← Chapters

ဒီအရာနဲ့ ဆေးဖော်လို့ ရတယ်ပေါ့လေ.…

Vol. 4 Ch. 32

ဒီအရာနဲ့ ဆေးဖော်လို့ ရတယ်ပေါ့လေ.…

Vol. 4 Ch. 32

အပြင်မြို့၏ အနောက်တောင်ဘက် ထောင့်စွန်းအရပ်တွင် ဖြစ်သည်။

လပြည်ညတောင်တန်းနှင့် အနီးဆုံးနေရာ ဖြစ်သဖြင့် ဤနေရာတွင် နေထိုင်သူ အလွန်နည်းပါးလှသည်။

အကြောင်းရင်းမှာ လပြည့်ညတောင်တန်း၏ အဓိကသခင်ဖြစ်သော မြေခွေးမျိုးနွယ်စုများမှာ လေအလား လျင်မြန်ဖြတ်လတ်ပြီး သွေးဆာရက်စက်တတ်သောကြောင့်ပင်။

အဆင့်မြင့်မြေခွေးမိစ္ဆာများမှာ တာဟဲစျေးမြို့တော်ကို ကာကွယ်ထားသော အစီအရင်များကို ကြောက်လန့်၍ မချဉ်းကပ်ရဲကြသော်လည်း၊ အသိဉာဏ်မပွင့်သေးသော သာမန်မြေခွေးမိစ္ဆာ အချို့မှာမူ တစ်ခါတစ်ရံတွင် ဤဘက်သို့ ကျူးကျော်ဝင်ရောက်လာတတ်သည်။

ထို့ကြောင့်ပင် လော့ချန်သည် ဤအရပ်၌ နေထိုင်စဉ်က ချီစွမ်းအားကို စည်းမဲ့ကမ်းမဲ့ မဖြုန်းတီးရဲဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ရန်အတွက် အမြဲ အရန်စွမ်းအင် ချန်ထားလေ့ရှိသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူ အနည်းငယ်သာ လာတတ်သော ဤအရပ်သို့ ယနေ့တွင်မူ လူအုပ်ကြီးတစ်စု မမျှော်လင့်ဘဲ စုဝေးရောက်ရှိနေကြသည်။ ထိုလူအုပ်၏ ရှေ့ဆုံးတွင် ရပ်နေသူမှာ အရပ်ပုပု ကြံ့ခိုင်သော ကိုယ်လုံးရှိသည့် ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး၊ သူ၏ ရင့်ကျက်သော မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။

“ဒီနေရာဆိုတာ သေချာလား"

“ဒုတိယအစ်ကိုကောင်း၊ ကျွန်တော်တို့ရဲ့ အနံ့ခံသံလိုက်အိမ်မြှောင်ရဲ့ ညွှန်ပြချက်အရ ဒီနေရာမှာ ကျန်ရစ်ခဲ့တဲ့ အငွေ့အသက်တွေက အများဆုံးပဲ၊ ထင်အယ်က ဒီမှာ အတော်ကြာကြာ ရှိနေခဲ့ပုံရတယ်”

တာကျန်းဂိုဏ်းသည် ဖိုရှန်းဂိုဏ်း၏ ဌာနခွဲ ခုနစ်ခုကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်မှာ ငါးရက် ခြောက်ရက်ခန့် ရှိခဲ့ပြီဖြစ်သည်။

ထိုတိုက်ပွဲတွင် ဖိုရှန်းဂိုဏ်းမှာ အထိနာခဲ့သော်လည်း၊ တောင်တန်းအတွင်း၌ တာကျန်းဂိုဏ်းဘက်မှ ဆုံးရှုံးခဲ့ရသော လူအင်အားနှင့် နှိုင်းယှဉ်လျှင် နှစ်ဖက်စလုံး၏ ထိခိုက်မှုမှာ တူညီနေသည်ဟု ဆိုရမည်။

အကယ်၍ ဤတိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေပါက ဝမ်းစာအတွက် ဂိုဏ်းဝင်ခဲ့ကြသော တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် သည်းခံနိုင်စရာ မရှိတော့ပေ။ ဂိုဏ်းများတွင် ထိုကဲ့သို့သောသူများမှာ အများစုဖြစ်သဖြင့် ဖိုရှန်းဂိုဏ်း၏ ဂိုဏ်းချုပ် မီရှုဟွာက ငြိမ်းချမ်းရေးအတွက် စတင်ကမ်းလှမ်းခဲ့သည်။

