← Chapters

ရုပ်သေးသားရဲနှင့် စိတ်ဝိညာဉ်အသိ

Vol. 5 Ch. 48

ရုပ်သေးသားရဲနှင့် စိတ်ဝိညာဉ်အသိ

Vol. 5 Ch. 48

"မိတ်ဆွေငယ်က အမြင်စူးရှတာပဲ၊ ဒါက ပထမအဆင့် အနိမ့်စား မှော်ဝင်လက်နက် အစစ်အမှန်ပါပဲ"

တွေ့ဆုံစလက်ဆောင်အဖြစ် မှော်ဝင်လက်နက်တစ်ခုကို ပေးသတဲ့လား….။

အမှန်ပင် ရက်ရောလွန်းလှသည်။ ဤချင်ဇနီးမောင်နှံကို လော့ချန် ချက်ချင်းပင် သဘောကျသွားတော့သည်။

မုရုံချင်းလျန်နှင့် ချင်လျန်ချန်းတို့မှာ လော့ချန်တစ်ယောက် သစ်သားရုပ်သေးလေးကို စိတ်ဝင်တစား ကိုင်တွယ်နေသည်ကို ကြည့်နေကြသည်။ သူသည် ချီစွမ်းအင်ကို ထည့်သွင်းကြည့်သော်လည်း ရုပ်သေးမှာ လှုပ်ရှားခြင်းမရှိပေ။

မုရုံချင်းလျန်က ပါးစပ်လေးကို အုပ်၍ ရယ်မောလိုက်သည်။

"ဒါက ရုပ်သေးအမျိုးအစား မှော်လက်နက်လေ၊ သာမန် ဆွဲငင်အတတ် နဲ့ မရဘူး၊ သူ့ကို ထိန်းချုပ်ဖို့ သီးသန့် မှော်အတတ်တစ်ခု လိုအပ်တယ်"

"ရုပ်သေး မှော်လက်နက် ဟုတ်လားဗျ"

လော့ချန် စိတ်ဝင်တစား မေးလိုက်သည်။

"ဟုတ်တယ် မိတ်ဆွေငယ်၊ သေချာနားထောင်ပါ၊ စိတ်ဖြင့် ဦးဆောင်၊ ဝိညာဉ်ကို ကိန်းဝပ်စေ၊ ဟန်ချက်ညီညီ စီးဆင်းစေ...."

မုရုံချင်းလျန်၏ လမ်းညွှန်မှုအောက်တွင် လော့ချန်သည် ရုပ်သေးထိန်းချုပ်ခြင်း၏ အခြေခံသဘောတရားကို အမြန်ပင် နားလည်သွားသည်။

ပထမဆုံးအနေဖြင့် ရုပ်သေးသားရဲထဲသို့ ချီစွမ်းအင်ကို ထည့်သွင်းလိုက်ပြီးနောက် သူ၏ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော စိတ်ဝိညာဉ်အသိ ကို နှိုးဆွလိုက်သည်။

သို့သော် ချီသန့်စင်အဆင့်တွင် စိတ်ဝိညာဉ်အသိမှာ ခန္ဓာကိုယ်မှ တိုက်ရိုက်ထွက်ခွာနိုင်စွမ်း မရှိသေးဘဲ ချီစွမ်းအင်ကို ကြားခံနယ်အဖြစ် အသုံးပြု၍သာ ဆက်သွယ်နိုင်သည်။

ရုတ်တရက်….။

ကလစ်….

