ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို
Vol. 4 Ch. 33
ထျန်းရှန်းမျှော်စင်၊ ရေကန်နံဘေးရှိ ဇရပ်ငယ်လေးအတွင်း၌….။
“အစ်မရှန်းရှန်း.... တကယ်ပဲ သံအိုးတစ်လုံးနဲ့ ဆေးဖော်လို့ ရတာလား"
ကူချိုင်ယီသည် စားပွဲကို မှီလျက်၊ ရှေ့မှ မှန်တင်ခုံတွင် အလှပြင်နေသော ယွီရှန်းကို ကြည့်ကာ မေးလိုက်သည်။
အစေခံမလေး၏ ကျွမ်းကျင်လှသော လက်ချောင်းများအောက်တွင် ယွီရှန်း၏ လှပသောမျက်နှာလေးမှာ ပိုမိုတောက်ပ၍ ဝင်းပလာသည်။ တစ်ခါတစ်ရံတွင်မူ ကူချိုင်ယီအနေဖြင့် ယွီရှန်းကဲ့သို့ ပိုးပန်းပင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးက အဘယ်ကြောင့် ဤနေရာမျိုးသို့ လာရောက်နေထိုင်သည်ကို နားမလည်နိုင် ဖြစ်ရသည်။
ယွီရှန်းမှာမူ မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး အစေခံ၏ အချောသတ် လိမ်းခြယ်မှုကို ငြိမ်သက်စွာ ခံယူနေသည်။
“အိုးတစ်လုံးလား၊ တကယ်လို့ အဲဒီအိုးက ဝိညာဉ်သတ္တုရိုင်းတွေ ရောစပ်ထားတဲ့ သံအိုးဆိုရင်တော့ ဆေးဖော်ဖို့ သုံးလို့ရတာပေါ့”
“ဟင်"
ကူချိုင်ယီ ဇဝေဇဝါဖြစ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။
“ဆေးဖော်ဆရာတွေက ဆေးအိုး တွေကိုပဲ သုံးကြတာ မဟုတ်ဘူးလား"
“ဟင်း.... ဒါကတော့ နင့်ရဲ့ အယူအဆအမှားပဲ”
ယွီရှန်းက သာယာစွာ ရယ်မောရင်း ပြောလိုက်သည်။
“ဆေးဖော်တဲ့ အတတ်ပညာ ဆိုတာ ကျယ်ပြောနက်ရှိုင်းလွန်းတယ်၊ ဖော်စပ်နည်းတွေမှာတင် ရေဖြင့်ဖော်စပ်နည်း၊ မီးဖြင့်ဖော်စပ်နည်း၊ သွေးဖြင့်ဖော်စပ်နည်း၊ သက်ရှိကို အသုံးပြု၍ ဖော်စပ်နည်းဆိုပြီး အများကြီး ရှိတာ….”
“ပြီးတော့ ဆေးဖော်တဲ့ ကိရိယာတွေအကြောင်း ပြောရရင် အစုံအလင်ရှိတာပဲ၊ ဆေးအိုး ကတော့ အသုံးအများဆုံးပေါ့၊ ဘာလို့လဲဆိုတော့ သူက မီးအပူရှိန် ပြင်းပြင်းကို ခံနိုင်ရည်ရှိတယ်၊ ဆေးမယ်တွေ အများကြီး ထည့်လို့ရတယ်၊ ပြီးတော့ ဆေးလုံးဖြစ်တည်လာပြီးရင်လည်း အာနိသင်မပျယ်အောင် ထိန်းသိမ်းပေးနိုင်တယ်….”
