ဖိတ်စာမပါဘဲ ရောက်လာသူ
Vol. 6 Ch. 58
လော့ချန်အနေဖြင့် မီရှုဟွာနှင့် ပထမဆုံးအကြိမ် ဆုံဖူးခြင်း ဖြစ်သည်။
ထိုသူကား ချင်လျန်ချန်း ခဏခဏ ပြောလေ့ရှိသည့် အဘိုးကြီးမီပင် ဖြစ်ပြီး ဖိုရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်သည်။ ဆံပင်ဖြူဖွေးဖွေး နှင့် အရေးအကြောင်းများ ထင်ကျန်နေသော်လည်း ဝင်းပနေသော မျက်နှာဝိုင်းဝိုင်း၊ ပြီးနောက် ဖောင်းကားနေသော ဗိုက်ရွှဲကြီးနှင့်အတူ အမြဲပြုံးရွှင်နေပုံမှာ မြင်ရသူအပေါင်းကို ကြည်နူးစေသည့် ဦးတီပွားနှင့် ဆင်တူလှသည်။
သာမန်လူ့လောကတွင်ဆိုပါက သူသည် ကြွယ်ဝချမ်းသာသော သူဌေးကြီးတစ်ဦးနှင့်သာ တူပေလိမ့်မည်။ သို့သော် လော့ချန် အပါအဝင် တာဟဲဈေးမြို့တော် အတွင်းရှိ တစ်ကိုယ်တော်ကျင့်ကြံသူတိုင်းက ထိုသူ၏ ကြင်နာတတ်ပုံရသော မျက်နှာထားနောက်ကွယ်တွင် သာမန်မဟုတ်သည့် အဆင့်မြင့်အစွမ်းများ ရှိနေသည်ကို ကောင်းကောင်းသိကြသည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ပထမဆုံးသော အတားအဆီးကြီးဖြစ်ကြောင်း လူတိုင်း သိထားကြသည်။
ဤနယ်မြေတွင် မြေဆီလွှာကောင်းမွန်ပြီး ချီစွမ်းအင် ကြွယ်ဝသဖြင့် ထိုအတားအဆီးကို ကျော်ဖြတ်ရန် ပုံမှန်အရအရ လွယ်ကူသင့်သော်လည်း လက်တွေ့တွင်မူ ကျင့်ကြံသူ တစ်သောင်း၌ တစ်ယောက်ပင် အောင်မြင်ရန် ခဲယဉ်းလှပေသည်။
ဂိုဏ်းဝင်ကျင့်ကြံသူများအတွက်မူ အခြေခံတည်ဆောက်ခြင်းမှာ အတော်အတန် လွယ်ကူသည်။ အကြောင်းမှာ အခြေခံအုတ်မြစ်တည်ဆေး ဖော်စပ်နည်းကို ဂိုဏ်းကြီးများကသာ လက်ဝါးကြီးအုပ်ထားသောကြောင့် ဖြစ်သည်။
ဖော်စပ်နည်းတစ်ခုခု အပြင်သို့ ပေါက်ကြားသွားလျှင်ပင် ဂိုဏ်းကြီးများက မည်မျှပင် အကုန်အကျများပါစေ ပြန်လည်ရယူရန် ကြိုးစားတတ်ကြသည်။ အကယ်၍ ဖော်စပ်နည်းကို ပြန်မရနိုင်ပါက ထိုအရာကို ပိုင်ဆိုင်ထားသူအား အရှင်ဖြစ်စေ၊ အသေဖြစ်စေ ဖမ်းဆီးခေါ်ဆောင်သွားကြသည်သာ ဖြစ်သည်။
ထို့ကြောင့် သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများအနေဖြင့် ထူးခြားသော ကံကောင်းခြင်းမျိုး မရှိပါက ဂိုဏ်းကြီးများမှ နှစ်စဉ် အနည်းငယ်မျှ ထွက်ပေါ်လာတတ်သော အခြေခံအုတ်မြစ်တည်ဆေးများကိုသာ တမ်းတမ်းတတ မျှော်လင့်ရသည်။ သို့သော်လည်း ထိုဆေးလုံးတစ်လုံး ပေါ်လာတိုင်း သွေးချောင်းစီးသော တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး လေလံပွဲများတွင်လည်း မယုံနိုင်စရာကောင်းသော ဈေးနှုန်းများအထိ မြင့်တက်သွားတတ်သည်။
