ဒီနေရာက ငါ့အိမ် ဖြစ်သင့်တာ
Vol. 4 Ch. 36
လော့ချန်၏ အိမ်ထဲတွင် ဝမ်ယွမ်သည် သေရည်ကို တစ်ငုံချင်း အရသာခံ သောက်နေရင်း ရုတ်တရက် မေးလိုက်သည်။
“ကောင်းထင်အယ်ကို သတ်လိုက်တာ မင်းလား”
“အစ်ကိုဝမ်၊ အစားကို ကြိုက်သလိုစား၊ သေရည်ကို ကြိုက်သလိုသောက်လို့ ရပေမဲ့ ဒီလိုစကားမျိုးကိုတော့ ပေါ့ပေါ့ဆဆ မပြောပါနဲ့ဗျာ”
လော့ချန်က ဝမ်ယွမ်၏ ခွက်ထဲသို့ သေရည်ဖြည့်ပေးရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
“ဒါက အသက်နဲ့ဆိုင်တဲ့ ကိစ္စကြီးလေ”
ဝမ်ယွမ်၏ နှုတ်ခမ်းများ မသိမသာ တွန့်သွားသည်။ သူသည် လော့ချန် ကိုယ်တိုင်ချက်ထားသော အမဲသားနှပ်တစ်ဖဲ့ကို ကောက်စားလိုက်ရင်း အိမ်အနှံ့ကို ဝေ့ဝဲကြည့်လိုက်သည်။
“မင်း အတွင်းမြို့ကို ပြောင်းလာနိုင်တာ မဆန်းပါဘူး၊ ကြည့်ရတာ မင်း တကယ် ပွပေါက်တိုးသွားတာပဲ"
လော့ချန်တစ်ယောက် ဆွံ့အသွားရသည်။ အမြင်စူးရှသူတစ်ယောက်ရှေ့တွင် အချို့သောအရာများကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
သူသည် ဝမ်ယွမ်ထံမှ ဝိညာဉ်ကျောက်တုံးနှစ်ရာတန် မှော်ကျမ်းကို ဝယ်ယူခဲ့ပြီးနောက် မြို့ထဲပိုင်းတွင် အိမ်ငှားနေထိုင်ခဲ့သည်။ ဤအခြေအနေမှာ မည်သို့ပင် ကြည့်ကြည့် သံသယဖြစ်စရာပင်။
ထို့အပြင် ယနေ့တွင် တာကျန်းဂိုဏ်းသားများက သူ့အား လာရောက် ရှာဖွေခဲ့ကြသေးသည်။ အချက်အလက်များကို ဆက်စပ်ကြည့်လိုက်ပါက အဖြေမှာ ရှင်းလင်းနေတော့သည်။
ဝမ်ယွမ်ထံမှ အမှန်တရားကို ဖုံးကွယ်ထား၍ မရနိုင်မှန်း လော့ချန် သိသည်။ ထို့ကြောင့် ယနေ့မွန်းတည့်ချိန်က ဝမ်ယွမ် ဝင်ရောက်ကူညီပေးခဲ့သည်ကို ကျေးဇူးဆပ်သည့်အနေဖြင့် အိမ်သို့ဖိတ်ကာ ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခြင်း ဖြစ်သည်။
ပထမအချက်မှာ ကျေးဇူးတင်ရန် ဖြစ်ပြီး ဒုတိယအချက်မှာ သူနှင့် ညှိနှိုင်းဆွေးနွေးရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် အမည်ခံအားဖြင့် ဝမ်ယွမ်၏ အကာအကွယ်အောက်တွင် ရှိနေသည် မဟုတ်ပါလော။
သို့သော်လည်း ကောင်းထင်အယ်ကို သူသတ်ခဲ့သည်ဟု တိုက်ရိုက် ဝန်ခံရန် အစီအစဉ် မရှိပေ။
“ကောင်းထင်ယွမ်က သဘောထားကျဉ်းမြောင်းသလို သံသယလည်း အရမ်းများတဲ့လူပဲ၊ မင်းက အသက်ရှင်နေသေးတဲ့အပြင် သူ့ကိုလာတွေ့ဖို့ ငြင်းဆန်လိုက်တယ်ဆိုတော့ နောက်ပိုင်း သူ မင်းကို သံသယဝင်လာမှာ အသေအချာပဲ”
ဝမ်ယွမ်က သူ၏ တူကို ချလိုက်သည်။
