← Chapters

ခင်ဗျားတို့နောက်ကို လိုက်လို့မဖြစ်ဘူး

Vol. 4 Ch. 35

ခင်ဗျားတို့နောက်ကို လိုက်လို့မဖြစ်ဘူး

Vol. 4 Ch. 35

“ဟောဒီမှာ ကြည့်လိုက်ပါဦးဗျို့.... ကျင့်ကြံခြင်းလမ်းခရီး သာယာဖို့ ဒီကိုလှည့်ကြည့်ပါဦး”

“ဝိညာဉ်ကျောက်တုံး ၅ တုံးဆိုတာ များများစားစား မဟုတ်ပါဘူး၊ မှော်လက်နက် ဝယ်လို့မရသလို ရထားလုံးလည်း ဝယ်လို့မရဘူးလေ”

“ကျွန်တော့်ဆေးလုံး ကောင်းမကောင်းဆိုတာတော့.... ဘေးနားက အဖော်လေးကို မေးကြည့်လိုက်ရင် သိသာပါလိမ့်မယ်”

“အံ့ဖွယ်တစ်သောင်းဆေးလုံးလေးကို မြည်းစမ်းကြည့်မှ ကျင့်ကြံခြင်းလမ်းခရီးရဲ့ သာယာပုံကို ခံစားရမှာနော်”

ဘေးနားရှိ လော့ချန်၏ ကာရန်မိမိ ဟောပြောချက်များကို ကြားရသောအခါ ချန်ရှို့ဖိန် တစ်ယောက် သူ့ဘဝတွင် မည်သည့်အခါမှ မခံစားဖူးသော အရှက်ရမှုကို ခံစားလိုက်ရသည်။

သူငယ်စဉ်က မြေပြင်ခွဲအတတ်ကိုသာ သင်ယူခဲ့မိပါက ယခုအချိန်တွင် မြေပြင်ကို ခွဲပြီး သူ့ကိုယ်သူသာ မြှုပ်နှံလိုက်ချင်တော့သည်။

တို့တွေက ဈေးသည်တွေ ဆိုပေမဲ့ ကျင့်ကြံသူတွေပဲလေ၊ ဘယ်လိုလုပ်ပြီး လောကီလူသား ဈေးသည်တွေလို အရှက်အကြောက်မရှိ အော်ဟစ်ရောင်းချနိုင်ရတာလဲ….။

အဘိုးချန် နောင်တကြီးစွာ ရနေမိသည်။

“ငါ ဘာလို့ လော့ချန် နဲ့ ဆိုင်ခန်း စပ်တူ ဖွင့်မိပါလိမ့်….”

“ဝိညာဉ်ကျောက်တုံး တစ်ဝက်ဆိုတာ မရှိလည်း ဖြစ်တဲ့ ငွေပဲဥစ္စာ”

လော့ချန်အား ရန်ငြိုးတကြီး ကြည့်လိုက်ရင်း အဘိုးချန်က ခပ်တိုးတိုး ပြောလိုက်သည်။

“မိတ်ဆွေလော့၊ အသံလေး နည်းနည်းလောက် လျှော့လို့ မရဘူးလား”

“ဘာလို့ လျှော့ရမှာလဲ၊ ထမင်းမစားရသေးလို့လား….အားမရှိလို့လား….”

“တခြားကျင့်ကြံသူတွေ မင်းလိုကြီး အော်ဟစ်မနေကြဘူးလေ"

လော့ချန်က ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

“အဲဒါ သူတို့က သူတို့ပစ္စည်းအပေါ် ယုံကြည်မှု မရှိလို့လေ၊ ကျွန်တော်ကတော့ မတူဘူး၊ ရွှေအမြုတေအဆင့် စီရင်စုသခင်ဆီက ဆေးနည်းကို ဆေးဖော်ဆရာကြီး ကိုယ်တိုင် တစ်လလုံး အချိန်ယူပြီး ဖော်စပ်ထားတာဗျ…. ကျွန်တော် အကျယ်ကြီး အော်မပြောရင် တခြားသူတွေ ဒီကောင်းကျိုးကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

‘တောက်.... ရွှေအမြုတေအဆင့် စီရင်စုသခင်ရဲ့ ဆေးနည်း ဟုတ်လား၊ မင်း တခြားလူတွေကို လိမ်တာ ထားပါတော့.... အခုတော့ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ယုံနေပြီလား’

