မိတ်ဆွေလော့…. မင်းလည်း စိတ်ကူးသစ်တွေ ရဖို့ လာတာလား
Vol. 4 Ch. 37
ဝတ်ရုံမွှေးရှည်ဆောင် နှင့် ကောင်းကင်တေးသံဆောင် တို့မှာ ထျန်းရှန်းမျှော်စင်၏ အဓိက ဆွဲဆောင်မှုကြီးနှစ်ခုပင် ဖြစ်သည်။ ဤနေရာရှိ မိန်းကလေးများသည် အနုပညာကိုသာ ရောင်းချကြပြီး ကိုယ်ခန္ဓာကို မရောင်းကြပေ။
သို့သော်လည်း အဆင့်မြင့် ကျင့်ကြံသူတစ်ဦးက သဘောကျသွားလျှင်ဖြစ်စေ၊ တစ်စုံတစ်ဦးက ဝိညာဉ်ကျောက်တုံးများစွာ ပုံအောပေးလျှင်ဖြစ်စေ ထိုအချက်မှာ ပြောင်းလဲသွားနိုင်သည်။ အဆုံးတွင်မူ မည်သူမဆို ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဆုပ်ကိုင်ခွင့်ရှိသည် မဟုတ်ပါလော။
ဤကဲ့သို့သော နေရာများတွင် သူတို့ နာမည်ကျော်ကြားနေရခြင်းမှာလည်း ခိုင်လုံသော အကြောင်းရင်းခံများ ရှိပေသည်။ စဉ်းစားကြည့်လျှင် ချီသန့်စင်အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ထားပြီး မိမိကိုယ်ကိုယ် စနစ်တကျ ပြုပြင်ထိန်းသိမ်းထားသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးမှာ ရုပ်ဆိုးရန် ခဲယဉ်းလှပေသည်။
အကယ်၍ သူမတို့တွင် ကောင်းမွန်သော ကကွက် သို့မဟုတ် သီဆိုမှု စွမ်းရည်ရှိပါက ကျင့်စဉ်အစွမ်းများ၊ ချီစွမ်းအင်များနှင့် ပေါင်းစပ်လိုက်လျှင် မြင်ရသူအဖို့ နတ်ဘုံနတ်နန်းသို့ ရောက်သွားသကဲ့သို့ ခံစားရမည်မှာ သေချာလှသည်။
ယခုတွင်မူ လော့ချန်တစ်ယောက် အဆောင်ပြင်ပတွင် ရပ်ကာ သူ၏ ဘဝနှစ်ခုစလုံးတွင် တစ်ခါမျှ မမြင်ဖူးခဲ့သော ကကွက်ဆန်းများကို ငေးမောကြည့်ရှုနေမိသည်။
ကျက်သရေရှိလှသော ဝတ်ရုံများကို ဆင်မြန်းထားသည့် အမျိုးသမီးကျင့်ကြံသူ ငါးဦးသည် အဆောင်အတွင်းရှိ မြင့်မားသော စင်မြင့်ထက်တွင် နွဲ့နှောင်းစွာ ကပြနေကြသည်။
တစ်ခါတစ်ရံတွင် သူတို့သည် လေထဲသို့ ပေါ့ပါးစွာ ပျံတက်သွားကြပြီး တစ်ခါတစ်ရံတွင်မူ မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်လာကြသည်။ မြူနှင်းများကြားတွင် သူတို့၏ အင်္ကျီလက်ရှည်များ ဝေ့ဝဲနေပုံမှာ နတ်ဘုံနတ်နန်းသို့ ရောက်ရှိနေသကဲ့သို့ ထင်မှတ်ရကာ ထိုအမျိုးသမီးများမှာလည်း ထိုနတ်ဘုံမှ နတ်မိမယ်များအလားပင်။
ဖျော်ဖြေမှုအပြီးတွင် လော့ချန်တစ်ယောက် မကျေမနပ် ရေရွတ်မိတော့သည်။
“ဝိညာဉ်ကျောက်တုံးလေး နည်းနည်းရတာနဲ့ ကျင့်ကြံသူတွေ ထျန်းရှန်းမျှော်စင်ကို ဘာလို့ အပြေးအလွှား လာကြလဲဆိုတာ အခုမှပဲ နားလည်တော့တယ်၊ ဒီလောက်လှတဲ့ ကကွက်တွေရှိတာ ဘာလို့ ငါ့ကို စောစောစီးစီး ဘယ်သူမှ မပြောကြတာလဲ”
ကူချိုင်ယီ အပြင်သို့ ထွက်လာသောအခါ လော့ချန်တစ်ယောက် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ စက်ဝိုင်းများ ဆွဲ၍ စဉ်းစားခန်းဝင်နေသည်ကို တွေ့လိုက်ရသည်။
“ရှင် ဘာလုပ်နေတာလဲ”
လော့ချန် ခေါင်းမော့ကြည့်ကာ သနားစရာကောင်းသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“မမချိုင်ယီ…. ကျွန်တော်က မမရဲ့ မောင်လေး မဟုတ်လားဗျာ”
“ဟမ်....”
