နတ်ဘုရားဘုံ
Vol. 5 Ch. 238
“ အမှောင်ထုဆိုတာ လောကကြီးရဲ့နေရာတိုင်းမှာ ရှိနေတာ။ တစ်ခန်းလုံးကို လင်းထိန်နေအောင် မီးထွန်းထားရင်တောင်မှ အရိပ်ကတော့ရှိနေဦးမှာပဲ။”
နက်ဆန်က ရန်သူ့အင်အားဟာ ပုံမှန်မဟုတ်မှန်း သတိထားမိတဲ့အတွက် လပြည့်ဝန်းမျက်နှာဖုံးကိုတပ် ဓားကိုအသင့်ပြင်ပြီး အာလ္လုင်ကိုစတင် တိုက်ခိုက်တယ်။ အာလ္လုင်က ခုခံနေပေမဲ့လည်း နေကြတ်တဲ့ဖြစ်စဥ်ကြောင့် မှောင်ကျလာတဲ့ ကောင်းကင်ကြီးကို တစ်ချက်တစ်ချက် ကြည့်လို့။
မိုးသားထက်က နေဝန်းကြီးဟာ အနက်ရောင်အရိပ်ကြီး တစ်ခုရဲ့တဖြည်းဖြည်းဝါးမျိုခြင်းကိုခံနေရတယ်။ နော့ခ် လူမျိုးတွေရဲ့ဒဏ္ဍာရီထဲမှာ နတ်ဘုရားတွေရဲ့အဆုံးသတ် အချိန်တန်ရင် စခရိုးဆိုတဲ့ဝံပုလွေကြီးက နေမင်းကြီးကို ဝါးမျိုမယ်။ ကောင်းကင်ကြီးမှောင်မိုက်သွားပြီး မြေကမ္ဘာ တစ်ခုလုံးတုန်ဟီးနေလိမ့်မယ်ဆိုပြီးတော့ပေါ့။
“ဟားဟား... အမှောင်ကြယ်ပီသပါပေတယ်။ ငါ့ကို စိတ်မပျက်စေနဲ့။” နော့ခ်ဒဏ္ဍာရီတွေထဲက အဆုံးသတ် နိမိတ်တစ်ခုပေါ်လာပေမဲ့ အာလ္လုလင်ဂရုမစိုက်ဘူး။ သူဟာ နတ်ဘုရားအကြီးအကဲအိုဒင်မဟုတ်သလို နက်ဆန်ကလည်း ဧရာမဘီဘူးကြီးမဟုတ်ဘူး။
ဒါပေမဲ့....
အခုအချိန်အထိ ထူးမခြားနားစွာရှိနေခဲ့တဲ့ အာလ္လုင်က သူ့လက်နှစ်ဖက်ကို တန်ပြန်တိုက်ခိုက်မယ့်အနေအထား ပြင်လိုက်တယ်။ သူ့ပုံစံက ကျွမ်းကျင်တဲ့ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားလိုမျိုးပဲ။ ဒါပေမဲ့ ပုဆိန်ကို ထုတ်သုံးမယ့် အရိပ်အယောင်တော့ မရှိသေးဘူး။
“လာခဲ့....” အာလ္လုင်က နက်ဆန်ကို လက်ယပ်စိန် ခေါ်တယ်။
နက်ဆန်ကလည်း တစ်မြို့လုံးကိုဖုံးလွှမ်းထားတဲ့ အမှောင်ထုကိုအသုံးချရင်း နေရာတိုင်းကနေ တစ်ပြိုင်နက်တည်းထွက်ပေါ် တိုက်ခိုက်နေတယ်။ အနက်ရောင်ဆေဘာနဲ့လူငယ်က အရပ်မျက်နှာပေါင်းစုံကနေ မဖြစ်နိုင်တဲ့မြန်နှုန်းမျိုးနဲ့ အာလ္လုင်ကို သတ်ဖြတ်ဖို့ကြိုးစားလို့ပေါ့။
“ နှေးသေးတယ်ကွ...” အာလ္လုင်ဆီကနေ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာတယ်။ သူ့ခန္ဓာကိုယ်ကို အပြာရောင် လျှပ်စီးတွေ ဖုံးလွှမ်းသွားပြီး လေထုကိုပေါက်ကွဲ သွားစေပါတယ်။ သူ့မြန်နှုန်းက နက်ဆန့်အရိပ်တွေထက် အဆများစွာပိုမြန်ပြီး မကြာခင်မှာပဲ လိုက်မီလာတယ်။
“မင်းက နေရာတိုင်းမှာရှိနေတာဆိုရင် ငါက နေရာတိုင်းကို လိုက်ထိုးရုံပဲပေါ့။”
ဘုန်း... ဘုန်း... ဘုန်း...
