← Chapters

သန့်စင် ပဥ္စမအဆင့်သို့ တက်လှမ်းခြင်း

Vol. 6 Ch. 57

သန့်စင် ပဥ္စမအဆင့်သို့ တက်လှမ်းခြင်း

Vol. 6 Ch. 57

ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကျောက်များမှာ ငွေကြေးပင် ဖြစ်သည်။ ထိုအရာများကို စား၍မရ၊ သောက်၍မရသော်လည်း အထဲ၌ ချီစွမ်းအင်များ ကြွယ်ဝစွာ ကိန်းအောင်းနေသည်။ သို့သော် အညစ်အကြေးများလည်း အလွန်ထူထပ်လှသည်။

ထို့ကြောင့်ပင် ကျင့်ကြံသူများသည် အသက်ဘေးနှင့် ရင်ဆိုင်ရသည့် အရေးပေါ်အခြေအနေမှလွဲ၍ ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်စုပ်ယူရန် ဘယ်သောအခါမှ မဝံ့ရဲကြချေ။

အများအားဖြင့် အင်အားကြီးဂိုဏ်းကြီးများသည်သာ ဝိညာဉ်ကျောက်တုံးများကို အစီအရင်များ နိုးထစေရန် သို့မဟုတ် ထုထည်ကြီးမားသော မှော်ရတနာများကို ထိန်းချုပ်ရန်အတွက် အသုံးပြုလေ့ရှိကြသည်။

သို့သော်လည်း ပါးစပ်ရာဇဝင်ထဲမှ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများမှာမူ ချီစွမ်းအင် အလွန်တရာ စင်ကြယ်လှသဖြင့် ကျင့်ကြံသူများ တိုက်ရိုက်စုပ်ယူနိုင်သည်ဟု ဆိုကြသည်။

သို့သော် ထိုကဲ့သို့သော ရတနာမျိုးမှာ သာမန်ကျင့်ကြံသူများအတွက် လက်လှမ်းမမီနိုင်သော အရာပင် ဖြစ်သည်။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများကို မဆိုထားနှင့်၊ သာမန်ဝိညာဉ်ကျောက်တုံးများပင်လျှင် တစ်လောကလုံးသုံး ငွေကြေးအဖြစ် သတ်မှတ်ရသည်အထိ ရှားပါးလှပေသည်။

ထို့အပြင် ဤငွေကြေးထုတ်လုပ်ခွင့် အာဏာကိုလည်း အခြေခံအားဖြင့် ဂိုဏ်းကြီးများကသာ ချုပ်ကိုင်ထားကြသည်။

အကြောင်းပြချက်မှာ ရှင်းလင်းလှသည်၊ ဂိုဏ်းတစ်ခု အင်အားကြီးလေလေ ကောင်းမွန်သော ဝိညာဉ်ကြောများကို ပိုင်ဆိုင်နိုင်လေလေ ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများမှာလည်း အမျိုးမျိုးသော ဝိညာဉ်ကြောများမှ တူးဖော်ရရှိခြင်း မဟုတ်ပါလော။

ကမ္ဘာမြေပေါ်တွင် ငွေကြေးဟူသည်မှာ ပင်ကိုယ်တန်ဖိုး မရှိချေ။ ၎င်းသည် နိုင်ငံတစ်ခု၏ ယုံကြည်စိတ်ချရမှုအပေါ် အခြေခံထားခြင်းသာဖြစ်ပြီး ထိုယုံကြည်မှုမှာ နိုင်ငံ၏ အင်အားနှင့် သယံဇာတ ကြွယ်ဝမှုအပေါ် တည်ဆောက်ထားခြင်း ဖြစ်သည်။ နိုင်ငံတစ်ခု၏ ယုံကြည်မှု ပြိုလဲသွားပါက ၎င်း၏ငွေကြေးမှာ တန်ဖိုးမရှိသော စက္ကူစုတ်များသာ ဖြစ်သွားလိမ့်မည်။ ကျင့်ကြံခြင်းလောကတွင်လည်း ဤနိယာမမှာ များစွာကွာခြားမှု မရှိပေ။

