← Chapters

ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပေးဆပ်ဖို့ အဆင်သင့်ပါပဲဗျာ

Vol. 4 Ch. 34

ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပေးဆပ်ဖို့ အဆင်သင့်ပါပဲဗျာ

Vol. 4 Ch. 34

"ဟီးဟီး.... ရှင် လိုချင်တယ်မလား"

လော့ချန် ငှဲ့ပေးထားသည့် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ကူချိုင်ယီက မေးလိုက်သည်။

လက်ဖက်ရည် လျှာပေါ်ထိသွားသည်နှင့် သူမ၏ လှပသော မျက်ခုံးအစုံ အနည်းငယ် တွန့်ချိုးသွားသည်။

ဒါ ဘာလက်ဖက်ခြောက်တွေလဲ၊ ခါးလိုက်တာမှ လွန်ရော.…။

သူမ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော လော့ချန်၏ မျက်လုံးများမှာမူ အရောင်တဖိတ်ဖိတ် တောက်နေပြီး ရင်ခုန်သံများမှာလည်း ပုံမှန်ထက် အဆပေါင်းများစွာ မြန်ဆန်နေလေသည်။

ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို ဆိုသည်မှာ ရတနာနန်းဆောင်မှ ထုတ်လုပ်သည့် စံနှုန်းမီ ဆေးဖော်စပ်သည့် မီးဖိုတစ်ခု ဖြစ်သည်။ အဆင့်မှာ အဆင့် (၁) မျှသာ ဖြစ်သော်လည်း အသုံးဝင်ပုံမှာ အလွန်စုံလင်လှသည်။ ကျင့်ကြံခြင်းလောကတွင် အသုံးများသော ဆေးဖော်နည်း အများစုကို ဤမီးဖိုဖြင့် ဖော်စပ်နိုင်သည်။ ထို့အပြင် ဤမီးဖိုတွင် မီးစုဆုံအစီအရင် တစ်ခုကိုလည်း ထွင်းထုထားသဖြင့် အပူချိန်ထိန်းချုပ်မှုတွင် ထူးခြားသော အားသာချက်ရှိသည်။

အတွေ့အကြုံနုနယ်သော ဆေးဖော်ဆရာများမှာ မကြာခဏဆိုသလို အပူရှိန်ကို မထိန်းချုပ်နိုင်ဘဲ ဆေးကုန်ကြမ်းများကို ပျက်စီးစေတတ်သည်။ သို့သော် ဤအစီအရင်ရှိပါက ချီစွမ်းအားကို ကြိုတင်ထည့်သွင်းထားရုံဖြင့် ပြင်ပအပူချိန် အပြောင်းအလဲအပေါ် မူတည်၍ သူ့အလိုလို ချိန်ညှိပေးနိုင်သည်။ မီးစုဆုံအစီအရင်သည် မီးအပူရှိန်ကို စိတ်ကြိုက် စုစည်းနိုင်၊ ဖြန့်ကျက်နိုင်ပြီး ဆေးဖော်စပ်ရာတွင် အသက်ဝင်စေသည်။

လိုချင်သလားဟု မေးလျှင် လော့ချန် သေလောက်အောင် လိုချင်သည်။

ဤမီးဖိုသာ ရှိမည်ဆိုပါက သူသည် တစ်နေ့လျှင် အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်သုတ်တည်းဖြင့် ကန့်သတ်မနေတော့ပေ။ စွမ်းဆောင်ရည်အရ ဆိုလျှင် အနည်းဆုံး တစ်နေ့ နှစ်သုတ်အထိ စိတ်အေးလက်အေး ဖော်စပ်နိုင်မည်ဖြစ်သည်။

ရင်ထဲမှ ပြင်းပြသော လိုချင်တပ်မက်မှုများကြောင့် လော့ချန်၏ မျက်ဝန်းအစုံမှာ အရောင်တောက်ပလာသည်။ ထို့နောက် ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး ကူချိုင်ယီ၏ နုနယ်နူးညံ့သော လက်ကလေးကို လှမ်း၍ ဆုပ်ကိုင်လိုက်တော့သည်။

“မိန်းကလေး ချိုင်ယီ၊ ကျွန်တော့်ကို တစ်လုံးလောက် လက်ဆောင်ပေးမလို့လား”

“အဲ့လိုသာ ပေးမယ်ဆိုရင် ကျွန်တော် အားလုံးပုံအောဖို့ အသင့်ပဲ၊ ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပေးဆပ်ဖို့ အဆင်သင့်ပါပဲဗျာ”