သေးငယ်သော သင်းခွေချပ်ပုံစံ ရုပ်သေးရုပ်လေးမှာ ရုတ်တရက် ခြေလှမ်းတစ်လှမ်း စတင် လှုပ်ရှားလိုက်သည်။ လော့ချန် ဝမ်းသာသွားပြီး စိတ်ထဲမှ အမိန့်ပေးလိုက်ရာ သင်းခွေချပ်လေးမှာ တစ်လှမ်းချင်းစီ စတင်တွားသွားတော့သည်။

အစတွင် နှေးကွေးသော်လည်း နောက်ပိုင်းတွင် တည်ငြိမ်လာပြီး နောက်ဆုံးတွင် ခြံဝန်းထဲ၌ လျင်မြန်စွာ လှည့်ပတ်ပြေးလွှားလာတော့သည်။

"ပျော်စရာကြီးပဲဗျာ၊ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်"

လော့ချန် အော်ဟစ်လိုက်မိသည်။

"အရင်က လူတွေက ရုပ်သေးပညာကို ကျင့်ကြံခြင်း လောကရဲ့ အနုပညာလေးရပ်ထဲ ထည့်ပြောကြတာကို ကျွန်တော်က သိပ်အထင်မကြီးခဲ့ဘူး၊ အခုကြည့်ရတာတော့ တကယ့်ကို နာမည်နဲ့လိုက်အောင် ထူးခြားတာပဲ၊ ဒါက အသက်မဲ့တဲ့အရာကို အသက်သွင်းလိုက်သလိုပဲဗျ"

လော့ချန် မရပ်မနား ချီးကျူးနေမိသည်။ စိတ်ထဲမှ ထပ်မံစေခိုင်းလိုက်ရာ သင်းခွေချပ်ရုပ်ကလေးမှာ သူ့ ပုခုံးပေါ်သို့ တွားသွားတက်လာခဲ့သည်။

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ချင်လျန်ချန်းနှင့် ဇနီးဖြစ်သူတို့က သူ့အား ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်စွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

"မဆိုးဘူးကွ ငါ့တူ၊ မင်းရဲ့ စိတ်ဝိညာဉ်အသိ အခြေခံက မထင်မှတ်ရလောက်အောင်ကို တောင့်တင်းတာပဲ"

ချင်လျန်ချန်းတစ်ယောက် သူ့အိမ်နီးချင်းလေးကို ထပ်မံ၍ အံ့ဩမိပြန်သည်။

ပထမဆုံးမှာ သူ၏ ပျံသန်းသည့် စွမ်းရည်၊ ယခုမူ အဆင့်တူ ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည့် စိတ်ဝိညာဉ်အသိ ဖြစ်သည်။

လော့ချန်မှာမူ ဇဝေဇဝါ ဖြစ်သွားသည်။

"စိတ်ဝိညာဉ်အသိ အခြေခံ ဆိုတာက...."

မုရုံချင်းလျန်က ခေါင်းညိတ်ပြလိုက်သည်။

"သက်ရှိတိုင်းမှာ ဝိညာဉ်ရှိတယ်၊ လူသားတွေ ကျင့်ကြံတဲ့ လမ်းပေါ် လျှောက်လှမ်းတဲ့အခါ စိတ်ဝိညာဉ်အသိတွေ ဖြစ်ပေါ်လာတယ်၊ ချီသန့်စင်အဆင့်မှာ စိတ်ဝိညာဉ်အသိက စိတ်အာရုံထဲမှာ ရှိနေပြီး အပြင်မထွက်နိုင်ဘူး၊ အခြေခံတည်ဆောက်ခြင်း အဆင့်ရောက်ရင်တော့ ခန္ဓာကိုယ်ကနေ ခွဲထွက်ပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံနိုင်လာတယ်၊ ရွှေအမြုတေ အဆင့်ရောက်ရင်တော့ အဲဒါက နတ်ဘုရား အသိဉာဏ် အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နဲ့ မြေကြီးကို လွှမ်းခြုံနိုင်လာမှာပဲ"

စိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်အသိ၊ နတ်ဘုရားအသိ.…။

လော့ချန်သည် ထိုအသုံးအနှုန်းများကို စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် မှတ်သားနေမိသည်။

ယခင်က ဗဟုသုတအချို့ ကြားဖူးသော်လည်း ယခုမှသာ ထိုသုံးမျိုး၏ ဆက်စပ်ပုံကို သေချာနားလည်သွားတော့သည်။

