← Chapters

နတ်ဆေးလုံး

Vol. 9 Ch. 894

နတ်ဆေးလုံး

Vol. 9 Ch. 894

နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကို လေးနက်ပြီး နားလည်ရန် ခက်ခဲသော အကြည့်တစ်ခုဖြင့် ကြည့်ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူက ထွက်ခွာသွားသည့်အချိန်တွင် ချိန်ဟဲ့ထျန်၊လီရှမ်းတောက်နှင့်ပိုင်ကျိမ်းထျန်တို့အား သူနှင့်အတူ တစ်ပါတည်း ခေါ်ဆောင်သွားရာ သူတို့အတွက် ကောင်းသွားခဲ့သည်။ သူသာ ခေါ်မသွားခဲ့လျှင် ပိုင်ရှောင်ချန်းက သူတို့အား တစ်ခုခု ထိခိုက်မှုမရှိစေဘဲ ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။ သူက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုခြင်းမခံရခင်ကပင် သူတို့အား အန္တရာယ်ပြုမည့်အသွင်ဖြင့် စိန်းစိန်းဝါးဝါးကြည့်နေခဲ့ပေသည်။

သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးနှင့်အတူ ပျောက်ကွယ်သွားသည်ကို မြင်ရသည်က သူ့အတွက် အတော်လေး စိတ်တိုစရာကောင်းနေသည်။

" ကပ်စေးနှဲလိုက်တာ။ ငါ သူတို့ကို သတ်မှာမှ မဟုတ်တာ "

သို့သော် သူက အောင်မြင်မှုကြောင့် စိတ်အားတက်ကြွနေရာ ထိုကဲ့သို့ မကောင်းသည့်စိတ်အား တွေးတောမနေတော့ပေ။ ထို့ပြင် ဇောင်ထျန်ကျောက်၊ ပိုင်လင်းနှင့် သံမဏိသွေးကြောခန်းမမှ ကျင့်ကြံသူများအားလုံး ရှိနေသေး၍ သူတို့အား ကျေးဇူးတင်ရမည် မဟုတ်ပါလော။

သံမဏိသွေးကြောခေါင်းဆောင်ကြီးက စကားပြောနေစဥ် နှစ်လိုဖွယ်ပြုံး၍ ပိုင်ရှောင်ချန်းအား အထက်စီးဆန်စွာ မဆက်ဆံဘဲ တန်းတူဆက်ဆံနေလေသည်။

ပိုင်လင်းက စိတ်ထဲတွင် သက်ပြင်းများချနေပြီး မဟာတံတိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးအား တွေးတောနေမိတော့သည်။ ဇောင်ထျန်ကျောက်လည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက်လုံးသည် ပိုင်ရှောင်ချန်း၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများကြောင့် နက်နက်နဲနဲခံစားသွားရဟန်တူပြီး နှစ်ယောက်လုံးက ဂိုဏ်းကိုပြန်၍ သူတို့၏ ကျင့်ကြံခြင်းကို ဆက်လက်တိုးတက်စေရန်အလို့ငှာ တံခါးပိတ်ကျင့်ကြံရန် စိတ်ပိုင်းဖြတ်လိုက်ကြသည်။

လာရောက်ခဲ့ကြသည့် အခြားသော ကျင့်ကြံသူ တစ်သိန်းအနက် အများစုသည် မဟာတံတိုင်းမှ သွေးသောက်ရဲဘော်များဖြစ်ကြသည်။ တချို့က ပိုင်ရှောင်ချန်း၏ တိုက်ရိုက်လက်အောက်ငယ်သားများလည်း ဖြစ်ခဲ့ကြသည်။ သူတို့အားလုံးမှာ သူ့ကိုတွေ့ရန် လွန်စွာစိတ်လှုပ်ရှားနေကြပြီး အဏ္ဏဝါခေါ်သံဂိုဏ်းတွင်နေ၍ အောင်ပွဲခံရန် သူ၏ဖိတ်ခေါ်ချက်အား တွေဝေတုံ့ဆိုင်းခြင်းမရှိ လက်ခံလိုက်ကြသည်။

အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများမှာ ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီး အကူအညီပေးရန် လာရောက်ခဲ့ကြသော လူတိုင်းအား ကျေးဇူးတင်ရန် စားသောက်ပွဲကြီး တည်ခင်းဧည့်ခံကျွေးမွေးတော့သည်။

