← Chapters

နှလုံးသားကပ်ဘေး

Vol. 5 Ch. 42

နှလုံးသားကပ်ဘေး

Vol. 5 Ch. 42

“ဖေးပေါ်ဝမ်က အိုက်လောင်တောင်က အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ပဲ”

"ဒီတစ်ခေါက် သူတာဟဲစျေးမြို့တော်ကို လာတာက ဒီက အဆောက်အအုံတွေရဲ့ အခြေအနေကို စစ်ဆေးပြုပြင်ဖို့ပဲ၊ တကယ်တော့ တာဟဲစျေးမြို့တော်ဆိုတာ အိုက်လောင်တောင်က ကျောက်စိမ်းအိုးဓားဂိုဏ်း အတွက် အထူးပုံဖော် တည်ဆောက်ပေးထားခဲ့တာ မဟုတ်လား"

"ဒါတင်မကသေးဘူး၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက သူ့ကို ငွေပုံပေးပြီး အထင်ကရ အဆောက်အအုံသစ်ကြီးတစ်ခုကို ထပ်ပြီးပုံစံထုတ် တည်ဆောက်ခိုင်းဖို့လည်း စီစဉ်ထားသေးတယ်လေ"

ကူချိုင်ယီ၏ စကားကို ကြားသောအခါ လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားတော့သည်။

တောက်…. သူက ကန်ထရိုက်တာကြီး ဖြစ်နေတာကိုး….။

ထိုမျှအထိ ချမ်းသာကြွယ်ဝနေသည်မှာ မဆန်းတော့ပေ။ အနိမ့်စား ဆေးလုံးများနှင့် ဝိညာဉ်လက်နက်များကို လက်ဖွာသလို ကြဲပက်နေနိုင်ခြင်းမှာ ဤအကြောင်းကြောင့်ပင်။ သို့သော် မည်မျှပင် ချမ်းသာစေကာမူ ဝိညာဉ်ကျောက်များကို ဤကဲ့သို့ ဖြုန်းတီးနေခြင်းမှာ စဉ်းစားစရာပင်။

လော့ချန်၏ သံသယကို မြင်သောအခါ ကူချိုင်ယီက ခဏမျှ စဉ်းစားပြီး ဝေခွဲမရသည့်လေသံဖြင့် ဆိုသည်။

"သူ ကျွန်မအပေါ် စိတ်ရှိနေတာများလား"

စကားအဆုံးတွင် ကူချိုင်ယီသည် ပါးစပ်လေးအနည်းငယ်ဟကာ လော့ချန်၏ လက်မောင်းကို ဆွဲရမ်း၍ အားတက်သရော အာမေဍိတ်သံပြုလိုက်သည်။

“ကျွန်မတော့ ကျင့်ကြံခြင်းလမ်းစဉ်မှာ အားကိုးရမယ့် တောင်ကြီးတစ်လုံး တွေ့ပြီထင်တယ်”

လော့ချန်က မျက်လုံးအသာလှန်ကာ စောင်းမြောင်းပြောလိုက်သည်။

“ရှူးဂါးဒယ်ဒီရှာတာ ရှက်စရာကောင်းတယ် မဟုတ်လားဗျာ"

“ရှူးဂါးဒယ်ဒီရှာတာ ဟုတ်လား”

ကျင့်ကြံသူတစ်ဦးဖြစ်သည့် ကူချိုင်ယီသည် ကမ္ဘာမြေမှ ထိုစကားလုံး၏ အနက်အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားသည်။

သူမ လော့ချန်အား လက်သီးဖြင့် အားရပါးရတစ်ချက်ထိုးပြီးနောက် အလေးအနက် ပြန်စဉ်းစားကာ ရေရွတ်လိုက်သည်။

