မျှော်လင့်ချက်အသစ်များဖြင့် ဝေဆာနေသော ကျင့်ကြံခြင်းနေ့ရက်များ
Vol. 6 Ch. 54
လမ်းကြားများ၊ လမ်းကြားများ.... အဆုံးမသတ်နိုင်သော လမ်းကြားများပင်….။
တွမ်ဆန်းဖူ၏ နားထင်မှ သွေးကြောများမှာ တဒိတ်ဒိတ် ခုန်နေသည်။ လော့ချန်သည် လေးဘက်ပိတ်ခြံဝင်း တစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်ကို အဝေးမှ မြင်လိုက်ရမှသာ သူ သက်ပြင်းတစ်ချက်ကို ဖွဖွချနိုင်တော့သည်။
"ဂိုဏ်းထဲက ညီအစ်ကိုတွေ ဘာလို့ ဒီလောက်ရှာတာ ရှာမတွေ့တာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်"
"သူက မြို့တွင်းပိုင်းကို အခြေချပြီး ဒီလောက် ဝေးလံခေါင်သီတဲ့နေရာမှာ ပုန်းနေတာကိုး"
ဘေးနားရှိ နောက်လိုက်လေးမှာ တိုက်ခိုက်ချင်ဇောဖြင့် လက်ယားနေပြီဖြစ်သည်။
"အစ်ကိုတွမ်…. အခု ဘာဆက်လုပ်ကြမလဲ၊ ဒီကောင်ကို ဇွတ်ဝင်ဖမ်းပြီး ဒုတိယအစ်ကိုကြီးကောင်းဆီကို တရွတ်တိုက် ဆွဲခေါ်သွားကြမလား"
ဖြန်း.…
ပြင်းထန်သော ပါးရိုက်ချက်တစ်ခု နောက်လိုက်လေး၏ ပါးပေါ်သို့ ကျရောက်သွားရာ သူသည် နာကျင်မှုနှင့်အတူ နားမလည်နိုင်သော မျက်နှာဖြင့် ပြန်ကြည့်နေမိသည်။
တွမ်ဆန်းဖူက အံကြိတ်ကာ ဟောက်လိုက်သည်။
"မင်း ငါတို့ ဘယ်မှာရှိနေလဲဆိုတာ သိရဲ့လား၊ ဒါက မြို့တွင်းပိုင်းကွ၊ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ နယ်မြေ၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကြီးကြပ်နေတဲ့နေရာ၊ မင်းက သူတို့ မျက်စိအောက်မှာ လူကို ဝင်ဖမ်းချင်တာလား"
နောက်လိုက်လေးက ခပ်တိုးတိုး ပြန်ညည်းသည်။
"ဒါပေမဲ့ သူက ချီသန့်စင် အဆင့် (၃) ပဲ ရှိတဲ့ အားနည်းသူတစ်ယောက်ပဲဥစ္စာ၊ ကျွန်တော်တို့ နှစ်ယောက် လက်ဦးမှုယူလိုက်ရင် ဘယ်သူမှ မသိအောင် ဖမ်းသွားလို့ ရပါတယ်၊ သူအရက်မူးပြီး သတိလစ်သွားတယ်လို့ ပြောပြီး မြို့ပြင်ထုတ်သွားရင် ရတာပဲ"
"မင်း မျက်စိကန်းနေတာလား"
တွမ်ဆန်းဖူ အော်လိုက်ပြီးမှ ပတ်ဝန်းကျင်ကို အမြန်ဝေ့ကြည့်ကာ အသံကို နှိမ့်လိုက်သည်။
"အဲ့ဒီကောင်က အခု ချီသန့်စင် အဆင့် (၄) ကို ရောက်နေပြီ၊ မင်း အာရုံမခံနိုင်ဘူးလား"
နောက်လိုက်လေးမှာ ဆွံ့အသွားသည်။
"သူက အဆင့် (၃) မှာပဲ ရှိသေးတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး တစ်လနှစ်လအတွင်း အဆင့် (၄) ကို ခုန်တက်သွားတာလဲ"
ချီသန့်စင် အဆင့် (၃) နှင့် (၄) မှာ တစ်ဆင့်တည်း ကွာခြားသော်လည်း လက်တွေ့တွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
အဆင့် (၃) ကျင့်ကြံသူတစ်ဦးမှာ မှော်အတတ် နှစ်ခုလောက်ကိုသာ ခက်ခက်ခဲခဲ ထုတ်ဖော်နိုင်ပြီး မှော်ဝင်လက်နက်များကိုလည်း ကောင်းကောင်း အသုံးမပြုနိုင်သေးပေ။ သာမန် ကိုယ်ခံပညာမရှိပါက ဖမ်းရဆီးရ အလွန်လွယ်ကူသည်။
သို့သော် အဆင့် (၄) သို့ ရောက်သွားခြင်းက သူ၏ ချီစွမ်းအင်မှာ ပိုမို ကြွယ်ဝလာပြီး မှော်များနှင့် လက်နက်များကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သက်သေပြနေသည်။
အကယ်၍ တိုက်ခိုက်မိပါက အမှားအယွင်းတစ်ခုကြောင့် ဆူညံသံများ ထွက်ပေါ်သွားပြီး အခြေအနေကို ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်သည်။
တွမ်ဆန်းဖူက နောက်လိုက်လေး၏ ပုခုံးကို ပုတ်လိုက်သည်။
"သူ့နေရာကို ငါတို့ အကဲခတ်ပြီးပြီဆိုတော့ ကျန်တာကိုတော့ ဒုတိယအစ်ကိုကြီးကောင်းရဲ့ အသေခံတိုက်ပွဲ ပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့"
"ကောင်းပါပြီ၊ ကျွန်တော် အခုပဲ ပြန်ပြီး အစီရင်ခံလိုက်ပါ့မယ်"
"မင်းက ဒီမှာနေပြီး စောင့်ကြည့်နေ၊ သူ ဒီမှာပဲ အတည်တကျ နေနေတာလားဆိုတာ သေချာအောင်လုပ်၊ နောက်မှ ဖမ်းရတာ ပိုလွယ်သွားအောင်လို့"
"သြော်.... ဟုတ်ကဲ့ပါ"
နောက်လိုက်လေးမှာ မျက်နှာပျက်ပျက်နှင့် အရိပ်ရသော ထောင့်တစ်နေရာတွင် ကုန်းကုန်းလေး ထိုင်နေတော့သည်။
ရှပ်.... ရှပ်….
သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အမြီးမည်းမည်းလေးတစ်ခု အရိပ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် ခပ်တိုးတိုး ရယ်လိုက်မိသည်။
“လူတွေက မြို့တွင်းပိုင်းက ကောင်းလှချည်ရဲ့လို့ ပြောကြပေမဲ့ မြို့ပြင်နဲ့ ဘာမှမထူးပါဘူး ကြွက်တွေက ရှိနေတုန်းပဲ”
….
ခြံဝင်းအတွင်း၌ လော့ချန်သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ချီစွမ်းအင်ကို အစွမ်းကုန် စုစည်းနေသည်။ အတော်ကြာပြီးနောက်တွင်မူ သင်းခွေချပ်ရုပ်သေးရုပ်လေးသည် သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။
"ကောင်းထင်ယွမ်က သူ့ညီ သေဆုံးမှုကို စုံစမ်းနေတုန်းပဲ၊ ငါ့ကိုတောင် ရန်ရှာဖို့ ကြံစည်နေသေးတယ်ပေါ့"
လော့ချန်၏ မျက်နှာထက်တွင် အတွေးများစွာ ဖြတ်သန်းသွားသည်။ သူသည် မတ်တပ်ရပ်ကာ ခြံဝင်းအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း အလေးအနက် စဉ်းစားနေမိသည်။
ရုပ်သေးသားရဲမှတစ်ဆင့် သူ သတင်းအချို့ကို မနည်းကြားခဲ့ရခြင်း ဖြစ်သည်။ တစ်ဖက်လူမှာ ယခုအချိန်တွင် အလုပ်ရှုပ်နေသော်လည်း တိုက်ပွဲပြီးပါက သူ့အား ပစ်မှတ်ထားလာမည်မှာ အသေအချာပင်။ ထိုသို့ဖြစ်လာပါက သူသည် အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။
“ဒါပေမဲ့ အတွင်းမြို့ထဲမှာတင် ရဲရဲဝံ့ဝံ့ လုပ်ရဲတာတော့ တကယ့် သတ္တိကောင်းပဲ….”