“မောင်လေးတစ်ယောက်အနေနဲ့ မမရဲ့ အနုပညာအလုပ်တွေကို တကယ့်ကို စိတ်ရောကိုယ်ပါ အားပေးချင်တာပါ၊ အဲဒါကြောင့် မမ အလုပ်သွားရင် နေ့တိုင်း လိုက်ပို့ပေးလို့ ရမလားဟင်၊ ဒါတင်မကသေးဘူး၊ မမ ကကွက်တွေ လေ့ကျင့်တာကိုတောင် ကျွန်တော်က ဘေးကနေ အားတက်သရော ကြည့်ပေးချင်သေးတာဗျ”
ကူချိုင်ယီတစ်ယောက် အံ့အားသင့်သွားကာ ‘ဘာတွေ လာပြောနေတာလဲ’ ဟု တွေးတောမိသွားသည်။
ခဏမျှ စဉ်းစားပြီးနောက် သူမ ပါးစပ်ကလေးကို လက်ဖြင့်အုပ်ကာ အသာအယာ ရယ်မောလိုက်သည်။
“ရှင် ထျန်းရှန်းမျှော်စင်ရဲ့ ချီစွမ်းအားကို အလကား လာစုပ်ချင်နေတာ မဟုတ်လား”
“ဘယ်ကသာ.... မဟုတ်ရပါဘူးဗျာ"
လော့ချန်က ကန့်ကွက်လိုက်သည်။
“ကျွန်တော်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ ခင်ဗျား အသွားအပြန်လုပ်တဲ့အခါ လူဆိုးလူမိုက်တွေက မတော်တရော် လုပ်မှာစိုးလို့ စိတ်ပူပေးနေတာပါ”
“စိတ်မပူပါနဲ့၊ ကျွန်မက ချီသန့်စင် အဆင့် ၈ ကျင့်ကြံသူတစ်ဦးလေ၊ သာမန်လူမိုက်တွေကိုတော့ ဂရုစိုက်စရာ မလိုပါဘူး”
ကူချိုင်ယီက ခေါင်းခါရင်း ဆက်ပြောလိုက်သည်။
“ပြီးတော့ ရှင် လာကြည့်ချင်ရင်လည်း ရတာပဲလေ၊ ညနေတိုင်း ဝင်ကြေး ဝိညာဉ်ကျောက် ၅ တုံး ပေးလိုက်ရုံနဲ့ ကကွက်တွေကို စိတ်ကြိုက် ကြည့်လို့ရပြီပေါ့”
ဝိညာဉ်ကျောက် ၅ တုံး.…။
လော့ချန် ချက်ချင်း ထရပ်လိုက်သည်။
“မိန်းကလေးချိုင်ယီ၊ အချိန်ဆိုတာ ဝိညာဉ်ကျောက်တုံးပဲဗျ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မိန်းကလေးရှန်းရှန်းနဲ့ တွေ့ပေးပါဦး၊ ကျွန်တော့်မှာ သူနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ရှိလို့ပါ”
“ဟီးဟီး.... လိုက်ခဲ့လေ"
….