နောက်ဆုံး ရလဒ်ကို မသိရသေးသော်လည်း အနည်းဆုံး ကာလတိုအတွင်း အကြီးအကျယ် တိုက်ခိုက်မှုများ ဖြစ်လာတော့မည် မဟုတ်ပေ။

တာကျန်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်သူ ကောင်းထင်ယွမ် သည်လည်း ယခုမှပင် သူ၏ အလေအလွင့် ညီငယ်ဖြစ်သူ ကောင်းထင်အယ်၏ ကိစ္စကို ကိုင်တွယ်ရန် အချိန်ရတော့သည်။

ကောင်းထင်အယ် ပျောက်ဆုံးနေသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ချီသန့်စင် အလယ်အလတ်အဆင့်ရှိသူတစ်ဦးသည် အပြင်မြို့တွင် ဘာသံမှမပေးဘဲ ရက်အတော်ကြာ ပျောက်နေခြင်းမှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့ပေ။

ကောင်းထင်ယွမ်မှာ စိုးရိမ်တကြီးဖြင့် ဂိုဏ်းအတွင်းရှိ ခြေရာခံကျွမ်းကျင်သူကို ခေါ်ယူကာ ညီဖြစ်သူ၏ နောက်ဆုံးနေရာကို လိုက်လံရှာဖွေခဲ့ရင်း နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကောင်းထင်ယွမ်သည် မည်းတူးနေသော မြေပြင်နှင့် ပြာပုံအတိ ဖြစ်နေသော အနီးနားရှိ အိမ်ပျက်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ ဤနေရာ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားလှသည်။

ထို့အပြင် ဤကဲ့သို့သော ဖျက်ဆီးမှုကို ပြုလုပ်နိုင်သည်မှာ ကောင်းထင်အယ် မှောင်ခိုဈေးကွက်မှ ဝယ်ယူထားသည့် မြေလျှိုးမှော်စာရွက် ဖြစ်ရမည်။ မြေပြင်ပေါ်၌ ကြွင်းကျန်နေသော အငွေ့အသက်များအရ မြေသားအကာအရံ ကိုလည်း အသက်သွင်းခဲ့ပုံရသည်။

ကောင်းထင်ယွမ်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။

“မြေလျှိုးမှော်စာရွက် ကိုလည်း သုံးခဲ့တယ်၊ မြေသားအကာအရံ ကိုလည်း သုံးခဲ့ရတယ်၊ ဒါဟာ ကျိုးဆန်းလို လူမျိုးကို သတ်ဖို့အတွက်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

သူ အနီးရှိ အိမ်ပျက်ကြီးကို လှမ်းကြည့်လိုက်သည်။

“ဒီမှာ ဘယ်သူနေတာလဲ"

“လော့ချန် လို့ခေါ်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပါ၊ အစပိုင်းမှာတော့ သူများခိုင်းတာ လုပ်ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ လုပ်တယ်၊ နောက်ပိုင်းတော့ မှော်အာဟာရဆေးလုံးတွေ လုပ်ရောင်းတယ်လို့ သိရပါတယ်”

“သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကရော"

“ချီသန့်စင် အဆင့် ၃ ပါ၊ ပိုက်ဆံမရှိတဲ့ ကောင်စုတ်လေး တစ်ယောက်ပါပဲ၊ ဒီနေရာမှာ တစ်လကို ဝိညာဉ်ကျောက် တစ်ဝက်တည်းနဲ့ နေခဲ့တာပါ”

“အခု သူ ဘယ်မှာလဲ"

“ရှာလို့ မတွေ့သေးဘူး၊ ကြားရသလောက်တော့ သူက တစ်ယောက်တည်း အောင်းနေတတ်ပြီး အိမ်နီးချင်းတွေနဲ့ သိပ်မဆက်ဆံဘူးလို့ သိရပါတယ်”

