← Chapters

ငါတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေဆိုတာ အချင်းချင်းပဲ ဖေးမကြရမှာ

Vol. 4 Ch. 39

ငါတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေဆိုတာ အချင်းချင်းပဲ ဖေးမကြရမှာ

Vol. 4 Ch. 39

လော့ချန်တစ်ယောက် အရှေ့ဘက်အဆောင်ထဲသို့ လှမ်းဝင်လိုက်မိသည်နှင့် သူငှားထားသော အခန်းလေးသည် အဘယ်ကြောင့် တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၁၀ တုံးဆိုသည့် အပေါဆုံးဈေး ဖြစ်နေရသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

အရှေ့ဘက်အဆောင်သည် အလွန်အမင်း ကျယ်ဝန်းလှသည်မဟုတ်သော်လည်း အခန်းဖွဲ့စည်းပုံမှာ အလွန်စနစ်ကျလှသည်။

ပြတင်းပေါက်တိုင်းကို အလင်းရောင် အကောင်းဆုံးရရှိနိုင်မည့် ထောင့်ချိုးများတွင် တပ်ဆင်ထားသည်။ ထို့အပြင် ညဘက်တွင်လည်း ဤမျှ မအေးလှပေ။ နွေးထွေးပြီး သက်သောင့်သက်သာရှိလှသော ဤအရှေ့ဘက်အဆောင်နှင့် နှိုင်းယှဉ်လျှင် သူ၏အခန်းလေးမှာ ဂိုဒေါင်နှင့် ရေခဲတိုက်ကို ပေါင်းစပ်ထားသကဲ့သို့ပင်။

လော့ချန်သည် မိမိကိုယ်ကိုယ် ခဏမျှ သနားမိသွားသော်လည်း ချက်ချင်းပင် စိတ်လက်ကြည်လင်စွာဖြင့် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

ဖုန်းရှက သူ့အား တစ်ချက်ကြည့်ကာ ဝိညာဉ်ထမင်းပန်းကန်ကို ရှေ့တွင် ချပေးလိုက်သည်။

“ကျေးဇူးပါပဲ မမရှ”

ဖုန်းရှက “ကျေးဇူးတင်စရာမလိုပါဘူး၊ ရှို့ရှို့က ဧည့်ခံတာပါ” ဟု ပြန်ပြောလိုက်သည်။

သူမ စကားမပြောခင်က အဆင်ပြေသော်လည်း စကားပြောလိုက်သည်နှင့် သူမ၏အသံမှာ ကော်ပတ်စက္ကူနှစ်ခု ပွတ်တိုက်နေသည့်အသံကဲ့သို့ပင် ကြမ်းတမ်းစွာ ထွက်ပေါ်လာတော့သည်။

လော့ချန် မျက်မှောင်ကြုတ်သွားကာ သတိထား၍ မေးလိုက်သည်။

“မမရှ…. အသံက ဘာဖြစ်လို့လဲဟင်”

သူ့ဘေးတွင် ဝင်ထိုင်လိုက်သော ပိုင်မေလင်းက ဝမ်းနည်းရိပ်သန်းသော လေသံဖြင့် ဖြေလိုက်သည်။

“အမြဲတမ်း ဒီလိုပါပဲ၊ ဟိုတုန်းက မမရှက ဆေးပေါင်းတစ်ထောင်ခန်းမ မှာ ဆေးစမ်းတဲ့အလုပ် လုပ်ရင်းနဲ့ အဆိပ်ရှိတဲ့ ဆေးမြစ်တစ်မျိုးကို မှားစားမိသွားတာ၊ ကုသမှုခံယူခဲ့ပေမဲ့ သူ့အသံက ဒီလောက်အထိပဲ ပြန်ကောင်းလာတော့တာ”