“ကြားဖူးတာတော့ ဖေးပိုင်ဝန်က အိမ်ထောင်သည်တဲ့၊ သူ့ဇနီးက အိုက်လောင်တောင်က ရွှေအမြုတေအဆင့် ကျင့်ကြံသူရဲ့ မြေးမလေးဆိုတော့ သူက သားမက်အဖြစ် မိန်းမနောက်လိုက်နေရတာပေါ့၊ သူ အပျော်အပါး ထားဝံ့မှာ မဟုတ်ဘူး”

“သြော်….ဒါဆို သူက ဇနီးဘက်က အရှိန်အဝါနဲ့ ကြီးပွားနေတဲ့ သားမက်ပေါ့လေ”

သူမ နှာခေါင်းရှုံ့လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့၊ ဒီလိုလူမျိုးကို သွားမပတ်သက်တာ အကောင်းဆုံးပဲ၊ သူ ကျွန်မအပေါ် စိတ်ရှိရင်တောင် သူ့မိန်းမကို ကျွန်မ မစော်ကားရဲဘူး၊ ပြီးတော့ ဒါက ကျွန်မ တကယ်လိုချင်တဲ့အရာလည်း မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် သူမ ထွက်ခွာရန် ပြင်လိုက်သည်။

လော့ချန်က နောက်မှ လှမ်းအော်ပြောလိုက်သည်။

“မိန်းကလေးချိုင်ယီ၊ မနက်ဖြန် ပြန်လာရင် ကျောက်စိမ်းပုလင်း ၅၀၀ လောက် ဝယ်ခဲ့ပေးပါဦး၊ ဒီပုံစံမျိုးပဲနော်၊ ဝိညာဉ်ကျောက်ကိုတော့ ပြန်လာမှ ပေးမယ်”

ကူချိုင်ယီက လှည့်မကြည့်တော့ဘဲ လက်ကိုသာ ဝှေ့ယမ်းပြပြီး ထွက်သွားလေသည်။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ချန် သက်ပြင်းတစ်ချက်ချကာ ဆေးဖော်ဆောင်အတွင်းသို့ တစ်ဖန်ပြန်ဝင်ခဲ့သည်။

"ထပ်ရှုံးပြန်ပြီ၊ နေ့လယ်ပိုင်းတွေမှာ ဘာလို့ အောင်မြင်မှုနှုန်းက ဒီလောက်အထိ ကျနေရတာလဲ"

"တစ်နေ့ကို နှစ်ကြိမ် ဆေးဖော်တာက ငါ့အတွက် များလွန်းနေတာလား"

မျက်နှာတစ်ခုလုံး မီးခိုးမှိုင်းများဖြင့် ပေကျံနေသော လော့ချန်သည် ဖယ်ရှားလိုက်ရသော ဆေးဖတ်များကို ကြည့်ရင်း စိတ်ပျက်နေမိသည်။ တစ်ကြိမ်ရှုံးနိမ့်ခြင်းမှာ ဝိညာဉ်ကျောက် (၅) တုံး ရေထဲမျှောလိုက်ရခြင်းနှင့် အတူတူပင်။

သူသည် မီးဖိုကို ဆေးကြောပြီး ဆေးဖော်ဆောင်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

အခန်းထဲတွင် မှော်အတတ် အနည်းငယ် လေ့ကျင့်ပြီးနောက် ရေချိုးကာ အိပ်ရာဝင်ခဲ့သည်။ ကျန်ရှိနေသော ချီစွမ်းအင်ဖြည့်ဆေးလုံးတစ်လုံးကို မှီဝဲရင်း နွေဦး ကျင့်စဉ်ကို စတင်လေ့ကျင့်လေသည်။

သူ၏ ကျင့်ကြံမှုအဆင့် နိမ့်ပါးလွန်းခြင်းကြောင့် မွန်းလွဲပိုင်း ဆေးဖော်စပ်ရာတွင် မနက်ပိုင်းလောက် ခရီးမရောက်ခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိသည်။ ထိုအတွေးကြောင့် ကျင့်စဉ် လေ့ကျင့်နေစဉ်မှာပင် လောကြီးသည့် စိတ်များ ဝင်ရောက်လာသည်။

