မောင်ပိုင်စီးတဲ့ ခွေးတွေ၊ သေချင်းဆိုးတွေ
Vol. 4 Ch. 38
ဝတ်ရုံအနက် ဝတ်ဆင်ကာ မျက်နှာကို ဇာပုဝါအနက်ဖြင့် လုံအောင်ဖုံးထားသည့် လော့ချန်သည် နောက်သို့ သတိကြီးစွာ လှည့်ကြည့်ရင်း ခြံဝင်းတံခါးထဲသို့ လှမ်းဝင်လိုက်သည်။
မှောင်ရီပျိုးစပြုနေသော တိတ်ဆိတ်သည့် လမ်းကြားလေးမှာ အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်နေသည်။
လော့ချန်သည် အိမ်တံခါးဝသို့ လျှောက်သွားကာ ခဏမျှ ငြိမ်သက်စွာ ရပ်နေလိုက်သည်။
“ငါ့နောက်ကို ဘယ်သူမှ လိုက်မလာလောက်ပါဘူး”
တစ်စုံတစ်ဦး၏ နောက်ယောင်ခံလိုက်ခြင်း မခံရကြောင်း သေချာသွားမှသာ လော့ချန် သက်ပြင်းချနိုင်တော့သည်။
အဆင့်နိမ့် ကျင့်ကြံသူများတွင် ကိုယ်ယောင်ဖျောက်ရန် နည်းလမ်းများစွာ မရှိသလို၊ ခြေရာခံသည့် နည်းများမှာလည်း ပို၍ပင် ရှားပါးလှသည်။ များသောအားဖြင့် မှော်စာရွက်များ သို့မဟုတ် လက်နက်များကိုသာ အားကိုးကြရသည်။ ထို့ကြောင့် သူသာ သတိထားမည်ဆိုလျှင် သူ့နောက်သို့ တစ်စုံတစ်ဦး လိုက်၊ မလိုက် ခွဲခြားရန်မှာ အတော်လေး လွယ်ကူလှပေသည်။
တာကျန်းဂိုဏ်း၏ အာရုံစိုက်ခြင်းကို ခံနေရပြီဖြစ်သဖြင့် လော့ချန်သည် နောက်ပိုင်းတွင် အသွားအလာ ပိုမိုသတိထားရန် ဆုံးဖြတ်လိုက်သည်။ သူ လှည့်အထွက်တွင်မူ ရုတ်တရက် တစ်ကိုယ်လုံး တောင့်တင်းသွားကာ ကြက်သီးမွေးညင်းများ ထသွားတော့သည်။
ခြံဝင်း၏ ထောင့်တစ်နေရာတွင် ဆံပင်ရှည်နှင့် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ကျောခိုင်းလျက် ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
လော့ချန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိကာ သရဲများလား ဟု တွေးလိုက်မိသည်။
သို့သော် ခဏအကြာတွင် သူ စိတ်အေးသွားသည်။
“နှစ်လတောင် ရှိနေပြီကို ဘာလို့ အညှောက်မထွက်သေးတာလဲ”
အဖြူရောင်ဝတ် အမျိုးသမီးမှာ တစ်ကိုယ်တည်း စကားပြောနေသယောင် ရှိသည်။
“ဆေးမြစ်ရှာတဲ့လူက ငါ့ကို ခရမ်းရောင်နေကြာ မျိုးစေ့အတုတွေ ပေးလိုက်တာလား မသိဘူး”
“အဟမ်း”
အဝင်ဝမှ ချောင်းဟန့်သံကြောင့် ထိုအမျိုးသမီး လှည့်ကြည့်လာသည်။
“မိတ်ဆွေ လော့ချန်လား"
“မိတ်ဆွေ ဖူရှို့ရှို့ လား"
“အင်း”
လော့ချန် သူမအနားသို့ လျှောက်သွားကာ စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။