ရေပေါ်ဆောင်လေးအတွင်း….။
ထူးဆန်းစွာ အလှဖော်ထားသည့် အမွှေးတိုင်အိုးထဲမှ စိတ်အေးချမ်းစေသည့် အမွှေးတိုင်နံ့လေးက သင်းပျံ့နေသည်။ ကူချိုင်ယီသည် ဇရပ်လေးဘေးတွင် ထိုင်ကာ ငါးလေးများကို အစာကျွေးနေသည်။
လော့ချန်မှာမူ ကူချိုင်ယီထက်ပင် ပိုမိုလှပပုံပေါ်သော အမျိုးသမီးငယ်တစ်ဦးနှင့် မျက်နှာချင်းဆိုင် ထိုင်နေရသည်။ ထိုမိန်းကလေးမှာ နုပျိုလွန်းသဖြင့် အပေါ်ယံကြည့်လျှင် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဟု ထင်မှတ်မှားနိုင်သော်လည်း လော့ချန်ကမူ ထိုသို့ လုံးဝ မထင်မှတ်ပေ။
သူသိထားသလောက် မိန်းကလေးရှန်းရှန်းသည် ကျင့်ကြံလာသည်မှာ အနှစ် ၂၀ မကတော့သဖြင့် သူမ၏ အသက်မှာ အနည်းဆုံး ၃၀ ကျော်နေနိုင်သည်။
ရုပ်ရည်က ငယ်ရုပ်ကလေး ပေါက်နေခြင်းသာ ဖြစ်သည်။ လော့ချန်ကမူ ဤကဲ့သို့ ကလေးရုပ်မျိုးထက် ကူချိုင်ယီကဲ့သို့ မဟာဆန်ဆန် အလှမျိုးကိုသာ ပိုနှစ်သက်သည်။ ထို့အပြင် တစ်ဖက်လူမှာ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ ဖြစ်သဖြင့် သူ သတိကြီးစွာ ထားရပေမည်။
“ဒါဆို…. မင်းက ချိုင်ယီရဲ့ အိမ်နီးချင်းပေါ့"
“ဘေးအိမ်က လော့လေး ဆိုတာ ကျွန်တော်ပါပဲ”
“မင်းက ဆေးဖော်စပ်တဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတယ်လို့ ကြားတယ်"
“ပညာအနည်းအကျဉ်းပါပဲ၊ အနိုင်နိုင် အသက်မွေးရရုံပါဗျာ”
“ဒါပေမဲ့ မှော်အာဟာရဆေးလုံး ဖော်စပ်ရုံသက်သက်နဲ့တော့ မြို့ထဲပိုင်းမှာ ရေရှည် ရပ်တည်နိုင်ဖို့ မလွယ်ဘူး ထင်တယ်နော်”
လော့ချန် တိတ်ဆိတ်သွားသည်။ မိန်းကလေးရှန်းရှန်း၏ စကားများမှ တစ်ဆင့် တစ်ခုခု ထူးဆန်းနေသည်ကို သူ သတိပြုမိလိုက်သည်။
တစ်ပတ်ရစ် ဆေးအိုး ရောင်းဖို့ကိစ္စ မဟုတ်ဘူးလား…. သူက ဘာလို့ မေးခွန်းတွေ အများကြီး မေးနေရတာလဲ.…။
ယွီရှန်းက အသာအယာ ပြုံးလိုက်သည်။
“အရည်အသွေးနိမ့် သံအိုးတစ်လုံးတည်းနဲ့ ဘယ်လိုဆေးမျိုးကို ဖော်စပ်လို့ အတွင်းမြို့မှာတောင် နေနိုင်ရလဲဆိုတာ ငါ သိချင်နေလို့ပါ”
“အဲဒါကတော့....”