သို့သော် ချန်ရှို့ဖိန် ပြန်မချေပနိုင်ပေ။ အမှန်စင်စစ် သူကိုယ်တိုင်လည်း နတ်ဘုရားမှော်စာရွက်ဂိုဏ်းမှ စီရင်စုသခင် နာမည်ကို အသုံးချကာ ချီဖုံးကွယ်မှော်စာရွက်များကို ရောင်းနေခြင်း ဖြစ်ရာ သူတို့နှစ်ဦးမှာ မထူးမခြားနားပင်။

သူ အဘယ်ကြောင့် လော့ချန်၏ စကားကို နားယောင်မိလေသနည်း။ ယခုမူ ဤလူသိရှင်ကြား အရှက်ကွဲမှုကြီးတွင် သူပါ အဖော်စပ်ကာ ပါဝင်နေရချေပြီ။

ချန်ရှို့ဖိန်တစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်နေစဉ်အတွင်း ကျောက်ပြားခင်းထားသော ဈေးဆိုင်ခန်းရှေ့၌ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြသည်။

“ဒါက ဘာဆေးလုံးလဲ၊ စကားလုံးတွေကတော့ အတော်ကြီးတာပဲ"

“အံ့ဖွယ်တစ်သောင်းဆေးလုံး၊ တစ်ခါမှ မကြားဖူးပါဘူး"

“ဒီဆေးက ဘာအတွက်လဲ”

လော့ချန်သည် မလောမတိုက်၊ စိတ်အားထက်သန်စွာဖြင့် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ကောက်ကိုင်ကာ လူအုပ်ကို စတင်မိတ်ဆက်ပေးတော့သည်။

“မြောက်ပင်လယ် ကျောက်စိမ်း ဂုံးခြောက် နဲ့ ဆေးဘုရင်ဂိုဏ်းက ရှားပါးမိစ္ဆာသားရဲအသားတွေကို အသုံးပြုပြီး ဆေးဖော်ဆရာကြီး ကိုယ်တိုင် ဖော်စပ်ပေးထားတာပါ၊ ဒါကြောင့် ဒီအံ့ဖွယ်တစ်သောင်းဆေးလုံးတွေက တကယ့်ကို ထူးခြားနေရတာပေါ့”

ဤသို့ပြောနေစဉ် လော့ချန်၏ မျက်နှာမှာ အေးဆေးတည်ငြိမ်နေပြီး ရင်ခုန်သံမှာလည်း ပုံမှန်ပင် ရှိနေသည်။

ဤစကားကို ပြောရာတွင် သူ၏ မျက်နှာမှာ အနည်းငယ်မျှ ပျက်ယွင်းခြင်း မရှိပေ။ မှော်အာဟာရဆေးလုံး ဆေးဖော်စပ်မှုတွင် သူသည် ပါရမီရှင် အဆင့်သို့ ရောက်နေပြီဖြစ်သဖြင့် ကောင်းကင်ကို တိုင်တည်၍ ကျိန်ဆိုရဲသည်။ လိမ်လည်ခြင်း မဟုတ်ပေ။

“ဒါကို သုံးစွဲလိုက်ရင် ခင်ဗျားတို့ရဲ့ ယန်ချီ တွေ ဟုန်းဟုန်းတောက်လာပြီး စိတ်ဆန္ဒတွေ တက်ကြွလာမယ်၊ ခင်ဗျားတို့ရဲ့ အဖော်နဲ့အတူ နတ်ဘုံနတ်နန်းကို ရောက်ရှိသလို ခံစားရမှာပါ၊ ဒါက မိစ္ဆာဆေးလုံး မဟုတ်ပါဘူး၊ ခင်ဗျားတို့ရဲ့ အနှစ်သာရကို ခိုင်မာစေပြီး ဇီဝစွမ်းအားကိုလည်း မထိခိုက်စေပါဘူး၊ အတိုချုပ်ပြောရရင် တစ်လုံးသောက်ရင် ပျော်ရွှင်မယ်၊ နှစ်လုံးသောက်ရင် နတ်သက်ကြွေသလို ခံစားရမယ်၊ သုံးလုံးသောက်ရင်တော့ ကောင်းကင်နဲ့ မြေကြီးကို စိုးမိုးနိုင်လိမ့်မယ်ဗျာ"