“ဘာလုပ်နေတာလဲဗျ”
ဖူရှို့ရှို့က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။
“ကျွန်မ ဝိညာဉ်ကျောက်တုံး တစ်တုံးပေးပြီး ခရမ်းရောင်နေကြာ မျိုးစေ့တွေ ဝယ်ခဲ့တာလေ၊ လွန်ခဲ့တဲ့ နှစ်လက စိုက်ထားတာ၊ အခု ပြန်လာတော့ အညှောက်လေးတွေ မြင်ရမလားလို့ မျှော်လင့်ထားတာ၊ ဘာမှကို ထွက်မလာဘူး”
လော့ချန် သူမ ကြည့်နေသော ခြံဝင်းထောင့်သို့ သံသယဖြင့် ကြည့်လိုက်သည်။
ထိုနေရာသည် လော့ချန်တစ်ယောက် မီးလုံးမှော်အတတ်နှင့် နွယ်ရှင်နှောင်ကြိုးမှော်အတတ်များ လေ့ကျင့်သော နေရာ ဖြစ်နေသည်။
မျိုးစေ့ ဆိုပါလား....။
သူသည် ဤနေရာရှိ မြေကြီးနှင့် ကျောက်ခဲများကို အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ မီးမြှိုက်ကာ ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ လော့ချန်တစ်ယောက် ရယ်ကျဲကျဲဖြင့် အနေရခက်စွာ ကုတ်ကတ်ပြောဆိုလိုက်သည်။
“ဒီနေရာက မြေဆီလွှာနဲ့ မကိုက်ညီလို့ ဖြစ်မှာပါဗျ”
ဖူရှို့ရှို့က သက်ပြင်းချကာ မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်သည်။
“ဒီနေရာက ယင်ဓာတ်နည်းနည်း များနေတာလည်း ပါမှာပေါ့၊ ကျွန်မ စိုက်သမျှ ပန်းတွေ၊ အပင်တွေက သိပ်မရှင်ကြဘူး၊ ပြီးတော့ ကျွန်မက အိမ်မှာ သိပ်မနေဖြစ်တော့ အပင်တွေ အကုန် သေကုန်ကြပြီ”
လော့ချန် မျက်တောင်ခတ်ရင်း “အဲဒါကြောင့်ပဲ ဖြစ်မှာပါ” ဟု ထောက်ခံလိုက်သည်။
ထို့နောက် သူမက လော့ချန်၏ ဝတ်ရုံကို စူးစမ်းကြည့်ရင်း မေးလိုက်သည်။
“မိတ်ဆွေလော့လေး.... ဒီလိုဝတ်ရုံကြီးနဲ့ ဘယ်တွေ သွားလာနေတာလဲ”
“ကျွန်တော့်ကို လော့လေး လို့ပဲ ခေါ်ပါဗျာ၊ ထူးထူးခြားခြား ဘယ်မှ မသွားပါဘူး၊ အနက်ရောင် ဝတ်ရတာ ကျင့်သားရနေလို့ပါ”
ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူတစ်ဦးက တလေးတစား ခေါ်နေသဖြင့် သူ အနည်းငယ် အနေရခက်နေမိသည်။
လော့ချန် အသေးစိတ် မပြောချင်မှန်း သိသဖြင့် ဖူရှို့ရှို့ ထပ်မမေးတော့ပေ။ သူမသည် ညကောင်းကင်ယံကို တစ်ချက်ကြည့်ကာ လော့ချန်ကို ဖိတ်ခေါ်လိုက်သည်။
“ကျွန်မ အိမ်ပြန်လာတာ ရှားတယ်ဆိုတော့.... အိမ်နီးချင်းတွေကို ထမင်းဖိတ်ကျွေးမလို့၊ လော့လေး.... လာစားမလား”
“ထမင်းဖိတ်ကျွေးတယ်…. ကောင်းတာပေါ့….”
