အတားအဆီးများကို ေကျာ်ဖြတ်ခြင်း
Vol. 9 Ch. 895
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် အဏ္ဏဝါခေါ်သံဂိုဏ်းရင်ဆိုင်နေရသည့် အကြပ်အတည်းများအားလုံးကို ဖြေရှင်းပြီးသွားလေပြီ။ ယခုတွင် သူကိုယ်တိုင်က ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းအား အလယ်ပိုင်းဒေသကျင့်ကြံခြင်းကမ္ဘာ၏ အရှင်သခင်ဖြစ်သည့်နေရာတွင် ထားပေးခဲ့သည်။
ထိုအရာအားလုံးအနက် ထိပ်ဆုံးတွင်ရှိသည်မှာ သူသည် သက်တော်ရှည် စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးအတွက် နတ်ဆေးလုံးတစ်လုံး အောင်အောင်မြင်မြင် ဖော်စပ်ပေးခဲ့ပြီး နတ်အဆင့်ရောက်ရန် အခွင့်ကောင်းပေးခဲ့သည်။ ပိုင်ရှောင်ချန်းမှာ အရာရာတိုင်းနှင့်ပတ်သက်၍ အလွန်ကျေနပ်နေတော့သည်။
ယခုအခါ သူက အင်မော်တယ်ဂူအပြင်ဘက်တွင် ဘရူဆာခေါင်းကို ပွတ်သပ်ပေးနေလျက် ဂိုဏ်းကို ဝေ့ကြည့်နေလေသည်။ ဂိုဏ်းသားများမှာ ပြင်ဆင်ခြင်းလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေဆဲဖြစ်ပြီး စိတ်ဓာတ်တက်ကြွနေကြသည်။
သူက ဝမ်းသာပျော်ရွှင်သည်ထက် လွန်လွန်ကဲကဲ ခံစားနေရပြီး အင်္ကျီလက်စကို ခါယမ်း၍ မေးကို ပင့်ကာ ရေရွတ်လိုက်သည်။
“ ငါပျော်တယ်။ လူတိုင်းလဲ ပျော်နေကြတယ်။ ငါ အစွမ်းထက်တယ်။ ဂိုဏ်းလဲ အရှိန်အဝါကြီးမားလာတယ်။ အာ ဘရူဆာ၊ မင်းသိလား။ ငါက နာမည်ကြီးရတာကြိုက်တဲ့လူစားကွ။ ဘယ်လိုကံကြမ္မာမျိုးက ငါ့ကို ဒီလိုအသက်ငယ်ငယ်နဲ့ ခေါင်းဆောင်ကြီးဖြစ်စေလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာတုံး။ ငါ အသက်ကြီးသေးတာမှ မဟုတ်ပဲ "
သူက ခေါင်းကို ခါယမ်းလိုက်ပြီး သူ့ကိုယ်သူခါတိုင်းထက်ပို၍ ဂုဏ်ယူနေလျက် သက်ပြင်းချလိုက်တော့သည်။
" ငါ ရှင်းကုံကျစ်တာအိုဂိုဏ်းကို ဘယ်တော့မှ ပြန်မသွားချင်ဘူးကွာ။ ဒါပေမဲ့ မင်းမြင်တဲ့အတိုင်း နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးကိုယ်တိုင် ငါ့ကို သွားခိုင်းနေတာလေ။ အမယ်လေး ခေါင်းကိုက်လိုက်တာ “
" ငါက သံမဏိသွေးကြောခန်းမရဲ့ ရှားပါးတဲ့ အကြီးအကဲတစ်ယောက်လဲ ဖြစ်နေတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ငါ့မိတ်ဆွေဟောင်းတွေ သွေးသောက်ရဲဘော်တွေအားလုံးက ဟိုမှာလေ။ ငါတကယ်ပဲ ငါ့ရာထူးကို လက်ခံလိုက်ရုံပဲရှိတာပေါ့ကွာ “
" မင်း ဘယ်လိုထင်လဲ ဘရူဆာ။ ငါက ဘာလို့ ဒီလို ပါရမီရှင်ဖြစ်နေရတာတုန်း။ အီး.... "
သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အရိပ်အယောင်များ ဖြည်းညင်းစွာ ပေါ်လာတော့သည်။
ဘရူဆာက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်ရာ သူတို့နှစ်ယောက်တည်းသာ ရှိတော့သည်ကို တွေ့လိုက်ရသဖြင့် တိတ်တဆိတ် နှာမှုတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ များသောအားဖြင့် သူ့ကိုမြင်သည့်လူများရှိသည့်အခါမှသာ ယခုကဲ့သို့ စိတ်ပျက်စွာ ပြုမူတတ်သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းသည် ဘရူဆာ၏တုံ့ပြန်မှုကို မြင်သောအခါ လည်ချောင်းရှင်းလိုက်ပြီးနောက် ဘရူဆာ၏ခေါင်းကို ထုလိုက်သည်။
" ရေလိုက်ငါးလိုက်လုပ်ကွ "
သူက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
" ဒါ ဘာကိုဆိုလိုတာတုံး မင်းသိတယ်မလား။ အခုကစပြီး ငါ အခုလိုပြောတာ ကြားရင် ရေလိုက်ငါးလိုက်လုပ်ကွာ။ ဒါဆိုရင် ငါမင်းကို ပိုတောင် သဘောကျလာဦးမယ် ဟုတ်ပြီလား "
ပထမတွင် ဘရူဆာက ငြီးတွားလိုက်သော်လည်း သူက ပိုင်ရှောင်ချန်းနှင့်တူအောင် သူ၏အမူအရာအား ဖမ်းလိုက်သည်။ ပိုင်ရှောင်ချန်းမှာ သူမည်မျှ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး စကားနည်းနည်းပါးပါး ထပ်ပြောလိုက်သည်။
" မဟုတ်ဘူး။ အဲဒါ မမှန်သေးဘူးကွ။ နားထောင်၊ ငါစောစောက ပြောသလို ပြောတာ ကြားရင် မင်းစိတ်လှုပ်ရှားသွားဖို့ လိုတယ်။ အဓိပ္ပါယ်ပါပါနဲ့သက်ပြင်းချ။ စစ်မှန်ပြီး ခါးသီးစရာကောင်းတဲ့ ကံကြမ္မာကြီးကို ကြိတ်မှိတ်လက်ခံထားရသလို ပေါ်အောင်လုပ် "
အကြံအနည်းငယ်ရသွားပြီးနောက်ဝယ် ဘရူဆာက မျက်နှာထားအမှန်ကို ရသွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက သူ၏သရုပ်ဆောင်ခြင်းကို အစကပြန်စလိုက်ပြီး ဘရူဆာက ရေလိုက်ငါးလိုက်လုပ်လိုက်သည်။
" ဟားဟားဟား တော်တယ် ဘရူဆာ။ သိပ်တော်တယ်။ အဖေလမ်းလျှောက်သွားမလို့လိုက်ခဲ့။ မှတ်ထား။ အဖေက အဲဒီလိုဟာတွေ ပြောတာကြားရင် အဲဒီမျက်နှာထားသာလုပ် "
ပိုင်ရှောင်ချန်းသာ် စိတ်ဓာတ်များတက်ကြွနေလျက် ဘရူဆာကို ဂိုဏ်းအတွင်း လမ်းလျှောက်ခေါ်သွားတော့သည်။ သူတို့မည်သည့်နေရာသို့သွားသည်ဖြစ်ပါစေ တွေ့သည့်လူတိုင်းက လေးလေးစားစားအရိုအသေပေးကြသည်။
လူအများ စုစုရုံးရုံးဖြစ်လာသည့်အချိန်တိုင်း ပိုင်ရှောင်ချန်းက သက်ပြင်းချပြီး စကားကြောရှည်တော့သည်။ သူ့အကြောင်း နောကြေအောင် သိမထားသည့်ဂိုဏ်းသားများမှာ အံ့အားသင့်သွားကြသည်။ သူ့ကို သိသည့်လူများကတော့ သက်ပြင်းသာချလိုက်ကြသည်။ ဤသည်မှာ သူတို့အတွက် ယခုကဲ့သို့ သူ ပြုမူသည်ကို ပထမဆုံးမြင်ဖူးခြင်းမဟုတ်ပေ။
ဘရူဆာကလည်း ပြီးပြည့်စုံစွာ ရေလိုက်ငါးလိုက်လုပ်နေပြီး အပြင်းအထန်အားထုတ်ထား၏။ ပိုင်ရှောင်ချန်းက သက်ပြင်းချစဥ် သူက အားပေးနှစ်သိမ့်သော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်း၏ခြေထောက်တစ်ဝိုက်တွင် ပွတ်သီးပွတ်သပ်လုပ်သည်။ သူက ပိုင်ရှောင်ချန်းအား.....
ပါရမီရှင်ဖြစ်ရခြင်းသည် သူ့ကံကြမ္မာကြောင့်သာ ဖြစ်သည်ဟု ပြောနေသည့်အလား။
ဤအဖြစ်အပျက်အား မြင်ကြသူများမှာ အံ့အားသင့်သွားကြပြီး ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ပိုင်ရှောင်ချန်းမှာမူ ဝမ်းသာပျော်ရွှင်နေပြီး တစ်နေ့လုံး ဘရူအား သွားလေရာ ခေါ်သွားတော့သည်။ သူ့ကို ခေါင်းဆောင်ကြီးအဖြစ် လူအများနှုတ်ဆက်သည်နှင့်အမျှ ထူးဆန်းသော အမူအရာများအား ပို၍ မြင်လာရတော့သည်။
" အာ၊ ခေါင်းဆောင်ကြီးက ဘယ်လိုတောင် ထူးဆန်းနေရတာတုန်း "
" နတ်အဆင့်ကျင့်ကြံသူတွေအားလုံး ဒီလိုများလား "
" အမယ်လေး မင်းတို့ကောင်တွေ မသိပါဘူးကွာ။ ပိုင်ရှောင်ချန်း၊ အာ... ခေါင်းဆောင်ကြီးပိုင်က အမြဲဒီလိုပဲ။ မင်းတို့ အသားကျသွားလိမ့်မယ် "
ထိုစကားများက ဂိုဏ်းအတွင်း ပိုင်ရှောင်ချန်း သွားသည့်နေရာတိုင်း၌ ကျန်ရစ်ခဲ့သည်။ နောက်တစ်ရက် သူ၏စိတ်အားထက်သန်မှုများက မကျဆင်းသေးရာ တူညီသော အဖြစ်အပျက်များ ထပ်မံဖြစ်ပေါ်လာပြန်သည်။
သူက ပေဟန့်လဲ့အား သုံးကြိမ်တိုင်တိုင် သွားတွေ့ရာ ပေဟန်လဲ့မှာ ရူးမတတ်ဖြစ်နေတော့သည်။ ပေဟန်လဲ့က သူ့ကို အဆုံးစွန်ထိ လေးစားမှုများဖြင့် အမြဲနှုတ်ဆက်ရပြီးနောက် သူ၏ အဆုံးမရှိသော သက်ပြင်းချသံများအား အတင်းနားထောင်ရလေသည်။ ဒုတိယမြောက်နေ့တွင် ပေဟန်လဲ့က တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်လိုက်တော့သည်။
ထိုအခြင်းအရာကြောင့် ပိုင်ရှောင်ချန်းမှာ အတန်ငယ် ဝမ်းနည်းသွားသော်လည်း ရှန်ကွမ်းထျန်ယုံကို သွားရှာလေသည်။ အမှန်တွင် သူက စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့တွင် သူသိမျှလူအားလုံးအား သွားတွေ့လေသည်။ ထို့နောက် သူက သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ကို သွားတော့သည်။
ဤသို့ဖြင့် သုံးရက်တာကုန်လွန်သွားပြီးနောက်ဆုံးတွင် အဏ္ဏဝါခေါ်သံဂိုဏ်းရှိ လူတိုင်းက ပိုင်ရှောင်ချန်း၏ စရိုက်ကို ကောင်းကောင်းနားလည်သွားတော့သည်။ ခပ်ယဲ့ယဲ့အပြုံးများအား နေရာအနှံ့ မြင်နိုင်ပြီး လူအများစုမှာ ခပ်ဝေးဝေးမှနေ၍ သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် ရှောင်သွားကြတော့သည်။ သူက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကဲ့သို့ မထင်ရသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းက စိတ်ပျက်မသွားပေ။ အမှန်တွင် သူက ပို၍ပင် အာရုံစိုက်လာ၏။ သူသည် ပေဟန်လဲ့က မည်သည့်အတွက် တံခါးပိတ်ကျင့်ကြံသွားရခြင်းအကြောင်း ဂဃဏန သွားကြည့်ရန် ဆုံးဖြတ်ရုံရှိသေးသည့်အချိန်တွင် စုန့်ကျင်းဝမ်ကား သည်းမခံနိုင်တော့ပေ။ သူမသည် သူ့ကို ဒေါသတကြီးတွန်းထုတ်၍ ပြစ်တင်ကြိမ်းမောင်းလေရာ နောက်ဆုံးတွင် သူသည် နှာခေါင်းသာပွတ်လိုက်ရပြီး ခေါင်းဆောင်ကြီးတစ်ဦးသဖွယ် ပြုမူခြင်းအား လက်လျှော့လိုက်ရတော့သည်။
" သက်ပြင်းလေးချပြီး စကားနည်းနည်းပါးပါးပဲ ပြောတာကို။ အာ ဘာပဲဖြစ်ဖြစ်ကွာ၊ ငါ သက်ပြင်းချခွင့်တောင် မရှိမှတော့ တံခါးပိတ် ကျင့်ကြံတော့မယ်ကွာ "
ထို့ပြင် မကြာမီ သူက ရှင်းကုံကျစ်တာအိုဂိုဏ်းထံ ရောက်တော့မည်ဖြစ်၍ ထိုနေရာရှိ မည်သူကမှ သူ သက်ပြင်းချနေသည်အား ဂရုစိုက်ကြမည် မဟုတ်ပေ။
သူသည် ရွှေရောင်အနာဂတ်အတွက် မျှော်တွေးကာ စိတ်လှုပ်ရှားနေလျက် တရားထိုင်လိုက်သည်။
တစ်ခုရှိသည်မှာ သူ စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီး အဆင့်တက်သည်အထိ စောင့်ရန်လိုသေးသည်။ မကြာသေးမီက သူ အဆင့်တက်ခဲပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေခံကိုလည်း ယခုထက်ထိ တည်ငြိမ်အောင်မလုပ်ရသေးပေ။ ထို့နောက် ထာဝရသိုင်း၊ ထာဝရအရိုးကို ကျွမ်းကျင်တတ်မြောက်ကာ အဆင့်တက်ပြီးနောက် ယခုတွင် လူသားခန္ဓာကိုယ်၏ လေးခုမြောက်အတားအဆီးကို ကျော်ဖြတ်ရမည့် အခြေအနေသို့ သူ ရောက်နေသည်။
ထိုသို့ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ အပြင်အားများ တိုးတက်လာမည်ကို သူ သိသည်။ အရေးအကြီးဆုံးက သူသည် ထာဝရသိုင်း၏ နောက်ဆုံးအပိုင်းဖြစ်သော…
ထာဝရသွေးကို ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။
" ထာဝရသွေးက ထာဝရသိုင်းရဲ့ အနှစ်သာရအစစ်အမှန်ပဲ။ ငါ အောင်မြင်သွားရင်..... တကယ်မသေနိုင်တာတော့ မဟုတ်ပေမဲ့ သေချာပေါက် အချိန်မရွေး သေတော့မှာ မဟုတ်ဘူး "
သူ၏ခေါင်းထဲတွင် ထိုအတွေးများက ကြီးစိုးထားပြီး အလုပ်စလုပ်တော့သည်။
သူက တင်ပျဥ်ခွေထိုင်ပြီးနောက် သူ၏ အတွင်းစိတ်အာရုံများကို ကောင်းကင်နှင့်မြေကြီး၏ အံသြတုန်လှုပ်ဖွယ်စိတ်စွမ်းအားများဆီ ထုတ်လွှတ်လိုက်သည့်အတွက် သူ့ခန္ဓာကိုယ်တွင်းသို့ အဆက်မပြတ် စီးဆင်းလာတော့သည်။ ၄င်းက သူသည် သူ့ပတ်လည်ရှိ ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။
သူ လုပ်ဆောင်လိုက်သည့် လှုပ်ရှားမှုတိုင်းက ကောင်းကင်ခွန်အားများဖြင့် ပြည့်နှက်နေပြီး သူ၏ အသက်ရှူသံတိုင်းက မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းမြည်ဟည်းသွားနိုင်သည်။
" နတ်အဆင့်ကျင့်ကြံသူဖြစ်တာ ဒီလိုမျိုးပါလား။ ယင်ယန် ဝိညာဥ်အဆင့်နဲ့ တော်တော်လေး ခြားနားတာပဲ။ လုံးဝပြောင်းလဲသွားတာ "
သူ၏ ကျင့်ကြံခြင်းအကြောင်း တွေးလိုက်သည်နှင့်အမျှ သူ ပို၍ စိတ်လှုပ်ရှားလာတော့သည်။ ထိုမျှသာမက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီးနောက် သူက ပို၍အသက်ရှည်လာတော့သည်။
" ငါ အခု နှစ် ၅၀၀၀ အထိ နေနိုင်ပြီလား သိချင်လိုက်တာ "
ထိုအတွေးက သူ့ကို စိတ်လှုပ်ရှားသွားစေပြီး သူက တွက်ချက်မှုအနည်းငယ်လုပ်လိုက်သော်လည်း မကြာမီ နှစ် ၅၀၀၀ ကို မရောက်သေးကြောင်း သဘောပေါက်လိုက်သဖြင့် စိတ်ပျက်သွားတော့သည်။
" အီး ငါ့ရဲ့ ထာဝရအသက်ရှည်ဖို့ ပန်းတိုင်နဲ့ ဝေးလွန်းသေးတာပဲ "
သူ၏ကျင့်ကြံခြင်းအခြေခံကို အတန်ငယ်ထပ်မံ လေ့လာဆန်းစစ်ပြီးနောက် သူ တွေဝေမိန်းမောသွားပြီး သူ၏အပြင်ခန္ဓာကိုယ်ကို စတင်ကျင့်ကြံတော့သည်။
သူ့ကိုယ်တွင်းရှိ အရိုးမှလာသော အက်ကွဲသံများအား သူ ကြားလိုက်ရသည်။ သူ၏ချီနှင့် သွေးစွမ်းအားများ ပေါ်ထွက်လာရာ သူ့ပတ်ပတ်လည်တွင် လေပွေကြီးတစ်ခု ဖြစ်တည်လာသည့်အတွက် တံခါးပိတ်ကျင့်ကြံရာအဆောင်ရှိ လေထုကြီး လိမ်ဖယ်ရှုံ့တွသွားတော့သည်။
ထွက်ပေါ်လာသော အခိုးအငွေ့များအရ ပိုင်ရှောင်ချန်းက လေးခုမြောက်အတားအဆီးအား အာရုံရလိုက်ကြောင်း သေချာသွားသည်။
၄င်းက ယခင်အတားအဆီးသုံးခုကဲ့သို့ သူ့ကို ခံစားရစေသည်။ သူ သဲသဲကွဲကွဲ အာရုံမခံနိုင်ပါသော်လည်း ဧရာမတောင်လုံးကြီးတစ်လုံးက သူ့အပေါ် သို့ သိပ်သည်းစွာ ဖိနှိပ်နေကြောင်း သူ သေချာပြောနိုင်သည်။
ရုတ်တရက် သူက ထိုတောင်အားဖျက်စီးရန် လှုံ့ဆော်နေသည်ဟု ခံစားလိုက်ရသည်။
သူ၏ မျက်လုံးများ ပြူးကျယ်လာပြီး အော်ဟစ်လိုက်သည်။
" လေးခုမြောက်အတားအဆီးကို ဖျက်စီးဖို့ အချိန်ကျပြီ "