လော့ချန်၏ နှုတ်ခမ်းမှာ တစ်ခုခုကို သဘောကျသလို အသာအယာ ကွေးသွားသည်။
ရုတ်တရက် သူ့ရှေ့တွင် အသံတစ်သံ ထွက်ပေါ်လာသည်။
"မိတ်ဆွေ.... ခင်ဗျားက ဘယ်ခြံဝင်းကလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လော့ချန်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေသည်။ လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ့နောက်ကွယ်ရှိ တစ်ဆက်တည်းဖြစ်နေသော ခြံဝင်းနှစ်ခုကို လက်ညှိုးညွှန်ပြကာ မိတ်ဆက်လိုက်သည်။
"ကျွန်တော်က ဒီဘက်က အနောက်ဘက်ခြံဝင်းမှာ နေတာပါ၊ ခုလေးတင် ပြောင်းလာတာ၊ တွေ့ရတာ ဝမ်းသာပါတယ်"
"အိမ်နီးချင်းသစ်ပေါ့၊ ကျွန်တော်က ဝမ်ရှောင်ရှန်းပါ"
"ကျွန်တော့်ကို ကျင်းရှန်း လို့ ခေါ်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ"
"အိုး.... မိတ်ဆွေရဲ့ နာမည်က အင်မတန် မင်္ဂလာရှိတာပဲ၊ နောင်တစ်ချိန်မှာ မဟာလော့ ရွှေအမြုတေနတ်ဘုရား အဖြစ် တက်လှမ်းပြီး ထာဝရအသက်ကို ရရှိပါစေဗျာ"
မဟာလော့ ဟုတ်လား.... အင်း…. ဖြစ်နိုင်တာပဲ၊ အခု လော့လေး ဖြစ်နေပေမဲ့ တစ်နေ့မှာ မဟာလော့ ဖြစ်လာမှာပေါ့….။
သို့သော် ပထမဆုံး တွေ့ဆုံမှုဖြစ်၍ သူ နှိမ့်ချစွာပင် တုံ့ပြန်လိုက်သည်။
"အာ.... ဒါက ပြောလောက်စရာ မရှိပါဘူး၊ ကျွန်တော် လုပ်စရာလေး ရှိသေးလို့ သွားလိုက်ပါဦးမယ်"
လော့ချန်သည် သူ၏ အိမ်နီးချင်းသစ်ကို နှုတ်ဆက်ကာ အလယ်ခြံဝင်း၏ အမိုးခုံးတံခါးဆီသို့ လျှောက်သွားသည်။ မထွက်ခွာမီ သူသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် စိတ်ရင်းနှင့် သတိပေးစကား ပြောလိုက်သည်။
"မိတ်ဆွေ ဝမ်ရှောင်ရှန်း….ခုတလော ဧည့်သည်ကျင့်ကြံသူတွေ အများကြီး ရောက်နေတော့ တာဟဲစျေးမြို့တော်က လူစုံနေတယ်၊ ကျွန်တော်တို့လို ရိုးသားတဲ့သူတွေကို ဒုက္ခပေးမယ့်သူတွေလည်း ရှိနိုင်တာမို့ အပြင်ထွက်ရင် သတိထားပါဦးနော်"
ဝမ်ရှောင်ရှန်း ခဏမျှ ကြောင်သွားပြီးနောက် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
"ရပါတယ်၊ ကျောက်စိမ်းအိုးဓားနန်းဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့် ဓားကျင့်ကြံသူတွေနဲ့ ကင်းလှည့်အဖွဲ့တွေ ဖွဲ့ထားပြီးသားလေ၊ ဒုက္ခပေးမယ့်သူတွေနဲ့ တွေ့ရင် ဖမ်းပြီး အသေရိုက်သတ်လိုက်ရုံပဲ"
"တကယ်လား.... အဲ့ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ"
လော့ချန်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ခြေလှမ်းများမှာလည်း ပေါ့ပါးသွားတော့သည်။ သူသည် အမိုးခုံးတံခါးကို လျင်မြန်စွာ ဖြတ်ကျော်ကာ အနောက်ဘက် ခြံဝင်းအတွင်းသို့ အပြေးအလွှားပင် ဝင်ရောက်သွားခဲ့သည်။