ကူချိုင်ယီ ခဏမျှ ကြောင်အသွားပြီးမှ လော့ချန်၏ လက်ဖဝါးထဲမှ သူမ၏ နုနယ်သော လက်ကလေးကို ဆွဲထုတ်လိုက်သည်။

"သွားစမ်းပါ၊ ဘယ်သူက ရှင့်ကို လိုချင်နေလို့လဲ၊ အရှက်မရှိလိုက်တာ"

သူမ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် တည်တည်တံ့တံ့ဖြင့် ပြောလိုက်သည်။

"လိုချင်ရင်တော့ ဝိညာဉ်ကျောက်နဲ့ ဝယ်ရမှာပေါ့"

"သြော်.... အဲ့လိုလား"

လော့ချန် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

"ကျွန်တော်သာ ဝယ်နိုင်ရင် ဝယ်ပြီးတာ ကြာလှပေါ့"

"ကျွန်မက ရတနာနန်းဆောင်ကနေ ဝယ်ခိုင်းတာ မဟုတ်ဘူး"

လော့ချန်၏ မျက်နှာပေး ရုတ်တရက် ပြောင်းလဲသွားပုံကို ကြည့်ကာ ကူချိုင်ယီ မနေနိုင်တော့ဘဲ ဆက်ပြောလိုက်သည်။

"ထျန်းရှန်းမျှော်စင်မှာ ကချေသည် ရှန်းရှန်း ဆိုတဲ့ မိန်းကလေး ရှိတယ်၊ သူကလည်း ဆေးဖော်ဆရာတစ်ယောက်ပဲ၊ သူ့မှာ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို အပို တစ်လုံးရှိတယ်၊ ကျွန်မ သူ့ကို မေးပေးထားတယ်၊ ရှင်လိုချင်ရင် သူ ဈေးလျှော့ရောင်းပေးလိမ့်မယ်"

ရှန်းရှန်း ဆိုသူကို လော့ချန် သိသည်။ အလှအပတွင် ပြိုင်ဘက်ကင်းသလို ဗဟုသုတလည်း ကြွယ်ဝသူ၊ အထူးသဖြင့် ရေဖြင့်ဖော်စပ်နည်း နှင့် ဆေးဖော်စပ်ခြင်း အတတ်ပညာ၌ နှံ့စပ်သူဖြစ်သည်။ သူမသည် ပိုးပန်းပင်ဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်ခြင်းကြောင့် ပို၍ပင် ကျော်ကြားလှသည်။ သို့သော် သူမ မည်မျှပင် လှပစေကာမူ လော့ချန်နှင့် မသက်ဆိုင်ပေ။ သူ အဓိက စိတ်ဝင်စားသည်မှာ ဈေးနှုန်းသာ ဖြစ်သည်။

"ဈေးလျှော့ပေးမယ် တဲ့လား၊ ဘယ်လောက်နဲ့ ရောင်းပေးမှာလဲ"

"အဆင့်နိမ့် ဝိညာဉ်ကျောက် ၃၀၀ ပဲ"

လော့ချန် ရင်ထဲတွင် ဝမ်းသာလုံးဆို့သွားသော်လည်း မျက်နှာကိုမူ ရှုံ့မဲ့လျက် "ဈေးကြီးလိုက်တာ၊ တစ်ပတ်ရစ်ဆိုရင် ၂၀၀ ဝန်းကျင်ပဲ ရှိတာကို" ဟု ဆိုလိုက်သည်။

"ဒါဆိုလည်း သွားဝယ်လေ"

ကူချိုင်ယီက လှောင်သလိုလိုဖြင့် ရယ်လိုက်သည်။

"ဒီမှာ၊ ရှင် ဆင်းရဲချင်ယောင် ဆောင်မနေနဲ့၊ ရှင်က ကျွန်မအိမ်နီးချင်းမို့လို့ အဲ့စျေးနဲ့ရတာ၊ တကယ်လိုချင်ရင်တော့ ကျွန်မကို တစ်ချက် အသံပြုလိုက်ပေါ့"

အမှန်စင်စစ် ဤဈေးနှုန်းမှာ အလွန်တန်သည်။ လော့ချန် ပြောနေသည့် တစ်ပတ်ရစ်ဈေးဆိုသည်မှာ ရတနာနန်းဆောင်၏ ပြန်ဝယ်ဈေး သာ ဖြစ်သည်။

လူတိုင်းသိကြသည့်အတိုင်း ရတနာနန်းဆောင်သည် ခေါင်းပုံဖြတ်ရာ၌ နာမည်ကြီးလှသည်။ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို အသစ်တစ်လုံးလျှင် ဝိညာဉ်ကျောက် ၄၅၀ အထိ ပေးရသည်။ ၎င်းသည် ခံစစ်လက်နက်များထက် အနည်းငယ်သာ သက်သာပြီး အခြားသော တိုက်ခိုက်ရေးလက်နက်များထက် များစွာ ပိုဈေးကြီးသည်။

ထို့အပြင် ဆေးဖော်စပ်သည့် ကိရိယာများသည် တစ်ကိုယ်တော်ကျင့်ကြံသူများ အကိုင်နည်းသဖြင့် ဈေးကွက်ထဲတွင် အလွယ်တကူ ရှာမရနိုင်ပေ။ ယခုကဲ့သို့ ဈေးနှုန်းချိုချိုသာသာနှင့် ကြုံကြိုက်ရသည်ကို လော့ချန် လက်လွတ်ခံမည် မဟုတ်ပေ။

လော့ချန်က မျက်နှာချိုသွေးကာ အမြန်ပြောလိုက်သည်။

"ဝယ်မှာပါ၊ ကျိန်းသေ ဝယ်မှာပါ၊ ဒါပေမဲ့ ပိုက်ဆံစုဖို့ အချိန်နည်းနည်းတော့ လိုမယ်ဗျ"

"ဟဲ့….အဲ့လောက်တောင် ဆင်းရဲရလား"

ကူချိုင်ယီက လော့ချန်ကို သံသယဖြင့် ကြည့်လိုက်သည်။

"ရှင် ဆေးဖော်တာကနေ ဝိညာဉ်ကျောက် တကယ်ရော ရရဲ့လား"

သူမသည် လော့ချန်တစ်ယောက် နောက် ၃ လကြာလျှင် အိမ်လခ မပေးနိုင်သဖြင့် အတွင်းမြို့မှ နှင်ထုတ်ခံရမည်ကို စိုးရိမ်နေမိသည်။

"အဲ့ဒါအတွက်တော့ မပူပါနဲ့၊ အချိန်တန်ရင် ကျွန်တော် ဝိညာဉ်ကျောက်တွေနဲ့ အရောက်လာခဲ့ပါ့မယ်"

လော့ချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

အမှန်စင်စစ် သူ့တွင် ဝိညာဉ်ကျောက် ၃၀၀ ထုတ်ပေးနိုင်စွမ်း ရှိသည်။ ပြောရလျှင် လက်ရှိ သူ့အိတ်ထဲတွင် ဝိညာဉ်ကျောက် ၄၀၀ ကျော်ပင် ရှိနေပြီဖြစ်သည်။

ပျံလွှားဓားကို ၁၁၀၀ ဖြင့် ရောင်းခဲ့ပြီးနောက်၊ အားဖြည့်ဆေးများနှင့် ကျင့်စဉ် ၅ ခု ဝယ်ယူခဲ့သော်လည်း သူ့လက်ထဲတွင် ၄၀၀ ကျန်ရှိနေသေးသည်။

ထို့ကြောင့် လော့ချန်သည် လက်ရှိတွင် ဆင်းရဲမွဲတေနေသူ တစ်ဦးမဟုတ်တော့ပေ။

ယခုချက်ချင်း မဝယ်သေးခြင်းမှာ လက်ရှိ ဆေးဖက်ဝင်ပစ္စည်းများသည် သူ၏ သံအိုးနှင့် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။ မီးဖိုအသစ်ပြောင်းလျှင် နည်းစနစ်များ ပြောင်းလဲရမည်ဖြစ်သလို၊ ထင်းအမျိုးအစားနှင့် အချိန်ဇယားများကိုပါ အစအဆုံး ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည်။ ထို့ကြောင့် လက်ရှိပစ္စည်းများ ကုန်စင်အောင် ဖော်စပ်ပြီးမှသာ မီးဖိုအသစ်ကို သုံးရန် သူ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

“တကယ်ပဲ…. တစ်ကိုယ်တော် ကျင့်ကြံသူတွေအတွက် အတိုးမဲ့ ချေးငွေစနစ်သာ ရှိရင် ဘယ်လောက်ကောင်းမလဲ၊ ဂိုဏ်းကြီးတွေ စိုးမိုးထားတဲ့ ဒီကျင့်ကြံခြင်းလောကက တို့လို လူဆင်းရဲတွေအပေါ် အရမ်းရက်စက်တာပဲ”

လော့ချန်တစ်ယောက် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။

….

လော့ချန်၏ နေ့ရက်များသည် ဆေးဖော်ခြင်း၊ ဆေးသောက်ခြင်း၊ ကျင့်စဉ်ကျင့်ခြင်းနှင့် မှော်အတတ်များ လေ့လာခြင်းတို့ဖြင့် စနစ်တကျ ကုန်ဆုံးသွားခဲ့သည်။

လော့ချန်သည် သူ၏ မှော်အတတ်လေ့ကျင့်ချိန်ကို ပြန်လည်ချိန်ညှိလိုက်သည်။ ယခင်က မြို့ပြင်တွင် နေထိုင်စဉ်က အလေ့အထအတိုင်း ချီစွမ်းအားကို ချွေတာရန်အတွက် ခပ်ပါးပါးသာ လေ့ကျင့်လေ့ရှိသည်။ ယခုမှသာ အတွင်းမြို့သည် အတော်အတန် လုံခြုံသဖြင့် ချီစွမ်းအားကို အပြည့်အဝ ထိန်းသိမ်းထားရန် မလိုကြောင်း သူ သဘောပေါက်သွားခြင်းဖြစ်သည်။

ရလဒ်အနေဖြင့် သူသည် အသစ်သင်ယူနေသော မှော်အတတ်များကို ပိုမိုကျွမ်းကျင်လာစေရန် ချီစွမ်းအားကို အားရပါးရ အသုံးပြုနိုင်ခဲ့သည်။

အားလပ်ချိန်များတွင်မူ ကူချိုင်ယီနှင့်အတူ ကျင့်ကြံခြင်းလောကအကြောင်း နှီးနှောဖလှယ်လေ့ရှိသည်။ အမှန်အတိုင်းပြောရလျှင် ကူချိုင်ယီ ကျင့်ကြံနေသည်ကို တစ်ခါမျှ မတွေ့ဖူးသဖြင့် သူ အမြဲ သိချင်နေမိသည်။

ကူချိုင်ယီ ရှင်းပြမှပင် သူ နားလည်သွားတော့သည်။ သူမသည် ထျန်းရှန်းမျှော်စင် တွင်သာ သွားရောက်ကျင့်ကြံလေ့ရှိသည်။ ထိုနေရာ၌ ချီစုဆုံအစီအရင် ရှိသဖြင့် ချီစွမ်းအင် ပိုမိုသိပ်သည်းကြောင်း သိရသည်။

အဆင့် (၁) ဝိညာဉ်ကြောမှ ထွက်ပေါ်လာသည့် ချီစွမ်းအားမှာ အကန့်အသတ်ရှိသဖြင့် တစ်ဖက်တွင် အလုံးအရင်းနှင့် စုပ်ယူနေပါက ကျန်သူများမှာ ထိုက်သင့်သလောက် မရနိုင်တော့ပေ။ ထို ကျန်သူများ ဆိုသည်မှာ လော့ချန်နှင့် သူ၏ အိမ်နီးချင်း တစ်ကိုယ်တော်ကျင့်ကြံသူများကို ဆိုလိုခြင်းဖြစ်သည်။

“ကျောက်စိမ်းအိုးဓားဂိုဏ်းက တကယ့်ကို ခေါင်းပုံဖြတ်တဲ့သူတွေပဲ၊ ဝိညာဉ်ကြောပေါ်က အိမ်ရာကောင်းတွေလို့ ကြော်ငြာထားပြီးတော့၊ တကယ်တမ်းကျ တို့လို လူတွေက သူများတွေ စုပ်ယူပြီးသား ကျန်ကြွင်းတဲ့ ချီစွမ်းအင်တွေကိုပဲ ရကြတာကိုး” ဟု လော့ချန် တွေးလိုက်မိသည်။

ထိုအတောအတွင်း ပိုင်မေလင်း နှင့်လည်း သူ တစ်ခါတစ်ရံ ဆုံတတ်သည်။ သူမထံမှတစ်ဆင့် လတ်တလော ဆေးပေါင်းတစ်ထောင်ခန်းမ၌ အလုပ်များနေကြောင်း၊ ဆေးဘုရင်ဂိုဏ်း မှ လူများလာရောက်ကာ ဆေးပစ္စည်းများကို စစ်ဆေးနေကြောင်း သိရသည်။

သို့သော် အိမ်ဝင်းအတွင်းရှိ အခြားတစ်ဦးဖြစ်သော ဖူရှို့ရှို့ကိုမူ လော့ချန် တစ်ခါမျှ မတွေ့ဖူးချေ။

"ဖူရှို့ရှို့က နတ်ဘုရားမှော်စာရွက်နန်းတော်ရဲ့ ဆိုင်တာဝန်ခံ တစ်ယောက် ဖြစ်နေပြီ၊ အဲ့ဒီမှာပဲ နေတာများတယ်၊ သူမရဲ့ မှော်စာရွက်ပြုလုပ်တဲ့ အစွမ်းက ထူးချွန်တယ်လို့ ကြားတယ်၊ နတ်ဘုရားမှော်စာရွက်ဂိုဏ်းထဲကို ဝင်ခွင့်ရဖို့တောင် မျှော်လင့်ချက် ရှိတယ်တဲ့" ဟု ကူချိုင်ယီက ပြောပြသည်။

ကြားလိုက်ရချိန်တွင် လော့ချန်မှာ အားကျစိတ်များ ပြည့်နှက်သွားသည်။ ဂိုဏ်းတစ်ခုသို့ ဝင်ခွင့်ရခြင်းဆိုသည်မှာ တစ်ကိုယ်တော်ကျင့်ကြံသူတိုင်း တောင့်တသော်လည်း မရရှိနိုင်သည့် ကံကောင်းခြင်းမျိုးပင်။ သူကိုယ်တိုင်လည်း တစ်နေ့တွင် အင်အားကြီးသော ဂိုဏ်းတစ်ခုခုသို့ ဝင်ခွင့်ရရန် မျှော်လင့်မိသည်။ သူ၏ စံနှုန်းမှာ မမြင့်မားပေ။ ပိုးပန်းပင်ဂိုဏ်းလို နေရာမျိုးဆိုလျှင်ပင် လုံလောက်လှပြီ။

ဈေးကွက်ထဲတွင်မူ သူသည် တိမ်လွှာကြိုးကြာ စီရင်စုသခင်အား သူ၏ စံပြအဖြစ် လူတိုင်းကို လိုက်ပြောလေ့ရှိသည်။ ဤစိတ်ဓာတ်ခွန်အားဖြင့် လော့ချန်သည် အချိန်ပိုအလုပ်လုပ်ကာ လက်ဝယ်ရှိ ကုန်ကြမ်းအားလုံးကို လာမည့် ဈေးနေ့အမီ အကုန်ဖော်စပ်လိုက်တော့သည်။

ရလဒ်ကမူ သူ့အား အလွန်ကျေနပ်အားရစေခဲ့သည်။

ကျန်ရှိနေသော ကုန်ကြမ်း ၂၅ သုတ်မှ ဆေးအိုး ၅ အိုး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်ရာတွင် သူ၏ အောင်မြင်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်သည်။

အကယ်၍ ဝိညာဉ်ကျောက်တုံး ၅၀ ဖိုး ရင်းနှီးပါက အိုး ၁၀ အိုး ဖော်စပ်နိုင်ပြီး၊ ၂ အိုး အောင်မြင်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ရရှိမည် ဖြစ်သဖြင့် ၅၀ အသားတင် မြတ်မည်ဖြစ်သည်။ ဤအမြတ်နှုန်းမှာ လော့ချန်အတွက် အလွန်အားတက်စရာပင်။

ဤအမြတ်နှုန်းအတိုင်းသာ ဆက်လက်ရင်းနှီးသွားမည်ဆိုပါက တစ်နေ့တွင် ဝိညာဉ်ကျောက်များကို လက်ညောင်းအောင် ရေတွက်ရမည့် အချိန် ရောက်လာပေလိမ့်မည်။

လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။

"ဒါတောင် တတ်မြောက်အဆင့် မှာတင် ရှိသေးတာ၊ ငါသာ ကျွမ်းကျင်အဆင့်၊ ပြီးပြည့်စုံအဆင့် ဒါမှမဟုတ် ပါရမီရှင်အဆင့် အထိ ရောက်သွားရင် ဘယ်လောက်တောင် ဖြစ်မလဲ"

ထို့ကြောင့် မြူနှင်းများ ဝေမှိုင်းနေသည့် မနက်စောစောတွင် လော့ချန်တစ်ယောက် မျှော်လင့်ချက်ကြီးစွာဖြင့် ဟင်းသီးဟင်းရွက် ရောင်းမည့် တောင်သူတစ်ဦးကဲ့သို့ မြို့တောင်ဘက် တစ်ကိုယ်တော်ကျင့်ကြံသူများစျေးတန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။

ယနေ့သည် အသီးအပွင့်များ ရိတ်သိမ်းရမည့် နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။

All Chapters