“ဒါပေမဲ့ တကယ်တမ်းမှာတော့ အိုးတွေ၊ မီးဖိုတွေ၊ ယဇ်ပူဇော်တဲ့ ခွက်တွေနဲ့ ပုလင်းတွေကလည်း အသုံးများတဲ့ ဆေးဖော်ကိရိယာတွေပါပဲ၊ ငါကြားဖူးတာကတော့ မိစ္ဆာကျင့်ကြံသူတချို့မှာဆိုရင် လူသားတွေကိုပဲ ဆေးအိုးအဖြစ် သုံးပြီး အရှင်လတ်လတ် ဖော်စပ်တဲ့ လူသားဆေးလုံးတောင် ရှိတယ်တဲ့”
ကူချိုင်ယီ ဆွံ့အသွားရသည်။ ဆေးဖော်ခြင်း အတတ်ပညာတွင် ဤမျှနက်နဲသော နည်းနာနိဿယများ ရှိနေလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့မိပေ။ ယွီရှန်း၏ လေသံအရဆိုလျှင် သိစရာများစွာ ကျန်ရှိနေသေးပုံရသည်။
“ဒါဆိုရင်.... ရတနာနန်းဆောင်က ရောင်းတဲ့ အပေါစား သံအိုးတွေနဲ့ကော ဆေးဖော်လို့ ရလား"
ကူချိုင်ယီက မယုံကြည်နိုင်ဟန်ဖြင့် ထပ်မေးပြန်သည်။
ယွီရှန်းက ထိုအိုးအကြောင်းကို သိပ်မသိသဖြင့် မရေမရာ ဖြစ်သွားကာ “အဲဒီအိုးတွေက ဘယ်လောက်တောင် အရည်အသွေး ညံ့လို့လဲ" ဟု ပြန်မေးသည်။
“မိန်းကလေးရှန်း…. အဲဒီအိုးတွေထဲမှာ ဝိညာဉ်သံနက် အနည်းငယ်ပဲ ပါတာပါ၊ ဝိညာဉ်ဆန်ချက်တဲ့အခါ ထွက်လာတဲ့ ချီစွမ်းအင်ကို မပျယ်သွားအောင် ထိန်းထားနိုင်ရုံလောက်ပဲ ရှိပါတယ်၊ အဆင့်နိမ့် ဝိညာဉ်ကျောက် တစ်တုံးစီနဲ့ပဲ ရောင်းတာပါ” ဟု အစေခံမလေးက ဝင်ရှင်းပြသည်။
“အို"
ယွီရှန်း၏ နှုတ်ခမ်းလေး အနည်းငယ် ဟသွားပြီး အံ့အားသင့်စွာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
“ဒီလို ပစ္စည်းမျိုးနဲ့တော့ အရည်အသွေးကောင်းတဲ့ ဆေးလုံး ထွက်ဖို့ မဖြစ််နိုင်ဘူးနော်"
“အင်းလေ၊ အဲဒါကြောင့် ကျွန်မ လန့်သွားတာ၊ ကျွန်မရဲ့ ဆယ်စုနှစ်ချီတဲ့ ကျင့်ကြံမှုတွေ အလဟဿ ဖြစ်သွားပြီလားလို့တောင် ထင်ရတယ်” ကူချိုင်ယီက ဆိုသည်။
ကြည်လင်ပြောင်လက်နေသော မှန်ချပ်မှတစ်ဆင့် ယွီရှန်းသည် စားပွဲတွင် မှီလျက်ရှိသော ကူချိုင်ယီကို စပ်စုလိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ချိုင်ယီ….နင်ပြောနေတဲ့ အဲဒီ အပေါစား သံအိုးနဲ့ ဆေးဖော်နေတဲ့သူဆိုတာ…. အရင်က နင်ပြောဖူးတဲ့ ဆေးဖော်ဆရာ အိမ်နီးချင်းကို ပြောတာ မဟုတ်လား"
ကူချိုင်ယီက ခေါင်းညိတ်ပြလိုက်သည်။
ယွီရှန်းက ချီးကျူးသံဖြင့် မှတ်ချက်ပြုသည်။
“ချီစွမ်းအား အကန့်အသတ်ပဲ ရှိသေးတဲ့ ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဝိညာဉ်သံနက် အနည်းငယ်ပဲပါတဲ့ အပေါစားအိုးနဲ့ ဆေးဖော်နိုင်တယ် ဟုတ်လား၊ နင့်အိမ်နီးချင်းကတော့ ဆေးဖော်ခြင်းမှာ ထူးခြားတဲ့ ပါရမီရှိတာပဲ ဖြစ်ရမယ်….”