သံမဏိလိုမာကျောတဲ့ အာလ္လုင်ရဲ့လက်သီးက နက်ဆန်ရဲ့အရိပ်ရှိနေတဲ့နေရာတိုင်းကို ထိမှန်သွားပြီး နက်ဆန်ရဲ့တိုက်ကွက်တွေပျက်ပြယ်သွားပြီ။
“မဖြစ်နိုင်တာ....” မိနစ်ပိုင်းအတွင်းမှာပဲ နက်ဆန်က အာလ္လုင်ရှေ့မှာ ဓားကိုမြေပြင်မှာထောက်ပြီး မြေပေါ် ထိုင်လျက်သားပြန်ပေါ်လာတယ်။
“ဟား....”
“သခင်၊ ဂရုစိုက်။” ရုတ်တရက် အာလ္လုင်က နက်ဆန်ရဲ့ မျက်နှာတည့်တည့်ကို လက်သီးနဲ့ထိုးနှက်လိုက်တဲ့ အတွက်ကြောင့် နာတာရှာကသတိပေးလိုက်ပြီး သူ့လေနတ်ဘုရားခန္ဓာကိုယ်ကို နက်ဆန်နဲ့ပေါင်းစပ် စေလိုက်တယ်။ နက်ဆန်က အဲဒီတိုက်ကွက်ကို ရှောင်နိုင်ခဲ့ပေမဲ့ အာလ္လုင်ရဲ့မြန်နှုန်းက အများကြီး မြင့်မားနေသေးတဲ့အတွက်ကြောင့် နက်ဆန်ဟာ ခံစစ်ဘက် ရောက်လို့နေပြန်တယ်။
“စိတ်မရှိပါနဲ့သခင်၊ ကျွန်မက သာမန် အယ်ဒါအဆင့်တွေထဲမှာပဲ အမြန်ဆုံးလို့ ပြောနိုင်သေးတာ။”
နာတာရှာက စွမ်းအားပိုကြီးလာခဲ့ပေမဲ့ အာလ္လုင်နဲ့ တစ်ဆင့်တည်းမဟုတ်တာတော့ သေချာပါတယ်။ နက်ဆန်ကလည်း ခေါင်းခါလိုက်တယ်။
“မဟုတ်ဘူး... ဒီလူက သာမန်ရှေးအယ်ဒါတောင် မဟုတ်လောက်ဘူး။”
နက်ဆန်က သူမြင်ဖူးတဲ့ရှေးအယ်ဒါတွေကိုပြန်ပြီး စဥ်းစားကြည့်တယ်။ ရော့ဝဲလ်က ရှင်းလင်းစွာနဲ့ပဲ အာလ္လုင်နဲ့ပြိုင်ဖက်မဟုတ်ဘူး။ ချောက်ထဲက အရိုးစု နှစ်ခုရဲ့အထွတ်အထိပ်အခြေအနေမှာဆိုရင်တောင် ဒီလူ့ကို အနိုင်ရဖို့မလွယ်သေးဘူး။ အီလက်ထရာကတော့ အဆိပ်အထူးပြုအမျိုးအစားမလို့ အဆင့်တူတွေထဲမှာ တိုက်ပွဲစွမ်းအားသီးသန့်နဲ့ယှဥ်ရင် အနိမ့်ဆုံးပဲ။
“သူက သေချာပေါက် ပီးယပ်နဲ့အဆင့်တူပဲ။” နောက်ထပ် တိုက်ကွက်တစ်ခုကိုရှောင်လိုက်ရင်း နက်ဆန်က ပြောလိုက်ပါပြီ။
ဘုန်း....
