← Chapters

ဟင်းလင်းပြင်ကို ဖြတ်ကျော်ခြင်းနှင့် ရွှေလင်းယုန်၏ ပြန်လာခြင်း

Vol. 5 Ch. 47

ဟင်းလင်းပြင်ကို ဖြတ်ကျော်ခြင်းနှင့် ရွှေလင်းယုန်၏ ပြန်လာခြင်း

Vol. 5 Ch. 47

လော့ချန်သည် စွန်းရှို့ထံမှ ကြားခဲ့ရသော ပွဲစီစဉ်ထားမှု အကြောင်းကို ဝမ်ယွမ်အား သွားရောက်သတိပေးလိုသော်လည်း နောက်ရက်များတွင် ဝမ်ယွမ်မှာ အရိပ်အယောင်ပင်မပြဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့သည်။

မြို့ထဲမှ စွန့်စားထွက်ခွာရန် မဝံ့ရဲသဖြင့် လော့ချန်သည် အဘိုးချန်အား အကူအညီတောင်းကာ ဝမ်ယွမ်ကို ရှာဖွေခိုင်းခဲ့သည်။ သို့သော် အဘိုးချန်သည်လည်း ဝမ်ယွမ်၏အိမ်တွင် လူမရှိသည်မှာ ကြာပြီဖြစ်ကြောင်း၊ တံခါးမှာလည်း အသေပိတ်ထားကြောင်း သတင်းစကားပါးလာခဲ့သည်။

ဘာမှမတတ်နိုင်သည့်အဆုံး လော့ချန်သည် ထိုလျှို့ဝှက်ချက်ကို ရင်ထဲမှာပင် သိမ်းထားလိုက်ရတော့သည်။

"လောင်းကြေးထပ်ဖို့လား...."

သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ချက်ချင်းပေါ်လာသည်။ မိမိ၏ ညီအစ်ကိုအရင်းအချာသဖွယ် ဖြစ်သောသူ၏ အသက်ဘေးကို အရင်းပြုကာ၊ တစ်ဖက်က ကြိုတင်ဇာတ်ညွှန်းရေးထားသော ပွဲ၌ အမြတ်ထုတ်ရလောက်အောင် သူ အောက်တန်းကျသူမဟုတ်ပေ။

“ထားလိုက်ပါတော့.... ထားလိုက်ပါတော့….”

“ငါ ဘာမှမတတ်နိုင်တဲ့ကိစ္စအတွက် ပူပန်နေမယ့်အစား ငါ့ကိုယ်ငါ တိုးတက်အောင် လုပ်တာကမှ ပိုကောင်းဦးမယ်”

တိတ်ဆိတ်သော ညချမ်းတွင် လော့ချန်သည် ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်လုံးကို မျိုချကာ ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်လည်စတင်လိုက်သည်။

ချီသန့်စင် အဆင့် (၅) သည် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကာ ထိုအဆင့်သို့ ရောက်မှသာ သူသည် ချီသန့်စင် အလယ်အလတ်အဆင့်ဟု အမှန်တကယ် သတ်မှတ်ခံရမည်ဖြစ်သည်။ အဆင့် (၄) တွင်မူ သူသည် အားနည်းလွန်းနေသေးပြီး မှော်လက်နက်များကို အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်သေးပေ။

နောက်ရက်များတွင် လော့ချန်သည် ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကိုသာ ပုံမှန်ဇယားအတိုင်း လုပ်ဆောင်ခဲ့သည်။

အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်မှုမှာ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ အောင်မြင်မှုနှုန်း ၃၀ ရာခိုင်နှုန်းရှိလာပြီး ဆေးလုံး၏အရည်အသွေးမှာလည်း အလယ်အလတ်အဆင့်သို့ မြင့်တက်သွားခဲ့သည်။

ပထမဆုံးတစ်သုတ်ကို ဖော်စပ်ပြီးနောက် လော့ချန် စဉ်းစားခန်းဝင်သွားမိသည်။

“စျေးနှုန်း မြှင့်သင့်သလား”

အရင်က အဆင့်နိမ့်ဆေးလုံးကို ငါးတုံးနှင့် ရောင်းခဲ့သော်လည်း ယခု အလယ်အလတ်အဆင့် ဖြစ်သွားပြီဖြစ်ရာ ဈေးတက်ခြင်းမှာ သဘာဝကျသည်။ သို့သော် အစ်ကိုကြီးခန်း၏ စကားများကို ပြန်လည်စဉ်းစားမိသောအခါ ဈေးချက်ချင်းတက်ခြင်းမှာ ပညာရှိရာမကျကြောင်း သူ သဘောပေါက်သွားသည်။

