ပါရမီရှင်အဆင့် မီးလုံးမှော်အတတ်
Vol. 5 Ch. 43
ငါးရက်ကြာပြီးနောက်....။
ညဉ့်နက်သန်းခေါင်ယံအချိန်၌ပင် လော့ချန် မနားမနေ အလုပ်ရှုပ်နေဆဲဖြစ်သည်။
သူသည် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို စင်ကြယ်အောင် ဆေးကြောပြီး ဆေးဖော်ဆောင်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်လိုက်သည်။
မီးဖိုထဲမှ ပြာများကို ပုံးကြီးတစ်ပုံးထဲသို့ စုထည့်ကာ အပြင်သို့ စွန့်ပစ်ရန် ပြင်ဆင်လိုက်သည်။ တာဟဲဈေးမြို့တော်၏ စည်းမျဉ်းအရ ညဘက်အမှိုက်သိမ်းခအတွက် တစ်လလျှင် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးဆောင်ထားရသဖြင့် နောက်တစ်နေ့ နံနက်တွင် တာဝန်ရှိသူက လာရောက်သိမ်းဆည်းသွားမည် ဖြစ်သည်။
အရာအားလုံး သန့်ရှင်းသွားပြီးနောက် အားလုံးအိပ်မောကျနေချိန်တွင် လော့ချန်သည် ခြံဝင်းအတွင်း၌ ရေအေးအေးဖြင့် ကိုယ်လက်သန့်စင်လိုက်သည်။
တစ်ဆက်တည်းမှာပင် ဖူရှို့ရှို့ အပ်နှံထားသော ပန်းအိုးများကိုလည်း သူခိုးရန်မှ စိတ်ချရအောင် အိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ အများစုမှာ အလှစိုက်ပန်းများ ဖြစ်သော်လည်း လရောင်မြက် ကဲ့သို့ အဆင့် (၁) ဝိညာဉ်ပင်များလည်း ပါဝင်နေသည် မဟုတ်ပါလော။
အလုပ်အားလုံး ပြီးစီးသွားသောအခါမှ လော့ချန်သည် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ထိုအခါမှ သူသည် အိပ်ရာပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။
ပုလင်းကို အသာအယာ စောင်းလိုက်ရာ နဂါးမျက်လုံးခန့်ရှိသော ဆေးလုံးတစ်လုံး လက်ထဲသို့ ကျလာလေသည်။
"ဒါ ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ ချီစွမ်းအင်ဖြည့်ဆေးလုံးပဲ…."
သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တွန့်ဆုတ်မနေဘဲ လော့ချန်သည် ဆေးလုံးကို မျိုချလိုက်ပြီး ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို စုပ်ယူရင်း နွေဦးကျင့်စဉ်ကို လည်ပတ်ကာ ဆေးအရှိန်ကို စတင်ချေဖျက်လေတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် သူ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူ၏ ကိုယ်တွင်းရှိ ဒန်တျန် နေရာ၌ အနည်းငယ် တင်းကြပ်လာသော ခံစားချက်ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာ တိုးတက်လာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် စိတ်အာရုံဖြင့် အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
….