ထိုအခါမှသာ လော့ချန်တစ်ယောက် နောက်ကြောင်းရာဇဝင်ကို သိလိုက်ရတော့သည်။

ဂိုဏ်းကြီးတစ်ခုတွင် အလုပ်လုပ်ရခြင်းမှာ မလွယ်ကူလှပါတကား.…။

ဆေးပေါင်းတစ်ထောင်ခန်းမ ဆိုသည်မှာ ဆေးဘုရင်ဂိုဏ်း၏ လုပ်ငန်းခွဲတစ်ခုမျှသာ ဖြစ်သော်လည်း အလုပ်များမှာ အလွန်အန္တရာယ်များလှသည်။

ဖုန်းရှ လုပ်ခဲ့သော ဆေးစမ်းသပ်သူအလုပ်မှာ လစာကောင်းသလောက် စွန့်စားရမှုကလည်း ကြီးမားလှသည်။ သာမန်ဆေးမြစ်များသည်ပင် ပတ်ဝန်းကျင်နှင့် ဝိညာဉ်သားရဲများ၏ လွှမ်းမိုးမှုကြောင့် ပုံစံပြောင်းလဲတတ်သည်။

ထိုအခါမျိုးတွင် သမားရိုးကျနည်းလမ်းဖြင့် ခွဲခြားနိုင်လျှင် တော်သေးသည်။ မခွဲခြားနိုင်ပါက ကျင့်ကြံသူများကိုယ်တိုင် မိမိတို့၏ခန္ဓာကိုယ်ဖြင့်သာ တိုက်ရိုက်စမ်းသပ်ကြရသည်။

ဤသည်မှာ ဖုန်းရှ လုပ်ခဲ့ရသော အလုပ်ပင် ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်းမှ အခြေအနေ ပိုကောင်းလာခြင်း ဖြစ်သည်။ တာဟဲဈေးမြို့တော်ရှိ ဆေးပေါင်းတစ်ထောင်ခန်းမသည် ဆေးစမ်းသပ်သူအသစ်များ ထပ်မံခန့်အပ်လိုက်သဖြင့် ဖုန်းရှသည် ဆေးဘက်ဝင်ပစ္စည်းများ ပြုပြင်ထုတ်လုပ်သည့်ဘက်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။

“ဘာတွေ ပြောနေကြတာလဲ၊ အခြေအနေက အတော်လေး လေးလံနေသလိုပဲ”

ဖူရှို့ရှို့က အငွေ့တထောင်းထောင်းထနေသော အသားကင်ပန်းကန်ကို ကိုင်ကာ ရောက်လာသည်။

“ဒါလေး မြည်းကြည့်ကြဦး၊ ဒါက အကြေးခွံသားရဲရဲ့ နံရိုးနှပ်လေ၊ နတ်ဘုရားမှော်ဆောင် ကနေ ဝယ်လာတာ၊ စားကြည့်ကြဦး”

ပိုင်မေလင်းက အကြောင်းအရာကို ပြန်ပြောပြလိုက်သောအခါ ဖူရှို့ရှို့က သက်ပြင်းချရင်း ဆိုလိုက်သည်။

“ဒါက အစ်မတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ ဘဝပဲလေ၊ မြို့ပြင်ပိုင်းမှာ မရေမရာ ရုန်းကန်ရသလို၊ မြို့ထဲပိုင်းမှာကျတော့လည်း သူတစ်ပါးအလိုကျ နေကြရတာ၊ လစာလေး နည်းနည်းကောင်းတဲ့ အလုပ်မှန်သမျှ အရင်းအနှီးကတော့ ကြီးမားစမြဲပဲ”

ထိုစကား ကြားသောအခါ ပိုင်မေလင်းနှင့် ဖုန်းရှတို့၏ မျက်နှာများ ညှိုးငယ်သွားကြသည်။

လော့ချန်ကမူ ခပ်အေးအေးပင် ရှိနေသည်။

သူတစ်ပါး ခိုင်းဖတ်လား.... အခိုင်းခံရဖို့တောင် အရည်အချင်းရှိဖို့ လိုသေးတာဗျ….။

ပြောရရင် ဆေးပေါင်းတစ်ထောင်ခန်းမ ၊ ရတနာနန်းဆောင်တွေပေါ့….။

ထိုနေရာရှိ ဧည့်ကြိုများအားလုံးမှာ ငယ်ရွယ်ချောမောသော အမျိုးသမီးကျင့်ကြံသူများသာ ဖြစ်သည်။ အမျိုးသားကျင့်ကြံသူများအတွက်မူ ခိုင်းဖတ်ဖြစ်ရန်ပင် အခွင့်အရေး ရှိမနေပေ။

“ဒါကြောင့်လည်း ငါတို့တွေ အချင်းချင်း ကူညီကြရမယ်၊ နွေးထွေးမှုရအောင် စုစည်းနေကြရမယ်လေ”

ဖူရှို့ရှို့က သေရည်အိုးကို ကိုင်ကာ လူတိုင်းကို ငှဲ့ပေးလိုက်သည်။ ပိုင်မေလင်းက ကိုယ်တိုင်ငှဲ့ရန် ကြိုးစားသော်လည်း ဖူရှို့ရှို့က သူမလက်ကို အသာအယာ ဖယ်ထုတ်လိုက်သည်။

“ငါတို့တွေ ဒီခြံထဲမှာ အတူနေရတယ်ဆိုတာ ကံပါလို့ ဆုံကြတာပဲ၊ နောင်ဆိုရင် နေ့စဉ်ဘဝမှာဖြစ်ဖြစ်၊ ကျင့်ကြံရေးမှာဖြစ်ဖြစ် တစ်ယောက် အခက်အခဲရှိရင် တစ်ယောက် တတ်နိုင်သလောက် ကူညီကြရအောင်”

“လော့လေး.... မင်းက ခုမှ ပြောင်းလာတာဆိုပေမဲ့ အဘိုးစွန်းက အာမခံထားတာဆိုတော့ မင်းရဲ့ စရိုက်နဲ့ အကျင့်စာရိတ္တက ကောင်းမှာ သေချာပါတယ်”

“အခုကစပြီး ငါတို့က မိသားစုတွေလိုပါပဲ”

သူမက ပြောပြီးသည်နှင့် ခွက်ကို မြှောက်လိုက်သည်။

ပိုင်မေလင်းနှင့် ဖုန်းရှတို့သည်လည်း တစ်ပြိုင်နက်တည်း ခွက်များကို မြှောက်လိုက်ကြသည်။

လော့ချန်ကမူ အတော်လေး အံ့အားသင့်သွားရသည်။

ဤလောကသို့ ရောက်လာပြီးနောက် သူမြင်ခဲ့ရသည်မှာ ပြင်ပမြို့၏ သတ်ဖြတ်မှုများနှင့် ဈေးထဲတွင် အကျိုးအမြတ်အတွက် အချင်းချင်း အမြတ်ထုတ်နေကြသည့် ကျင့်ကြံသူများသာ ဖြစ်သည်။ သို့သော် ဤအိမ်ဝင်းလေးထဲတွင်မူ နွေးထွေးသော မေတ္တာတရားများကို တွေ့လိုက်ရသည်။

ဒါက ကျင့်ကြံခြင်း မေတ္တာခြံဝင်း လားဗျာ....။

လေထုကို မဖျက်ဆီးလိုသဖြင့် လော့ချန်လည်း ခွက်ကို မြှောက်လိုက်သည်။

“အောင်မြင်ပါစေ"

“အောင်မြင်ပါစေ"

သစ်သီးနံ့သင်းသင်းနှင့် သေရည်မှာ လည်ချောင်းထဲတွင် နူးညံ့စွာ စီးဆင်းသွားသည်။

ဖူရှို့ရှို့က အသာအယာ ပြုံးလိုက်သည်။

“စားကြလေ၊ ခွက်ကြီးပဲ ကိုင်မနေကြနဲ့”

ပိုင်မေလင်းက ပထမဆုံး တူကို ကိုင်လိုက်သည်။ မိစ္ဆာသားရဲအသားတစ်ဖဲ့ကို မြည်းစမ်းကြည့်ပြီးနောက် သူမ၏မျက်လုံးလေးများ လခြမ်းကွေးသဏ္ဌာန် ဖြစ်သွားကာ ပြုံးလိုက်သည်။

“မမရှို့ရှို့ရဲ့ လက်ရာကတော့ အကောင်းဆုံးပဲ"

“ကောင်းရင်လည်း စိတ်ကြိုက်စားကြပါ၊ လော့လေးလည်း အားမနာနဲ့ဦး၊ အိုးထဲမှာ ဝိညာဉ်ထမင်းတွေ အများကြီး ရှိသေးတယ်” ဟု ဖူရှို့ရှို့က ပြန်ပြောလိုက်သည်။

လော့ချန်၏ နှလုံးသားထဲမှ နူးညံ့သော နေရာတစ်ခုကို ထိမိသွားသကဲ့သို့ ခံစားလိုက်ရပြီး “ဟုတ်ကဲ့ပါဗျ" ဟု ပြန်ဖြေလိုက်သည်။

သူ ခေါင်းငုံ့လိုက်ကာ ထမင်းကို အငမ်းမရ စားနေမိတော့သည်။

ဖူရှို့ရှို့က အသားတစ်ဖဲ့ကို ယူကာ လော့ချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“နှမြောစရာပဲ၊ ချင်မိသားစုက တိမ်ပြိုဂိုဏ်းကို သွားကြပြီဆိုတော့ ရှောင်ဟူကို ပြန်တွေ့ရဖို့ အတော်ကြာဦးမှာပဲ”

“ဟုတ်တယ်၊ ရှောင်ဟူက သတ္တုနဲ့ ရေ ဝိညာဉ်မြစ်နှစ်မျိုး ပါတာလေ၊ အသက်ကလည်း ၁၂ နှစ်ပဲ ရှိသေးတာ၊ နောက်ခံကလည်း သန့်ရှင်းတယ်၊ ဂိုဏ်းကြီးတွေက အဲဒီလို တပည့်မျိုးကို သဘောကျတာပေါ့” ဟု ပိုင်မေလင်းက ဆိုသည်။

ဤခြံထဲတွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် လော့ချန်တစ်ယောက် အနောက်ဘက်ဆောင်မှ မိသားစုအကြောင်းကို သိလာရသည်။ ချင်လျန်ချန်း နှင့် တွမ့်မုချင်လျန် ဆိုသည့် လင်မယားနှစ်ဦးစလုံးမှာ ချီသန့်စင် အဆင့် ၉ ရှိသူများ ဖြစ်ကြသည်။

သူတို့၏သား ရှောင်ဟူ မှာ ငယ်စဉ်ကတည်းက ထက်မြက်ဖျတ်လတ်သူဖြစ်ပြီး မိဘများကလည်း အထူးဂရုစိုက် စောင့်ရှောက်ခဲ့ကြသည်။ ဆေးရေချိုးခြင်းနှင့် ဝိညာဉ်ဆေးဝါးများကို လစဉ် စီစဉ်ပေးခဲ့ကြသည်။

ရှောင်ဟူ အသက် ၈ နှစ်အရွယ်တွင် သတ္တုနှင့် ရေ ဝိညာဉ်မြစ် ပါရှိကြောင်း တွေ့ရှိခဲ့ရသည်။

