လဆန်းရက်၏ မြူးကြွသော ပိုးဖလံများ
Vol. 4 Ch. 31
“အို…. မွှေးလိုက်တာမှ လွန်ရော”
အိမ်မကြီး၏ တံခါးချပ်များ ပွင့်ဟသွားပြီးနောက် ပိုးသားညအိပ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကူချိုင်ယီတစ်ယောက် အံ့သြတသစွာ ရေရွတ်ရင်း ထွက်ပေါ်လာသည်။
သူမရှေ့တည့်တည့် တံခါးဝတွင်မူ လော့ချန်တစ်ယောက် ကြွေပန်းကန်လုံးကို ကိုင်ကာ ဝိညာဉ်ထမင်းဟင်း များကို အားပါးတရ စားသောက်နေသည်။
စားချင်စဖွယ် ကောင်းလှသည့် အမဲသားတုံးကြီးများမှာ ထမင်းပန်းကန်လုံးထဲတွင် အပြည့်ရှိနေကြသည်။
“ဒါ ရှင် ကိုယ်တိုင် ချက်ထားတာလား"
ထိုအမျိုးသမီးမှာ အနားသို့ လျှောက်လာပြီး အမဲသားတုံးများဆီသို့သာ မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို မြင်သောအခါ လော့ချန် အားနာနာနှင့်ပင် ကမ်းလှမ်းလိုက်ရသည်။
“တစ်တုံးလောက် မြည်းကြည့်မလားဗျ"
“ကောင်းသားပဲ"
ဟာ.... ဒီမိန်းကလေး တကယ်ကို အားမနာတတ်ပါလား.…။
လော့ချန်တစ်ယောက် ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသည့်အတွက် မိမိကိုယ်ကိုယ် ဆုချရန် အမဲသားကို ပိုဝယ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုမူ သူမ၏ ပါးစပ်ထဲသို့ အကုန် ရောက်ရှိသွားလေပြီ။ ချီသန့်စင် အဆင့် ၈ ရှိသူ ဖြစ်နေသဖြင့် သူ ဘာမျှ ပြန်မပြောဝံ့ချေ။
ကိုယ့်ဘာသာ ကမ်းလှမ်းမိတဲ့ ပါးစပ်ကိုပဲ အပြစ်တင်ရတော့မှာပေါ့….။
“အင်း.... နူးညံ့ပြီး အရသာရှိလိုက်တာ၊ စပ်စပ်လေးနဲ့ ဆေးမြစ်နံ့ သင်းသင်းလေးက အသားထဲအထိ စိမ့်ဝင်နေတာပဲ၊ ချီစွမ်းအားလည်း အပြည့်ပါတာပဲ”
ကူချိုင်ယီတစ်ယောက် မျက်လုံးလေးမှိတ်ကာ အမဲသားတုံးကို အရသာခံရင်း မျိုချလိုက်သည်။
“ရှင် ဒီလောက် တော်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး၊ ရှင့်လက်ရာက ကျွန်မတို့ ထျန်းရှန်းမျှော်စင်က စားတော်ကဲတွေထက် အများကြီး သာသလို ခေါင်းလောင်းရွှေအိုးရိပ်မြုံက စားတော်ကဲတွေနဲ့တောင် ယှဉ်လို့ရတယ်”
ချီးမွမ်းစကား အချို့ပြောပြီးနောက် လော့ချန်က သူမ ထပ်တောင်းမည်စိုး၍ အစားကို အလျင်အမြန် ခပ်စားနေသည်ကို သူမ သတိပြုမိသွားသည်။
သူမ ရယ်လည်းရယ်ချင်၊ စိတ်လည်း အနည်းငယ်တိုသွားကာ လော့ချန်၏ ခေါင်းကို တစ်ချက် ခေါက်လိုက်သည်။
“အမဲသားတစ်တုံး စားမိတာကို ဒီလောက်တောင် ဖြစ်နေရလား”
ဂလု….
