← Chapters

အရိုးကြေ အရေခမ်းတိုက်ပွဲကြီး စလေပြီ

Vol. 6 Ch. 60

အရိုးကြေ အရေခမ်းတိုက်ပွဲကြီး စလေပြီ

Vol. 6 Ch. 60

ကူချိုင်ယီ၏ အက အဆုံးသတ်သွားသည်နှင့် တစ်ကွင်းလုံးတွင် မိုးထစ်ချုန်းသကဲ့သို့ လက်ခုပ်သံများ ဟိန်းထွက်သွားတော့သည်။

လော့ချန်မှာလည်း လက်ဝါးများ နီရဲသည်အထိ အားပါးတရ လက်ခုပ်တီးနေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ သူနှင့်ရင်းနှီးသော အိမ်နီးချင်းမလေး ကူချိုင်ယီ ဖြစ်သည်။ သူမ၏ ဖျော်ဖြေမှုကို ဤမျှ အနီးကပ် ကြည့်ရှုခွင့်ရခြင်းအတွက် သူ ဂုဏ်ယူနေမိသည်။

မုရုံချင်းလျန်ကလည်း ပြုံးလျက် လက်ခုပ်တီးရင်း ချီးကျူးလိုက်သည်။

"ချိုင်ယီရဲ့ အကပညာက တစ်နေ့တခြား တိုးတက်လာတာပဲ၊ ဒီတစ်ကိုယ်တော် အကကတင် တကယ့်ကို ရင်သပ်ရှုမောစရာပဲ….သူမဟာ ရှန်းရှန်းထက်တောင် ကျော်ကြားလာပြီး တာဟဲဈေးမြို့တော်မှာ နာမည်တစ်လုံး အခိုင်အမာ ရလာတော့မှာပဲ.…"

အခြားသော ပွဲကြည့်ပရိသတ်များမှာလည်း ချီးကျူးသံများဖြင့် ပြည့်နှက်နေသည်။

အကပညာထဲတွင် ဆွဲဆောင်မှုရှိသော မှော်အတတ်များကို ပေါင်းစပ်လိုက်သည့်အခါ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် လှပဆန်းကြယ်သော မြင်ကွင်းများကို ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

နေ့စဉ်နှင့်အမျှ အသက်ရှင်ရပ်တည်ရေးနှင့် ကျင့်ကြံရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရသော ကျင့်ကြံသူများအတွက်မူ ဤမျှ စွဲမက်ဖွယ်ကောင်းသော ဖျော်ဖြေမှုမျိုးမှာ ရှားပါးပြီး မေ့ပျောက်နိုင်ဖွယ်မရှိသော အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။

ဖြူလွလွမြူများ တဖြည်းဖြည်း လွင့်ပြယ်သွားသည့်အခါ အဆုံးအဖြတ်စင်မြင့်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

ရွှေရောင်ဝတ်ရုံရှည်ကို ဆင်မြန်းထားသော ထိုသူမှာ တည်ကြည်ခက်ထန်သော မျက်နှာပေးနှင့် စူးရှသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူသည် အရပ်မျက်နှာအသီးသီးသို့ လက်ဝါးချင်းယှက်၍ နှုတ်ဆက်လိုက်သည်။

"ကျုပ်ကတော့ ဖန်ရင်ရှုံ ဖြစ်ပါတယ်၊ တာဟဲဈေးမြို့တော် အဆုံးအဖြတ်စင်မြင့် ဖွင့်ပွဲကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

လူအုပ်ကြီးမှာ မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ တိတ်ဆိတ်သွားကြသည်။ အကြောင်းမှာ ထိုသူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ဓားတစ်စင်းကဲ့သို့ ထက်ရှလွန်းသောကြောင့် ဖြစ်သည်။

သူသည် ကျောက်စိမ်းအိုး ဓားဂိုဏ်းမှ ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အောက်ခြေကျင့်ကြံသူများအဖို့ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးအား တုံ့ပြန်ရာတွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိသွားပါက စော်ကားမိသလို ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။

သို့သော်လည်း ဖန်ရင်ရှုံမှာမူ သူတို့၏ ဝေခွဲမရဖြစ်နေမှုကို ဂရုစိုက်ပုံမရပေ။ မိတ်ဆက်စကား အတိုချုံး ပြောပြီးနောက် သူသည် လက်ကိုမြှောက်ကာ ဓားကွက်လက်ဟန် ပြုလုပ်လိုက်ပြီး သူ၏ နောက်ကွယ်ရှိ မီတာတစ်ရာမြင့် ကျောက်တိုင်ကြီးဆီသို့ ချီစွမ်းအားများ လွှတ်ထုတ်လိုက်သည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ အဆုံးအဖြတ်စင်မြင့်သည် ဝိညာဉ်ကြောများ၏ စွမ်းအင်ကို စုပ်ယူလိုက်ကာ ကျောက်တိုင်ကြီးကို နိုးထစေလိုက်သည်။

