- ဆေးဖော်ဆောင်နှင့် နတ်ပဲစေ့
Vol. 4 Ch. 40
ဖူရှို့ရှို့ အိမ်တွင်ရှိနေ၍လားမသိ၊ ပိုင်မေလင်းသည် နေ့စဉ် အလုပ်မှ စောစီးစွာ ပြန်လာတတ်သည်။
သူမသည် ပြန်ရောက်သည်နှင့် ဖူရှို့ရှို့အား ဈေးဝယ်ထွက်ရန် အတင်းဆွဲခေါ်တတ်သလို၊ ရံဖန်ရံခါတွင်လည်း ခြံဝင်း၌ထိုင်ကာ ကြည်လင်သာယာသော ရယ်မောသံလေးများဖြင့် စကားဖောင်ဖွဲ့နေတတ်သည်။
ထိုမျှမက အကြောင်းရင်းထွေထွေထူးထူးမရှိဘဲ လော့ချန်၏ အခန်းဘက်သို့လည်း တစ်ချက်တစ်ချက် ဝဲလည်ဝဲလည် ရောက်လာတတ်သေးသည်။
လော့ချန်တစ်ယောက် သူ၏ဆေးဖော်ဆောင်ကို တစိုက်မတ်မတ် ဆောက်နေသည်ကို ကြည့်ရင်း ပိုင်မေလင်း၏ မျက်လုံးထဲတွင် အထင်ကြီးရိပ်များ ယှက်သန်းလာသည်။
“ရှင့်ရဲ့ ဒီလက်ရာနဲ့ဆိုရင် ဆေးဆရာ မဖြစ်ရင်တောင် အိုက်လောင်တောင်မှာ အလုပ်ရနိုင်တယ်နော်”
“အိုက်လောင်တောင်.... အဲဒါက ဘာလုပ်တဲ့နေရာလဲ”
“ကျောက်စိမ်းအိုးနယ်မြေက ရွှေအမြုတေအဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုလေ၊ သတ္တုတွင်းတွေ အများကြီးပိုင်သလို အိမ်ဆောက်တာလည်း အရမ်းတော်ကြတယ်၊ ရှင်ဝယ်ထားတဲ့ အုတ်ခဲတွေကလည်း သူတို့ရဲ့ အရောင်းဆိုင် နတ်သက်ကြွေအိမ်ရာက ဝယ်တာ မဟုတ်လား”
“နတ်သက်ကြွေ အိမ်ရာက အိုက်လောင်တောင်ရဲ့ လုပ်ငန်းခွဲလား.…”
လော့ချန် အမှန်ပင် မသိခဲ့ပါပေ။ ဆိုရလျှင် သူသည် အိုက်လောင်တောင်ဂိုဏ်းအကြောင်းကို သိပ်မသိလှပေ။ ပိုင်မေလင်းက ပေါ့ပေါ့ပါးပါး ရှင်းပြမှသာ အိုက်လောင်တောင်သည် ကျောက်စိမ်းအိုးနယ်မြေတွင် မည်မျှ ဩဇာတိက္ကမကြီးမားကြောင်း သူ သိလိုက်ရတော့သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများမှာ နေထိုင်ရာနေရာကို အရေးတယူ မရှိကြပေ။ သစ်သားအိမ်ဖြစ်စေ၊ ဂူဖြစ်စေ အဆင်ပြေလျှင် ကျေနပ်ကြသူများ ဖြစ်သည်။
သို့သော် ချမ်းသာသော ဂိုဏ်းသားများကမူ ဆေးဥယျာဉ်၊ ဆေးဖော်ဆောင်မှအစ အလင်းရောင်နှင့် လေဝင်လေထွက်အထိ အသေအချာ တွက်ချက်တည်ဆောက်ကြသည်။
အထူးသဖြင့် အဆောက်အအုံကြီးများမှာ ပို၍ပင် လက်ဝင်လှသည်။ ကြီးမားသော ဂိုဏ်းတံခါးကြီးများမှသည် ရိုးရှင်းသော ဈေးဆိုင်တန်းများအထိ အုတ်နံရံစီရုံ၊ အစီအရင်ချရုံဖြင့် မပြီးစီးနိုင်ချေ။
ဝိညာဉ်သစ်သားများ၏ အစီအစဉ်ကျမှု၊ ဓာတ်သတ္တုများ၏ ချီစွမ်းအား စုစည်းနိုင်မှုနှင့် စီးဆင်းနိုင်မှု၊ ထို့အပြင် ဖုန်းရွှေအရ ကျင့်ကြံသူများအပေါ် ရေရှည်သက်ရောက်မှု စသည်တို့မှာ အရေးကြီးသော အချက်များ ဖြစ်သည်။
ထို့အပြင် လေသင်္ဘောကြီးများ ဆင်းတက်နိုင်ရန် ကြမ်းခင်း၏ ခံနိုင်ရည်ရှိမှုကိုပင် ထည့်သွင်းစဉ်းစားရသည်။
အချို့သော ကျော်ကြားသည့် အစီအရင်များဆိုလျှင် တောင်တန်းမြစ်ချောင်းများနှင့် တစ်သားတည်းဖြစ်အောင် ဖန်တီးထားပြီး ဗိသုကာလက်ရာများနှင့် အပြန်အလှန် ပံ့ပိုးပေးနိုင်ရန် ပေါင်းစပ်ထားကြသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ကျောက်စိမ်းအိုးဓားဂိုဏ်း ဤဒေသကို စိုးမိုးခဲ့ပြီးနောက်ပိုင်း မြို့ပြဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလှိုင်းလုံးကြီး တစ်ဟုန်ထိုး တက်လာခဲ့သည်။
ထိုကာလအတွင်း အိုက်လောင်တောင်သည် စီမံကိန်းများစွာကို တာဝန်ယူခဲ့ရပြီး အင်မတန် ကြွယ်ဝချမ်းသာလာခဲ့သည်။
“တာဟဲဈေးမြို့တော်ရဲ့ အစောပိုင်း တည်ဆောက်မှုတွေ၊ စိတ်ကူးတွေကအစ အကောင်အထည်ဖော်တာအဆုံး အိုက်လောင်တောင်ကပဲ အကုန်လုပ်ပေးခဲ့တာ”
“သတင်းကြားတာတော့ အိုက်လောင်တောင်ရဲ့ နတ်လက်ရာမြို့တော် မှာဆိုရင် အခန်းကျဉ်းလေးတောင် ဝိညာဉ်ကျောက်တုံး တစ်သိန်းကနေ စတယ်တဲ့၊ အဲဒါတောင် အနှစ် ၇၀ စာ ငှားရုံပဲရှိတာ”
ပိုင်မေလင်း၏ ရှင်းပြချက်ကို ကြားပြီးနောက် လော့ချန်တစ်ယောက် လုံးဝ ဆွံ့အသွားရသည်။
ကျင့်ကြံခြင်းလောက၏ အိမ်ခြံမြေလုပ်ငန်းမှာ ဤမျှအမြတ်ထွက်နေသည်ကို သူ မသိခဲ့ပေ။
မဖြစ်ဘူး၊ ငါ ဝိညာဉ်ကျောက်တုံးတွေ လုံလောက်အောင် စုမိရင် အိုင်လောင်တောင်က ပညာရှင်တွေကို ခေါ်ပြီး ငါ့အိမ်ကို အသစ်ပြန်ဒီဇိုင်းဆွဲခိုင်းရမယ်….။
“ဒါနဲ့... မမရှို့ရှို့နဲ့ မိန်းကလေးချိုင်ယီတို့ကြားမှာ တစ်ခုခု အဖုအထစ် ရှိနေတာလား”
လော့ချန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
အမျိုးသမီးများကြားမှ ပြဿနာများမှာ ခေါင်းခဲစရာ ဖြစ်သဖြင့် သူ ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် အတင်းအဖျင်း နားထောင်ရသည်မှာ အမြဲ စိတ်ဝင်စားစရာ ကောင်းလှသည် မဟုတ်ပါလော။
ပိုင်မေလင်းက ခေါင်းလေးစောင်းကာ “မရှိပါဘူး၊ မမရှို့ရှို့က အရမ်းနူးညံ့တာ၊ အားလုံးနဲ့ တည့်အောင်နေတတ်ပြီး ဘယ်သူနဲ့မှ ပြဿနာဖြစ်လေ့မရှိဘူး” ဟု ဖြေသည်။
လော့ချန် ခေတ္တရပ်သွားပြီး “ဒါဆို ဘာလို့ ကျွန်တော် မိန်းကလေးချိုင်ယီအကြောင်း ပြောလိုက်ရင် မမရှို့ရှို့က နေရခက်တဲ့ပုံစံ ဖြစ်သွားတာလဲ” ဟု ထပ်မေးလိုက်သည်။
“အဲဒါလား"
ပိုင်မေလင်းက လျှာတစ်ချက်သပ်ကာ လက်ခါပြလိုက်သည်။
“အဲဒါက မမရှို့ရှို့ရဲ့ ကျင့်ကြံဖော် ကိစ္စကြောင့်ပါ”
လော့ချန် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
ဖူရှို့ရှို့မှာ ကျင့်ကြံဖော် ရှိခဲ့ဖူးတာလား....။
ပိုင်မေလင်းက ဆက်ပြောသည်။
“မမရှို့ရှို့ရဲ့ ကျင့်ကြံဖော်က ကျောက်စိမ်းအိုး ဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်လေ၊ ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်ဖို့ကြိုးစားတာ ကျရှုံးသွားလို့ ပြင်ပဂိုဏ်းမှာ တာဝန်ခံအဖြစ် အဖြစ် ပြောင်းလဲတာဝန်ပေးခံရတာ”
“ပြင်ပဂိုဏ်း တာဝန်ခံတွေက ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်လို့ မရတော့ဘူး၊ ဂိုဏ်းရဲ့ လုပ်ငန်းတွေကို စီမံဖို့ နေရာအနှံ့ ပို့ခံရတတ်တယ်၊ သူ တာဟဲဈေးမြို့တော်ကို ရောက်လာတုန်းက တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်တဲ့ မမရှို့ရှို့နဲ့ ဆုံပြီး ကျင့်ကြံဖော်တွေ ဖြစ်သွားကြတာ”
ပိုင်မေလင်းက ခေါင်းခါရင်း ဆက်ပြောသည်။
“ဒါပေမဲ့ အခြေခံတည်ဆောက်ဖို့ ကျရှုံးသွားတဲ့ ဒဏ်ကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းစိတ်ဓာတ် ပျက်စီးသွားပြီး အပျော်အပါးဘက် လိုက်သွားတာ၊ မမရှို့ရှို့ ဘေးမှာရှိနေတာတောင် သူက ထျန်းရှန်းမျှော်စင်မှာပဲ ညအိပ်ညနေ သွားတတ်တယ်”
“တစ်မနက်မှာတော့ သူ့ကို ထျန်းရှန်းမျှော်စင်ရဲ့ သီးသန့်ခန်းထဲမှာ သေလျက်သား တွေ့လိုက်ရတာပဲ၊ အဘိုးစွန်း ကိုယ်တိုင် သွားပြီး အလောင်း သွားယူခဲ့ရတာ”
ပိုင်မေလင်းက ဆက်ပြောပြသည်။
“အဲဒီအချိန်ကစပြီး မမရှို့ရှို့က ထျန်းရှန်းမျှော်စင်နဲ့ ပတ်သက်သမျှ အရာရာကို အေးစက်စက် ဆက်ဆံတော့တာပဲ၊ ချိုင်ယီက အဲဒီမှာ အလုပ်လုပ်တာဆိုတော့ သူ့ကိုမြင်ရင် အတိတ်ကကိစ္စတွေကို သတိရစေလို့ မမရှို့ရှို့က ချိုင်ယီကို သိပ်သဘောမကျတာ ဖြစ်မှာပါ”
ထိုအခါမှသာ လော့ချန်တစ်ယောက် အလုံးစုံ သဘောပေါက်သွားတော့သည်။ လူတစ်ယောက်ကို မုန်းလျှင် ထိုသူနှင့် ဆက်စပ်နေသမျှကိုပါ မုန်းတီးတတ်ကြသည်မှာ ဤသို့ပင် ဖြစ်နိုင်သည်။
လော့ချန်၏ စပ်စုလိုစိတ်ကို ဖြည့်ဆည်းပေးပြီးနောက် ပိုင်မေလင်းက သူမကိုယ်တိုင် သိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။
“မီးခွေးသားက တကယ်ပဲ ထိပ်တန်းအဆင့် အာဟာရဆေးလုံး ဖော်စပ်တဲ့နေရာမှာ သုံးလို့ရတာလား”
လော့ချန်က သူမအား အပြင်သို့ အမြန်နှင်ထုတ်လိုက်သည်။
“ကျွန်တော် အလုပ်ရှုပ်နေပြီ၊ ခဏနေရင် ဒီထဲမှာ အနံ့တွေ အတော်နံလာတော့မှာ"
“အေးအေး…. မြူငြိမ်မိုးဖွဲနံ့သာ ထွန်းဖို့ မမေ့နဲ့ဦးနော်၊ မဟုတ်ရင် တိုင်စာပို့ပစ်မယ်"
ပိုင်မေလင်းက နှာခေါင်းကို ပိတ်ကာ ရွံရှာစွာဖြင့် ပြေးထွက်သွားတော့သည်။
လော့ချန်သည် ချီစွမ်းအား တစ်မျှင်ကို လွှတ်လိုက်ပြီး မြူငြိမ်မိုးဖွဲနံ့သာကို အသက်သွင်းလိုက်သည်။ ထို့နောက် သူ၏သိုလှောင်အိတ်ထဲမှ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို ကို ထုတ်လိုက်သည်။
ချွမ်း….
“ကုဗမီတာ တစ်မီတာပဲရှိတဲ့ သိုလှောင်အိတ်က သိပ်သေးတာပဲ၊ ငါ့မှာသာ ကုဗမီတာ ၃ မီတာ၊ ၅ မီတာ၊ မဟုတ်ဘူး…. ၁၀၀ မီတာ လောက်ရှိတဲ့ အိတ်ကြီးသာ ရှိရင်….”
ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုမှာ ပထမအဆင့် အဆင့်နိမ့် အဆောင်လက်နက်မျှသာ ဖြစ်သဖြင့် အရွယ်အစားကို စိတ်ကြိုက် မပြောင်းလဲနိုင်ပေ။ ထိုကြေးမီးဖို တစ်ခုတည်းကပင် သူ၏သိုလှောင်အိတ် နေရာ ၈၀ ရာခိုင်နှုန်းခန့်ကို ယူထားသည်။
ဆေးမယ်များကို ဆေးအိုးအတွင်းထဲသို့သာ ထိုးထည့်ထားရသည်။ အမြန်ပြန်မထုတ်လျှင် ထိုကုန်ကြမ်းများ၏ ဂုဏ်သတ္တိများ တစ်ခုနှင့်တစ်ခု ရောထွေးသွားပေလိမ့်မည်။
လော့ချန်သည် မီးဖိုကို မီးကျင်းပေါ်တွင် ဂရုတစိုက် တင်လိုက်ပြီးနောက် ရေဖြည့်လိုက်သည်။ ထို့နောက် စိမ်းပြာရောင်သစ်သား တစ်စည်းကို အောက်တွင် ထည့်ကာ မီးလုံးမှော် ဖြင့် တို့လိုက်ရာ ထင်းများ ဖြည်းညင်းစွာ လောင်ကျွမ်းလာတော့သည်။
ဆေးဖော်စပ်သည့် ကိရိယာအသစ်နှင့်ဆိုလျှင် ယခင်ကသုံးခဲ့သော မက်မွန်သားနှင့် ထင်းရှူးနီသားများမှာ မသင့်တော်တော့ပေ။ ၎င်းတို့၏ မီးအရှိန်မှာ အလွန်အားနည်းသဖြင့် ဤဆေးအိုးကြီးကို အပူပေးရန် အချိန်အတော်ကြာပေလိမ့်မည်။
ထို့ကြောင့်ပင် လော့ချန်သည် ဈေးကြီးလှသော စိမ်းပြာရောင် သစ်သားကို အထူးဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဤပထမအဆင့် ဝိညာဉ်သစ်သားမှာ သဘာဝဆီများ ပါဝင်သဖြင့် မီးစွဲလျှင် ပြင်းထန်သော အပူရှိန်ကို ထုတ်ပေးနိုင်သည်။
“သတင်းကြားတာတော့ အဆင့်မြင့်ကျင့်ကြံသူတွေက ဆေးဖော်စပ်တဲ့အခါ ခန္ဓာကိုယ်ထဲက ကျင့်စဉ်မီး ဒါမှမဟုတ် ပတ်ဝန်းကျင်က မြေမီး၊ ကောင်းကင်မီးတွေကို သုံးကြတယ်ဆိုပဲ၊ ငါရော ဘယ်တော့မှ အဲဒီလို လုပ်နိုင်မှာပါလိမ့်"
လော့ချန်သည် တစ်ကိုယ်တည်း ရေရွတ်ရင်း မီးဖို၏ အပူထိန်းစနစ်ကို စစ်ဆေးပြီးနောက် ဆေးဖော်ဆောင်ထဲမှ ထွက်လာခဲ့သည်။
ပထမဆုံးအနေဖြင့် မီးဖိုကို အပူပေးပြီး အတွင်းမှ ကျန်ရှိနေသော ဆေးနံ့ဟောင်းများကို လောင်ကျွမ်းဖယ်ရှားပစ်ရမည် ဖြစ်သည်။
မိန်းကလေးရှန်းရှန်းသည် မီးဖိုကို ရောင်းစဉ်ကပင် ဤညွှန်ကြားချက်များကို လက်စွဲစာအုပ်ငယ်လေးထဲတွင် သေချာစွာ ရေးသားပေးခဲ့ခြင်း ဖြစ်သည်။
မီးဖိုကို အပူပေးခြင်းမှာ ကနဦးအဆင့်မျှသာ ရှိသေးသည်။ နောက်ထပ် စမ်းသပ်မှုများ ပြုလုပ်ပြီး မီးဖို၏ သဘောသဘာဝကို ကျွမ်းကျင်မှသာ ဆေးစတင်ဖော်စပ်ရန် စိတ်ချရပေမည်။
လာမည့် နှစ်ရက်ခန့်ကိုမူ ဆေးဖက်ဝင် ပစ္စည်းများ ပြင်ဆင်ခြင်း၌သာ အာရုံအပြည့်အဝ စိုက်ထားရန် လော့ချန် ဆုံးဖြတ်လိုက်သည်။
….
ဖောက်.... ဖောက်.…
တဖောက်ဖောက် မြည်သံများက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
“အဲဒါ ဘာအသံလဲ”
ပျင်းရိပျင်းတွဲနှင့် ဇဝေဇဝါဖြစ်နေသော အသံလေးတစ်ခု အပြင်မှ ထွက်ပေါ်လာသည်။
လော့ချန်သည် ဆေးဖော်ဆောင်၏ ကျောက်တံခါးကို ဖွင့်ကာ ပြာများပေပွနေသော မျက်နှာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
ကူချိုင်ယီသည် သူ၏ ဖရိုဖရဲဖြစ်နေသော ပုံစံကို ကြည့်ကာ ချက်ချင်းပင် ရယ်မောတော့သည်။
“အထဲမှာ ဘာတွေ လုပ်နေတာလဲ၊ ပြီးတော့ ရှင့်အခန်းထဲမှာ ဘာလို့ အကန့်တွေ လုပ်ထားရတာလဲ”
ဟူး.... ဟူး….
လော့ချန်က လက်တစ်ချက်ဝှေ့ယမ်းကာ သန့်စင်ခြင်း မှော်အတတ်ကို ထုတ်ဖော်လိုက်သည်။
ဝုန်း ဆိုသည့် အသံနှင့်အတူ သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များအားလုံး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသဖြင့် ကူချိုင်ယီမှာ အမြန်ပင် ဘေးသို့ ရှောင်လိုက်ရသည်။
လော့ချန်တစ်ယောက် ရေကန်ဆီသို့ လျှောက်သွားကာ ရေအေးတစ်မှုတ်ကို ခပ်ယူ၍ အဝသောက်လိုက်ပြီးမှ အမောပြေသွားတော့သည်။
“တောက်... နာမည်ကြီး ဆေးဆရာတွေမှာ ဘာလို့ မီးထိန်းပေးမယ့် တပည့်တွေ ရှိနေရသလဲဆိုတာ အခုမှပဲ နားလည်တော့တယ်၊ ဒီဆေးဖော်ဆောင်ထဲမှာ လူနေဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူးဗျ” ဟု လော့ချန် ရေရွတ်လိုက်သည်။
ထို့နောက်မှ သူ ကူချိုင်ယီကို သတိထားမိသွားသည်။
“ဒါ ကျွန်တော် အသစ်ဆောက်ထားတဲ့ ဆေးဖော်ဆောင်လေ၊ ဘယ်လိုလဲ.... မဆိုးဘူး မဟုတ်လား”
ကူချိုင်ယီက သူမဘေးမှ ဖုန်မှုန့်များကို လက်ဖြင့် ယမ်းထုတ်လိုက်သည်။
“ကောင်းပါတယ်၊ ရှင့်ကို အဲ့ထဲမှာပဲ နေ့တိုင်း အောင်းနေဖို့ အကြံပေးချင်တယ်”
လော့ချန် မျက်နှာပျက်သွားသော်လည်း ပြန်မငြင်းတော့ပေ။
“မီးဖိုကို စမ်းရင်းနဲ့ နတ်ပဲစေ့တချို့ လှော်ထားတယ်၊ စားမလား”
“နတ်ပဲစေ့ ဟုတ်လား"
သူမ အဖြေကို မစောင့်ဘဲ လော့ချန်တစ်ယောက် အခန်းထဲသို့ ပြန်ဝင်သွားကာ ရွှေရောင်ပဲစေ့များ ထည့်ထားသည့် ပန်းကန်တစ်ချပ်ကို ယူလာခဲ့သည်။
ပဲစိမ်းများမှာ အခွံပါနေသေးသော်လည်း အပူရှိန်ကြောင့် အက်ကွဲနေကြပြီ ဖြစ်သည်။ အခွံကို ခပ်ဖွဖွ နွှာလိုက်သည်နှင့် အထဲမှ ဖြူဖွေးသော အဆံလေးများ ပေါ်လာသည်။
“ဒါတွေက ခါးတဲ့ ပဲစိမ်း တွေပဲဟာ"
ကူချိုင်ယီက သံသယဖြင့် တစ်စေ့ကို ကောက်ကိုင်လိုက်သည်။
“ဒါတွေက အရမ်းခါးတာလေ၊ စားလို့ရလို့လား”
“မြည်းကြည့်လိုက်စမ်းပါဗျ”
လော့ချန်ကမူ အခွံများ နွှာကာ ပါးစပ်ထဲသို့ ဆက်တိုက် ထည့်နေပြီ ဖြစ်သည်။
ကူချိုင်ယီသည် ရွှေရောင်အခွံကို ခွာ၍ ဖြူဥနေသော အဆံလေးကို ပါးစပ်ထဲ ထည့်လိုက်သည်။ သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာလေးများ အသာအယာ လှုပ်ရှားသွားပြီးနောက် မျက်ဝန်းလေးများ တဖြည်းဖြည်း တောက်ပလာသည်။
“ဟယ်.... မဆိုးဘူးပဲ ဘယ်လိုလှော်ထားတာလဲ၊ မွှေးပြီး ကြွပ်နေတာပဲ၊ ချီစွမ်းအားတောင် နည်းနည်း ပါသေးတယ်”
လော့ချန်က ဘဝင်မြင့်စွာ ပြုံးလိုက်သည်။
“ဒါက လျှို့ဝှက်ချက်လေ…. ပြောပြလို့ မရဘူး"
ကူချိုင်ယီက မျက်စောင်းတစ်ချက်ထိုးကာ နတ်ပဲစေ့ ပန်းကန်တစ်ချပ်လုံးကို ဆွဲယူသွားတော့သည်။
လော့ချန်သည် ရေပုံးတစ်ပုံးကို ကိုင်ကာ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုထဲသို့ လောင်းထည့်လိုက်ပြီးနောက် ရေဖျန်းပုံးလေး တစ်ခုကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ခြံဝင်းထဲတွင် ကူချိုင်ယီသည် ရှောင်ဟူ ပုံမှန်စီးသည့် ဒန်းလေးပေါ်တွင် ထိုင်ကာ ပဲစေ့လေးများကို တစ်စေ့ချင်း နွှာစားနေသည်။ သူမ၏ မျက်နှာချင်းဆိုင်တွင် လော့ချန်သည် ရေဖျန်းပုံးလေးကို ကိုင်ကာ ပန်းအိုးလေးများကို ဂရုတစိုက် ရေဖျန်းပေးနေသည်။
“ဒါတွေက ရှို့ရှို့ရဲ့ အပင်တွေ မဟုတ်လား”
လော့ချန်က အင်း ဟု ပြန်ဖြေရင်း မမရှို့ရှို့ အထူးတလည် မှာကြားထားသည့် ဝိညာဉ်ပင် နှစ်ပင်ကို စစ်ဆေးနေသည်။
“ရှင်ကတော့ အတော်လေး ရင်းနှီးလွယ်တာပဲ၊ ဆုံတာ မကြာသေးဘူး၊ သူ့ဆီကနေ အပင်တွေကိုတောင် လိမ်ယူနိုင်တယ်ပေါ့” ဟု ကူချိုင်ယီက မှတ်ချက်ပေးသည်။
“ဟာ…. အဲဒီလို မပြောပါနဲ့ဗျာ၊ ဒါက အိမ်နီးချင်း အချင်းချင်း ကူညီတာလေ၊ ဘယ်လိုလုပ် လိမ်ယူတာ ဖြစ်မှာလဲ”
“အမယ်…. ကျွန်မ အခုနက မြင်လိုက်ပါတယ်နော်၊ ရှင် အဲဒီ လရောင်မြက်ကို ရှင့် အိပ်ရာဘေးမှာ သွားထားထားတာ၊ ရှင် ညတိုင်း အဲဒါကိုသုံးပြီး ခိုးကျင့်နေတာ မဟုတ်လား"
လော့ချန် မျက်နှာနီသွားရသည်။
ဒီမိန်းကလေး ဘာလို့ ဒီလောက်တောင် မျက်စိလျင်နေရတာလဲ.…။
သို့သော် သူ မငြင်းနိုင်ပေ။ လရောင်မြက်မှာ အမှန်ပင် ထိရောက်လှသည်။ စိတ်ငြိမ်မွှေးတိုင်ကို မမီသော်လည်း ထိုအရာ၏ စွမ်းဆောင်ရည် ဆယ်ပုံတစ်ပုံခန့်တော့ ရှိသည်။
ပြီးခဲ့သည့် နှစ်ညအတွင်း သူ၏ နွေဦးကျင့်စဉ်မှာ တစ်ပတ်ပို၍ လည်ပတ်နိုင်ခဲ့သည်။
မနက်တိုင်း ကျင့်ကြံပြီးလျှင် သူ အင်မတန် လန်းဆန်းနေတော့သည်။
သူ၏ နေ့စဉ် မှော်လေ့ကျင့်မှုများမှာလည်း သိသိသာသာ တိုးတက်လာကာ အချို့မှာ အဆင့်သစ်တစ်ခုသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
စကားလမ်းကြောင်းလွှဲရန် လော့ချန် ပြောလိုက်သည်။
“ဒါနဲ့ ပြီးခဲ့တဲ့ ရက်တွေက ဘာလို့ ပျောက်နေတာလဲ….နေဦး၊ နေဦး၊ ခင်ဗျားရဲ့ ကျင့်ကြံမှု အဆင့်က….”
ကူချိုင်ယီက နှုတ်ခမ်းလေးစူကာ ပြုံးလိုက်သည်။
ကျဉ်းမြောင်းသော ဒန်းလေးမှာ သူမ၏ လုံးဝန်းလှသော တင်ပါးများကို ဖိကပ်ထားသဖြင့် သူမ၏ သေးကျဉ်လှသော ခါးလေးနှင့် သိသိသာသာ ကွာခြားကာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
“ရှင် သတိထားမိသွားပြီပေါ့၊ ဟုတ်တယ်….ကျွန်မ ချီသန့်စင် အဆင့် ၉ ကို ရောက်သွားပြီ…."