လော့ချန် အနည်းငယ် တွန့်ဆုတ်နေမိသည်။
ထျန်းရှန်းမျှော်စင်မှ အမျိုးသမီးကျင့်ကြံသူ အချို့သည် နာမည်ကြီးနေသော အံ့ဖွယ်တစ်သောင်းဆေးလုံး၏ ဒုက္ခပေးမှုကို ခံရသူများ ဖြစ်ကြသလို အချို့မှာလည်း ထိုဆေးလုံးကြောင့် အကျိုးကျေးဇူး ခံစားရသူများ ဖြစ်သည်။ သို့သော် အမျိုးသမီးတစ်ဦး၏ ရှေ့တွင် ‘အဲဒီဆေးကို ကျွန်တော် ဖော်တာပါ’ ဟု ပြောရမည်မှာ တစ်မျိုး ဖြစ်နေလေသည်။
“ငါက အလကား မမေးပါဘူး၊ ငါ့ရဲ့ သိချင်စိတ်ကို ပြေပျောက်ဖို့ မင်းဆီက ဆေးတစ်လုံး ဝယ်မယ်၊ မိတ်ဆွေဖွဲ့တဲ့ အနေနဲ့ ဝိညာဉ်ကျောက်တုံး ၅၀ ပေးပါ့မယ်”
ယွီရှန်း လက်ကလေး ဝှေ့ယမ်းလိုက်ရာ လူတစ်ရပ်နီးပါး မြင့်သော ခရမ်းရောင် ဆေးအိုးကြီး တစ်လုံး လသာဆောင်ထဲသို့ ကျလာသည်။ လော့ချန်၏ အကြည့်များမှာ ထိုအိုးဆီသို့ ချက်ချင်း ရောက်သွားတော့သည်။
၎င်းမှာ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို ဖြစ်ပြီး ပထမအဆင့် အဆင့်နိမ့် မှော်ကိရိယာတစ်ခု ဖြစ်သည်။ ၎င်းကို ပျံလွှားဂိုဏ်းမှ ပြုလုပ်ပြီး ရတနာနန်းဆောင်မှ ရောင်းချခြင်း ဖြစ်သည်။ ထိုဆေးအိုးမှာ တံဆိပ်မပါသည့် အတုအပမျိုး လုံးဝ မဟုတ်ပေ။
“မိတ်ဆွေဖွဲ့တဲ့အနေနဲ့ပေါ့ရှင်…. နောင်ကျရင် ဆေးဖော်စပ်မှုမှာ နားမလည်တာရှိရင်လည်း အတူတူ ဆွေးနွေးလို့ ရတာပေါ့”
လော့ချန်သည် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ဆေးက တစ်လုံးကို ငါးတုံးပဲ ရောင်းတာပါ၊ အခု ၅၀ ဆိုတော့ မိန်းကလေးရှန်းရှန်းက ဈေးပိုပေးလိုက်သလို ဖြစ်နေပြီ”
“ငါက မိတ်ဆွေဖွဲ့တဲ့အခါ အရှုံးအမြတ်နဲ့ မတွက်တတ်ဘူး”
ယွီရှန်းက ပြုံးလိုက်သည်။
“ပြီးတော့ မင်းရဲ့ ဆေးဖော်စပ်မှု ပညာက ဒီလို ဆေးအိုးတစ်အိုးနဲ့ ထိုက်တန်ပါတယ်”
ဤမျှအထိ ပြောလာမှတော့ လော့ချန်အတွက် ငြင်းစရာ အကြောင်းမရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ သူ့တွင် အရှုံးမရှိ။ သူမနှင့် ဆေးဖော်စပ်သူ အချင်းချင်းအဖြစ် မိတ်ဆွေဖွဲ့ရသည်မှာ သူ့အတွက် အလွန် ဝမ်းမြောက်စရာပင်။
သူသည် ဝိညာဉ်ကျောက်တုံး ၂၅၀ နှင့်အတူ အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်ပုလင်းကို ချက်ချင်း ထုတ်ပေးလိုက်သည်။
“ဒီဆေးကို အံ့ဖွယ်တစ်သောင်းဆေးလုံးလို့ ခေါ်ပါတယ်၊ သူ့ရဲ့ အာနိသင်က အသင့်အတင့်ပဲ ရှိပြီး ဇီဝအင်အားကို မြှင့်တင်ပေးသလို စိတ်ကိုလည်း တက်ကြွစေပါတယ်၊ ကျင့်ကြံသူရဲ့ အနှစ်သာရ အားနည်းတဲ့ အချိန်မျိုးမှာ အစားထိုးနိုင်ဖို့ ချီစွမ်းအားတွေ အမြောက်အမြား ပါဝင်ပါတယ်”
