မည်သည့်စားပွဲမဆို အဆုံးသတ်ရှိသည်
Vol. 6 Ch. 53
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လော့ချန်သည် သူယူဆောင်လာသော မှော်အာဟာရဆေးလုံးများနှင့် အံ့ဖွယ်တစ်သောင်းဆေးလုံးများ အားလုံးကို မသိလိုက်ဘဲ ရောင်းချပြီးသွားခဲ့သည်။ မွန်းတည့်ချိန်ပင် မရောက်သေးပေ။
လော့ချန်သည် သူ၏ နတ်မျက်စိကို အသုံးပြု၍ ယနေ့ မည်မျှ ရရှိခဲ့သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ မှော်အာဟာရဆေးလုံးများမှ ဝိညာဉ်ကျောက်တုံး ၁၀၀ နှင့် အံ့ဖွယ်တစ်သောင်းဆေးလုံးများမှ ၄၅၀ ရရှိခဲ့သည်။ များပြားသော ပမာဏဟု မဆိုနိုင်သော်လည်း လဝက်အတွင်း ရရှိသည့် ဝင်ငွေဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ ဝိညာဉ်ကျောက်တုံး ၂၀၀ သာ ဖြစ်သဖြင့် အံ့အားသင့်စရာပင် ဖြစ်သည်။
တစ်နည်းအားဖြင့် လော့ချန်သည် အသားတင်အမြတ် ၃၅၀ နီးပါး ရရှိခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ခြောက်လခန့်က သူသည် တစ်လလျှင် ဝိညာဉ်ကျောက်တုံး ငါးတုံးပင် မနည်းရှာနေရသော တစ်ကိုယ်တော်ကျင့်ကြံသူ ဆင်းရဲသားလေး တစ်ဦးသာ ဖြစ်ခဲ့သည်။
သူ၏ အရည်အချင်း တိုးတက်လာမှုက အကျိုးပေးခဲ့ခြင်းဖြစ်ပြီး ဆေးဖော်စပ်သူတစ်ဦး ဖြစ်ရခြင်းမှာ အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းပြီး ဝင်ငွေကောင်းလှသည်ဟုသာ ဆိုရတော့မည်။
လော့ချန်သည် မိမိ၏ အမြတ်ငွေပမာဏကို ကောင်းစွာ သိသည်။ သူအတွက် ပို၍ အရေးကြီးသည်မှာ ယခုလက်ရှိ ပိုင်ဆိုင်မှုဖြစ်ပြီး ယခင်စုဆောင်းထားသည်များနှင့် ပေါင်းလိုက်လျှင် ဝိညာဉ်ကျောက်တုံး ၈၀၀ အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤသည်မှာ သူ၏ ဘဝတစ်လျှောက် အမြင့်ဆုံး ပိုင်ဆိုင်မှုပင်။
ပျံလွှားဓားရောင်းရငွေမှာ မမျှော်လင့်သော လာဘ်လာဘဖြစ်သဖြင့် ထည့်မတွက်ချင်ပေ။ မမျှော်လင့်ဘဲ ရလာသော ငွေများမှာ ရေရှည် မတည်မြဲနိုင်ချေ။ ကိုယ်တိုင် ရှာဖွေရရှိသော ဝင်ငွေမှာသာလျှင် အယုံကြည်ရဆုံး ဖြစ်သည်။
ပိုင်ဆိုင်မှုများကို တွက်ချက်ပြီးနောက် လော့ချန်သည် မည်သည့်နေရာသို့ ဆက်သွားရမည်ကို အစီအစဉ်ဆွဲတော့သည်။ တာဟဲစျေးမြို့တော်သို့ ရောက်ရှိလာသော ဧည့်သည်ကျင့်ကြံသူများကြောင့် ဆိုင်ခန်းသစ်များစွာ ပေါ်ပေါက်နေသည်။ အခြားနယ်မြေများမှ ထူးခြားသော သယံဇာတများကို သူ လေ့လာကြည့်ချင်နေမိသည်။