“ဗိုက်ဆာလို့ပါ မိန်းကလေးချိုင်ယီရယ်၊ တလွဲ မတွေးပါနဲ့”
ကူချိုင်ယီက သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
“ရှင်ကျွေးတဲ့ အမဲသား ကျွန်မ အလကား မစားပါဘူး၊ ရှင်သိချင်တာကို ကျွန်မ စုံစမ်းကြည့်ပြီးပြီ၊ ဒီတာဟဲစျေးမြို့တော်ရဲ့ ယင်ဓာတ်က အစီအရင်ထဲကနေ စိမ့်ထွက်လာတာပဲ ရှိတာ၊ အကြာကြီး မနေရင် ဘာမှမဖြစ်ပါဘူး”
“ဘယ်လောက်ကြာရင် အကြာကြီးလဲ"
လော့ချန်က စိုးရိမ်တကြီး မေးလိုက်သည်။
“အနည်းဆုံး တစ်လလောက် အခန်းထဲက အပြင်မထွက်ဘဲ အောင်းနေမှပါ”
ထိုအခါမှ လော့ချန် သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။
မနေ့ည စောင်အထပ်ထပ်ခြုံပြီး အိပ်ခဲ့ရစဉ်က စိတ်ထဲတွင် တထင့်ထင့် ဖြစ်နေခဲ့သည်။ ကျင့်ကြံခြင်းဟူသည်မှာ ခက်ခဲလှသည်ဖြစ်ရာ၊ အကယ်၍ သူ၏ အခြေခံသာ ယင်ဓာတ်ကြောင့် ပျက်စီးသွားမည်ဆိုပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
လော့ချန် စိတ်ပေါ့ပါးသွားသဖြင့် ထမင်းစားသည့် အရှိန်ကို လျှော့ချလိုက်ပြီး၊ ကူချိုင်ယီ၏ လှပကျော့ရှင်းသော ကိုယ်ဟန်ကို ငေးကြည့်ရန် အချိန်ရသွားသည်။
သူမသည် ချီစွမ်းအားဖြင့် ရေတွင်းထဲမှ ရေတစ်ပုံးကို ခပ်ယူလိုက်ပြီး မျက်နှာကို သစ်လိုက်သည်။ မော့ကြည့်လိုက်သောအခါ သူမ၏ မျက်နှာပေါ်မှ ရေစက်ကလေးများသည် နေရောင်အောက်တွင် သက်တန့်ရောင်စဉ်များကဲ့သို့ လှပနေလေသည်။
“လှလား"
“တကယ် လှတယ်"
“ဟီးဟီး….”
စကားလုံး ကြွယ်ဝမှုမရှိသော လော့ချန်သည် ထိုကြည်လင်ပြတ်သားသော ရယ်သံလွင်လွင်လေးကို ကြက်မများ ဥ ဥသည့်အခါ ထွက်ပေါ်လာသော အသံကဲ့သို့ပင် အသည်းယားစရာ ကောင်းလှသည်ဟုသာ ဖော်ပြနိုင်စွမ်းရှိပေသည်။
ကူချိုင်ယီတစ်ယောက် ခြံဝင်းအတွင်းရှိ သစ်ပင်အောက် ဒန်းပေါ်တွင် ထိုင်လိုက်သည်။ ရုတ်တရက် သူမ၏ မျက်နှာ အနည်းငယ် မှိုင်းညို့သွားကာ ရေရွတ်လိုက်သည်။
“လူတိုင်းက ကျွန်မကို လှတယ်လို့ ပြောကြပေမဲ့၊ ပိုးပန်းပင်ဂိုဏ်း ဝင်ခွင့်သတ်မှတ်ချက် တွေနဲ့တော့ မကိုက်ညီဘူးတဲ့”
“ပိုးပန်းပင်ဂိုဏ်းရဲ့ ဝင်ခွင့်သတ်မှတ်ချက်က ဘာများလဲ၊ ဂိုဏ်းတွေဆိုတာ အသက်နဲ့ ဝိညာဉ်အမြစ်ကိုပဲ ကြည့်တာ မဟုတ်ဘူးလား....”