စုဝေးနေသော ကျင့်ကြံသူများသည် အခြေအနေကို ရိပ်မိလာကြသည်။ ဤသည်မှာ ချီဆေးလုံး မဟုတ်ဘဲ လူ့လောကတွင် လူကြိုက်အများဆုံး ဖြစ်သော ဇီဝအားတိုးဆေးသာ ဖြစ်ကြောင်း သိလိုက်ကြသည်။

သို့သော် ဤလူငယ်မှာ စကားပြော အလွန်ကောင်းမွန်သဖြင့် လူအုပ်ကြီးမှာ အရသာခံ၍ နားထောင်နေကြသည်။ ဤဆေးမျိုးသည် ကျင့်ကြံသူများအပေါ် အမှန်အာနိသင်ရှိမည်ဟု သူတို့ အပြည့်အဝ မယုံကြည်ကြပေ။ သံသယရှိသူအချို့က ပုလင်းကို ကောက်ယူကာ ဆို့ကိုဖွင့်၍ နမ်းကြည့်ကြသည်။

“တကယ်ရော အလုပ်ဖြစ်ရဲ့လား”

“ဒါပေါ့၊ ပစ္စည်းအစစ်ပါ….လူတိုင်းအတွက် မျှတတဲ့ အာနိသင်ရှိကြောင်း အာမခံတယ်"

လော့ချန်က ယုံကြည်ချက်ရှိရှိ ကျိန်ဆိုလိုက်သည်။

“ဒါပေမဲ့ ငါက အခြေခံအုတ်မြစ် တည်ဆောက်ပြီး မဟာလမ်းစဉ်ကို တက်လှမ်းချင်သေးတာလေ….”

မေးမြန်းသူ ကျင့်ကြံသူက တည်ကြည်စွာ ပြောလိုက်သည်။

လော့ချန် သူ့အား အရှက်မခွဲပေ။ လမ်းစဉ်အပေါ် စိတ်နှစ်ထားသူဆိုလျှင် ဤနေရာသို့ လာ၍ မေးမြန်းနေမည် မဟုတ်သည်ကို သူ သိသည်။ ထို့ကြောင့် သူ ပို၍ပင် စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်သည်။

ဤသူမှာ သူ၏ အဓိက ဖောက်သည်ပင် ဖြစ်သည်။

“စိတ်ချပါဗျာ၊ ခင်ဗျားအနေနဲ့ အသင့်အတင့်ပဲ သုံးစွဲမယ်ဆိုရင် အနှစ်သာရတံခါးကို မပျက်စီးစေသလို၊ ခင်ဗျားရဲ့ ကျင့်ကြံခြင်း အနှစ်သာရကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး”

“တကယ်လား”

“ကိုယ်တိုင် စမ်းကြည့်လိုက်ပါဗျာ၊ အရေးကြီးတဲ့ အချိန်ကျရင် ခင်ဗျားဆီကနေ ထွက်သွားမယ့် အနှစ်သာရဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စွမ်းအင် မဟုတ်ဘဲ ဒီဆေးလုံးကနေ ပြောင်းလဲပေးလိုက်တဲ့ အနှစ်သာရပဲ ဖြစ်မှာပါ”

ထိုကျင့်ကြံသူမှာ တွန့်ဆုတ်နေဆဲပင်။ အဓိကမှာ ကြည့်နေသူများသလောက် ဝယ်သူတစ်ဦးမျှ မရှိသေးသောကြောင့် ဖြစ်သည်။ ထိုသို့ တုံ့ဆိုင်းနေစဉ် လူအုပ်ကြားမှ ဗလတောင့်တောင့် လူတစ်ဦး တိုးထွက်လာသည်။

“မိတ်ဆွေကျန်း…. မတွေ့တာ ကြာပြီနော်”

“အင်း…. ငါ့ကို မှော်အာဟာရဆေးလုံး ငါးပုလင်း ပေးစမ်းပါ”

ကျန်းဝမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး ဝိညာဉ်ကျောက်တုံး ၁၁ တုံး ပစ်ပေးလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။

မှော်အာဟာရဆေးလုံး ၅ ပုလင်းဆိုလျှင် ဝိညာဉ်ကျောက်တုံး ၁ တုံးတည်း ပေးရသည် မဟုတ်ပါလော။

