← Chapters

သူတို့နဲ့ ဘာကွာတော့မှာလဲ

Vol. 5 Ch. 237

သူတို့နဲ့ ဘာကွာတော့မှာလဲ

Vol. 5 Ch. 237

ကျောင်းစာမေးပွဲတွေပြီးသွားလို့ ကျောင်းပိတ်ရက်ရှည် စတင်ပါတော့မယ်။

စာမေးပွဲဖြေပြီးကာစ ကောင်မလေးနှစ်​ယောက်ကတော့ ရပ်ကွက်ထဲက ကလေးကစားကွင်းထဲမှာ အတူကစားလို့။ ဒါလီယာက ဒန်းပေါ်မှာရှိနေပြီး အိုလီရာနာကတော့ ဒါလီယာအတွက် ဒန်းလွှဲပေးနေလေရဲ့။

“ဒါလီယာ... နင်တကယ်ရော ဖြေနိုင်တာ သေချာပါတယ်နော်။” အိုလီရာနာကတော့ အခုထိ ဒါလီယာကို စိုးရိမ်ပြီးမေးနေဆဲပဲ။

နှစ်ပေါင်းများစွာ အထီးကျန်လာပြီးတဲ့နောက်ပိုင်းမှာ အိုလီရာနာက သူ့အပေါ်ကောင်းပေးတဲ့သူတွေအပေါ် ပြန်ကောင်းပေးဖို့ ဝန်မလေးတော့ပါဘူး။ ဒါလီယာက နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်စရာ ဆိုပေမဲ့လို့ပေါ့။

“ဒါလီယာက အိုလီရာနာသင်ပေးထားသမျှ အကုန်ဖြေခဲ့တယ်။”

“ဒါဆိုရင် အဆင်ပြေမှာပါ။” အိုလီရာနာက ပြုံးပြတယ်။ ဒါလီယာကလည်း လိုက်အတုခိုးပြီး ဖြည်းဖြည်းနှေးနှေး ပြုံးပြလိုက်တာပေါ့။ ဒါပေမဲ့ တစ်ခဏအတွင်းမှာပဲ သူတို့နှစ်ယောက်ရဲ့အကြည့်က ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ်ကို ကြည့်လိုက်တယ်။

တောက်ပနေတဲ့ နေရောင်က နောက်ကျိတဲ့ရေလိုမျိုး မျက်နှာပြင်တစ်ခုနဲ့ဖုံးကွယ်ခြင်းခံလိုက်ရပြီး မှောင်ကျ သွားတာမဟုတ်ပေမဲ့ အလင်းရောင်က သဘာဝမကျစွာ မှိန်ဖျော့လို့သွားလေရဲ့။

“ဒါက... ဒါလီယာ၊ နင်လုပ်လိုက်တာလား။” ပတ်ဝန်းကျင်တစ်ခုလုံး ပုံတူကူးထားတဲ့ဒိုင်မေးရှင်းထဲ အထည့်ခံလိုက်ရပြီဖြစ်မှန်း အိုလီရာနာသတိထားမိပြီး ဒါလီယာကိုကြည့်လိုက်တယ်။ အခုနောက်ပိုင်း ဒါလီယာစွမ်းအားသုံးတာ အိုလီရာနာမမြင်ဖူးပေမဲ့ ဖန်တီးခြင်းမြစ်ရေရဲ့ဒီလိုလုပ်နိုင်စွမ်းကို အိုလီရာနာ ကိုယ်တိုင်ကြုံဖူးနေတယ်လေ။

“မဟုတ်ဘူး... အဲဒါက သူတို့ပဲ...”

“ သူတို့... ဘယ်သူတွေလဲ။”

ရုတ်တရက် ကလေးကစားကွင်းရဲ့ပတ်ပတ်လည်မှာ အနက်ရောင်ဝတ်စုံဝတ်ထားပြီး မှော်နှင်တံတွေ ကိုင်ဆောင်ထားတဲ့ မှော်ဆရာတွေပေါ်လာကြတယ်။ သူတို့ယူနီဖောင်းပခုံးတံဆိပ်မှာ EUOC ဆိုတာပါပြီး လက်မောင်းမှာတော့ ဥရောပသမဂ္ဂရဲ့ကြယ်စက်ဝန်းပုံပါ အပြာရောင်အလံလတ်ပတ်ကို ဝတ်ဆင်ထားကြလို့။

