← Chapters

မီးငှက်တောင်နှင့် အဆုံးအဖြတ်စင်မြင့်

Vol. 6 Ch. 59

မီးငှက်တောင်နှင့် အဆုံးအဖြတ်စင်မြင့်

Vol. 6 Ch. 59

"ကျွန်တော့်ညီလေး အိမ်မှာ အရေးကြီးကိစ္စရှိလို့ လက်မှတ်တစ်စောင် ပြန်ရောင်းပါမယ်၊ ဈေးအများဆုံးပေးတဲ့သူကို ရောင်းမှာပါ.…"

ထိုစကားအဆုံးတွင် လူအုပ်ကြီးမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ဝိညာဉ်ကျောက်တုံး တစ်ရာပေးမယ် ညီလေး….အဲဒီလက်မှတ် ငါ့ကိုရောင်း"

“တစ်ရာတည်းလား အစ်ကိုကြီးကလည်း တွန့်တိုလိုက်တာ….ကျွန်တော် တစ်ရာ့တစ်တုံး ပေးမယ်”

"ဟားဟား.... ငတ်ပြတ်နေတဲ့ ကောင်တွေ၊ ငါက နောက်ကျသွားလို့ပါ၊ တစ်ရာ့ငါးဆယ်ပေးမယ် ငါ့ကိုပဲ ရောင်းလိုက်တော့"

"ဒီမယ်သူငယ်ချင်း....တစ်ရာ့ခြောက်ဆယ်ဆိုရင်ရော ဘယ်လိုလဲ၊ ဒါ တော်တော်များတဲ့ ပမာဏနော်"

"ကျွန်တော် တစ်ရာ့ခုနစ်ဆယ် ပေးမယ်…."

"တစ်ရာ့ရှစ်ဆယ်…. ဒါထက်တော့ မပိုနိုင်တော့ဘူး၊ ကောင်လေး.... မင်း ရတုန်းယူထားတာ ကောင်းမယ်၊ ကျောက်စိမ်းအိုး ဓားဂိုဏ်းက တပည့်တွေ အနားမှာ စောင့်ကြည့်နေကြတာနော်"

လူအုပ်ကြီး၏ အလယ်တွင် လော့ချန်သည် စိတ်မသက်မသာဖြစ်ဟန် အမူအရာကို လုပ်ထားသည်။

"အိမ်မှာ အရေးကြီးကိစ္စသာ မရှိရင် ဒီလိုပွဲကြီးပွဲကောင်းကို ကျွန်တော်လည်း မလွဲချင်ပါဘူး၊ ဟင်း.... ကဲပါလေ၊ တစ်ရာ့ရှစ်ဆယ် တစ်ခါ.... တစ်ရာ့ရှစ်ဆယ် နှစ်ခါ.... တစ်ရာ့...."

"နှစ်ရာ"

ဝှူး….

စိန်ပွင့်ပုံသဏ္ဌာန် ဝိညာဉ်ကျောက်နှစ်တုံးသည် လေထဲတွင် လျင်မြန်စွာ ပျံသန်းလာပြီး လော့ချန်၏ ရှေ့မှောက်၌ တိတ်ဆိတ်စွာ ဝဲပျံနေသည်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများပင်။

၎င်းတို့မှာ သာမန် ဝိညာဉ်ကျောက်တုံး နှစ်ရာနှင့် မတူပေ။ မှောင်ခိုဈေးကွက်တွင် ဆိုပါက သာမန်ဝိညာဉ်ကျောက်တုံး တန်ဖိုးထက် အဆပေါင်းများစွာ ပေးမှရနိုင်မည့် အဖိုးတန်ပစ္စည်းများ ဖြစ်သည်။