လူတစ်ယောက် ငွေရှိလာလျှင် ယုံကြည်မှု တိုးလာသည်ဆိုသည်မှာ မှန်သည်။ ယခင်ကဆိုလျှင် ကုန်ကြမ်းများကို အမြန်ဝယ်ကာ ဆေးဖော်ရန် အိမ်သို့ အပြေးပြန်ခဲ့ရသော်လည်း ယခုမူ မဟုတ်တော့ပေ။
သူသည် ခေါင်းကို မော့ကာ စည်ကားနေသော တစ်ကိုယ်တော်ကျင့်ကြံသူများစျေးကို ကြည့်ရင်း သူကိုယ်သူ ဆင်းရဲသားပင်လယ်ကြီးကို အထက်မှ ငုံ့ကြည့်နေသည့် သူဌေးကြီးတစ်ဦးကဲ့သို့ ခံစားနေရသည်။
သို့သော် သူ၏ အကြည့်များ အဘိုးကြီး ချန်ရှို့ဖိန် အပေါ်သို့ ရောက်သွားသောအခါ သူ၏ တက်ကြွမှုမှာ ရုတ်တရက် လျော့ပါးသွားသည်။ အဘိုးကြီးမှာ ဆိုင်ခုံကို သိမ်းဆည်းကာ အိတ်များ၊ ကြိုးများဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။
"ဦးလေးချန်၊ ဒီနေ့ အရောင်းအဝယ် ကောင်းပုံပဲနော်၊ စောစောစီးစီး သိမ်းနေတာလား"
"ဟာ.... မင်းလောက်တော့ ဘယ်ကောင်းပါ့မလဲ လော့လေးရဲ့" ဟု အဘိုးချန်က ခနဲ့လိုက်သည်။
အဘိုးချန်က ဆက်၍ ဆိုသည်။
"ငါကတော့ နေ့မနား ညမနား လုပ်မှ မှော်သားရေ အချပ်အနည်းငယ် ရပြီး ကျောက်တုံး သုံးလေးရာပဲ ရတာ၊ မင်းကတော့ လဝက်လောက် ပျောက်နေပြီး ပြန်လာရင် ကျောက်တုံး ငါးရာ ခြောက်ရာ ရနေတာပဲ၊ ငါကတော့ မင်းကို လုံးဝ မယှဉ်နိုင်ပါဘူး၊ တကယ်ကို မယှဉ်နိုင်တာပါ"
ဒီအဘိုးကြီး ငါ့ကို ရွဲ့နေတာလား....။
လော့ချန်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ကို အိတ်လေးတစ်အိတ်ထဲ ထည့်ပြီး ချန်ရှို့ဖိန်ထံသို့ မချင့်မရဲ ကမ်းပေးလိုက်သည်။
"ဦးလေးချန်၊ ကျင့်ကြံခြင်းလမ်းခရီးက ခက်ခဲပါတယ်၊ ကျွန်တော့်အပေါ် ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ"
သူ နှလုံးသားထဲမှ အောင့်သက်သက်နှင့်ပင် ရိုးရိုးသားသား ပြောလိုက်သည်။
အိတ်ကို ယူကာ အလေးချိန်ကို စမ်းသပ်ပြီးနောက် ချန်ရှို့ဖိန် ခဏမျှ တိတ်ဆိတ်သွားသည်။ မှော်သားရေများ ပြုလုပ်ခြင်းကြောင့် အိပ်ရေးပျက်၍ နီမြန်းနေသော မျက်လုံးများဖြင့် အဘိုးချန် တိတ်တဆိတ် စိတ်လှုပ်ရှားနေပုံမှာ လော့ချန်အား အနေရခက်စေသည်။
အဘိုးချန်၊ အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဗျာ၊ ကျွန်တော် မခံနိုင်ဘူး….။
သို့သော် မထင်မှတ်ဘဲ ချန်ရှို့ဖိန်က သက်ပြင်းချကာ လော့ချန် မမျှော်လင့်ထားသော အကြောင်းအရာတစ်ခုကို ပြောပြလိုက်သည်။
"ငါ ထွက်သွားတော့မှာ…."
"ဗျာ…."
လော့ချန် အံ့အားသင့်သွားသည်။
"ဘယ်ကို သွားမှာလဲ…."
ချန်ရှို့ဖိန်က သူ၏ မြေးမလေး ချန်ရှုယီ၏ ခေါင်းကို အသာအယာ ပုတ်ကာ ပြောသည်။
"နောက်တစ်လနေရင် ငါတို့ နတ်ဘုရားမှော်စာရွက်နန်းတော်က ကျင့်ကြံသူတွေနဲ့အတူ နတ်ဘုရားမှော်နယ်မြေဆီ လိုက်သွားတော့မယ်"
အဘိုးအိုနှင့် မြေးမလေးကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
လော့ချန် မမေးဘဲ မနေနိုင်တော့ဘဲ "ရှုယီလေးက နတ်ဘုရားမှော်စာရွက်ဂိုဏ်း ထဲကို ဝင်ခွင့်ရသွားပြီလား" ဟု မေးလိုက်သည်။
"အစ်ကိုကြီး လော့ချန်၊ မရသေးပါဘူး၊ ဒါပေမဲ့ ကျွန်မ စမ်းသပ်ပွဲတွေ အောင်မြင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိပါတယ်"
ချန်ရှုယီက သူမ၏ မေးစေ့ကို မော့ကာ လူငယ်ပီပီ ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေသည်။
ချန်ရှို့ဖိန်က အိတ်များကို အကုန်သိမ်းပြီး ကျောက်ပြားခုံပေါ်တွင် ထိုင်လိုက်သည်။
"သူ ဝင်ခွင့်မရသေးတာ အမှန်ပါပဲ၊ ဒါပေမဲ့ ငါက နတ်ဘုရားမှော်စာရွက်နန်းတော်က ကျင့်ကြံသူအချို့နဲ့ ညှိနှိုင်းထားပြီးပြီ၊ သူတို့ ဂိုဏ်းကို ပြန်တဲ့အခါ ငါနဲ့ ရှုယီကို တစ်ခါတည်း ခေါ်သွားကြလိမ့်မယ်"
"နောက်နှစ်က နတ်ဘုရားမှော်စာရွက်နန်းတော်အနေနဲ့ တပည့်သစ်တွေ စုဆောင်းမယ့်နှစ်ပဲ၊ ရှုယီက အခုမှ ၁၃ နှစ်ပဲ ရှိသေးတယ်၊ ဝိညာဉ်အမြစ်လည်း ရှိတယ်၊ ပြီးတော့ ငါက မှော်ဖော်စပ်တဲ့ အခြေခံတွေကိုလည်း သင်ပေးထားပြီးသားဆိုတော့ ဝင်ခွင့်စာမေးပွဲ အောင်ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်"
ထိုစကားများထဲတွင် ဝမ်းသာဝမ်းနည်း ခံစားချက်များ ပါဝင်နေသည်။ သူ၏ရှေ့တွင် ရပ်နေသော လော့ချန်လည်း စိတ်လှုပ်ရှားသွားမိသည်။
လွန်ခဲ့သော နှစ်များအတွင်း သူသည် ဆင်းရဲဒုက္ခများကို အံတုခဲ့ရသော်လည်း အဘိုးချန်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ အဘိုးချန်သည် ယခင်က သူ့ထက် ဝင်ငွေပိုကောင်းခဲ့သော်လည်း မြေးမလေးကို ကျွေးမွေးစောင့်ရှောက်ရခြင်း၊ သူမ၏ ကျင့်ကြံမှုကို ထောက်ပံ့ရခြင်းနှင့် မှော်အတတ် အခြေခံများကို သင်ကြားပေးရခြင်းတို့အတွက် များစွာ အသုံးပြုခဲ့ရသည်။
ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းအတတ်ပညာ လေးရပ် (ဆေး၊ မှော်၊ အစီအရင်၊ လက်နက်) ထဲမှ တစ်ခုကို တတ်မြောက်ရန်မှာ ဝိညာဉ်ကျောက်တုံးများစွာကို ပုံအောရသည့် အလုပ်ဖြစ်သည်။
ပုံမှန်အားဖြင့် ဂိုဏ်းကြီးများကသာ ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်သော်လည်း ချီသန့်စင် အဆင့် (၆) မျှသာ ရှိသော အဘိုးချန်က မြေးမလေးအတွက် တစ်ကိုယ်တည်း တာဝန်ယူခဲ့ခြင်းမှာ မည်မျှ ခက်ခဲမည်ကို တွေးကြည့်ရုံနှင့် သိနိုင်သည်။
ထို့အပြင် ဤခရီးစဉ်အတွက် ဝိညာဉ်ကျောက်တုံး အလုံအလောက် ရှာဖွေရခြင်းမှာလည်း လွယ်ကူသည်မဟုတ်။ ကျောက်စိမ်းအိုးနယ်မြေရှိ တာဟဲစျေးမြို့တော်မှနေ၍ ပျံလွှားနယ်မြေနှင့် ဆေးဘုရင်နယ်မြေတို့ကို ဖြတ်ကျော်ကာ နတ်ဘုရားမှော်နယ်မြေသို့ သွားရမည့် ခရီးမှာ အလွန်ပင် ဝေးကွာလှသည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူ အများစုမှာ တစ်သက်လုံး ထိုမျှဝေးသော ခရီးကို သွားနိုင်ကြသည်မဟုတ်ပေ။
အဘိုးချန်အနေဖြင့် နတ်ဘုရားမှော်စာရွက်နန်းတော်မှ ကျင့်ကြံသူများကို လိုက်ပါခွင့်ပြုရန် ညှိနှိုင်းခြင်းမှာပင် ငွေကြေးအမြောက်အမြား ပေးခဲ့ရပေလိမ့်မည်။ ၎င်းမှာ ပထမဆုံး အသုံးစရိတ်မျှသာ ဖြစ်သည်။ ခရီးစရိတ်များအပြင် ထိုနယ်မြေသို့ ရောက်ရှိသွားပါက အခြေချရန်နှင့် ရှုယီလေး ဂိုဏ်းထဲဝင်ရန် စောင့်ဆိုင်းနေသည့် တစ်နှစ်တာအတွင်း စားဝတ်နေရေး စရိတ်များကိုလည်း ထည့်တွက်ရဦးမည်။
အကယ်၍ ရှုယီလေး ဝင်ခွင့်မရခဲ့ပါကလည်း သူတို့ မည်သို့ ဆက်လက်ရှင်သန်မည်ကို စဉ်းစားရဦးမည်။ အကယ်၍ သူမ အောင်မြင်သွားခဲ့ပါကလည်း သူမ၏ ကျင့်ကြံမှုကို ထောက်ပံ့ရန် ပိုမိုများပြားသော သယံဇာတများ လိုအပ်ပေလိမ့်မည်။
ထိုကုန်ကျစရိတ် အားလုံးကို တွက်ချက်လိုက်ပါက အလွန်ပင် များပြားလှသည်။
လော့ချန်ကဲ့သို့ ဝိညာဉ်ကျောက်တုံး ရှာဖွေရာတွင် ကျွမ်းကျင်သူပင်လျှင် ထိုမျှများပြားသော ပမာဏကို အချိန်တိုအတွင်း ရှာဖွေနိုင်မည်မဟုတ်ပေ။ သို့သော် ထိုအရာအားလုံးကို အဘိုးအိုက တစိမ့်စိမ့် ရှာဖွေစုဆောင်းခဲ့ခြင်း ဖြစ်သည်။
….