“မင်းမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိနေသေးရင် ကျင့်ကြံမှုအဆင့် တက်အောင် ဆေးလုံးတွေ ပိုဝယ်ထားလိုက်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိမှ ဖြစ်မယ်”
ဆေးလုံးများနှင့် ပက်သက်၍မူ လော့ချန် ကြိုတင်စုဆောင်းထားပြီးသား ဖြစ်သည်။ ပြီးခဲ့သည့်လက သူဝယ်ခဲ့သော ချီစွမ်းအင်ဖြည့်ဆေးလုံး ငါးပုလင်းထဲမှ သုံးပုလင်းကို သုံးစွဲပြီး ဖြစ်သည်။ သူ၏ တိုးတက်မှုအဆင့်မှာ ၃၇/၁၀၀ သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၃၀ မှတ်မှာ ဆေးလုံးများကြောင့် ဖြစ်ပြီး ကျန် ၇ မှတ်မှာ သူ၏ နွေဦးကျင့်စဉ်ကို နေ့စဉ်ကျင့်ကြံမှုကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဝမ်ယွမ်ရှေ့တွင် လော့ချန်တစ်ယောက် အကျင့်အတိုင်း ညည်းပြလိုက်သည်။
“အစ်ကိုဝမ်.... ကျင့်ကြံခြင်းလောကမှာ အစ်ကိုဝမ်က ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ၊ အဲ့ ကောင်းထင်ယွမ် ကျွန်တော့်ကို လာနှိပ်စက်ရင် အစ်ကိုဝမ် ကူညီရမယ်နော်"
“ဟားဟား”
ဝမ်ယွမ်က ခပ်ပြုံးပြုံးဖြင့် ထရပ်လိုက်ပြီး တံခါးဆီသို့ အေးအေးလူလူ လျှောက်သွားသည်။
“ဒီနေရာကို ငါ မှတ်ထားလိုက်ပြီ၊ ငါ ပြန်တော့မယ်”
“ဩော်…. ဒါနဲ့ ဒီရက်ပိုင်း အဝင်အထွက် သတိထားဦး၊ ညဘက် လူတစ်ယောက်ယောက် အိမ်ထဲ ခိုးဝင်လာပြီး မင်းခေါင်းကို ဖြတ်သွားတာမျိုး မဖြစ်စေနဲ့ဦး”
လော့ချန် ချက်ချင်းပင် ထိတ်လန့်သွားသည်။
“မဖြစ်နိုင်တာ.... ဒါက အတွင်းမြို့လေဗျာ”
“ကျောက်စိမ်းအိုး ဓားဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးတွေက ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက် သေသွားတာကို အရေးတယူ လုပ်လိမ့်မယ် ထင်နေတာလား”
ဝမ်ယွမ်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“အုတ်အော်သောင်းနင်း မဖြစ်သရွေ့တော့ အထက်က လူကြီးတွေက ငါတို့လို လူတွေ သေတာ ရှင်တာကို ဂရုစိုက်မှာ မဟုတ်ဘူး၊ မင်းကို အသံတိတ် ရှင်းပစ်ဖို့ဆိုတာ တာကျန်းဂိုဏ်းရဲ့ ကောင်းထင်ယွမ်အတွက် ဘာမှ မခက်ခဲဘူး”
လော့ချန်၏ ကျောပြင်ထက်တွင် မသိမသာ ချွေးစေးများ ထွက်လာတော့သည်။
“ငါ ပြန်ပြီ၊ ဒုက္ခကြုံရင် မြို့ပြင်ပိုင်းက ဖိုရှန်းဂိုဏ်းဌာနချုပ်ကို လာခဲ့လိုက်”
ဝမ်ယွမ်က ခပ်ပေါ့ပေါ့ပင် လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြံဝင်းအတွင်းမှ ခန့်ညားစွာ လှမ်းထွက်သွားတော့သည်။
သစ်သားစားပွဲတွင် လော့ချန်သည် အတွေးများ ဗလောင်ဆူရင်း အမဲသားနှပ်ကို စိတ်မပါလက်ပါ စားနေမိသည်။ သို့သော် ခဏအကြာတွင် သူ ပြန်လည် တည်ငြိမ်သွားသည်။
