အဆုံးအဖြတ်စင်မြင့်နှင့် သေမျိုးတစ်ဆယ့်ရှစ်ဦး၏ တိုက်ပွဲ
Vol. 5 Ch. 44
ဈေးနေ့လေးတစ်နေ့ ပြန်လည်ရောက်ရှိလာပြန်သည်။ လော့ချန်သည် ယခင်ကထက် စောစီးစွာပင် သူ၏ဈေးဆိုင်ခန်းလေးသို့ ရောက်ရှိနေပြီဖြစ်သည်။
ဤသည်မှာ အဘိုးချန်အတွက် အံ့အားသင့်စရာပင်။
"မင်း အဲဒီဆေးလုံးတွေ ဖော်စပ်ကတည်းက တစ်လမှတစ်ခါပဲ ပေါ်လာတော့တာ မဟုတ်ဘူးလား"
"အခုတလော ဝိညာဉ်ကျောက်တုံး လိုနေလို့လေ၊ အရင်တစ်သုတ်လောက် လာရောင်းတာ"
လော့ချန်က အေးအေးဆေးဆေးပင် ပြန်ဖြေရင်း ဆေးပုလင်းနှစ်မျိုးကို ကျောက်ပြားပေါ်တွင် စီလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း သံသယဖြင့် မေးလိုက်သည်။
"ဝမ်ယွမ်ရော.... မတွေ့ပါလား"
"မင်း တကယ်ပဲ ဘာမှမသိသေးတာလား"
အဘိုးချန်က အံ့ဩဟန်ဖြင့် မျက်လုံးပြူးပြသည်။
လော့ချန် ကြောင်အသွားသည်။ သူ ဘာကို သိနေရမည်နည်း။
သူသည် အတင်းအဖျင်းစကားများကို နားစွင့်တတ်သူလည်း မဟုတ်ချေ။
နေ့စဉ်နှင့်အမျှ ဆေးဖော်ဆောင်ထဲတွင်သာ အောင်းနေခဲ့ရာ အပြင်လောကမှ သတင်းစကားဟူသမျှကို ကူချိုင်ယီနှင့် ပိုင်မေလင်းတို့ထံမှသာ ကြားသိရခြင်း ဖြစ်သည်။
အဘိုးချန်က လေသံကို လျှော့ကာ ဆက်ပြောသည်။
"မကြာခင် သွေးချောင်းစီးတော့မယ် လော့လေးရာ"
"ဖိုရှန်းဂိုဏ်းနဲ့ တာကျန်းဂိုဏ်းကို ပြောတာလား။ ဟူး…. စိတ်ရှုပ်စရာပဲ၊ သူတို့က လွန်ခဲ့တဲ့ နှစ်လကမှ ငြိမ်းချမ်းရေးယူထားတာ မဟုတ်လား၊ အခု ထပ်ပြီး စလာကြပြန်ပြီလား"
အဘိုးချန်က ခေါင်းယမ်းလိုက်ရင်း ဆိုသည်။
"မဟုတ်ဘူး၊ ဒီတစ်ခါက မတူတော့ဘူး"
အဘိုးချန်၏ ရှင်းပြချက်ကို နားထောင်ပြီးမှသာ လော့ချန် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားတော့သည်။ အနည်းငယ်မျှ စပ်စုလိုစိတ်ရှိသူတိုင်း ယခုအခြေအနေကို အလွယ်တကူ သိနိုင်ကြပေလိမ့်မည်။
လွန်ခဲ့သော နှစ်လက စစ်ပြေငြိမ်းခဲ့ခြင်းမှာ အပေါ်ယံမျှသာ ဖြစ်သည်။
ထိုစဉ်က ကျောက်စိမ်းအိုးဓားနန်းဆောင်မှ ကြားဝင်စေ့စပ်ပေးခဲ့၍ ဖိုရှန်းဂိုဏ်းမှ မီရှုဟွာနှင့် တာကျန်းဂိုဏ်းမှ ဝမ်ဟိုင်ချောင် ဟူသော အခြေခံတည်ဆောက်ခြင်းအဆင့် ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍သာ ဆက်လက် တိုက်ခိုက်နေကြပါက မြို့ပြင်မှာ ပျက်စီးသွားပေတော့မည်။
မြို့တွင်းဖြစ်စေ၊ မြို့ပြင်ဖြစ်စေ ဤနေရာအားလုံးသည် ကျောက်စိမ်းအိုးဓားနန်းဆောင်မှ မြေငှားခကောက်နေသော နေရာများဖြစ်သည်။ အကုန်သေကုန်ကြလျှင် သူတို့ မည်သူ့ဆီမှ အိမ်ငှားခ သွားကောက်ရတော့မည်နည်း။