ထိုညမှာ အဏ္ဏဝါခေါ်သံဂိုဏ်းသားအများစုအတွက် အိပ်မက်တစ်ခုအလားပင်။ စောစောက သူတို့၏ စိုးရိမ်သောကများသည် ပျော်ရွှင်မှု ဖြစ်သွားပြီး သူတို့၏ ပိုင်ရှောင်ချန်းအပေါ် အထင်ကြီးလေးစားမှုများ ပို၍ ကြီးထွားလာတော့သည်။

တချိန်တည်းမှာပင် သူတို့၏ဂိုဏ်းအနာဂတ်အတွက် မျှော်လင့်ချက်များသည်လည်း ပို၍ရှင်သန်လာတော့သည်။

ခေါင်းဆောင်ကြီးများသည်လည်း တူညီစွာ ခံစားနေကြရတော့သည်။ သူတို့ ပခုံးပေါ်မှ ဧရာမကျောက်တုံးကြီး ဖယ်ရှားခံလိုက်ရသည့်အလား တစ်ညလုံး သူတို့၏မျက်နှာများထက်တွင် အပြုံးပန်းများ ဝေဆာနေတော့သည်။

နောက်တစ်နေ့မနက်တွင် သံမဏိသွေးကြောခန်းမမှ ကျင့်ကြံသူများ ပြန်သွားကြသည်။

သူတို့ပြန်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ အချိန်အတော်ကြာ အဏ္ဏဝါခေါ်သံဂိုဏ်းရင်ဆိုင်နေရသည့် ပြဿနာများအားလုံးကို ဖြေရှင်းခဲ့ပြီးဖြစ်သည့်အတွက် စိတ်သက်သာရာရသွားတော့သည်။

လာမည့်နေ့ရက်များတွင် အဏ္ဏဝါခေါ်သံဂိုဏ်းသည် ကောင်းကင်တံတားမြစ်၏ အရှေ့ဘက်အလယ်ပိုင်းဒေသတွင် နံပါတ် ၁ ဂိုဏ်းဖြစ်လာတော့မည်ကို သူကောင်းကောင်း စိတ်ကူးကြည့်နိုင်သည်။ ယခုမှစ၍ အခြားဂိုဏ်းသုံးဂိုဏ်းသည် အဏ္ဏဝါခေါ်သံဂိုဏ်း၏ လက်အောက်ခံများ ဖြစ်ပေတော့မည်။

" ဒါပေမဲ့ မလုံလောက်သေးဘူး "

သူတွေးလိုက်သည်။ သူက အိတ်ကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ စိတ်ပိုင်းဖြတ်မှုများဖြင့် တောက်ပလာတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသည် တည်ငြိမ်မှုအား စစ်မှန်စွာလိုချင်လျှင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ရှိရုံနှင့်မရပေ။ လက်ရှိခေါင်းဆောင်ကြီးများထဲမှ တစ်ယောက်သာ ဂိုဏ်း၏ ဒုတိယမြောက် နတ်အဆင့်ကျင့်ကြံသူဖြစ်လာနိုင်လျှင် ၊ မော်တယ်တာအိုနတ်အဆင့် ဖြစ်လျှင်တောင်မှ အဏ္ဏဝါခေါ်သံဂိုဏ်းသည် အခြေခိုင်မာပြီဟု တထစ်ချ သတ်မှတ်နိုင်သည်။

နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး၏ ဓမ္မအမိန့်အရ မကြာမီ ပိုင်ရှောင်ချန်း ရှင်းကုံကျစ်တာအိုဂိုဏ်းအား ပြန်သွားရမည်ဖြစ်သည်။ ထိုသည်က အဏ္ဏဝါခေါ်သံဂိုဏ်းရှိ သူ၏အချိန်အား ကန့်သတ်ထားသည်ဟု ဖော်ပြနေသည်။

" ငါ ထွက်မသွားခင်အထိ သိပ်အကြာကြီး မစောင့်နိုင်ဘူးဆိုတော့ မကောင်းဘူး။ ငါမသွားခင် ခေါင်းဆောင်ကြီးတစ်ယောက်လောက် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာအောင် လုပ်ရမယ် "

ထိုသို့လုပ်ဆောင်ရာတွင် သူ များစွာ ယုံကြည်နေရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ မြေရိုင်းဒေသတွင် ဘဏ္ဍာသိမ်းခဲ့စဥ်က သူရရှိခဲ့သော သက်တန့်ဝိညာဥ်ဆူးပင်ကြောင့်ပင်။