ခေါင်းဆောင်ဖြစ်သူက လက်ထဲမှာ ပုံမှန်ထက်ကြီးတဲ့ စုံလည်သေနတ်တစ်လက်ကိုကိုင်ဆောင်ထားပြီး အဲဒီသေနတ်ရဲ့စုံနေရာက ကျည်အိမ်ဖြစ်ရမယ့်အစား အစိမ်းရောင်သလင်းကျောက်နဲ့ပြုလုပ်ထားတာ ဖြစ်နေပါတယ်။

“ငါတို့က ကောင်မရှင်ရဲ့အထူးတပ်ဖွဲ့ပဲ။ ကျရှုံးသွားတဲ့ စမ်းသပ်မှုတစ်ခုကို ဖျက်ဆီးဖို့လာခဲ့တာ။ မဆိုင်တဲ့ သူတွေ ဘေးဖယ်နေလိုက်။”

ခေါင်းဆောင်လုပ်သူက အိုလီရာနာကိုသေနတ်နဲ့ချိန်ပြီး ဘေးဖယ်ခိုင်းလိုက်တယ်။ ဒါလီယာကတော့အဲဒီအဖွဲ့ကို ကြောက်လန့်တကြားကြည့်နေရင်းကနေ မျက်လုံးထဲက မျက်ရည်တွေအလိုလိုနေရင်းစီးကျ ခန္ဓာကိုယ်က ထိန်းမရအောင်တုန်လာတယ်။

“လက်ပတ်ပြာနဲ့သူတွေ၊ သူတို့က ဒါလီယာရဲ့ သူငယ်ချင်းတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်သွားခဲ့တာ။”

အိုလီရာနာကလည်း သွားကိုဖိကိုက်လိုက်တယ်။ တစ်ဖက်လူတွေက လာကောင်းချင်းနဲ့လာတာ မဟုတ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ညှာတာနေစရာ မလိုအပ်ပါဘူး။

“ဒါလီယာ၊ စိတ်မပူနဲ့။ ငါ့နောက်မှာနေ၊ ငါနင့်ကို ကာကွယ်ပေးမယ်။”

အိုလီရာနာက လက်ဖျောက်တစ်ချက်တီးလိုက်တယ် ဆိုရင်ပဲ ကစားကွင်းဝန်းကျင်တစ်ဝိုက်က သစ်တောကြီး တစ်ခုအဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီ။ ဒါလီယာကတော့ အဲဒီမြင်ကွင်းကို တုန်လှုပ်စွာနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့အတွေးတွေကတော့ အတိတ်ဆီကိုမျောလွင့်လို့။

....

ကစားကွင်းထိုင်ခုံမှာ ထိုင်နေရင်းကနေ ကလေးနှစ်ယောက် ကစားနေတာကိုကြည့်နေတဲ့ အယ်မာ ချက်ချင်းမျက်နှာပျက်သွားတယ်။ သူ့မျက်စိရှေ့မှာတင် ကလေးနှစ်​​ယောက်လုံး ပျောက်ကွယ်သွားခဲ့လို့ပါ။

“ဒိုင်မေးရှင်မှော်ပညာ... မဖြစ်နိုင်တာ....” အယ်မာ ထိတ်လန့်လွန်းလို့ လက်ထဲက စက္ကူကိုလာဘူးကိုပါ ပစ်ချလိုက်မိပြီး ကစားကွင်းထဲပြေးသွားပေမဲ့ အိုလီရာနာနဲ့ဒါလီယာကို ဘယ်လိုမှရှာမတွေ့တော့ဘူး။

“ဒီနေ့က မတ်လရဲ့နောက်ဆုံးရက်ပဲ ဌာနမှူးအယ်မာ။” အသံအက်အက်တစ်ခုကို ကြားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တော့ တက်ရှီဒိုဝတ်ထားပြီး မျက်နှာမှာ မျက်နှာဖုံးစွပ်ထားတဲ့ ကောင်မရှင်နာမင်းကြီး အာလ္လင်က ကောင်းကင်ကနေ အတောင်ပံမပါဘဲဆင်းချလာတယ်။

သူရောက်လာတာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ဆောင်းဦး ရောက်သွားသလိုမျိုး ခံစားလိုက်ရပါပြီ။

“အယုတ်တမာ....” အယ်မာက ဒေါသတကြီး အော်ဟစ်ပြီး သဲဟိုက်ဒရာကိုဆင့်ခေါ်ကာ ကောင်မရှင်နာကို တိုက်ခိုက်လိုက်တယ်။

ဟိတ်....