ကူချိုင်ယီ ထပ်မံ၍ ရှင်းမပြတော့ပေ။ ကလေးစီး ဒန်းလေးပေါ်တွင် ထိုင်လိုက်သည့်အခါ သူမ၏ တင်ပါးဆုံမှာ ထိုင်ခုံနှင့် တင်းကျပ်စွာ ကပ်နေပြီး၊ ကောက်ကြောင်းအလှမှာ ပို၍ပင် ထင်ရှားလာသည်။
ဒန်းလေးမှာ အသာအယာ လှုပ်ရှားနေပြီး၊ မိတ်ကပ်မပါသော မျက်နှာလေးဖြင့် ကောင်းကင်ကြီးကို ငေးကြည့်နေသည့် သူမပုံစံမှာ လွမ်းဆွေးစရာပင် ကောင်းနေတော့သည်။
ကူချိုင်ယီမှာ ပိုင်မေလင်း သို့မဟုတ် ဖုန်းရှ တို့နှင့် မတူကြောင်း လော့ချန် သဘောပေါက်လိုက်သည်။ သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့်ကို အသေအလဲ လိုချင်နေသည့် ကျင့်ကြံသူများနှင့် တူလှသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများအကြား ထိုသို့သောသူများမှာ သာမန်ကာလျှံကာ တွေ့နိုင်သလို၊ အမှန်ပင် ရှားပါးလှသူများလည်း ဖြစ်သည်။
အများစုမှာ ခက်ခဲလှသော လူနေမှုဘဝတွင် တဖြည်းဖြည်း အရှုံးပေးလိုက်ကြပြီး၊ နေ့စဉ် ရှင်သန်ရပ်တည်ရေးအတွက်သာ လုံးပန်းနေကြရသည်။
ထိုသို့ ရုန်းကန်နေရသည့်ကြားတွင် သူတို့၏ မူလရည်မှန်းချက်ဖြစ်သော မဟာတာအိုရှာဖွေခြင်းနှင့် အခြေခံတည်ဆောက်ခြင်းတို့ကို မေ့လျော့သွားကြစမြဲ ဖြစ်သည်။
လော့ချန်သည်လည်း မိမိကိုယ်ကိုယ် သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ထားသော်လည်း၊ ဆေးဖော်စပ်ခြင်းဖြင့် ဝိညာဉ်ကျောက်များ ရှာဖွေနေခြင်းမှာ ချမ်းသာကြွယ်ဝရန်အတွက် မဟုတ်ဘဲ၊ ထာဝရအသက်ကို ရရှိစေမည့် အရင်းအမြစ်များအတွက်သာ ဖြစ်ကြောင်း မိမိကိုယ်ကိုယ် အမြဲ သတိပေးနေသူ ဖြစ်သည်။
“ဒီမနက် ဘယ်အချိန် ပြန်ရောက်တာလဲ၊ ကျွန်တော် ဘာသံမှ မကြားလိုက်ဘူး”
“မနေ့ညက ကျား အချိန် လောက်မှာ ပြန်ရောက်တာ”
ကျားအချိန် ဆိုသည်မှာ နံနက် ၃ နာရီမှ ၅ နာရီကြား ဖြစ်သည်။ သူမ ပုံမှန်ပြန်လာတတ်သည့် ယုန် အချိန်နှင့် ယှဉ်လျှင် ၂ နာရီခန့် စောနေသည်။ ထို့ကြောင့်လည်း သူ ဘာသံမှ မကြားလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဒီလဆန်း နှစ်လကတော့ ဒီလိုပါပဲ၊ အဲဒီ ပိုးဖလံ တွေက ဘာဖြစ်နေကြလဲ မသိဘူး၊ လဆန်းပိုင်းဆိုရင် ပိုပြီးတော့ ကြွနေကြတာ၊ ထျန်းရှန်းမျှော်စင်ကို အုန်းအုန်းကျွတ်ကျွတ် လာနေကြတယ်လေ”
ပိုးဖလံတွေ.... သူမ ဆိုလိုတာက ဧည့်သည်တွေကို ဖြစ်မှာပဲ.…။
"ပြီးတော့ နှစ်ရက် သုံးရက်နေရင်တော့ ဝိညာဉ်ကျောက်ကုန်သွားလို့လား ဒါမှမဟုတ် အားကုန်သွားလို့လား မသိဘူး၊ အမြီးကုပ်ပြီး ပြန်သွားကြတာပဲ"