လော့ချန်တွင် ငြင်းပယ်ရန် အကြောင်းပြချက် လုံးဝမရှိပေ။
လော့ချန် အဝတ်အစားသစ်များ လဲလှယ်လိုက်သည်။ ထို့နောက် ခြံဝင်းထဲရှိ ကလေးစီး ဒန်းလေးပေါ်တွင် ထိုင်နေရင်း ဖူရှို့ရှို့ ညစာပြင်ဆင်နေသည်ကို စောင့်ဆိုင်းရင်း နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို စီစဉ်နေမိသည်။
ဝိညာဉ်ကျောက်တုံး ၄၀၀ ဖိုး ဆေးဖက်ဝင်ပစ္စည်းများသည် သူ၏ ဘဝတွင် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ယခုတစ်ခေါက်တွင် ကျရှုံး၍ မဖြစ်ပေ။ ထို့ကြောင့် ဆေးမဖော်မီ အရာရာကို ကြိုတင်စဉ်းစားရမည်။
ပထမဆုံးအနေဖြင့် ဆေးဖိုအသစ်ဖြစ်သော ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို နှင့် ရင်းနှီးအောင် လုပ်ရမည်။ သံအိုးဖြင့် ဖော်စပ်ခြင်းနှင့် ဆေးအိုးအစစ်ဖြင့် ဖော်စပ်ခြင်းမှာ ကွာခြားချက် ကြီးမားလှသည်။ အမှားအယွင်းမရှိစေရန် ထိုမီးဖိုကို ကောင်းစွာ ထိန်းချုပ်နိုင်ရန် လိုသည်။
ဒုတိယအချက်မှာ ဆေးဖက်ဝင်ပစ္စည်းများ ပြင်ဆင်ပုံဖြစ်သည်။ သံအိုးသည် သေးငယ်ပြီး အပူဒဏ် မခံနိုင်သဖြင့် မီးအရှိန်လျှော့ကာ အချိန်အကြာကြီး ဖော်စပ်ခဲ့ရသော်လည်း၊ ဤဆေးအိုးကြီးမှာမူ အပူချိန်မြင့်မြင့်ကို ခံနိုင်ရည်ရှိသဖြင့် ပစ္စည်းများ ပြင်ဆင်ရာတွင် ပိုမိုရဲတင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ဆေးဖော်ဆောင်တစ်ခု ဆောက်ရမည်ဖြစ်သည်။ သူ ငှားထားသော အဆောင်ထဲတွင် ဆေးဖော်ဆောင်တစ်ခုကို သီးသန့် ကန့်ထုတ်ရမည်။ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုသည် နေရာယူလှသဖြင့် မီးဖိုအောက်ခြေတွင် အပူဒဏ်ခံ အုတ်ခဲများ ခင်းရမည်ဖြစ်သလို၊ လေဝင်လေထွက် ကောင်းမွန်ရန်လည်း မိုးတိမ်သဲအုတ်ခဲများ လိုအပ်သည်။
မဟုတ်ပါက ဆေးငွေ့များ စုပုံလာပြီး အခန်းထဲတွင် မေ့လဲသွားနိုင်သည်။
အသေးစိတ်အချက်များကို တွေးတောရင်း လော့ချန် ခေါင်းနည်းနည်း ကိုက်လာရသည်။
သူ အလုပ်အတော်များတော့မည် ဖြစ်သည်။
သေးငယ်သော ပုံရိပ်လေးတစ်ခု သူရှေ့သို့ ရောက်လာသည်။
“ဟေး”
ပိုင်မေလင်း ပင် ဖြစ်သည်။
လော့ချန်က မတတ်သာသလို နှုတ်ဆက်လိုက်သည်။
“မိန်းကလေး ရှောင်လင်း…. အလုပ်ဆင်းပြီလားဗျ”
အမှန်စင်စစ် ဤအမေးမှာ အဖြေကို အထင်အရှား မြင်နေရသည့် ကိစ္စပင်။ သူမသည် သူ၏ရှေ့မှောက်တွင် အလုပ်ဆင်း၍ ပြန်လာသည့်ဟန်ဖြင့် မတ်တပ်ရပ်နေသည် မဟုတ်ပါလော။ သို့သော်လည်း လူ့လောက၏ ပုံမှန်နှုတ်ဆက်စကား ဆိုသည်မှာလည်း ဤသို့ပင် ထူးဆန်းလှပေသည်။
