← Chapters

လော့လေး.... လာ၊ စွပ်ပြုတ်လေး သောက်ပါဦး

Vol. 6 Ch. 55

လော့လေး.... လာ၊ စွပ်ပြုတ်လေး သောက်ပါဦး

Vol. 6 Ch. 55

တိုင်နီအကျဉ်းထောင်ဆိုသည်မှာ ကျောက်စိမ်းအိုးဓားနန်းဆောင်မှ ဤဒေသ၏ ပထဝီဝင်အနေအထားနှင့် လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားသော အကျဉ်းထောင်တစ်ခု ဖြစ်သည်။

ဤအမည်မှာ ဒဏ္ဍာရီလာ ဖီးနစ်ကျတောင် ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။

ရှေးဟောင်းပုံပြင်များအရ ကျောက်စိမ်းအိုးနယ်မြေသည် တစ်ချိန်က ဝမ်တောင်တန်းကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က တောင်ထိပ်များ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး သယံဇာတ ကြွယ်ဝလွန်းလှသဖြင့် အဆုံးမဲ့ ကျောက်စိမ်းရေတံခွန်များ နှင့် ယူဇနာသောင်းချီသော နေဝင်ချိန်အလှ ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။

သို့သော်လည်း တစ်နေ့တွင် အထက်ဘုံမှ နတ်ဖီးနစ်ငှက်တစ်ကောင်သည် ဟင်းလင်းပြင်အတားအဆီးကို ချိုးဖျက်ကာ ဤဒေသသို့ ဆင်းသက်လာခဲ့သည်။ ထိုငှက်၏ ကြီးမားလှသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် စစ်မှန်သော ဖီးနစ်မီးလျှံများမှာ မြေပြင်တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။

ခဏချင်းအတွင်းမှာပင် ခန့်ညားထည်ဝါလှသော တောင်တန်းကြီးမှာ ပြာပုံအတိ ဖြစ်သွားခဲ့ရသည်။ ထင်ရှားကျော်ကြားသော ခရမ်းရောင်အလင်းတောင် ပင်လျှင် မီတာတစ်ရာပင် မပြည့်သော တောင်ကုန်းလေးအဖြစ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုအချိန်မှစ၍ ၎င်းကို ဖီးနစ်ကျတောင်ဟု အမည်ပြောင်းလဲခဲ့ကြသည်။

နတ်ဖီးနစ် ဆင်းသက်လာစဉ်က ကြွေကျကျန်ရစ်ခဲ့သော အမွှေးအတောင်များသည် ရိုးရိုးအမွှေးများ မဟုတ်ပေ။ နတ်ဘုရားစွမ်းအင်များ ကိန်းဝပ်နေသဖြင့် အမွှေးတစ်ပင် မြေသို့ကျတိုင်း မီတာရာချီရှည်သော မြေပြင်အက်ကြောင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။

ထိုအရှိန်ကြောင့် မြေပြင်အောက်ခြေအထိ နက်ရှိုင်းပြီး တောက်ပနေသော အက်ကြောင်းကြီးများ ဖြစ်လာခဲ့ရသည်။ ကောင်းကင်ယံမှ ကြည့်လျှင် ထိုအက်ကြောင်းမှာ မြေပြင်ပေါ်တွင် မီးလောင်ကျွမ်းထားသည့် နီရဲနေသော တိုင်ကြီး တစ်တိုင်နှင့် တူလှသဖြင့် တိုင်နီဟု အမည်တွင်လာခြင်း ဖြစ်သည်။

တာဟဲစျေးမြို့တော်ကို လန်ချန်းမြစ်နှင့် ရှေးဟောင်းလွင်ပြင်တစ်လျှောက် တည်ထောင်ပြီးနောက်တွင် ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ထိုဒေသကို အဆင့်ဆင့် ပြုပြင်မွမ်းမံခဲ့သည်။

ဖီးနစ်ကျတောင်မှာ ကြီးမားသော အစီအရင်၏ ဗဟိုချက်ဖြစ်လာသလို အဆုံးအဖြတ်စင်မြင့်၏ အခြေခံအဆောက်အအုံလည်း ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုမြေအက်ကြောင်းကြီးကို ကျဉ်းမြောင်းသော အကျဉ်းထောင်အဖြစ် ပြောင်းလဲလိုက်ရာ ယခုအခါ လူတိုင်းက တိုင်နီအကျဉ်းထောင်ဟု သိထားကြတော့သည်။

အကျဉ်းထောင်ကို တရားဝင်ဖွင့်လှစ်ပြီးနောက် ကျောက်စိမ်းအိုးဓားနန်းဆောင်က စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သည်။ တာဟဲစျေးမြို့တော် မြို့တွင်းနှင့် မြို့ပြင်တွင် ပြစ်မှုကျူးလွန်သော မည်သည့် ဓားပြကျင့်ကြံသူကိုမဆို တိုင်နီအကျဉ်းထောင်ထဲသို့ ထည့်မည်ဖြစ်သည်။

ထောင်မှ လွတ်မြောက်ရန် နည်းလမ်း သုံးသွယ်သာ ရှိသည်။

ဝိညာဉ်ကျောက်တုံးများစွာဖြင့် ရွေးထုတ်ခြင်း၊ ပြစ်ဒဏ်ကာလကို အပြည့်နေခြင်း သို့မဟုတ် အဆုံးအဖြတ်စင်မြင့်တွင် ဆယ်ပွဲဆက်တိုက် အနိုင်ရခြင်းတို့ပင် ဖြစ်သည်။

တာဟဲစျေးမြို့တော်သည် အဆိုပါ တင်းကျပ်လှသော စီမံချက်များကြောင့် ယခင်ကထက် ပိုမိုအေးချမ်းသာယာလာသည်။ ကျင့်ကြံမှုအဆင့် နိမ့်ပါးလှသော ချီသန့်စင် အစောပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ယခုအခါ ညမှောင်ရီပျိုးချိန်၌ တစ်ကိုယ်တည်း သွားလာဝံ့သည်အထိ ပတ်ဝန်းကျင် အခြေအနေမှာ လုံခြုံမှု အပြည့်ရှိလာခဲ့သည်။

စည်ကားသိုက်မြိုက်နေသော လမ်းဆုံလမ်းခွတစ်ခုတွင်မူ စပ်စုလိုစိတ် ပြင်းပြနေသည့် လူအုပ်ကြီးမှာ တိုးမပေါက်အောင် စုရုံးနေကြသည်။

ထိုသူများမှာ ကင်းလှည့်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော ကျင့်ကြံသူတစ်ဦးအား တိုင်နီအကျဉ်းထောင်ဆီသို့ အချုပ်အနှောင်များဖြင့် ခေါ်ဆောင်သွားသည့် မြင်ကွင်းကို ဝိုင်းအုံကြည့်ရှုနေကြခြင်း ဖြစ်ပေသည်။

"ဒါနဲ့ဆို ဒီလထဲမှာ မိတဲ့ ဓားပြက ၃၂ ယောက်မြောက် ရှိပြီ မဟုတ်လား"

"မှားနေပြီဟ ၃၅ ယောက်မြောက်"

"ဒါကို ဘာလို့ လမ်းပေါ်မှာ ဒီလို လိုက်ပြနေတာလဲ….ထောင်ထဲ တိုက်ရိုက်ပို့လိုက်ရင် ပိုမမြန်ဘူးလား"

"ဒါက သတိပေးတဲ့အနေနဲ့ လုပ်ပြတာလေ၊ တခြား စိတ်ကူးရှိတဲ့သူတွေကို ခြောက်လှန့်ဖို့ပေါ့"

"ဟုတ်သားပဲ၊ လူတွေ မြင်လေလေ တာဟဲစျေးမြို့တော်က ပိုလုံခြုံလေလေပေါ့"

တစ်ဖက်တွင်မူ ဘေးမှ အကဲခတ်နေသော လော့ချန်သည် မည်သည့်အရိပ်အယောင်မျှ မပြပေ။

ကံဆိုးမိုးမှောင်ကျနေသော နောက်လိုက်လေး တိုင်နီအကျဉ်းထောင်သို့ ပါသွားသည်ကို ကြည့်ရင်း သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူသည် လူအုပ်ကြားမှ ဖြည်းညင်းစွာ ဆုတ်ခွာကာ လူပင်လယ်ကြီးအတွင်းသို့ ကိုယ်ရောင်ဖျောက် ဝင်သွားတော့သည်။

….

“ငါ့နောက်က လိုက်နေတဲ့ ငနဲကိုတော့ ကျောက်စိမ်းအိုးဓားနန်းဆောင် ကျေးဇူးနဲ့ ရှင်းထုတ်လိုက်နိုင်ပြီ”

“ဒါပေမဲ့ ဒါက ခဏပဲ”

“ကောင်းထင်ယွမ် ဆိုတဲ့ကောင် အားသွားတဲ့အခါ ငါ့ဆီ ပြဿနာတွေ ပြန်ရောက်လာဦးမှာ သေချာတယ်”

လော့ချန်သည် ဝါးခမောက်ကို ဆောင်းကာ လမ်းမကြီးပေါ်မှ ခွဲထွက်၍ ရှုပ်ထွေးလှသော လမ်းကြားလေးများထဲသို့ ခပ်မှန်မှန် ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။ သူသည် အိမ်သို့ တိုက်ရိုက်မပြန်ဘဲ ဆန့်ကျင်ဘက်အရပ်ကို တမင်ရွေးချယ်ခဲ့သည်။

ဤသည်မှာ ယခင်က စွန်းရှို့နှင့်အတူ အိမ်လိုက်ရှာစဉ်က အိမ်ခြံမြေအများအပြား၊ အထူးသဖြင့် အိမ်အကြီးကြီးများကို လိုက်ကြည့်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ လော့ချန်တွင် ကောင်းမွန်သော မှတ်ဉာဏ်ရှိပြီး အထူးသဖြင့် နေရာကောင်းမှ ကျယ်ဝန်းသော အိမ်များကို သူ အမြဲအားကျခဲ့သဖြင့် တည်နေရာကို မှတ်မိနေခြင်းဖြစ်သည်။ ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိလျှင် တစ်နေ့တွင် ပြောင်းနေမည်ဟုပင် သူ ကြံစည်ခဲ့ဖူးသည်။ ယခုမူ ထိုမှတ်ဉာဏ်က အသုံးဝင်လာခဲ့သည်။

သူ၏အိမ်မှာ မြို့မြောက်ဘက်ရှိ လေးဘက်ပိတ်ခြံဝင်းလေး ဖြစ်သည်။ သူ အစောက ဝင်သွားသောနေရာမှာ မြို့တောင်ဘက်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများစျေးနှင့် နီးသော သုံးထပ်ခြံဝင်းအကြီးကြီး ဖြစ်သည်။

ထိုကဲ့သို့ ကျယ်ဝန်း၊ အေးချမ်းပြီး လုံခြုံသော အိမ်မျိုးမှာ သူ နှစ်ပေါင်းများစွာ အလုပ်လုပ်လျှင်ပင် ဝယ်နိုင်မည်မဟုတ်သော်လည်း နောက်ယောင်ခံလိုက်သူများကို လှည့်စားရန်အတွက်မူ အကောင်းဆုံးပင်။ ထိုနေရာမှ ထွက်ပြေးရန်မှာလည်း ခြံစည်းရိုးကို ကျော်လိုက်ရုံမျှဖြင့် လွယ်ကူလှသည်။

သို့သော် ဤသည်မှာ ယာယီဖြေရှင်းနည်းပင် ရှိသေးသည်။

“ငါက ဆေးလုံးရောင်းဖို့ ဆိုင်ထွက်နေရဦးမှာဆိုတော့ ဘယ်လောက်ပဲ သတိထားထား ငါ့ရဲ့လိပ်စာကတော့ တစ်နေ့ ပေါ်လာမှာပဲ”

“ငါ့ကိုယ်စား ဆေးလုံးရောင်းပေးမယ့်သူတွေ ငှားပြီး ငါကတော့ လုံးဝ ကိုယ်ရောင်ဖျောက်နေမှ ရမယ်”

ထိုသို့သော ဖြေရှင်းနည်းရှိသော်လည်း ကံဆိုးသည်မှာ လော့ချန်သည် ချီသန့်စင် အဆင့် (၄) မျှသာ ရှိသေးသည်။ သူ မည်သူ့ကို ခိုင်းနိုင်မည်နည်း။ အဆုံးတွင်မူ သူ၏ အားနည်းမှုကြောင့်သာ ဖြစ်သည်။

အကယ်၍ သူ့တွင် ဝမ်ယွမ်ကဲ့သို့ အစွမ်းရှိလျှင် ကောင်းထင်ယွမ်၏ နေအိမ်သို့ တိတ်တဆိတ် ခိုးဝင်ကာ တစ်ချက်တည်းနှင့် အပြတ်ရှင်းပစ်လိုက်မည် ဖြစ်သည်။

သူ အိမ်သို့ ပြန်ရောက်သောအခါ ခြံဝင်းအတွင်း၌ မွှေးကြိုင်လှသော အနံ့အသက်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ၎င်းမှာ မုရုံချင်းလျန် တစ်မနက်လုံး တည်ထားသော သွေးမိစ္ဆာကျားအရိုးစွပ်ပြုတ်၏ အနံ့ပင်။ သို့သော် ခြံဝင်းထဲတွင် လူတစ်ယောက်မျှ မရှိဘဲ ချင်မိသားစု၏ အနောက်ဘက်အခန်း တံခါးများမှာလည်း တင်းကျပ်စွာ ပိတ်ထားသည်။

သူသည် ယခုအခါ ပြောင်းလဲပြင်ဆင်ထားပြီး အသက်ဝင်နေသော သူ၏ အဆောင်အတွင်းသို့ လှမ်းဝင်ကာ ခေတ္တမျှ တိတ်ဆိတ်စွာ ရပ်နေမိသည်။

ပြဿနာများ ပြန်ရောက်လာသည့်အခါ သူသည် ခွေးလေခွေးလွင့်တစ်ကောင်ကဲ့သို့ ဤနေရာမှ ထွက်ပြေးရပေဦးမည်။ အေးစက်စက်နိုင်သော်လည်း ဤအိမ်လေးကို သူ နှမြောမိသည်။ အိမ်နီးချင်းများကိုလည်း သူ ခွဲခွာရက်မည် မဟုတ်ပေ။

ကူချိုင်ယီ၏ တက်ကြွမှု၊ ဖူရှို့ရှို့၏ နူးညံ့သိမ်မွေ့မှု၊ ပိုင်မေလင်း၏ ပျော်ပျော်နေတတ်မှုနှင့် ချင်လျန်ချန်း၏ ပွင့်လင်းရိုးသားမှု၊ စကားသိပ်မပြောတတ်သည့် အသံပျက်နေသော ဖုန်းရှမမလည်း ရှိသေးသည်။

သူသည် ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်လုံးကို ထုတ်ကာ မျိုချလိုက်ပြီး နွေဦးကျင့်စဉ်ကို စတင်လည်ပတ်တော့သည်။

ပြင်းထန်သော ဆေးစွမ်းအင်များ ချက်ချင်း ပျံ့နှံ့သွားပြီး နူးညံ့သော ဝိညာဉ်အဆီအနှစ်များမှာ သူ၏ အကြောများအတွင်း စီးဆင်းကာ နောက်ဆုံးတွင် ဒန်တျန်အတွင်း၌ စုစည်းသွားသည်။ သူ၏ ချီစွမ်းအားမှာ သိသိသာသာ အားကောင်းလာတော့သည်။

လော့ချန်တစ်ယောက် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။

[အခြေအနေပြကြေးမုံပြင်]

အမည် - လော့ချန်

သက်တမ်း - ၂၇/၇၅

ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)

အဆင့် - ချီသန့်စင် အဆင့် ၄ (၉၆/၁၀၀)

အောင်မြင်မှုအမှတ် - ၁၃ မှတ်

[ကျင့်စဉ်များ]

နွေဦးကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၄၉၉/၅၀၀)

[မှော်အတတ်များ]

မီးလုံးမှော်အတတ် - ပါရမီရှင်အဆင့် (၇၀၀/၁၀၀၀)

လေလွင့်ခြေလှမ်း - ပါရမီရှင်အဆင့် (၅၁၂/၁၀၀၀

နွယ်ရှင်နှောင်ကြိုး - ကျွမ်းကျင်အဆင့် (၂၉၁/၃၀၀)

သန့်စင်ခြင်းမှော်အတတ် - တတ်မြောက်အဆင့် (၁၇၀/၂၀၀)

ဆွဲငင်ခြင်းမှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၂၇/၅၀၀)

နတ်မျက်စိ - ကျွမ်းကျင်အဆင့် (၂၈၇/၃၀၀)

လေခွင်းမှော်အတတ် - ကျွမ်းကျင်အဆင့် (၂၃၀/၃၀၀)

[အတတ်ပညာများ]

ပထမအဆင့် ဆေးဖော်ဆရာ

မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၈၄၀/၁၀၀၀)

အံ့ဖွယ်တစ်သောင်းဆေးလုံး - ပြီးပြည့်စုံအဆင့် (၃၀၁/၅၀၀)

နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားလေခဲ့ပြီ။ ပြီးခဲ့သည့် နှစ်ပတ်မှာ အေးအေးဆေးဆေး ရှိခဲ့သော်လည်း ကျင့်ကြံခြင်း တိုးတက်မှုမှာမူ အလွန်ပင် သိသာလှသည်။

ချင်လျန်ချန်း၏ ရံဖန်ရံခါ လမ်းညွှန်မှုကြောင့် ဆွဲငင်ခြင်း၊ နွယ်ရှင်နှောင်ကြိုးနှင့် မီးလုံးမှော်အတတ်တို့မှာ သိသိသာသာ တိုးတက်လာခဲ့သည်။

အထူးသဖြင့် တိုက်ပွဲ၏ ပြင်းထန်သော ဖိအားအောက်တွင် သူ၏ လှုပ်ရှားမှုမှော်အတတ်များမှာ များစွာ တိုးတက်လာသည်။ လေလွင့်ခြေလှမ်းမှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပြီး လေခွင်းမှော်အတတ် မှာလည်း အခြေခံအဆင့်မှ ကျွမ်းကျင်အဆင့်သို့ ဒုံးကျည်ကဲ့သို့ ခုန်တက်သွားသည်။

ဤတိုးတက်မှုက ချီသန့်စင် အဆင့် (၉) ကျင့်ကြံသူ ချင်လျန်ချန်းကိုပင် အံ့အားသင့်စေခဲ့သည်။

ဤမှော်ကျွမ်းကျင်မှု တိုးတက်လာခြင်းကြောင့် သူသည် အောင်မြင်မှုအမှတ် နှစ်မှတ် ထပ်မံရရှိခဲ့သည်။ သို့သော် လော့ချန်၏ အဓိကအာရုံမှာ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းပေါ်တွင်သာ ရှိသည်။

အဆင့် - ချီသန့်စင် အဆင့် ၄ (၉၆/၁၀၀)

ချီသန့်စင် အဆင့် (၅) သို့ ရောက်ရှိရန် တိုးတက်မှုအမှတ် ၄ မှတ်သာ လိုတော့သည်။ ၄ မှတ်ဆိုသည်မှာ ချီစွမ်းအင်ဖြည့်ဆေးလုံး ၄ လုံးနှင့် ညီမျှသည်။

တစ်နေ့လျှင် ဆေးလုံးတစ်လုံးသာ သန့်စင်နိုင်သဖြင့် သူသည် နောက်ထပ် ၄ ရက်ခန့် ကြိုးစားရပေဦးမည်။ ဤအချိန်မှာ လော့ချန် စောင့်ဆိုင်းနိုင်သော အချိန်ဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင် သူ့အား မမျှော်လင့်ဘဲ ကျင့်ကြံရန် တွန်းအားပေးခဲ့သည်မှာ သူ၏ ကျင့်စဉ်ပင် ဖြစ်သည်။

[ကျင့်စဉ်များ]

နွေဦးကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၄၉၉/၅၀၀)

"နောက်ထပ် တစ်လှမ်းတည်းပဲ"

လော့ချန်သည် နွေဦးကျင့်စဉ်ကို ပါရမီရှင်အဆင့်သို့ မြှင့်တင်လိုက်လျှင် မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကို သိချင်စိတ် ပြင်းပြနေမိသည်။

သူ အတွေးနယ်ချဲ့နေစဉ် ရှေ့တံခါးဆီမှ ညင်သာသော ခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ သူ နားမလည်နိုင်စွာဖြင့် ဧည့်ခန်းသို့ ထွက်လာကာ တံခါးကို ဖွင့်လိုက်သည်။

အပြင်ဘက်တွင် မုရုံချင်းလျန်သည် ဟင်းရည်ပန်းကန်လေးတစ်လုံးကို ကိုင်လျက် ရပ်နေသည်။

"လော့လေး.... လာ၊ စွပ်ပြုတ်လေး သောက်ပါဦး"

All Chapters