မျက်လုံးများကို တင်းတင်းပိတ်ထားသော်လည်း သူ၏ အသက်ရှူသံမှာ ပုံမှန်ထက် ပိုမိုလေးလံနေသည်။

“ဒီလိုနေ့ရက်တွေက ဘယ်တော့မှ ကုန်ဆုံးမှာလဲ”

“ကူချိုင်ယီကတော့ တကယ်ကံကောင်းတာပဲ၊ ဆေးလုံးတွေရော မှော်လက်နက်တွေရော လက်ဆောင်ရတယ်၊ ငါကတော့ အရာအားလုံးကို ကိုယ်တိုင်ရုန်းကန်နေရတယ်”

“အဲဒီ အခြေခံအုတ်မြစ် တည်ဆောက်တဲ့ ကျင့်ကြံသူက သူ့ကို တကယ်ပဲ ကြိုက်နေတာလား၊ တကယ်တော့ သူက ဆွဲဆောင်မှုရှိပါတယ်၊ မျက်နှာက ရှန်းရှန်းလေးလောက် မလှပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ ရင်သပ်ရှုမောစရာပဲ”

“ငါ့လို ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုအလှမျိုးကို ပိုင်ဆိုင်ခွင့်ရှိပါ့မလား….”

“ဝိညာဉ်အမြစ် ငါးခုနဲ့ ငါ တကယ်ပဲ အဆင့်တက်နိုင်ပါ့မလား၊ ဒီလောက်ထိ ရုန်းကန်နေတာတွေက အချည်းနှီးသာ ဖြစ်သွားမယ်ဆိုရင် ငါ့ရဲ့ လူပျိုဘဝ အချိန်တွေကို ဖြုန်းတီးလိုက်သလို ဖြစ်နေမှာပေါ့….”

“စိတ်လျှော့လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ နှိပ်စက်မနေတော့ရင် ကောင်းမလား”

“နောက်တစ်ကြိမ်များ ကံကောင်းလို့ ကမ္ဘာကူးပြောင်းနိုင်ခဲ့ရင် ပါရမီရှင်တစ်ယောက်အဖြစ် မွေးဖွားလာနိုင်မလား.... ဟားဟား….”

ထိုစဉ် မွှေးရနံ့သင်းသင်းလေးတစ်ခုက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုရနံ့သည် သိမ်မွေ့သော်လည်း နက်ရှိုင်းလှပြီး ဝိညာဉ်အထိ ထိုးဖောက်ဝင်ရောက်သွားသည်။

"မဟုတ်ဘူး၊ ငါ ဘာတွေ လျှောက်တွေးနေတာလဲ"

ရုတ်တရက် လော့ချန် မျက်လုံးပွင့်လာသည်။ ရင်ဘတ်ထဲမှ အောင့်တက်လာသော ခံစားချက်နှင့်အတူ လတ်ဆတ်သော သွေးတစ်လုတ်မှာ ကြမ်းပြင်ပေါ်သို့ ပန်းထွက်သွားတော့သည်။

ဖူး….

အနီရောင်သွေးစက်များကို ကြည့်ရင်း လော့ချန်၏ ဦးနှောက်ထဲတွင် စကားလုံးတစ်လုံး ပေါ်လာသည်။

"နှလုံးသားကပ်ဘေး"

ထိုစကားလုံးသည် စိမ်းသက်နေသော်လည်း ယခုအခြေအနေနှင့် ထူးဆန်းစွာ ကိုက်ညီနေသည်။

စောစောက ကျင့်ကြံနေစဉ်အတွင်း အပျက်သဘောဆောင်သော စိတ်ခံစားချက်များ တားမနိုင်ဆီးမရ ပေါ်ပေါက်လာခဲ့သည်။ ထိုအတွေးများကြောင့် နွေဦးကျင့်စဉ် ပတ်လမ်းတစ်ခု အဆုံးသတ်ခါနီးတွင် ဒန်ထျန်အတွင်းရှိ ချီစွမ်းအင်များ ပွက်ပွက်ဆူလာခဲ့ခြင်းဖြစ်သည်။