ထမင်းစားနေသူကို မြင်လျှင် "ထမင်းစားနေတာလား" ဟု မေးတတ်ကြသလို၊ အလုပ်မှ ပြန်လာသူကို တွေ့လျှင်လည်း "အလုပ်ဆင်းလာတာလား" ဟု မေးတတ်ကြစမြဲပင်။ အဆိုးဆုံးမှာမူ အများသုံးအိမ်သာအတွင်း သူငယ်ချင်းတစ်ယောက်နှင့် ဆုံသည့်အခါ "မင်း ဝမ်းသွားနေတာလား" ဟု အမေးခံရခြင်းမျိုးပင် ဖြစ်တော့သည်။
ပိုင်မေလင်းမှာမူ လော့ချန်၏ အတွေးစများမှာ မည်မျှအထိ ဘောင်ကျော်ရောက်ရှိနေသည်ကို မသိနိုင်ပေ။ သူမက ဝင်းပနုနယ်လှသော သူမ၏ လက်ကလေးကို သူ့ထံသို့ အသာအယာ ကမ်းပေးလိုက်သည်။
“ဘာလုပ်မလို့လဲ”
လော့ချန်က စူးစမ်းစွာ မေးလိုက်သည်။
“ရှင်ဖော်စပ်ထားတဲ့ ဆေးလုံးတွေ ပေးစမ်းပါဦး၊ မိစ္ဆာဆေးလုံးတွေလားဆိုတာ ကျွန်မ ကြည့်မလို့"
“မိန်းကလေးရှောင်လင်း ကလည်း အလုပ်ရှုပ်လိုက်တာဗျာ"
ပိုင်မေလင်းက ခါးထောက်လိုက်သည်။
“ချီသန့်စင် အဆင့် ၇ ရှိတဲ့ ရှင့်ရဲ့ အိမ်နီးချင်းတစ်ယောက်အနေနဲ့ ဒီလောက်တောင် စစ်ဆေးလို့ မရဘူးလား”
တောက်.…ဒီဘဝမှာ အဆင့်နဲ့ အဖိနှိပ်ခံရတာကို ငါ အမုန်းဆုံးပဲ.…။
လော့ချန် အသက် ပြင်းပြင်းရှူကာ အတင်းပြုံးလိုက်ရင်း ဆေးလုံးတစ်လုံး ထုတ်ပေးလိုက်သည်။
ပိုင်မေလင်းက စူးစမ်းစွာ စစ်ဆေးကြည့်သည်။
“အာဟာရဆေးလုံးလား.... မဟုတ်ပါဘူး၊ ဒါက အာဟာရဆေးမှုန့် ပဲ၊ ဒါပေမဲ့ အရည်အသွေးကတော့ အတော်ကောင်းသား၊ အဆင့်မြင့်အဆင့်ပဲ”
သူမ လော့ချန်အား ခဏမျှ အကဲခတ်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ရှင်က လူအေးလေးပေမဲ့ အတော်တော့ အစွမ်းထက်ပုံရသားပဲ၊ ဒါပေမဲ့ နှမြောစရာပဲ၊ ရှင့်မှာသာ မှော်အာဟာရဆေးလုံးရဲ့ ဆေးနည်းရှိပြီး ကျွမ်းကျင်အောင် လုပ်နိုင်မယ်ဆိုရင် ဒါနဲ့ပဲ အသက်မွေးလို့ ရတာပေါ့”
လော့ချန်က သူမအား ခပ်ပေါ့ပေါ့ပင် ပြန်လွှတ်ရန် စီစဉ်ထားသော်လည်း သူမ၏ စကားကို ကြားသောအခါ စိတ်ဝင်စားမှု တိုးလာရသည်။
အမှန်စင်စစ် သူဖော်စပ်နေသော မှော်အာဟာရဆေးလုံးသည် ‘ဆေးမှုန့်’ အဆင့်သာ ရှိကြောင်း သူ သိသည်။ ထို့ကြောင့်လည်း ဆေးလုံး အလုံး ၅၀ ကိုမှ ဝိညာဉ်ကျောက်တုံး ၁ တုံးတည်းနှင့် ရောင်းနေရခြင်း ဖြစ်သည်။
စစ်မှန်သော မှော်အာဟာရဆေးလုံးများမှာ ပထမအဆင့် ဆေးလုံးများဖြစ်ပြီး ချီစွမ်းအင်ဖြည့်ဆေးလုံးထက်ပင် တန်ဖိုး မနိမ့်လှပေ။ ဆေးလုံး ဆယ်လုံးပါ တစ်ပုလင်းကိုပင် ဝိညာဉ်ကျောက်တုံး တစ်ရာဖြင့် ရောင်းချရသဖြင့် အမှန်တကယ်ပင် မက်မောစရာ အမြတ်အစွန်းကြီး ဖြစ်သည်။ အကယ်၍ သူသာ ဤစစ်မှန်သော မှော်အာဟာရဆေးလုံးများကို ကျွမ်းကျင်စွာ ဖော်စပ်နိုင်ခဲ့လျှင် ရတနာပုံကြီးကို မတော်တဆ တိုးမိသလိုမျိုး ဖြစ်နေမည်မှာ သေချာသည်။
“မိန်းကလေးရှောင်လင်းဆီမှာ မှော်အာဟာရဆေးလုံး ဆေးနည်း ရှိလား”