“ဒါမှမဟုတ်ရင်လည်း ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိကို အသေအချာ နားလည်ပြီး အဆင့်တိုင်းကို တိတိကျကျ ထိန်းချုပ်နိုင်တဲ့ အခြေခံအုတ်မြစ် အရမ်းခိုင်မာတဲ့သူ ဖြစ်ရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူမျိုးကို မျိုးနွယ်စုတွေနဲ့ ဂိုဏ်းတွေက အပြိုင်အဆိုင် ခေါ်ယူကြလိမ့်မယ်”
ကူချိုင်ယီက သံသယဖြင့် “သူက အဲလောက်တောင် တော်တာလား" ဟု မေးလိုက်သည်။
“ဟုတ်တယ်၊ တကယ်ကို တော်တဲ့သူပဲ”
ယွီရှန်းက အလေးအနက် ခေါင်းညိတ်လိုက်ရာ သူမ၏ မိတ်ကပ်များ ပျက်သွားတော့သည်။
အစေခံမလေးက သက်ပြင်းချကာ အစမှ ပြန်ပြင်ပေးရပြန်သည်။
“ငါဆိုရင် ပိုးပန်းပင်ဂိုဏ်းရဲ့ ဆေးနန်းဆောင်မှာ မီးထိန်းတပည့်အဖြစ် ၃ နှစ်၊ ဆေးမယ်ပြင်ဆင်သူအဖြစ် ၅ နှစ်၊ ကိုယ်တိုင် ဆေးဖော်တာက နှစ် ၂၀ ကြာမှ အခုလို အခြေခံကောင်း ရလာတာ၊ ဒါတောင် ငါက ဆေးဖော်စပ်ရာမှာ ပါရမီရှိလို့ ဂိုဏ်းက မြေတောင်မြှောက်ပေးလို့နော်”
နုနယ်သိမ်မွေ့သော ဤအမျိုးသမီးသည် နှစ်ပေါင်းများစွာ မီးဖိုဘေးတွင် မီးထိန်းရင်း၊ ဆေးမယ်များ ပြင်ဆင်ရင်း အချိန်ကုန်ဆုံးခဲ့သည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ကူချိုင်ယီကမူ သူမ၏ အိမ်နီးချင်း လော့ချန်သည် အမှန်ပင် ထူးခြားသူဖြစ်ကြောင်း မှတ်ချက်ပြုလိုက်မိသည်။
ထိုသူသည် သိုလှောင်အိတ်တစ်လုံး ရှိသော်လည်း ဆင်းရဲနွမ်းပါးသော လူနေမှုဘဝနှင့် မည်သည့်နောက်ခံအင်အားမှ မရှိသော ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သို့သော် ကြမ်းတမ်းသော အခြေအနေများအောက်တွင် အခြားကျင့်ကြံသူများ အိပ်မက်ပင် မမက်ဝံ့သော ဆေးဖော်ခြင်းအတတ်ကို လေ့ကျင့်အောင်မြင်ခဲ့သည်။
“ဒါပေမဲ့ ချိုင်ယီ၊ နင့်အိမ်နီးချင်းကို တစ်ခုတော့ သတိပေးသင့်တယ်လို့ ထင်တယ်”
“ဘာလဲဟင်"
“ဖြစ်နိုင်ရင် ဆေးဖော်တဲ့ ကိရိယာ အကောင်းစားတစ်ခု ပြောင်းသုံးဖို့ပဲ၊ အပေါစား သံအိုးက ဆေးလုံးရဲ့ အဆင့်အတန်းကို ထိခိုက်စေရုံတင်မကဘူး၊ ပေါက်ကွဲတတ်တဲ့ အန္တရာယ်လည်း ရှိတယ်၊ ပြင်းထန်တဲ့ ဒဏ်ရာရတာ ဒါမှမဟုတ် အသက်ဆုံးရှုံးတာမျိုးအထိ ဖြစ်နိုင်တယ်….”