ချီသန့်စင် အဆင့် ၃ မျှသာရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသည် ရတနာများစွာ ပိုင်ဆိုင်ထားသော ချီသန့်စင် အဆင့် ၅ ရှိသူ ကောင်းထင်အယ်အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ငါ့ညီရဲ့ နောက်ဆုံးအငွေ့အသက် ဘယ်မှာလဲဆိုတာ ခြေရာခံနိုင်မလား"

ဘေးရှိ ကျင့်ကြံသူက သူ၏ ချီစွမ်းအားကို အပြည့်အဝ ထည့်သွင်းလိုက်ရာ လက်ထဲရှိ အနံ့ခံသံလိုက်အိမ်မြှောင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး နောက်ဆုံးတွင် ရှေ့တည့်တည့်သို့ ညွှန်ပြလေသည်။

“တောင်တန်းတွေထဲမှာပါ"

“သွားကြစို့၊ ငါ့နောက်လိုက်ခဲ့ပြီး သွားကြည့်ရအောင်”

“ဒါပေမဲ့…. တောင်တန်းတွေထဲက အခြေအနေကို ကျွန်တော်တို့ ဘာမှ မသိရသေးဘူးလေ"

“ဟမ်"

ကောင်းထင်ယွမ်၏ စူးရှသော အကြည့်အောက်တွင် ကျင့်ကြံသူများမှာ မတတ်သာဘဲ သူ့နောက်သို့ လိုက်ပါသွားကြရသည်။

….

ကောင်းထင်ယွမ်တို့အုပ်စုသည် ပေါင်းမြက်များ ထူထပ်နေသော လွင်ပြင်ကို ဖြတ်ကျော်ပြီး တောအုပ်ကြီးအတွင်းသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့ကြသည်။

တောအုပ်အတွင်း၌ မိစ္ဆာအငွေ့အသက်များ စတင် ခံစားလာရသဖြင့် ကျင့်ကြံသူများမှာ စိုးရိမ်ထိတ်လန့်လာကြသည်။

ကောင်းထင်ယွမ် ကိုယ်တိုင်ပင်လျှင် ရှေ့ဆက်ရန် တွန့်ဆုတ်နေမိသည်။

အရှေ့ပိုင်းလွင်ပြင်၏ ဝမ်တောင်တန်းကြီးမှာ ရတနာသိုက်သဖွယ် သယံဇာတ ကြွယ်ဝလွန်းလှသော်လည်း၊ နှစ်ပေါင်းထောင်ချီ သက်တမ်းတစ်လျှောက် လူသားကျင့်ကြံသူများသည် ထိုနယ်မြေ၏ တစ်ရာခိုင်နှုန်းမျှကိုပင် ခြေရာမချနိုင်သေးဘဲ ရှိနေကြရရှာသည်။

ထိုတောင်တန်းများထဲတွင် အဆင့် ၃ မိစ္ဆာဘုရင်များနှင့် အဆင့် ၄ မိစ္ဆာဘုရင်များ နေထိုင်ကြပြီး၊ အနက်ရှိုင်းဆုံးနေရာများတွင် ရှေးဟောင်းမိစ္ဆာကြီးများပင် ပုန်းအောင်းနေကြသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများ ခေါ်ဆိုနေကြသည့် အမဲလိုက်ခြင်း ဆိုသည်မှာလည်း တောင်တန်း၏ အစွန်အဖျား နယ်မြေများတွင်သာ ဖြစ်သည်။

အကယ်၍ အဆင့် ၂ မိစ္ဆာသားရဲတစ်ကောင်နှင့် တွေ့ဆုံမိပါက ထွက်ပြေးရုံမှတစ်ပါး အခြားမရှိပေ။ အများစုမှာ အသက်ရှင်လျက် ပြန်မထွက်နိုင်ကြပေ။

ဖိုရှန်းဂိုဏ်းအနေဖြင့် တောင်တန်းဒေသများကို စိုးမိုးနိုင်ခြင်းမှာ အစောပိုင်း အနစ်နာခံမှုများကြောင့် ဖြစ်သည်။ အဆင့် ၂ မိစ္ဆာသားရဲများ၏ နယ်မြေများကို မြေပုံဆွဲနိုင်ရန်အတွက် မရေမတွက်နိုင်သော လူ့အသက်များကို စတေးခဲ့ရသည်။ သို့သော်လည်း တောင်တက်သည့်အခါတိုင်း အလွန်အမင်း သတိထားကြရဆဲပင်။

“တစ်ခုခုတော့ မှားနေပြီ ဒုတိယအစ်ကိုကောင်း”

“ဘာဖြစ်လို့လဲ"

“အနံ့ခံသံလိုက်အိမ်မြှောင်က အရူးအနှမ်းတွေ ဖြစ်နေလို့ပါ”

“ဘာကွ…."

