အနောက်ဘက်မှ ဓားတစ်လက်နှင့် တာဟဲကို လွှမ်းမိုးခြင်း
Vol. 5 Ch. 49
"သူတို့ကို အပြတ်ရှင်းလိုက်မယ်၊ ဒါဆို အားလုံး ပြီးသွားတာပဲ"
ချင်လျန်ချန်း၏ လေသံမှာ အလွန်ပင် ရဲရင့်ပြတ်သားလှသည်။ သူ၏ ယုံကြည်ချက် အပြည့်အဝရှိသော စကားများမှာ အလွန်ပင် ထင်ရှားနေသည်။
လော့ချန်တစ်ယောက်မူ ထိုသို့သော ကြုံးဝါးမှုများကို တစ်ဝက်တစ်ပျက်သာ ယုံကြည်နိုင်ခဲ့သည်။
သို့သော် ပြန်တွေးကြည့်လျှင် ချင်လျန်ချန်းသည် အောက်ခြေဘဝမှနေ၍ တာဟယ်ဈေးကွက်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် မိသားစုတစ်ခုကို တည်ထောင်နိုင်ခဲ့သူဖြစ်ပြီး သားဖြစ်သူကိုပင် ဂိုဏ်းကြီးတစ်ခုသို့ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် သူတွင် ထူးခြားသော အရည်အချင်းများ ရှိရမည်မှာ အသေအချာပင်။
ဂိုဏ်းနှစ်ခု၏ တစ်ဆယ့်ရှစ်ဦး အသေခံတိုက်ပွဲအတွက် စည်းမျဉ်းများမှာလည်း ရက်အနည်းငယ်အတွင်း တစ်စတစ်စ ပျံ့နှံ့လာခဲ့သည်။
အဓိကစည်းမျဉ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အောက်တွင် ရှိရမည်ဖြစ်ပြီး တိုက်ခိုက်သည့်နည်းလမ်းတွင် ကန့်သတ်ချက်မရှိပေ။
တစ်ခုတည်းသော ကန့်သတ်ချက်မှာ မှော်စာရွက်ကို တစ်ဦးလျှင် ၁၀ ခုသာ အသုံးပြုခွင့်ရှိသည်ဟူ၍ ဖြစ်သည်။ ဤစည်းမျဉ်းကို ဖိုရှန်းဂိုဏ်းမှ မီရှုဟွာက အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ချမ်းသာကြွယ်ဝသော လျန်ယွင်ကုန်သွယ်ရေးမဟာမိတ်က ကျောထောက်နောက်ခံပေးထားသည့် တာကျန်းဂိုဏ်းအနေဖြင့် မှော်စာရွက်များကို အမြောက်အမြား အသုံးပြု၍ ငွေကြေးဖြင့် တိုက်ပွဲကို အနိုင်ယူမည်ကို ကာကွယ်ရန် ဖြစ်သည်။
မှော်စာရွက်များ၏ ထူးခြားချက်မှာ မှော်အစီအရင်များ သို့မဟုတ် မှော်ဝင်လက်နက်များကဲ့သို့ အချိန်ယူရန်မလိုဘဲ မျက်တောင်တစ်ခတ်အတွင်း အသက်သွင်းနိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် စွမ်းအားမှာလည်း တူညီသောအဆင့်ရှိ မှော်အတတ်များနှင့် ရင်ပေါင်တန်းနိုင်လောက်အောင် ပြင်းထန်လှသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုမှော်စာရွက် ဒါဇင်ပေါင်းများစွာကို ဝိညာဉ်ကျောက်တုံးများဖြင့် ပေါက်သကဲ့သို့ တရစပ် အသုံးပြုပြီး တိုက်ခိုက်မည်ဆိုပါက ထိုတိုက်ပွဲမှာ တိုက်ပွဲနှင့်ပင် မတူတော့ဘဲ တစ်ဖက်သတ် ချေမှုန်းပွဲကြီး ဖြစ်သွားပေလိမ့်မည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုမျှလောက် များပြားလှသော မှော်စာရွက်တိုက်စစ်အောက်တွင် မည်သို့မျှ ခုခံတန်ပြန်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
လော့ချန်သည် သတိပေးပြီးပြီ ဖြစ်ရာ ထပ်မံ၍ စကားများနေရန် မလိုတော့ပေ။ အမှန်စင်စစ် သူသည် အပြင်လူတစ်ယောက်သာ ဖြစ်သဖြင့် ဖိုရှန်းဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်များထက် ပို၍ သိနိုင်စရာ အကြောင်းမရှိပေ။ စွန်းရှို့ဆီမှ ကြားခဲ့သော အတွင်းသတင်းမှာလည်း အမှန်အတိုင်း ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
….