ကောင်မရှင်နာကတော့ မှော်စွမ်းအားတောင်မသုံးဘဲ လက်သီးတစ်လုံးတည်းနဲ့ သဲဟိုက်ဒရာကို ဖျက်ဆီးလိုက်ပြီ။ သူတို့နှစ်ယောက်ရဲ့စွမ်းအား ကွာဟချက်က သိပ်ကိုများလွန်းတယ်။ ကောင်မရှင်နာက အကြောင်းတစ်ခုကြောင့် သူ့စွမ်းအားကို အစွမ်းကုန်ဖော်ထုတ်တာမျိုး ရှောင်ရှားတတ်ပေမဲ့ အဲဒီလိုဆိုရင်တောင်မှ အင်အားကြီးလွန်းနေသေးတယ်။

‘ဒီလူက အဲဒီဝေဒနါကို အချိန်ပြည့်ခံစားနေရတာတောင် ရော့ဝဲလ်နီးနီး အစွမ်းထက်နေသေးတာလား။' ခါတိုင်းလိုပဲ ဒူးတုန်တဲ့ ဝေဒနါပြန်ရောက်လာပြီး မတ်မတ်ရပ်ဖို့ခက်ခဲလာပေမဲ့ အားတင်းပြီးတော့ ပြန်ပြောလိုက်တယ်။

“ဒါလီယာက အသက်ဆယ့်လေးနှစ်ပဲရှိသေးတာ။ သူ့ကို ကွပ်မျက်တာက လူမဆန်တာပဲ။”

“တစ်သောင်းလေးထောင့်ငါးရာနဲ့ဆယ့်ခုနစ်ယောက်... နတ်ဘုရားတုစီမံကိန်းမှာ အဲဒီပမာဏကို ငါတို့ စတေးခဲ့တယ်။ နောက်တစ်ယောက်ထပ်သေတော့ ဘာဖြစ်သွားမှာမလို့လဲ။”

“လူသားတွေရဲ့အသက်က ရှင်ကစားလို့ရတဲ့အရာ မဟုတ်ဘူး။”

အယ်မာက မလျှော့စတမ်းဆိုသလိုဘဲ မြေဂေါ်လမ်နဲ့ မြေသားကျောက်တိုင်တွေကိုပါဆင့်ခေါ်လိုက်ပြီး ကောင်မရှင်နာကို ဘက်ပေါင်းစုံကနေ စတင်တိုက်ခိုက် ပါတော့တယ်။ အယ်မာရဲ့တိုက်ခိုက်နိုင်စွမ်းက အကန့်အသတ်ရှိပေမဲ့ သလင်းကျောက်လည်ဆွဲက တိုက်ကွက်တိုင်းရဲ့ထိရောက်မှုကိုတိုးမြှင့်ပြီး ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

“ ပျော်စရာတော့ကောင်းသားပဲ... ဒါပေမဲ့ ဒီအကွက်တွေက ငါ့အပေါ်အလုပ်မဖြစ်ဘူး။”

ဘုန်း... ဘုန်း... ဘုန်း....

ကောင်မရှင်နာက အယ်မာရဲ့တိုက်ကွက်တိုင်းကို လက်ချည်းသက်သက် ဖယ်ရှားဖျက်ဆီးပြီးတဲ့နောက် အယ်မာရှေ့ကိုရောက်လာပြီး မှော်နှင်တံကိုင်ထားတဲ့ လက်ကိုဖမ်းဆွဲလိုက်တယ်။ တင်းအားကြောင့် လက်ဖျံနုနုဟာနီရဲလာပြီး ကောင်မရှင်နာရဲ့ လူမဆန်အောင် အေးစက်တဲ့အထိအတွေ့ကြောင့် အယ်မာအသည်းခိုက်အောင် ခံစားလိုက်ရတယ်။

“မင်းကာကွယ်ပေးရမယ့်လူတွေ တစ်ယောက်ချင်း သတ်ပစ်ခံရတာ မြင်ဖူးလား....”