“ကောင်းပါပြီဗျာ….ရော့ မိတ်ဆွေ၊ ဒါက အာဟာရဆေးလုံးတွေပါ၊ ရတနာတောင်ကို တက်ပြီး ဝိညာဉ်စမ်းရေကို ရှာဖွေရာမှာ အောင်မြင်ပါစေဗျာ"

လော့ချန်က ကျောက်စိမ်းပုလင်း အနည်းငယ်ကို ကမ်းပေးလိုက်ရာ စုစုပေါင်း ခုနစ်ပုလင်းခန့် ရှိသည်။ ထိုအထဲမှ နှစ်ပုလင်းမှာ အံ့ဖွယ်တစ်သောင်းဆေးလုံးများ ဖြစ်ကြောင်း အထင်အရှားပင်။

ကျန်းဝမ်သည် မည်သည့်ခံစားချက်မှ မပြဘဲ ပုလင်းများကို အိတ်ထဲထည့်ကာ လူအုပ်ထဲမှ ထွက်ခွာသွားတော့သည်။

လူအုပ်ကြီး ခဏတာ ငြိမ်သက်သွားသည်။

ထို့နောက် အစောပိုင်းက သံသယဖြင့် မေးခွန်းထုတ်နေသည့် ကျင့်ကြံသူကပင် လေသံကိုနှိမ့်ကာ ခပ်တိုးတိုး ပြောလိုက်တော့သည်။

“ငါ့အိမ်မှာလည်း မှော်အာဟာရဆေးလုံးတွေ ကုန်နေပြီ ထင်တယ်၊ ငါ့ကို ငါးပုလင်း ပေးဦး”

စကားအဆုံးတွင် သူသည် ဝိညာဉ်ကျောက်တုံး ခြောက်တုံးကို ကမန်းကတန်း ထုတ်ပေးလိုက်ပြီး မှော်အာဟာရဆေးလုံး ငါးပုလင်းနှင့်အတူ လက်ဆောင်ရရှိသည့် အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်ပုလင်းကိုပါ ကျေနပ်အားရစွာဖြင့် ယူသွားလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ကျင့်ကြံသူ လူအုပ်ကြီးမှာ ချက်ချင်း သဘောပေါက်သွားကြသည်။ ခဏအတွင်းမှာပင် လူတိုင်းသည် မှော်အာဟာရဆေးလုံး အနည်းငယ်စီ ဝယ်ယူရန် အိတ်ထဲမှ ငွေများကို အလုအယက် ထုတ်ယူကြတော့သည်။

ဤဖောက်သည်များ ထွက်ခွာသွားပြီးနောက် လော့ချန်သည် သူ၏ သိုလှောင်အိတ်ထဲမှ ဆေးလုံးများကို ထပ်မံထုတ်လိုက်သည်။

ဘေးမှ ကြည့်နေသော အဘိုးချန်မှာမူ လော့ချန်၏ ဝိညာဉ်ကျောက်တုံး ရှာနိုင်သော အမြန်နှုန်းနှင့် လျင်မြန်စွာ တိုးတက်လာသော ဆေးဖော်စပ်မှု အစွမ်းတို့ကို ကြည့်ပြီး အံ့အားသင့်နေမိသည်။

တစ်လအတွင်းမှာပင် လော့ချန် ထုတ်လုပ်နိုင်သည့် ဆေးလုံးပမာဏမှာ ယခင်ကထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

“ဦးလေးချန်၊ အခုလို ဖောက်သည်တွေ စည်ကားနေတုန်း ခင်ဗျားရဲ့ မှော်စာရွက်တွေကိုလည်း တစ်ခါတည်း ကြော်ငြာလိုက်ပါဦးလား”

လော့ချန်က လက်မလည်အောင် အလုပ်ရှုပ်နေသည့်ကြားမှ သတိပေးလိုက်ရာ အဘိုးချန်မှာ ချက်ချင်းပင် အသိဝင်လာတော့သည်။

'အရင်ကဆိုရင် လော့ချန်ကပဲ ငါ့ဆီလာတဲ့ ဖောက်သည်တွေကို အကွက်ကျကျ ဆွဲယူသွားခဲ့တာ.... အခု ငါ့အလှည့်ရောက်နေပြီကို ငါ ဘာလို့ ဒီလောက်တောင် တုံ့နှေးနေရတာလဲ' ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်မိရင်း နောင်တရသွားမိသည်။