လော့ချန် ခေါင်းမော့ကြည့်လိုက်ရာ အရပ်နှစ်မီတာကျော် မြင့်မားပြီး ဝက်ဝံတစ်ကောင်ကဲ့သို့ ထွားကြိုင်းလှသော လူသန်ကြီးတစ်ဦး ခန့်ညားစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် စကားတစ်ခွန်းမျှ မဆိုဘဲ လက်ကိုဆန့်ထုတ်ကာ လော့ချန်၏ လက်ထဲမှ ဝင်ခွင့်ကျောက်စိမ်းပြားကို ဆွဲယူလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ လော့ချန်မှာ မည်သည့်ဟန်ဆောင်မှုမျှ မလုပ်ဝံ့ဘဲ ရိုရိုသေသေပင် ပေးလိုက်ရတော့သည်။ သူသည် ထိုသူအား ခုခံရန် လုံးဝ မဝံ့ရဲပေ။

အမှန်စင်စစ် ဈေးထပ်ခေါ်နေလျှင်ပင် မည်သူမျှ ဈေးပိုပေးဝံ့တော့မည် မဟုတ်ပေ။ အကြောင်းမှာ ထိုလူသန်ကြီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ စွမ်းအားများ ဖြစ်နေပြီး လူသားအသွင်ဆောင်ထားသော မိစ္ဆာသားရဲတစ်ကောင်နှင့်ပင် တူလှသောကြောင့် ဖြစ်သည်။

လက်မှတ်ကို ရရှိသွားပြီးနောက် လူသန်ကြီးသည် လူအုပ်ကြီး၏ အကြည့်အောက်တွင် လမ်းကြောင်းအတွင်းသို့ တည့်တည့်မတ်မတ် ဝင်သွားတော့သည်။

လော့ချန်ကိုမူ ချီသန့်စင်အဆင့် အစောပိုင်းအဆင့် ကျင့်ကြံသူများက မနာလိုစွာ ကြည့်နေကြသည်။ အရောင်းအဝယ် တစ်ခုတည်းဖြင့် ဝိညာဉ်ကျောက်တုံး နှစ်ရာတန်ဖိုးရှိသည့် ပစ္စည်းကို ရရှိသွားသည် ဖြစ်ပေသည် ။ ဤလောကတွင် ဤမျှ အမြတ်အစွန်းများသော အလုပ်ရှိနေသည်မှာ အံ့ အားသင့်စရာပင်ဖြစ်သည်။

လော့ချန်သည် လက်ယှက်၍ အသိအမှတ်ပြုပြလိုက်သော်လည်း ဘာမှထပ်မပြောဘဲ လူအုပ်ထဲမှ တိုးထွက်လာခဲ့သည်။ အတော်အတန် ကြာအောင် လျှောက်လာပြီးနောက် မည်သူမျှ စောင့်ကြည့်ခြင်းမရှိသည်ကို သေချာမှ လမ်းကြောင်းအဝင်ဝသို့ တိတ်တဆိတ် ချဉ်းကပ်လိုက်သည်။

"ဖိုရှန်းဂိုဏ်းရဲ့ သံပြားနဲ့ ဝင်လို့ရမလားဗျ"

လက်မှတ်စစ်ဆေးသူမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး လော့ချန်အား စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ထိုသူသည် သံပြားကို စိတ်အာရုံဖြင့် စစ်ဆေးကာ အခမဲ့ဝင်ခွင့်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သည်။

"ဝင်သွားတော့"

လော့ချန်သည် ခေါင်းငုံ့ကာ အတွင်းသို့ သုတ်ခြေတင် ပြေးဝင်သွားတော့သည်။

“ဘာလားဟ၊ ဆက်ဆံရေးကလည်း….အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နေရုံနဲ့ ဒီလို ဆက်ဆံလို့ရမလား….လက်မှတ်ရောင်းတဲ့သူဆိုတာ ဝယ်သူကို ရိုရိုသေသေ ဆက်ဆံရမှာ မဟုတ်လား…. ကျွမ်းကျင်မှု လုံးဝမရှိဘူး…. ဒီလိုသာ ဆက်လုပ်နေရင် ဒီအဆုံးအဖြတ်စင်မြင့်တော့ နောက်အရှုံးပေါ်တော့မှာပဲ.…”