လဆန်းပိုင်း ဆိုပါလား....။
လော့ချန် တစ်ခုခုကို သဘောပေါက်သွားပြီး ကူချိုင်ယီဆီမှ မျက်နှာကို အလိုအလျောက် လွှဲလိုက်မိသည်။
“တကယ်တော့ ကပြဖျော်ဖြေရတဲ့ ကျွန်မတို့က သက်သာပါသေးတယ်၊ ကိုယ်ကို ရောင်းစားရတဲ့ ညီမလေးတွေဆိုရင် ပိုပင်ပန်းရှာတယ်၊ သူတို့က လဆန်းပိုင်းမှာ အလုပ်အရမ်းများလို့ ပင်ပန်းနေကြပြီ၊ ဒါကြောင့် နားရက်တွေကို ပြန်ညှိပေးဖို့ မေမေကြီးကို တောင်းဆိုနေကြတယ်”
လော့ချန်တစ်ယောက် အနေရခက်စွာဖြင့် ပန်းကန်ထဲတွင် ကျန်ရှိနေသော ထမင်းစေ့အချို့ကိုသာ တစ်စေ့ချင်းစီ လိုက်ကောက်နေတော့သည်။
“သေချာတာကတော့ အဲ့ဒီညီမလေးတွေက ပိုက်ဆံလည်း ပိုရကြတာပေါ့၊ အချို့ဆိုရင် ပိုက်ဆံစုပြီး တခြားမြို့ကို ပြောင်းသွားမယ်၊ ပြီးရင် ရိုးသားတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ စီစဉ်နေကြတာ၊ သူတို့က ဝိညာဉ်အမြစ်ပါတဲ့ ကလေးတစ်ယောက် မွေးချင်ကြတယ်၊ အဲ့ဒီကလေးက တစ်နေ့ကျရင် ဂိုဏ်းကြီးတွေထဲ ရောက်ပြီး အခြေခံတည်ဆောက်ခြင်း ဒါမှမဟုတ် ရွှေအမြုတေ အဆင့်အထိ ရောက်ဖို့ မျှော်လင့်နေကြတာ”
လော့ချန်တစ်ယောက် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်တွင် စက်ဝိုင်းများ ဆွဲနေမိသည်။
“ရှင် ဘာလို့ တိတ်ဆိတ်နေတာလဲ၊ ထျန်းရှန်းမျှော်စင် အကြောင်း ကြားရတာ မကြိုက်ဘူးလား"
ကူချိုင်ယီက သူ့အား ရုတ်တရက် လှည့်ကြည့်လာသည်။
လော့ချန် လက်ကို အမြန်ခါပြလိုက်သည်။
"မဟုတ်ပါဘူး…. ကျွန်တော်က အဲဒီလောကအကြောင်း ဘာမှ မသိလို့ ဘာပြန်ပြောရမှန်း မသိတာပါ"
“ဖြစ်ရမယ်.... ရှင်ကတော့"
ကူချိုင်ယီက ရယ်မောရင်း စနောက်လိုက်ပြီးမှ အကြံပေးစကား ဆိုသည်။
“တကယ်လို့ ရှင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းချင်တယ် ဆိုရင် အဲ့ဒီ အနှစ်သာရ တွေကို ကြိုတင်ပြီး မဖြုန်းတီးမိစေနဲ့နော်”
လော့ချန် ခေါင်းညိတ်လိုက်သည်။
သူသည် ဤအချက်ကို အတော်အသင့် သိရှိထားပြီးသား ဖြစ်သည်။ ကျင့်စဉ်အများစုတွင် ချီသန့်စင်အဆင့်၌ ကျင့်ကြံသူတို့၏ အနှစ်သာရကို ဂရုတစိုက် ထိန်းသိမ်းရန် ကန့်သတ်ချက်များ ရှိတတ်ကြသည်။ နွေဦးကျင့်စဉ်ထဲတွင်လည်း ထိုသို့သော သတိပေးချက်များ ပါဝင်နေသည်။
“ဒါနဲ့…. မေးစရာလေး တစ်ခုရှိလို့ပါ”
လော့ချန် အနေရခက်စွာ မေးလိုက်သည်။
“အတွင်းမြို့မှာ ကျင့်ကြံသူတွေက မှော်အတတ်တွေကို ဘယ်လို လေ့ကျင့်ကြလဲ"
ကူချိုင်ယီက သူ့အား ထူးဆန်းသလို ကြည့်လိုက်သည်။