အစပိုင်းတွင် သူသည် ပါးစပ်ဟရုံမျှ တိုးတိုးလေး ရေရွတ်နေမိရာ မည်သူတစ်ဦးတစ်ယောက်ကမျှ ကြားနိုင်စွမ်းမရှိပေ။ သို့သော် ခဏအကြာတွင်မူ တစ်ကိုယ်လုံးရှိ သတ္တိများကို စုစည်းကာ အားရပါးရ ဟစ်ကြွေးကြေညာလိုက်တော့သည်။

“အရည်အသွေးမြင့် ချီဖုံးကွယ်မှော်စာရွက်တွေ ဒီမှာရှိတယ်ဟေ့.… မိစ္ဆာသားရဲတွေ မမြင်နိုင်သလို၊ ရန်သူတွေလည်း ရှာမတွေ့နိုင်ဘူး၊ အရှုံးမရှိစေရဘူး၊ အလိမ်အညာ မဟုတ်ဘူး၊ လာကြည့်ကြပါဦး"

ဘေးနားရှိ လော့ချန်ပင်လျှင် အဘိုးချန်၏ ရုတ်တရက် အော်ဟစ်သံကြောင့် လန့်ဖျပ်သွားရသည်။ ထို့နောက် သူ အဘိုးချန်အား ကြည့်ကာ လက်မထောင်ပြလိုက်မိသည်။

‘ငါ့စီးပွားဖက် ပီသပါပေတယ်…. အသက်ကြီးပေမဲ့ ဇွဲကတော့ ကောင်းတုန်းပါလား’

ယနေ့သည် လော့ချန်အတွက် ကံကောင်းသောနေ့ ဖြစ်ပုံရသည်။ သူ၏ အော်ဟစ်ရောင်းချမှုကြောင့်လား၊ သို့မဟုတ် မကြာသေးမီက ဂိုဏ်းနှစ်ခု တိုက်ခိုက်မှုကြောင့် ကျင့်ကြံသူများ စိတ်ဖိစီးနေ၍လား မသိ၊ အံ့ဖွယ်တစ်သောင်းဆေးလုံးများမှာ အရောင်းအလွန်သွက်လှသည်။ အရံပစ္စည်းအဖြစ် သူ ဖော်စပ်ထားသော မှော်အာဟာရဆေးလုံးများပင် ခဏအတွင်း ကုန်သွားခဲ့လေပြီ။

မွန်းတည့်ချိန် ရောက်သောအခါ အံ့ဖွယ်တစ်သောင်းဆေးလုံး အနည်းငယ်သာ ကျန်တော့သည်။

လော့ချန်သည် ထိုဆေးများ ကုန်သည်အထိ အော်ရောင်းပြီး ညနေပိုင်းတွင် ဆေးမယ်များကို ထပ်မံဝယ်ယူရန် စီစဉ်ထားသည်။ သို့သော် သူ၏ အရောင်းစကားများ မဆုံးသေးမီမှာပင် ရန်လိုသော မျက်နှာထားဖြင့် ကျင့်ကြံသူနှစ်ဦး သူ့ဆိုင်ရှေ့တွင် လာရပ်ကြသည်။

“လော့ချန် ဆိုတာ မင်းလား”

လော့ချန်၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားသည်။ တစ်ခုခုကို သူ ရိပ်မိလိုက်ပြီ ဖြစ်သော်လည်း မျက်နှာကိုမူ အပြုံးမပျက်ဘဲ ခရီးဦးကြိုပြုလိုက်သည်။

“မိတ်ဆွေ…. အံ့ဖွယ်တစ်သောင်းဆေးလုံးအကြောင်း စိတ်ဝင်စားပါသလားဗျ”

“ငါတို့က ဆေးလုံးဝယ်ဖို့ လာတာ မဟုတ်ဘူး၊ မင်း ကောင်းထင်အယ် ကို သိလား”

လော့ချန်က ခေါင်းခါပြလိုက်သည်။

“မကြားဖူးပါဘူး”