လော့ချန်၏ စိတ်အားထက်သန်သော အကြည့်များကြောင့် ပိုင်မေလင်းက ပုခုံးတွန့်ပြကာ ပြောလိုက်သည်။
“မရှိဘူးပေါ့ ဒီလိုဆေးနည်းတွေကို ဂိုဏ်းကြီးတွေကပဲ ထိန်းချုပ်ထားတာလေ၊ ကျွန်မဆီ ဘယ်လိုလုပ် ရှိမှာလဲ”
လော့ချန် မျက်စောင်းထိုးလိုက်မိသည်။
ဒါဆို ဘာလို့ လာပြောနေတာလဲဗျာ.…။
သို့သော် သူ အလွန်အမင်း စိတ်မပျက်သွားပေ။ ဤကဲ့သို့သော ဆေးနည်းများကို ဂိုဏ်းကြီးများက တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်း သူ သိပြီးသား ဖြစ်သည်။
ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင်သာမက အရှေ့ဖျား နယ်မြေ ၆ ခုလုံးတွင် အဓိကဆေးနည်းများကို အပြင်သို့ မပေါက်ကြားစေရန် ဂိုဏ်းများက နည်းမျိုးစုံဖြင့် ကာကွယ်ထားကြသည်။
ပေါက်ကြားမှု တစ်ခုခုရှိလျှင် ဂိုဏ်းသားများက နည်းလမ်းမျိုးစုံသုံးကာ ပြန်လည် သိမ်းယူကြလေ့ရှိသည်။ ဝယ်ယူခြင်း၊ အတင်းအဓမ္မ သိမ်းယူခြင်း သို့မဟုတ် ထိုဆေးကို ဖော်စပ်နိုင်သော ဆေးဆရာများကို သိမ်းသွင်းခြင်း နည်းလမ်းများဖြင့် ဖြစ်သည်။
လော့ချန်၏ စိတ်ထဲတွင်မူ ထိုသူများအား “မောင်ပိုင်စီးတဲ့ ခွေးတွေ၊ သေချင်းဆိုးတွေ” ဟုသာ သတ်မှတ်ထားသည်။
ဂိုဏ်းကြီးများ၏ နည်းလမ်းကို သူ နားလည်သည်။ ဤလောကတွင် သယံဇာတများ ပေါကြွယ်ဝလှသည်၊ လူသားတို့ နယ်မြေမှသည် မိစ္ဆာသားရဲများ နေထိုင်ရာ တောတောင်လျှိုမြောင်များအထိ ရတနာများစွာ ရှိနေသည်။ ဆေးမယ်များကို ကန့်သတ်ရန် နည်းလမ်းမရှိသဖြင့် ဆေးနည်းများကို ထိန်းချုပ်ခြင်းကသာ အကောင်းဆုံး ဗျူဟာ ဖြစ်လာတော့သည်။
ထိုအချက်ကပင် အခြေခံဆေးလုံးများ ထုတ်လုပ်ဖြန့်ဖြူးမှုကို ဂိုဏ်းကြီးများကသာ လက်ဝါးကြီးအုပ် ရောင်းချနိုင်ရန် အာမခံပေးထားခြင်း ဖြစ်သည်။ ဤနည်းဖြင့် ဂိုဏ်းကြီးများသည် ကျင့်ကြံသူ မိသားစုများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများထက် သာလွန်ထူးကဲသော အမြတ်အစွန်းများကို တနင့်တပိုး ရရှိနိုင်ကြသည်။
ထိုမှတစ်ဆင့် ရရှိသော အမြတ်အစွန်းများဖြင့် ဂိုဏ်းသားများကို မှော်လက်နက်များ၊ ဝတ်ရုံများနှင့် ရှားပါးလှသော သိုလှောင်အိတ်များကို အခမဲ့ ပေးနိုင်ကြခြင်း ဖြစ်သည်။
“ရှောင်လင်း နဲ့ လော့လေး ထမင်းအဆင်သင့် ဖြစ်ပြီနော်”
နူးညံ့သော ခေါ်သံကြောင့် လော့ချန်သည် အရှေ့ဘက်ဆောင်ရှိ ဖူရှို့ရှို့၏ အိမ်ထဲသို့ အမြန် လျှောက်ဝင်သွားတော့သည်။
ပိုင်မေလင်းက နောက်မှ လိုက်လာသော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် တစ်ခုခု လွဲနေသလို ခံစားရသဖြင့် ရပ်လိုက်သည်။
“နေဦး….မီးခွေးမြီးကို မှော်အာဟာရဆေး လုပ်တဲ့နေရာမှာ သုံးလို့ရလို့လား"