“တောက်.... ငါ ဘာလို့ ကြောက်နေရမှာလဲ”
သူ အံကို ကြိတ်လိုက်သည်။ ဤအခြေအနေများကို သူ ကြိုတင်တွက်ဆထားပြီးသားပင်။ ဝမ်ယွမ်၏ စကားက ထိုအချက်ကို ထပ်ဆင့်အတည်ပြုပေးလိုက်ရုံမျှသာ ရှိသည်။
“အခု လုပ်သင့်တာက ဝိညာဉ်ကျောက်တုံး ရအောင် အပြင်းအထန် ကြိုးစားမယ်၊ ကျင့်ကြံမှု တက်ဖို့ ဆေးလုံးတွေ ဝယ်မယ်၊ မှော်အတတ်တွေ ပိုလေ့ကျင့်မယ်၊ အဆောင်လက်နက်တွေကို ကျွမ်းကျင်အောင် သုံးမယ်၊ ပြီးတော့ ကိုယ့်အသက်ကို ကာကွယ်နိုင်ဖို့ အစွမ်းအစတွေကို မြှင့်တင်မယ်.... ဒါပဲရှိတာပေါ့”
ဤသည်မှာ လောလောဆယ်တွင် လော့ချန် တတ်နိုင်သမျှ အကောင်းဆုံးသော လမ်းပင် ဖြစ်သည်။
တာကျန်းဂိုဏ်း ဌာနချုပ်အတွင်းသို့ သန်းခေါင်ယံအချိန်တွင် အမှောင်ခို ခိုးဝင်၍ ကောင်းထင်ယွမ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို လုပ်ကြံရန်မှာ ယခုအချိန်တွင်မူ သူ၏ တတ်နိုင်စွမ်းထက် ကျော်လွန်နေသေးသည်။ အဓိပ္ပာယ်မဲ့စွာ စိုးရိမ်တကြီး ဖြစ်နေမည့်အစား လက်ရှိအခြေအနေကို သွေးအေးအေးဖြင့် ရင်ဆိုင်ဖြေရှင်းခြင်းကသာ သူ၏ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ပေလိမ့်မည်။
အဖြေထွက်သွားပြီ ဖြစ်သဖြင့် လော့ချန်သည် စားပွဲပေါ်ရှိ ဝိညာဉ်ဟင်းလျာများ၊ အမဲသားနှပ်နှင့် ပြင်းရှရှ သေရည်များကို အားပါးတရ စားသောက်ပစ်လိုက်သည်။
ဝဝလင်လင် စားသောက်ပြီးနောက် သိုလှောင်အိတ်ထဲမှ အသင့်ပြင်ထားသော အနက်ရောင် ဝတ်ရုံနှင့် မျက်နှာဖုံးဇာပုဝါပါသော ခမောက်ကို ဝတ်ဆင်ကာ ယုံကြည်ချက်ရှိရှိ အပြင်သို့ ထွက်လာခဲ့သည်။
စင်စစ် ဤကဲ့သို့ ဝတ်ဆင်ထားခြင်းမှာ လူမြင်ကွင်းတွင် အတော်လေး သိသာထင်ရှားလှသည်။
သို့သော် တာ့ဟဲဈေးမြို့တော်၏ အတွင်းမြို့တွင်မူ ဤသို့ ဝတ်ဆင်ခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။
ဤဝတ်ရုံမျိုးကို တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် အတွေ့ရများလှသည်၊ တစ်နေ့လျှင် ဆယ်ယောက်မက မြင်တွေ့နိုင်သည်။ လူတိုင်းသည် မိမိ၏ အငွေ့အသက်ကို ဖုံးကွယ်ရန် သို့မဟုတ် ရုပ်ဖျက်ရန် မှော်အတတ်များကို မတတ်မြောက်ကြပေ။ ပြဿနာရှိနေသော တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် အဝတ်အစားဖြင့် ဖြေရှင်းခြင်းမှာ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းပင် ဖြစ်သည်။
လော့ချန်သည် တည်ငြိမ်နေသော်လည်း ဝမ်ယွမ်၏ အကြံပေးချက်အတိုင်း အဝင်အထွက် ပြုလုပ်ရာတွင် အလွန် သတိထားနေတော့သည်။
….