ရလဒ်အနေဖြင့် တာဟဲဈေးမြို့တော်တွင် တစ်ကိုယ်တော်ကျင့်ကြံသူ အမြောက်အမြား ရှိသော်လည်း နှစ်ပေါင်းများစွာအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သူ အလွန်နည်းပါးလှသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ကျင့်ကြံသူများစွာ ပြောင်းလဲသွားခဲ့သော်လည်း ဤဈေးကွက်အတွင်းမှ ထိုအဆင့်သို့ ရောက်ရှိသူ နှစ်ဦးသာ ပေါ်ထွက်ခဲ့ရာ မီရှုဟွာမှာ တစ်ဦးအပါအဝင် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် မီရှုဟွာသည် ဖိုရှန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ သူသည် စိတ်သဘောထား ကြီးမြတ်သူဖြစ်ပြီး အောက်ခြေကျင့်ကြံသူများအပေါ် အလွန်ကြင်နာတတ်သည်။ ရုန်းကန်နေရသော ကျင့်ကြံသူများကိုလည်း မကြာခဏ ကူညီလေ့ရှိသည်။ တောင်ပေါ်တွင် ကျင့်ကြံသူအချို့ အသက်ပျောက်ခဲ့လျှင်ပင် ကျန်ရစ်သူမိသားစုများကို တတ်နိုင်သမျှ ထောက်ပံ့ပေးတတ်သဖြင့် လူအများ၏ ကြည်ညိုမှုကို ရရှိထားသူ ဖြစ်သည်။
သူ၏ ဦးဆောင်မှုအောက်တွင် မူလက တောင်ပေါ်၌ ကျင့်ကြံရေးအရင်းအမြစ်များအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မဟာမိတ်အဖွဲ့မှာ တဖြည်းဖြည်း အင်အားတောင့်တင်းလာခဲ့သည်။
ယခုအခါ ဖိုရှန်းဂိုဏ်းမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကို ဖယ်လိုက်လျှင် တာဟဲဈေးမြို့တော်၌ အင်အားအကြီးဆုံးဂိုဏ်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဖိုရှန်းဂိုဏ်းတွင် ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ရာကျော်၊ အလယ်အလတ်အဆင့် တစ်ထောင်ကျော်နှင့် ၎င်းတို့ကို မှီခိုနေရသော အောက်ခြေကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိသည်။
အခြားသူများကို မဆိုထားနှင့်၊ လော့ချန်သည်ပင် မူလက မှော်အာဟာရဆေးလုံးများ ဖော်စပ်စဉ်က ဖိုရှန်းဂိုဏ်း၏ အရင်းအမြစ်များကြောင့် များစွာ အကျိုးကျေးဇူး ခံစားခဲ့ရသည်။
တောင်ပေါ်သို့ ခဏခဏသွားရသော ကျင့်ကြံသူများမှာ မှော်အာဟာရဆေးလုံးကို အလိုချင်ဆုံးသူများပင် ဖြစ်လေသည်။
…..