ထိုအခါ ပြိုင်ပွဲဝင်စာရင်း ဟူသော ရွှေရောင်စာလုံးကြီး သုံးလုံးမှာ တောက်ပစွာ ပေါ်ထွက်လာတော့သည်။

ဝေဝါးနေသော အမည်များမှာလည်း တဖြည်းဖြည်းချင်း ကြည်လင်ပြတ်သားလာသည်။

ထိပ်တန်း ရွှေအမြုတေအဆင့် - ရန်ဖိန်ရှန်း (ကျောက်စိမ်းအိုး ဓားဂိုဏ်း)

ထိပ်တန်း အခြေခံတည်ဆောက်ခြင်းအဆင့် - လင်းချင်းရွှမ် (ကျောက်စိမ်းအိုး ဓားဂိုဏ်း)

ထိပ်တန်း ချီ သန့်စင်အဆင့် - ဟန်ကျန့် (တိမ်ပြိုဂိုဏ်း)

ထိုအမည်များကို မြင်လိုက်ရသည့်အခါ တစ်သောင်းကျော်သော လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ပြောဆိုသံများမှာ တောမီးပမာ ပျံ့နှံ့သွားတော့သည်။

တာဟဲဈေးမြို့တော်ကဲ့သို့ ဝေးလံသော နေရာများတွင်သာ ကန့်သတ်နေထိုင်ကြရသည့် ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ပြင်ပလောကမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ မိမိတို့၏ အဆင့်အတန်းတစ်ခုတွင် အကောင်းဆုံးဟု သတ်မှတ်ခံရရန်အတွက် ထိုသူများမှာ မည်မျှအထိ အစွမ်းထက်ကြမည်နည်း။ သူတို့၏ စိတ်ကူးထဲတွင်ပင် ပုံဖော်ရန် ခဲယဉ်းလှပေသည်။

ခဏအကြာတွင် ဖန်ရင်ရှုံ၏ အသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။

"အဆုံးအဖြတ်စင်မြင့်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သလို ထူးချွန်သူများစာရင်းကိုလည်း စတင်လိုက်ပါပြီ….မဟာတာအို ကို တက်လှမ်းဖို့ ရည်မှန်းချက်ကြီးမားသူ ဘယ်သူမဆို စင်မြင့်ပေါ်တက်ပြီး ဒီစာရင်းမှာ နာမည်ရေးထိုးနိုင်ပါတယ်”

"အနိုင်ရသူတိုင်းဟာ ရှုံးနိမ့်သူဆီကနေ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို နိုင်ကြေးအဖြစ် ရယူနိုင်မှာဖြစ်သလို မိမိတို့ရဲ့ အဆင့်အလိုက် ပါဝင်ခွင့်ကြေးကိုလည်း ရရှိမှာပါ….စာရင်းရဲ့ ထိပ်ပိုင်းကို ရောက်လေလေ ကျုပ်တို့ ကျောက်စိမ်းအိုး ဓားဂိုဏ်းကနေ နှစ်စဉ်ပေးအပ်မယ့် ဆုလာဘ်တွေက ပိုပြီး ကြီးမားလေလေ ဖြစ်မှာပါ”

"တစ်ကိုယ်တော်ကျင့်ကြံသူတွေလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်….ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေကိုတော့ ကျုပ်တို့ ကျောက်စိမ်းအိုး ဓားဂိုဏ်းမှာ ဂိုဏ်းသားတစ်ဦးအဖြစ် လက်ခံမှာဖြစ်ပြီး တခြားတပည့်တွေလိုပဲ ခံစားခွင့်တွေ ရရှိမှာပါ"

သူ၏ ရှင်းလင်းချက်ကြောင့် လူတိုင်းမှာ အဆုံးအဖြတ်စင်မြင့်အကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်သွားကြသည်။ ထူးချွန်သူများစာရင်း၏ ရည်ရွယ်ချက်ကိုလည်း သဘောပေါက်သွားကြသည်။

မိမိ၏ နတ်မျက်စိအတတ်ကို အသုံးပြု၍ ထိုစာရင်းဝင်များ၏ ဖုံးကွယ်ထားသော မှတ်တမ်းများကို ကြည့်ရှုစုံစမ်းနိုင်သည်။ လူအတော်များများမှာ အလိုအလျောက် စစ်ဆေးကြည့်ကြပြီး အံ့သြတုန်လှုပ်ဖွယ် အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

လော့ချန်လည်း စပ်စုချင်စိတ် ပြင်းပြနေမိသည်။ ချီ သန့်စင်အဆင့်တွင် အကောင်းဆုံး ဟု အမည်တပ်ခြင်းခံရသူမှာ မည်ကဲ့သို့သော လူမျိုးပါနည်း။