“ဒီနေ့ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေကနေ ဝိညာဉ်ကျောက်တုံး ၄၀၀ ရတယ်၊ မှော်အာဟာရဆေးလုံးတွေကနေ ၂၀ ရတယ်၊ အရင်က စုထားတဲ့ ၄၂၅ တုံးနဲ့ဆိုရင် စုစုပေါင်း ဝိညာဉ်ကျောက် ၈၄၅ တုံး ရှိပြီပေါ့”
လမ်းလျှောက်နေရင်း လော့ချန်တစ်ယောက် သူ၏ စုဆောင်းငွေကို တွက်ချက်ကာ နောက်ထပ် ဝယ်ယူမည့်အရာများကို စတင် စီစဉ်တော့သည်။
“ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို အတွက် အနည်းဆုံး ဝိညာဉ်ကျောက် ၃၀၀ ဖယ်ထားရမယ်”
“အံ့ဖွယ်တစ်သောင်းဆေးလုံး အတွက် လိုအပ်တဲ့ ဆေးမယ်တွေကိုလည်း ပြန်ဖြည့်ရဦးမယ်၊ အဲဒီအတွက် ဝိညာဉ်ကျောက် ၄၀၀ လောက် သုံးလိုက်မယ်”
ယခင်က သုံးစွဲခဲ့သည်ထက် နှစ်ဆခန့် ပိုများနေသည်မှာ သေချာသည်။ သို့သော် ဆေးလုံးများ ဖော်စပ်ပြီးပါက ရရှိမည့် အမြတ်အစွန်းမှာလည်း ခန့်မှန်းထားသည့်အတိုင်း ဖြစ်ပေလိမ့်မည်။
ကျန်ရှိသော ဝိညာဉ်ကျောက် ၁၄၅ တုံးထဲမှ ၁၀၀ ကို အရေးပေါ် အရန်ငွေအဖြစ် ဖယ်ထားမည်။ သူသည် ဝိညာဉ်ကျောက် ၅၀ မျှသာ ရှိသော ဆင်းရဲသား ကျင့်ကြံသူ မဟုတ်တော့ပေ။
သူ့တွင် ကျရှုံးမှုများ ကြုံရလျှင်ပင် ပြန်လည် ထူထောင်နိုင်သည့် သတ္တိ ရှိသော်လည်း ထိုမျှအထိ အစွန်းမရောက်စေရန် လိုအပ်သည်။ အရန်ငွေ ထားရှိခြင်းက အလွန်အရေးကြီးလှသည်။
ကျန်ရှိသည့် ဝိညာဉ်ကျောက် ၄၅ တုံးထဲမှ ငါးတုံးကို စားစရိတ်အဖြစ် သုံးမည်ဖြစ်ကာ၊ ကျန် ၄၀ ကို မှော်အာဟာရဆေးလုံးများ ဖော်စပ်ရန် သုံးစွဲမည်။
မှော်အာဟာရဆေးလုံးများသည် ငွေများများစားစား မရသလို ပြိုင်ဘက်လည်း များလှသော်လည်း သူ ပိုမိုဖော်စပ်ရန် စီစဉ်ထားဆဲ ဖြစ်သည်။ ထုတ်ကုန်အမျိုးအစား စုံလင်စေရန် ဖြစ်စေ၊ အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် တွဲဖက်ရောင်းချရန် ဖြစ်စေ မှော်အာဟာရဆေးလုံးမှာ မရှိမဖြစ် လိုအပ်လှသည်။
အစီအစဉ် ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လော့ချန် အချိန်မဆွဲတော့ပေ။ လေခွင်းအတတ်ကို လေလွင့်ခြေလှမ်း နှင့် ပေါင်းစပ်အသုံးပြုကာ လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။
လမ်းသွားလမ်းလာများကြားမှ လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသဖြင့် အချို့က ဆဲဆိုကြသော်လည်း သူ ဂရုမစိုက်။ အတွင်းမြို့၌ တိုက်ခိုက်ခြင်းကိုသာ တားမြစ်ထားပြီး မှော်အတတ်သုံးခြင်းကို တားမြစ်ထားသည် မဟုတ်ပေ။
တစ်ညနေလုံး အချိန်ပေးကာ လိုအပ်သည်များကို လော့ချန် ဝယ်ယူခဲ့သည်။ မီးဖိုအတွက် လိုအပ်သော ထင်းများကိုပင် အိမ်အရောက် ပို့ခိုင်းထားခဲ့လေပြီ။
အလုပ်များ ပြီးစီးသွားသောအခါ လော့ချန်သည် မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် အဆောက်အအုံကြီးတစ်ခု၏ ရှေ့သို့ ရောက်လာသည်။ သူ ခေါင်းမော့ကာ မျက်နှာဖုံးအောက်မှနေ၍ ဆိုင်းဘုတ်ကြီးကို ကြည့်လိုက်သည်။