ကောင်မရှင်က အယ်မာကိုလက်ကနေကိုင်ပြီး မြေပေါ် တွန်းလှဲလိုက်တယ်။ ကြောက်လွန်းလို့တုန်နေတဲ့ အမျိုးသမီးက အင်အားကြီးလွန်းတဲ့ဒီလူရဲ့ရှေ့မှာ ဘာမှပြန်မလုပ်နိုင်ခဲ့ဘူး။

“မင်းကိုယ်မင်း ကြည့်စမ်းပါဦး... မင်းချစ်တဲ့သူတွေကို ကာကွယ်နိုင်တဲ့ခွန်အားမရှိတော့ ချောင်မှာကပ်ပြီး ငိုနေရုံအပြင် ဘာတတ်နိုင်လို့လဲ။”

“စွမ်းအားပဲ... အဲဒီဟောကိန်းတွေထုတ်ပြီး လူသားတွေ ပြဿနာတက်အောင်လုပ်ပြီးမှ ပွဲကြည့်သလိုကြည့်နေတဲ့ နတ်ဘုရားတွေလက်က စွမ်းအားပဲကယ်နိုင်မှာ။”

“ငါကတော့ အဲဒီစွမ်းအားကိုရဖို့ ဘာမဆိုလုပ်မယ်။ ပျော့ညံ့တဲ့ မင်းလိုလူတွေကတော့ သေသင့်တယ်။”

ကောင်မရှင်နာက သူ့လက်ကိုဓားသဏ္ဍာန် ထားလိုက်ပြီး အယ်မာရဲ့လည်ပင်းကို ပိုင်းဖြတ်ဖို့ ဟန်ပြင်တယ်။ အေးစက်စက်ရေခဲလှိုင်းတွေက သူ့လက်မှာစုစည်းလို့။ အယ်မာက တုန်လှုပ်လွန်းလို့ ဒီအတိုင်းအဲဒီလက်ကိုပဲ ငေးကြောင်ကြည့်နေခဲ့တာ။

ကလန်....

ရုတ်တရက် ဆေဘာတစ်လက်က ကောင်မရှင်နာရဲ့ ပခုံးပေါ်ကို ကျဆင်းလာတဲ့အတွက် ကောင်မရှင်နာက သူအသင့်ပြင်ဆင်ထားတဲ့ လက်ဝါးနဲ့ ခံဆောင်လိုက်ရတယ်။

“ လူသားတွေကိုကယ်တင်ဖို့ လူသားတွေကို စတေးမယ်ဆိုတော့ ခင်ဗျားရဲ့အပြုအမူတွေက အဲဒီနတ်ဘုရားတွေနဲ့ ဘာထူးတော့မှာလဲ။”

“ညအရှင်၊ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးထင်တယ်။”

ကောင်မရှင်နာမင်းကြီးက ကောင်းကင်ပေါ်မှာ ထိန်ထိန်သာနေသေးတဲ့နေမင်းကြီးကို ကြည့်လိုက်ပြီး အငွေ့တွေထွက်မနေတဲ့ ဆေဘာဓားနက်ကိုကိုင်ထားတဲ့ နက်ဆန်ကို ကြည့်လိုက်တယ်။ ဒီမြင်ကွင်းက လုံးဝ သာမန်မဟုတ်ဘူး။

“ဖွန်တီနာမြို့က အမှောင်ကျောင်းဌာနချုပ်ပဲ။ ဒီမြေက အရေးကိစ္စတိုင်းကို နယ်ရှင်ဖြစ်တဲ့ ကျုပ်ကပဲ ဆုံးဖြတ်မယ်။ ပြီးတော့ ခင်ဗျားလူတွေက ကျုပ် အစေခံကိုပါ တိုက်ခိုက်နေတာမဟုတ်လား။ ဒီတော့ ဒီကိစ္စက ကျုပ်ကိစ္စဖြစ်ပြီ။”

ဆေဘာကိုင်ထားတဲ့ နက်ဆန်က အယ်မာနဲ့အာလ္လုင် ကြားထဲဝင်မှာ ဝင်ရပ်လိုက်တယ်။ သူ့ရပ်တည်ချက်ကို ထင်ထင်ရှားရှား ထုတ်ဖော်ပြသထားပြီးသား။

...

ဒါလီယာဟာ အရှေ့အလယ်ပိုင်းဒေသ စစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုကနေ ထွက်ပြေးလာခဲ့ရတာ။ မိဘဖြစ်သူတွေ ပါခဲ့ပေမဲ့လို့ ကမ္ဘာမီးလောင် သားတောင်ချနင်းဆိုတဲ့ စကားအတိုင်းပဲ ကလေးတစ်ယောက်ကိုဆက်ပြီး တင်မကျွေးနိုင်တော့တဲ့ သူ့အဖေနဲ့အမေက ဘော့စနီးယားနယ်စပ်အရာရှိတွေကို လာဘ်ထိုးနိုင်ဖို့ ဒါလီယာကို လူမှောင်ခိုကူးခဲ့တယ်။