ကျောက်စိမ်းအိုးဓားနန်းဆောင်၏ အပြင်ဘက်တွင် ဖြစ်သည်။
မီရှုဟွာသည် ရာနှင့်ချီသော လူအုပ်ကြီးနှင့်အတူ ကျောက်စိမ်းဆိုင်းဘုတ်ကြီး တစ်ခုရှေ့တွင် ရပ်နေသည်။
အပြင်ဘက်ရှိ သောင်းနှင့်ချီသော ကြည့်ရှုသူများကို ဂရုမစိုက်ဘဲ ကျောက်စိမ်းဆိုင်းဘုတ်ကို ညွှန်ပြကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒီတိုက်ပွဲမှာ မင်းတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ရန်သူကို အနိုင်ယူနိုင်ကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်၊ အနိုင်ရတဲ့သူတွေဟာ ရရှိလာတဲ့ နိုင်ကြေး မှော်လက်နက် အားလုံးကို ပိုင်ဆိုင်ခွင့်ရှိမယ်၊ ငါ မီရှုဟွာက ဘာတစ်ခုမှ ယူမှာမဟုတ်ဘူး”
"ဒါ့အပြင် တိုက်ပွဲမှာ ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကို ငါ တာဝန်ယူပေးမယ်၊ သူတို့မှာ ဝိညာဉ်အမြစ် ပါတဲ့ သားသမီးတွေရှိရင် ကျင့်ကြံသူတွေ ဖြစ်လာအောင် ငါ အစွမ်းကုန် ပျိုးထောင်ပေးမယ်”
“ငါတို့သာ ဒီတိုက်ပွဲမှာ အနိုင်ရမယ်ဆိုရင် မင်းတို့ကို အခြေခံအုတ်မြစ်တည်ဆေး တစ်လုံး ဆုချမယ်၊ ဒါပေမယ့် တစ်လုံးတည်းပဲ ရှိတာမို့ ချီသန့်စင်အဆင့် ကိုးဆင့်ကို အရင်ဆုံး အောင်မြင်တဲ့သူက အသုံးပြုခွင့်ရမယ်၊ အဲဒီလူ အခြေခံအုတ်မြစ်တည်ဆောက်ပြီးတာနဲ့ ကျန်တဲ့လူတွေအတွက်ပါ ဆေးလုံးတွေ ထပ်ရအောင် ငါ သူနဲ့အတူ ကြိုးစားပေးမယ်”
"ငါတို့ ဖိုရှန်းဂိုဏ်းရဲ့ ရည်ရွယ်ချက်က ကျင့်ကြံခြင်းလမ်းကို ပိတ်ဆို့ထားတဲ့ တောင်ကြီးကို ဖြိုဖျက်ပြီး အားလုံး အခြေခံအုတ်မြစ်တည်ဆောက်နိုင်ဖို့ပဲ"
အစရှိသော မိန့်ခွန်းရှည်အဆုံးတွင် ဖိုရှန်းဂိုဏ်းမှ ကျင့်ကြံသူ ရာပေါင်းများစွာက တစ်ခဲနက် ကြွေးကြော်လိုက်ကြသည်။
"ဒီတိုက်ပွဲမှာ ငါတို့ အောင်ကိုအောင် ရမယ်ဟေ့…."
အပြင်ဘက်မှ ကြည့်ရှုနေသူများမှာမူ လုံးဝ ဆွံ့အသွားကြသည်။ မီရှုဟွာ၏ လက်ထဲတွင် အခြေခံအုတ်မြစ်တည်ဆေး ရှိနေသည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။
ပို၍အံ့သြစရာကောင်းသည်မှာ ထိုဆေးလုံးကို အခြားသူတစ်ဦးအား ဆုအဖြစ် ပေးရဲခြင်းပင် ဖြစ်သည်။ မည်မျှ ရက်ရောလိုက်ပါသနည်း။
တစ်ချိန်တည်းမှာပင် သူတို့သည် မီရှုဟွာ၏ ကတိကဝတ်များကို အားတက်သရော ဆွေးနွေးနေကြသည်။
လော့ချန်သည်လည်း မီရှုဟွာ၏ ရက်ရောမှုကို ကြည့်ကာ အံ့သြမဆုံး ဖြစ်နေမိသည်။ အစ်ကိုကြီး ဝမ်ယွမ်နှင့် ဦးလေးချင် တို့ကဲ့သို့ လူမျိုးများပင် မီရှုဟွာအပေါ် သစ္စာမြဲနေကြခြင်းမှာ မဆန်းတော့ပေ။
