← Chapters

ဓားပြကျင့်ကြံသူလား၊ တစ်သီးပုဂ္ဂလ ကျင့်ကြံသူလား

Vol. 6 Ch. 51

ဓားပြကျင့်ကြံသူလား၊ တစ်သီးပုဂ္ဂလ ကျင့်ကြံသူလား

Vol. 6 Ch. 51

ဓားပြကျင့်ကြံသူ ဆိုသည်မှာ ကြားရသည်မှာ ခမ်းနားသယောင်ရှိသော်လည်း လက်တွေ့တွင်မူ လမ်းဘေးဓားပြတိုက်ခြင်းနှင့် ရတနာလုယက်ခြင်းကဲ့သို့ ယုတ်ညံ့သော အလုပ်များကို လုပ်ကိုင်သူများကို ခေါ်ဆိုသည့် ဘွဲ့ထူးတစ်ခုသာ ဖြစ်သည်။

လော့ချန်သည် ထိုကဲ့သို့သော လူစားမျိုးကို အနည်းငယ်မျှ မနှစ်သက်ပေ။ သူကိုယ်တိုင်လည်း တစ်ကြိမ်နှစ်ကြိမ် လုယက်ဖူးသော်လည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက်သာ ဖြစ်သည်။ သူသည် အိမ်မှာပင် အေးအေးဆေးဆေး နေထိုင်ရင်း ကိုယ်ပိုင်အရည်အချင်းကို တိတ်တဆိတ် မြှင့်တင်ရသည့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဘဝကိုသာ ပို၍ မြတ်နိုးသည်။

တာဟဲစျေးမြို့တော်၏ ပြောင်းလဲမှုများသည် လော့ချန်ကဲ့သို့ အိမ်တွင်းအောင်းကျင့်ကြံသူ တစ်ဦးအတွက် များစွာ သက်ရောက်မှု မရှိလှပေ။

သူ၏ နေ့ရက်များမှာ ပုံမှန်အတိုင်းပင် ဆေးဖော်လိုက်၊ အသက်ရှူခြင်းကို ထိန်းချုပ်လိုက်၊ မှော်အတတ်များ လေ့လာလိုက်ဖြင့် ကုန်ဆုံးနေသည်။ သို့သော် အိမ်နီးချင်း ချင်ဇနီးမောင်နှံ ပြန်ရောက်လာခြင်းက သူ့ဘဝထဲသို့ မထင်မှတ်ထားသော ကောင်းကျိုးများကို ယူဆောင်လာခဲ့သည်။

လာမည့် အသေခံတိုက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ချင်လျန်ချန်းသည် သူ၏ စွမ်းရည်များကို မြှင့်တင်ရန် ဖိုရှန်းဂိုဏ်း၏ ဌာနချုပ်သို့ နေ့စဉ်သွားရောက်ကာ မှော်ဝင်လက်နက်များဖြင့် လေ့ကျင့်လေ့ရှိသည်။

နေ့စဉ် နေဝင်မိုးချုပ်ရောက်မှ အိမ်သို့ အလွန်အမင်း ပင်ပန်းနွမ်းနယ်စွာ ပြန်ရောက်လာတတ်သည်။ သို့သော် ခြံထဲတွင် လော့ချန် မှော်အတတ်လေ့ကျင့်နေသည်ကို မြင်လျှင် သူ အမြဲ ရပ်တန့်ကာ လမ်းညွှန်ပြသပေးတတ်သည်။

ယခင်က လော့ချန်သည် မှော်ကျွမ်းကျင်မှု တိုးတက်စေရန် ထပ်ခါတလဲလဲ ပြုလုပ်ခြင်းအပေါ်၌သာ အားကိုးခဲ့ရသည်။ သူသည် မှော်အတတ်များကို ထုတ်ဖော်နိုင်သော်လည်း ထိုအရာများ မည်သို့မည်ပုံ အလုပ်လုပ်သည်ကိုမူ နားမလည်ခဲ့ပေ။

ဝမ်ယွမ်ဆီမှ ဝယ်ခဲ့သော မှော်စာအုပ်များမှာလည်း ကျွမ်းကျင်သူ၏ မှတ်ချက်များ မပါဝင်ဘဲ ရိုးရိုးရှင်းရှင်း ကူးယူထားခြင်းသာ ဖြစ်သည်။ ထိုစာအုပ်များထဲမှ ကောက်ကွေးနေသော လက်ရေးများမှာ ကူးသူသည် စာတတ်ပါ၏လောဟုပင် လော့ချန်အား သံသယဝင်စေသည်။

ထိုအခြေအနေမျိုးတွင် သူသည် အဆင့်မြင့်ကျွမ်းကျင်မှုသို့ ရောက်မှသာ မှော်အတတ်၏ ပြောင်းလဲမှုများကို သတိပြုမိနိုင်မည်ဖြစ်သည်။

သို့သော် ချီသန့်စင် အဆင့် (၉) ရှိသော ချင်လျန်ချန်း၏ လမ်းညွှန်မှုအောက်တွင် သူသည် အမြင်သစ်များကို ရရှိလာခဲ့သည်။ အမှားများကို ပြင်ပေးခြင်းနှင့် ရှင်းလင်းချက်များကြောင့် သူ၏ ကိုယ်တွင်းမှ ပိတ်ဆို့မှုများ ပွင့်သွားသကဲ့သို့ ခံစားရသည်။ သူ၏ မှော်ကျွမ်းကျင်မှုမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ရက်အနည်းငယ်အတွင်းမှာပင် သူ၏ လေခွင်းအတတ်မှာ အခြေခံ အဆင့်မှ ကျွမ်းကျင် အဆင့်သို့ တက်လှမ်းသွားခဲ့သည်။

လျန်ချန်းက သူ၏ ပါရမီကို ချီးကျူးသော်လည်း လော့ချန်ကမူ အမှန်တရားကို သိသည်။ အဓိက ကွာခြားချက်မှာ ဆရာရှိခြင်းပင်။ ကျွမ်းကျင်မှုဆိုသည်မှာ ထပ်ခါတလဲလဲ လုပ်ရုံနှင့် မရပေ။ ဝါရင့်ကျင့်ကြံသူတစ်ဦး၏ လမ်းညွှန်မှုက ပိုမိုကြီးမားသော ရလဒ်များကို ဖြစ်ထွန်းစေသည်။

ယခုအခါ တစ်လခွဲခန့်အကြာတွင် လော့ချန်သည် လေလွင့်ခြေလှမ်းတွင် ပါရမီရှင်အဆင့် သို့ ရောက်ရှိသွားပြီး လေခွင်းအတတ်တွင်လည်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤပညာရပ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးရာ သူ၏ အရှိန်နှင့် လှုပ်ရှားနိုင်စွမ်းမှာ သိသိသာသာ မြင့်တက်လာသည်။ သူ၏ အကွာအဝေးတို မျဉ်းဖြောင့်ပျံသန်းနိုင်စွမ်းမှာလည်း ယခုဆိုလျှင် ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ဘောင်တန်းနိုင်ပြီ ဖြစ်သည်။

အကယ်၍ သူသာ ကြာဖက်ပျံလွှား ကဲ့သို့ ပျံသန်းရေးမှော်လက်နက်တစ်ခုကို အသုံးပြုမည်ဆိုပါက သူ၏အရှိန်မှာ အခြားသူများကို ဖုန်တောထဲတွင် ချန်ထားခဲ့နိုင်မည်ဖြစ်သည်။ ထိုမျှသာမက လေထဲတွင် ကိုယ်ဟန်ပြောင်းလဲမှုမှာလည်း ပိုမို ကောင်းမွန်လာပေလိမ့်မည်။

သူတို့နှစ်ဦး အပြန်အလှန် ပညာစမ်းကြစဉ် ချင်လျန်ချန်းသည် လော့ချန်၏ စွမ်းရည်အသစ်ကို ချက်ချင်း သတိပြုမိသွားသည်။ မှော်ဝင်လက်နက်များအပေါ်၌သာ အားကိုးနေရပါက လျန်ချန်းအနေဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွင် ထိအောင် မလုပ်နိုင်လျှင် လော့ချန်ကို ဖမ်းဆီးရန်မှာ အလွန် ခက်ခဲသွားပေလိမ့်မည်။

"မြွေလိုပဲကွာ"

ချင်လျန်ချန်းက တိုက်ပွဲအပြီးတွင် ရယ်မောရင်း ပြောသည်။

"ငါ့တူ၊ မင်းရဲ့ လှုပ်ရှားမှုက ရေထဲက ငါး၊ ကုန်းပေါ်က ယုန်၊ လေထဲက သိန်းငှက်လိုပဲ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်နေလို့ရယ်၊ ပြင်းထန်တဲ့ တိုက်စစ်မှော်တွေ မရှိလို့ရယ်ကြောင့်သာပေါ့၊ မဟုတ်ရင် အဘိုးကြီးမီ ကို ပြောပြီး မင်းကို တိုက်ပွဲထဲ ထည့်ခိုင်းမိမှာ အသေအချာပဲ"

ပြင်းထန်သော တိုက်စစ်မှော်အတတ်များ….။

လော့ချန်ထံတွင် အမှန်တကယ် ရှိသည်။ ဝိညာဉ်ဖျက်သံမှို၊ စိမ်းမြရတနာဓား နှင့် ပါရမီရှင်အဆင့် မီးလုံးမှော်အတတ်၏ အစွမ်းဖြစ်သော မီးလျှံပိုးအိမ် တို့မှာ သူ၏ ဝှက်ဖဲများပင်။

ချီသန့်စင် အဆင့် ၅ သို့မဟုတ် ၆ ရှိသော ကျင့်ကြံသူ မည်သူမျှ သူ၏တိုက်စစ်ကို တောင့်ခံနိုင်မည်မဟုတ်ဟု သူ ယုံကြည်သည်။ အဆင့်မြင့်သူများနှင့် တိုက်ခိုက်ရလျှင်ပင် အစွမ်းထက်သည့် ခုခံရေး မှော်ပစ္စည်းများ မရှိပါက သူ ရင်ဆိုင်ရဲသည်။

သို့သော်လည်း ဤအကြောင်းကို ချင်လျန်ချန်းအား သူ ကြွားလုံးထုတ်မည်မဟုတ်ပေ။

၁၈ ယောက် အသေခံတိုက်ပွဲတွင် ပါဝင်မည့်သူများအားလုံးသည် ချီသန့်စင် အဆင့် ၉ ရောက်နေသူများချည်း ဖြစ်သည်။ တစ်ဦးချင်းစီတွင်လည်း ကိုယ်စီလျှို့ဝှက်ချက်များနှင့် ဝှက်ဖဲများ ရှိနေကြမည်မှာ အသေအချာပင်။

ထိုစစ်မြေပြင်တွင် ကိုင်စွဲကြမည့် မှော်ဝင်လက်နက်များမှာလည်း အဆင့်မြင့် သို့မဟုတ် ထိပ်တန်းအဆင့်များသာ ဖြစ်ပေလိမ့်မည်။ ထိုပွဲသို့ ကိုယ်တိုင်ဝင်တိုက်ခြင်းမှာ သေတွင်းထဲသို့ အသိဉာဏ်မဲ့စွာ ခုန်ဆင်းခြင်းနှင့် အတူတူပင်။

"အဲ့ဒီအစား ဆေးဖော်စပ်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာမယ်၊ ပြီးရင် ကျင့်ကြံဖို့ ဆေးလုံးတွေ ဝယ်မယ်၊ ဒါကမှ ပိုကောင်းမှာပေါ့၊ ငါတို့လို တစ်သီးပုဂ္ဂလ ကျင့်ကြံသူတွေက အေးအေးချမ်းချမ်း နေတာကိုပဲ ဦးစားပေးတယ်၊ ပဋိပက္ခတွေထဲမှာ ဝင်မပါဘူး"

….

နံနက်စောစောတွင် ဖြစ်သည်….။

လော့ချန်သည် ကျောက်စိမ်းဆေးပုလင်း အပုံလိုက်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်ကာ အပြင်ထွက်ရန် ပြင်လိုက်သည်။ ယနေ့သည် လဆန်းတစ်ရက်နေ့ ဖြစ်သဖြင့် အသုံးမပြုရသေးသော ကုန်ကြမ်းအချို့ ကျန်နေသေးသော်လည်း ဤစီးပွားရေး အခွင့်အရေးကို သူ အဆုံးရှုံးမခံနိုင်ပေ။

သူ အိမ်တံခါးဝသို့ ရောက်သောအခါ အိမ်နီးချင်း မုရုံချင်းလျန်က ခြံထဲတွင် မီးဖိုတစ်ခု ဖိုနေသည်ကို တွေ့လိုက်ရသည်။ သူမသည် စိမ်းပြာရောင် သံမဏိသစ်သားများကို လောင်စာအဖြစ် သုံးနေခြင်းဖြစ်သည်။

ဤသစ်သားအမျိုးအစားတွင် သဘာဝအဆီများ ပါဝင်သဖြင့် သာမန်မီးဖိုများဖြင့် မီးမဖိုနိုင်ပေ။ လော့ချန်ကိုယ်တိုင်လည်း ဤသစ်သားကို အပူခံအုတ်များဖြင့် စီထားသော မီးဖိုတွင်သာ ဆေးဖော်စပ်ရန်အတွက် အသုံးပြုလေ့ရှိသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လော့ချန် အံ့သြတကြီး မေးလိုက်သည်။

"ဒေါ်လေး.... ဘာဟင်းတွေများ ချက်နေလို့လဲဗျ"

မုရုံချင်းလျန်သည် သူမ၏ လက်များကို ဖုန်ခါလိုက်ပြီး ဆံနွယ်များကို သပ်တင်ကာ ပြုံးလိုက်သည်။

"မင်းရဲ့ ဦးလေးချင်က တိုက်ပွဲဝင်တော့မှာဆိုတော့ သူ့ရဲ့ ခွန်အားတွေ ပြည့်ဖြိုးလာအောင် မိစ္ဆာကျားရဲ့ အရိုးတွေကို ဝယ်ပြီး စွပ်ပြုတ်ချက်ပေးမလို့ပါရှင်"

မိစ္ဆာကျားမှာ အဆင့် (၂) ရှိသော မိစ္ဆာသားရဲ ဖြစ်ပြီး ထိုသားရဲ အရိုးများမှာ ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို များစွာ မြှင့်တင်ပေးနိုင်ကြောင်း ကျော်ကြားသည်။

ခန္ဓာကိုယ်ကျင့်ကြံသူများအတွက်မူ ထိုအရာမှာ နတ်ဆေးတစ်မျှပင် ဖြစ်သည်။

သူမ၏ ရှင်းပြချက်ကြောင့် ဤစွပ်ပြုတ်ကို အဘယ်ကြောင့် မီးဖိုချောင်ထဲတွင် မချက်သည်ကို လော့ချန် နားလည်သွားသည်။ အဆင့် (၂) ရှိသော ဝိညာဉ်ကုန်ကြမ်းများကို သာမန်မီးဖို၊ သာမန်မီးဖြင့် အလွယ်တကူ ကျိုချက်၍ မရနိုင်ပေ။

မုရုံချင်းလျန်၏ ညင်သာသော အပြုံးကို မြင်လိုက်ရသဖြင့် လော့ချန် ခဏမျှ တွန့်ဆုတ်သွားပြီးမှ မေးလိုက်မိသည်။

"ဒေါ်လေး.... ဦးလေးချင်ကို အဲ့ဒီ အသေခံတိုက်ပွဲထဲ မဝင်ဖို့ မဖျောင်းဖျကြည့်ဘူးလားဟင်"

မုရုံချင်းလျန်၏ အပြုံးမှာ ပျောက်ကွယ်သွားသည်။ သူမ သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။

"ဖျောင်းဖျကြည့်တာပေါ့၊ ဒါပေမဲ့ ဂိုဏ်းချုပ်မီ က သူ့အပေါ်မှာ ကျေးဇူးတွေ အများကြီး ရှိခဲ့သလို အမြဲတမ်းလည်း ကောင်းကောင်း ဆက်ဆံခဲ့တာ၊ အခု ဂိုဏ်းချုပ်မီ ဒုက္ခရောက်နေချိန်မှာ သူ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူးလေ"