အဲဒီနောက်တော့ အဆင့်ဆင့်ဆိုသလို EUOC သုတေသနဌာနရဲ့ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာခဲ့တော့တာပါပဲ။

“ဒါလီယာ အတူတူကစားကြမယ်နော်။” ကလေးမလေးတစ်ယောက် ယုန်အရုပ်လေးကမ်းပေးတဲ့ မြင်ကွင်းကို ဒါလီယာမှတ်မိနေသေးတယ်။ EUOC သုတေသနဌာနမှာ သူနဲ့ဘဝတူကလေးပေါင်းများစွာ ရှိခဲ့တယ်။ အားလုံးက တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကိုခေါ်လာခဲ့ခဲ့ရတာ။

ဒါလီယာဟာ သူတစ်ခါမှတောင် မမြင်ဖူးတဲ့ ကောင်မင်ရှင်နာမင်းကြီးဆိုသူရဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ ရူးသွပ်နေတဲ့ သိပ္ပံပညာရှင် ဂျော်ဒန်ရဲ့စမ်းသပ်မှုတွေကို ခံခဲ့ရတာ။

ကောင်မရှင်အဖွဲ့ဘက်က ကလေးတွေအတွက် နေစရာစားစရာ အကုန်လုံး ပြင်ဆင်ထားပေးပေမဲ့ လှပတဲ့လှောင်ချိုင့်တစ်ခုထက် မပိုခဲ့ပါဘူး။

“အား......”

ဒါလီယာရဲ့သူငယ်ချင်းတစ်ယောက် ထူးဆန်းတဲ့ ဆေးရည်တွေ ခန္ဓာကိုယ်ထဲထိုးသွင်းခံရရင်းက အကြောဆွဲပြီးငြိမ်သက်သွားတာ ဒါလီယာကိုယ်တိုင် မြင်ခဲ့ရတယ်။ မကြာခင်မှာပဲ လက်ပတ်ပြာနဲ့စစ်သားတွေ အဲဒီကလေးကို စမ်းသပ်ကုတင်ပေါ်က ဖယ်ထုတ်သွားရော။ ရူးသွပ်နေတဲ့သိပ္ပံပညာရှင်ကတော့ ဆေးရည်အမှားကိုရှာဖွေရင်း အားနည်းချက်တွေကို ပြုပြင်ဖို့ မှတ်တမ်းယူနေတယ်။

အပြင်ဘက်ကနေ စမ်းသပ်မှုခံယူဖို့ တန်းစီနေတဲ့ ဒါလီယာက လက်ထဲမှာ ပေါက်ပြဲနေတဲ့ ယုန်အရုပ်လေးကို ပွေ့ပိုက်ထားရင်း ရေရွတ်လိုက်တာပေါ့။

“ငါ့အလှည့်ရော ဘယ်တော့ရောက်မှာလဲ။”

သိပ်ကိုနာကျင်ရတယ်။ ကြင်နာတတ်တဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့တာကြာပြီ။ နာကျင်ရလွန်းတဲ့အတွက် သူ့နှလုံးသားတွေထုံကျင်လာပြီး အသစ်ရောက်လာတဲ့ လူတွေရဲ့နာမည်ကိုဖြစ်စေ ရှိနေပြီးသားလူတွေရဲ့ နာမည်ကိုဖြစ်စေ မမှတ်မိနိုင်တော့ဘူး။

စားသောက်နေတဲ့ အစားအသောက်တွေရဲ့အရသာကို သူမေ့သွားတာကြာပြီ။ ကမ္ဘာကြီးက သူ့အတွက်အရောင် ရှိမနေတော့ဘဲ အဖြူနဲ့အမည်းပဲရှိနေတော့တယ်။

“အမေပြောတာတော့ ဥရောပတိုင်းပြည်တွေက နိဗ္ဗာန်ဘုံလိုပဲတဲ့။ ငါတို့အဲဒီကိုရောက်ရင် လုံခြုံပြီတဲ့။” ငယ်လွန်းသေးတဲ့ အိုလီရာနာဟာ ကမ္ဘာကြီးရဲ့ မှောင်မိုက်နေတဲ့ဘက်​ခြမ်းက လာခဲ့တာဖြစ်ပေမဲ့ အဲဒီမျှော်လင့်ချက်ကင်းမဲ့မှုကြီးက ဘယ်လောက်အထိ နက်ရှိုင်းမှန်းမသိခဲ့ရပါဘူး။

“ငါ့အလှည့်ရောက်ပါစေတော့....”

“ငါ့အလှည့်ရောက်ပါစေတော့....”

“ငါ့အလှည့်ရောက်ပါစေတော့....”

ဒါလီယာဟာ ဆုတောင်းနေခဲ့မိတယ်။ နာကျင်ခံစားရတာ များလွန်းတဲ့အတွက် ကျဆုံးသွားတဲ့ ကလေးတွေလိုမျိုး သေဆုံးသွားချင်လှပြီ။ ဒါပေမဲ့ စမ်းသပ်မှုတွေနဲ့ ခွဲစိတ်မှုတွေ အဆင့်ဆင့်လုပ်ပြီးတာတောင်မှ ဒါလီယာက အသက်ရှင်နေဆဲပဲ။

အခန်းထဲမှာလူတွေ နည်းသည်ထက်နည်းလာပြီး နောက်ဆုံး သူတစ်ယောက်ပဲကျန်ရစ်တဲ့အထိ သူမသေခဲ့ဘူး။

“ဘာလို့လဲ... ဘာလို့ငါမသေသေးတာလဲ။” မျှော်လင့်ချက်ကင်းမဲ့မှုကြောင့် စကားမပြောနိုင်တော့တဲ့ ဒါလီယာဟာ ဒီအချက်ကိုနားမလည်တော့ဘူး။ အထီးကျန်လွန်းလို့ သေလုမတတ်ဘဲ၊ ဒါပေမဲ့သေမင်းက သူ့ကိုလာမခေါ်ခဲ့ဘူး။

“မဖြစ်နိုင်တာ... တကယ်အောင်မြင်သွားရတယ်လို့။ မင်းလေးက ငါ့ရဲ့အောင်မြင်မှုကြယ်ပွင့်လေးပဲ။ ဟားဟားဟား....”

အဲဒီနေ့က ဂျော်ဒန်ဆိုတဲ့သူက သိပ်ပျော်နေခဲ့တာ။ နောက်တော့ စမ်းသပ်ခန်းတွေကိုခွဲခွာရပြီး အန္တရာယ်များတဲ့ မစ်ရှင်တွေကိုစေလွှတ်ခံရပေမဲ့ အိုလီရာနာစောင့်နေခဲ့တဲ့ သေမင်းကတော့ ရောက်ရှိမလာခဲ့ပါဘူး။

....

ဒါလီယာက ရှေ့ကိုထပ်ကြည့်လိုက်တယ်။ အိုလီရာနာဟာ တိုက်ခိုက်နေဆဲပဲ။ ရန်သူအရေအတွက် များလွန်းပြီး အားလုံးက မာစတာအဆင့်တွေဖြစ်လို့ စွမ်းအားကြီးတဲ့အိုလီရာနာတောင်မှ အကြာကြီးဖက်ပြီး မယှဥ်နိုင်ဘူး။

ဒဏ်ရာတွေပြန်ကောင်းနေပေမဲ့လို့ တန်ပြန် တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးလာပြီဖြစ်ပြီးတော့ မကြာခင်မှာ ရန်သူတွေက အိုလီရာနာကိုဖောက်ထွက်ပြီး သူ့ကိုလာသတ်နိုင်တော့မယ်။

အကြာကြီးစောင့်နေခဲ့တဲ့ သေခြင်းတရားက ရောက်ရှိလာတော့မှာဆိုပေမဲ့...

“အိုလီရာနာ... ဒါလီယာလိုက်မသွားချင်ဘူး....” ဒါလီယာ ရုတ်တရက်ရေရွတ်လိုက်ပြီး ရှေ့ကိုခြေတစ်လှမ်း လှမ်းလိုက်တယ်။ ဒါလီယာက လောကကြီးကိုအဖြူနဲ့အမည်းပဲမြင်ရတယ်ဆိုပေမဲ့ သူ့ရှေ့မှာတောက်ပတဲ့အရာတစ်ခုရှိနေတယ်။

အရောင်မျိုးစုံတောက်ပနေတဲ့ အိုလီရာနာနဲ့စိမ်းလန်းတဲ့ တောအုပ်ကြီးတစ်ခု။ ပြီးတော့ သူ့ရင်ထဲမှာရှိနေတဲ့ နွေးထွေးတဲ့ အယ်မာရဲ့မေတ္တာတရားတွေရောပဲ။

All Chapters