“တစ်နေ့ကို သုံးလုံးထက် ပိုမသုံးသင့်ပါဘူး၊ အလွန်အကျွံ သုံးစွဲရင်တော့ အနှစ်သာရတံခါးကို ပျက်စီးစေနိုင်ပါတယ်၊ ပြီးတော့ ဒီဆေးက အမျိုးသမီးတွေအတွက်တော့ စိတ်ဆန္ဒကို အနည်းငယ် တက်ကြွစေနိုင်လို့ မသောက်ဖို့ အကြံပေးချင်ပါတယ်ဗျ”
လော့ချန်အနေဖြင့် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ အသေးစိတ်ကို ရှင်းပြခဲလှသည်။ သူသည် အခြေခံအုတ်မြစ် ခိုင်မာစေခြင်း ဟူသော အလိမ်အညာများကို မပြောခဲ့ပေ။ အကြောင်းမှာ ထိုအချက်များမှာ အရောင်းမြှင့်တင်ရန် လှည့်ကွက်များ ဖြစ်သောကြောင့်ပင်။
တစ်ချီတည်း ရှင်းပြအပြီးတွင် လော့ချန် ထရပ်လိုက်ကာ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ကျေးဇူးတင်စကား ဆိုကာ ခန့်ညားစွာ ထွက်ခွာလာခဲ့တော့သည်။
သူ၏ ခန့်ညားသော ကျောပြင်ကို ကြည့်ရင်း၊ စားပွဲပေါ်မှ ဆေးပုလင်းကို တစ်ချက် ငဲ့ကြည့်ရင်း ယွီရှန်းတစ်ယောက် ခဏတာ မှင်သက်သွားမိသည်။
“ငါ ဝိညာဉ်ကျောက်တုံး ၅၀ ပေးပြီး အမျိုးသားသုံး အားတိုးဆေး တစ်ပုလင်း ဝယ်လိုက်မိတာလား….”
သူမ ကူချိုင်ယီကို လှမ်းကြည့်လိုက်ရာ၊ ကူချိုင်ယီမှာလည်း ငါးစာကျွေးနေသည့် လက်ကလေး ရပ်တန့်လျက် ကြောင်တောင်တောင် ဖြစ်နေရှာသည်။
ယွီရှန်း၏ မျက်နှာမှာ တစ်မျိုး ဖြစ်သွားပြီး “ချိုင်ယီ.... နင့် အိမ်နီးချင်းရဲ့ ဆေးလုံးတွေက နည်းနည်းတော့ ထူးဆန်းသားပဲနော်” ဟု မှတ်ချက်ပြုလိုက်မိသည်။
ကူချိုင်ယီက စိတ်မသက်မသာ ပြုံးလိုက်ပြီး “ဘဝပေးအခြေအနေကြောင့် ဖြစ်မှာပါ” ဟု ပြန်ဖြေရှာသည်။
….
“ငါ ခုနက ဆေးအကြောင်း ရှင်းပြတုန်းက မျက်နှာထား တည်တည်တံ့တံ့နဲ့ ပြောခဲ့တာပဲ၊ သူတို့ ငါ့ကို လူဆိုးလို့တော့ မထင်လောက်ပါဘူး”
လော့ချန်သည် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးရင်း မိန်းကလေးရှန်းရှန်းအပေါ် အထင်ကြီးစရာ ကောင်းသော ပုံရိပ်တစ်ခု ချန်ထားနိုင်ခဲ့သည်ဟု မိမိကိုယ်ကိုယ် ယုံကြည်နေမိသည်။
နောင်တွင် ဆေးဖော်စပ်မှု ဆွေးနွေးသည့် အကြောင်းပြချက်ဖြင့် ထျန်းရှန်းမျှော်စင်ထဲ ဝင်ကာ ချီစွမ်းအင်လည်း ခိုးစုပ်၊ ကူချိုင်ယီ ကသည်ကိုလည်း ကြည့်နိုင်လိမ့်မည် မဟုတ်ပါလော။
ထျန်းရှန်းမျှော်စင်မှ ထွက်လာသောအခါ ညဦးယံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။ အဆောက်အအုံကြီးမှာ မီးရောင်များဖြင့် ထိန်လင်းနေကာ ဆူညံသော စကားသံများနှင့်အတူ အမျိုးသမီးများ၏ အဝင်အထွက်များဖြင့် စည်ကားနေသည်။ ပြင်ပမှ ရောက်လာသော အမျိုးသားကျင့်ကြံသူများမှာလည်း ထုံးစံအတိုင်း ပျော်ပါးနေကြသည်။
လော့ချန် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