ယွီရှန်းက ဆက်ပြောသည်။
“ဘာလို့ ဆေးအိုး ကို အဓိက သုံးကြသလဲဆိုတော့ အဓိက အချက်က ဘေးကင်းလုံခြုံမှု ပဲ၊ ဆေးဖော်တာ ပျက်စီးသွားလို့ပဲဖြစ်ဖြစ်၊ မြေအောက်မီး ပြင်းထန်သွားလို့ပဲဖြစ်ဖြစ်၊ ဆေးအိုးတွေက ပေါက်ကွဲဖို့ မလွယ်ဘူးလေ”
“သူက ဆင်းရဲတော့ အိုးကောင်းကောင်း ဝယ်နိုင်မှာ မဟုတ်ဘူး” ဟု ကူချိုင်ယီက နှုတ်ခမ်းလေးမဲ့ကာ ပြောလိုက်သည်။
ထို့နောက် သူမ တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။
“အစ်မရှန်းရှန်း.... အစ်မမှာ ပိုနေတဲ့ ဆေးမီးဖို တစ်ခု ရှိတယ် မဟုတ်လား"
.…
အံ့ဖွယ်တစ်သောင်းဆေးလုံး များကို ဖော်စပ်ရသော နေ့ရက်များသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။ ထပ်ခါတလဲလဲ လုပ်ဆောင်ရသော မည်သည့်အလုပ်မဆို ကြာလာလျှင် ငြီးငွေ့စရာ ဖြစ်လာတတ်သည်။
သို့သော် လော့ချန်အတွက်မူ ထိုသို့မဟုတ်ပေ။
သူ၏ ကျွမ်းကျင်မှုအဆင့် တဖြည်းဖြည်း တိုးတက်လာခြင်းနှင့် ဝိညာဉ်ကျောက်တုံးများ ရရှိလာမည့် မျှော်လင့်ချက်များက သူ့အား မရပ်မနား ဆေးဖော်စပ်ရန် အမြဲတစေ တွန်းအားပေးနေသည်။
မကြာသေးမီကမူ သူသည် ဤငြီးငွေ့စရာကောင်းသော အလုပ်ထဲတွင် စိတ်ဝင်စားစရာ ဖျော်ဖြေရေး တစ်ခုကိုပင် ရှာဖွေတွေ့ရှိထားသေးသည်။
အလေးချိန် ပိဿာ ၃၀ ခန့်ရှိသော ရေပုံးတစ်ပုံး ရေတွင်းထဲမှ ချောမွေ့စွာ တက်လာသည်ကို ကြည့်ရင်း လော့ချန် ကျေနပ်စွာ ပြုံးလိုက်မိသည်။
သူ၏ ဆွဲငင်အတတ်သည် တတ်မြောက်အဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤမျှ မြန်မြန် တိုးတက်လာရခြင်းမှာ ကူချိုင်ယီ ရေခပ်နေသည်ကို မြင်ရာမှ ရရှိသော စိတ်ကူးကြောင့် ဖြစ်သည်။
ဤအတတ်ကို ကျင့်စဉ်အတိုင်းသာ ကျင့်နေရန် မလိုဘဲ၊ အဝတ်လဲခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အလေးအပင် မခြင်း စသည့် နေ့စဉ်လူမှုဘဝ၏ ကဏ္ဍတိုင်းတွင် အသုံးချခြင်းဖြင့် ကျွမ်းကျင်မှုကို မြှင့်တင်နိုင်ကြောင်း သူ သိရှိသွားခဲ့သည်။
ယခု တတ်မြောက်အဆင့်တွင်မူ သူ၏ ဆွဲငင်အတတ်သည် စိမ်းမြရတနာဓားကိုပင် အလွယ်တကူ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
ဆွဲငင်အတတ်အပြင် လော့ချန်သည် မကြာသေးမီက လေခွင်းအတတ် နှင့် နတ်မျက်စိ ဟူသော မှော်အတတ်နှစ်မျိုးကိုလည်း လေ့လာခဲ့သည်။
သူ၏ လေလွင့်ခြေလှမ်း အတတ်မှာ ပြီးပြည့်စုံလုနီးပါး ရှိနေသောကြောင့် ပထမမှော်အတတ်၏ အခြေခံကို သူ လျင်မြန်စွာ တတ်မြောက်သွားသည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အတွင်းမှာပင် သူ နားလည်သွားခဲ့သည်။
သို့သော် ဒုတိယမှော်အတတ်မှာမူ ပို၍ စိန်ခေါ်မှုကြီးမားသည်။ ထိုမှော်အတတ်သည် နုနယ်သော မျက်လုံးနှင့် ပတ်သက်နေသဖြင့် အမှားအယွင်းရှိပါက မျက်စိကွယ်နိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် လော့ချန်သည် သူ၏ ဆွဲငင်အတတ် ကျွမ်းကျင်လာသည်အထိ စောင့်ဆိုင်းပြီးမှသာ ချီစွမ်းအားကို မျက်လုံးများဆီသို့ စီးဆင်းစေရန် ကြိုးစားခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် ဤမှော်အတတ်နှင့် ပက်သက်၍ သူ့တွင် မျှော်လင့်ချက် မြင့်မားခဲ့သည်။
“ခေတ်သစ် စိတ်ကူးယဉ် ဝတ္ထုတွေထဲမှာဆိုရင် ဒါက စူပါပါဝါပဲ၊ အရာရာကို ဖောက်ထွင်းမြင်ရတဲ့ အမြင်စွမ်းအား လောက်တော့ ရသင့်တာပေါ့"
သို့သော် လော့ချန် မျက်လုံးဖွင့်၍ ကမ္ဘာကြီးကို ကြည့်လိုက်သောအခါတွင်မူ စိတ်ပျက်သွားရသည်။ ဖောက်ထွင်းမြင်ရသည့် စွမ်းအား မရှိပေ။ ထိုအစား နေမင်းကြီးကို တည့်တည့်စိုက်ကြည့်နေရသကဲ့သို့ စူးရှသော ခံစားချက်ကိုသာ ရရှိပြီး ကြာကြာကြည့်လေ မျက်လုံးများ နာကျင်လာလေ ဖြစ်သည်။
အားနည်းချက် ရှိသော်လည်း ဤနတ်မျက်စိအတတ်သည် ချီသန့်စင်အဆင့်အတွက် မရှိမဖြစ် မှော်အတတ် ၅ မျိုးတွင် ပါဝင်နေရခြင်းမှာ အကြောင်းရှိပေသည်။
နတ်မျက်စိအတတ်သည် လူတစ်ဦး၏ အရှိန်အဝါကို မြင်နိုင်စေသည်။ ချီစွမ်းအင်ကို ပိုင်းခြားသိမြင်စေသည်။ မကောင်းဆိုးဝါးများ၏ တည်ရှိမှုကို ဖောက်ထွင်းမြင်နိုင်စေသည်။ အဆင့်နိမ့်ကျင့်ကြံသူများအတွက် အကြီးမားဆုံးသော အသက်အန္တရာယ်မှာ ကျင့်ကြံခြင်းနိမ့်ပါးခြင်း သို့မဟုတ် နောက်ခံအင်အား မရှိခြင်းမဟုတ်ဘဲ အသိပညာ ကင်းမဲ့ခြင်းပင် ဖြစ်သည်။
သာမာန်လူဟု ထင်ရသော ပုဂ္ဂိုလ်မှာ အဆင့်မြင့်ကျင့်ကြံသူ ဖြစ်နေခြင်း၊ သားရဲများ၏ နယ်မြေကို မသိခြင်း၊ ညဘက်တွင် တစ္ဆေနှင့် တိုးခြင်းတို့မှာ အသက်အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်သည်။ ဤအတတ်က ထိုအန္တရာယ်များကို ရှောင်ကွင်းနိုင်ရန် ကူညီပေးသည်။
ကန့်သတ်ချက်များ ရှိသော်လည်း အနည်းဆုံး မည်သူ့ကို ရန်မစသင့်ကြောင်းနှင့် မည်သည့်နေရာသို့ မသွားသင့်ကြောင်းကိုမူ ခွဲခြားသိမြင်စေသည်။ ညစ်ညမ်းသော သို့မဟုတ် ပုပ်သိုးဆွေးမြည့်သော နေရာများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိရှိနိုင်ပြီး ဝေးဝေးမှ ရှောင်ရှားနိုင်သည်။
“ဒါပေမဲ့လည်း ဒီအတတ်ကို စည်းမဲ့ကမ်းမဲ့ သုံးလို့မရဘူး၊ မကြည့်သင့်တဲ့လူကို သွားကြည့်မိရင် ဒုက္ခရောက်ကုန်မယ်”
ကျင့်ကြံခြင်း အဆင့် မြင့်မားသူများက အဆင့်နိမ့် ကျင့်ကြံသူများကို ကြည့်လျှင် ကိစ္စမရှိသော်လည်း၊ အဆင့်နိမ့် ကျင့်ကြံသူများက အဆင့်မြင့် ကျင့်ကြံသူများသို့ ကြည့်ပါက ရိပ်မိသွားနိုင်ပြီး အထင်အမြင်လွဲမှားကာ ရန်ပွဲများ ဖြစ်လာနိုင်ပေသည်။
ဤနေရာတွင် အဆင့်ဟု ဆိုရာ၌ ချီသန့်စင်အဆင့် နှင့် အခြေခံတည်ဆောက်ခြင်း ၊ သို့မဟုတ် အခြေခံတည်ဆောက်ခြင်းနှင့် ရွှေအမြုတေ ကဲ့သို့သော ကျင့်ကြံခြင်း အဆင့်ကြီးများကို ဆိုလိုခြင်းဖြစ်သည်။ အဆင့်တူချင်းဖြစ်လျှင်မူ အထူးသီးသန့် ကျင့်စဉ်များကို ကျင့်ကြံ မထားသရွေ့ တစ်ဦးက တစ်ဦးကို စောင့်ကြည့်နေသည်ကို သတိပြုမိရန် ခဲယဉ်းလှသည်။
ဗွမ်း….
လော့ချန်တစ်ယောက် ရေပုံးထဲမှ ရေများကို ရေကန်ကြီးထဲသို့ လောင်းထည့်ကာ နတ်မျက်စိအတတ်ကို သုံးပြီး သေချာကြည့်လိုက်သည်။
ဗုဒ္ဓဘာသာအရ ရေတစ်စက်တွင် သက်ရှိပေါင်း ၄၈၀၀၀ ရှိသည်ဟု ဆိုသည်။ ခေတ်သစ် ဇီဝဗေဒအရလည်း ရေထဲတွင် အဏုဇီဝပိုးမွှားများစွာ ရှိနေသည်ဟု ဆိုကြသည်။
“ဒါဆိုရင် ငါ့လို ကျင့်ကြံသူမြတ်ကြီးက ဘာလို့ ဘာမှ မမြင်ရတာလဲ….”
