစ်ရှင်မှာ ဒီလူ့အကြောင်းကို ဖော်ပြထားတယ်ဆိုတာ သူက မရိုးရှင်းဘူးလို့ ဆိုလိုတာပဲလေ"
"ထူးဆန်းတာက ငါ မှတ်မိသလောက်ဆိုရင် အပြင်ဘက်က အစစ်အမှန်ကမ္ဘာမှာလည်း သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ပြီး အဆင့်တက်သွားတဲ့ လော့ပုဖန် ဆိုတဲ့ လူတစ်ယောက် ရှိခဲ့တယ်၊ အဲ့ဒါက ဒီလူပဲ ဖြစ်နေနိုင်မလား"
ရန်ရွှီဝမ်က တွေးတွေးဆဆဟန်ဖြင့် မေးလိုက်သည်။
"ဒါက နင့်ရဲ့ ပထမဆုံး မစ်ရှင်ဆိုတော့နင်သိပ်သိဦးမှာ မဟုတ်ဘူး၊ ဒီလိုမျိုးက အတော်လေး အဖြစ်များပါတယ်၊ ငါတို့ရဲ့ မစ်ရှင်အများစုဟာ တကယ့် ဖြစ်ရပ်မှန်တွေကို ပြုပြင်ထားတဲ့ ပုံစံတွေပဲ၊ တချို့က ဒါဟာ အပြိုင်ကမ္ဘာတွေ ဖြစ်နိုင်တယ်လို့တောင် ပြောကြတယ်၊ ငါလည်း သေချာတော့ မသိဘူး"
အမျိုးသမီးက မစ်ရှင်ထဲတွင် ပထမဆုံးပါလာသော လူသစ်ရန်ရွှီဝမ်ကို ရှင်းပြ၏။
သူမ၏စကားကို ကြားသောအခါ ချန်ဖန်း၏ မျက်နှာတွင် လွမ်းဆွတ်နေဟန်တစ်ချို့ ပေါ်လာခဲ့သည်။
"ယွန်းယင်ခရိုင်မှာ ငါတို့ ရန်မစသင့်တဲ့ အဖွဲ့အစည်း သုံးခု ရှိတယ်၊ အဲ့ဒါတွေကတော့ ပင်လယ်ကမ်းခြေက ငါးတွေ၊ လောင်းကစားရုံက ဖျံရဲတွေနဲ့ ယီဟွာ ခြံဝန်းထဲက မြွေတွေပဲ"
သူက သေသေချာချာသတိပေးလိုက်သည်။
"စိတ်ချပါ၊ မစ်ရှင်မှာ တိုးတက်မှု မရှိသရွေ့တော့ ဒေသခံ အင်အားစုတွေကို ရန်စဖို့ အစီအစဉ် မရှိပါဘူး၊ သူတို့က ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရင်တောင် ငါ သည်းခံပါ့မယ်"
အဖွဲ့ဝင်အမျိုးသမီးက လက်တွေ့ကျပြီး အရှိတရားကို လက်ခံနိုင်ပုံရလေသည်။
"မှန်တယ်၊ ငါတို့ရဲ့ အဓိက တာဝန်က လော့ပုဖန်ကို ရှာဖို့ပဲ"
ချန်ဖန်းက လက်ထဲရှိဖိုင်တွဲမျက်နှာဖုံးအား တစ်တောက်တောက်ခေါက်ရင်းမှ ဆက်လက်စဥ်းစားခန်းဝင်နေ၏။
"ပြဿနာက လေ့ာပုဖန်ကို ဘယ်လိုရှာရမှာလဲ"
..............
"ဟူး... ငါ ဒီမှာသာ အမြုတေကိုဖွဲ့စည်းလိုက်ရင် ငါ့ရဲ့ ကြယ်တာရာအမြုတေ က ဘယ်မှာ ပေါ်လာမှာလဲ ၊ ဒီနေရာကရော.. ကမ္ဘာအစစ် ဖြစ်နေတုန်းပဲလား"
နောက်တစ်နေ့ မနက်တွင် ကျိယွမ်သည် ပေါက်စီတစ်လုံးကို စားရင်း ကောင်းကင်ယံရှိ နေမင်းကို ကြည့်ကာ အတွေးနက်နေ၏။
သူသည် အမြုတေဖွဲ့စည်းရန် အဆင်သင့် ဖြစ်နေလေပြီ။
"ထားလိုက်ပါတော့၊ အပြင်ကမ္ဘာကို ပြန်ရောက်မှပဲ ဖွဲ့စည်းတာ ပိုကောင်းပါတယ်၊ မဟုတ်ရင် ဂိမ်းထဲက ဂိမ်းထဲမှာ အမြုတေဖွဲ့တယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ၊ အိမ်မက်ထဲ မိန်းမရသလိုဖြစ်နေမှာ "
ကျိယွမ်သည် ထိုသို့ရေရွတ်ရင်း ကျန်ရှိနေသော ပေါက်စီတစ်ပိုင်းကို ပါးစပ်ထဲသို့ အတင်းထိုးထည့်ကာ ဂိမ်းက အမှုစုံစမ်းခိုင်းထားသော လော့စံအိမ်ဆီသို့ ဦးတည်လိုက်လေသည်။
"လော့စံအိမ်ကို ရောက်မှပဲ ၊ အခြေအနေက ထူးခြားလာမယ် ထင်တယ် "