သူ၏ အကြည့်မှာ ဖိုရှန်းဂိုဏ်း ကျင့်ကြံသူများအပေါ်သို့ ရောက်သွားသည်။ လူတိုင်းမှာ တိုက်ပွဲထဲသို့ ခုန်ဝင်ရန် အသင့်ဖြစ်နေသည့်အလား စိတ်အားထက်သန်နေကြသည်။ ဝမ်ယွမ်မှာ ထိုသူများကြားတွင် အေးစက်သော အကြည့်ဖြင့် ရပ်နေသည်။ ချင်လျန်ချန်းနှင့် ဇနီးဖြစ်သူ မုရုံချင်းလျန်တို့လည်း မကြောက်မရွံ့သော အမူအရာဖြင့် ရှိနေကြသည်။ မိတ်ဆွေကျန်းမှာ လည်း မီရှုဟွာ၏ အနီးဆုံးနေရာတွင် ရပ်နေသည်ကို တွေ့ရသည်။
အခြားသူများ၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများအရ ကျန်းဝမ်မှာ ဖိုရှန်းကျား ခုနစ်ကောင်ထဲမှ ‘ကျားနာ’ ဖြစ်ကြောင်း လော့ချန် သိလိုက်ရသည်။
သူ စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ကျောက်စိမ်းဆိုင်းဘုတ် ဘေးရှိ လမ်းကြောင်းမှ တုန်ခါသံကြီး တစ်ခု ထွက်ပေါ်လာသည်။
ထောင်ပေါင်းများစွာသော လူအုပ်ကြီး၏ အကြည့်အောက်တွင် ခမ်းနားထည်ဝါသော တံခါးကြီးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ဖြူစင်သန့်ရှင်းသော စင်္ကြံလမ်းကြီး ပေါ်လာပြီး တံခါးဝတွင် တည်ငြိမ်သော အမူအရာဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ဦး ရပ်နေကြသည်။
အတွင်းဘက်မှ နောက်ထပ် ကျင့်ကြံသူတစ်ဦး ထွက်လာရာ သူကား တာဟဲဈေးမြို့တော်တွင် လူသိများသော ဓားနန်းဆောင်မှ စီမံခန့်ခွဲသူ တာဝန်ခံမီယောင်ပင် ဖြစ်သည်။
သူသည် ယဉ်ကျေးပျူငှာသော စကားအချို့ ပြောကြားပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်သည်။
မီရှုဟွာသည် တွေဝေနေခြင်းမရှိဘဲ ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူ ကိုးဦးကို ဦးဆောင်ကာ လမ်းကြောင်းအတွင်းသို့ ဝင်သွားသည်။ ကျန်ရှိသော ဂိုဏ်းသားများကလည်း ဝင်ခွင့်လက်မှတ်အဖြစ် ကျောက်စိမ်းပြားများ သို့မဟုတ် သံပြားများကို ပြသကာ စစ်ဆေးခံပြီးနောက် ဝင်သွားကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လော့ချန် မျက်တောင်ခတ်လိုက်မိသည်။ သူ့ထံတွင်လည်း ထိုကဲ့သို့သော အရာတစ်ခု ရှိနေနိုင်ကြောင်း သတိပြုမိသွားသည်။
ဖိုရှန်းဂိုဏ်းဝင်များ အားလုံး ဝင်သွားပြီးနောက်မှသာ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ကျောက်စိမ်းဆိုင်းဘုတ်ကြီးဆီသို့ ချဉ်းကပ်လာကြသည်။ သူတို့မှာ ဝင်ရန် အလောတကြီး မလုပ်ကြချေ။ အကြောင်းမှာ သူတို့ ပါဝင်ရမည့် ပုံစံမှာ ဖိုရှန်းဂိုဏ်းနှင့် ကွဲပြားမည်ကို သိထားကြသောကြောင့် ဖြစ်သည်။