နှစ်ဦးသား ဆက်လက် စကားပြောနေစဉ် မီးဖိုချောင်မှ မွှေးပျံ့သော အနံ့များ ထွက်ပေါ်လာသည်။
"ညစာ စားချိန်ရောက်ပြီ"
လော့ချန်သည် အိမ်သို့ အပြေးပြန်ကာ မနက်ကတည်းက တည်ထားသော တောဝက်ခြေထောက်ပေါင်းအိုးကို သယ်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူသည် အလကားစားသူ မဟုတ်တော့ဘဲ ဟင်းတစ်ခွက်ဖြင့် ပါဝင်နိုင်ခဲ့ပြီ ဖြစ်သည်။
"ကဲ.... ကျွန်မ လက်ရာလေး မြည်းကြည့်ပါဦး၊ ရှောင်ဟူ ဂိုဏ်းထဲ မဝင်ခင်က သူ့အမေ လက်ရာကို မခွဲနိုင်လို့ တော်တော် ဂျီကျနေသေးတာ" ဟု မုရုံချင်းလျန်က ဖော်ဖော်ရွေရွေ ဧည့်ခံရာ လော့ချန်လည်း အားနာမနေတော့ဘဲ ဟင်းတစ်တုံးကို မြည်းလိုက်သည်။
"ဟာ.…တကယ် အရသာရှိတယ်ဗျ"
မုရုံချင်းလျန်က ပြုံးကာ ခေါင်းခါလိုက်ပြီး သူတို့နှစ်ဦးအတွက် ဆန်အရက် တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။
ချင်လျန်ချန်းက အရက်ကို တစ်ငုံသောက်ပြီးနောက် လော့ချန်၏ ဝက်အစပ်ပေါင်းကို မြည်းကြည့်သည်။
"မင်းတစ်ယောက်တည်း နေတော့ အဆင်ပြေသလိုပဲ စားဖြစ်မှာပေါ့နော်၊ ပြောရရင်တော့...."
စကားမဆုံးသေးခင်မှာပင် ဦးလေးချင် မျက်လုံးများ ပြူးသွားသည်။ ပါးစပ်ထဲမှ အရသာကြောင့် အံ့အားသင့်သွားပုံရသည်။ သူ နောက်ထပ် အသားတစ်တုံးကို ချက်ချင်းယူကာ အသေအချာ ဝါးကြည့်ပြန်သည်။
"ပါးစပ်ထဲမှာတင် အရည်ပျော်သွားတာပဲ၊ စပ်စပ်လေးနဲ့ ကောင်တယ်၊ အဆီပါပေမဲ့ မအီဘူး၊ ပြီးတော့ တောတွင်းဆေးဖက်ဝင်အပင်နံ့ သင်းသင်းလေး ပါသေးတယ်၊ လန်းဆန်းသွားတာပဲ"
"မိန်းမရေ.... ကြည့်ရတာ ဒီကလေးရဲ့ လက်ရာက မင်းထက်တောင် သာမလားပဲ"
ချင်လျန်ချန်းမှာ အသားတုံးများကို မနားတမ်း နှိုက်စားရင်း အဆက်မပြတ် ချီးကျူးနေတော့သည်။
မုရုံချင်းလျန်မှာမူ အံ့အားသင့်သွားရသည်။ စားသောက်မှုအပေါ် ဤမျှ အပင်ပန်းခံသော တစ်ကိုယ်တော်ကျင့်ကြံသူမျိုး တွေ့ရခဲလှသည်။ လော့ချန်၏ ဟင်းကို မြည်းကြည့်ပြီးနောက် သူမလည်း ကျေနပ်စွာ မျက်မှောင်လေး ကြုတ်သွားမိသည်။
"မိတ်ဆွေငယ်လော့၊ မင်းရဲ့လက်ရာက တကယ်ကို ထူးခြားတာပဲ"
လော့ချန်မှာမူ ရှက်ရွှံ့စွာဖြင့် ပြုံးနေသည်။ သူ၏ ချက်ပြုတ်ကျွမ်းကျင်မှုမှာ ယခင်ဘဝက အမေဖြစ်သူ၏ ဆူပူမှုများကြားမှ ရရှိလာသော အမွေဖြစ်သည်။ ထို့အပြင် ကျင့်ကြံခြင်းလောက၏ ဝိညာဉ်ဓာတ်ပါသော ပစ္စည်းများသည်လည်း ကမ္ဘာမြေထက် သာလွန်ကောင်းမွန်နေသဖြင့် အရသာမှာ ပိုမိုထူးခြားသွားခြင်း ဖြစ်သည်။