သို့သော်လည်း တောင်တန်းကုန်သွယ်ရေးလမ်းကြောင်းမှ ရရှိသော အကျိုးအမြတ်မှာ များပြားလွန်းလှသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးစလုံးမှာ အလွယ်တကူ လက်လျှော့လိုစိတ် မရှိကြပေ။
သို့သော် ဈေးကွက်၏ အရှင်သခင်ဖြစ်သည့်အပြင် နောက်ကွယ်တွင် ကျောက်စိမ်းအိုးဓားဂိုဏ်း ရှိနေသော ကျောက်စိမ်းအိုးဓားနန်းဆောင်၏ မျက်နှာကိုလည်း မထောက်ထား၍ မရပေ။ ထို့ကြောင့်ပင် ဓားဂိုဏ်း၏ အဆုံးအဖြတ်စင်မြင့်ပေါ်တွင် တရားဝင် စိန်ခေါ်တိုက်ခိုက်ပြီး အရှုံးအနိုင် ဆုံးဖြတ်ရန် သဘောတူညီခဲ့ကြသည်။
နှစ်ဖက်စလုံးမှ ထိပ်သီးကျင့်ကြံသူ ကိုးဦးစီ စေလွှတ်၍ ကျောက်စိမ်းအိုး ဓားနန်းဆောင်၏ အဆုံးအဖြတ်စင်မြင့် ပေါ်တွင် အသက်ကို ဂရုမထားဘဲ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်သူများ၏ ကျင့်စဉ်အဆင့်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အောက်တွင်သာ ရှိရမည်ဟု ကန့်သတ်ထားသည်။
အကယ်၍ တာကျန်းဂိုဏ်း ရှုံးနိမ့်ခဲ့ပါက တောင်တန်းလုပ်ငန်းများကို စွန့်လွှတ်ကာ လန်ချန်းမြစ်ကြောင်း စီမံခန့်ခွဲရေးကိုသာ အာရုံစိုက်ရမည် ဖြစ်ပြီး ရေကြောင်းလမ်းတစ်ခုကိုလည်း ဖိုရှန်းဂိုဏ်းထံ လွှဲပြောင်းပေးရမည်။
အကယ်၍ ဖိုရှန်းဂိုဏ်း ရှုံးနိမ့်ခဲ့ပါက ပို၍ပင် ရိုးရှင်းသည်။ သူတို့ ပိုင်ဆိုင်ထားသော အဓိက ကုန်သွယ်ရေးလမ်းကြောင်း ငါးခုကို တာကျန်းဂိုဏ်းထံ ပေးအပ်ရမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်လအတွင်း စစ်ပြေငြိမ်းထားခြင်းမှာ ဂိုဏ်းနှစ်ခုစလုံးမှ ထိပ်သီးတိုက်ခိုက်ရေးသမားများကို စုဆောင်းရန် ပြင်ဆင်ချိန်သာ ဖြစ်ပေသည်။
“ဒါကြောင့် ဒီရက်ပိုင်း တာဟဲစျေးမြို့တော်ထဲမှာ လူစိမ်းတွေ အများကြီး ရောက်နေတာကိုး၊ သူတို့တွေက ဂိုဏ်းနှစ်ခုက ငှားထားတဲ့ လူသတ်သမားတွေပဲ”
လော့ချန် သဘောပေါက်သွားတော့သည်။
သူ၏ လက်များမှာ ရပ်တန့်မနေဘဲ ဖောက်သည်ဟောင်းတစ်ဦးထံသို့ ဆေးပုလင်းများ ကမ်းပေးလိုက်သည်။ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းနေစဉ် အဘိုးချန်က ခေါင်းတခါခါနှင့် ဆက်ပြောနေသည်။
"ဒီဂိုဏ်းနှစ်ခုက ဒီနေရာမှာ သြဇာကြီးတယ် ဆိုပေမဲ့ ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်ပါဘူး"
"ဟင်...."