ဂိုဏ်းကြီးများမှာ အလွန်အင်အားကြီးမားသဖြင့် ကျင့်ကြံရေးအရင်းအမြစ်များကို ဝိညာဉ်ကျောက်တုံးများဖြင့်သာ အလဲအလှယ်ပြုရန် ဆုံးဖြတ်လိုက်သည့်အခါ သာမန်ကျင့်ကြံသူများမှာ လိုက်နာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

၎င်းတို့သည် လက်ခံရုံသာမက ဝိညာဉ်ကျောက်တုံးများ လုံလောက်စွာရရှိရန် အစွမ်းကုန်ပင် ကြိုးစားကြရသည်။ တာကျန်းဂိုဏ်းနှင့် ဖိုရှန်းဂိုဏ်းတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခမှာလည်း တောင်ပေါ်မှ အရင်းအမြစ်များအတွက် ဖြစ်ပြီး အဆုံးစွန်၌မူ ဝိညာဉ်ကျောက်တုံးများအတွက်ပင် ဖြစ်ပေသည်။

ထိုအချိန်တွင် တာကျန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်ဟိုင်ချောင်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ပင်ပန်းနွမ်းနယ်စွာဖြင့် လိုက်လံပို့ဆောင်နေသည်။

"နောက်ဆုံးတော့ အားလုံး အဆင်ပြေသွားပြီ၊ ငါတို့သာ သေမျိုးတိုက်ပွဲမှာ အနိုင်ရပြီး တောင်ပေါ်က အရင်းအမြစ်တွေကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်က တခြားဈေးမြို့တော် လေးခုရဲ့ ရေကြောင်းကုန်သွယ်မှုကို ငါတို့ဆီ လွှဲပေးမယ်လို့ ကတိပေးထားတယ်"

သူ့အောက်တွင် တာကျန်းဂိုဏ်း၏ ဒုတိယခေါင်းဆောင် ကောင်းထင်ယွမ် ထိုင်နေသည်။ ထိုသတင်းကို ကြားလိုက်ရသည့်အခါ ကောင်းထင်ယွမ်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။

တာဟဲဈေးမြို့တော်တစ်ခုတည်း၏ ရေကြောင်းကုန်သွယ်မှုကပင် တာကျန်းဂိုဏ်းကို အလွန်ချမ်းသာကြွယ်ဝစေခဲ့ပြီး ဝမ်ဟိုင်ချောင်ကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ နေ့စဉ်ကျင့်ကြံမှုအတွက် လုံလောက်အောင် ပံ့ပိုးပေးနိုင်ခဲ့သည်။ အကယ်၍ အခြားဈေးမြို့တော် လေးခု၏ ကုန်သွယ်ခွင့်ကိုပါ ရရှိလိုက်မည်ဆိုပါက တာကျန်းဂိုဏ်းသည် မည်မျှအထိ ဝင်ငွေတိုးလာမည်နည်း။

အနည်းဆုံး နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး သို့မဟုတ် နှစ်ဦးစာကိုပင် ပံ့ပိုးပေးနိုင်လိမ့်မည်။

သူ၏ စိတ်လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ ဝမ်ဟိုင်ချောင်က မျက်ခုံးကို အသာအယာတွန့်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ပြုံးပြလိုက်သည်။

"ရှောင်ကောင်း.... မင်း ငါ့နောက်မှာ နေခဲ့တာလည်း ကြာပြီ၊ မင်းအတွက် မလွယ်ခဲ့တာ ငါသိပါတယ်၊ ငါတို့သာ ဒီရေကြောင်းလမ်း လေးခုကို ရလိုက်ပြီဆိုတာနဲ့ မင်းအတွက် အခြေခံအုတ်မြစ်တည်ဆေး တစ်လုံးရအောင် ငါ အစွမ်းကုန် ကြိုးစားပေးမယ်"

ကောင်းထင်ယွမ်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ်အတွက်ဆိုရင် ကျွန်တော့်အသက်ကိုတောင် ပေးဝံ့ပါတယ်"

ဝမ်ဟိုင်ချောင်က အနည်းငယ် ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"သေမျိုးတိုက်ပွဲအတွက် မင်း ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ"

သေမျိုးတိုက်ပွဲအတွက် ပါဝင်မည့်သူ ၁၈ ဦး၏ စာရင်းကို တင်သွင်းပြီးသား ဖြစ်သော်လည်း တိုက်ပွဲအစီအစဉ်ကိုမူ လျှို့ဝှက်ထားဆဲပင်။ တစ်နည်းဆိုရသော် ကောင်းထင်ယွမ်သည် ဖိုရှန်းကျား ခုနစ်ကောင် သို့မဟုတ် ဓားနှစ်လက် နှင့် ရင်ဆိုင်ရနိုင်သည်။

အသက်ဘေးနှင့် ရင်ဆိုင်ရတော့မည့်အရေးကို တွေးမိသည့်အခါ ကောင်းထင်ယွမ်၏ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး တည်ကြည်သော မျက်နှာပေး ပေါ်လာသည်။

"ဓားကျိုး ရွှီရန်ခယ်နဲ့သာ မတွေ့ရင် ကျွန်တော် မရှုံးစေရဘူး"

ဤအချက်ကို ဝမ်ဟိုင်ချောင်လည်း သိပြီးသားဖြစ်သည်။ ရှောင်ကောင်းသည် အထူးသဖြင့် မြစ်ကြီးများအတွင်း တိုက်ခိုက်ရာတွင် အလွန်ထူးချွန်သဖြင့် "မြစ်နဂါး" ဟုပင် အမည်တွင်သည်။ သို့သော် အဆုံးအဖြတ်စင်မြင့်မှာ ပတ်ဝန်းကျင် ကန့်သတ်ချက်များ ရှိနေသဖြင့် အချို့သော ပြိုင်ဘက်များနှင့် တွေ့ပါက ရှုံးနိမ့်သွားနိုင်သည်။

"တခြားသူတွေအတွက်ရော ယုံကြည်မှုရှိရဲ့လား" ဟု ဝမ်ဟိုင်ချောင်က မေးသည်။

ကောင်းထင်ယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။

"ကျန်တဲ့ ရှစ်ယောက်ထဲက ဖိုရှန်းကျား ခုနစ်ကောင်မှာဆိုရင် နှလုံးစားကျား နဲ့ တောင်ဆင်းကျား တို့လောက်ပဲ နည်းနည်းသတိထားရမယ်၊ ဒါပေမဲ့ ကျွန်တော် သူတို့ကို မကြောက်ပါဘူး၊ ကျားနာ ကတော့ အရင်က အင်အားကြီးခဲ့ပေမဲ့ ကျင့်ကြံခြင်းလမ်းစ ပျောက်သွားပြီးကတည်းက ကာမဂုဏ်တွေထဲ နစ်မွန်းနေတာ၊ ကျွန်တော် သူ့ကို ကျော်ဖြတ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ"

"ကျောက်စိမ်းခွဲကျား ရော ဘယ်လိုလဲ"

"ဟားဟား…. အတွေ့အကြုံမရှိတဲ့ လူသစ်တစ်ယောက်ပါပဲ"

"မဟုတ်ဘူး၊ ငါပြောတာက အရင်တုန်းက ကျောက်စိမ်းခွဲကျား အကြောင်း"

ကောင်းထင်ယွမ်မှာ ဆွံ့အသွားပြီး "သူ.... သူ ပြန်လာပြီလား" ဟု မေးလိုက်သည်။

သူ၏ တုံ့ပြန်မှုကို မြင်သည့်အခါ ဝမ်ဟိုင်ချောင်က ခေါင်းယမ်းလိုက်သည်။

"မင်း ယုံကြည်မှု မရှိတော့ဘူးထင်တယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ပါဝင်မယ့်သူ ကိုးယောက်ရှိတဲ့အထဲမှာ မင်း သူနဲ့ ဆုံဖို့ အခွင့်အလမ်းက နည်းပါတယ်၊ ပြီးတော့ ငါ တခြားသူတွေကိုလည်း စီစဉ်ထားပြီးသား"

‘တခြားသူများ’ ဟူသော စကားကို ကြားလိုက်ရသည့်အခါ ကောင်းထင်ယွမ်၏ မျက်နှာ ပျက်သွားသည်။ မူလက ဝမ်ဟိုင်ချောင်ပြီးလျှင် ကောင်းထင်ယွမ်မှာ တာကျန်းဂိုဏ်း၌ ဒုတိယအင်အားအကြီးဆုံး ဖြစ်သည်။

သို့သော် မကြာသေးမီက ချီသန့်စင် နောက်ဆုံးအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူ အချို့ ဘယ်ကမှန်းမသိ ပေါ်လာပြီး တစ်ယောက်ချင်းစီမှာလည်း အစွမ်းထက်ကြသဖြင့် သူ၏ ရာထူးကို ခြိမ်းခြောက်နေကြသည်။

သူတို့က လျန်းယွန်းကုန်သွယ်ရေးမဟာမိတ်က လျှို့ဝှက်ပံ့ပိုးထားတဲ့လူတွေ ဖြစ်မယ်….တိုက်ပွဲ ပြီးသွားတာနဲ့ ရုတ်တရက် ပေါ်လာသလိုမျိုး ပြန်ထွက်သွားကြရင် ကောင်းမှာပဲ.…။

ကောင်းထင်ယွမ် တစ်ကို​ယ်တည်း တွေးနေမိသည်။

ဝမ်ဟိုင်ချောင်၏ မျက်နှာထား ပြောင်းလဲသွားပြီး ရုတ်တရက် ထရပ်လိုက်ကာ တစ်စုံတစ်ခုကို လှမ်းဖမ်းလိုက်သည်။ သို့သော် သူ ဘာကိုမျှ ဖမ်းမမိလိုက်ချေ။

ဝှူး …

ထက်ရှသော လေတိုးသံနှင့်အတူ တောက်ပနေသော ဓားငယ်တစ်စင်းသည် သူ၏ စားပွဲပေါ်သို့ စိုက်ဝင်သွားသည်။

ထိုဓားငယ်ပေါ်တွင် လေမတိုက်ဘဲ တလှုပ်လှုပ်ဖြစ်နေသော အဝါရောင် မှော်စာရွက်တစ်ခု ပါရှိပြီး အေးစက်ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းရဲ့လူတွေကို ထိန်းထိန်းသိမ်းသိမ်း ရှိခိုင်းပါ၊ မြို့တွင်းပိုင်းမှာ ပြဿနာမရှာနဲ့"

၎င်းမှာ ကျောက်စိမ်းအိုး ဓားဂိုဏ်း၏ သီးသန့် ဓားပျံသဝဏ်လွှာ ဖြစ်ပြီး သာမန်အသံလွှင့်မှော်စာရွက်များထက် များစွာ သာလွန်ထူးကဲလှသည်။

ဝမ်ဟိုင်ချောင်၏ မျက်နှာမှာ သွေးဆုတ်သွားပြီး ဆီးနှင်းကဲ့သို့ ဖြူလျော့သွားသည်။ သူ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ကောင်းထင်ယွမ်ကို စိုက်ကြည့်လိုက်သည်။

"မင်း မြို့တွင်းပိုင်းကို လူလွှတ်လိုက်တာလား"

ကောင်းထင်ယွမ်လည်း ထိုအချိန်တွင် ထိတ်လန့်သွားသည်။

ထိုဓား၏ အရှိန်မှာ အံ့မခန်းလှသည်။ အကယ်၍ ထိုဓားသာ သူ့အား သတ်ရန် ရည်ရွယ်ခဲ့လျှင် အလွယ်တကူပင် သတ်နိုင်လိမ့်မည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဝမ်ဟိုင်ချောင်ပင်လျှင် သတိမထားမိဘဲ ဖမ်းရန် ပျက်ကွက်ခဲ့ခြင်းက ထိုဓားပျံကို လွှတ်လိုက်သူမှာ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိကြောင်း ညွှန်ပြနေသည်။

သူသည် အားနာဟန်ဖြင့် ဟန်ဆောင်ပြုံးလိုက်ပြီး "ဂိုဏ်းချုပ်…. ကျွန်တော့်တပည့် သေဆုံးမှုနဲ့ ပတ်သက်နေတဲ့ လော့ချန်ဆိုတဲ့လူကို စုံစမ်းဖို့ လူနှစ်ယောက်ပဲ လွှတ်လိုက်တာပါ" ဟု ပြောလိုက်သည်။

"အသုံးမကျတဲ့ကောင်"

ဝမ်ဟိုင်ချောင်က ဆဲရေးဆိုလိုက်သည်။

ထို့နောက် "ကိစ္စတွေ အားလုံး မပြီးမချင်း ပြဿနာမရှာဖို့ ငါ မင်းကို မပြောထားဘူးလား" ဟု ဒေါသတကြီး ပြောလိုက်သည်။

ကောင်းထင်ယွမ်မှာ စကားတစ်ခွန်းမျှ မဟဝံ့ဘဲ ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။

ဝမ်ဟိုင်ချောင်သည် အသက်ကို ပြင်းပြင်းရှူကာ ဒေါသကို ထိန်းလိုက်သည်။

"ငါ ထပ်ပြောမယ်၊ ကျောက်စိမ်းအိုး ဓားဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူ မထွက်သွားမချင်း မြို့တွင်းပိုင်းမှာ ပြဿနာမရှာနဲ့၊ မြို့ပြင်မှာတောင် ထိန်းထိန်းသိမ်းသိမ်း နေကြ"

"နားလည်ပါပြီ ဂိုဏ်းချုပ်"

"သွားတော့၊ ပြီးတော့ တိုက်ပွဲအတွက် ကောင်းကောင်းပြင်ဆင်ထား"

သူ ထွက်သွားပြီးနောက် ဝမ်ဟိုင်ချောင် သူ့ နားထင်ကို ပွတ်လိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ စာရင်းတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒီကောင့်ရဲ့ ရည်မှန်းချက်က ကြီးထွားလာနေပြီ၊ သူ့ကို ဆက်ထားရင် နောင်မှာ ပြဿနာဖြစ်နိုင်တယ်"

….

သင်္ဘောကြီးပေါ်မှ ဆင်းလာပြီးနောက် ကောင်းထင်ယွမ်၏ မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်နေသည်။

ထိုအချိန်တွင် တွမ့်ဆန်းဖူ အနားသို့ ကပ်လာသော်လည်း မျက်နှာကို ပါးရိုက်ခံလိုက်ရသည်။

"မျောက်ဝံပိန် ဘယ်မှာလဲ"

တွမ့်ဆန်းဖူမှာ ပါးရိုက်ခံလိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားပြီး "သူ မြို့တွင်းမှာ ဟိုလူ့ကို စောင့်ကြည့်နေပါတယ်" ဟု အလိုအလျောက် ပြန်ဖြေမိသည်။

"သူ့ကို ရိပ်မိသွားတာ မဟုတ်ဘူးဆိုတာ မင်းသေချာလား"

"ကျွန်တော် ထင်တာကတော့.... မဟုတ်ပါဘူး၊ ရိပ်မိသွားရင်တောင် ဒါက ကိစ္စအကြီးကြီး မဟုတ်…."

ဖြန်း….

နောက်ထပ် ပါးရိုက်ချက်တစ်ခု ကျရောက်လာသည်။

"အသုံးမကျတဲ့ကောင်တွေ"

ကောင်းထင်ယွမ်သည် ဒေါသတကြီး ထွက်ခွာသွားရာ တွမ့်ဆန်းဖူမှာ ပါးနှစ်ဖက်လုံးတွင် လက်ဝါးရာနီနီများဖြင့် ကျန်ရစ်ခဲ့တော့သည်။

.…

နှစ်ရက်အကြာတွင် တာဟဲဈေးမြို့တော် တစ်ခုလုံး ကျင့်ကြံသူ နှစ်သောင်း၊ သုံးသောင်းခန့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

ထိုသူများသည် လုပ်လက်စ အလုပ်များကို ချထားခဲ့ကာ မြို့တွင်းပိုင်းသို့ ဦးတည်နေကြသည်။ ယနေ့သည် ဤဒေသတွင် အဆင့်အမြင့်ဆုံး ပွဲတော်တစ်ခုဖြစ်သော အဆုံးအဖြတ်စင်မြင့် ဖွင့်လှစ်သည့် နေ့ဖြစ်သည်။ ဖီးနစ်ကျတောင်ထဲသို့ ခိုးမဝင်နိုင်လျှင်ပင် ပွဲနှင့်နီးစပ်သော နေရာသို့ သွားရောက်ခြင်းမှာ ထိုက်တန်လှပေသည်။

ထို့အပြင် ကျောက်စိမ်းအိုးဓားနန်းဆောင်က မြို့တွင်းပိုင်းတွင် လောင်းကစားဒိုင်တစ်ခု ဖွင့်ထားပြီး ဂိုဏ်းနှစ်ခုကြားရှိ တိုက်ပွဲ ၁၈ ပွဲအပေါ် လောင်းကြေးထပ်နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အနည်းဆုံး လောင်းကြေးမှာ ဝိညာဉ်ကျောက်တုံး တစ်တုံးဖြစ်ပြီး အများဆုံး ကန့်သတ်ချက် မရှိချေ။ အဆင်းရဲဆုံး ကျင့်ကြံသူပင်လျှင် ဝိညာဉ်ကျောက်တုံး တစ်တုံး၊ နှစ်တုံးခန့် လောင်းနိုင်သည်။

မကြည့်ရလျှင်ပင် လောင်းကြေးထပ်ခြင်းဖြင့် ဤခမ်းနားသော ပွဲတော်ကြီးတွင် ပါဝင်ခွင့်ရသည်ဟု မှတ်ယူကြသည်။ နောင်နှစ်ပေါင်းများစွာ ကြာသည့်အခါတွင်လည်း ၎င်းမှာ ပြောစမှတ်ပြုစရာ အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မည်။

….

မြို့မြောက်ဘက်ခြံဝင်းအတွင်း၌ မုရုံချင်းလျန်သည် သူမ၏ခင်ပွန်း ချင်လျန်ချန်းအတွက် ဝတ်စုံကို စောစောစီးစီး ပြင်ဆင်ပေးနေသည်။

ခြံဝင်းထဲတွင် ပိုင်မေလင်းနှင့် ဖုန်းရှတို့မှာ အနည်းငယ် စိတ်ပျက်နေပုံရသည်။ ယနေ့ကဲ့သို့ စည်ကားသော နေ့မျိုးသည် ဆေးပေါင်းတစ်ထောင်ခန်းမအတွက် အရောင်းအကောင်းဆုံး အခွင့်အရေး ဖြစ်သဖြင့် အလုပ်သမားများဖြစ်သော သူတို့မှာ အလုပ်မှ မထွက်နိုင်ကြချေ။

မုရုံချင်းလျန်နှင့်အတူ ချင်လျန်ချန်းသည် အသစ်စက်စက် မှော်ဝတ်ရုံကို ဝတ်ဆင်ကာ အပြင်သို့ ထွက်လာသည်။

"အစ်ကိုကြီးချင်... မဖြစ်မနေ အနိုင်ယူခဲ့နော်"

"အစ်ကိုကြီးချင်.... အောင်ပွဲနဲ့အတူ ဘေးကင်းကင်း ပြန်လာခဲ့ပါ"

ချင်လျန်ချန်းက အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းပြီ ငါပြန်လာရင် စားပွဲသောက်ပွဲကြီး လုပ်ပေးမယ်၊ အားလုံး ဝဝလင်လင် စားကြတာပေါ့"

သူ ရယ်မောနေစဉ် တစ်ဖက်ရှိ အခန်းတံခါးမှာ ရုတ်တရက် ပွင့်သွားသည်။ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို သစ်သားဆံထိုးဖြင့် သေသေသပ်သပ် ထုံးထားသော လူငယ်တစ်ဦး ထွက်လာသည်။

ချင်လျန်ချန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

"လော့လေး…. မင်း ကျင့်ကြံခြင်းအဆင့် တက်သွားပြီလား"

"ဒေါ်လေး ပေးတဲ့ ကျားအရိုးစွပ်ပြုတ် တစ်ခွက်ကြောင့်ပါ၊ ဦးလေးချင်ရဲ့ ကံကောင်းခြင်းတွေကို ကျွန်တော်ပါ ခံစားလိုက်ရတာပါ"

လော့ချန်က အသာအယာ ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ချီသန့်စင် အဆင့် ၅ ၏ ချီစွမ်းအင်များ သိမ်မွေ့စွာ လှိုင်းထနေသည်။ လွန်ခဲ့သော မိနစ်ပိုင်းကပင် သူ၏ ကျင့်ကြံခြင်းတိုးတက်မှုမှာ ၁၀၀ ပြည့်သွားပြီး အဆင့် ၄ မှ အဆင့် ၅ သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သူပြောသည်မှာ အမှန်ပင်။

လွန်ခဲ့သော နှစ်ရက်အတွင်း သူသည် ချီစွမ်းအင်ဖြည့်ဆေးလုံး သုံးလုံးကို သောက်သုံးခဲ့ရာ တိုးတက်မှု သုံးမှတ် ရရှိခဲ့သည်။ နွေဦးကျင့်စဉ်ကို ကျင့်ကြံခြင်းကလည်း ချီစွမ်းအင်ကို ပိုမိုတိုးပွားစေခဲ့သည်။

နောက်ဆုံး တွန်းအားမှာမူ ထိုကျားအရိုးစွပ်ပြုတ်ငယ်လေး ဖြစ်သည်။ ၎င်းသည် သူ၏ အသက်စွမ်းအားကို မြှင့်တင်ပေးရုံသာမက များပြားသော ချီစွမ်းအင်များလည်း ပါဝင်နေသည်။ နှစ်ရက်ကြာအောင် ပြန်လည်ချက်လုပ်ပြီးနောက် နောက်ဆုံးတွင် သူ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ချင်လျန်ချန်းက လော့ချန်၏ ပခုံးကို ပုတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းတယ် သိပ်ကောင်းတယ်၊ မင်း အဆင့်တက်တာဟာ ဂုဏ်ပြုသင့်တဲ့ ပွဲကြီးတစ်ပွဲပဲ၊ ဒါဟာ ငါ့အတွက်လည်း အင်အားတစ်ခုပဲ၊ ဒီနေ့တော့ ငါ့ရန်သူတွေကို အပြတ်အသတ် ချေမှုန်းပစ်မယ်"

All Chapters