အမှန်စင်စစ် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ ဈေးနှုန်းမှာ အစကတည်းက မြင့်တက်နေခြင်းဖြစ်သည်။ ၎င်းမှာ ရှားပါးသောအာနိသင်ကြောင့်သာ ဈေးကောင်းရနေခြင်း ဖြစ်သည်။

ထို့အပြင် ချီသန့်စင်အဆင့် ကျင့်ကြံသူများ၏ သုံးစွဲနိုင်စွမ်းမှာ ကန့်သတ်ချက် ရှိနေသဖြင့် ဈေးနှုန်းမြင့်လွန်းသွားပါက ဖောက်သည်များ လက်တွန့်သွားနိုင်ပေသည်။

“အလယ်အလတ်အဆင့် ဖြစ်သွားတာက သိပ်ပြီး ထူးခြားမှုမရှိသေးဘူး၊ ဈေးတက်လိုက်ရင် ငါ့ရဲ့ ဖောက်သည်ဟောင်းတွေကို ဆုံးရှုံးသွားလိမ့်မယ်၊ ဆေးလုံးက အဆင့်မြင့် ဖြစ်သွားပြီး သိသာတဲ့ ပြောင်းလဲမှုရှိလာမှပဲ ဈေးတက်တော့မယ်….”

သေချာစွာ စဉ်းစားပြီးနောက် လော့ချန်သည် သူ၏ အဓိကထုတ်ကုန်အတွက် စျေးနှုန်း မဟာဗျူဟာကို ယာယီသတ်မှတ်လိုက်သည်။ အစီအစဉ်များ ရှိသွားပြီဖြစ်ရာ သူ၏ စိတ်မှာလည်း ယခင်ကဲ့သို့ မလောတော့ပေ။

….

အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ထိုအတောအတွင်း ခြံဝန်းအတွင်းရှိ ကျင့်ကြံသူများ၏ ဆက်ဆံရေးမှာ သိသိသာသာ နည်းပါးသွားသည်။ တာဟဲစျေးမြို့တော်ကြီးမှာ ပိုမိုစည်ကားလာသဖြင့် လူတိုင်းမှာ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြခြင်းဖြစ်သည်။

အဆုံးအဖြတ်စင်မြင့်ကြီး၏ ဖွင့်ပွဲကို လူတိုင်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ လူသတ်မှု၊ လုယက်မှု သတင်းများမှာ နေ့စဉ်ကြားနေရသော်လည်း ဤကဲ့သို့ တရားဝင် တိုက်ခိုက်မည့်ပွဲမှာ အားလုံးအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နေသည်။

နယ်ဝေးမှ ကျင့်ကြံသူများစွာသည် တာဟဲစျေးမြို့တော်သို့ စုပြုံရောက်ရှိလာကြသည်။

ဝေးလံသောခရီးကို နှင်လာနိုင်သူများမှာ သေချာပေါက် အစွမ်းထက်သူ သို့မဟုတ် ချမ်းသာသူများသာ ဖြစ်ကြပေလိမ့်မည်။ ထိုသူများကြောင့် ဒေသခံကျင့်ကြံသူများ၏ အရောင်းအဝယ်မှာလည်း အလွန်ပင် ကောင်းမွန်လာသည်။

ယခင်က တစ်ပတ်လျှင် သုံးရက်သာ စျေးငယ်များရှိပြီး လဆန်းတွင်သာ စျေးကြီးရှိသော်လည်း ယခုမူ နေ့တိုင်းသည် စျေးကြီးရက်များကဲ့သို့ စည်ကားသိုက်မြိုက်နေတော့သည်။

မြို့အပြင်ဘက် ကောင်းကင်ယံတွင်လည်း ကျင့်ကြံသူများ၏ ပျံသန်းသည့် အလင်းတန်းပေါင်းစုံမှာ ကြယ်တာရာများအလား တောက်ပနေသည်။

နယ်ဝေးမှလာသူများသည် ကျိုးနွံစွာနေထိုင်ခြင်းကို နားမလည်ကြသလို ဤကဲ့သို့ ဝေးလံခေါင်ဖျားသော နေရာတွင် သူတို့ထက်သာသူ မရှိဟု ယူဆထားပုံရသည်။

ဤကာလအတွင်း လော့ချန်သည် ပိုမိုသတိထားကာ အပြင်သို့ ထွက်ခဲလှသည်။ ကူချိုင်ယီသည်လည်း ထျန်းရှန့်မျှော်စင်တွင် ပွဲဖွင့်ပွဲအတွက် အစွမ်းကုန် လေ့ကျင့်နေရသဖြင့် အိမ်သို့ တစ်ခေါက်သာ ပြန်လာနိုင်ခဲ့သည်။

ထျန်းရှန်းမျှော်စင်သည် အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲအတွက် အနုပညာတင်ဆက်မှုတွင် ပါဝင်မည်ဟု သိရသည်။ ကူချိုင်ယီ နေထိုင်ရာ ငှက်မွှေးဝတ်ရုံဆောင်မှာ ထိုတင်ဆက်မှု၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။

ဤသည်မှာ သူမအတွက် ကျော်ကြားမှုရရန် အခွင့်အရေးကောင်းဖြစ်ကာ ကောင်းမွန်စွာ တင်ဆက်နိုင်ပါက ထျန်းရှန်းမျှော်စင်တွင် သူမ၏ အဆင့်အတန်း မြင့်မားလာမည်မှာ အသေအချာပင်။

သူမ၏ နာမည်ကျော်ကြားသွားပါက မျှော်စင်သို့ လာရောက်သော ကျင့်ကြံသူများမှာလည်း သူမအပေါ် ပိုမို လက်ဖွာကြလိမ့်မည်။

အိုက်လောင်တောင်မှ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ဖေးပေါ်ဝမ်မှာလည်း စင်မြင့်တည်ဆောက်မှုတွင် တာဝန်အပြည့်ယူထားရသဖြင့် ကူချိုင်ယီထံသို့ လက်ဆောင်များ လာမပေးနိုင်တော့ပေ။

"သူက တာဟဲစျေးမြို့တော်ကို အလုပ်ကိစ္စနဲ့ လာတာလေ၊ အိုက်လောင်တောင်က အဆုံးအဖြတ်စင်မြင့် တည်ဆောက်ရေးမှာ အဓိက တာဝန်ယူထားရတာ၊ အခု ဖွင့်ပွဲနီးလာပြီဆိုတော့ ဘာမှအမှားအယွင်း မရှိအောင် သူ တာဝန်တွေ အများကြီး ယူထားရတယ်၊ တစ်ခုခု မှားသွားရင် ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ ဖြစ်သလို အိုက်လောင်တောင်လည်း မျက်နှာပျက်ရလိမ့်မယ်"

ဤသည်မှာ ကူချိုင်ယီ၏ စကားများဖြစ်သည်။

ထိုစကားကို ကြားသောအခါ လော့ချန် သက်ပြင်းသာ ချမိတော့သည်။

“ကျင့်ကြံခြင်း လောကမှာ ကန်ထရိုက်တာ လုပ်ရတာလည်း မလွယ်ကူပါလား”

….

ကျွီ….

ခြံဝင်းတံခါး ပွင့်သွားသော အသံကြောင့် လေခွင်းအတတ်ကို လေ့ကျင့်နေသော လော့ချန်မှာ လှုပ်ရှားမှုအလယ်တွင် တောင့်ခဲသွားသည်။

“ဒီလို နေမွန်းတည့်ချိန်ကြီးမှာ ဘယ်သူပါလိမ့်”

ခဏအကြာတွင် တံခါးဝ၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့သည် ခေါင်မိုးပေါ်တွင် ရပ်နေသော လော့ချန်ကို ကြည့်ကာ မှင်သက်နေကြသည်။

"သူခိုးပဲ….ငါ့အိမ်ထဲအထိ ခိုးရဲတယ်ဆိုတော့ သေချင်နေတာပဲ"

ဒေါသတကြီး အော်ဟစ်လိုက်သံနှင့်အတူ ရွှေရောင် တုတ်နဂါးတစ်ခုမှာ လေထုကို ဖြတ်သန်းကာ လော့ချန်ထံသို့ အဟုန်ဖြင့် ပြေးဝင်လာသည်။

လော့ချန် ဆွံ့အသွားသည်။ မြို့တွင်းပိုင်းတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည် မဟုတ်ပါလော။

လန့်သွားသော်လည်း သူ၏ တုံ့ပြန်မှုမှာ လျင်မြန်လှသည်။

ပြီးပြီးပြည့်စုံ အဆင့်ရှိ လေလွင့်ခြေလှမ်းကို လေခွင်းအတတ်နှင့် ပေါင်းစပ်လိုက်ရာ သူသည် ရွှေလင်းယုန်ကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားသည်။

ရွှေရောင်တုတ်နဂါးက သူ့အား ထိခိုက်တော့မည့် ဆဲဆဲတွင် သူသည် ကောင်းကင်ယံ၌ပင် ပျံလွှားငှက်တစ်ကောင်ကဲ့သို့ လှပစွာ လှည့်ထွက်၍ နောက်သို့ ဆုတ်လိုက်သည်။

လေထဲတွင် ထိုမျှ လှပတည်ငြိမ်စွာ ဝဲပျံနိုင်စွမ်းက ခြံထဲရှိ ခန္ဓာကိုယ်ထွားကြိုင်းသော လူလတ်ပိုင်းအမျိုးသားကို အံ့အားသင့်သွားစေသည်။

"ဟေ့.... သူခိုးလေး၊ မင်းမှာ အရည်အချင်းရှိသားပဲ"

သူ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ဘေးနားရှိ အမျိုးသမီးက အပြာရောင်ကြိမ်လုံးဖြင့် ရွှေရောင်လက်နက်ကို ရစ်ပတ်ကာ တားလိုက်သည်။

"မိန်းမ.... မင်း ဘာလုပ်တာလဲ"

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးက သူ့အား မျက်စောင်းထိုးလိုက်သည်။

"လျန်ချန်း.... သူက ဒီခြံထဲမှာ နေတဲ့သူဆိုတာ ရှင် မမြင်ဘူးလား"

ထိုအခါမှ ချင်လျန်ချန်းတစ်ယောက် ခြံဝန်းအတွင်းကို သေချာကြည့်မိတော့သည်။ အမြဲတမ်း ခြောက်ကပ်နေသော ခြံဝန်းမှာ ယခုအခါ အသက်ဝင်နေပြီး အပြင်ဘက်အဆောင်မှာလည်း လူနေသည့်လက္ခဏာများ ရှိနေသည်။ စွန်းရှို့ပြောခဲ့သော အိမ်နီးချင်းအသစ် ဆိုသည်မှာ ဤလူငယ်ပင် ဖြစ်ရမည်။

"ဆင်းခဲ့"

ချင်လျန်ချန်းက အော်ပြောလိုက်သည်။

လော့ချန်ကမူ သတိထားလျက် လေထဲတွင် ရှိနေဆဲဖြစ်သည်။ ထိုရွှေရောင်တုတ်နဂါး၏ အရှိန်အဝါမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိမှန်သွားပါက သူသည် သေကံမရောက်လျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားပေလိမည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ၊ နေ့ခင်းကြောင်တောင် သူများအိမ်ထဲကို ဝင်လာပြီး ဒီလောက် ကြမ်းကြမ်းတမ်းတမ်း လုပ်ရသလား၊ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ အာဏာကို ခင်ဗျားတို့က အမှုမထားတာလား၊ ဂိုဏ်းက လူမရှိဘူး ထင်နေလို့လား"

"ဟေ့.... ဒီကောင်လေးကတော့…."

ချင်လျန်ချန်းက ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်သည်။

သို့သော် အမျိုးသမီးက ကြားဝင်တားဆီးလိုက်ပြန်သည်။

"တော်ပါတော့ ရှင်ကလည်း"

"မိတ်ဆွေ လော့ချန် မဟုတ်လား၊ ကျွန်မတို့က အနောက်ဘက်အဆောင်မှာ နေတဲ့ ချင်မိသားစု ဇနီးမောင်နှံပါ၊ အောက်ကို ဆင်းလာခဲ့ပါဦးရှင်"

"ဟူး...."

လော့ချန် သက်ပြင်းအရှည်ကြီး ချလိုက်ကာ မြေပြင်ပေါ်သို့ လှပစွာ ဆင်းသက်လိုက်သည်။

ထိုအမျိုးသမီးက လျန်ချန်းဟု ခေါ်လိုက်ကတည်းက သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း လော့ချန် ခန့်မှန်းမိပြီးသားဖြစ်သည်။

ခြံထဲရှိ ကျောက်စားပွဲတွင် သူတို့သုံးဦး ထိုင်လိုက်ကြပြီး မိတ်ဆက်ကြသည်။ လေထုမှာ တင်းမာမှုမရှိဘဲ ရင်းနှီးဖော်ရွေမှုဘက်သို့ ကူးပြောင်းသွားသည်။

ဇနီးဖြစ်သူ မုရုံချင်းလျန်က ရှင်းပြသည်။

သူတို့၏ သားဖြစ်သူ ချင်ရှောင်ဟူမှာ မကြာသေးမီကပင် ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့ပြီး တိမ်ပြိုဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ဂိုဏ်းတွင် လအနည်းငယ်ကြာ နေထိုင်ပြီး အခြေအနေအားလုံး တည်ငြိမ်သွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ ဇနီးမောင်နှံနှစ်ဦး တာဟဲစျေးမြို့တော်သို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

သားဖြစ်သူက ဂိုဏ်းကြီးတစ်ခုတွင် နေရာရသွားသော်လည်း သူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စွန့်လွှတ်ပြီး သားအနားတွင် အလကားထိုင်စားနေရန် သူတို့ မလိုလားကြပေ။

"တကယ်ကို ဂုဏ်ယူစရာပါပဲ၊ နောက်ထပ် ဆယ်နှစ်လောက်နေရင် ချင်မိသားစုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာတော့မှာပေါ့"

လော့ချန်က ယဉ်ကျေးစွာ ပြောလိုက်သည်။

ဤစကားက ချင်ဇနီးမောင်နှံအား အလွန်ပင် ပျော်ရွှင်သွားစေသည်။ မိဘတိုင်းသည် မိမိရင်သွေးကို ကျင့်ကြံခြင်းလမ်းစဉ်တွင် အောင်မြင်စေချင်ကြသည် မဟုတ်ပါလော။

ချင်လျန်ချန်းက တဟားဟား ရယ်မောရင်း လော့ချန်၏ ပခုံးကို အားပါပါ ပုတ်လိုက်သည်။

"ငါ့တူ…. မင်းကလည်း မဆိုးဘူးပဲ ချီသန့်စင် အဆင့် (၄) ပဲ ရှိသေးတာကို ငါ့ရဲ့ တိုက်ခိုက်မှုကို နှစ်ကြိမ်တောင် ရှောင်နိုင်တယ်ပေါ့"

သူ၏ လေသံမှာ မြှောက်ပင့်နေခြင်းမဟုတ်ဘဲ အစစ်အမှန် ချီးကျူးနေခြင်း ဖြစ်သည်။

စောစောက လော့ချန်၏ တုံ့ပြန်မှုက သူ့အား အမှန်တကယ်ပင် အံ့အားသင့်စေခဲ့သည်။

လော့ချန်က ခါးသက်သက် ပြုံးလိုက်သည်။

"ဦးလေးချင်ကတော့ လွယ်တယ်ထင်မှာပေါ့၊ ကျွန်တော်ကတော့ အသည်းငယ်လို့ သေမလို ဖြစ်သွားတာပါ"

မုရုံချင်းလျန်က လော့ချန်ကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။

"ဒါကတော့ ကျွန်မ အမျိုးသားရဲ့ အမှားပါ၊ သူက လူကြမ်းကြီးမို့လို့ပါ၊ ခုနကလည်း သူက အရှိန်လျှော့ထားတာပါ.... စိတ်ထဲမထားပါနဲ့ဦး"

ပြောပြောဆိုဆိုဖြင့် သူမသည် သိုလှောင်အိတ်ထဲမှ သားရဲပုံစံ သစ်သားအရုပ်လေးတစ်ခုကို ထုတ်ပေးလိုက်သည်။

"ဒါလေးက တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပေးတာပါ၊ လက်ခံပေးပါဦး"

လော့ချန်က လက်ကာပြလိုက်သည်။

"မလိုပါဘူးဗျာ…. ခုနကကိစ္စက မသိလို့ ဖြစ်သွားတာပဲလေ၊ တောင်းပန်စရာ မလိုပါဘူး"

သို့သော်လည်း စကားသာ ပြောနေသည်၊ လက်ထဲတွင်မူ ထိုအရုပ်လေးမှာ ရောက်ရှိနေပြီ ဖြစ်သည်။

သင်းခွေချပ်ပုံစံ ထွင်းထုထားသော သစ်သားရုပ်လေးကို လှည့်ပတ်ကြည့်ရင်း သူ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါက မှော်ဝင်လက်နက်လားဗျ"

All Chapters