နှလုံးသားကပ်ဘေး ဆိုသည်မှာ ရွှေအမြုတေအဆင့် သို့မဟုတ် ဝိညာဉ်သန္ဓေတည်အဆင့် ပုဂ္ဂိုလ်ကြီးများမှသာ ကြုံတွေ့ရသော ကပ်ဘေး မဟုတ်ပါလော။ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးက ထိုကဲ့သို့သောအရာကို မည်သို့ ရင်ဆိုင်ရပါသနည်း။

လော့ချန်သည် ဇဝေဇဝါ ဖြစ်နေသော်လည်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်ကြည့်လိုက်သည်။ ထိုအခါမှ သူ သဘောပေါက်သွားတော့သည်။

ဆေးဖော်စပ်သည့် စနစ်သစ်နှင့် ကျင့်သားရရန် ကြိုးစားနေရသဖြင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေခြင်း ဖြစ်နိုင်သည်။ ထို့အပြင် ဆက်တိုက်ဆိုသလို ကျရှုံးနေသည့် အောင်မြင်နှုန်းနှင့် အမြောက်အမြား ဆုံးရှုံးနေရသည့် ကုန်ကျစရိတ်များကြောင့် စိတ်သောကရောက်နေခြင်းလည်း ပါဝင်ပေလိမ့်မည်။

ကူချိုင်ယီ၏ တိုးတက်မှုများကလည်း စိတ်အတွင်း၌ မနာလိုမှုငယ်အချို့ကို ဖြစ်ပေါ်စေခဲ့ပုံရသည်။

လော့ချန်သည် ကိစ္စများစွာကို တွေးတောမိသည်။ ဝိညာဉ်ကူးပြောင်းလာပြီးနောက်ပိုင်း ပြောင်းလဲသွားသည့် တန်ဖိုးထားမှုများနှင့် လူနေမှုဘဝပုံစံများကလည်း သူ့ရင်ထဲတွင် အညစ်အကြေးများကို စုပုံစေခဲ့ခြင်း ဖြစ်နိုင်သည်။ သူ အလုပ်များနေသဖြင့်သာ ထိုစိတ်များကို ခေတ္တဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ စိတ်အနည်းငယ် လျော့ရဲသွားသည့်အချိန်တွင် ထိုအရာများက ရုန်းကြွလာခြင်းပင်။

"ငါသာ အချိန်မီ နိုးမလာခဲ့ရင် သွေးလေချောက်ချားပြီး သေသွားနိုင်တယ်"

သွေးကြောများအတွင်း သောင်းကျန်းနေသည့် ချီစွမ်းအင်များကို ပြန်တွေးမိကာ လော့ချန် ကြောက်ရွံ့တုန်ရင်သွားသည်။

"ကျေးဇူးတင်ပါတယ် လရောင်မြက်ပင်လေးရယ်၊ ငါ့အသက်ကို ကယ်လိုက်တာပဲ"

သူ၏ အိပ်ရာဘေးတွင်ရှိသော လခြမ်းပုံစံ မြက်ပင်လေးကို ကြည့်ကာ သူ အလွန် ကျေးဇူးတင်မိသည်။

လရောင်မြက်သည် စိတ်ကို တည်ငြိမ်စေပြီး ဝိညာဉ်ကို ထိန်းချုပ်ပေးနိုင်သော စွမ်းအားရှိသည်။ ဤမြက်ပင်သည် သက်တမ်းရင့်လာလေလေ စွမ်းအား ပိုကြီးလာလေဖြစ်သည်။ နှစ်ပေါင်း တစ်ထောင်သက်တမ်းရှိသော လရောင်မြက်မှာ ဝိညာဉ်သန္ဓေတည်အဆင့် ပုဂ္ဂိုလ်ကြီးများ၏ ကျင့်ကြံမှုကိုပင် အထောက်အကူပြုနိုင်သည်ဟု ဆိုကြသည်။