“ဒီတိုင်း လေ့ကျင့်တာပေါ့.... ဘာခက်လို့လဲ"
"မဟုတ်ဘူးလေ…. ကျွန်တော်ပြောတာက ခဏခဏ ထုတ်လွှတ်ပြီး ကျွမ်းကျင်အောင် လုပ်ရမယ့် အတတ်တွေကို ပြောတာ၊ ဥပမာ- မီးလုံးအတတ်တို့၊ ဓားအတတ်တို့လိုမျိုး အပြင်းစား တိုက်ခိုက်မှုတွေကို ပြောတာ၊ ဒီမှာက နေရာကျဉ်းတဲ့အပြင် လူတွေကိုလည်း အနှောင့်အယှက် ဖြစ်မှာစိုးလို့"
“အတွင်းမြို့မှာ တိုက်ခိုက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတာလေ၊ ရှင်က ဘာလို့ အဲ့ဒီမှော်တွေကို သင်ချင်နေတာလဲ၊ ရှင့်ရဲ့ ချီစွမ်းအားကို ပြည့်နေအောင် ထိန်းထားပြီး ကျင့်စဉ်တိုးတက်ဖို့ပဲ အာရုံစိုက်သင့်တာ မဟုတ်ဘူးလား" ဟု ကူချိုင်ယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
လော့ချန် ပို၍ပင် အံ့သြသွားသည်။
"မှော်အတတ်နဲ့ ဝိညာဉ်လက်နက်တွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲလေ၊ ဒါတွေကို ကျွမ်းကျင်အောင် လုပ်ထားရမှာ မဟုတ်ဘူးလား၊ ပြီးတော့ မြို့ထဲကလည်း လုံခြုံလှတယ်လို့ မပြောနိုင်ဘူးလေ"
“အင်းပါ၊ ဒါလည်း ဟုတ်တာပဲ၊ နှစ်တိုင်းမှာ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ စည်းမျဉ်းတွေကို စိန်ခေါ်တဲ့ လူမိုက် တစ်ယောက် နှစ်ယောက်တော့ အမြဲရှိတတ်တာဆိုတော့ လုံးဝကြီးတော့ ဘေးမကင်းပါဘူး”
ကူချိုင်ယီက ပုခုံးတွန့်ကာ ဆက်ပြောလိုက်သည်။
“ကျွန်မ သိသလောက်တော့ မြို့ထဲက ကျင့်ကြံသူတွေက အစွမ်းထက်တဲ့ အတတ်တွေကို လေ့ကျင့်ချင်ရင် မြို့ပြင်က တောတောင်တွေဆီ သွားကြတယ်၊ ဒါမှမဟုတ် ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ တိုက်ပွဲစင်မြင့်ကို သွားကြတယ်”
“တိုက်ပွဲစင်မြင့် ဟုတ်လား"
“ဟုတ်တယ်၊ ဒါပေမဲ့ အခကြေးငွေ ပေးရတယ်၊ တစ်ခါသွားရင် ဝိညာဉ်ကျောက်တစ်တုံးကနေ စတာ၊ တကယ်လို့ လေ့ကျင့်ဖော် လိုချင်ရင်တော့ အဲဒီဈေးထက် အဆတစ်ရာလောက် ပိုပေးရမယ်”
လော့ချန်၏ မျက်တောင်များ လှုပ်ခတ်သွားသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းက ပိုက်ဆံရှာတဲ့ နေရာမှာ တော်တော် ဆရာကျတာပဲ....။
လော့ချန်၏ ငွေရေးကြေးရေး အခက်အခဲကို သိမြင်သွားသဖြင့် ကူချိုင်ယီက အခြားအကြံတစ်ခု ပေးလိုက်သည်။
“ဒီအိမ်ဝင်းက နေ့ခင်းဘက်ဆိုရင် အမြဲတမ်း လူရှင်းတယ်၊ ရှင့်ဘာသာ ခြံထောင့်တစ်နေရာမှာ သွားလေ့ကျင့်ပေါ့၊ ဒါပေမဲ့ အဘိုးစွန်း မသိအောင် မြေကြီးတွေကိုတော့ ပြန်ဖုံးထားဖို့ မမေ့နဲ့ဦး”