စိတ်ဓာတ်ပျော့ညံ့ပြီး အပျော်အပါး မက်တဲ့ အလဟဿသမားတွေ….ငါကတော့ သူတို့နဲ့ လုံးဝ မတူဘူး….။
“ဒါ မိတ်ဆွေလော့ မဟုတ်လား"
အနားမှ တွန့်ဆုတ်တွန့်ဆုတ် နှုတ်ဆက်သံတစ်သံ ထွက်ပေါ်လာသည်။
လော့ချန် အလိုအလျောက် လှည့်ကြည့်လိုက်ရာ သူ၏ ပင်တိုင်ဖောက်သည်ကြီး ကျန်းဝမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းဝမ်သည် အမျိုးသမီးနှစ်ဦးကို ဖက်လျက် သူ့အား မသေချာသလို ကြည့်နေသည်။
လော့ချန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
“မိတ်ဆွေ.... လူမှားနေပြီ ထင်တယ်ဗျ”
သူသည် မိန်းကလေးရှန်းရှန်းနှင့် စကားပြောစဉ်က မျက်နှာဖုံးဇာပုဝါပါ ခမောက်ကို ချွတ်ထားခဲ့ပြီး အထွက်တွင် ပြန်ဆောင်းရန် မေ့သွားခဲ့ခြင်း ဖြစ်သည်။
တကယ့် အမှားကြီးပဲ.…။
ကျန်းဝမ်သည် ဘေးရှိ အမျိုးသမီးများကို လွှတ်လိုက်ပြီး လော့ချန်၏ လက်ကို ရင်းနှီးစွာ ဆုပ်ကိုင်လိုက်သည်။
“ဟာ.... ငါ လူမမှားပါဘူး၊ မိတ်ဆွေလော့…. တကယ့်ကို တိုက်ဆိုင်တာပဲ၊ မင်းလည်း စိတ်ကူးသစ်တွေ ရဖို့ လာတာလား"
“အဲဒါက....”
“ဒါမှမဟုတ်.... မင်းက အံ့ဖွယ်တစ်သောင်းဆေးလုံးရဲ့ အာနိသင်ကို ကိုယ်တိုင် လာစမ်းသပ်နေတာလား"
ကျန်းဝမ်၏ မျက်လုံးများ အရောင်တောက်သွားကာ လော့ချန်၏ ပုခုံးကို ပုတ်လိုက်သည်။
“မိတ်ဆွေလော့ ဒီလောက်အထိ အနစ်နာခံလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က ဆေးကို ထပ်ပြီး ပြုပြင်ဖို့ ရှိသေးတယ်လို့ ပြောခဲ့တော့၊ အခု ကိုယ်တိုင် လာပြီး အားနည်းချက် ရှာနေတာပေါ့လေ"
ပုံမှန်အားဖြင့် မိမိကိုယ်ကိုယ် ဂုဏ်ယူတတ်သော လော့ချန်ပင် သူ့ဖောက်သည်ဟောင်းထံတွင် ဤမျှအထိ အထင်ကြီးခံရသောအခါ အနည်းငယ် အနေရခက်သွားရသည်။
ကျန်းဝမ်တစ်ယောက် သေရည်ကောင်းများ သောက်ရင်း မိန်းမလှလေးများကို အတူကြည့်ရှုရန် အတင်းအကျပ် ဖိတ်ခေါ်သောအခါမှ လော့ချန် သတိဝင်လာသည်။
“အားနည်းချက်တွေကိုတော့ ကျွန်တော် ရှာတွေ့သွားပါပြီ၊ နောက်ဆိုရင် ပိုကောင်းတဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေကို ရနိုင်မှာပါ၊ မိတ်ဆွေကျန်း.... ကျွန်တော် အခု သွားလိုက်ပါဦးမယ်”
ပြောပြောဆိုဆိုဖြင့် လော့ချန်သည် ထိုနေရာမှ တစ်ချိုးတည်း ထွက်ပြေးလာခဲ့တော့သည်။ သူ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ကျန်းဝမ် သက်ပြင်းချလိုက်သည်။
“ငါ့သက်တမ်းတစ်လျှောက်မှာ ဆေးဆရာတွေ အများကြီး တွေ့ဖူးပေမဲ့ မိတ်ဆွေလော့လောက် အလုပ်အပေါ် စိတ်နှစ်ထားတဲ့လူ တစ်ခါမှ မတွေ့ဖူးဘူး၊ တကယ့်ကိုပဲ…. သူ့ဆီက ဆေးဝယ်ဖို့ ရွေးချယ်ခဲ့တာ ငါ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ”