← Chapters

မနာလိုစိတ်ကြောင့် နီမြန်းသွားသော မျက်ဝန်းများ

Vol. 5 Ch. 41

မနာလိုစိတ်ကြောင့် နီမြန်းသွားသော မျက်ဝန်းများ

Vol. 5 Ch. 41

ကျင့်ကြံသူများသည် ချီစွမ်းအားများကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်ခြင်းနှင့် ဆေးလုံးများ မှီဝဲခြင်းတို့ကြောင့် ရုပ်ရည်သွင်ပြင်မှာ အသက်အရွယ်နှင့် မလိုက်ဖက်အောင် နုပျိုနေတတ်ကြသည်။

ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် လူတစ်ဦးကို အပြင်ပန်းရုပ်ရည်ဖြင့် ဆုံးဖြတ်ခြင်းမှာ အမှားယွင်းဆုံး လုပ်ရပ်ပင် ဖြစ်သည်။

လော့ချန်သည် ကူချိုင်ယီတွင် မည်သို့သော ဝိညာဉ်အမြစ် ရှိသည်ကို မသိသော်လည်း ပိုင်မေလင်းနှင့် စကားစပ်မိစဉ်က သူမ၏ အသက်ကို စပ်စုခဲ့သည်။

ကူချိုင်ယီမှာ အသက် ၃၇ နှစ် ရှိပြီဖြစ်ကြောင်း သူ မှတ်မိနေသည်။

အသက် ၃၇ နှစ်တွင် ချီသန့်စင် အဆင့် ၈ သို့ ရောက်ရှိခြင်းမှာ မဆိုးလှသော်လည်း အထူးအဆန်းတော့ မဟုတ်ပေ။ သူမ၏ ပါရမီမှာ ညံ့ဖျင်းသည်ဟု မဆိုနိုင်သော်လည်း ဂိုဏ်းကြီးများ အလိုရှိလောက်အောင်အထိ ထူးချွန်မနေပေ။

သို့သော် မဆုံဖြစ်သည့် ရက်အနည်းငယ် အတွင်း သူမသည် ချီသန့်စင် အဆင့် ၉ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။

ဤအချက်က လော့ချန်ကို အံ့အားသင့်သွားစေသည်။

“ဒါ…. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ နတ်ဆေးဝါးတွေများ သုံးလိုက်တာလား”

"ဟီးဟီး.... ရှင် ခန့်မှန်းတာ တော်တယ်"

ကူချိုင်ယီက နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။

“ဒီရက်ပိုင်း တာဟဲစျေးမြို့တော်ကို လူစိမ်းတွေ အများကြီး ရောက်လာတယ်၊ အဲဒီထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် ပါတယ်လေ”

“ခေါင်းလောင်းရွှေအိုးရိပ်မြုံ နဲ့ ကျွန်မတို့ ထျန်းရှန်းမျှော်စင်က သူတို့ အလာဆုံးနေရာတွေပေါ့”

“ကျွန်မတို့လို ချီသန့်စင်အဆင့် ကျင့်ကြံသူတွေနဲ့ မတူတာက အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် ဆေးလုံးတွေဆိုတာ ဘာမှမဟုတ်ဘူး၊ ပြီးခဲ့တဲ့ရက်က ကျွန်မတို့ ကပြတဲ့ အကအသစ်က အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူကြီးတစ်ယောက်ကို အတော်လေး စိတ်ကျေနပ်စေခဲ့ပုံရတယ်၊ သူက သဘောကျလွန်းလို့ မြူသန့်စင်ဆေးလုံး တစ်ပုလင်းကို လက်ဆောင်ပေးသွားတာလေ”

လော့ချန် မျက်လုံးများ ပြူးသွားရသည်။

“မြူသန့်စင်ဆေးလုံး ဟုတ်လား”

“ကြည့်ရတာ ရှင်လည်း တော်တော်လေး နှံ့စပ်တာပဲ”

လော့ချန်မှာ ထိုမျှအထိတော့ မအသေးပေ။ ဤဆေးလုံးသည် ချီသန့်စင်အဆင့်၌ အမြင့်မြတ်ဆုံး ဆေးလုံးဖြစ်ပြီး အညစ်အကြေးများကို ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိသည်။

ဆေးတစ်လုံး၏ စွမ်းပကားမှာ သာမန် ချီစွမ်းအင်ဖြည့်ဆေးထက် အဆပေါင်းများစွာ သာလွန်ပြီး ဈေးနှုန်းမှာလည်း ၁၀ ဆခန့် ပိုမိုမြင့်မားသည်။ အချို့သော ကျင့်ကြံသူများသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို မရရှိနိုင်သည့်အခါ ဤဆေးလုံးကို အစားထိုးသုံး၍ အဆင့်တက်ရန် ကြိုးစားကြလေ့ရှိသည်။

“ဆေးတစ်ပုလင်းရတော့ တစ်ယောက်တစ်လုံး ခွဲယူကြတာပေါ့၊ ကျွန်မက အဖွဲ့ခေါင်းဆောင်ဆိုတော့ နှစ်လုံးရခဲ့တယ်၊ အဲဒီဆေးလုံးနှစ်လုံးနဲ့ပဲ အခု ချီသန့်စင်အဆင့် ၉ ကို ရောက်သွားတာပေါ့”

ကူချိုင်ယီက ဂုဏ်ယူစွာ ပြုံးလိုက်သည်။

“ပြီးခဲ့တဲ့ နှစ်ရက်လုံး ကျွန်မ ဝတ်ရုံမွှေးရှည်ဆောင် မှာပဲ အောင်းပြီး အဲဒီဆေးလုံးနှစ်လုံးနဲ့ အဆင့် ၉ ကို တက်ခဲ့တာ”

“ထျန်းရှန်းမျှော်စင်မှာ လူသစ်ထပ်ခေါ်သေးလားဗျာ”

လော့ချန်က မနာလိုစိတ်ကြောင့် မျက်လုံးများ နီမြန်းလာကာ လေသံခပ်နွမ်းနွမ်းဖြင့် မေးလိုက်သည်။

“ရှင်က ဘာသွားလုပ်မလို့လဲ၊ အစောင့်သွားလုပ်မလို့လား”

“ဘာတွေပြောနေတာလဲ၊ ကျွန်တော်က ငယ်ငယ်ကတည်းက အနုပညာဝါသနာပါတယ်ဗျ၊ ကတာရော ဆိုတာရော အကုန်ရတယ်”

“ကဲပါ…. ကျွန်မ ရှင့်ကို မစတော့ပါဘူး”

ကူချိုင်ယီက လေသံကို ပြောင်းလိုက်သည်။

“လူစိမ်းတွေ အများကြီး ရောက်လာတာဆိုတော့ တာဟဲစျေးမြို့တော်ထဲမှာ တစ်ခုခု ဖြစ်တော့မယ် ထင်တယ်၊ အပြင်ထွက်ရင် သတိထားဦး၊ မထိသင့်တဲ့သူကို သွားမထိမိစေနဲ့”

လော့ချန် အလေးအနက် ခေါင်းညိတ်လိုက်သည်။

နယ်ဝေးမှ ရောက်လာသော ကျင့်ကြံသူများမှာ အန္တရာယ်အရှိဆုံးပင်။ သူတို့မှာ တာဟဲစျေးမြို့တော်၏ စည်းကမ်းများကို ဂရုမစိုက်ကြပေ။ တစ်ခါတစ်ရံ ဒေါသအလျောက် သတ်ဖြတ်မှုများ ပြုလုပ်ပြီးနောက် မိုင်ထောင်ချီ ဝေးကွာသော နေရာများသို့ ထွက်ပြေးသွားတတ်ကြရာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အစောင့်အကြပ်များပင် လက်လှမ်းမမီနိုင်တော့ပေ။

….

တိတ်ဆိတ်သော ညအချိန်တွင်….။

လော့ချန်သည် ယနေ့ဖြစ်ရပ်များကို ပြန်လည်တွေးတောရင်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။

အခြားသူများမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် လက်တစ်ကမ်းအလို အဆင့် ၉ သို့ အလွယ်တကူ တက်လှမ်းသွားကြသော်လည်း သူကမူ အဆင့် ၄ တွင်ပင် ရုန်းကန်နေရဆဲ။ ဤကွာဟချက်ကြီးက သူ့အား ခါးသီးသော အပြုံးတစ်ခုကိုသာ ပြုံးမိစေတော့သည်။

သို့သော် ထိုခါးသီးမှုများကြားမှပင် လော့ချန်သည် ကူချိုင်ယီအတွက် ဝမ်းသာမိသည်မှာ အမှန်ပင်။

သူ ဤနေရာသို့ ပြောင်းလာကတည်းက ဤအမျိုးသမီးမှာ သူ့အပေါ် စိတ်ရင်း အလွန်ကောင်းမွန်ခဲ့သည်။

လမ်းကြုံတိုင်း နှုတ်ဆက်တတ်ပြီး ကျင့်ကြံခြင်းလောကထဲတွင် အညတရတစ်ဦးဖြစ်သော သူ့အား လူရာသွင်းခဲ့သည်။ ဆေးဖော်စပ်သည့် ကိရိယာအတွက် သူ အခက်တွေ့နေစဉ်ကလည်း သူမ၏ အဆက်အသွယ်များကို သုံးကာ ဈေးသက်သာပြီး အရည်အသွေးကောင်းသော ဆေးအိုးကို ဝယ်ယူပေးခဲ့သည်။

ယခု သူမ အဆင့်တက်သွားခြင်းအား သူကိုယ်တိုင် အဆင့်တက်သွားသကဲ့သို့ ပျော်ရွှင်ရသည်။

“ငါလည်း ပျင်းနေလို့ မဖြစ်တော့ဘူး၊ အခုတလော အေးအေးဆေးဆေး နေနေတာက ငါ့ရဲ့ တက်ကြွမှုတွေကို လျော့နည်းစေသလိုပဲ…."

ကူချိုင်ယီ၏ ပါရမီမှာ သူ့ထက် သာလွန်နေသည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါလျက်နှင့်၊ သူမသည်ပင် ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် အစွမ်းကုန် အားသွန်ခွန်စိုက် ကြိုးစားနေဆဲ ဖြစ်သည်။

သူကမူ ဝိညာဉ်မြစ် ငါးမျိုးစလုံး ရောယှက်နေသည့် လူတစ်ယောက်သာ ဖြစ်ပြီး၊ အသက်ရှင်သန်ရန် ဆယ်စုနှစ်အနည်းငယ်မျှသာ ကျန်တော့သည် မဟုတ်ပါလော။ ကျန်ရှိသော ချီစွမ်းအင်ဖြည့်ဆေးလုံး မှာလည်း တစ်ပုလင်းမျှပင် မပြည့်တော့ရှာပေ။

“ငါ ဘာလို့ ဒီလောက် အေးအေးဆေးဆေး နေနေရတာလဲ၊ မနက်ဖြန်ကစပြီး ငါ ပိုကြိုးစားရမယ်.…”

သူ့တွင် အသစ်စက်စက် ဆေးဖော်ဆောင်နှင့် အထူးထုတ်ထားသော ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို ရှိနေလေပြီ။ ထို့အပြင် အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်သည့် သူ၏ ကျွမ်းကျင်မှုမှာလည်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့အတွက် ယခုထက် ပိုကောင်းသော အစပြုမှုမျိုး မရှိနိုင်တော့ပေ။

အရာအားလုံး အဆင်သင့် ဖြစ်နေလေပြီ။ ယခု လုပ်ဆောင်ရန် ကျန်ရှိသည်မှာ မီးစတင် တောက်လောင်စေရန်သာ ဖြစ်တော့သည်။

လော့ချန်၏ မျက်နှာမှာ တည်ကြည်သွားကာ မီးလုံးမှော်အတတ်ကို ကျွမ်းကျင်စွာ အသုံးပြု၍ မီးဖိုထဲရှိ ထင်းများကို မီးရှို့လိုက်သည်။ မီးလျှံများမှာ ဝုန်းကနဲ တောက်လောင်လာပြီး သေးငယ်သော ဆေးဖော်ဆောင်လေးကို ပူပြင်းလှသော မီးဖိုကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်တော့သည်။

ပြင်းထန်သော အပူရှိန်ကြားတွင် လော့ချန်သည် တည်ငြိမ်စွာရပ်လျက် ပြင်ဆင်ထားသော ဆေးဖက်ဝင်ပစ္စည်းများကို မီးဖိုထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။

ထို့နောက် လက်ဟန်တစ်ခု ပြုလုပ်ကာ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို အသက်သွင်းလိုက်သည်။

မီးဖိုပေါ်ရှိ ရှေးဟောင်းအမှတ်အသားများမှာ အသက်ဝင်လာသကဲ့သို့ ဖျော့တော့သော အလင်းရောင်များ တဖျတ်ဖျတ် လင်းလက်လာသည်။

ဤမီးဖိုမှာ အဆင့် (၁) အနိမ့်စား မှော်လက်နက်မျှသာ ဖြစ်သော်လည်း သူယခင်က သုံးခဲ့သည့် သာမန်သံအိုးနှင့်နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

လော့ချန်သည် နတ်မျက်စိ မှော်အတတ်ကို အသုံးပြု၍ မီးဖိုအတွင်းရှိ ဆေးဖက်ဝင်ပစ္စည်းများ၏ ပြောင်းလဲမှုနှင့် ချီစွမ်းအင် စီးဆင်းမှုများကို အနီးကပ် စောင့်ကြည့်နေသည်။

ဆေးများ တူးမသွားစေရန် မီးဖိုအဖုံးကို အခါအားလျော်စွာ ဖွင့်၍ သစ်သားတံစို့ဖြင့် မွှေပေးနေရသည်။

မကြာမီ မွန်းတည့်ချိန်သို့ ရောက်ရှိလာသည်။

ဆေးဖော်ပြီးစီးချိန်သို့ ရောက်လာလေပြီ။ မီးငြှိမ်းလိုက်သည်မှာ တစ်နာရီခန့် ရှိပြီဖြစ်ရာ မီးဖို၏ အပူရှိန်မှာလည်း လျော့ကျသွားပြီ ဖြစ်သည်။

“တက်စမ်း"

သူသည် တတ်မြောက်အဆင့် ဆွဲငင်မှော်အတတ်ကို အသုံးပြုကာ ပူနွေးနေသော ဆေးအိုးအဖုံးကို အဝေးမှနေ၍ ဖြည်းဖြည်းချင်း မလိုက်သည်။

ထူးခြားသော ရနံ့တစ်ခုမှာ တူးနံ့အနည်းငယ်နှင့်အတူ လွင့်ပျံ့လာသည်။

လော့ချန်တစ်ယောက် နတ်မျက်စိအတတ်ဖြင့် ဆေးအိုးအတွင်းထဲကို ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။

ပထမဆုံးအကြိမ် အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်မှုမှာ ကျရှုံးသွားလေပြီ။

ဤသည်မှာ ခန့်မှန်းထားပြီးသား ရလဒ်ပင် ဖြစ်သည်။ အရာအားလုံးမှာ အသစ်အဆန်းဖြစ်နေသဖြင့် မည်မျှပင် ပြင်ဆင်ထားစေကာမူ အမှားအယွင်းမရှိ အောင်မြင်ရန်မှာ မလွယ်ကူလှပေ။

လော့ချန်သည် စိတ်ပျက်မသွားဘဲ တူးနေသော အကြွင်းအကျန်များကို ဖယ်ထုတ်ကာ ဆေးဖော်ဆောင်ထဲမှ ထွက်လာခဲ့သည်။

မွန်းတည့်ချိန် ဖြစ်သော်လည်း အပြင်သို့ရောက်သည်နှင့် လန်းဆန်းသော အအေးဓာတ်ကို ခံစားလိုက်ရသည်။

ဆေးဖော်ဆောင်အတွင်းနှင့် အပြင်၏ အပူချိန်ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

ဤအချိန်တွင် လော့ချန်သည် စွန်းရှို့ ၏ စီစဉ်ပေးမှုကို ကျေးဇူးတင်မိသွားသည်။

သရဲဘုရင် ချုပ်နှောင်ထားသည့် နေရာပေါ်တွင် တည်ဆောက်ထားသောကြောင့် ဤနေရာလေးမှာ မည်သည့် အအေးပေးစက်မှ မလိုဘဲ အေးမြနေခြင်း ဖြစ်သည်။

"ထမင်းစား၊ ရေချိုးပြီးရင် နေ့လယ်ပိုင်း ထပ်ကြိုးစားမယ်"

သူသည် မိမိကိုယ်ကို အားပေးရင်း ထမင်းအိုးတည်လိုက်သည်။

ထို့နောက် ခြံထောင့်ရှိ ရေတွင်းဆီသို့သွားကာ ကူချိုင်ယီ လုပ်လေ့ရှိသကဲ့သို့ ဆွဲငင်မှော်အတတ်ကို အသုံးပြု၍ ရေတစ်ပုံး ဆွဲလိုက်သည်။

ဝုန်း.…

သူသည် ရေအေးများကို ကိုယ်ပေါ်သို့ တိုက်ရိုက် လောင်းချလိုက်သည်။

"လန်းဆန်းလိုက်တာ"

လော့ချန် စိတ်ကျေနပ်စွာ အော်ဟစ်လိုက်မိသည်။

အတွင်းတွင် အာရုံစူးစိုက်နေစဉ်က သတိမထားမိသော်လည်း အပြင်ထွက်လာမှ ဆေးဖော်ဆောင်မှာ ငရဲမီးဖိုတစ်ခုကဲ့သို့ ပူပြင်းနေကြောင်း သူ သိလိုက်ရသည်။

“ဒါက ပုံစံထုတ်တာ ဒါမှမဟုတ် ကုန်ကြမ်းတွေမှာ ပြဿနာရှိလို့ ဖြစ်မှာ၊ မဟုတ်ရင် ဒီလောက် မပူသင့်ဘူး၊ အိုက်လောင်တောင်က တပည့်တစ်ယောက်လောက်သာ ငါ့အတွက် ဆေးဖော်ဆောင်လေး ပုံစံထုတ်ပေးရင် သိပ်ကောင်းမှာပဲ”

လော့ချန်သည် မိမိ၏ စိတ်ကူးယဉ်မှုကို ရယ်မောရင်း ခေါင်းခါလိုက်သည်။

ဂိုဏ်းကြီးမှ တပည့်များအား ခေါ်ကာ ဆေးဖော်ဆောင်ပုံကြမ်းဆွဲခိုင်းရန် ဝိညာဉ်ကျောက်တုံးများ သူ အဘယ်တွင် သွားရှာပါမည်နည်း။ ခြေကြွခပင် ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက် ပေးရပေလိမ့်မည်။

နေ့လည်စာ အမြန်စားပြီးနောက် လော့ချန် အံကြိတ်ကာ ဆေးဖော်ဆောင်ထဲသို့ ပြန်ဝင်သွားသည်။

ဒုတိယတစ်သုတ် စတင်ဖော်စပ်တော့မည် ဖြစ်သည်။

“လော့ချန်.... အိမ်မှာ ရှိလား”

“အလုပ်ရှုပ်နေတယ်ဗျ၊ အရေးကြီးတာ ရှိလို့လား မိန်းကလေးချိုင်ယီ”

“မရှိပါဘူး၊ လုပ်စရာရှိတာ ဆက်လုပ်ပါ၊ ဆေးပြန်ဖော်နေတာလား”

“မတတ်နိုင်ဘူးလေ၊ စားဝတ်နေရေးက ရှိသေးတယ် မဟုတ်လား”

"သနားစရာလေး၊ ကျွန်မ ရှင့်အတွက် အဆာပြေမုန့် ယူလာတယ်၊ ပူတုန်းလေး စားလိုက်ဦး"

“အပြင်မှာပဲ ထားခဲ့လိုက်ပါဗျာ၊ ကျွန်တော် ရပ်လို့မရသေးဘူး၊ အဓိက ဆေးမယ်ကို ထည့်ဖို့ မီးချိန်ညှိရတော့မှာ”

“အင်းပါ…. ဒါဆို ကျွန်မ သွားပြီနော်၊ ပြီးရင် လာစကားပြောဦး”

….

ညနေစောင်းတွင် လော့ချန်တစ်ယောက် ရေတွင်းဘေးတွင် ငေးငေးငိုင်ငိုင် ထိုင်နေသည်။ ကြည့်ရသည်မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။

ကူချိုင်ယီ အပြင်ထွက်လာစဉ် ထိုမြင်ကွင်းကို တွေ့လိုက်ရသည်။

သူမ မျက်မှောင်ကြုတ်ကာ သူ့ထံ လျှောက်သွားလိုက်သည်။

“လော့ချန်…. ရှင် ဒီရက်ပိုင်း ဘာတွေ ဖြစ်နေတာလဲ”

“ဘာမှ မဖြစ်ပါဘူး၊ နေ့တိုင်း ဆေးဖော်နေရလို့ပါ”

လော့ချန် သတိပြန်ဝင်လာကာ မျက်လုံးများကို ပွတ်ပြီး အမြန်ပင် ထရပ်လိုက်သည်။

“ဘာမှမဖြစ်ဘူးလို့ မပြောနဲ့ဦး၊ ရှင့်ကိုယ်ရှင် မှန်ထဲ ပြန်ကြည့်ဦး”

သူမ ချီစွမ်းအားကို တစ်ချက်မျှ ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်တွင် ကျန်ရစ်နေသော ရေစက်တို့သည် လျှပ်တစ်ပြက်အတွင်း မှန်ချပ်တစ်ခုကဲ့သို့ ကြည်လင်တောက်ပသော မျက်နှာပြင်အဖြစ် ပြောင်းလဲသွားတော့သည်။

လော့ချန် အောက်ငုံ့ကြည့်လိုက်သောအခါ ဖူးရောင်နီမြန်းနေသော မျက်လုံးများ၊ တွဲကျနေသော မျက်အိတ်များနှင့် ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းများကို မြင်လိုက်ရသည်။

သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များမှာလည်း စည်းနှောင်ထားရာမှ ပြေလျော့ကာ မျက်နှာပေါ်တွင် ကပ်ငြိနေတော့သည်။

တစ်ချက်ကြည့်လိုက်လျှင် သူ၏ ယခင်ဘဝက ကွန်ပျူတာရှေ့ တစ်လလုံးလုံး ညမအိပ်ဘဲ ဂိမ်းဆော့နေသည့် လူတစ်ယောက်နှင့် တူလှသည်။

ဤအခြေအနေမှာ ဆေးဖော်ဆောင်ထဲရှိ ပြင်းထန်သော အပူရှိန်ကြောင့်လော ဆိုသည်ကို လော့ချန်ကိုယ်တိုင်ပင် မသိတော့ပေ။ လွန်ခဲ့သည့် ဆယ်ရက်လုံးလုံး သူသည် တစ်နေ့လျှင် နှစ်သုတ်နှုန်းဖြင့် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားပေးကာ ဖော်စပ်ခဲ့သည်။

အောင်မြင်မှုနှုန်းမှာ အစပိုင်းထက် ပိုကောင်းလာသည်ဟု ဆိုနိုင်သော်လည်း သူ မျှော်လင့်ထားသည့် ၂၀ ရာခိုင်နှုန်းကို မမီသေးပေ။

မှော်လက်နက်ဖြင့် ဆေးဖော်ရာတွင် နတ်မျက်စိကိုပါ အဆက်မပြတ် အသုံးပြုရသဖြင့် ချီစွမ်းအင်သာမက မျက်စိနှင့် စိတ်စွမ်းအားကိုပါ အလွန်အမင်း ကုန်ခမ်းစေခြင်း ဖြစ်သည်။

အမျိုးသမီးတစ်ဦးရှေ့တွင် အားနည်းချက် မပြလိုသဖြင့် လော့ချန် စကားလမ်းကြောင်းကို ခပ်ပေါ့ပေါ့ပင် လွှဲလိုက်သည်။

သူ၏ အကြည့်မှာ ကူချိုင်ယီ၏ လက်မောင်းပေါ်ရှိ ဖြူဖွေးပြီး ပါးလွှာသော ဝတ်ရုံလေးပေါ်သို့ ကျရောက်သွားသည်။

“ဒါက အဆောင်လက်နက် အသစ်လား”

“ဟယ်….မျက်စိလျင်သားပဲ"

ကူချိုင်ယီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝတ်ရုံလေးကို မပြလိုက်သည်။

“ဒါက ထိပ်တန်းအဆင့် ခုခံရေး အဆောင်လက်နက်လေ၊ ဖေးပေါ်ဝမ် ဆိုတဲ့ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက လက်ဆောင်ပေးတာ”

လော့ချန် ဆွံ့အသွားသည်။

အဆင့်မြင့် ကာကွယ်ရေး မှော်လက်နက်ကို ဒီအတိုင်း လက်ဆောင်ပေးလိုက်တယ် ဟုတ်လား….။

သူ မနေနိုင်ဘဲ မေးလိုက်မိသည်။

“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက အားလုံး ဒီလောက် ချမ်းသာကြတာလား၊ ဒီပစ္စည်းဆိုရင် ဝိညာဉ်ကျောက်တုံး လေးငါးထောင်လောက် တန်မှာဗျ”

ကူချိုင်ယီက ပြုံးစစဖြင့် ပြောလိုက်သည်။

“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်းက ဒီလောက် မချမ်းသာကြပါဘူး၊ ကျွန်မတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေထက်တောင် ပိုတွက်ကပ်တတ်ကြသေးတာ၊ ဒါပေမဲ့ ဖေးပေါ်ဝမ်ကတော့ မတူဘူးလေ”

“သြော်.... ဘယ်လို မတူတာလဲဗျ”

All Chapters