သူသည် ကုန်ကြမ်းများကို ကိုင်တွယ်ရာတွင် သိပ်မကျွမ်းကျင်သော်လည်း ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုရာတွင် စီချွမ်းအစားအစာ၏ အနှစ်သာရကို ကောင်းစွာ ဖော်ထုတ်နိုင်ခဲ့သည်။
ထိုအချိန်က ဟင်းကောင်းချက်တတ်ခြင်းဖြင့်ပင် ချောမောသော ရည်းစားတစ်ယောက် ရရှိခဲ့ဖူးသေးသည်။
ယခု ကမ္ဘာသို့ ရောက်ရှိလာသောအခါ ကျင့်ကြံခြင်းလောကရှိ ကုန်ကြမ်းများမှာ အဆင့်မြင့်လွန်းလှသည်ကို လော့ချန် တွေ့ရှိခဲ့သည်။ ဝိညာဉ်သားရဲများ၏ အသားများ၊ ဟင်းသီးဟင်းရွက်များမှာ ချီစွမ်းအားများဖြင့် ပြည့်နှက်နေသဖြင့် အရသာမှာ အလွန်ကောင်းမွန်လှသည်။
မူလပိုင်ရှင်မှာလည်း ဆေးဖက်ဝင် ပစ္စည်းများနှင့် ပတ်သက်၍ အတွေ့အကြုံရှိသဖြင့် သူသည် ကန့်သတ်ထားသော အရင်းအမြစ်များဖြင့်ပင် ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးနိုင်ခဲ့သည်။
သူ တစ်ခါတစ်ရံ ပြုလုပ်တတ်သော အမဲသားခြောက် သို့မဟုတ် နတ်ပဲစေ့လှော်များမှာ ဝမ်ယွမ်၊ ချန်ရှို့ဖိန်နှင့် ကူချိုင်ယီတို့အကြား အလွန် နာမည်ကြီးလှသည်။
ယုတ္တိကျကျ ပြောရလျှင် ကျင့်ကြံသူများသည် အစားအသောက်အပေါ် အာရုံမထားသင့်ပေ။
သို့သော် ထိုအရာမှာ အဆင့်မြင့်ကျင့်ကြံသူများအတွက်သာ ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူများမှာမူ လေကိုစားပြီး အသက်ရှင်နိုင်သူများ မဟုတ်ကြပေ။ ထို့အပြင် ကြမ်းတမ်းသော ပြင်ပချီစွမ်းအင်များကို အမြဲ စုပ်ယူနေရသဖြင့် ခန္ဓာကိုယ်အတွင်း ထိခိုက်မှု ဖြစ်စေနိုင်သည်။ ထို့ကြောင့် အစားအသောက်ဖြင့် အားဖြည့်ခြင်းမှာ အဆင့်နိမ့်ကျင့်ကြံသူများအကြားတွင် ဆေးလုံးများနှင့် ဆေးရည်ချိုးခြင်းပြီးလျှင် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။
လော့ချန်သည်လည်း ခြွင်းချက်မဟုတ်ပေ။ ဘဝမှာ မည်မျှပင် ခက်ခဲပါစေ သူသည် ဝိညာဉ်ဆန်နှင့် မိစ္ဆာသားရဲအသားများကို အမြဲမပြတ် ဝယ်ယူစားသောက်ခဲ့သည်။
ထိုအစားအစာများ မရှိလျှင် သူ၏ ခန္ဓာကိုယ်မှာ ကျင့်ကြံခြင်း၏ ပြင်းထန်သော ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
….
သူတို့ သုံးဦးသည် ထမင်းစားရင်း၊ အရက်သောက်ရင်း စကားလက်ဆုံ ကျနေကြသည်။
လော့ချန်သည် ဆေးဖော်ဆရာ တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသောအခါ ချင်ဇနီးမောင်နှံမှာ အလွန် အံ့အားသင့်သွားကြသည်။
လော့ချန်ကလည်း သူတို့၏ လက်ရှိ အသက်မွေးဝမ်းကျောင်းကို စပ်စုကြည့်ရာ သူတို့သည်လည်း စီးပွားရေးသမားများ ဖြစ်ကြောင်း သိရသည်။
"အရှေ့ဘက်လွင်ပြင်မှာ သယံဇာတတွေ အများကြီး ရှိတယ်ကွ၊ အဲ့ဒီတုန်းက ငါနဲ့ ငါ့မိန်းမက လူတွေကို ဦးဆောင်ပြီး ခရမ်းရောင်လကန်ကို သိမ်းပိုက်ခဲ့တာ၊ အဲ့ဒီမှာ ဝိညာဉ်ငါးတွေ အများကြီး ထွက်တယ်လေ" ဟု ချင်လျန်ချန်းက ရှင်းပြသည်။
"အမြတ်အများစုကို ဂိုဏ်းက ယူသွားပေမဲ့ ကျန်တဲ့အပုံလေးကတင် ငါတို့ မိသားစုရဲ့ ကျင့်ကြံမှုအတွက် လုံလောက်နေပြီ"
သူ၏ စကားများတွင် ယခင်က တောလိုက်ခဲ့သော နေ့ရက်များအပေါ် အလွန် ဂုဏ်ယူနေသည့် အငွေ့အသက်များ ပါဝင်နေသည်။
ဤအချက်ကို ကြည့်ခြင်းဖြင့် တာကျန်းဂိုဏ်းနှင့် လျန်ယွင်ကုန်သွယ်ရေးမဟာမိတ်တို့သည် အဘယ်ကြောင့် ဖိုရှန်းဂိုဏ်း၏ တောင်ပေါ်လမ်းကြောင်းများကို လိုချင်တပ်မက်နေကြသည်ကို လော့ချန် နားလည်သွားတော့သည်။
သာမန်ငါးလုပ်ငန်းတစ်ခုတည်းနှင့်ပင် ချီသန့်စင်အဆင့် ၉ ဇနီးမောင်နှံကို ကျွေးမွေးနိုင်နေပြီဆိုလျှင်၊ ရာစုနှစ်ပေါင်းများစွာ လုပ်ကိုင်လာသော ဖိုရှန်းဂိုဏ်း၏ အရင်းအမြစ်များမှာ မည်မျှ ကြီးမားနေမည်နည်း။
သူတို့ စကားပြောနေစဉ်မှာပင် ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
သုံးယောက်သား တစ်ပြိုင်တည်း ခေါင်းမော့ကြည့်လိုက်မိကြသည်။
အနောက်ဘက် မိုးကုတ်စက်ဝိုင်းမှ ရွှေရောင်အလင်းတန်းတစ်ခုသည် ကြယ်တံခွန်ကဲ့သို့ လျင်မြန်စွာ ပျံသန်းလာသည်။
"အဲ့ဒါ ဘာလဲဗျ"
လော့ချန် တုန်လှုပ်စွာ ထရပ်လိုက်သည်။
ရွှေရောင်အလင်းတန်းမှာ တစ်ခဏအတွင်းပင် သူတို့ အနီးသို့ ရောက်ရှိလာသည်။ ထိုအလင်းတန်းမှာ တာဟဲစျေးမြို့တော် အလယ်ဗဟိုရှိ ကျောက်စိမ်းအိုးဓားနန်းဆောင်ထဲသို့ ငှက်တစ်ကောင် အသိုက်ပြန်သကဲ့သို့ ပျံသန်းဝင်ရောက်သွားသည်။
“ကျောက်စိမ်းအိုးဓားနန်းဆောင် ပဲ”
ချင်လျန်ချန်းသည် လော့ချန်၏ ဘေးသို့ လာရပ်ကာ ကြည်လင်သော ကောင်းကင်မှ အဖြူရောင်လမ်းကြောင်းကို ကြည့်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဓားကျင့်ကြံသူ.... ကျောက်စိမ်းအိုးဓားဂိုဏ်းကပဲ၊ သူတို့က သူတို့ရဲ့ ဓားအမြုတေတွေကို မှော်လက်နက်အဖြစ် အဆင့်မြှင့်တင်ပြီး ဓားအလင်းတန်းပေါ်မှာ စီးနင်းလာတာ၊ ဒါဟာ ရွှေအမြုတေ အဆင့် ဓားကျင့်ကြံသူကြီးပဲ"
လော့ချန် အကြီးအကျယ် တုန်လှုပ်သွားရသည်။
ဤကမ္ဘာရှိ အဆင့်မြင့်ကျင့်ကြံသူများ၏ စွမ်းအားကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ခဏတာ မြင်လိုက်ရခြင်း ဖြစ်သော်လည်း သူတို့၏ ပျံသန်းမှု အရှိန်အဝါနှင့် လွှမ်းမိုးနိုင်စွမ်းက သူ့စိတ်ကို အချိန်အတော်ကြာ လှုပ်ခတ်သွားစေသည်။
"တူညီတဲ့ အဆင့်ထဲမှာဆိုရင် ဓားကျင့်ကြံသူတွေက တိုက်စစ်အပြင်းဆုံးနဲ့ အလျင်မြန်ဆုံးပဲ၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက ဝမ်တောင်တန်းကြီးရဲ့ အစွန်အဖျားမှာ ရှင်သန်နိုင်တာကလည်း သူတို့မှာ ဒီလို တိုက်ခိုက်ရေးစွမ်းအား မြင့်မားတဲ့သူတွေ အများကြီး ရှိလို့ပဲ" ဟု ချင်လျန်ချန်းက မိုးကုပ်စက်ဝိုင်းကို လက်ညှိုးထိုးပြရင်း ပြောသည်။
ထို့နောက် သူက မေးစေ့ကို ပွတ်သပ်ရင်း ဆိုသည်။
"ဒီရွှေအမြုတေအဆင့် ကျင့်ကြံသူက တာဟဲစျေးမြို့တော်က အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲကို ကြီးကြပ်ဖို့ လာတာ ဖြစ်နိုင်တယ်"
လော့ချန်က နားမလည်သဖြင့် မေးလိုက်သည်။
"ဒီလို စင်မြင့်တစ်ခု ဖွင့်ရုံတင်ကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် လာဖို့ ထိုက်တန်လို့လားဗျ"
"ဟားဟား…. မိတ်ဆွေငယ် လော့၊ မင်းက နားမလည်သေးဘူး"
ချင်လျန်ချန်းက ရယ်မောရင်း ကျောက်စိမ်းအိုးဓားနန်းဆောင်၏ နောက်ကွယ်မှ တောင်ကုန်းလေးကို ညွှန်ပြသည်။
"ဒီအဆုံးအဖြတ်စင်မြင့်က ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုပဲ၊ ဒါကို ကောင်းကောင်း စီမံနိုင်ရင် ဝိညာဉ်ကျောက်တုံးတွေ အပုံလိုက် ရနိုင်တာကွ"
"ပြီးတော့ စျေးတိုင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ ရှိတယ်ဆိုပေမဲ့ အဆောက်အအုံတွေရဲ့ အဆင့်အတန်းကတော့ ရွှေအမြုတေအဆင့် စံချိန်စံညွှန်းအတိုင်း ဆောက်ထားတာ"
"ဥပမာ ပြောရရင်…. တာဟဲစျေးမြို့တော်ရဲ့ မြို့တွင်းပိုင်းမှာ ရှိတဲ့ ကာကွယ်ရေး အစီအရင်ဟာ ရွှေအမြုတေအဆင့်ရှိတဲ့ အစီအရင်ပဲ၊ အဆင့် (၃) ရှိတဲ့ မိစ္ဆာဘုရင်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်"
"ဒါပေမဲ့...." ချင်လျန်ချန်းက ဆက်ပြောသည်။
"ဓားကျင့်ကြံသူတွေက အဆင့်တက်ဖို့ အရမ်းခက်ခဲတာကြောင့် ဂိုဏ်းမှာ စျေးတိုင်းကို ပို့ထားဖို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အလုံအလောက် မရှိဘူးလေ"
အဆောက်အအုံများက အဆင့်မြင့်သော်လည်း လူအင်အား မလောက်ငသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကသာ တာဝန်ယူနေရခြင်း ဖြစ်သည်။
"ဒီရွှေအမြုတေအဆင့် ကျင့်ကြံသူကတော့ သူ့ရဲ့ အမြန်နှုန်းကြောင့် သတ်မှတ်ထားတဲ့ အချိန်ထက် စောရောက်လာတာ ဖြစ်လိမ့်မယ်" ဟု ချင်လျန်ချန်းက ခန့်မှန်းသည်။
သူက ဆက်လက်၍ "အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲကျရင် ဂိုဏ်းထဲက အတွင်းတပည့်တွေနဲ့ အပြင်တပည့်တွေလည်း အများကြီး ရောက်လာကြဦးမှာ" ဟု ဆိုသည်။
သူ၏ ခန့်မှန်းချက်အတိုင်းပင် တစ်နာရီခန့်အကြာတွင် တာဟဲစျေးမြို့တော်၏ အနောက်ဘက် ကောင်းကင်ယံတွင် အလင်းတန်းများစွာ ထပ်မံ ပေါ်ထွက်လာသည်။
အရောင်စုံ အလင်းတန်း (၇) ခုသည် ကြီးမားသော ပျံသန်းရေး သင်္ဘောကြီး တစ်စင်းကို ဝန်းရံကာ တာဟဲစျေးမြို့တော်ဆီသို့ တည်ငြိမ်စွာ ဦးတည်လာနေသည်။
အမှန်စင်စစ် ထိုသင်္ဘောကြီးမှာ တည်ငြိမ်သည်ဟု ထင်ရသော်လည်း ၎င်းမှာ စောစောက အနောက်ဘက်မှ လာသော ဓားအလင်းနှင့် နှိုင်းယှဉ်လျှင်သာ နှေးကွေးခြင်း ဖြစ်သည်။ လက်တွေ့တွင်မူ အလွန်ပင် မြန်ဆန်လှသည်။
စတင်မြင်ရချိန်မှ တာဟဲစျေးမြို့တော်၏ အထက်သို့ ရောက်ရှိလာချိန်အထိ အမွှေးတိုင်တစ်ဝက်စာ အချိန်ပင် မကြာလိုက်ပေ။
ဤကဲ့သို့ ခမ်းနားထည်ဝါသော ပြကွက်ကြီးက တာဟဲစျေးမြို့တော်တစ်ခုလုံးရှိ လူများ၏ အာရုံကို ဖမ်းစားသွားတော့သည်။
လူပေါင်းများစွာသည် ကောင်းကင်သို့ မော့ကြည့်နေကြပြီး ဓားပျံများပေါ်မှ လူ (၇) ဦးနှင့် အထက်တွင် ဝဲပျံနေသော သင်္ဘောကြီးကို ငေးကြည့်နေကြသည်။ မကြာမီတွင် သင်္ဘောကြီးပေါ်မှ လူရိပ်များစွာ ထွက်ပေါ်လာသည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူများစွာသည် ပျံသန်းရေး မှော်ဝင်လက်နက်များကို စီးနင်း၍သော်လည်းကောင်း၊ လေခွင်းအတတ်ကို အသုံးပြု၍သော်လည်းကောင်း ဆင်းသက်လာကြသည်။ သူတို့သည် ပျံလွှားငှက်အုပ်ကြီး တစ်ခုကဲ့သို့ မြို့တွင်းပိုင်းသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြသည်။
လူအားလုံး ဆင်းသက်ပြီးသောအခါ သင်္ဘောပျံကြီးမှာ တဖြည်းဖြည်း သေးငယ်သွားပြီး ကျောက်စိမ်းအိုးဓားနန်းဆောင်အတွင်းသို့ အဟုန်ဖြင့် ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ဤနယ်မြေ၏ စစ်မှန်သော အရှင်သခင်များ ရောက်ရှိလာပြီ ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အမည်နာမမှာ လူတိုင်း၏ ရင်ထဲတွင် လေးလံစွာ တည်ရှိနေတော့သည်။