ကောင်းထင်ယွမ် ကြည့်လိုက်သောအခါ သံလိုက်အိမ်မြှောင်ပေါ်ရှိ လက်တံမှာ အရူးအလား ရမ်းခါနေပြီး တစ်ခါတစ်ရံ အရှေ့၊ တစ်ခါတစ်ရံ အနောက်သို့ ပြနေသည်။ ခဏအတွင်းမှာပင် မတူညီသော ဦးတည်ချက် လေးငါးခုကို ညွှန်ပြနေတော့သည်။

"ဒီလို အခြေအနေမျိုး အရင်ကလည်း ဖြစ်ဖူးပါတယ်၊ ဂိုဏ်းထဲက ညီအစ်ကိုတစ်ယောက် အသတ်ခံရတုန်းက သူ့အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး ငါးစာအဖြစ် ကျွေးလိုက်လို့...."

အနံ့ခံသံလိုက်အိမ်မြှောင် ကိုင်ထားသူ၏ အသံမှာ တိုးဝင်သွားသည်။ အကြောင်းမှာ ဘေးရှိ ကောင်းထင်ယွမ်၏ မျက်နှာ အစွမ်းကုန် မည်းမှောင်သွားသောကြောင့်ပင်။

ဖိအားများလှသော ပတ်ဝန်းကျင်မှာ တောနက်၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်နှင့် ကွက်တိပင်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ အံကြိတ်ကာ ပြောလိုက်သည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ငါ့ညီကို သတ်ရုံတင်မကဘဲ အလောင်းကိုပါ ဖျက်ဆီးရဲတယ်ပေါ့၊ မင်းကို ငါ ရှာမတွေ့ပါစေနဲ့"

“ဒါဆို.... အစ်ကိုကောင်း၊ ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”

“ပြန်မယ်”

လူအုပ်ကြီးမှာ သက်ပြင်းချလိုက်ကြပြီး၊ မြို့ဘက်သို့ အမြန်ပြန်လှည့်လာကြသည်။

အိမ်ပျက်ကြီးရှေ့မှ ဖြတ်သွားသည့်အခါ ကောင်းထင်ယွမ် ခေတ္တရပ်တန့်သွားသည်။

“အဘိုးကြီးဝူ ကို ပြောလိုက်၊ အဲ့ဒီညက ဖိုရှန်းဂိုဏ်းက အဆင့်မြင့်ကျင့်ကြံသူတွေ ဒါမှမဟုတ် အဆင့် ၅ ကျင့်ကြံသူတွေ ဒီကို လာခဲ့သလားဆိုတာ စုံစမ်းခိုင်းလိုက်”

“ပြီးတော့ ဒီမှာနေခဲ့တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူကိုလည်း စုံစမ်း၊ တကယ်လို့ သူ အသက်ရှင်နေသေးရင် ငါ့ဆီ ခေါ်လာခဲ့”

“မင်းကို ငါ မတွေ့စေနဲ့ ကောင်စုတ်၊ မင်း သေချင်စိတ် ပေါက်သွားအောင် ငါ လုပ်ပြမယ်"

ထိုသို့ပြောပြီးနောက် သူသည် ချီစွမ်းအားဖြင့် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်းတန်းကြီးထဲမှ ဆန်းကြယ်သော မှော်လက်နက်တစ်ခု ပျံထွက်လာပြီးနောက် အရှိန်အဝါကြီးမားလှသည့် အပြာရောင်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ အိမ်ပျက်ကြီးကို ဒေါသတကြီး ရိုက်ချလိုက်လေသည်။

ပြင်းထန်လှသော ရိုက်ချက်ကြောင့် ကျန်ရှိနေသော နံရံတစ်ခြမ်းမှာ မြေကြီးထဲသို့ သုံးပေခန့် နစ်ဝင်သွားပြီး အစွန်းလေးတစ်ခုသာ မြေပေါ်တွင် ငေါငေါလေး ကျန်ရစ်တော့သည်။

….