ဆေးတာအိုပညာရပ်ရှိ သူ၏ကျွမ်းကျင်မှုအရ သူသည် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ အကူအညီဖြင့် ထိုသက်တန့်ဝိညာဥ်ဆူးပင်ကို အသုံးပြု၍ နတ်ဆေးလုံးတစ်လုံးဖော်စပ်နိုင်သည်ဟု သေချာနေသည်။

နတ်ဆေးလုံးများက လွန်စွာရှားပါးပြီး ဖော်စပ်ရန် အလွန်အမင်း ခက်ခဲသည်။ သူက တစ်လုံးဖော်စပ်ရန် ယုံကြည်ချက်ရှိပါသော်လည်း ဆေးလုံးပွားရန်အတွက် ပါဝင်ပစ္စည်းလုံလုံလောက်လောက် မရှိပေ။

မည်သည့်ခေါင်းဆောင်ကြီးအား နတ်အဆင့်ကျင့်ကြံသူတစ်ယောက် သူ ဖြစ်စေချင်သည်ကို စိုးရိမ်မနေရန်သာ ဆုံးဖြတ်လိုက်သည်။ သူက ဝင်ရောက်စွက်ဖက်ခွင့်ရှိပါသော်လည်း ၄င်းက အထိအရှမခံသော ကိစ္စတစ်ခုဖြစ်၍ ခေါင်းဆောင်ကြီးများအကြား ဆုံးဖြတ်ခိုင်းခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။

သူ၏ အတွေးစများက ထိုနေရာသို့ရောက်သော် သူက စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးတို့ထံ သူ၏အစီအစဥ်နှင့်ပတ်သက်၍ စာတစ်စောင်ပေးပို့လိုက်သည်။ ထို့နောက် သူက တံခါးပိတ်ကျင့်ကြံကာ လုပ်ငန်းစတင်တော့သည်။

**

အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ပိုင်ရှောင်ချန်းပြောစကားကြောင့် စိတ်လှုပ်ရှားနေကြသည်။ စုန့်ကျင်းဝမ်မှာမူ ဂိုဏ်းရှိ သူမ၏ရာထူးကား ပြောင်းလဲသွားလေပြီ။ ယခင်က သူမသည် ပိုင်ရှောင်ချန်းနှင့် ရင်းနှီးကြောင်း သိကြသည့်အတွက် လူတိုင်းက သူမကို အလေးပေးဆက်ဆံခဲ့ကြသည်။ သို့သော် ၄င်းက သိသာထင်ရှားခြင်းမရှိခဲ့ပေ။

သို့သော် ယခုတွင် ကိစ္စရပ်များ အလွန်ကွဲပြားသွားလေပြီ။ အကြီးအကဲများနှင့် ခေါင်းဆောင်ကြီးများက သူမအား တလေးတစားဆက်ဆံနေကြလေသည်။

အမှန်တွင် ပိုင်ရှောင်ချန်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့် လူတိုင်းမှာ အလေးပေးဆက်ဆံခံကြရ၏။ အထူးသဖြင့်...... လီချင်းဟောက်။

ယခုတွင် ပိုင်ရှောင်ချန်းသည် ဂိုဏ်း၏ ထိပ်ဆုံးခေါင်းဆောင်ဖြစ်ပြီး လီချင်းဟောက်က သူ့ဦးလေးဖြစ်သည့်အတွက် ထိုသည်က သူ့အား အလွန်မြင့်မားသောနေရာကို ရောက်ရှိသွားစေတော့သည်။ အမှန်တကယ်ဆိုရလျှင် ဆွေးနွေးညှိုနှိုင်းမှုများပြီးနောက် အချိန်ကျလာသောအခါ လီချင်းဟောက်သည် နောက်တက်မည့်ဂိုဏ်းခေါင်းဆောင်ဖြစ်မည်ဟု ခေါင်းဆောင်ကြီးများက သဘောတူလိုက်ကြသည်။

ထို့နောက် အချိန်ခဏကြာသော် ခေါင်းဆောင်ကြီးများက ပိုင်ရှောင်ချန်းထံမှ နတ်တစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ကို ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းမှ နောက်ဆုံးအဆင့်တက်နိုင်စေမည့် နတ်ဆေးလုံးတစ်လုံးဖော်စပ်ရန် ပြင်နေကြောင်း သတင်းရလိုက်သည်။ ခေါင်းဆောင်ကြီးများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပြီး လေးလေးနက်နက် ကျေးဇူးတင်သွားကြတော့သည်။