လော့ချန်၏ မြက်ပင်မှာ ထိုမျှအထိ သက်တမ်းမရင့်သော်လည်း သူ့အဆင့်အတွက်မူ လုံလောက်လှသည်။ ယခုပင် ထိုမြက်ပင်၏ သိမ်မွေ့သော ရနံ့က သူ့အား သတိပြန်ဝင်လာအောင် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

သူ ပြုံးလျက် ခေါင်းခါလိုက်မိသည်။ မရည်ရွယ်ဘဲ ဖုရှို့ရှို့အား ကျေးဇူးကြွေး တင်သွားရလေပြီ။ သို့သော်လည်း ချီသန့်စင်အဆင့်မှာပင် နှလုံးသားကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည်ဟု တစ်ဦးတစ်ယောက်ကို သွားပြောလျှင် မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။

လော့ချန် ထရပ်လိုက်ပြီး ကိုယ်လက်သန့်စင်ရန် အပြင်သို့ ထွက်ခဲ့သည်။

ညဉ့်နက်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ကလေးစီးဒန်းလေးပေါ်တွင် ထိုင်ရင်း လော့ချန်သည် ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ယံကို ငေးကြည့်ကာ ရေရွတ်လိုက်သည်။

"ဒါက မဟာတာအို လမ်းစဉ်ပေါ်က အဖုအထစ်လေးတစ်ခုပါပဲ"

"ဝိညာဉ်အမြစ် ငါးခု ရှိနေရင်ရော ဘာဖြစ်လဲ၊ အရင်းအမြစ်သာ လုံလောက်ရင် ဝက်တစ်ကောင်တောင် နတ်ပြည်တက်နိုင်တာပဲ၊ ငါ့ကိုယ်ငါ ဘာလို့ အထင်သေးနေရမှာလဲ"

"ကြိုးစားစမ်း၊ တိုက်ပွဲဝင်စမ်း၊ သေတဲ့အထိ ဘယ်တော့မှ မရပ်နားနဲ့"

ကြယ်ရောင်အောက်တွင် ထိုလူသားသည် ဖုန်မှုန့်ပမာ သိမ်ငယ်သော်လည်း သူ၏ နှလုံးသားမှာမူ ကြယ်တာရာများကဲ့သို့ တောက်ပနေတော့သည်။

….

နောက်တစ်နေ့တွင် လော့ချန်သည် အရာအားလုံးကို ပိုမိုတည်ငြိမ်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

ညက နှလုံးသားကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ခြင်းကြောင့် သူ၏ စိတ်အခြေအနေမှာ ပိုမို ကြည်လင်နေသည်။

မနက်ပိုင်း ဆေးဖော်စပ်မှုမှာ ကျရှုံးနေဆဲ ဖြစ်သော်လည်း မွန်းလွဲပိုင်းတွင် အံ့ဖွယ်တစ်သောင်းဆေးလုံး ဒုတိယအသုတ်ကို ဖော်စပ်သည့်အခါ သူ လောမကြီးတော့ပေ။

"ကြွစမ်း"

သူသည် ကျွမ်းကျင်သော လက်ဟန်ဖြင့် ဆွဲငင်မှော်အတတ်ကို အသုံးပြုကာ မီးဖိုအဖုံးကို လှမ်းမလိုက်သည်။ ထိုအခါ ရင်းနှီးပြီးသား ထူးခြားသည့် မွှေးရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသည်။

လော့ချန် သိနားလည်စွာ ပြုံးလိုက်သည်။

"အောင်မြင်ပြီ"

သံအိုးနှင့်မတူဘဲ ဆေးမီးဖိုဖြင့် ဖော်စပ်သည့် ဆေးလုံးများသည် အစီအရင် ၏ ထိန်းချုပ်မှုအောက်တွင် တိုက်ရိုက်ပုံဖော်နိုင်သည်။ ထို့ကြောင့် လော့ချန်သည် ကျောက်စိမ်းပုလင်းထဲသို့ အံ့ဖွယ်တစ်သောင်းဆေးလုံး (၁၀) လုံး ကို တန်းစီ၍ ထည့်သွင်းလိုက်သည်။

ဆေးလုံးများကို သိမ်းဆည်းရင်း သူ့နားထင်သူ ပွတ်သပ်မိသည်။ ယခင်က မွန်းလွဲပိုင်းတွင် ဆေးဖော်စပ်တိုင်း အဆုံးသတ်ခါနီးတွင် စွမ်းအင်ကုန်ခမ်းမှုကို ခံစားရလေ့ရှိသော်လည်း ယနေ့တွင်မူ ထိုသို့ မခံစားရတော့ပေ။

ထို့အပြင် သူ၏ စိတ်စွမ်းအား မှာလည်း နှစ်ဆခန့် တိုးတက်လာသည်ဟု ခံစားရသည်။

“ဒါ မနေ့ညက နှလုံးသားနတ်ဆိုးတွေကို ကျော်ဖြတ်နိုင်ခဲ့လို့ ရလာတဲ့ အကျိုးကျေးဇူးများလား”

လော့ချန် တွေးတောမိသည်။

အဆင့်မြင့်ကျင့်ကြံသူများသည် ကပ်ဘေးများကို ရင်ဆိုင်ရသည့်အခါ ပြင်ပမှ မိုးကြိုးစမ်းသပ်ချက်သာမက အတွင်းစိတ်မှ နှလုံးသားစမ်းသပ်ချက်ကိုလည်း ကျော်ဖြတ်ရသည်ဟု ဆိုကြသည်။

ထိုဘေးဒုက္ခများသည် စွဲလမ်းမှုများ၊ စိတ်အာရုံ ချုပ်နှောင်မှုများနှင့် စိတ်မိစ္ဆာများ၏ နှောင့်ယှက်မှုများပင် ဖြစ်သည်။ အကယ်၍ ကျင့်ကြံသူကြီးများက ထိုနှလုံးသားဘေးဒုက္ခကို ကျော်လွှားနိုင်လျှင် မမျှော်လင့်ထားသော အကျိုးကျေးဇူးများကို ရရှိတတ်ကြသည်။

လော့ချန်သည် ထိုအဆင့်သို့ မရောက်သေးသည်ကို ဝန်ခံသော်လည်း ချီသန့်စင်အဆင့်တွင် နှလုံးသားကပ်ဘေးကို ရင်ဆိုင်ရသူမှာ သူတစ်ဦးတည်းသာ ရှိပေလိမ့်မည်။ ထို့ကြောင့် သူ၏ အယူအဆမှာ အလွန်ပင် ဖြစ်နိုင်ခြေရှိလှသည်။

ဤသည်မှာ သေချာပေါက် ကောင်းသော နိမိတ်တစ်ခုပင် ဖြစ်သည်။ အနည်းဆုံးတော့ တစ်နေ့လျှင် ဆေးနှစ်ကြိမ် ဖော်စပ်နိုင်ရန် လော့ချန်၏ စိတ်ဝိညာဉ်၌ ယုံကြည်မှုတို့ အပြည့်အဝ ကိန်းအောင်းသွားစေခဲ့သည်။

ထို့အပြင် ယခုကြုံတွေ့ခဲ့ရသော အတွေ့အကြုံသည် သူ၏ အနာဂတ်ကျင့်ကြံခြင်း ခရီးလမ်းတစ်လျှောက်တွင် မမျှော်လင့်ထားသော အောင်မြင်မှုအသစ်များကို ဆောင်ကြဉ်းပေးလိမ့်မည်ဟုလည်း သူ အခိုင်အမာ ယုံကြည်နေမိတော့သည်။

All Chapters