မိမိ၏ အိမ်ဟောင်း နောက်ထပ် တစ်ကြိမ် ထပ်မံ ဖျက်ဆီးခံလိုက်ရသည်ကို လော့ချန် မသိရှာပေ။ အကယ်၍ သူ သိခဲ့လျှင်ပင် လက်ခုပ်တီး၍ ကြိုဆိုနေပေလိမ့်မည်။

သူသည် အိမ်မှ ပစ္စည်းအချို့ကို ယူဆောင်ပြီးနောက်၊ မည်သည့်ခြေရာမှ မကျန်ရစ်စေရန် မီးလုံးများဖြင့် အိမ်ကို သေချာစွာ ရှို့ခဲ့သည် မဟုတ်ပါလော။ နာမည်ပင် မသိရသော ကျိုးဆန်းနှင့် ကောင်းထင်အယ် တို့၏ အလောင်းများကိုလည်း သူ အလွန်ရိုးရှင်းစွာ စီမံခဲ့သည်။

သူသည် ထိုအလောင်းများကို အပိုင်းပိုင်းမွှန်းကာ အထူးဆေးဖက်ဝင်အပင်များနှင့် ရောစပ်လိုက်ပြီး အိမ်ကိုရှို့သော မီးတောက်များဖြင့် အသာအယာ ရှို့လိုက်သည်။ ထို့နောက် တောနက်ထဲသို့ ပစ်ထည့်ခဲ့သည်။

ဤကဲ့သို့သော ကင်ထားသော အသားနံ့မှာ ဆာလောင်နေသည့် ဝံပုလွေများနှင့် မြေခွေးမျိုးနွယ်စု မိစ္ဆာသားရဲများအတွက် မလွန်ဆန်နိုင်သော ဆွဲဆောင်မှုကြီးတစ်ခုပင် ဖြစ်တော့သည်။

ဤနည်းလမ်းကို လော့ချန်တစ်ယောက် တစ်ခါက အမဲသားကင်စားရာတွင် သွေးအားကောင်းစေသော ဆေးမှုန့်များ ထည့်မိရာမှ မြေခွေးတစ်ကောင် ရောက်လာသဖြင့် သိခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ပိုမို အစွမ်းထက်သော မိစ္ဆာများ ရောက်လာမည် စိုးသဖြင့် သူ ဤနည်းလမ်းကို မသုံးခဲ့တော့ပေ။

အလောင်းများကို သဲလွန်စမကျန် ရှင်းလင်းပြီးနောက် သူ တစ်နေရာတွင် ပုန်းအောင်းနေခဲ့ပြီး နောက်တစ်နေ့ မိုးသောက်ချိန်၌ အတွင်းမြို့တော်ဆီသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဤကိစ္စ ပေါ်သွားမလား ဆိုသည်ကိုမူ သူ နောက်မှသာ စဉ်းစားတော့မည် ဖြစ်သည်။ သူ့တွင် ယခုအချိန်၌ ထိုကိစ္စများကို တွေးနေရန် အချိန်မရှိ၊ သူ၏ အချိန်များမှာ ဆေးဖော်စပ်ရန်သာ ဖြစ်သည်။

ဝိညာဉ်ကျောက် ၂၀၀ ခန့် တန်ဖိုးရှိသော ကုန်ကြမ်းများကို ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်သည်။ အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်မှုမှာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာလေပြီ။

ယခင် အတွေ့အကြုံအရ သူ၏ အောင်မြင်မှုနှုန်းမှာ တစ်ဆယ်ရာခိုင်နှုန်း ဝန်းကျင်သာ ရှိခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ ပထမ ၅ ရက်အတွင်း နှစ်ကြိမ်ဆက်တိုက် အောင်မြင်ခဲ့သည်။ အောင်မြင်မှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားခြင်း ဖြစ်သည်။

သူ မည်မျှ ဝမ်းသာသွားမည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။

သို့သော်လည်း နောက်ပိုင်းတွင် ဆက်တိုက် ဖော်စပ်ရာ၌ ငါးကြိမ်ဆက်တိုက် ကျရှုံးသွားခြင်းက သူ၏ ပျော်ရွှင်မှုကို ရပ်တန့်စေခဲ့သည်။ ထိုအခါမှသာ ယခင်က အောင်မြင်ခဲ့ခြင်းမှာ ကံကောင်းခြင်းသက်သက်သာ ဖြစ်ကြောင်း သူ နားလည်သွားသည်။ အောင်မြင်နှုန်းကို မြှင့်တင်ရန်နှင့် ကုန်ကျစရိတ်ကို လျှော့ချရန်အတွက်ဆိုလျှင် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ရန် လိုအပ်သည်။

“နီးလာပြီ.... နီးလာပြီ"

လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်သည်။

“အံ့ဖွယ်တစ်သောင်းဆေးလုံး - အခြေခံအဆင့် (၉၁/၁၀၀)”

နောက်ထပ် တစ်ကြိမ် အောင်မြင်လျှင် အဆင့်တက်တော့မည် ဖြစ်သည်။

ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ် ရရှိတော့မည့် ခံစားချက်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

နေ့စဉ် ခြံထောင့်တွင် မီးလုံးများဖြင့် လေ့ကျင့်ခြင်းနှင့် မြေကြီးအသစ်များဖြင့် ဖုံးအုပ်ရသော အလုပ်မှာပင် သူ့အတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေတော့သည်။

ရက်အနည်းငယ် ထပ်မံ ကျရှုံးပြီးနောက်….။

“ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်ရမယ်”

လော့ချန်သည် ခါးစည်းအသစ်ကို ဝတ်ဆင်ကာ၊ အသစ်ပြုလုပ်ထားသော ကွမ်းယွီအရှင်မြတ် ရုပ်တုရှေ့တွင် အမွှေးတိုင် ထွန်းလိုက်သည်။ ရုပ်တုဘေးတွင် ပန်းသီးများကိုပင် ပူဇော်ထားလိုက်သေးသည်။

မကြာသေးမီက ကျရှုံးခဲ့ခြင်းမှာ ကွမ်းယွီအရှင်မြတ်ကို ပူဇော်ရန် မေ့လျော့ခဲ့သောကြောင့်ဟု သူ ယုံကြည်နေသည်။

မြူငြိမ်မိုးဖွဲ နံ့သာ မှာလည်း ဆက်လက် အလုပ်လုပ်နေသည်။ လော့ချန်အနေဖြင့် ပျံလွှားမြို့မှ ဤမှော်ပစ္စည်းမှာ အမှန်တကယ်ပင် ပါးနပ်စွာ တီထွင်ထားခြင်း ဖြစ်သည်ဟု ဝန်ခံရပေလိမ့်မည်။

သူသည် ဆေးဖော်စပ်ရာမှ ထွက်ပေါ်လာသည့် အမျိုးမျိုးသော အနံ့အသက်များကို ယဉ်ပါးနေပြီ ဖြစ်သော်လည်း၊ အံ့ဖွယ်တစ်သောင်းဆေးလုံးများ မခဲမီ ထွက်ပေါ်လာသော အနံ့ဆိုးမှာမူ သူ့အား အမြဲ စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သို့သော် ဤမှော်ပစ္စည်းကြောင့် ထိုအနံ့ဆိုးများကို သူ သည်းခံနေရန် မလိုတော့ပေ။

ညနေပိုင်းရောက်သောအခါ လော့ချန်တစ်ယောက် ဆေးအိုးအဖုံးကို ဂရုတစိုက် ဖွင့်လိုက်သည်။

အနီရောင်တောက်တောက် ဂျယ်လီကဲ့သို့ အရာလေးများကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာမှာ ပြုံးပန်းပွင့်သွားတော့သည်။

“အောင်မြင်ပြီ ကွမ်းယွီအရှင်မြတ်ကြီးရေ၊ ကျွန်တော်တို့ အောင်မြင်ပြီ"

သူ ပထမဆုံး လုပ်သည်မှာ အခြေအနေပြကြေးမုံပြင်ကို စစ်ဆေးခြင်း ဖြစ်သည်။

“အံ့ဖွယ်တစ်သောင်းဆေးလုံး - တတ်မြောက်အဆင့် (၁၀၁/၂၀၀)”

ကျွမ်းကျင်မှု အဆင့်တက်သွားသည့် ခဏ၌ တစ်ခုခုကို ထိုးဖောက်မြင်သွားသကဲ့သို့ လော့ချန် ခံစားလိုက်ရသည်။ ယခင်က မသိရှိခဲ့သော အသိဉာဏ်သစ်များမှာ စနစ်၏ အကူအညီဖြင့် စီးဆင်းလာကာ သူ၏ ဦးနှောက်အတွင်း စိမ့်ဝင်သွားသည်။ ယခင်က သူ သတိမထားမိခဲ့သော အချက်အလက် အသေးစိတ်များကိုလည်း ကွင်းကွင်းကွက်ကွက် မြင်လာရသည်။

အကယ်၍ သူ နောက်တစ်အိုး ထပ်မံဖော်စပ်ပါက ယခင်ထက် ပိုမိုကောင်းမွန်ပြီး အောင်မြင်နှုန်းလည်း ပိုမြင့်လာမည်ဟု သူ ယုံကြည်ချက် ရှိနေသည်။

ကျွီ….

သစ်သားတံခါးမှာ ရုတ်တရက် ပွင့်သွားသည်။

တောက်ပပြီး ယုံကြည်မှုရှိသော မျက်နှာလေးတစ်ခု ပြူထွက်လာသည်။

ကူချိုင်ယီ၏ မျက်လုံးများ ဝင်းလက်သွားကာ “ရှင် တကယ်ပဲ အိမ်မှာ ရှိနေတာပဲ၊ ကျွန်မ လင်ယွမ်နန်းဆောင်ကနေ ဝိညာဉ်သစ်သီး အချို့ ဝယ်လာတယ်၊ မြည်းကြည့်မလား” ဟု မေးလိုက်သည်။

လင်ယွမ်နန်းဆောင်က ဝိညာဉ်သစ်သီးတွေ.…။

“မေးစရာလိုသေးလို့လား မိန်းကလေးချိုင်ယီ၊ စားမှာပေါ့ဗျ”

လော့ချန် ဆိုသူမှာ အားနာတတ်သည့် လူစားမျိုး မဟုတ်ပေ။

ကူချိုင်ယီသည် တံခါးကို အပြည့်ဖွင့်လိုက်ပြီးမှ ခါးစည်းဝတ်လျက် မီးဖိုဘေးတွင် ရပ်နေသော လော့ချန်ကို သတိထားမိသွားသည်။ သူမသည် လော့ချန်အား စိမ်းစိုနေသော သစ်သီးကြီးတစ်လုံး ကမ်းပေးရင်း ဆေးအိုးထဲသို့ ချောင်းကြည့်လိုက်သည်။

“ဒီတစ်ခါကော ဘာတွေ ချက်နေတာလဲ၊ အသားဂျယ်လီလား၊ ဘာလို့ ဆေးနံ့တွေ ဒီလောက် ထွက်နေရတာလဲ"

လော့ချန် သစ်သီးကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ အရည်ရွှမ်းပြီး ဝိညာဉ်စွမ်းအင် သိပ်မပါသော်လည်း အလွန် ချိုမြိန်လှသည်။ ဤအရသာမှာ သူ မကြာခဏ စားလေ့ရှိသည့် တောဆီးသီးများနှင့် များစွာ ကွာခြားလှသည်။

“ဒါက စားဖို့ မဟုတ်ဘူး၊ ကျွန်တော် ဖော်စပ်နေတဲ့ ဆေးလုံးလေ၊ ဟေ့…. မကိုင်နဲ့ဦး၊ ပူတယ်”

ကူချိုင်ယီမှာ လုံးဝကို ကြောင်အမ်းသွားပုံရသည်။

သူမသည် မီးဖိုပေါ်ရှိ သံအိုးဟောင်းကြီးကို လက်ညှိုးထိုးပြရင်း၊ အံ့သြတကြီး မေးလိုက်သည်။

"ဒီ.... ဒီအရာကြီးနဲ့ ဆေးဖော်စပ်လို့ ရတယ်ပေါ့လေ"

All Chapters