"ဒေါ်လေး မစိုးရိမ်ဘူးလား" ဟု လော့ချန်က မေးလိုက်သည်။

မုရုံချင်းလျန်က သူမ၏ အကြည့်ကို နှိမ့်ချလိုက်ပြီး တိုးညင်းစွာ ပြောသည်။

"စိုးရိမ်တာပေါ့ရှင်၊ ဒါပေမဲ့ သူ တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီဆိုရင် နွားကိုးကောင်နဲ့ ဆွဲရင်တောင် ပြန်ပါမှာ မဟုတ်ဘူး၊ ငါ လုပ်နိုင်တာကတော့ သူ့ကို တိတ်တဆိတ် အားပေးပြီး သူ နိုင်လိမ့်မယ်လို့ ယုံကြည်နေဖို့ပဲ ရှိတာပေါ့"

သူမ၏ စကားများကြောင့် လော့ချန် စဉ်းစားခန်း ဝင်သွားမိသည်။

ခြံဝင်းအတွင်းမှ ထွက်ခွာလာပြီး လမ်းကြားကလေးများကို ဖြတ်သန်းကာ စည်ကားနေသော လမ်းမကြီးပေါ်သို့ ရောက်သည့်တိုင်အောင် သူမ၏ နူးညံ့လှသော သန္နိဋ္ဌာန်မှာ သူ၏ စိတ်ထဲတွင် ကျန်ရစ်နေဆဲပင်။

ဤကဲ့သို့ လှည့်ကွက်များနှင့် သေခြင်းတရားများ ပြည့်နှက်နေသော ကျင့်ကြံခြင်းလောကတွင် ဤမျှ ဖြူစင်သော အချစ်မျိုး အမှန်တကယ် ရှိနိုင်ပါသလော။

သူကိုယ်တိုင်ရော တစ်နေ့တွင် ဤကဲ့သို့ အားပေးကူညီမည့် အမျိုးသမီးမျိုးနှင့် တွေ့ဆုံနိုင်ပါဦးမည်လော။

အဖြေကမူ မရှိပေ။ လော့ချန်သည် ထိုအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။

သူသည် အတွေးများကို ခါထုတ်လိုက်ကာ စည်ကားနေသော စျေးလူအုပ်ထဲသို့ ဝင်ရောက်သွားခဲ့သော်လည်း အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။

“ငါ အိပ်ရာနိုး နောက်ကျသွားတာလား၊ မဟုတ်ပါဘူး….ဒါဆို ဘာလို့ မိုးမလင်းခင်ကတည်းက လူတွေ ဒီလောက်တောင် များနေရတာလဲ.…”

သူသည် တောင်ဘက် တစ်ကိုယ်တော်ကျင့်ကြံသူများ စျေးသို့ ရောက်သောအခါ အဘိုးကြီးတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့ ကျောက်ပြားခုံတစ်ခုတွင် စျေးရောင်းရန် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။

လော့ချန်က ပြုံးရင်း သူတို့ အနားသို့ ချဉ်းကပ်လိုက်သည်။

"ဦးလေးချန်…. ဒါ ခင်ဗျားရဲ့ မြေးမလေးလား"

အဘိုးချန်မှာ တစ်ကိုယ်တည်းသမား မဟုတ်ခဲ့ပေ။ လော့ချန်သည် အဘိုးချန် အကြောင်းကို ကောင်းစွာ သိသည်။ သူသည် ငယ်စဉ်ကပင် အိမ်ထောင်ကျခဲ့သော်လည်း ဇနီးဖြစ်သူ ကွယ်လွန်ပြီးနောက် သားဖြစ်သူနှင့်အတူ တာဟဲစျေးမြို့တော်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို၊ သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့မှာ မိစ္ဆာသားရဲကို အမဲလိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရကာ အဘိုးချန်မှာ မြေးမလေးကို တစ်ကိုယ်တည်း ကျွေးမွေးစောင့်ရှောက်ခဲ့ရသည်။