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း -၂၇ / ၇၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - ချီသန့်စင်အဆင့် ၄ (၆၁/၁၀၀)
အောင်မြင်မှုအမှတ် - ၁၁ မှတ်
[ကျင့်စဉ်များ]
နွေဦးကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၄၉၀/၅၀၀)
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - ပါရမီရှင်အဆင့် (၆၃၀/၁၀၀၀)
လေလွင့်ခြေလှမ်း - ပြီးပြည့်စုံအဆင့် (၄၅၁/၅၀၀)
နွယ်ရှင်နှောင်ကြိုး - တတ်မြောက်အဆင့် (၂၇၈/၃၀၀)
သန့်စင်ခြင်းမှော်အတတ် - ကျွမ်းကျင်အဆင့် (၁၂၀/၂၀၀)
ဆွဲငင်မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၀/၅၀၀)
နတ်မျက်စိ - ကျွမ်းကျင်အဆင့် (၂၃၇/၃၀၀)
လေခွင်းမှော်အတတ် - အခြေခံအဆင့် (၅၆/၁၀၀)
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၇၉၀/၁၀၀၀)
အံ့ဖွယ်တစ်သောင်းဆေးလုံး - ကျွမ်းကျင်အဆင့် (၂၁၁/၃၀၀)
လော့ချန်သည် ဇယားကိုကြည့်ရင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။
ပြောင်းလဲ၍မရသော သက်တမ်းနှင့် ဝိညာဉ်အမြစ်တို့မှလွဲ၍ ကျန်အရာအားလုံး တိုးတက်လာခဲ့လေပြီ။ ဤလောကသို့ စတင်ရောက်ရှိစဉ်က ဗလာနတ္ထိဖြစ်ခဲ့သော ဇယားနှင့်ယှဉ်လျှင် ယခုတိုးတက်မှုမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။
ပထမဆုံး ပြောင်းလဲမှုမှာ ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။
ချီစွမ်းအင် မြှင့်တင်ဆေးများအတွက် ဝိညာဉ်ကျောက်တုံး ၅၀၀ ခန့် အသုံးပြုခဲ့ရပြီး အဆင့် (၁) ဝိညာဉ်ကြော၏ ထောက်ပံ့မှု၊ ပြီးပြည့်စုံအဆင့် နွေဦးကျင့်စဉ်နှင့် လရောင်မြက်၏ ကူညီမှုတို့ကြောင့် တိုးတက်မှုဘားမှာ ၆၁ သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အကယ်၍ ချီစွမ်းအင်ဖြည့်ဆေးလုံးလုံးသာ လုံလောက်အောင် ရှိနေပါက ချီသန့်စင် အဆင့် (၅) သို့ တက်လှမ်းရန်မှာ လက်တစ်ကမ်းသာ လိုတော့သည်။
ဒုတိယမှာ ကျင့်စဉ် ဖြစ်သည်။ နွေဦးကျင့်စဉ်မှာ ပါရမီရှင်အဆင့်သို့ ရောက်ရန် ၁၀ မှတ်သာ လိုတော့သဖြင့် သုံးလေးရက်အတွင်း အောင်မြင်ပေလိမ့်မည်။
လော့ချန် စိတ်မလောပေ။ ပါရမီရှင်အဆင့်တွင် မည်သို့သော ထူးခြားမှုများ ရှိလာမည်ကို သိလိုသော်လည်း စောင့်ဆိုင်းရခြင်း၏ တန်ဖိုးကို သူနားလည်သည်။ ယခုထက် ပိုမိုခက်ခဲသော နေ့ရက်များကို ဖြတ်ကျော်ခဲ့ဖူးသူ ဖြစ်လေရာ ယခုစောင့်ဆိုင်းခြင်းမှာ နံနက်မိုးမလင်းမီ အမှောင်ထုထဲတွင် ခဏနားနေရခြင်းမျှသာ ဖြစ်သည်။