“ဒီကျင့်စဉ်က အခုမှ အစဆိုတော့ အဏုကြည့်မှန်ပြောင်းလောက်တောင် မစွမ်းသေးပါလား” ဟု လော့ချန် ညည်းတွားလိုက်သည်။
ထို့နောက် သူသည် စားပွဲပေါ်မှ ကျောက်စိမ်းပုလင်းငယ် ၃၀ ကို ကြည့်လိုက်သည်။ ဤသည်မှာ သူ၏ လဝက်ကြာ ကြိုးပမ်းအားထုတ်မှု ရလဒ်များပင် ဖြစ်သည်။ သူသည် ဆေးလုံး သုံးသုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ရုံသာမက အံ့ဖွယ်တစ်သောင်းဆေးလုံးဖော်စပ်ခြင်း ကျွမ်းကျင်မှုကိုလည်း တတ်မြောက်အဆင့် သို့ မြှင့်တင်နိုင်ခဲ့သည်။
သူပြင်ဆင်ထားသော မူလဆေးမယ်များထဲမှ ၂၅ ပုံ ကျန်ရှိနေသေးသည်။ အကုန်ဖော်စပ်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရဦးမည်။
လော့ချန်သည် ဆေးလုံးရောင်းချမည့် အချိန်ဇယားကို စဉ်းစားနေသည်။ ကူချိုင်ယီ ပြောပြခဲ့သော ‘လဆန်းပိုင်းတွင် ထျန်းရှန်းဆောင် အလွန်စည်ကားခြင်း’ ဟူသော အချက်ကြောင့် သူ၏ ရောင်းဝယ်ရေး နည်းဗျူဟာကို ပြန်လည်သုံးသပ်ရန် လိုအပ်လာသည်။
“ဈေးကြီးနေ့တွေကျမှ သွားရောင်းတာက ဆေးဖော်ဖို့ အချိန်ပိုထွက်လာတာ မှန်ပေမဲ့၊ တကယ်တမ်းမှာတော့ ပိုက်ဆံ ပိုရသင့်သလောက် မရတာ အမှန်ပဲ”
အရည်အသွေးမြင့် ဆေးလုံးများအတွက် ဈေးကွက်မရှိမည်ကို ပူစရာမလိုပေ။
သို့သော် အမြတ်အစွန်းများ တည်ငြိမ်စွာ စီးဆင်းလာစေရန်အတွက် ဆေးလုံးများသည် ဈေးကွက်တွင် အမြဲရှိနေရန်၊ အမြဲမြင်သာနေရန်နှင့် အချိန်မရွေး ဝယ်ယူနိုင်ရန် လိုအပ်သည်။
အဘယ်ကြောင့် ချီစွမ်းအင်ဖြည့်ဆေးလုံး များသည် စျေးကွက်တွင် ဤမျှ ရေပန်းစားနေရသနည်း။ အမှန်စင်စစ် ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက် ချီစွမ်းအား တိုးတက်စေသော ဆေးလုံးမှာ ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်မျိုးတည်း ရှိသည်မဟုတ်။
အကြောင်းရင်းမှာ ဝိညာဉ်ဆေးနန်းဆောင်တွင် ချီစွမ်းအင်ဖြည့်ဆေးလုံးများကို အမြဲ ပစ္စည်းမပြတ်အောင် ထားရှိသောကြောင့်ဖြစ်သည်။ ထိုနေရာတွင် အဆမတန် များပြားသော ဆေးလုံးပမာဏ ရှိနေသဖြင့် အခြားပြိုင်ဘက်များမှာ မယှဉ်နိုင်ဘဲ ဈေးကွက်ထဲမှ ပျောက်ကွယ်သွားကြရသည်။
လက်ရှိတွင် လော့ချန်၏ အံ့ဖွယ်တစ်သောင်းဆေးလုံးများမှာ ပြိုင်ဘက်မရှိသေးသော်လည်း၊ သူ့အနေဖြင့် ဤအချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ထုတ်လုပ်မှုကို တတ်နိုင်သမျှ မြှင့်တင်ရင်း ဈေးကွက်အတွင်း ဆေးလုံးများ အမြဲအသင့် ရှိနေအောင် လုပ်ဆောင်ရန် လိုအပ်သည်။
“ကဲ….ဆုံးဖြတ်လိုက်ပြီ၊ ဒီကနေ့ကစပြီး တစ်လကို သုံးကြိမ် ဆိုင်ထွက်မယ်"
“ဈေးငယ်နေ့ နှစ်ကြိမ်၊ ဈေးကြီးနေ့ တစ်ကြိမ်”
တစ်ဦးတည်း ဒိုင်ခံ လုပ်နေရသည်ဖြစ်ရာ လော့ချန်အနေဖြင့် လက်ရှိတွင် ဤထက်ပို၍ မစွမ်းနိုင်သေးပေ။ သို့သော် ဤအစီအစဉ်မှာ နောက်တစ်နေ့ နံနက်တွင်ပင် ပြောင်းလဲသွားခဲ့ရသည်။
“အဆင့် (၁) အနိမ့်စား မှော်လက်နက် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို တဲ့လား"