နှစ်ပေါင်းများစွာအတွင်း အဘိုးချန်မှာ အလွန်ပင် စေ့စပ်တွက်ချက်တတ်သူအဖြစ် နာမည်ကြီးပြီး ဝိညာဉ်ကျောက်တုံး တစ်ဝက်ကိုပင် ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားသူဖြစ်သည်။ အကြောင်းမှာ သူ၏ မြေးမလေးကို ဂိုဏ်းတစ်ခုသို့ ပို့ဆောင်နိုင်ရန် ငွေစုနေခြင်းကြောင့် ဖြစ်သည်။

မြေးမလေးအတွက်ကြောင့်ပင် သူသည် အရာရာကို သတိထားလုပ်ဆောင်တတ်သည်။ ပြီးခဲ့သည့်အကြိမ် မြို့ပြင်ပိုင်းတွင် ဂိုဏ်းများ တိုက်ခိုက်ကြစဉ်ကလည်း မြေးမလေး တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သဖြင့် မြို့တွင်းပိုင်းသို့ အမြန်ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

အဘိုးချန် မေးခွန်းကို မဖြေနိုင်ခင်မှာပင် မိန်းကလေးငယ်က ပြုံးလိုက်သည်။

"အစ်ကိုကြီး လော့ချန် မဟုတ်လား၊ ကျွန်မ ရှုယီ ပါ၊ အဘိုးက အစ်ကို့အကြောင်း ခဏခဏ ပြောပြတယ်၊ အစ်ကိုက သူ့ဆီမှာ ဝိညာဉ်ကျောက်တုံး ၅၀ အကြွေးတင်နေပြီး အခုထိ ပြန်မဆပ်သေးဘူးဆို"

လော့ချန်သည် အစပိုင်းတွင် ‘အစ်ကိုကြီး လော့ချန်’ ဟူသော ချိုသာသည့် ခေါ်သံကြောင့် ပျော်သွားသော်လည်း နောက်ပိုင်းစကားကြောင့် အနည်းငယ် အနေရခက်သွားသည်။

"ငါ ဝိညာဉ်ကျောက်တုံးတွေ ရတာနဲ့ ချက်ချင်း ပြန်ဆပ်မှာပါ"

အနားတွင် ရပ်နေသော အဘိုးချန်က ဒေါသတကြီး ကြည့်လိုက်ကာ "အရူး တစ်ယောက်ပဲ မင်းစကားကို ယုံလိမ့်မယ်" ဟု ဆိုသည်။

လော့ချန် ရယ်မောလိုက်ပြီး ငြင်းခုံမနေတော့ပေ။ အမှန်စင်စစ် ယခုအချိန်တွင် သူသည် ဝိညာဉ်ကျောက်တုံး ၅၀ ကို အချိန်မရွေး ပြန်ဆပ်နိုင်သည့် အခြေအနေ ရှိနေသည်။ သို့သော် သူ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်အတွက် ကုန်ကြမ်းများ ဝယ်ယူရန် ငွေအားလုံးကို ပြန်လည်ရင်းနှီးမြှုပ်နှံနေသည့် အလေ့အကျင့်ကြောင့်သာ မဆပ်ဖြစ်သေးခြင်း ဖြစ်သည်။

ယခုမူ မြေးမလေးက ထုတ်ပြောလိုက်ပြီဖြစ်ရာ လော့ချန်အနေဖြင့် မျက်နှာပြောင်လှသော်လည်း အနည်းငယ်တော့ ရှက်သွားမိသည်။ သူသည် ယနေ့ အရောင်းအဝယ် အပြီးတွင် ထိုငွေကို ဆပ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

လူများဖြင့် ပြည့်နှက်နေသော ကျောက်ပြားခုံကို ကြည့်ရင်း လော့ချန် အနည်းငယ် အခက်တွေ့သွားသည်။ သူ၏ ဆေးလုံးများကို မည်သည့်နေရာတွင် ချရောင်းရပါမည်နည်း။

All Chapters