ထို့နောက် သိချင်စိတ် ပြင်းပြဟန်ဖြင့် သူ မေးလိုက်သည်။

“အဲဒါ ဘယ်သူလဲဗျ”

တွမ့်ဆန်းဖု က အေးစက်စွာ ပြောလိုက်သည်။

“ကောင်းထင်အယ်ဆိုတာ ငါတို့ ခေါင်းဆောင် ကောင်းထင်ယွမ် ရဲ့ ညီပဲ၊ သူက လွန်ခဲ့တဲ့ တစ်လက မြို့ပြင်က အနောက်တောင်ဘက် လွင်ပြင်ထဲမှာ ပျောက်သွားတာ၊ အဲဒီနေရာကို မင်း ကောင်းကောင်းသိမှာပေါ့”

“သိတာပေါ့ဗျာ…. အဲဒါ ကျွန်တော့်အိမ်လေ"

လော့ချန်က ခေါင်းညိတ်ပြပြီးမှ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“ကျွန်တော်က ဆေးမြစ်ရှာထွက်သွားတာ၊ နောက်နေ့ ပြန်လာတော့ အိမ်က မီးလောင်ပြီး ပြာကျနေပြီ၊ အဲဒါ ခင်ဗျားတို့လူတွေ လုပ်တာလား၊ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား၊ ဥပဒေဆိုတာရော ရှိသေးရဲ့လားဗျာ"

“ဥပဒေ.... တာကျန်းဂိုဏ်း ကသာ ဥပဒေပဲ”

တွမ့်ဆန်းဖုက လှောင်ပြုံးပြုံးလိုက်ပြီး သူ့အဖော်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။

“မင်းအိမ်ကို ဘယ်သူမီးရှို့လဲဆိုတာ ငါတို့ မသိဘူး၊ ဒါပေမဲ့ အခုတော့ မင်း ငါတို့နဲ့အတူ လိုက်ခဲ့ပြီး ငါတို့ ခေါင်းဆောင်နဲ့ တွေ့ရမယ်”

လော့ချန်က သတိကြီးစွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။

“ကျွန်တော် မလိုက်လို့ မရဘူးလားဗျာ.... ခင်ဗျားတို့ ကျွန်တော့်ကို ဝိုင်းရိုက်ကြမယ့်ပုံပဲ”

“မလိုက်လို့ မရဘူး"

တွမ့်ဆန်းဖုက လှောင်ပြောင်လိုက်သည်။

“ငါတို့ ခေါင်းဆောင်ဆိုတာ တာကျန်းဂိုဏ်းရဲ့ ဒုတိယအာဏာအရှိဆုံး လူ၊ သူ့အထက်မှာ ဂိုဏ်းချုပ်ဝမ်ပဲ ရှိတာ၊ မင်း မလိုက်ရင်တော့ အကျိုးဆက်က အတော်ကြီးလိမ့်မယ်”

သူ့စိတ်ထဲတွင်မူ ချီသန့်စင် အဆင့် ၃ ကျင့်ကြံသူလေးသည် တာကျန်းဂိုဏ်း ဆိုသည့် နာမည်ကို ကြားသည်နှင့် ကြောက်လန့်တုန်ရင်ကာ လိုက်လာလိမ့်မည်ဟု ထင်ထားသည်။

သို့သော် လော့ချန်က ပုခုံးတွန့်ပြလိုက်သည်။

“အဲဒါဆိုရင်တော့ ခင်ဗျားတို့နဲ့အတူ တာကျန်းဂိုဏ်းကို လိုက်လို့ လုံးဝမဖြစ်ဘူးဗျ”

“ဟေ…. ဘာလို့လဲ”

“ဘာလို့လဲဆိုတော့….ကျွန်တော့်ရဲ့ အစ်ကိုကြီးက ဝမ်ယွမ် ဖြစ်နေလို့လေ"

လော့ချန်က ပြုံးစိစိဖြင့် ပြောလိုက်ရင်း မလှမ်းမကမ်းရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ အနီးရှိ ဆိုင်ခန်းတစ်ခုတွင် ဝမ်ယွမ်မှာ မတ်တတ်ရပ်နေပြီ ဖြစ်ကာ သူ၏ အေးစက်သော မျက်လုံးများဖြင့် လော့ချန်တို့ ရှိရာဘက်သို့ စိုက်ကြည့်နေတော့သည်။

All Chapters