လူသူ အသွားအလာဖြင့် စည်ကားလှသော ဈေးကြီးအလယ်ရှိ လစ်လပ်နေသော ကျောက်ပြားခုံလေးတွင် အဘိုးအို၊ လူငယ်နှင့် မိန်းကလေးငယ်တို့မှာ အတန်ကြာအောင် တိတ်တဆိတ် ငေးကြည့်နေမိကြသည်။
ချန်ရှို့ဖိန်နှင့် လော့ချန်တို့မှာ သူတို့၏ ခက်ခဲသော အတိတ်များကို ပြန်လည်တွေးတောနေကြသော်လည်း ချိန်ရှုယီမှာမူ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
"ဒီကျောက်ပြားခုံကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တောင်ပေါ်ကနေ ငါကိုယ်တိုင် သယ်လာခဲ့တာ၊ တခြား တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ မတူဘဲ ငါ့ဆိုင်ခန်းက ထင်ရှားနေအောင်လို့လေ"
"ငါထွက်သွားပြီးရင် ကျောက်စိမ်းအိုးဓားနန်းဆောင်ရဲ့ စျေးရုံးခန်းကို သွားပြီး ဆိုင်ခန်းပိုင်ရှင် နာမည်ပြောင်းလိုက်ပါ၊ ဒီကျောက်ပြားခုံကို ငါ မင်းအတွက် ချန်ထားခဲ့မယ်"
"ဒါပေမဲ့ နောက်ဆိုရင်တော့ မင်းက ဆိုင်ခန်းခအတွက် တစ်လကို ဝိညာဉ်ကျောက်တုံး တစ်တုံး အပြည့်ပေးရတော့မှာပေါ့"
ထိုသို့ပြောရင်း အဘိုးချန်က ခပ်တိုးတိုး ရယ်လိုက်သည်။ လော့ချန်သည် ပါးစပ်ကို အသာအယာမဲ့ကာ ဟောင်းနွမ်းနေသော ကျောက်ပြားခုံကြီးကို ကြည့်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဦးလေးချန်ရာ….ကျွန်တော်တို့ ဒီနေ့ ခေတ္တခွဲခွာကြတာပဲ ရှိပါသေးတယ်၊ အသက်ရှင်လျက် လမ်းခွဲကြတာပဲဟာ၊ ဘာလို့ ဒီလောက်တောင် ကြေကွဲဝမ်းနည်းနေရတာလဲ"
"ကဲ.... အခုတော့ ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူ လော့ချန်က ဦးလေးတို့အတွက် ခမ်းနားတဲ့ နှုတ်ဆက်ပွဲလေး ကျွေးမွေးပါရစေ"
ချန်ရှို့ဖိန် ခဏမျှ ကြောင်သွားပြီးမှ တစ်ခုခုကို သတိရသွားပုံရသည်။ သူ မေးစေ့ကို ပွတ်သပ်ကာ အားရပါးရ ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ ငါကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ မင်းကို အကြီးအကျယ် ရှင်းခိုင်းရမှာပေါ့"
လော့ချန်က လက်ကို ဝှေ့ယမ်းကာ ဆိုသည်။
"ဝိညာဉ်ကျောက်တုံး အနည်းငယ်ပါပဲဗျာ၊ လာ....ခေါင်းလောင်းရွှေအိုးရိပ်မြုံကို သွားရအောင်၊ ဒီနေ့ ကျွန်တော် ဒကာခံမယ်"
…