သူတို့၏ပထမဆုံးအတွေးက လီချင်းဟောက်အား ပေးရန်ပင်။ သို့သော် ကံဆိုးစွာ သူ၏ ကျင့်ကြံခြင်းအခြေခံက မဟာစက်ဝန်းတွင် မဟုတ်၍ သူ့အတွက် ထိုနေရာရောက်ရန် အချိန်ကြာလွန်းမည်ကို စိုးရိမ်သွားသည်။ သူတို့မှာ ဂိုဏ်းတွင် နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ဦးအား အလောတကြီး လိုအပ်နေသောကြောင့် လီချင်းဟောက်နှင့် ဆွေးနွေးပြီးနောက် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ဆေးလုံးကို ယူသင့်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ဖြစ်ပြီး သူနှင့် ကျင့်ကြံခြင်းအခြေခံတစ်ဆင့်တည်းရှိသည့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးထက်ပင် ပိုအသက်ရှည်လေသည်။ နတ်အဆင့်ရောက်ခြင်းက သူ့အား သိသိသာသာ အသက်ပိုရှည်စေမည်ဖြစ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးတွင် အသက်တိုးစေသည့် လျှို့ဝှက်မှော်ပညာလည်း ရှိသည်။ သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးပင် သူသာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာလျှင် နောက်ဆုံး၌ သေဆုံးသွားရမည်ဖြစ်ပြီး စိတ်စွမ်းအင်ခေါင်းဆောင်ကြီးမှာသာ အသက်ရှည်ရှည်နေထိုင်နိုင်သည့် အလားအလာရှိကြောင်း ဝန်ခံရလိမ့်မည်။

အမှန်ပြောရလျှင် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးအား ဂိုဏ်းတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ်ရှိခြင်းက အကျိုးအများဆုံးရှိမည် ဖြစ်ပေသည်။

ထိုမျှသာမက ဂိုဏ်းတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ရှိနေလျှင် အခြားသူများအတွက် ထိုအဆင့်ရောက်ရန် ပို၍လွယ်ကူသွားမည်ဖြစ်သည်။

ခေါင်းဆောင်ကြီးများက ထိုကိစ္စများအားလုံး ဆွေးနွေးနေကြစဥ် ပိုင်ရှောင်ချန်းက နတ်ဆေးလုံးဖော်စပ်ရန် ပြင်ဆင်ရာတွင် အစပျိုးနေပြီး သူ၏ တံခါးပိတ်ကျင့်ရာအဆောင်တွင် ရှိနေသည်။ ဂိုဏ်းတွင် ရှေးအရင်ကတည်းက ဖော်စပ်နည်းရှိခဲ့ပါသော်လည်း အဓိကပါဝင်ပစ္စည်းအား တစ်ခါမှ မရခဲ့သောကြောင့် ၄င်းအား မဖော်စပ်နိုင်ခဲ့ပေ။

ပိုင်ရှောင်ချန်း၏ဆောင်ရွက်မှုအောက်ဝယ် တစ်ဂိုဏ်းလုံးတွင် နှစ်သက်ဖွယ် ချိုမြိန်သော မွှေးရနံ့များ ပြည့်နှက်သွားသည်။

အထူးသဖြင့် ဘရူဆာက ထိုအနံ့ကို ကြိုက်၍ ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်ကြံရာအဆောင်ရှေ့တွင် ထိုင်ကာ အသက်ရှူသွင်းလိုက်သည်။ ဝိညာဥ်သားရဲများအားလုံး ၄င်းထံမှမှ အကျိုးအာနိသင်များရကြပြီး ကျင့်ကြံသူများပင်လျှင် အသက်ရှူသွင်းခြင်းဖြင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံသန့်စင်သွားခြင်းအား ကြုံကြရလေသည်။

ထိုမထင်မှတ်ထားသော အခြင်းအရာက အဏ္ဏဝါခေါ်သံဂိုဏ်းရှိလူတိုင်းအား ပိုင်ရှောင်ချန်းအပေါ် ပို၍ပင် လေးစားသွားစေသည်။ သို့သော် ခုနစ်ရက်ကြာသော် ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသဖြင့် ရနံ့မှာ ကြာရှည်မခံလိုက်ပေ။