"ဒါဆို ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်အသိက တခြားသူတွေထက် အားကောင်းတယ်ဆိုတာ ခင်ဗျားတို့ ဘယ်လိုသိတာလဲ"

လော့ချန်သည် သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်ပြန်သည်။

သူတို့ပြောစကားအရ ချီသန့်စင်အဆင့်တွင် စိတ်ဝိညာဉ်အသိမှာ ခန္ဓာကိုယ်ပြင်ပသို့ မထွက်နိုင်လျှင် ထိုအရာ၏ အားကောင်းမှုကို မည်သို့ တိုင်းတာနိုင်မည်နည်း။

ဤတစ်ကြိမ်တွင် ချင်လျန်ချန်းက ရှင်းပြသည်။

"တိုက်ရိုက်တိုင်းတာလို့ မရပေမဲ့ အပြုအမူတွေကနေ ခန့်မှန်းလို့ရတယ်၊ အလွယ်ဆုံးနည်းက ရုပ်သေးထိန်းချုပ်တာပဲ၊ ဒီနည်းလမ်းကို ငါတို့ မကြာသေးမီကမှ သိခဲ့တာ"

ချင်လျန်ချန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

"ငါ့သားဝင်သွားတဲ့ တိမ်ပြိုဂိုဏ်းက ကျောက်စိမ်းအိုးနယ်မြေမှာ ရုပ်သေးပညာနဲ့ နာမည်ကြီးတာလေ၊ သူတို့ဆီမှာ စိတ်ဝိညာဉ်အသိကို တိုင်းတာတဲ့၊ လေ့ကျင့်ပေးတဲ့ နည်းလမ်းတွေရှိတယ်၊ သားကို သွားပို့တုန်းက ငါနဲ့ ငါ့မိန်းမလည်း စမ်းကြည့်ခဲ့ကြသေးတယ်"

"ဥပမာ ပြောရရင်…. ရုပ်သေးသားရဲတစ်ကောင်ကို ဘယ်လောက်မြန်မြန် ထိန်းချုပ်နိုင်သလဲ၊ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်သလဲ၊ ပြီးတော့ ရုပ်သေးရဲ့ အပြေးနှုန်းက ဘယ်လောက်လဲ ဆိုတာတွေက စိတ်ဝိညာဉ်အသိရဲ့ အခြေခံကို ဖော်ပြနေတာပဲ"

မုရုံချင်းလျန်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ ဖြည့်စွက်ပြောသည်။

"ဟုတ်တယ်ရှင့်၊ တိမ်ပြိုဂိုဏ်းထဲမှာဆိုရင် နှစ်စဉ် ရုပ်သေးသားရဲ အပြေးပြိုင်ပွဲ တွေတောင် ရှိပြီး ဆုကြေးတွေကလည်း အများကြီးပဲလို့ ကြားရတယ်"

ရုပ်သေးသားရဲ အပြေးပြိုင်ပွဲ.…။

လော့ချန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

စောစောက သူစမ်းသပ်ခဲ့သော သင်းခွေချပ်၏ အပြေးနှုန်းမှာ ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး လေခွင်းပညာကို အပြည့်အဝအသုံးချ၍ ပြေးသည်နှင့်ပင် ရင်ဘောင်တန်းနိုင်ပေသည်။

ယခုမှ စတင်လေ့ကျင့်နေသော သူပင်လျှင် ဤမျှမြန်လျှင်၊ ကျွမ်းကျင်သူသာ ဖန်တီးလိုက်လျှင် မည်မျှမြန်မည်နည်း။