"ရှေ့လမ်းမှာ မိတ်ဆွေမရှိမှာ မပူပါနဲ့၊ လောကကြီးက ကျယ်ပြောပါတယ်၊ ဦးလေးနဲ့ ထိုက်တန်တဲ့သူတွေ တွေ့မှာပါ" ဟု လော့ချန်က ဆိုသည်။
"ကောင်းလိုက်တဲ့ စကား၊ ငါ့ဘဝမှာ မိတ်ဆွေ သိပ်မရှိခဲ့ပေမဲ့ လော့လေး မင်းကတော့ အဲ့ဒီထဲက တစ်ယောက်ပဲ၊ ကဲ…. ဒီခွက်ကို အကုန်သောက်လိုက်ရအောင်၊ နောက်တစ်နေ့ မင်း ဒီမှာ အဆင်မပြေဖြစ်လာရင် နတ်ဘုရားမှော်စာရွက်ဂိုဏ်းဆီ လာခဲ့ပါ၊ အဲ့ဒီအချိန်ကျရင် ရှုယီလေးက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေလောက်ပြီဆိုတော့ မင်းကို စောင့်ရှောက်ပေးနိုင်မှာပေါ့"
"ဟားဟား.... ဦးလေးချန်က ကျွန်တော့်ကို အထင်သေးနေတာလား၊ ကျွန်တော်ရော အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ"
"ကဲပါ.... မင်းရဲ့ ဝိညာဉ်အမြစ်က ငါ့ထက်တောင် အခြေအနေ ဆိုးသေးတာကို"
"ဘာပြောတယ်.... နောက်တစ်ခါ ထပ်ပြောကြည့်ဦး၊ ဦးလေး ဒီနေ့ ထမင်းဖိုး ပြန်ရှင်းရမယ်နော်"
"လော့လေး…. မင်းက ရွှေအမြုတေအဆင့်ထိ ရောက်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ပါ၊ ငါ့ရဲ့ မျက်စိတွေ မှားသွားပုံရပါတယ်"
ညနေစောင်းသောအခါ လော့ချန်သည် အဘိုးအိုနှင့် မိန်းကလေးကို နှုတ်ဆက်ကာ အိမ်သို့ တစ်ကိုယ်တည်း ပြန်လာခဲ့သည်။ သူ၏ မျက်နှာမှာမူ ဒေါသကြောင့် ရှုံ့မဲ့နေတော့သည်။
"အရှက်မရှိတဲ့ စီးပွားရေးသမားတွေ၊ တောက်.... အကုန်လုံး စီးပွားရေးပဲ ကြည့်ကြတာ"
"လူနှစ်ယောက်စာ ထမင်း၊ အရက်တစ်အိုးနဲ့ အသားနှစ်ပွဲကို ဝိညာဉ်ကျောက်တုံး ၅၀ တောင် တောင်းရဲတယ်ပေါ့လေ"
"ခေါင်းလောင်းရွှေအိုးဆိုင်က ပိုက်ဆံမရဘူးလို့ ဘယ်သူပြောတာလဲ…. ကျောက်စိမ်းအိုးဓားဂိုဏ်းကတော့ ပိုက်ဆံတွေ အများကြီး ရနေမှာ သေချာတယ်…."
လမ်းလျှောက်ရင်း မြည်တွန်တောက်တီးနေစဉ် လော့ချန်၏ မျက်မှောင်များ ရုတ်တရက် ကြုတ်သွားသည်။ သူသည် ခြေလှမ်းကို မပျက်စေဘဲ၊ နောက်ကိုလည်း လှည့်မကြည့်ဘဲ လမ်းချိုးတစ်ခုကို ဖြတ်ကျော်သွားစဉ် သစ်သားဖြင့် ပြုလုပ်ထားသော သင်းခွေချပ်ရုပ်သေးရုပ်လေး တစ်ရုပ်မှာ အရိပ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
သူ၏ နောက်ကွယ်တွင်မူ လူနှစ်ဦးသည် သူ့နောက်သို့ ပုံမှန်ခြေလှမ်းများဖြင့် လိုက်ပါလာနေကြသည်။