အဘိုးချန်က ဆက်၍ "ဒီသတင်းကို ကျောက်စိမ်းအိုး ဓားဂိုဏ်းက လူတွေက တမင်တကာ ဖြန့်လိုက်တာ၊ ဒါကြောင့်လည်း တခြားနယ်မြေတွေက ကျင့်ကြံသူတွေပါ ဒီကို စုပြုံရောက်လာကြတာပေါ့" ဟု ဆိုသည်။
လော့ချန် မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းက ဘာလို့ ဒီလိုလုပ်ရတာလဲ၊ လူစိမ်းတွေ အများကြီး ရောက်လာရင် ပြဿနာတက်ပြီး ထိန်းချုပ်ရ ခက်ခဲသွားမှာကို သူတို့ မကြောက်ဘူးလား….။
သူ၏ သံသယကို ရိပ်မိသည့်အလား အဘိုးချန်က ရှင်းပြလေသည်။
"အရှေ့ဖျားဒေသရဲ့ ဂိုဏ်းကြီး ခြောက်ဂိုဏ်းမှာ ကိုယ်ပိုင် ထူးခြားချက်တွေနဲ့ စီးပွားရေး နယ်ပယ်တွေ ရှိကြတယ် လော့လေးရဲ့"
“ပိုးပန်းပင်ဂိုဏ်းကတော့ ယောက်ျားနဲ့ မိန်းမ ကြားက ဆက်ဆံရေး အတတ်ပညာတွေမှာ အင်မတန် ကျွမ်းကျင်တာ၊ ဒါကြောင့်လည်း ရှေးကတည်းက သူတို့ရဲ့ ဝင်ငွေက တည်ငြိမ်ပြီးသား”
“နတ်ဘုရားမှော်စာရွက်နန်းတော် ကတော့ နယ်မြေ ခြောက်ခုလုံးမှာ မှော်စာရွက်လုပ်ငန်းဆိုရင် သူတို့ပဲ၊ ဘယ်သူမှ ယှဉ်လို့မရအောင် လက်ဝါးကြီးအုပ်ထားတာလေ”
“ဆေးဘုရင်ဂိုဏ်း ကတော့ ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးလုံးတွေကြောင့် ချမ်းသာလိုက်တာမှ မပြောနဲ့တော့၊ တကယ့်ကို သူဌေးကြီးတွေပေါ့”
“ဓာတ်ကြီးငါးပါးဂိုဏ်း ကတော့ ဝိညာဉ်အပင် စိုက်ပျိုးရေးနဲ့ မှော်အတတ်တွေမှာ နာမည်ကြီးသလို၊ စီးပွားရေးလည်း တောင့်တင်းတယ်”
“ပျံလွှားဂိုဏ်း ကတော့ မှော်လက်နက်တွေနဲ့ စီရင်ထုံး အတတ်ပညာတွေကို ဈေးကွက်ထဲမှာ စိုးမိုးထားတာ၊ သူတို့ရဲ့ ရတနာနန်းဆောင် ဆိုရင် တစ်လောကလုံးမှာ ပြိုင်ဘက်မရှိဘူးလို့ ပြောလို့ရတယ်”
“ဒါဆို ကျောက်စိမ်းအိုး ဓားဂိုဏ်းကကော”
အတွေ့အကြုံနည်းသော နယ်လှည့်ကျင့်ကြံသူများအတွက် ဤဓားဂိုဏ်းတွင် ထူးခြားသော စီးပွားရေးလုပ်ငန်းရှိသည်ဟု ထင်လိမ့်မည်မဟုတ်။
ကျောက်စိမ်းအိုးဓားဂိုဏ်းသည် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် အာဏာစက် ထက်မြက်သော်လည်း တပည့်အများစုမှာ ဓားကျင့်ကြံသူ များသာ ဖြစ်ကြသည်။
ဓားကျင့်ကြံသူများသည် ရင်ဆိုင်တိုက်ခိုက်ရာတွင် အလွန်တရာ အစွမ်းထက်ကြသော်လည်း ထုတ်လုပ်မှုပိုင်းတွင် အားနည်းကြသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းတွင် သင့်တင့်သော ဓားသွန်းလုပ်သည့် အတတ်ပညာရှိသော်လည်း ပျံလွှားဂိုဏ်းနှင့် ယှဉ်လျှင်မူ ကလေးကစားစရာမျှသာ ရှိသည်။
အထူးသဖြင့် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ သွန်းလုပ်သော ဓားများမှာ ဓားအမြုတေကို အဓိကထားပြီး စိတ်ဝိညာဉ်ဖြင့် တစ်သက်လုံး ပြုစုပျိုးထောင်ရသည်။ သာမန်ကျင့်ကြံသူများမှာ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ချင်ကြသည်ဖြစ်ရာ ဓားတစ်လက်တည်းဖြင့် လောကကို ရင်ဆိုင်လိုသူ ရှားပါးလှသည်။ သာမန် ပျံသန်းရေးမှော်လက်နက်များကသာ သူတို့အတွက် ပို၍ အသုံးတည့်လှသည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ဆေးဖော်စပ်ခြင်း၊ မှော်အတတ်၊ စီရင်ထုံးများကို စမ်းသပ်လုပ်ကိုင်သော်လည်း အခြားဂိုဏ်းများကဲ့သို့ မကျွမ်းကျင်ကြချေ။
"ဒါဆို ဦးလေးချန် ပြောပုံအရဆိုရင် ကျောက်စိမ်းအိုးဓားဂိုဏ်းက ကျင့်ကြံသူတွေက အငတ်ဘေး ဆိုက်နေကြတာပေါ့ ဟုတ်လား"
လော့ချန်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"အဲလိုတော့လည်း မဟုတ်ဘူးပေါ့၊ ဒီနယ်မြေတစ်ခုလုံးက သူတို့ပိုင်တာပဲလေ"
အဘိုးချန်က အတင်းအဖျင်း သတင်းများကို ပုတီးစိပ်သလို ရွတ်ပြနေတော့သည်။
"ဥပမာဆိုရင် ခေါင်းလောင်းရွှေအိုးရိပ်မြုံတို့၊ အဆုံးအဖြတ်စင်မြင့်တို့ဆိုရင် သူတို့ရဲ့ စီးပွားရေးတွေပဲပေါ့"
“စားသောက်ဆိုင်တွေ…. လူသတ်ကွင်းတွေ.... အဲဒါတွေက ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရမှာမို့လို့လဲ”
အဘိုးချန်က စကားဆက်လိုက်သည်။
“ငါတို့ ပေးနေရတဲ့ အိမ်လခနဲ့ ဆိုင်ခန်းလခတွေကလည်း သူတို့ရဲ့ ဝင်ငွေပဲလေ၊ နောက်ထပ် အဓိက ဝင်ငွေတစ်ခုက ကျောက်စိမ်းအိုးနယ်မြေဟာ ဝမ်တောင်တန်းကြီးနဲ့ အနီးဆုံးပဲ၊ အဲဒီက ထွက်တဲ့ ရတနာတွေကို ကျောက်စိမ်းအိုးဓားဂိုဏ်းက အရင်ဆုံး ဝယ်ယူခွင့်ရပြီးမှ နယ်မြေ ခြောက်ခုလုံးက အခြားဂိုဏ်းတွေကို ပြန်ရောင်းတာကွ"
လော့ချန်က ပြုံးလျက် မှတ်ချက်ပေးလိုက်သည်။
"ဒါပေမဲ့ ကြည့်ရတာတော့ နည်းနည်း နွမ်းပါးသလိုပဲနော်"
ထို့နောက် မြို့လယ်ရှိ ခန့်ညားထည်ဝါသော အဆောက်အအုံများကို လက်ညှိုးညွှန်လျက် မေးလိုက်သည်။
"ဒါဆိုရင် ကျောက်စိမ်းအိုးဓားဂိုဏ်းက ဘာလို့ တခြားဂိုဏ်းတွေကို မောင်းထုတ်ပြီး သူတို့ စီးပွားရေးတွေကို မသိမ်းပိုက်တာလဲ"
"သူတို့ဖော်တဲ့ ဆေးလုံးတွေနဲ့ မှော်အတတ်တွေက အရည်အသွေး ညံ့တယ်ဆိုရင်တောင် တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဒါမှမဟုတ် မိသားစုငယ်လေးတွေ လုပ်တာထက်တော့ သာမှာပဲလေ"
"ဓားကို ကိုင်ထားတဲ့လူတွေပဲ၊ ဘယ်သူက သူတို့ဆီက မဝယ်ဘဲ နေရဲမှာလဲ"
"သူတို့ မလုပ်ရဲဘူးကွ"
အဘိုးချန်က အသံကိုနှိမ့်၍ ဆက်ပြောလိုက်သည်။
"တကယ်တော့ ဒီကျောက်စိမ်းအိုး နယ်မြေဆိုတာ ကျောက်စိမ်းအိုး ဓားဂိုဏ်း တစ်ခုတည်းက သိမ်းပိုက်ခဲ့တာ မဟုတ်ဘူး၊ တခြား ဂိုဏ်းကြီး ငါးဂိုဏ်းနဲ့ ဂိုဏ်းငယ်လေးတွေ အများကြီးကလည်း ပါဝင်ကူညီခဲ့ကြတာလေ"