နောက်ထပ် အသိသာဆုံး ပြောင်းလဲမှုမှာ မှော်အတတ်များပင်။ ဤနေရာသည် အပြောင်းလဲဆုံးနှင့် တိုးတက်မှုအရှိဆုံး အပိုင်းပင်။ တိုးတက်မှုများလွန်းသဖြင့် မည်သည့်နေရာမှ စတင်သုံးသပ်ရမည်ကိုပင် လော့ချန် မဝေခွဲနိုင်တော့ပေ။
ကူချိုင်ယီထံမှ သင်ယူပြီးနောက် နေ့စဉ်ဘဝတွင် အသုံးချခဲ့ခြင်းကြောင့် မှော်အတတ်များ၏ ကျွမ်းကျင်မှုမှာ အဟုန်ဖြင့် မြင့်တက်ခဲ့သည်။ ပြီးပြည့်စုံအဆင့် လေလွင့်ခြေလှမ်းနှင့် အသစ်စက်စက် လေခွင်းအတတ်တို့ကို တွဲသုံးပါက သူ၏ အရှိန်မှာ ပျံသန်းရေး ဝိညာဉ်လက်နက်များထက်ပင် ပိုမိုမြန်ဆန်နေပြီ ဖြစ်သည်။
မနေ့ကပင် သူသည် ကြာဖက်ပျံလွှား နှင့် ယှဉ်ပြိုင်စမ်းသပ်ကြည့်ရာ သူ၏ပြေးနှုန်းက ပိုမိုမြန်ဆန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အခြားသော နွယ်ရှင်နှောင်ကြိုးနှင့် သန့်စင်ခြင်း မှော်အတတ်တို့မှာမူ နေ့စဉ်လေ့ကျင့်မှုများသာ ဖြစ်သဖြင့် တိုက်ခိုက်ရေးတွင် သိပ်အသုံးမဝင်လှပေ။
သို့သော် နတ်မျက်စိမှာမူ ဆေးဖော်စပ်ရာတွင် အဆက်မပြတ် သုံးခဲ့သဖြင့် ရက်ပိုင်းအတွင်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားသည်။
ဆွဲငင်မှော်အတတ်မှာမူ ပို၍ပင်မြန်ဆန်သေးသည်။ ယခုအခါ ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ စိမ်းမြရတနာဓားကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ နောင်တွင် ရန်သူနှင့်ရင်ဆိုင်ရပါက ဤသည်မှာ သူ၏ အားအကိုးရဆုံး တိုက်ကွက်တစ်ခု ဖြစ်လာပေလိမ့်မည်။
တကယ့်ကို ဝမ်းသာစရာပဲ.…။
သို့သော် လော့ချန်အား အကျေနပ်ဆုံး ဖြစ်စေသည်မှာ မီးလုံးမှော်အတတ်ပင်။ အခြေခံအဆင့်မှ ယခုကဲ့သို့ ပါရမီရှင်အဆင့်သို့ ရောက်ရန် သူ မည်မျှ ကြိုးစားခဲ့ရသည်ကို သူကိုယ်တိုင်သာ သိသည်။ အသုံးပြုခဲ့ရသော ချီစွမ်းအားမှာ မရေမတွက်နိုင်သော်လည်း ရလဒ်ကမူ တန်ဖိုးရှိလှသည်။
သူ၏ စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် မျက်တောင်တစ်ခတ်အတွင်း လက်ဖဝါးပေါ်၌ မီးပွားငယ် ဆယ်ခု ပေါ်ပေါက်လာသည်။ ထိုမီးပွားလေးများသည် ပိုးစုန်းကြူးများသဖွယ် လှပစွာ ကခုန်နေကြပြီး စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။
ဤသည်မှာ ပါရမီရှင်အဆင့် မီးလုံးမှော်အတတ်၏ အရည်အသွေးပြောင်းလဲမှုပင် ဖြစ်သည်။