သို့သော်လည်း စိတ်လှုပ်ရှားမှုများအပြီးတွင် ဝမ်းနည်းမှုအနည်းငယ် ခံစားလိုက်ရသည်။ ဂိုဏ်းကြီးတစ်ခုအတွင်းရှိ ဘဝမှာ အမှန်ပင် အရောင်အသွေးစုံလင်လှသည်။ သို့သော် သူ၏ လမ်းစဉ်မှာ ဂိုဏ်းနှင့် အလှမ်းဝေးနေသေးသည်။

ချင်လျန်ချန်း၏ အသံက သူ့အား အတွေးထဲမှ ဆွဲထုတ်လိုက်သည်။

"ငါ့တူ အခုထိန်းချုပ်လိုက်တဲ့ အရှိန်နဲ့ သင်းခွေချပ် ပြေးသွားတဲ့နှုန်းကို ကြည့်ရင် မင်းရဲ့ စိတ်ဝိညာဉ်အသိ အခြေခံက ငါနဲ့ ငါ့မိန်းမတို့ ငယ်ငယ်တုန်းကထက် အများကြီး သာလွန်တယ်"

"ကောလာဟလတွေအရ အခြေခံတည်ဆောက်ခြင်းအဆင့် စတင်သူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အသိက နှစ်မိုင်ပတ်လည်လောက်အထိ ထွက်နိုင်တယ်"

မုရုံချင်းလျန်က လေးစားသောလေသံဖြင့် ဖြည့်စွက်ပြောသည်။

"မင်းသာ တည်ဆောက်ခြင်းအဆင့် ရောက်ရင် လေး၊ ငါးမိုင်အထိတောင် ထွက်နိုင်လိမ့်မယ်"

ငါက တကယ်ပဲ ဒီလောက်တောင် တော်နေတာလား….။

လော့ချန်သည် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်မိသော်လည်း စိတ်ထဲမှမူ အကြောင်းရင်းကို ခန့်မှန်းမိပြီးသားဖြစ်သည်။

တစ်ချက်မှာ သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်ခြင်းကြောင့် ဖြစ်နိုင်သလို၊ နောက်တစ်ချက်မှာ မကြာသေးမီကပင် နှလုံးသားကပ်ဘေးကို ကျော်ဖြတ်နိုင်ကာ သူ၏ စိတ်တည်ငြိမ်မှု သိသိသာသာ မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်သည်။

ယခုဆိုလျှင် တစ်နေ့ ဆေးနှစ်သုတ် ဆက်တိုက်ဖော်စပ်လျှင်ပင် နွမ်းနယ်ခြင်း မရှိတော့ပေ။

လော့ချန်က သိချင်စိတ်ဖြင့် မေးလိုက်ပြန်သည်။

"တိမ်ပြိုဂိုဏ်းမှာ စိတ်ဝိညာဉ်အသိကို တိုင်းတာရုံတင်မကဘဲ လေ့ကျင့်ပေးတဲ့ နည်းလမ်းတွေပါ ရှိတယ်ဆိုတော့….အဲ့ဒါက ဘယ်လိုမျိုးလဲဗျ"

"အဲ့ဒါကိုတော့ ကျွန်မတို့လည်း မသိဘူးရှင်"

မုရုံချင်းလျန်က အားနာစွာ ခေါင်းခါပြသည်။

"စိတ်ဝိညာဉ်အသိ အားကောင်းလေလေ ရုပ်သေးတွေကို ပိုပြီး အများကြီး ထိန်းချုပ်နိုင်လေလေပဲလို့တော့ ကြားဖူးတယ်၊ လေ့ကျင့်တဲ့နည်းလမ်းကလည်း ရုပ်သေးတွေအများကြီးကို တစ်ပြိုင်တည်း ထိန်းချုပ်တာမျိုး ဖြစ်နိုင်တာပဲ"

"ရုပ်သေးတွေက ဈေးကြီးလွန်းလို့ ငါတို့ တစ်ကောင်နှစ်ကောင်ပဲ ဝယ်နိုင်ခဲ့တာ"

ချင်လျန်ချန်းက ညည်းညူလိုက်သည်။

"ဒါဆိုရင် ဒီအရုပ်လေးကို ပြန်ပေးပါရစေ"

လော့ချန်က အားနာစွာဖြင့် သင်းခွေချပ်ကို ပြန်ပေးရန် ပြင်လိုက်သည်။

"ဟာ.... မဟုတ်တာ၊ ပြန်မပေးနဲ့တော့၊ မင်းပဲ ယူထားလိုက်စမ်းပါ၊ အားနာမနေနဲ့" ဟု ချင်လျန်ချန်းက လက်ကာပြလိုက်သည်။

"တစ်ရုပ်လောက်နဲ့ ဘာဖြစ်မလဲ၊ ငါ့သား အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားရင် ရုပ်သေးရုပ်တွေက အများကြီး ရလာမှာပဲ"

ဤလူကြမ်းကြီးသည် သူ့သား ရှောင်ဟူအကြောင်း ပြောလိုက်တိုင်း မျက်နှာတွင် ဂုဏ်ယူသော အငွေ့အသက်များ အမြဲပေါ်လာတတ်သည်။

မုရုံချင်းလျန်မှာလည်း ထိုနည်းတူပင်ဖြစ်ကာ သူမ၏ မျက်နှာတွင် မိခင်မေတ္တာနှင့် ဂုဏ်ယူမှုများ ဟပ်နေသည်။

သူမက အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ရင်း လှပစွာ ထရပ်လိုက်သည်။

"ကျွန်မ အိမ်ထဲဝင်ပြီး အရင်ရှင်းလင်းထားဦးမယ်၊ ရှင်တို့နှစ်ယောက် စကား ဆက်ပြောနေကြဦးလေ၊ ပြီးမှ ညစာစားဖို့ ခေါ်လိုက်မယ်"

နောက်ထပ် အခမဲ့ ထမင်းတစ်နပ်လား....။

"ဒါဆို ကျွန်တော် လုပ်ထားတဲ့ ဝက်ခြေထောက်အစပ်ချက်လေး တစ်အိုးလောက် ယူလာခဲ့မယ်နော်"

လော့ချန်က ရှက်ရွံ့စွာ ပြောလိုက်သည်။

ချင်လျန်ချန်းက တဟားဟား အော်ရယ်လိုက်သည်။

"မင်းက ချက်တတ်ပြုတ်တတ်သေးတာလား ငါ့တူရာ၊ ဒါပေမဲ့ အရသာကတော့ သိပ်ကောင်းမယ် မထင်ပါဘူး၊ မိန်းမကို အားနာမနေနဲ့၊ မင်းရဲ့ ဝက်ခြေထောက်အစပ်ချက်အိုးသာ ဒီဘက်ယူလာခဲ့၊ အတူတူ စားကြတာပေါ့"

"ဒါဆိုရင်တော့ မငြင်းတော့ဘူးဗျာ" လော့ချန်က ဆိုသည်။

မုရုံချင်းလျန် အိမ်ထဲဝင်သွားပြီးနောက် ချင်လျန်ချန်းသည် ခြံထဲတွင် လော့ချန်နှင့် စကားဆက်ပြောနေခဲ့သည်။

ချင်လျန်ချန်းမှာ အတွေ့အကြုံများသူဖြစ်ရာ သူ့တွင် ပြောစရာ စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းများစွာ ရှိသည်။ တိမ်ပြိုဂိုဏ်းမှ အပြန် အတွေ့အကြုံများကို နားထောင်ရင်း လော့ချန်မှာ အချိန်ကုန်မှန်းမသိ ဖြစ်နေတော့သည်။

သူတို့နှစ်ဦးသည် ရယ်ရယ်မောမော စကားပြောဆိုရင်း အချိန်ကြာမှ တွေ့ရသော မိတ်ဆွေဟောင်းများကဲ့သို့ ခံစားလာရသည်။

"အဘိုးကြီးမီရဲ့ အရေးပေါ်စာကြောင့်သာ မဟုတ်ရင် ငါတို့ တိမ်ပြိုဂိုဏ်းကို ပိုလေ့လာဖြစ်ဦးမှာ၊ အခုတော့ ဒီလို အဓိပ္ပာယ်မရှိတဲ့ အသေခံတိုက်ပွဲကြောင့်.... အဲ့ကောင်းတွေ တော်တော် ပျင်းနေတာလား"

ချင်လျန်ချန်းက သူတို့ ပြန်လာရခြင်း အကြောင်းရင်းကို ပြောပြရင်း တတွတ်တွတ် မြည်တမ်းကာ ဆဲဆိုနေတော့သည်။ အဘိုးကြီးမီ ဆိုသူကိုလည်း အားမနာတမ်း ဗြောင်ကျကျ ဝေဖန်နေသည်။

သေချာမသိသူတစ်ဦးအဖို့မူ သူသည် သာမန်လူတစ်ယောက်ကို ဆဲနေသည်ဟု ထင်ရမည်ဖြစ်သော်လည်း လော့ချန်ကမူ သိပြီးသားဖြစ်သည်။ သူပြောနေသော အဘိုးကြီးမီ ဆိုသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သလို ဖိုရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်သည်။

လော့ချန်က အံ့အားသင့်စွာ မေးလိုက်သည်။

"ဦးလေးချင်၊ ဦးလေးက ဖိုရှန်းဂိုဏ်းအတွက် ကိုယ်စားဝင်တိုက်ပေးမှာလား"

ချင်လျန်ချန်းက စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"အကူအညီတော့ ပေးရမှာပေါ့၊ အရင်တုန်းက အခက်အခဲ ဖြစ်တုန်းက သူက ကူညီခဲ့တာကိုး၊ အခု သူ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးလေ"

လော့ချန်သည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူ၏ အစ်ကိုအရင်းသဖွယ် ဖြစ်သော ဝမ်ယွမ်တစ်ယောက် ထိုအသေခံတိုက်ပွဲတွင် ပါဝင်နေသည်မှာပင် စိုးရိမ်စရာ ကောင်းလှပြီ။

ယခုမူ သူနှင့် ရင်းနှီးစပြုနေသော ဦးလေးချင်ကပါ ထိုတိုက်ပွဲထဲသို့ ဝင်မည်ဟု ဆိုနေပြန်သည်။

ဒါက ဘာတွေလဲဗျာ….။

ခဏမျှ စဉ်းစားပြီးနောက် လော့ချန်သည် သတိပေးစကားအချို့ ပြောရန် ဆုံးဖြတ်လိုက်သည်။

"ဦးလေးချင်၊ ကျွန်တော် စိုးရိမ်တာက ဒီတစ်ခေါက် ဖိုရှန်းဂိုဏ်းအနေနဲ့ တာကျန်းဂိုဏ်းကို အနိုင်ယူဖို့ ခက်လိမ့်မယ်ဗျ၊ အန္တရာယ်တွေ အများကြီး ရှိနိုင်တာမို့ သေသေချာချာ စဉ်းစားစေချင်တယ်...."

ချင်လျန်ချန်းသည် လော့ချန်ကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားသည်။ သို့သော် ခဏအကြာတွင် လက်ကာပြလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ဘယ်လောက်ပဲ အန္တရာယ်များပါစေ၊ အရင်က သားရဲ တွေကို သတ်တုန်းကလောက် မများပါဘူး၊ ဒီတိုက်ပွဲနောက်ကွယ်မှာ လျန်ယွန်းကုန်သွယ်ရေး အဖွဲ့က ကြိုးကိုင်နေတာကို ငါလည်း သိထားပါတယ်၊ အကုန်လုံး အဆင်သင့်ပဲ၊ သူတို့ကို အနိုင်ယူပြီး ပွဲကို အဆုံးသတ်လိုက်မှာ"

All Chapters