သူတို့သည် သားဖြစ်သူအား ကျောက်စိမ်းအိုးဓားဂိုဏ်းသို့ သွင်းရန် စီစဉ်ခဲ့ကြသော်လည်း နောက်ထပ် တပည့်သစ်ခေါ်ယူရန်မှာ ၁၀ နှစ်ခန့် လိုသေးသည်။ ထို့ကြောင့် အကောင်းဆုံး ကျင့်ကြံချိန်ကို အလဟဿ မဖြစ်စေလိုသဖြင့် ချင်လျန်ချန်း လင်မယားသည် သားဖြစ်သူအား ကျောက်စိမ်းအိုးနယ်မြေရှိ တိမ်ပြိုဂိုဏ်းသို့ သွားရောက် အပ်နှံခဲ့ကြခြင်း ဖြစ်သည်။

တိမ်ပြိုဂိုဏ်းမှာလည်း ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ဂိုဏ်းအကြီးအကဲ ဟန်ကျန်းမှာ ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာရှိသူဟု ကျော်ကြားသည်။ ထို့ကြောင့် အနာဂတ် အလွန်တောက်ပသည့် ဂိုဏ်းဟု ဆိုရပေမည်။

စကားဝိုင်းထဲ ပါဝင်လိုသဖြင့် လော့ချန်က ကြားဝင်ပြောလိုက်သည်။

“မိန်းကလေးချိုင်ယီလည်း မရှိဘူးနော် သူက စားကောင်းသောက်ဖွယ်ဆိုရင် အင်မတန် ကြိုက်တာ”

သို့သော် သူပြောလိုက်သည်နှင့် ဖူရှို့ရှို့၏ မျက်မှောင်မှာ သိသိသာသာ ကြုတ်သွားသည်။ သူမ ချက်ချင်းပင် မျက်နှာအမူအရာကို ပြင်လိုက်ကာ ခေါင်းခါရင်း ဆိုလိုက်သည်။

“ကူချိုင်ယီရဲ့ အချိန်ဇယားက တို့တွေနဲ့ မတူဘူးလေ၊ ဒါကြောင့် သူ့ကို တွေ့ရခဲတယ်”

လော့ချန် ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ အမျိုးသမီးများကြား ကိစ္စများမှာ အမြဲ ရှုပ်ထွေးလေ့ရှိသည် မဟုတ်လော။

ညစာစားပြီးနောက် ဖူရှို့ရှို့က သစ်သီးများနှင့် မုန့်အချို့ ထုတ်လာကာ ခြံဝင်းထဲတွင် လရောင်အောက် လက်ဖက်ရည်ဝိုင်းလေး ပြင်ဆင်လိုက်သည်။ လူတိုင်း စိတ်လွတ်ကိုယ်လွတ် စကားပြောကြရင်း အကြောင်းအရာများစွာသို့ ရောက်သွားကြသည်။

အတွင်းမြို့မှ စီးပွားရေးအခြေအနေများ၊ ဂိုဏ်းကြီးများအကြောင်းနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အခက်အခဲများကို ဆွေးနွေးဖြစ်ကြသည်။

ထိုအကြောင်းအရာများထဲတွင် ပြီးခဲ့သည့်နှစ် ပူးတွဲလေလံပွဲ၌ ရတနာတစ်ခု ဆွတ်ခူးနိုင်ခဲ့သော ကျင့်ကြံသူတစ်ဦးမှာ တစ်နှစ်ပတ်လုံး အငြိုးတေးခံကာ လိုက်လံအမဲလိုက်ခြင်း ခံခဲ့ရသည့်အကြောင်းနှင့်၊ မကြာသေးမီကမှ ထိုသူသည် ကျောက်စိမ်းအိုးဓားနန်းဆောင်၏ ပွဲစီစဉ်သူများကို လာရောက်ကာ အတိအလင်း ပြဿနာရှာခဲ့သည့် သတင်းများလည်း ပါဝင်သည်။

ထိုသူသည် သူ၏ အချက်အလက်များကို ကျောက်စိမ်းအိုးဓားနန်းဆောင်မှ တစ်စုံတစ်ဦးက ပေါက်ကြားအောင် လုပ်ခဲ့သဖြင့် သူ အန္တရာယ်ကြုံခဲ့ရသည်ဟု ဆိုသည်။ ကျောက်စိမ်းအိုးဓားနန်းဆောင်မှ လူများကမူ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ နာမည်ကို အသုံးချကာ ထိုကျင့်ကြံသူကို အရှက်တကွဲ ပြန်လည်နှင်ထုတ်ခဲ့ကြသည်။

ဖူရှို့ရှို့သည် နတ်ဘုရားမှော်စာရွက်နန်းတော်တွင် တာဝန်ခံဖြစ်လာပြီး နတ်ဘုရားမှော်စာရွက်ဂိုဏ်း၏ အပြင်စည်းတပည့်အဖြစ် ဝင်ရောက်ခွင့်ရမည့် အကြောင်းလည်း ပါဝင်လာသည်။ အကယ်၍ သူမသာ ဂိုဏ်းအတွင်းသို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ပါက အားကိုးရာမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူဘဝမှ လွတ်မြောက်သွားမည် ဖြစ်သည်။

တာဟဲဈေးမြို့တော်တွင် အခြေမချတော့လျှင်ပင် အခြားသော နယ်မြေအသီးသီး၌ ပိုမိုတောက်ပသော အနာဂတ်နှင့် အခွင့်အရေးကောင်းများကို ပိုင်ဆိုင်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤသတင်းသည် ခြံထဲရှိ အခြားသူများကို အတော်လေး မနာလိုဖြစ်စေသည်။

လူတိုင်း ဂိုဏ်းကြီးတစ်ခုထဲ ဝင်ချင်ကြသည်၊ ခံစားခွင့်နှင့် အထောက်အပံ့များက အလွန် ကောင်းမွန်လွန်းသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် အလိုချင်ဆုံး ခံစားခွင့်တစ်ခုမှာ အပြင်စည်းတပည့်များသည် ၁၀ နှစ်တစ်ကြိမ် ဂိုဏ်းသို့ ပြန်သွားနိုင်ပြီး ဒုတိယအဆင့် ဝိညာဉ်ကြောထက်တွင် တစ်နှစ်ကြာ အခမဲ့ ကျင့်ကြံခွင့် ရရှိခြင်း ဖြစ်သည်။

လမင်းသည် ကောင်းကင်အလယ်သို့ တဖြည်းဖြည်း မြင့်တက်လာသည်။ ညဉ့်နက်လာသည်နှင့်အမျှ လက်ဖက်ရည်ဝိုင်းလေးလည်း သိမ်းဆည်းကာ လူတိုင်း အနားယူရန် မိမိတို့အခန်းထဲသို့ ကိုယ်စီ ပြန်သွားကြပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပိုင်မေလင်းနှင့် အခြားသူများမှာ နံနက် မိုးသောက် အလင်းရောက်သည်နှင့် အလုပ်တာဝန်များကို ပြန်လည်ထမ်းဆောင်ကြရဦးမည် မဟုတ်ပါလော။

….

“ဒီမှာချပါ၊ ဒီမှာချပါ”

“အားလုံးပဲ ရေသောက်ကြပါဦး”

“ဆိုင်ရှင်လျို…. ခင်ဗျားကို ဒုက္ခပေးမိပြီ၊ ရော့.... ဒါ ဝိညာဉ်ကျောက် ၅ တုံးပါ၊ ရေတွက်ကြည့်လိုက်ပါဦး….”

ဝိညာဉ်ကျောက် ၅ တုံးကို ဘာရေတွက်စရာ လိုလဲ.… တစ်ချက်ကြည့်တာနဲ့ သိသာနေပြီဥစ္စာ….။

ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်ပြီး လော့ချန်နှင့် ခေတ္တစကားပြောပြီးနောက် ဆိုင်ရှင်လျိုသည် ချီသန့်စင် အစောပိုင်းအဆင့် ကျင့်ကြံသူအချို့နှင့်အတူ ခြံထဲမှ ထွက်ခွာသွားတော့သည်။

လော့ချန်သည် တောင်ပုံရာပုံ ဖြစ်နေသော အုတ်နှင့် ကျောက်ပြားများကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။ မိမိ၏ ကိုယ်ပိုင် ဆေးဖော်စပ်ဆောင် ကို အကောင်အထည်ဖော်ရန် အချိန်တန်ပြီ မဟုတ်ပါလော။

သူသည် ဝတ်ရုံလက်ကို ခပ်သွက်သွက် လိပ်တင်လိုက်ပြီး အုတ်ခဲများကို အခန်းတွင်းသို့ စတင်သယ်ယူတော့သည်။ ထို့နောက် ငှားရမ်းထားသော အဆောင်အတွင်းရှိ နေရာလွတ်တစ်ခုတွင် ချောင်းဖြူကျောက်ပြားများကို စနစ်တကျ စတင်ခင်းကျင်းလိုက်လေသည်။

ဖုရှုရှုသည် နံနက်အာရုဏ်တက်ချိန်၌ နိုးထလာပြီး သူမ၏ အခန်းတွင်းမှ ပန်းအိုးအချို့ကို နေရောင်ခြည်ကောင်းစွာရရှိမည့် နေရာသို့ ရွှေ့ပြောင်းထားလိုက်သည်။ သူမသည် သစ်ကိုင်းခြောက်များကို ဂရုတစိုက် ညှပ်ပေးရင်း ဝိညာဉ်မြေဩဇာ အချို့ကိုလည်း လောင်းထည့်ပေးနေတော့သည်။

သူမသည် အလုပ်ရှုပ်နေသော လော့ချန်ကို မြင်သောအခါ နှုတ်ဆက်လိုက်ပြီးနောက် အနှောင့်အယှက် မဖြစ်စေရန် ထွက်သွားသည်။

မွန်းတည့်ချိန်တွင် လော့ချန်သည် သူ၏ ပြီးစီးလုနီးပါး ဖြစ်နေသော ဆေးဖော်ဆောင်ကို ကြည့်ကာ ဂုဏ်ယူနေမိသည်။

“အခုဆို ငါက ကိုယ်ပိုင်ဆေးဖော်ဆောင်ရှိတဲ့ တရားဝင် ဆေးဖော်ဆရာတစ်ယောက် ဖြစ်ပြီဟေ့"

လော့ချန်၏ ကျေနပ်နေသော အမူအရာကို မြင်သောအခါ ဖူရှို့ရှို့က ရယ်မောရင်း ဆိုလိုက်သည်။

“လော့လေး.... မင်းက နောင်ကျရင် နယ်မြေခြောက်ခုစလုံးမှာ နာမည်ကျော်တဲ့ ဆေးဖော်ဆရာကြီး ဖြစ်လာမှာ သေချာပါတယ်"

လော့ချန်က ဘဝင်မြင့်စွာဖြင့် ရယ်မောလိုက်သည်။

“ဒါပေါ့ဗျာ.…ကျွန်တော်က မွေးရာပါ ဆေးဖော်စပ်မှု ပါရမီရှင်ပဲလေ"

“နေ့လည်စာ အတူစားမလား၊ မနေ့က လက်ကျန်တွေ ရှိသေးတယ်လေ”

“အားနာစရာကြီးဗျာ.... ဒါဆိုရင်လည်း မမရှို့ရှို့ရဲ့ စေတနာကို ကျွန်တော် လက်ခံလိုက်ပါ့မယ်"

ဖူရှို့ရှို့သည် ဗဟုသုတ ကြွယ်ဝလှသော နူးညံ့သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ နေ့လည်စာစားရင်း သူမသည် လော့ချန်၏ ကျင့်ကြံမှုဆိုင်ရာ သံသယများကို ရှင်းပြပေးသည်။

ဤအရာမှာ အဘိုးချန်၊ ဝမ်ယွမ် သို့မဟုတ် ကူချိုင်ယီတို့ဆီမှ လော့ချန် မရရှိခဲ့ဖူးသော အတွေ့အကြုံပင် ဖြစ်သည်။

ဖူရှို့ရှို့၏ အဆိုအရ သူမသည်လည်း တစ်ချိန်က အခြေခံ တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဆေးလုံး မပါသောကြောင့် သူမကဲ့သို့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမှာ ကျရှုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

ထိုအချိန်မှစ၍ သူမသည် အဆင့်တက်ရန် မျှော်လင့်ချက်ကို လက်လွှတ်ခဲ့သည်။ သူမ၏ ပုံမှန်ကျင့်ကြံမှုသည် ရည်မှန်းချက်ကြောင့်ထက် အကျင့်ဖြစ်နေ၍သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“မမရှို့ရှို့ ချက်ကျွေးတာ နှစ်နပ်တောင် ရှိပြီဆိုတော့ ကျွန်တော် အားနာလာပြီဗျာ၊ ပန်းကန်တွေကို ကျွန်တော်ပဲ ဆေးပါရစေ"

ဖူရှို့ရှို့က လော့ချန်၏ လက်ကို ဖယ်ထုတ်လိုက်သည်။

“ယောကျ်ားလေးတစ်ယောက်က ဒီလိုအလုပ်တွေ ဘယ်လုပ်ရမလဲ၊ မမပဲ လုပ်ပါ့မယ်"

လော့ချန်သည် မီးဖိုချောင်တံခါးဝတွင် ရပ်ကာ ဖူရှို့ရှို့ ပန်းကန်ဆေးနေသည်ကို ကြည့်နေမိသည်။

သူ၏မျက်လုံးများတွင် မျက်ရည်များ ဝဲလာရသည်။ သူ၏ ယခင်ဘဝတွင် စီချွမ်း-ချုံချင့် ဒေသသားတစ်ဦးအနေဖြင့် ဤကဲ့သို့သော ဆက်ဆံမှုကို ခံရဖို့ဆိုသည်မှာ အိမ်မက်ပင် မမက်ခဲ့ဖူးပေ။ သူတွဲခဲ့ဖူးသမျှ ရည်းစားတိုင်းက “ငါ့စကားနားထောင်၊ ငါ့ကို လာမရှုပ်နဲ့” ဆိုသည့် စကားစုကိုသာ အမြဲသုံးခဲ့ကြသည်။

“မမရှို့ရှို့.... မမက ပုံမှန်ဆိုရင် နတ်ဘုရားမှော်စာရွက်နန်းတော်မှာပဲ နေတာလား”

“ဟုတ်တယ်၊ သူတို့က ဆိုင်တာဝန်ခံတွေအတွက် အခန်းပေးထားတယ်၊ ချီစုဆုံ အစီအရင်လည်း ရှိတော့ ကျင့်ကြံရတာ အဆင်ပြေတယ်လေ"

"မမရဲ့ ပန်းပင်လေးတွေကို ကြည့်ရတာ နေရောင်ခြည် လိုနေပုံပဲ၊ အခန်းထဲမှာပဲ ထားရင် သေကုန်လိမ့်မယ်"

လော့ချန်က အကြံပေးလိုက်သည်။

"အပြင်မှာပဲ ထားလိုက်ပါ၊ ကျွန်တော် အားတဲ့အချိန် ကြည့်ပေးပါ့မယ်”

သူသည် ထိုအပင်များကြားရှိ စိတ်ကို တည်ငြိမ်စေသော လရောင်မြက်ကို မျက်စိကျနေခြင်းကြောင့် မဟုတ်ပါပေ။

ပန်းကန်များကို စင်ပေါ်တင်ပြီးနောက် ဖူရှို့ရှို့ ခဏစဉ်းစားကာ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

All Chapters