မည်သည့် လက်ဟန်မှ ပြုလုပ်ရန် မလိုတော့ဘဲ ချီစွမ်းအားကို စီးဆင်းစေရုံဖြင့် ရရှိနိုင်ပြီဖြစ်သည်။ ယခင် တစ်လုံးချင်း ပစ်ရသည်နှင့် မတူဘဲ ယခုအခါ တစ်ပြိုင်နက်တည်း ၁၀ လုံး ပစ်လွှတ်နိုင်ပြီ ဖြစ်သည်။
အကယ်၍ သူသာ ချီစွမ်းအားကို အပြည့်အဝ သုံးစွဲမည်ဆိုလျှင် ထိုမီးပွား ၁၀ လုံးစီသည် သာမန်မီးတောက်လုံးကြီး တစ်လုံး၏ အဖျက်စွမ်းအားအတိုင်း ရှိနေမည်ဖြစ်သည်။ လော့ချန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်သစ်တစ်ခုသို့ ကူးပြောင်းသွားခဲ့လေပြီ။
ဤသည်မှာ အနီးကပ် ဗုံးကြဲမှုတစ်ခုနှင့် တူသည်။ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာမည့် မီးလုံး ၁၀ လုံးကို မည်သူမျှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
လော့ချန်သည် ဤတိုက်ကွက်ကို အမည်အသစ် ပေးလိုက်သည်။ မီးလုံးမှော်အတတ် ဆိုသည့် အမည်မှာ ရိုးလွန်းလှသဖြင့် မီးလျှံပိုးအိမ်ဟု သူ ကင်ပွန်းတပ်လိုက်သည်။
သူ လက်ကို ခါယမ်းလိုက်ရာ မီးစဆယ်ခုသည် ကြွေပြားများပေါ်သို့ ကျရောက်သွားပြီး တရှဲရှဲ အသံမြည်ကာ လောင်ကျွမ်းသွားတော့သည်။
မှော်အတတ်များကို သုံးသပ်ပြီးနောက် နောက်ဆုံးကျန်သည်မှာ အတတ်ပညာပိုင်း ဖြစ်သည်။
သူသည် ပထမအဆင့် ဆေးဖော်ဆရာအဖြစ်သာ ရှိသေးပြီး ဒုတိယအဆင့် ဆေးလုံးကို အောင်မြင်စွာ မဖော်စပ်နိုင်သရွေ့ ဤအဆင့်က ပြောင်းလဲမည်မဟုတ်ပေ။
မှော်အာဟာရဆေးလုံးမှာ ပါရမီရှင်အဆင့်တွင် တည်ငြိမ်နေပြီး သူ၏ ဝင်ငွေအရင်းအမြစ်အဖြစ် ရှိနေဆဲပင်။
အကြီးမားဆုံး တိုးတက်မှုမှာမူ အံ့ဖွယ်တစ်သောင်းဆေးလုံးပင် ဖြစ်သည်။
ပြန်စဉ်းစားကြည့်လျှင် အခြေခံအဆင့်မှ တတ်မြောက်အဆင့် ရောက်ရန် လပေါင်းလေးလကြာ အချိန်ယူခဲ့ရသည်။
ထိုစဉ်က သူသည် အကြိမ်ပေါင်း တစ်ရာကျော် ကျရှုံးခဲ့ပြီး ဝိညာဉ်ကျောက်တုံး ၅၀၀ ခန့် ရင်းနှီးခဲ့ရသည်။ တစ်ခါတစ်ရံ မှော်အာဟာရဆေးလုံးမှ ရသော ဝင်ငွေလေးဖြင့်သာ မနည်းရပ်တည်ခဲ့ရသည်။
ထိုနေ့ရက်များတွင် သူ့ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေခဲ့ရပြီး အရင်းအနှီးအားလုံး ဆုံးရှုံးသွားမည်ကို အမြဲ စိုးရိမ်ခဲ့ရသည်။
ပြီးခဲ့သည့်လကမှ တတ်မြောက်အဆင့်သို့ မနည်းတက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ အားလုံးပြောင်းလဲသွားလေပြီ။