“သြော်…. အဲဒီလိုကိုး”
လော့ချန် နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
အကယ်၍ ကျောက်စိမ်းအိုး နယ်မြေသည် ကုမ္ပဏီတစ်ခု ဆိုပါက ကျောက်စိမ်းအိုး ဓားဂိုဏ်းမှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် အမှုဆောင်ဒါရိုက်တာ ဖြစ်ပြီး ကျန်သည့်ဂိုဏ်းများမှာ ရှယ်ယာရှင်ငယ်များ ဖြစ်ကြပေလိမ့်မည်။
သို့သော် အမြတ်ဝေစုမှာ ညီတူညီမျှ မဟုတ်ဘဲ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်ပေသည်။
ဓားဂိုဏ်းမှာ အိမ်ရှင် ဖြစ်နေခြင်းကြောင့်သာ အသာစီး ရနေခြင်း ဖြစ်သည်။
အဘိုးချန်၏ ရှင်းပြချက်ကြောင့် လော့ချန်မှာ အခြေအနေအရပ်ရပ်ကို အထင်းသား မြင်ယောင်သွားတော့သည်။
အဆုံးအဖြတ်စင်မြင့်သည် ကျောက်စိမ်းအိုး ဓားဂိုဏ်းအတွက် အရေးပါသော စီးပွားရေးတစ်ခု ဖြစ်သည်။ ယခုအခါ ဂိုဏ်းနှစ်ခု၏ ရန်ငြိုးကို အသုံးချကာ ကျင့်ကြံသူတစ်ဆယ့်ရှစ်ဦး၏ အသေခံတိုက်ပွဲဖြင့် အကျိုးအမြတ်ကို အမြင့်ဆုံး ရယူရန် ကြံစည်နေခြင်း ဖြစ်သည်။
သတင်းများကို နယ်မြေအနှံ့ ဖြန့်လိုက်ခြင်းဖြင့် ပွဲကြည့်လက်မှတ် ရောင်းရရုံတင်မကဘဲ လေလံပွဲများနှင့် အခြားပွဲများကိုပါ ထည့်သွင်းကျင်းပကာ အမြတ်ငွေများကို မိုးထိုးအောင် ရှာဖွေကြတော့မည်။
“ကျင့်ကြံသူတွေက တကယ်ကို လူလည်တွေပဲ” ဟု လော့ချန် မှတ်ချက်ချလိုက်သည်။
ဂိုဏ်းနှစ်ခု၏ နယ်မြေလုပွဲဟု ထင်ရသော်လည်း အမှန်တကယ် အမြတ်အစွန်း အများဆုံး ရရှိသူမှာ ကြားဝင်စေ့စပ်ပေးသည့် ကျောက်စိမ်းအိုးဓားဂိုဏ်းသာ ဖြစ်ပေသည်။
ထို့အပြင် ဖိုရှန်းဂိုဏ်း သို့မဟုတ် တာကျန်းဂိုဏ်း မည်သူပင်နိုင်ပါစေ၊ သူတို့လုနေကြသည့် တောင်တန်းရတနာများသည် ကျောက်စိမ်းအိုး ဓားနန်းဆောင်ထံသို့သာ အရင်ဆုံး ရောက်ရှိလာဦးမည် ဖြစ်သည်။
အသားဟင်းမှာ ကိုယ့်အိုးထဲ ရောက်နေပြီးသားဖြစ်ရာ၊ အခြားသော သားကောင်များကို မြှူဆွယ်နိုင်ရန်အတွက် ဟင်းနံ့လေး နည်းနည်းတော့ လွှင့်ပေးလိုက်ခြင်းပင်။ ဤသည်မှာ ပါးနပ်လှသော ပရိယာယ်တစ်ခုပင် မဟုတ်ပါလော။
ကံမကောင်းစွာဖြင့် ဤအရာများမှာ လော့ချန်ကဲ့သို့ ချီသန့်စင် အဆင့် ၄ ကျင့်ကြံသူလေးနှင့် မဆိုင်သယောင် ရှိလှသည်။
သို့သော် အနည်းငယ်တော့ သက်ဆိုင်နေပြန်သည်။
သူ၏ ညီအစ်ကိုအရင်းအချာသဖွယ်ဖြစ်သော ဝမ်ယွမ်မှာ ဖိုရှန်းဂိုဏ်း၏ ထိပ်သီးတိုက်ခိုက်ရေးသမားအဖြစ် ပါဝင်နေသည် မဟုတ်ပါလော။
ထိုသူမှာ ဖိုရှန်းဂိုဏ်း၏ အတော်ဆုံးဟု ဆိုရမည့် ထိပ်တန်း တိုက်ခိုက်ရေးသမားကြီးပင်။
“ပွဲကျရင် ဝမ်ယွမ်ကို သွားပြီး အားပေးသင့်လား”
လော့ချန် တွေးတောနေမိတော့သည်။