သူသည် အကာအရံ နံရံကြီး၏ နောက်ကွယ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် မြင်ကွင်းမှ လုံးဝ ဥဿုံ ပျောက်ကွယ်သွားတော့သည်။
ဝမ်ရှောင်ရှန်းသည် ထိုပုံစံကို ကြည့်ကာ သဘောတကျ ရယ်မောရင်း ခေါင်းခါလိုက်မိသည်။ ဤမိတ်ဆွေအသစ်လေးမှာ အမှန်တကယ်ပင် ကြောက်တတ်လွန်းသည့် လူစားမျိုး ဖြစ်ပေလိမ့်မည်။
နေ့ခင်းကြောင်တောင် မြို့လယ်ခေါင် အချက်အချာကျသော နေရာမျိုးတွင် မည်သူကများ ပြဿနာ ရှာရဲမည်နည်း။
မြို့တွင်းပိုင်းကို ခေတ္တဘေးဖယ်ထားလျှင်တောင်မှ လက်ရှိအချိန်တွင် မြို့ပြင်ဒေသများပင်လျှင် အလွန်တရာ ငြိမ်းချမ်းလုံခြုံနေပြီ မဟုတ်ပါလော။
ခမ်းနားကြီးကျယ်လှသော ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အရှိန်အဝါကို မည်သူကများ ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်ဝံ့မည်နည်း။
သူသည် ပြုံးလျက်ပင် ခြံဝင်းအတွင်းမှ ထွက်ခွာခဲ့ပြီး အနီးနားရှိ ကုန်စည်ပြပွဲသို့ သွားရန် ပြင်ဆင်လိုက်သည်။ လော့ချန်၏ သတိပေးချက်ကို သူ ပေါ့ပေါ့တန်တန် သဘောထားသော်လည်း အပြင်ထွက်သောအခါ အနည်းငယ်တော့ သတိထားမိသည်။
ဤခြံဝင်းမှာ လူဝင်လူထွက် များသဖြင့် မကောင်းကြံစည်သော ဓားပြကျင့်ကြံသူများ ခိုးဝင်လာနိုင်သည် မဟုတ်ပါလော။
ထိုသို့ တွေးမိသည်နှင့် သူ မြင်သမျှ လူတိုင်းကို သံသယမျက်လုံးများဖြင့် စတင်ကြည့်ရှုတော့သည်။
“ဟမ်.... အဲ့ဒီလူက ဘာလို့ ဒီလောက် မသင်္ကာစရာကောင်းနေတာလဲ.... ငါ့ကိုတောင် စိုက်ကြည့်ရဲတယ်ပေါ့.…”
“ငါနဲ့ သူနဲ့ ဘာရန်ငြိုးမှလည်း မရှိဘဲ ဘာလို့ စိုက်ကြည့်နေရတာလဲ.... ဒါ ကျင်းရှန်း ပြောတာ မှန်နေတာလား…”
“မဟုတ်ဘူး…. ငါ ကင်းလှည့်အဖွဲ့ကို ချက်ချင်း သတင်းပို့ရမယ်”
ထောင့်တစ်နေရာတွင် ကုန်းကုန်းလေးထိုင်ကာ စက်ဝိုင်းများ ဆွဲနေသော တာကျန်းဂိုဏ်းမှ နောက်လိုက်လေးကို စိုက်ကြည့်ပြီးနောက် ဝမ်ရှောင်ရှန်းသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
နောက်လိုက်လေးမှာ ဝမ်ရှောင်ရှန်းကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေသည်။
“အဲ့ဒီလူက ဘာဖြစ်နေတာလဲ၊ ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်ဘူးလား၊ ဘာလို့ ငါ့ကို စိုက်ကြည့်နေရတာလဲ.…”
“ထားလိုက်ပါတော့၊ အဲ့ဒီလိုလူမျိုးနဲ့ ငြင်းမနေချင်ပါဘူး၊ ငါ့အလုပ်က လော့ချန် ထွက်မပြေးအောင် စောင့်ကြည့်ဖို့ပဲ….”