ရင်းနှီးမြှုပ်နှံမှုမှာ အစပိုင်း စုဆောင်းရသည့် အချိန်က အခက်ခဲဆုံးပင်။ ပထမဆုံးသော အောင်မြင်မှု အရသာကို မြည်းစမ်းလိုက်ရသည်နှင့် ကျန်သောအရာအားလုံးမှာ အလိုအလျောက် တိုးတက်လာတော့သည်။
လော့ချန်သည်လည်း ထိုအခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
တစ်နှစ်တာ ပြင်ဆင်မှုနှင့် လေးလကြာ ကျွမ်းကျင်မှု လေ့ကျင့်မှုများပြီးနောက် ဤလတွင် သူ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ယခု လဝက်အတွင်းမှာပင် သူ အသုတ်ပေါင်း ၃၀ ဖော်စပ်ခဲ့ရာ ၆ ကြိမ် အောင်မြင်ခဲ့ပြီး အံ့ဖွယ်တစ်သောင်းဆေးလုံး ၆၀ ရရှိခဲ့သည်။ ဤအောင်မြင်မှုများကြောင့် သူ၏ ကျွမ်းကျင်မှုအမှတ်မှာ ၆၀ တိုးလာပြီး ကျွမ်းကျင်အဆင့် သို့ တက်လှမ်းနိုင်ခဲ့သည်။
ကျွမ်းကျင်အဆင့်ရှိသော အံ့ဖွယ်တစ်သောင်းဆေးလုံး၏ အာနိသင်ကို မစမ်းသပ်ရသေးသော်လည်း တစ်ခုတော့ သေချာသည်။ သူ အရှိန်ရနေပြီ ဖြစ်သည်။ အတတ်ပညာ တိုးတက်လေ၊ ဝင်ငွေတိုးလေဖြစ်ပြီး ကျွမ်းကျင်မှုမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်စွာ မြင့်တက်လာပေလိမ့်မည်။
ပါရမီရှင်အဆင့်ဆိုသည်မှာ လက်တစ်ကမ်းအကွာမှာသာ ရှိတော့သည်။
ထို့အပြင် အံ့အားသင့်စရာများက ဤတွင် မဆုံးသေးပေ။
အခြေအနေပြကြေးမုံပြင်တွင် အောင်မြင်မှုအမှတ် ၁၁ မှတ် ရှိနေသည်။ တစ်ဖန် ဆယ်မှတ်ကျော်သွားပြီ ဖြစ်ရာ သူ၏ ကျင့်စဉ်၊ မှော်အတတ် သို့မဟုတ် အတတ်ပညာတစ်ခုခုကို မြှင့်တင်ရန် အခွင့်အရေးတစ်ခု ထပ်ရပြန်ပြီ ဖြစ်သည်။
သို့သော် လော့ချန်သည် ထိုအမှတ်များကို မည်သည့်နေရာတွင် သုံးရမည်ကို မဆုံးဖြတ်ရသေးပေ။
သူ မသင်ယူရသေးသော ကုသခြင်းအတတ် မှလွဲလျှင် ကျန်ရှိနေသည်မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ မပြည့်စုံသော ဆေးနည်းသာ ရှိသည်။
ထိုဆေးလုံးမှာ အဆင့် (၂) ဆေးလုံးဖြစ်ပြီး သူ့အဆင့်နှင့် မကိုက်ညီသေးပေ။ ထို့အပြင် ဆေးဖက်ဝင်ပစ္စည်းများမှာလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ရနိုင်သည့် ပစ္စည်းများ ဖြစ်နေသည်။
"ဒီအမှတ်တွေကို အရန်သိမ်းထားတာ ပိုကောင်းမယ်၊ တစ်နေ့နေ့မှာ လိုလာလိမ့်မယ်၊ အခုလောလောဆယ် ဆေးတွေ ထပ်ဖော်ဖို့ထက် အရင်ဆုံး အရင်းအနှီးတွေ ပြန်ရအောင် လုပ်ရမယ်"
လော့ချန်တစ်ယောက် ဗလာဖြစ်နေသော ကျောက်စိမ်းပုလင်းလေးကို ကြည့်ရင်း ရေရွတ်လိုက်သည်။
ဆေးလုံးများ၏ အကူအညီဖြင့် ဒုံးပျံကဲ့သို့ လျင်မြန်ခဲ့သော ကျင့်ကြံခြင်း နေ့ရက်များကို သူ လွမ်းဆွတ်နေမိတော့သည်။