ထျန်းရှန်းမျှော်စင်.…။
“ဒီလိုနေရာမျိုးကို ပထမဆုံးအကြိမ် လာရတာဆိုတော့ နည်းနည်းတော့ ရင်ခုန်သားဗျ”
လော့ချန်သည် မသင့်တော်သည့် နေရာသို့ ရောက်လာသည့် လူပျိုပေါက်လေးကဲ့သို့ ခံစားနေရသည်။
“တောက်…. ငါ လာတာက မသင့်တော်တဲ့ နေရာ ဖြစ်နိုင်ပေမဲ့၊ ငါ့ရဲ့ ရည်ရွယ်ချက်ကတော့ တကယ့်ကို တရားဝင်ပါတယ်”
လော့ချန်သည် စိတ်ထဲမှ မကောင်းသော အတွေးများကို နှင်ထုတ်လိုက်ပြီး ထျန်းရှန်းမျှော်စင်ထဲသို့ ယုံကြည်ချက်ရှိရှိ လှမ်းဝင်လိုက်သည်။ ထိုနေရာသို့ ရောက်သည်နှင့် သူသည် မိမိ၏ နေရာမှန်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဒီနေရာက ငါ့အိမ် ဖြစ်သင့်တာဗျ၊ အဟမ်း.... ချီစွမ်းအား သိပ်သည်းဆကို ပြောတာပါ”
ထိုနေရာတွင် ခဏရပ်နေရုံမျှဖြင့် အပြင်လောကနှင့် ကွာခြားမှုကို သိသာစွာ ခံစားရသည်။ လေကို အဝရှူလိုက်ရုံနှင့် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားပြီး နွေဦးကျင့်စဉ်မှာ အလိုလို လည်ပတ်ချင်လာတော့သည်။ ချီစုဆုံအစီအရင် မည်မျှအစွမ်းထက်ကြောင်း သူ ကောင်းကောင်း နားလည်သွားတော့သည်။
“ငါသာ ဒီမှာ နေ့တိုင်း နေရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”
“အလေးအမြတ်ထားရတဲ့ ဧည့်သည်တော်ရှင့်၊ ကျွန်မတို့ ဧည့်သည်တွေ စတင် လက်ခံဖို့ အချိန် နည်းနည်း လိုပါသေးတယ်”
“ကျွန်တော် ကူချိုင်ယီကို လာတွေ့တာပါ၊ ကျွန်တော်က သူ့ရဲ့ အိမ်နီးချင်းပါ”
“ဩော်…. ဟုတ်ကဲ့၊ ဒါဆိုရင် ဟိုဘက်က ရေကန်ဘေးအတိုင်း တည့်တည့်သွားလိုက်ပါ၊ ဝတ်ရုံမွှေးရှည်ဆောင်မှာ ဆရာမကူ ရှိပါလိမ့်မယ်”
ဆရာမကူ ဆိုပါလား….။
လော့ချန်သည် ကူချိုင်ယီတစ်ယောက် ထျန်းရှန်းမျှော်စင်တွင် ဤမျှ အဆင့်အတန်း ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အစေခံများက သူမအား အလွန် ရိုရိုသေသေ ပြောဆိုနေကြသည်။
သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် ကူချိုင်ယီသည် ချီသန့်စင် အဆင့် ၈ တွင် ရှိနေပြီး ရင်သပ်ရှုမောဖွယ် အလှတရား၊ ကျော့ရှင်းသော အမူအရာတို့အပြင် ခြေတံရှည်ရှည်၊ ခါးသိမ်သိမ်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပြောစရာမရှိအောင် လှပသူ မဟုတ်ပါလော။
ဤကဲ့သို့သော အလှတရားနှင့် သူမ၏ ပြိုင်ဘက်ကင်းလှသော ကပြမှုအတတ်ပညာတို့ ပေါင်းစပ်လိုက်ပါက မည်သည့်ခေတ်အခါတွင်မဆို သူမအား ထူးချွန်ထက်မြက်သည့် ပါရမီရှင်မလေးတစ်ဦးအဖြစ် သတ်မှတ်ရမည်မှာ အမှန်ပင်ဖြစ်သည်။
ဤအတွေးများဖြင့်ပင် လော့ချန်သည် ဝတ်ရုံမွှေးရှည်ဆောင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။