“ဒီအလုပ်ပြီးရင် အစ်ကိုတွမ်က ငါ့ကို ပိုပြီး တန်ဖိုးထားတော့မှာ၊ ဒုတိယအစ်ကိုကြီးကောင်းကတောင် သတိထားမိသွားပြီး ငါ့ကို သင်္ဘောပေါ်ခေါ် ငွေတွေ အများကြီး ရှာခိုင်းနိုင်တယ်”
ထိုသို့ တွေးလိုက်မိသောအခါ သူ၏ အနာဂတ်မှာ ပိုမိုတောက်ပလာသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် အချိန်အနည်းငယ်မျှပင် မကြာလိုက်မီမှာပင် ကောင်းကင်မှ အလင်းတန်းအချို့ ဆင်းသက်လာကာ သူ့အား ဝိုင်းရံထားလိုက်တော့သည်။
"ဟုတ်တယ်….ဒီလူပဲ….သူ ကျုပ်ကို စိုက်ကြည့်နေတာ၊ ကျုပ် အခုလေးတင် ဝယ်ထားတဲ့ အလယ်အလတ်အဆင့် ပျံသန်းဓားကို လုဖို့၊ ပြီးတော့ ကျုပ်ရဲ့ ဝတ်ရုံအသစ်ကိုပါ ချွတ်ယူဖို့ ကြံစည်နေတာ သေချာတယ်"
နောက်လိုက်လေးမှာ ကြောင်အသွားတော့သည်။
ကင်းလှည့်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ရှေ့သို့ တိုးလာကာ မျက်မှောင်ကြုတ်၍ မေးသည်။
"ဟေ့ မင်းက ဘယ်သူလဲ…. ဒီမှာ ဘာလုပ်နေတာလဲ.... ဒီလို ကုန်းကုန်းကွကွနဲ့.... မင်း ဓားပြတိုက်ဖို့ ကြံနေတာလား"
သူ၏ အသံမှာ စူးရှပြတ်သားလှသည်။ နောက်လိုက်လေးမှာ ခဏမျှ ကြောင်သွားပြီးမှ အမှန်အတိုင်း ထွက်ဆိုမိတော့သည်။
"ကျွန်တော်က မြို့ပြင်ပိုင်းကပါ၊ တာကျန်းဂိုဏ်းအတွက် ပစ္စည်းသယ်ပေးသူပါ၊ လူတစ်ယောက်ကို စောင့်ကြည့်နေတာပါ၊ ဓားပြတိုက်တာ မဟုတ်ပါဘူး၊ လူပြန်ပေးဆွဲဖို့ပဲ ကြံစည်နေတာပါ…."
ပြောပြီးသည်နှင့် သူ သတိပြန်ဝင်လာကာ မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတော့သည်။
ငါ.... ဘယ်လိုလုပ်ပြီး အကုန်ပြောမိသွားတာလဲ.…။
ဖြန်း….
ကင်းလှည့်ခေါင်းဆောင်က သူ့အား အားရပါးရ ပါးရိုက်လိုက်ပြီး အော်လိုက်သည်။
"မင်းလို အဆင့်နိမ့် ဓားပြတွေကို ငါ အမုန်းဆုံးပဲ၊ ဘာအရည်အချင်းမှလည်း မရှိဘူး၊ လာ.... ငါနဲ့ လိုက်ခဲ့"
"ဘယ်ကိုလဲဗျ"
"မင်းကို ဖမ်းလိုက်ပြီလေ၊ အခု တိုင်နီအကျဉ်းထောင်မှာ နှစ်တစ်ရာ သွားနေရမယ်၊ အဆုံးအဖြတ်စင်မြင့်မှာ ၁၀ ပွဲ အနိုင်ရမှ မင်း အပြင်ပြန်ထွက်လာလို့ ရမယ်"
နောက်လိုက်လေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ သူသည် ပါးရိုက်ခံရ၍ ကြောင်သွားခြင်းလား သို့မဟုတ် သူ၏ မှောင်မိုက်သော အနာဂတ်ကြောင့် လန့်သွားခြင်းလား ဆိုသည်ကိုမူ သူကိုယ်တိုင်ပင် မသိတော့ပေ။
ကင်းလှည့်အဖွဲ့ ထွက်သွားပြီးနောက် ဝမ်ရှောင်ရှန်းသည် သူ၏ ရင်ဘတ်ကို ဖိကာ သက်ပြင်းချလိုက်သည်။
"ငါ အချိန်မီ သတင်းပို့လိုက်လို့ တော်သေးတာပေါ့"
"မဟုတ်ဘူး.... ဒါကို ငါ တစ်ယောက်တည်း သိလို့ မဖြစ်ဘူး၊ ကျန်တဲ့ အိမ်နီးချင်းတွေကိုလည်း သတိပေးရမယ်"
သူ အသက်ကို ဝအောင်ရှူကာ အော်ဟစ်ရင်း ပြေးတော့သည်။
"ဓားပြတွေ ဒီနားမှာ ရှိနေတယ်….အားလုံး သတိထားကြပါဦးဗျို့"
အနီးနားရှိ ကျင့်ကြံသူများမှာ အိမ်များမှ အသီးသီး ထွက်လာကြသည်။
"ဟုတ်တယ်.... ကျွန်တော် ဝမ်ရှောင်ရှန်းကပဲ သတင်းပို့လိုက်တာ၊ အဲ့ဒီလို လူယုတ်မာတွေက အကျဉ်းထောင်ထဲမှာပဲ ပုပ်သိုးနေသင့်တာဗျ"
"အာ.... ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ"