← Chapters

ဒါက စီစဉ်ထားတဲ့ ပွဲ မဟုတ်လား

Vol. 5 Ch. 46

ဒါက စီစဉ်ထားတဲ့ ပွဲ မဟုတ်လား

Vol. 5 Ch. 46

ခန်းတုံးယွဲ့က ခပ်အေးအေးပင် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ ငါ့ညီရဲ့…."

လော့ချန်က အနည်းငယ် စိုးရိမ်စိတ်ဖြင့် ဆိုသည်။

"ဖောက်သည်မယူဘူးဆိုရင် ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်ပဲပေါ့၊ တကယ်လို့ အစ်ကိုကြီးခန်းက ဖောက်သည်ယူမယ်ဆိုရင်တော့ အစ်ကိုကြီးခန်းရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ကျွန်တော် အစွမ်းကုန် ထုတ်လုပ်မှုကို မြှင့်တင်ပေးမှာပါ"

"ဟားဟား…."

သူ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာထားကို ကြည့်ပြီး ခန်းတုံးယွဲ့က အော်ဟစ်ရယ်မောလိုက်သလို ဘေးနားရှိ ဆိုင်ရှင်လျိုကလည်း လိုက်ရယ်လေသည်။

ထို့နောက် ခန်းတုံးယွဲ့က နှမြောတသဟန်ဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ ငါတို့ လက်တွဲဖို့ မဖြစ်နိုင်သေးဘူးပဲ၊ အဆင့်နိမ့်ဆေးလုံးတွေက ဘေးထွက်ဆိုးကျိုး အရမ်းများတယ်၊ တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ငါ့ရဲ့ ခန်းမိသားစုဟာ တချို့လူတွေရဲ့ ဒေါသကို ရင်ဆိုင်နိုင်စွမ်း မရှိဘူးကွ"

ဤစကားမှာ ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ်လိုက်ခြင်းပင်။

လော့ချန် စိတ်မပျက်မိပေ။ သူသည် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ အားနည်းချက်ကို ကောင်းစွာ သိရှိထားသည်။ ရောင်းချသည့်အခါတိုင်းလည်း ဝယ်ယူသူများကို အလွန်အကျွံ မသုံးစွဲရန်နှင့် အတိုင်းအတာဖြင့်သာ သုံးစွဲရန် အမြဲသတိပေးလေ့ရှိသည်။

ထို့ပြင် ယခုအချိန်အထိ သူရောင်းချသည့် ပမာဏမှာ နည်းပါးသေးသလို၊ ဝယ်သူအများစုမှာလည်း 'ယနေ့ပျော်၊ ယနေ့သေ' ဆိုသည့် လူစားမျိုးများသာ ဖြစ်သဖြင့် ပြဿနာတစ်စုံတစ်ရာ မတက်သေးခြင်း ဖြစ်သည်။

ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းမှာ ရိုးရှင်းသည်။ ဆေး၏ အရည်အသွေးကို မြှင့်တင်ပြီး အညစ်အကြေးများကို ဖယ်ရှားပစ်ရန်သာ ဖြစ်သည်။ ဤအချက်ကို သူ မကြာမီ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

သူ၏ အတွေ့အကြုံအရ အခြေခံ မှ တတ်မြောက်အဆင့် အထိမှာ အဆင့်နိမ့်ဆေးလုံးများသာ ဖြစ်ပြီး ကျွမ်းကျင် နှင့် ပြီးပြည့်စုံအဆင့် ရောက်မှသာ အလယ်အလတ်အဆင့် ဆေးလုံးများ ဖြစ်လာမည်ဖြစ်သည်။ ပါရမီရှင်အဆင့် ရောက်လျှင်မူ အဆင့်မြင့်ဆေးလုံး ဖြစ်လာပေလိမ့်မည်။ သို့သော် ဤအချက်ကို သူ အပြင်လူအား ထုတ်ပြော၍ မဖြစ်ပေ။

သုံးဦးသား ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ဆိုင်ရှင်လျိုက ခန်းတုံးယွဲ့အား ခေါင်းလောင်းရွှေအိုးရိပ်မြုံတွင် တည်ခင်းဧည့်ခံရန် ခေါ်ဆောင်သွားတော့သည်။

တာဟဲစျေးမြို့တော် အနီးရှိ ဝမ်တောင်တန်းကြီးမှ ရရှိသော ဒေသထွက် အစားအစာများမှာ ခန်းတုံးယွဲ့၏ စိတ်ဝင်စားမှုကို အတော်ပင် ဆွဲဆောင်နေခဲ့သည်။

အစမှ အဆုံးအထိ သူသည် လော့ချန်အား အလယ်အလတ်အဆင့် ဆေးလုံးများ ဖော်စပ်နိုင်ခြင်း ရှိ၊ မရှိ မမေးမြန်းခဲ့ပေ။

လော့ချန်ကဲ့သို့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအတွက် ဆေးလုံးအဆင့် မြှင့်တင်ရန်မှာ အလွန်ခဲယဉ်းကြောင်း သူတို့ ယူဆထားကြပုံရသည်။

သူတို့ ထွက်ခွာသွားပြီးနောက်တွင်မှ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည့် ပိုင်မေလင်းကို လော့ချန် သတိပြုမိသည်။

"ရော့…. ရှင်မှာထားတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ"

"ကျေးဇူးပဲ"

"ဒါနဲ့....ရှင်ရောင်းနေတဲ့ ဆေးက…."

"စိတ်မကောင်းပါဘူး၊ လောလောဆယ် အံ့ဖွယ်တစ်သောင်းဆေးက အမျိုးသားကျင့်ကြံသူတွေအတွက်ပဲ၊ အမျိုးသမီးတွေအတွက်ကတော့ အခုမှ စမ်းသပ်တုန်းပဲရှိသေးတယ်၊ မိန်းကလေးရှောင်လင်း လိုအပ်ရင်တော့…."

"သွားတော့…."

ဆေးပေါင်းတစ်ထောင်ခန်းမမှ ကပျာကပျာ ထွက်လာရင်း လော့ချန် နှမြောတသ ဖြစ်မိသည်။ စောန အခြေအနေမှာ ဈေးကွက်ချဲ့ထွင်ရန် အခွင့်ကောင်းတစ်ခု ဖြစ်သော်လည်း သူ မဆုပ်ကိုင်နိုင်ခဲ့သလို ဆုပ်ကိုင်ရန်လည်း မဝံ့ရဲခဲ့ပေ။

ဆေးဖော် အတွေ့အကြုံရှိသူတစ်ဦးကို အချိန်တိုအတွင်း ဆေးအဆင့်မြှင့်တင်နိုင်မည်ဟု ကတိပေးလိုက်လျှင် သူ၏ အခြေအနေပြကြေးမုံပြင်အား လူသိသွားနိုင်ပေသည်။

ထို့အတူ တစ်ဖက်လူက သူ့အား ဆေးဖော်စပ်မှု ပါရမီရှင်ဟု ထင်မြင်သွားနိုင်သည်။

ပို၍ အန္တရာယ်ရှိသည်မှာ နာမည်ကျော်ကြားသွားပါက ကျင့်ကြံသူ မိသားစုများ၏ အတင်းအဓမ္မ ဖိတ်ခေါ်ခြင်းကို ခံရနိုင်ပြီး၊ ဝိညာဉ်ကျောက်တုံး ရှာဖွေပေးရသည့် ဆေးဖော်စပ်စက်ရုပ် အဖြစ် အသုံးချခံရနိုင်သည်။

"အဓိကကတော့ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက နိမ့်နေသေးလို့ပဲ"

ချီသန့်စင်အဆင့်မျှသာ ရှိသော ကျင့်ကြံသူတစ်ဦးအဖို့ အခြားသူများ၏ လက်ခုပ်ထဲမှ ရေကဲ့သို့သာ ရှိနေမည် ဖြစ်သည်။

အကယ်၍ သူသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပါက ကျင့်ကြံရေးမိသားစုများသာမက ဂိုဏ်းငယ်များပင်လျှင် သူ့အား အတိုင်းအတာတစ်ခုအထိ လေးစားကြပေလိမည်။

ထိုသူများနှင့် ပူးပေါင်းမည်ဆိုလျှင်ပင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

လော့ချန် သက်ပြင်းချလိုက်ပြီး အိမ်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ကျောက်စိမ်းအိုးဓားနန်းဆောင်ကို ဖြတ်သွားစဉ် သစ်သားစားပွဲတစ်ခု၊ ဆိုင်းဘုတ်တစ်ခုဖြင့် ထိုင်နေသော ကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရသဖြင့် သူ ရပ်တန့်လိုက်မိသည်။

အဖြူရောင် ဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသော စာသားများကို သူဖတ်လိုက်သည်။

"အဆုံးအဖြတ်စင်မြင့် ခမ်းနားစွာ ဖွင့်လှစ်မည်၊ ပွဲကြည့်လက်မှတ်များ ယခုဝယ်ယူနိုင်ပြီ"

လော့ချန်သည် အဆုံးအဖြတ်စင်မြင့်အကြောင်းကို အဘိုးချန်ထံမှ ယနေ့မှ စတင်ကြားဖူးခြင်း ဖြစ်သော်လည်း အစိမ်းသက်သက် ဖြစ်နေသည်တော့ မဟုတ်ပေ။

ယခင်က သူသည် မှော်အတတ်များ လေ့ကျင့်ရန် နေရာရှာမရသဖြင့် ကူချိုင်ယီကို အကူအညီတောင်းခဲ့ဖူးသည်။ ထိုစဉ်က ကူချိုင်ယီ ပေးခဲ့သော အဖြေမှာ ကျောက်စိမ်းအိုး ဓားနန်းဆောင်မှ တည်ဆောက်ထားသော တိုက်ပွဲစင်မြင့်များပင် ဖြစ်သည်။

ကြားသိရသလောက်မှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်တုံး ကုန်ကျမည်ဖြစ်ပြီး၊ အကယ်၍ လေ့ကျင့်ဖော် လိုအပ်ပါက ဈေးနှုန်းမှာ အဆတစ်ရာမျှ မြင့်တက်သွားပေလိမည်။

ထိုစဉ်က လော့ချန်တွင် ငွေအလုံအလောက် မရှိသဖြင့် ထည့်မစဉ်းစားခဲ့ပေ။ နောက်ပိုင်းတွင် သူ၏ ခြံဝင်းအတွင်း၌သာ ခိုး၍ လေ့ကျင့်ခဲ့ရသည်။ ထိုသို့လေ့ကျင့်ခြင်းကြောင့် ဖူရှို့ရှို့ ထောင့်တစ်နေရာတွင် စိုက်ထားသော ပန်းပင်လေးများပင် ပျက်စီးသွားခဲ့ရဖူးသည်။

အတိအကျ ပြောရလျှင် ထိုတိုက်ပွဲစင်မြင့်များသည် ကျောက်စိမ်းအိုး အဆုံးအဖြတ်စင်မြင့်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း သီးသန့်လေ့ကျင့်ရန်အတွက်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ကျောက်စိမ်းအိုး ဓားနန်းဆောင်သည် တာဟဲဈေးမြို့တော်ရှိ အဆုံးအဖြတ်စင်မြင့်ကို အပြည့်အဝ ဖွင့်လှစ်ရန် စီစဉ်နေပြီ ဖြစ်သည်။

"မိတ်ဆွေ.... အဆုံးအဖြတ်စင်မြင့်က မြို့တွင်းပိုင်းမှာပဲ ရှိတာလား"

စားပွဲတွင် အိပ်ပျော်နေသော ကျင့်ကြံသူက အသံကြားသဖြင့် ခေါင်းမော့လာသည်။

လော့ချန် အံ့သြသွားပြီး ရယ်လိုက်မိသည်။

"အဘိုးစွန်းပဲ…. ခင်ဗျားက အိမ်ငှားလုပ်ငန်းကို တာဝန်ယူရတာ မဟုတ်လား၊ အခု ဘာလို့ လက်မှတ်ရောင်းနေတာလဲ"

"ဟဲ"

စွန်းရှို့က ခပ်အေးအေးပင် နှာခေါင်းရှုံ့လိုက်ရင်း "ဂိုဏ်းရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေတာကွ" ဟု ဆိုသည်။

"အဘိုးစွန်း အတော်ဆုံးပဲ" လော့ချန်က လက်မထောင်ပြလိုက်သည်။

စွန်းရှို့က ပြုံးစစဖြင့် ဆိုသည်။

"နောက်ရက်အနည်းငယ်အတွင်းမှာ ဂိုဏ်းက အပြင်စည်း တပည့်ကြီးတစ်ယောက်ကို ဒီနေရာကို အုပ်ချုပ်ဖို့ လွှတ်လိမ့်မယ်၊ လော့လေး မင်းက ဘာလို့ အိမ်မှာ ဆေးမဖော်ဘဲ ဒီကို ရောက်နေရတာလဲ"

လော့ချန်က ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများကို ညွှန်ပြလိုက်သည်။

"ဖြတ်သွားရင်းနဲ့ သိချင်လို့ပါ၊ အဆုံးအဖြတ်စင်မြင့်က ဘယ်နေရာမှာလဲ၊ ဓားနန်းဆောင်ထဲမှာပဲလား"

"မဟုတ်တာ၊ အဆုံးအဖြတ်စင်မြင့်က ပွဲကြည့်ပရိသတ် သောင်းနဲ့ချီ ဆံ့အောင် လုပ်ထားတာကွ၊ ဓားနန်းဆောင်ထဲမှာ အဲဒီလောက် လူအများကြီး ဘယ်ဆံ့မလဲ"

သောင်းနဲ့ချီတယ် ဟုတ်လား၊ အကြီးအကျယ် ပြောနေတာပဲ….။

တာဟဲစျေးမြို့တော်၏ အင်အားစုမှာ အမြဲနေထိုင်သူများနှင့် ဖြတ်သန်းသွားလာသူများ အပါအဝင်ပင် စုစုပေါင်း ကျင့်ကြံသူအရေအတွက် နှစ်သောင်းဝန်းကျင်သာ ရှိပေသည်။

အနီးနားရှိ ကျင့်ကြံရေးမျိုးနွယ်စုများနှင့် လူသားမြို့တော်များကိုမူ ထည့်တွက်မထားပေ။ အထူးသဖြင့် လူသားမြို့တော်များဆိုသည်မှာ တာဟဲစျေးမြို့တော်အတွက် အခြေခံရိက္ခာ ထောက်ပံ့ပေးရုံသက်သက်မျှသာ အသုံးဝင်သည့် နေရာများ မဟုတ်ပါလော။ သို့သော် ယခုအခါ အဆုံးအဖြတ်စင်မြင့်ကြီးမှာ ပရိသတ် သောင်းနှင့်ချီ၍ ဝင်ဆံ့နိုင်သည်ဟု ပြောနေခြင်းလော။

စွန်းရှို့သည် လော့ချန် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဂရုမစိုက်ဘဲ ဓားနန်းဆောင်၏ နောက်ဘက်သို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

"မင်း ဖီးနစ်ကျတောင်ကို သိတယ်မဟုတ်လား၊ အဲဒီတောင်ကို အခု ကျောက်စိမ်းအိုး အဆုံးအဖြတ်စင်မြင့်လို့ အမည်ပြောင်းလိုက်ပြီ"

လော့ချန် မော့ကြည့်လိုက်သောအခါ မြို့တွင်းပိုင်း၏ အစွန်အဖျားတွင် ရှိသော တောင်ငယ်လေးကို ခပ်ရေးရေး မြင်လိုက်ရသည်။

တာဟယ်ဈေးမြို့တော်သည် မြေပြန့်တွင် တည်ရှိသော်လည်း မြို့ကို တည်ဆောက်စဉ်က ဤတောင်ကုန်းလေးကို မြို့ထဲတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မြို့၏ ကာကွယ်ရေး စက်ကွင်းကို အထောက်အကူပြုရန်နှင့် မြေကမ္ဘာစွမ်းအင်များကို ထိန်းညှိရန်အတွက် ဖြစ်ကြောင်း ကူချိုင်ယီ ပြောပြဖူးသည်။

ကူချိုင်ယီ၏ ပြောကြားချက်အရ ဤသည်မှာ မြို့တွင်းပိုင်းကို တည်ဆောက်စဉ်က အိုင်လောင်တောင်နှင့် ပျံလွှားဂိုဏ်းတို့၏ ပူးပေါင်းဆုံးဖြတ်ချက် ဖြစ်သည်ဟု သိရသည်။

ထိုတောင်ကုန်းကို အခြေပြု၍ မြို့ရှိ ကာကွယ်ရေးအစီအရင်ကို ပိုမိုခိုင်မာစေသလို၊ မြေအောက်စွမ်းအားကိုလည်း ထိန်းချုပ်နိုင်ရန် ဖြစ်သည်။ မြို့တွင်းရှိ ပထမအဆင့် ဝိညာဉ်ကြော မှာလည်း ထိုတောင်ကုန်းမှ မြစ်ဖျားခံသည်ဟု ဆိုကြသည်။ သို့သော် ထိုတောင်မှာ အလွန်သေးငယ်ပြီး သာမန်အချိန်တွင် ပြောင်သလင်းခါနေသဖြင့် မည်သူမျှ သတိမထားမိခဲ့ကြပေ။

ကျောက်စိမ်းအိုး ဓားဂိုဏ်းအနေဖြင့် ထိုတောင်အား အဆုံးအဖြတ်စင်မြင့်အဖြစ် ပြောင်းလဲလိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ထိုတောင်ကို မဖြိုဘဲ ထားခဲ့ခြင်းမှာ မူလကတည်းက အဆုံးအဖြတ်စင်မြင့် တည်ဆောက်ရန် ရည်ရွယ်ချက် ရှိခဲ့ခြင်းကြောင့်ပေလော ဟူ၍ လော့ချန် တွေးတောမိသည်။

"လော့လေး…. လက်မှတ်တစ်စောင် ဝယ်မလား"

စွန်းရှို့က သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ပြလိုက်သည်။

"ဒီတစ်ခေါက် လက်မှတ် တစ်သောင်းပဲ ရောင်းမှာနော်၊ စောစောဝယ်မှ စောစောကြည့်ရမယ်"

"လက်မှတ်က အကန့်အသတ်နဲ့လား၊ ဘယ်လောက်လဲ"

"တစ်စောင်ကို ဝိညာဉ်ကျောက်တုံး ၁၀၀၊ သေချာပေါက် တန်စေရမယ်"

လော့ချန် သူ၏ အိတ်ကို အလိုလို ကိုင်မိသွားသည်။

"ဓားပြတိုက်တာ ပိုမြန်မှာပေါ့ဗျာ၊ ဘယ်သူက ဒီလောက်ဈေးကြီးတာကို ဝယ်မှာလဲ"

စွန်းရှို့က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

"မင်း ကျောက်စိမ်းအိုး ဓားဂိုဏ်းရဲ့ အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲကို တစ်ခါမှ မမြင်ဖူးလို့ပါ၊ ငါ ပြောပြမယ်၊ တစ်ခါလောက် မြင်ဖူးသွားရင် တစ်သက်လုံး ကြွားလို့ရတယ်"

လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို အဘိုးစွန်း မြင်ဖူးတယ်ပေါ့"

"ဒါပေါ့….လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရှောက်လျန်းဈေးကွက်ရဲ့ အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲတုန်းက ရုပ်သေးရုပ်တွေ တိုက်ခိုက်တာ၊ မိစ္ဆာသားရဲတွေ ချကြတာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ဒုတိယအဆင့် မိစ္ဆာသားရဲတွေ တိုက်ခိုက်တာတွေ အစုံပဲ"

လော့ချန် နားထောင်ရင်း အံ့သြသွားသည်။

အစီအစဉ်တွေက ဒီလောက်တောင် များတာလား….။

"ဝယ်မှာလား၊ ငါပြောဦးမယ်.... ဒီတစ်ခါ အဓိကပွဲက ဂိုဏ်းနှစ်ခုရဲ့ အားပြိုင်မှုပဲ၊ ချီသန့်စင်အဆင့်တွေ တိုက်တာဆိုပေမဲ့ တစ်ယောက်သေ တစ်ယောက်ရှင် တိုက်မှာကွ၊ ရှင်တဲ့သူပဲ စင်ပေါ်က ဆင်းခွင့်ရှိမယ်"

ဂိုဏ်းနှစ်ခု တိုက်ပွဲအကြောင်း သူ သိထားပြီးသား ဖြစ်သော်လည်း တစ်သေတစ်ကြေ တိုက်ရမည်ကိုမူ ယခုမှ သိခြင်းဖြစ်သည်။ ဝမ်ယွမ် စင်ပေါ်တက်သွားလျှင် ပြိုင်ဘက်ကို သတ်နိုင်မှသာ အောက်ပြန်ဆင်းနိုင်မည် မဟုတ်ပါလော။

လော့ချန် ခေတ္တမျှ တွေဝေသွားပြီးနောက် ပြောလိုက်သည်။

"လက်မှတ်တစ်စောင် ပေးဗျာ"

မည်သို့ပင်ဆိုစေ၊ ဝမ်ယွမ်သည် သူ့အတွက် အစ်ကိုအရင်းသဖွယ် ဖြစ်ခဲ့သည်။ စာအုပ်များ ငှားပေးခြင်း၊ ပစ္စည်းများ ပေးကမ်းခြင်းနှင့် လမ်းညွှန်မှုများ ပေးခြင်းတို့ဖြင့် သူ့အား အမြဲတစေ စောင့်ရှောက်ခဲ့သူ ဖြစ်သည်။

သူကိုယ်တိုင် သွားကြည့်ရန် လိုအပ်သည်။ အကယ်၍ ဝမ်ယွမ်သာ ရှုံးနိမ့်သွားခဲ့ပါက သူ့စရိုက်အရ အလောင်းကောက်ပေးမည့်သူပင် ရှိလိမ့်မည် မဟုတ်ပေ။

စွန်းရှို့က ဝိညာဉ်ကျောက်တုံးများကို ယူကာ ကျောက်စိမ်းပြားကို လော့ချန်အား ကမ်းပေးလိုက်သည်။ ထို့နောက် ခပ်အေးအေးပင် ထပ်ပြောလိုက်သည်။

"ဟေး.... မင်းမှာ တကယ်ပဲ ကျောက်တုံးတွေ ရှိသားပဲ၊ ကဲ…. ငါ့ရဲ့ ပထမဆုံး ဖောက်သည်ဖြစ်တဲ့အတွက် အတွင်းသတင်းတစ်ခုပေးမယ်၊ လောင်းကြေးထပ်ရင် တာကျန်းဂိုဏ်း ဘက်ကပဲ လောင်းနော်"

လော့ချန် မျက်လုံးများ ပြူးသွားသည်။

သတင်းပေးတာလား….ခဏလေး….။

လောင်းကြေး….တာကျန်းဂိုဏ်းက နိုင်မှာ….။

"တောက်.... ခင်ဗျားတို့ ပွဲကို ကြိုတင်စီစဥ်ထားကြတာ မဟုတ်လား၊ ဒါ တကယ်ကို ပွဲစဥ်အတုကြီးပဲ"

All Chapters