"ဒါ တိုက်ပွဲ ၁၈ ပွဲရဲ့ စာရင်းပဲ၊ ငါ ဒီစာရင်းကို စောင့်နေတာ ရက်တော်တော်ကြာပြီ၊ လောင်းကြေးထပ်ဖို့ ဘယ်သူနဲ့ ဘယ်သူ တိုက်မလဲဆိုတာ ကြည့်ရအောင်"
"တာဟဲဈေးမြို့တော်မှာ ငါ့အတွေ့အကြုံ နှစ် ၅၀ အရဆိုရင် ဂိုဏ်းနှစ်ခုလုံးက အစွမ်းထက်တဲ့သူ အကုန်လုံးကို ငါသိတယ်၊ ဘယ်သူနိုင်မလဲ ဘယ်သူရှုံးမလဲဆိုတာ ရှင်းနေတာပဲ"
လူများသည် တိုးဝှေ့ကာ ငြင်းခုံနေကြသည်။ တိုက်ပွဲစာရင်း ကိုးခုကို အထက်မှအောက်သို့ အစဉ်လိုက် ဖော်ပြထားသည်။
ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူများအကြား ဤမျှကြီးမားသော တိုက်ပွဲမျိုးမှာ ရှားပါးလှသဖြင့် လူတိုင်းမှာ အလွန်စိတ်ဝင်စားနေကြသည်။ သို့သော် လူအုပ်ကြီး စုရုံးလာသည်နှင့်အမျှ ရုတ်တရက် အံ့သြသံများ ထွက်ပေါ်လာသည်။
"မင်လုံယွီဆိုတာ ဘယ်သူလဲ၊ တာကျန်းဂိုဏ်းမှာ ဒီလိုလူရှိလို့လား"
"နောက်ပြီး ပိုင်ချီ ဆိုတဲ့ နာမည်လည်း တစ်ခါမှ မကြားဖူးဘူး"
"ရန်ရုရှန်း…. ဒီနာမည်ကို ကြားဖူးသလိုပဲ၊ နေဦး.... သူက ထျန်းယဲ့ဈေးကွက်က တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်လား၊ သူက ဘယ်တုန်းက တာကျန်းဂိုဏ်းထဲ ရောက်သွားတာလဲ"
"အရှက်မရှိလိုက်တာ တာကျန်းဂိုဏ်းက ပြင်ပလူတွေကို ငှားထားတာပဲ"
"ဒေသခံဂိုဏ်း တစ်ခု ဖြစ်နေပါရက်နဲ့ တိုက်ပွဲအတွက် အပြင်လူကို အားကိုးရတယ်လို့၊ ဒါ တမင်ညစ်ပီးလူလည်ကျတာ မဟုတ်ဘူးလား"
လိမ်ညာခြင်း လုံးဝ မဟုတ်ချေ။ မူလက ထုတ်ပြန်ထားသော စည်းမျဉ်းများတွင် ပါဝင်သူများ၏ ကျင့်ကြံခြင်းအဆင့်ကိုသာ ကန့်သတ်ထားပြီး အပြင်လူ ငှားရမ်းခြင်းကို ပိတ်ပင်ထားခြင်း မရှိပေ။
သို့သော်လည်း ဖိုရှန်းဂိုဏ်းမှာမူ မိမိတို့၏ ယုံကြည်ရသော လက်ရွေးစင်များကိုသာ ထုတ်သုံးရန် ရွေးချယ်ခဲ့သည်။
အင်အားအနည်းငယ် နိမ့်ပါးသော တာကျန်းဂိုဏ်းမှာမူ ပြင်ပနယ်မြေမှ တစ်ကိုယ်တော်ကျင့်ကြံသူ လေးဦးကို မည်သို့မည်ပုံ စည်းရုံးနိုင်ခဲ့သည်မသိ။ အချို့မှာ လူသိအနည်းငယ်ရှိသော်လည်း ကျန်ရှိသူများမှာမူ မည်သည့်နေရာမှ ရောက်လာသည်ကိုပင် မသိရပေ။
မည်သို့ပင် အပြစ်တင်စကားများ ရှိနေပါစေ၊ လောင်းကစားသမားများအတွက်မူ တိုက်ပွဲရလဒ်ကို ခန့်မှန်းရန်သာ အရေးကြီးဆုံး ဖြစ်သည်။
"ဘယ်ကပဲ လာလာ၊ သူတို့က ချီသန့်စင်အဆင့်ရဲ့ ကန့်သတ်ချက်ထဲမှာပဲ ရှိနေတာမို့ သူတို့ရဲ့ အစွမ်းအပေါ်မှာပဲ မူတည်မှာပါ"
"မှန်တယ်၊ သူတို့သာ ငါးပွဲနိုင် လေးပွဲရှုံးကို ရည်မှန်းထားတယ်ဆိုရင် တိုက်ခိုက်မယ့် အစဉ်လိုက်က အရမ်းအရေးကြီးသွားပြီ"
"ပထမဆုံးပွဲက အစကောင်းဖို့အတွက် အရမ်းအရေးကြီးတယ်၊ နှစ်ဖက်လုံး အစွမ်းကုန် တိုက်ကြမှာပဲ၊ ဘယ်သူတွေ တိုက်မလဲ ကြည့်ရအောင်"
"ဟန်တန်.... ဖိုရှန်းကျား ခုနစ်ကောင်ရဲ့ ခေါင်းဆောင် နှလုံးစားကျား ပဲ၊ ဒါကတော့ အနိုင်သေချာနေပြီ မဟုတ်လား၊ ငါတော့ အကုန်ပုံအော လောင်းပြီပဲ"
"ညီလေး…. မင်း တော်တော်ရဲတာပဲ၊ လောင်းကစားဆိုတာ ဗျူဟာရှိရတယ်၊ ဟန်တန်ရဲ့ ပြိုင်ဘက် မင်လုံယွီမှာ ဘာအစွမ်းတွေ ရှိလဲ မင်းသိလို့လား"
"ဟားဟား…. မင်း ဘာမှမသိပါလား၊ ဟန်တန်ဆိုတာ ချီသန့်စင်အဆင့် ကိုးဆင့်ရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေတဲ့သူ၊ အချိန်မရွေး အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နိုင်တဲ့သူ၊ ဟို မင်လုံယွီဆိုတာ ဘယ်ကမှန်းမသိတဲ့ အညတရပဲ၊ သူက ယှဉ်နိုင်စရာ အကြောင်းမရှိဘူး.…”
“ဗျူဟာလား….ဟားဟား.… အကုန်ပုံအောတာကလည်း ဗျူဟာပဲကွ"
ထိုဆွေးနွေးငြင်းခုံမှုများအကြားတွင် လော့ချန်သည် နတ်မျက်စိအတတ်ကို အသုံးပြုကာ တိုက်ပွဲစာရင်းနှင့် အစဉ်လိုက်ကို ကြည့်လိုက်သည်။ ပထမပွဲ၊ ပဉ္စမပွဲနှင့် နောက်ဆုံး ကိုးပွဲမြောက် တိုက်ပွဲတို့မှာ အရေးကြီးဆုံးသော ထိပ်တိုက်ရင်ဆိုင်မှု သုံးခုဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ နှစ်ဖက်လုံးက ဤသုံးပွဲကို အရှုံးပေးမည်မဟုတ်ဘဲ အသန်မာဆုံးသော သူများကိုသာ ထုတ်သုံးမည်မှာ သေချာသည်။
ပထမပွဲတွင် နှလုံးစားကျား ဟန်တန်နှင့် မင်လုံယွီတို့ ယှဉ်ပြိုင်ရမည်။
ပဉ္စမပွဲတွင် ဓားကျိုး ရွှီရန်ခယ် နှင့် မြစ်နဂါး ကောင်းထင်ယွမ်တို့ ထိပ်တိုက်တွေ့မည်။
နောက်ဆုံး ကိုးပွဲမြောက် တိုက်ပွဲတွင်မူ ဓားရူး ဝမ်ယွမ်နှင့် ရှောင်ဝူယန်တို့ ရင်ဆိုင်ကြရလိမ့်မည်။
ဤတိုက်ပွဲ ပွဲစဉ်များကို မြင်လိုက်ရသည့်အခါ လော့ချန်၏ မျက်ခုံးများ မသိမသာ လှုပ်ခတ်သွားသည်။ နောက်ဆုံး နှစ်ပွဲမှ ပါဝင်သူ အများစုနှင့် သူ အတော်ကလေး ရင်းနှီးနေသောကြောင့် ဖြစ်သည်။
“အစ်ကိုဝမ်က တကယ်ပဲ အဲဒီလောက် တောင့်တာလား၊ အဘိုးကြီးမီက သူ့ကို အရေးအကြီးဆုံး နောက်ဆုံးပွဲမှာ ထည့်ထားတယ်ဆိုတော့….”
ကောင်းထင်ယွမ် ပါဝင်လာသည်မှာ မှန်းဆထားပြီးသား ဖြစ်သော်လည်း သူ၏ ကံကြမ္မာမှာမူ ဆိုးရွားလှသည်၊ ရွှီရန်ခယ်နှင့် ယှဉ်ပြိုင်ရမည်။ ဓားကျိုးရွှီရန်ခယ်၏ အမည်မှာ နှလုံးစားကျား ထက်ပင် ကျော်ကြားလှသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့မခန်းဖြစ်ပြီး ချီ သန့်စင်အဆင့်အတွင်း ပြိုင်ဘက်ကင်းသူဟု ဆိုရမည်။
လော့ချန်သည် ဓားကျိုး ရွှီရန်ခယ် ၏ အမာခံပရိသတ်အဖြစ် ခံယူကာ အချိန်ကျလျှင် သူ့အတွက် ရူးရူးမူးမူး အားပေးရန် ဆုံးဖြတ်လိုက်သည်။
ထိုအတွေးများ စီးမျောနေစဉ်မှာပင် အဆုံးအဖြတ်စင်မြင့် အဝင်ဝ၌ လက်မှတ်ရောင်းချခြင်းနှင့် စစ်ဆေးခြင်းများ စတင်နေပြီ ဖြစ်သည်။
လောင်းကြေးထပ်ထားသော ကျင့်ကြံသူအချို့မှာ စိတ်အားထက်သန်စွာဖြင့် လမ်းကြောင်းအတွင်းသို့ ဝင်သွားကြသည်။
"ဒီကိစ္စတွေ ခဏထားလိုက်ပါဦး၊ လက်မှတ် အမြန်သွားဝယ်ရအောင်"
"လက်မှတ်က တစ်သောင်းပဲ ရှိတာ၊ နှစ်ဖက်ဂိုဏ်းက ဧည့်သည်တွေအတွက် အခမဲ့ပေးရတဲ့ လက်မှတ်တွေကို နုတ်လိုက်ရင် အများကြီး ကျန်မှာမဟုတ်ဘူး"
"ကျွန်တော့်ကို လက်မှတ်တစ်စောင် ပေးပါ၊ ဒီမှာ ဝိညာဉ်ကျောက်တုံး တစ်ရာ"
အခမဲ့လက်မှတ်များကို နုတ်လိုက်လျှင်ပင် လက်မှတ်ကိုးထောင်ကျော် ကျန်ရှိနေသေးသည်။ ကျောက်စိမ်းအိုးဓားနန်းဆောင်သည် ဤဖွင့်ပွဲတစ်ခုတည်း၏ လက်မှတ်ရောင်းရငွေမှ ဝိညာဉ်ကျောက်တုံး တစ်သန်းနီးပါး ရရှိလိမ့်မည်။ ၎င်းတွင် ကုန်စည်ပြပွဲ၊ လေလံပွဲနှင့် လောင်းကစားဒိုင်များမှ ရရှိမည့် အမြတ်အစွန်းများ မပါဝင်သေးပေ။
လော့ချန်သည် အပြင်ဘက်တွင် စိတ်ရှည်လက်ရှည် လှည့်ပတ်သွားလာနေရင်း လောင်းကစားဝိုင်းများကို တစ်ချက်ကြည့်ကာ ကျောက်စိမ်းဆိုင်းဘုတ်အောက်မှ နိုင်နိုင်ခြေရှိသူများအကြောင်း ဆွေးနွေးမှုများကို နားထောင်နေမိသည်။ ဤအခြေအနေမှာ သူ၏ ယခင်ဘဝက ကမ္ဘာ့ဖလားပွဲကြည့်နေရသကဲ့သို့ပင် ဖြစ်သည်။
ပရိသတ်များမှာ နှစ်ဖက်စလုံးမှ ကစားသမားများကို အသေးစိတ် နှိုင်းယှဉ်နေကြသည်။ ခံစစ်မှ တိုက်စစ်၊ ဗျူဟာမှ တစ်ဦးချင်းအစွမ်း၊ ရုပ်ရည်မှသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအထိ အားလုံးမှာ ဆွေးနွေးစရာ ဖြစ်နေသည်။
ဝန်ခံရလျှင် ဤပတ်ဝန်းကျင် အနေအထားမှာ တော်တော်လေး ပျော်ရွှင်စရာ ကောင်းလှပေသည်။
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး လမ်းခုလတ်တွင် တာကျန်းဂိုဏ်းမှ အဖွဲ့ဝင် ရာနှင့်ချီ၍ ရောက်ရှိလာကြသည်။ သူတို့မှာ အချိန်ဆွဲခြင်းမရှိဘဲ ကျောက်စိမ်းဆိုင်းဘုတ်ကို တစ်ချက်ကြည့်ကာ အတွင်းသို့ ဝင်သွားကြသည်။
လော့ချန်သည် လူပြောအများဆုံးဖြစ်သော မြစ်နဂါးကောင်းထင်ယွမ်ကို အသေအချာ ကြည့်လိုက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦး ဖြစ်သည်။
သူ သတ်ခဲ့သော ဆင်းရဲနွမ်းပါးသည့် ကောင်းထင်အယ်နှင့် လုံးဝ မတူသဖြင့် သူတို့ ညီအစ်ကိုဖြစ်သည်ဟု ယုံကြည်ရန်ပင် ခက်ခဲလှသည်။
ကောင်းထင်ယွမ်သည် သူ့ ပြိုင်ဘက်အမည်ကို မြင်သွားကာ မျက်နှာ ပျက်နေရသည်။ သို့သော် သူ စိတ်ပျက်အားငယ်၍ မဖြစ်ပေ။ အရေးကြီးသော ပဉ္စမနေရာတွင် အထားခံရခြင်းမှာ ဂိုဏ်းချုပ် ဝမ်ဟိုင်ချောင်က သူ့အစွမ်းကို များစွာယုံကြည်ပြီး အနိုင်ရလာလိမ့်မည်ဟု မျှော်လင့်ထားခြင်းကို ပြသနေသည်။
သူ ကြောက်ရွံ့နေ၍ မဖြစ်ပေ။
ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ဝင်သွားကြရာ ၎င်းတို့အထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အချို့ပင် ပါဝင်သည်။
အပြင်ဘက်တွင်မူ လူအုပ်ကြီးမှာ လျော့ပါးမသွားဘဲ လူပေါင်း တစ်သောင်းကျော်မှာ ကျောက်စိမ်းဆိုင်းဘုတ်ကို ဝိုင်းရံကာ ဖွင့်ပွဲစတင်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ကျောက်စိမ်းအိုးဓားနန်းဆောင်သည် ကျောက်စိမ်းဆိုင်းဘုတ်တွင် ရေမှန်ကူ အတတ်ကို ထည့်သွင်းထားပြီး ပွဲအတွင်း မြင်ကွင်းများကို တိုက်ရိုက် ပြသပေးမည်ဟု ကြေညာထားသည်။ ထို ရေမှန်ကူ တည်မြဲနေစေရန်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးက တစ်လှည့်စီ အားဖြည့်ပေးမည်ဟု ဆိုကြသည်။
အချို့သူများမှာမူ ဝင်ခွင့်လက်မှတ် မရရှိသဖြင့် ဝမ်းနည်းနေကြသည်။ ကျောက်စိမ်းဆိုင်းဘုတ်ပေါ်မှ ရေမှန်ကူ သည် မြင်ကွင်းကိုသာ ပြသနိုင်ပြီး အသံကို မပြနိုင်သောကြောင့် ဖြစ်သည်။ အစီအစဉ်စာရင်းအရ ကပွဲနှင့် ဂီတဖျော်ဖြေမှုများလည်း ပါဝင်နေသည် ဖြစ်ရာ အသံမကြားရခြင်းမှာ သိပ်တော့အဆင်မပြေလှပေ။
စည်ကားဆူညံနေသော လူအုပ်ကြီးအကြားတွင် ရုတ်တရက် တစ်စုံတစ်ယောက်က လက်ကိုမြှောက်ကာ အော်ဟစ်လိုက်သည်။
"ကျွန်တော့်ညီလေး အိမ်မှာ အရေးကြီးကိစ္စရှိလို့ လက်မှတ်တစ်စောင် ပြန်ရောင်းပါမယ်၊ ဈေးအများဆုံးပေးတဲ့သူကို ရောင်းမှာပါ….”