သူ့ဘာသာ တတွတ်တွတ် ရေရွတ်ရင်း လော့ချန်သည် လေလွင့်ခြေလှမ်းနှင့် လေခွင်းမှော်အတတ် တို့ကို အသုံးပြုကာ ရှေ့သို့ ဆက်သွားသည်။ ဤလမ်းကြောင်းကြီးမှာ အတော်လေး ရှည်လျားလှသည်။ ကျယ်ဝန်းပြီး အဆုံးမရှိသကဲ့သို့ ထင်ရသည့်အပြင် ဖန်သားပြင်ကဲ့သို့ တောက်ပနေသည်။ လမ်းကြောင်းအဆုံးသို့ ရောက်သည့်အခါ လော့ချန်မှာ မြို့ပြင်ရပ်ကွက်မှ မြို့တွင်းပိုင်းအထိ ပြေးလာရသကဲ့သို့ပင် ခံစားလိုက်ရသည်။

သို့သော်လည်း အဆုံးအဖြတ်စင်မြင့်ကို မြင်လိုက်ရသည့်အခါတွင်မူ သူ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဒါ.... ဒါက အဆုံးအဖြတ်စင်မြင့်လား…."

သူ့မျက်စိရှေ့တွင် မြင့်မားလှသော စင်မြင့်ကြီးမှာ ကွင်း၏ အလယ်ဗဟိုတွင် ရှိနေပြီး ၎င်း၏ နောက်ကွယ်တွင် မီတာတစ်ရာခန့် မြင့်မားသော ကျောက်တိုင်ကြီး တစ်ခုရှိနေသည်။

ထိုကျောက်တိုင်ကြီးမှာ ခန့်ညားထည်ဝါလှပြီး ဝိညာဉ်ကိုပင် ဖမ်းစားနိုင်သည့် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုကျောက်တိုင်ကြီးမှာ သံသယဖြစ်ဖွယ် ရာ မရှိသော မှော်ရတနာကြီးပင် ဖြစ်သည်။

လော့ချန် မျက်တောင်ခတ်ရင်း ဘေးဘီဝဲယာကို ကြည့်လိုက်သည်။

စင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်တွင် တောင်နံရံကို ထွင်းထုပြုလုပ်ထားသော ပွဲကြည့်စင်များ ရှိပြီး ကျောက်သားထိုင်ခုံပေါင်း တစ်သောင်းကျော်ကို စီစီရီရီ တွေ့ရသည်။ ၎င်းတို့အထဲတွင် အကာအကွယ်အစီအရင် နံရံများဖြင့် သီးသန့်ခွဲထုတ်ထားသော မြင့်မားသည့် နေရာ ဆယ်ခုရှိပြီး အတွင်းပိုင်းကို အပြင်မှ မမြင်နိုင်အောင် ဖုံးကွယ်ထားသည်။

ရင်းနှီးသော ခံစားချက်တစ်ခု သူ့ရင်ထဲသို့ စီးဝင်လာသည်။

“ဒါက အလွန်ကြီးမားတဲ့ ဘောလုံးကွင်းကြီးနဲ့ မတူဘူးလား....မဟုတ်ဘူး…. ဒါက ကျင့်ကြံခြင်းကမ္ဘာက ရောမလက်ဝှေ့ကွင်းကြီးနဲ့ ပိုတူတယ်”

ကျောက်စိမ်းအိုး ဓားဂိုဏ်းသည် ဖီးနစ်ကျတောင်အား အခေါင်းပေါက်ဖြစ်အောင် ထွင်းထုထားသည်မှာ သေချာသည်။ သို့မဟုတ်လျှင် ဤမျှ ကြီးမားသော အဆုံးအဖြတ်စင်မြင့်ကို တည်ဆောက်ရန် နေရာ ဘယ်မှာရှိပါမည်နည်း။

လော့ချန်သည် အနည်းငယ် ညည်းညူရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အရှေ့ဘက် ပွဲကြည့်စင်ဆီသို့ ဦးတည်လိုက်သည်။

လမ်းတစ်လျှောက်တွင် ကြည့်ရှုသူများနှင့် ပြည့်နှက်နေပြီး အများစုမှာ အခြားနယ်မြေများမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ ဒေသခံ ကျင့်ကြံသူများမှာ ငွေကြေးအင်အား မရှိသဖြင့် လက်မှတ်အနည်းငယ်သာ ဝယ်နိုင်ကြသော်လည်း ကျန်ရှိသော လက်မှတ်အများစုမှာ ချမ်းသာသော ပြင်ပလူများ၏ လက်ထဲတွင် ရှိနေသည်။

ပွဲကြည့်စင်တစ်ခုကို ဖြတ်သွားစဉ် လော့ချန်သည် ခြေလှမ်းကို အရှိန်မြှင့်ကာ တိတ်ဆိတ်စွာ နေလိုက်သည်။ အကြောင်းမှာ ထိုပွဲကြည့်စင်မှာ တာကျန်းဂိုဏ်းသားများ စုဝေးနေသည့် နေရာဖြစ်သောကြောင့် ဖြစ်သည်။

"ဘယ်တော့ စတိုက်မှာလဲ၊ ဒုတိယခေါင်းဆောင်ကောင်းကတော့ ဟိုဓားကျိုးကောင်ကို အမှုန့်လုပ်ပစ်မှာ သေချာတယ်"

"ဒါနဲ့ မင်လုံယွီဆိုတာ ဘယ်သူလဲ၊ တာကျန်းဂိုဏ်းမှာ ဒီလိုလူ ရှိလို့လား၊ သူက နှလုံးစားကျား ဟန်တန်ကို နိုင်ပါ့မလား"

"ဘယ်သူကသိမှာလဲ၊ ငါသိတာကတော့ ရန်ရုရှန်းက တော်တော်အစွမ်းထက်တယ်၊ သူက ထျန်းယဲ့ဈေးကွက်မှာ နာမည်ကြီးတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူပဲ"

"ငါတို့ နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ၊ ငါကတော့ တာကျန်းဂိုဏ်းဘက်ကနေ ဝိညာဉ်ကျောက်တုံး နှစ်ရာတောင် လောင်းထားတာ"

အရှုံးသမားတွေ....မင်းတို့တွေ အကုန်ပြုတ်ပြုတ်ပြုန်းတော့မှာပဲ….။

လော့ချန် စိတ်ထဲမှ ကျိန်ဆဲနေစဉ် တစ်စုံတစ်ယောက်က သူ့အား တားလိုက်သည်။

"မိတ်ဆွေ…. ဒါ ဖိုရှန်းဂိုဏ်းသားတွေအတွက် နေရာပဲ၊ တခြားနေရာမှာ သွားကြည့်ပါ"

လော့ချန်က မတုန်မလှုပ်ဘဲ သူ၏ သံပြားကို ထုတ်ပြလိုက်သည်။ ထိုသူသည် သံပြားကို ကြည့်ကာ အံ့သြတကြီး ဖြစ်သွားသည်။

"ဟင်.... ဒါက တပ်မှုး ဝမ်ရဲ့ သံပြားပဲ၊ သူက ဘယ်တုန်းက တပည့်တွေ လက်ခံနေတာလဲ"

သူသည် လော့ချန်ကို အတန်ကြာ စိုက်ကြည့်ပြီးနောက် "ငါ့နောက်လိုက်ခဲ့" ဟု ဆိုသည်။

လော့ချန်မှာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ထိုသူ့နောက်မှ ကပ်လိုက်သွားသည်။ သူတို့သည် အပေါ်ဘက်သို့ ဦးတည်သော လမ်းလေးအတိုင်း လျှောက်လာကြရာ မကြာခင်မှာပင် အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားသည်။

"ဂိုဏ်းချုပ်.... ဒီလူက ကျွန်တော်တို့အဖွဲ့က ထင်တယ် တပ်မှုးဝမ်ရဲ့ သံပြားကို ကိုင်ထားပေမဲ့ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး"

မီရှုဟွာ လှည့်ကြည့်လိုက်ရာ သူ၏ ကြင်နာသော မျက်ဝန်းများက လော့ချန်အပေါ်သို့ ကျရောက်လာသည်။

လော့ချန်မှာ တွေဝေခြင်းမရှိဘဲ သံပြားကို ကမ်းပေးလိုက်သည်။ ဤသံပြားမှာ ဝမ်ယွမ်ကိုယ်တိုင် သူ့အိမ်သို့လာစဉ်က ပေးခဲ့ခြင်း ဖြစ်သည်။ ဝမ်ယွမ်က ထိုနေ့မှစ၍ သူ့အား စောင့်ရှောက်မည်ဟုပင် ပြောခဲ့ဖူးသည်။

"လော့လေးပါလား၊ မင်းလည်း ဖိုရှန်းဂိုဏ်းထဲ ဝင်လိုက်ပြီလား"

အနားတွင် ထိုင်နေသော မုရုံချင်းလျန်က နှုတ်ဆက်လိုက်သည်။

လော့ချန်က ပြုံးလျက် ဆိုသည်။

"ဝမ်ယွမ်က ကျွန်တော့်အစ်ကိုကြီးပါ၊ အရင်က မပြောမိလို့ တောင်းပန်ပါတယ်"

မီရှုဟွာသည် သံပြားကို စစ်ဆေးပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ချင်းလျန် ဘေးမှာ ထိုင်လိုက်ပါကွယ်"

လော့ချန်သည် ခေါင်းတငြိမ့်ငြိမ့်နှင့် မုရုံချင်းလျန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

ထိုင်ပြီးသည်နှင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို စူးစမ်းကြည့်ရင်း သူ အတော်လေး စိတ်လှုပ်ရှားနေမိသည်။ မုရုံချင်းလျန်အပြင် သူ့အနားတွင် အလွန်ချော‌မောသော လူငယ်တစ်ဦးလည်း ရှိနေသည်။

"မင်းက ဝမ်ယွမ်ရဲ့ တပည့်လား"

အေးစက်သော အသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံထဲတွင် မသိမသာ ရန်လိုမှုများ ပါဝင်နေသည်။

လော့ချန် ခဏမျှ ကြောင်သွားသည်။

“အစ်ကိုကြီးရယ်…. အစ်ကိုဝမ်နဲ့ ရန်ငြိုးရှိရင်လည်း သူ့ကိုပဲ သွားရှင်းပါ၊ ကျွန်တော့်ကို လာမပတ်သက်ပါနဲ့၊ ကျွန်တော်က မဆိုင်ဘဲ ကြားညပ်ရတဲ့ ဇာတ်လမ်းမျိုးကို ဝါသနာမပါဘူး”

သူ စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။

"ခယ်ယွဲ့လင်.... လော့လေးအပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံစမ်း"

မုရုံချင်းလျန်က ငေါက်လိုက်သည်။

လော့ချန် အံ့သြသွားသည်မှာ ထိုလူငယ်သည် သူမအား ပြန်မပြောဝံ့ဘဲ ငြိမ်ကျသွားခြင်း ပင်ဖြစ်သည်။

"ကျွန်တော်က သူ့ကို ရင်းနှီးအောင် လုပ်မလို့ပါ၊ သူက အစ်မကြီးနဲ့ ပတ်သက်နေမှန်း မသိလို့ပါ" ဟု သူက ဆိုသည်။

မုရုံချင်းလျန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"သူက မင်းရဲ့ ကတိသစ္စာပြု အစ်ကိုကြီးရဲ့ တပည့်ဖြစ်သလို ငါတို့ရဲ့ အိမ်နီးချင်းလည်း ဖြစ်တယ်၊ နောင်ကျရင် ဂိုဏ်းထဲမှာ သူနဲ့ ရင်းရင်းနှီးနှီး နေသင့်တယ်"

ကတိသစ္စာပြု အစ်ကိုကြီးဟူ‌ သော အတွေးက လော့ချန်၏ ဦးနှောက်ထဲသို့ လျှပ်ခနဲ ဖြတ်ပြေးသွားသည်။

တစ်ချိန်တည်းမှာပင် သိမ်မွေ့သော အသံတစ်သံ သူ့ နားထဲသို့ တိုက်ရိုက် စီးဝင်လာသည်။

"ခယ်ယွဲ့လင်က အခု ဖိုရှန်းဂိုဏ်းရဲ့ ကျားခုနစ်ကောင်ခန်းမ ရဲ့ ခေါင်းဆောင်ပဲ၊ ပြီးတော့ သူက ဦးလေးချင်ရဲ့ ကျောက်စိမ်းခွဲကျား ဆိုတဲ့ ဘွဲ့ကို ဆက်ခံထားတာ”

“အစက ဒီတစ်ခေါက် တိုက်ပွဲမှာ သူ ပါဝင်ရမှာ၊ ဒါပေမဲ့ မင်းရဲ့ အစ်ကိုကြီး ဝမ်ယွမ်က အရှိန်အဟုန်နဲ့ တက်လာပြီး နေရာယူလိုက်လို့ သူ နည်းနည်းတော့ မကျေမနပ် ဖြစ်နေလိမ့်မယ်….”

“ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါနဲ့ ဦးလေးချင် ရှိနေသရွေ့ သူ မင်းကို ဘာမှမလုပ်ဝံ့ပါဘူး...."

ဤသည်မှာ မုရုံချင်းလျန်၏ အသံပင် ဖြစ်သည်။ လော့ချန်သည် သူမအား ကျေးဇူးတင်စွာ ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။

ဒါဆိုရင် ငါက မသိမသာနဲ့ ဖိုရှန်းဂိုဏ်းထဲမှာ ရာထူးတော်တော် မြင့်နေတာပဲ....။

အစ်ကိုကြီး ဝမ်ယွမ်က တပ်မှုး၊ အိမ်နီးချင်း လင်မယားကလည်း ဂိုဏ်းထဲမှာ အရေးပါတဲ့ နေရာတွေမှာ ရှိနေကြပုံပဲ….။

သူ တွေးတောနေစဉ်မှာပင် ကွင်းအတွင်း အရပ်မျက်နှာ အသီးသီးမှ မြူခိုးများ ရုတ်တရက် ထွက်ပေါ်လာသည်။

အေးမြတည်ငြိမ်သော အပူချိန်မှာ ရောက်ရှိနေသူ အပေါင်း၏ လှုပ်ရှားနေသော စိတ်အာရုံများကို ငြိမ်သက်သွားစေသည်။ ထို့နောက် ထူထပ်သော မြူဖြူများကြားမှ ကြည်လင်ပြတ်သားသော စောင်းသံတစ်သံ ထွက်ပေါ်လာသည်။

မကြာမီမှာပင် လွင့်မျောနေသော နတ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ကျော့ရှင်းသော ပုံရိပ်တစ်ခုသည် မြူများကြားမှ ပေါ့ပါးစွာ ထွက်ပေါ်လာတော့သည်။

လော့ချန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဘုရားရေ….ဒါ... မိန်းကလေးချိုင်ယီ မဟုတ်လား….”

All Chapters