ဧရာမသဲလက်ကြီးတစ်ခုက မြေပြင်ကနေထွက်လာပြီး အာလ္လုင်ကို ဖမ်းချုပ်ထားလိုက်တယ်။
“ကျွန်မရှိနေသေးတာမမေ့နဲ့။” ကြောက်ရွံမှုကြောင့် တုန်လှုပ်နေခဲ့တဲ့အယ်မာက မားမားမတ်မတ်ပြန်ရပ်နေပြီ ဖြစ်ပြီးတော့
“ဒီလူဒီနေ့ ဒါလီယာရဲ့အသက်ကိုနှုတ်ယူသွားနိုင်ရင် ကျွန်မတစ်ဘဝလုံး နောင်တရနေတော့မှာ။ ဒါကြောင့်... ဒါကြောင့် ကျေးဇူးပြုပြီးတော့...."
"အထွတ်အမြတ်မှော်ပညာ... ဟီကာခွန်ခရီးစ်...."
ဘုန်း.. ဘုန်း... ဘုန်း.... ဘုန်း....
မြေပြင်တစ်ခုလုံးတုန်ခါလာပြီး မြေကြီးထဲကနေ ဧရာမမြေသားလက်တစ်ရာထွက်ပေါ်လာကာ အာလ္လုင်ကို စတင်တိုက်ခိုက်တယ်။
"ဒီမိန်းမ၊ ရူးနေပြီပဲ.... ဒီမှော်ပညာကို ထောက်ပံပေးနိုင်တဲ့ မှော်စွမ်းအင်မျိုးမင်းမှာမရှိဘူး။" တကယ်လည်း အဲဒီမှော်ဂါထာကိုဖန်တီးပြီးတာနဲ့ အယ်မာက အရုပ်ကြိုးပျက်သလို ပုံကျသွားပြီ။
အာလ္လုင်က သူ့ကိုဖမ်းချုပ်ထားတဲ့ လက်တစ်ဖက်ကို ထိုးနှက်ဖျက်ဆီးလိုက်ပြီး တိုက်ပွဲကိုပြန်အာရုံစိုက်ဖို့ လုပ်ပေမဲ့လည်း လက်တစ်ရာဘီလူးကြီးရဲ့လက်တွေက များလွန်းတယ်လေ။ ပြီးတော့လက်တွေအားလုံးက သူ့ကိုဝိုင်းဝန်းထိုးစစ်ဆင်နေကြတာ။
"သခင်... ကျွန်မတို့သူ့ကိုဆက်ပြီး ဖိအားပေးထားမယ်။ သခင်က တိုက်ပွဲကို အနိုင်ရဖို့အတွက်ကြိုးစားပါ။"
ရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီး နက်ဆန်ရဲ့ အရိပ်ထဲကနေ မော်လီထွက်လာတယ်။ ကြောက်ရွံခြင်း နယ်မြေလည်းသူနဲ့အတူပါလာပြီး အာလ္လုင်အပေါ်မှာ နယ်မြေအစွမ်းသက်ရောက်မှုနည်းပေမဲ့ မရေမတွက်နိုင်တဲ့ မော်လီရဲ့ကြိုးတပ်တံစဥ်တွေ ကြိုးတပ်ဓားမြှောင်တွေက အနှောင့်အယှက်များများ ပေးနိုင်ပါသေးတယ်။
"ဟုတ်ပြီ၊ စိတ်ကိုငြိမ်ငြိမ်ထား။ ဒီပြဿနာကို တစ်ချက်တည်းနဲ့ အပြီးဖြတ်မယ်။ ငါထုတ်ဖော်ဖူးသမျှထဲ အင်အားအကြီးဆုံးနဲ့ အမြန်ဆုံးဓားချက်ကိုသုံးမယ်။"
နက်ဆန်က အသက်ကိုရှုသွင်းလိုက်ပြီး ဓားရိုးပေါ်ကို လက်တင်လိုက်တယ်။ သူ့ရဲ့စိတ်ခွန်အား၊ ခန္ဓာကိုယ်နဲ့ ငယ်သားတွေရဲ့စွမ်းအားတွေကို အထွတ်အထိပ်အထိ မြှင့်တင်ပြီး ပေါင်းစည်းလိုက်တာပေါ့။
....
"ဒါလီယာ... ဒီကိုမလာခဲ့နဲ့...." ဝမ်းဗိုက်က ဒဏ်ရာကို လက်တစ်ဖက်နဲ့ဖိနှိပ်ထားတဲ့ အိုလီရာနာက စိုးရိမ်တကြီး လှမ်းအော်လိုက်တယ်။ ဒါလီယာက တိုက်ပွဲရဲ့အလယ် တည့်တည့်ကိုပြေးဝင်လာနေတာ။
မှော်ဂါထာတချို့ ဒါလီယာဆီကို ဦးတည်ပြီးလာနေတဲ့ အတွက်ကြောင့်မလို့ အိုလီရာနာလည်းပဲပြေးသွားပြီး ကာကွယ်ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက် ကြောင့်နဲ့ပဲ အိုလီရာနာရဲ့ပခုံးမှာဒဏ်ရာတွေ တိုးလာပြီး ပြန်မတိုက်ခိုက်နိုင်တော့ဘူး။
"ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ။"
အိုလီရာနာက ဒါလီယာကိုသူ့ခန္ဓာကိုယ်နဲ့ အပေါ်ကနေ စီးမိုးကာကွယ်ထားလိုက်ရင်း မေးလိုက်တယ်။ အိုလီရာနာက သေဖို့ခဲယဥ်းတဲ့သူတစ်ယောက်ပါ။ အပိုင်းပိုင်းအစစ ဆွဲဖြတ်ခံရရင်တောင်မှပြန်ပြီး အသက်ရှင်လာနိုင်တယ်။ ဒါပေမဲ့ ဒါလီယာကတော့ သေမျိုးလူသားတစ်ယောက်ပဲမဟုတ်လား။
"ဒါလီယာက... သူတို့နဲ့လိုက်မသွားချင်ဘူး။"
"အင်း၊ ငါသိတယ်...."
"အိုလီရာနာလည်း သူတို့နဲ့လိုက်မသွားရဘူးနော်။"
"အင်း၊ ငါသိတယ်..."
"ဒါဆို တစ်သက်လုံး အတူတူနေကြမယ်မဟုတ်လား။"
"....." အိုလီရာနာက ဘာပြောလို့ပြောရမှန်းမသိပေမဲ့ ခေါင်းကိုသာ ညိတ်ပြလိုက်တယ်။ သေလုဆဲဆဲအချိန်မှာ ဦးနောက်က ပုံမှန်လိုမတွေးနိုင်တော့တာကြောင့်လား မသိပေမဲ့လို့ ငိုက်မျဥ်းလာပြီး ဒါလီယာရဲ့နှုတ်ခမ်းကို နမ်းလိုက်မိပြီ။
"ဒါဆိုရင် အတူတူဖြတ်ကျော်ကြရအောင်...."
"အင်း...."
သူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်လိုက်ကြတယ်။ လက်ရွေးစင်တပ်ဖွဲ့တပ်မှူး ဖန်တီးထားခဲ့တဲ့ ဒိုင်မေးရှင်းကလည်းလှုပ်ခါလာတဲ့ အတွက်ကြောင့် တပ်မှူးက အားလုံးကိုသတိပေးလိုက်ပြီ။
"အားလုံးသတိမပေါ့နဲ့၊ အဲဒီကလေးတွေကို အမြန်ရှင်းကြ။"
တစ်ပြိုင်နက်တည်းဆိုသလိုပဲ မာစတာအဆင့်မှော်ဆရာ တစ်ဒါဇင်ကျော်က သူတို့ရဲ့အစွမ်းအထက်ဆုံး မှော်ဂါထာတွေကိုထုတ်လွှတ်လိုက်ကြတော့တယ်။
ကလန်...
မှော်ဂါထာတစ်ခုက တစ်ခုခုရဲ့တားဆီးခြင်းကို ခံလိုက်ရပြီး ပျောက်ကွယ်သွားတယ်။ ပျံသန်းနေတဲ့ ကြည်ပြာရောင် လိပ်ပြာတစ်ကောင်ဖြစ်ပြီးတော့ မှော်မီးလျှံတွေကြားမှာ ဂရုမစိုက်သလိုမျိုး ကခုန်ပျံသန်းလို့။
ဒါပေမဲ့ဒီလိပ်ပြာတစ်ကောင်တည်းသာရှိနေတာ မဟုတ်ဘဲ လိပ်ပြာပေါင်းသိန်းသောင်းချီ သီးသန့် ဒိုင်မေးရှင်းထဲမှာထွက်ပေါ်လာခဲ့တာပါ။ လိပ်ပြာတွေဟာ ကလေးနှစ်ယောက်နားမှာ လှိုင်းလုံးကြီးတွေလိုမျိုး ဝဲပျံနေပြီး မြေပြင်မှာလည်းဖန်တီးခြင်းမြစ်ရေတွေနဲ့ ပြည့်နှံလာခဲ့တယ်။
"မကောင်းတော့ဘူး၊ ဒိုင်မေးရှင်းကြီးက ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့ဘူး။"
တပ်မှူးသတိပြုသွားပေမဲ့ နောက်ကျသွားပြီ။ သူ့လက်ထဲ ကိုင်ဆောင်ထားခဲ့တဲ့ ဒိုင်မေးရှင်းထိန်းချုပ်သေနတ်ဟာ မီးသွေးလိုမည်းနက် လောင်ကျွမ်းသွားပြီး ပြာတွေအဖြစ် ပြောင်းလဲသွားတယ်။
တစ်ဖက်မှာတော့ ဖန်တီးခြင်းမြစ်ရဲ့ဒီရေတွေက သူတို့ဒူးခေါင်းလောက်အထိတက်လာပြီး ပင်လယ်ကြီးရဲ့အလယ်ဗဟိုမှာတော့ ခမ်းနားလှတဲ့ သစ်ပင်ကြီးတစ်ပင် ထိုးထွက်ကြီးထွားလာခဲ့ပါတယ်။ သစ်ပင်ကြီးမှာ သစ်ရွက်တွေ၊ ပန်းတွေ၊ သစ်သီးတွေ သီးပွင့်လာပြီး ပင်လယ်ရေတွေကိုစုပ်ယူနေခဲ့ပေမဲ့ ပင်လယ်ကြီးက ခမ်းသွားရမယ့်အစား ပိုလို့တောင် ကြီးမားလာပါသေးတယ်။
"ဒါလီယာ... ဒါတွေကဘာတွေလဲ..." အိုလီရာနာက သူ့ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကိုမယုံနိုင် ဖြစ်နေပါတယ်။
အခုဒါလီယာနဲ့အိုလီရာနာက သစ်ပင်ကြီးရဲ့ထိပ်ပိုင်း အကိုင်းအခက်တွေကြားထဲမှာရပ်နေပြီး ဒဏ္ဍာရီတွေထဲ တွေ့နေမြင်နေကျ ဖန်ဆင်းခြင်းအချိန်ကာလတစ်ခုကို မြင်နေရသလိုမျိုး ခံစားရတယ်။
ဒါလီယာကတော့ ပင်လယ်ပြင်ကြီးကို လက်ညိုးထိုးပြီး "အဲဒီပင်လယ်ကြီးက ဒါလီယာ။ ဒါလီယာ့မှာ အိုလီရာနာကို ပေးဖို့အတွက် မကုန်ဆုံးနိုင်တဲ့အချစ်တွေအများကြီး ရှိနေတယ်။"
"သစ်ပင်ကြီးကတော့ အိုလီရာနာပေါ့။ အိုလီရာနာက ဒါလီယာရဲ့အချစ်တွေကြောင့် ကမ္ဘာလောကကြီးကို အုပ်မိုးထားနိုင်မယ့် ကမ္ဘာဦးသစ်ပင်ကြီးဖြစ်လာမှာ။"
"လိပ်ပြာတွေကတော့ ဒါလီယာရဲ့သူငယ်ချင်းတွေပဲ။ သူတို့က ဒါလီယာတို့ကိုအထီးမကျန်အောင် လာနေပေးကြတာ။"
ဒီမြင်ကွင်းက သိပ်ကိုခမ်းနားလွန်းတယ်။ အိုလီရာနာ သတိထားမိသလောက် ဒါလီယာရဲ့ဒိုင်မေးရှင်းကြီးရဲ့ အကျယ်အဝန်းက မခန့်မှန်းနိုင်လောက်အောင်ကျယ်ပြီး ကမ္ဘာလောကကြီးတစ်ခုလိုဖြစ်နေပြီ။ ဒီသစ်ပင်ကြီး ဆိုရင်လည်းပဲတောင်ကြီးတစ်ခုလိုဖြစ်နေတာ။ အသီးတွေအပွင့်တွေတောင် အိမ်တစ်လုံးလောက်ပဲ။
ဒါဟာ ဒါလီယာလုပ်နေကျ ပုံတူကူးခြင်းမဟုတ်ဘဲ တကယ့်ဒိုင်မေးရှင်းတစ်ခုကို အစအဆုံး ဖန်တီးလိုက်တာပါပဲ။
"အား....."
ဒါလီယာက အိုလီရာနာနဲ့စကားပြောနေတဲ့အချိန်မှာပဲ လက်ရွေးစင်တပ်ဖွဲ့ကတော့ တိုက်ခိုက်ခံနေရပါတယ်။ လူတစ်ကိုယ်စာလောက်ရှိတဲ့ လိပ်ပြာကြီးတွေက သူတို့အဖို့လှပမနေဘဲ သေမင်းတမန်တွေသာ ဖြစ်နေခဲ့ပါတယ်။ ဘယ်လိုခုခံခုခံအရာမထင်ဘဲ အားလုံးသေဆုံးကုန်ကြတာပေါ့။
"အိုလီရာနာ... ငါနဲ့အတူတူ၊ ဒီနေရာမှာ အတူနေမယ် မဟုတ်လားဟင်။" ဒါလီယာက အိုလီရာနာကို ထပ်မေးလိုက်ပြန်တယ်။
ဒီတစ်ခါတော့ အိုလီရာနာက တိုက်ရိုက်ကြီး ပြန်မဖြေခဲ့ဘူး။ အဲဒီအစား သူကတန်ပြန်ပြီး ပြောလိုက်တယ်။
"အရင်ဆုံး၊ အပြင်ထွက်ရအောင်။ သခင်နဲ့အယ်မာလည်း ငါတို့ကိုစိုးရိမ်နေလောက်ပြီ။"
"အင်း...." ဒါလီယာက အိုလီရာနာရဲ့စကားကို မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်က ဒိုင်မေးရှင်းအတုရဲ့အပြင်ကို ထွက်လိုက်ကြလေရဲ့။
...
ကလန်....
နက်ဆန်ရဲ့ဓားက အာလ္လုင်ရဲ့လက်နှစ်ချောင်းကြားထဲ ညှပ်ဖမ်းခံလိုက်ရပြီး ဆက်မတိုးတော့ဘူး။ အများဆုံးဆိုလို့ အာလ္လုင်ရဲ့မျက်နှာဖုံးကွဲသွားပြီး အရိုးပေါ်အရေတင်နေတဲ့ သေတာလည်းမဟုတ် ရှင်တာလည်းမဟုတ်တဲ့လူတစ်ယောက်ရဲ့မျက်နှာကို မြင်လိုက်ရတာပဲ။
"ခင်... ခင်ဗျားခန္ဓာကိုယ်က...." နက်ဆန်က မယုံနိုင်စွာ ပြောလိုက်တယ်။ အာလ္လုင်ကတော့ ဂရုမစိုက်တဲ့ပုံစံနဲ့
"မင်းစွမ်းအားက ဒီလောက်ပဲလား။" ဆိုတဲ့စကားနဲ့အတူ နက်ဆန်ကိုကန်ထုတ်လိုက်တယ်။
အဲဒီနောက်တော့ တက်ရှီဒိုအင်္ကျီကို ပြင်ဝတ်လိုက်ပြီး မြေပြင်ပေါ်ကနေ ပျံတက်လိုက်တယ်။ "အဲဒီကလေးမက ငါထင်ထားတာထက်ပိုပြီး လုပ်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ အဲဒါကိုက မလိုလားအပ်တဲ့လူတွေရဲ့အာရုံကို ဖမ်းမိလိုက်ပြီ။ အဲဒီနတ်ဘုရားဘုံကလူတွေက သူတို့ပွဲကိုဖျက်ဆီးမယ့်အရာမျိုးကို လူ့ပြည်မှာ မထားတတ်ကြဘူး။ နှမျောစရာပဲ... နှမျောစရာပဲ။"
အဲဒီနောက်တော့ အာလ္လင်က ထပ်ရှင်းမပြတော့ဘဲ ထွက်ခွာသွားတာပေါ့။ နက်ဆန်ကတော့ အာလ္လုင်ရဲ့ ခန္ဓာကိုယ်အခြေအနေကို နားမလည်နိုင်လောက်အောင် ဖြစ်လို့ပေါ့။
"အဲဒီလူရဲ့ခန္ဓာကိုယ်က...."
"ကျိန်စာပဲ၊ နတ်ဘုရားတွေရဲ့ကျိန်စာပဲ။ သူသနားမိခဲ့တဲ့ အရာတစ်ခုအတိုင်းဖြစ်သွားအောင် သူ့ကိုလုပ်ခဲ့တာ။" ဘေးမှာရှိနေတဲ့ အယ်မာက နက်ဆန်ကို ရှင်းပြလိုက်တယ်။
ဒါပေမဲ့ သူတို့စကားဝိုင်းက အနီးဝန်းကျင်ကနေ ထွက်လာတဲ့အသံတစ်ခုကြောင့် ပြတ်သွားပြီး နက်ဆန်က အသံလာရာကို ပြေးသွားလိုက်တယ်။
"ဒါလီယာ...." အခုအိုလီရာနာက ကောင်းကင်ပေါ်ကို မော့ကြည့်နေပြီး အကြီးအကျယ်အော်ဟစ်နေတယ်။ နက်ဆန်လည်းတစ်ခုခုမှားနေတာကို သတိထားမိပြီး ကြည့်လိုက်မိတဲ့အခါမှာတော့ ကောင်းကင်မှာ အက်ကွဲကြောင်းကြီးတစ်ခုရှိနေပြီး မျက်လုံးကြီးတစ်လုံးက သူတို့ကိုကြည့်နေခဲ့တာပါပဲ။ အဲဒီနောက်အဲဒီမျက်လုံးကြီး ပြန်ပိတ်သွားပြီး အားလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။
"အိုလီရာနာ၊ မလန့်နဲ့။ ဘာဖြစ်သွားတာလဲ။ ငါ့ကို ဖြည်းဖြည်းချင်းရှင်းပြ..."
အိုလီရာနာ စိတ်ငြိမ်သွားပြီးနောက်မှာတော့ နက်ဆန်က အိုလီရာနာရဲ့ပခုံးကိုဆုပ်ကိုင်ပြီး မေးလိုက်တယ်။ အိုလီရာနာက တုန်လှုပ်နေတဲ့သူ့ရင်ဘတ်ကို ဖိထားရင်း
"သခင်၊ ကျွန်မတို့ EUOC အဖွဲ့ဝင်တွေကို အနိုင်ယူပြီး ပြန်ထွက်လာတော့ ကောင်းကင်ကြီးပေါ်ကနေ ရွှေရောင် လက်ကြီးတစ်ဖက်ကျလာပြီး ဒါလီယာကို ဖမ်းခေါ်သွားတာပါ။"
နက်ဆန်က နှုတ်ခမ်းကိုဖိကိုက်ထားမိလိုက်တယ်။ ဒီအရာတွေအားလုံးက တစ်ခုနဲ့တစ်ခုဆက်စပ်နေပေမဲ့ ဘယ်လိုဆက်စပ်နေလဲ သူမသိဘူးဖြစ်နေပါတယ်။ ကြယ် နှစ်လုံးရဲ့ဟောကိန်း၊ ရိုမြူလက်ဘုရားကျောင်းက ငရဲတံခါးဖွင့်ဖို့ကြိုးစားတာအပြင် အခုဆိုရင် နတ်ဘုရားဘုံက နတ်ဘုရားတွေရဲ့ပါဝင်စွက်ဖက်မှုပါ ရှိလာနေပြီ။
"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ငါတို့ လုပ်နေတာတွေက အဓိပ္ပါယ်ရောရှိသေးရဲ့လား။"