သူက ခေါင်းဆောင်ကြီးများထံ သတင်းချက်ချင်းပို့လိုက်ချိန် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့က မဟာအကြီးအကဲဆေးဆရာတစ်ဒါဇင်ကျော်နှင့်အတူ လီချင်းဟောက်အား ပိုင်ရှောင်ချန်းအလုပ်ကိုကူညီရန် စေလွှတ်လိုက်သည်။ သူတို့က ချက်ချင်းပင် ပိုင်ရှောင်ချန်းအား သူ့အလုပ်၏ နောက်ဆုံးအဆင့်များကို စတင်ခွင့်ပေးသည့်အနေဖြင့် ဆေးပညာရပ်ဆိုင်ရာ မန္တန်ဝင်္ကပါတစ်ခုကို နေရာချလိုက်သည်။

သူ၏ဆေးဖော်စပ်ခြင်းလုပ်ငန်းက တစ်လလုံးကုန်သွားလေသည်။ ကံဆိုးစွာပင် သူက အချိန်တိုင်းကျရှုံးနေသဖြင့် သူ၏အဓိကပါဝင်ပစ္စည်းများအား အကြိမ်တိုင်းဆုံးရှံးပြီးရင် ဆုံးရှုံးနေတော့သည်။

သူ စိုးရိမ်လာသော်လည်း သူ၏စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ပြီး အမှားတိုင်းမှလေ့လာလိုက်သည်။ “ စောင့်မျှော်နေသော လူတစ်ယောက်အတွက် မျှော်မှန်းထားသမျှ အရာအားလုံး ဆိုက်ရောက်လာတတ်သည် “ ဟူသော ဆိုရိုးစကားအတိုင်း ခုနစ်ကြိမ်မြောက် ကြိုးစားမှုအပြီးတွင် ပါဝင်ပစ္စည်းများ ကုန်ခါနီးဆဲဆဲ အောင်မြင်သွားတော့သည်။

ထိုနေ့တွင် ပုံရိပ်ယောင်မိုးကြိုးကြီးများ ထစ်ခြုန်းသွားပြီး တစ်ဂိုဏ်းလုံး စိတ်စွမ်းအင်အနံ့များ သင်းပျံ့သွားရာ မြူများ ဖြစ်တည်လာတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ နတ်ဘုံနတ်နန်းအလား ဖြစ်သွားလေသည်။

" နောက်ဆုံး လုပ်နိုင်သွားပြီကွ"

ပိုင်ရှောင်ချန်းမှာ ပိန်လှီနေသော်လည်း သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ သူ၏ ရယ်သံများ ပေါ်ထွက်သွားချိန် ခေါင်းဆောင်ကြီးများက အပြေးအလွှားရောက်လာကြရာ တောက်ပနေသော အဖြူရောင်ဆေးလုံးတစ်လုံးကိုကိုင်ထားသော သူ့ကို မြင်လိုက်ကြရတော့သည်။

တစ်ချက်လေးကြည့်လိုက်ရုံနှင့် ခေါင်းဆောင်ကြီးများ၏ နှလုံးသားထဲရှိ အာသီသများအား ဆူပွက်လာစေသည်။ ဆေးလုံးက ၄င်း၏ပတ်လည်ရှိ ကမ္ဘာကြီးနှင့် ပေါင်းစပ်လုနီးပါး ဖြစ်နေသည်ကို သူတို့အားလုံး အာရုံရလိုက်ကြသည်။

အချိန်အတော်ကြာပြီးနောက်တွင် ခေါင်းဆောင်ကြီးများက သူတို့၏ ခံစားချက်များကို ဖိနှိပ်နိုင်လိုက်ကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ဆေးလုံးအားလက်ခံလိုက်ချိန် သူ၏ မျက်နှာပေါ်တွင် အလွန်လေးနက်သောအမူအရာတစ်ခု ပေါ်လာတော့သည်။ သူက ပိုင်ရှောင်ချန်းကို ခေါင်းညိတ်ပြလိုက်ပြီး အခြားသော ခေါင်းဆောင်ကြီးများကို လေးလေးနက်နက်လက်ယှက် ဦးညွှတ်အရိုအသေးပေး၍ တံခါးပိတ်ကျင့်ကြံခြင်းဝင်ရောက်သွားတော့သည်။

သူရင်ဆိုင်နေရသည့် ဖိအားကား ပြင်းထန်လေသည်။ သူ့မှာ နတ်ဆေးလုံးတစ်လုံးသာ ရှိပြီး အောင်မြင်ရန် အခွင့်အရေးတစ်ခုသာ ရှိသည် မဟုတ်ပါလော။

All Chapters