ထို့ကြောင့် သူသည် တိမ်ပြိုဂိုဏ်းမှ ဟန်ကျန့်၏ မှတ်တမ်းများကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ အသက်ရှူမှားမတတ် အံ့သြသွားရသည်။

“မိမိနှင့် အဆင့်တူသူများနှင့် တိုက်ပွဲပေါင်း ၃၂ ပွဲ၊ လုံးဝ မရှုံးဖူးသေး၊ အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ပွဲနိုင်၊ ၅ ပွဲရှုံး.…"

ဒီလိုလူမျိုးက ချီ သန့်စင်အဆင့်မှာ အကောင်းဆုံးမဟုတ်ရင် တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ….။

သူ အံ့သြနေစဉ်မှာပင် အနီးရှိ အလယ်ဗဟိုတွင် ထိုင်နေသော မီရှုဟွာက ခေါင်းယမ်းကာ သက်ပြင်းအသာချလိုက်သည်။

"ငါတို့ ကျင့်ကြံသူတွေဟာ သက်တမ်းရှည်ဖို့အတွက် ကြိုးစားအားထုတ်ကြတာ၊ တိုက်ခိုက်ရေးစွမ်းရည် တစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်နေတာဟာ မိစ္ဆာလမ်းစဉ်ဘက်ကို အရမ်းယိမ်းလွန်းရာ ရောက်နေတယ်"

လော့ချန်၏ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။ အလွန်အကျွံ တိုက်ခိုက်နေခြင်းမှာ ကျင့်ကြံခြင်းကို ဟန့်တားစေနိုင်သလို ရေရှည်တွင် အသက်သက်တမ်းကိုလည်း ထိခိုက်စေနိုင်သည်။

သို့သော်လည်း အခြားတစ်ဖက်မှ ကြည့်မည်ဆိုပါက တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ဤသည်မှာ လက်ရှိဘဝမှ ရုန်းထွက်နိုင်မည့် လမ်းစတစ်ခု ဖြစ်ပေသည်။ အသိအမှတ်ပြုခံရရန်၊ အရင်းအမြစ်များ ရရှိရန်နှင့် ဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ခံရရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်။

အကယ်၍ ဂိုဏ်းတစ်ခုထဲသို့ ဝင်ခွင့်ရမည်ဆိုပါက တစ်ကိုယ်တော်ကျင့်ကြံသူဘဝ၏ ဆင်းရဲဒုက္ခများမှ လွတ်မြောက်နိုင်ပြီး အဖွဲ့အစည်းတစ်ခု၏ ပံ့ပိုးမှုနှင့် ကျင့်ကြံသူများ၏ လမ်းညွှန်မှုကို ရရှိမည်ဖြစ်သည်။ အနည်းဆုံးတော့ ကျင့်ကြံရေးမိသားစုတစ်ခုတွင် အကြီးအကဲအဖြစ် ဝင်ရောက်အမှုထမ်းရခြင်းက တစ်ဦးတည်း ကျင့်ကြံနေရခြင်းထက် များစွာ သာလွန်ပေသည်။

သို့သော်လည်း ထိုသို့ဖြစ်ရန်အတွက် ထူးကဲသော တိုက်ခိုက်ရေးစွမ်းရည် လိုအပ်ပေသည်။

စင်မြင့်ပေါ်တွင် ဖန်ရင်ရှုံမှာ ကြာရှည်စွာ မနေတော့ပေ။ စည်းမျဉ်းများကို ကြေညာပြီးနောက် ဖွင့်ပွဲအခမ်းအနား စတင်ရန် အချက်ပေးလိုက်သည်။

ထို့နောက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ဒုတိယအဆင့် မိစ္ဆာသားရဲများအကြား စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲသုံးပွဲ အပါအဝင် အမျိုးမျိုးသော ဖျော်ဖြေမှုများ ဆက်တိုက် ပေါ်ထွက်လာသည်။

နောင်တွင် ကျောက်စိမ်းအိုး ဓားဂိုဏ်းသည် ပထမနှင့် ဒုတိယအဆင့် မိစ္ဆာသားရဲများကို ကျင့်ကြံသူများနှင့် ပုံမှန်ယှဉ်ပြိုင်စေလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

တိုင်နီအကျဉ်းထောင် တွင် အကျဉ်းသားဦးရေ ပိုမိုများပြားလာသည်နှင့်အမျှ အဆုံးအဖြတ်စင်မြင့်တွင် တိုက်ပွဲများ ပြတ်တောက်သွားလိမ့်မည် မဟုတ်ပေ။ စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး ကျင့်ကြံသူများအကြား ယှဉ်ပြိုင်လိုစိတ်ကို နှိုးဆော်ပေးနိုင်ပါက အဆုံးအဖြတ်စင်မြင့်သည် ဝိညာဉ်ကျောက်တုံးများစွာကို ဖန်တီးပေးမည့် နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ဖျော်ဖြေမှုများကို ကြည့်နေရင်း လော့ချန်သည် သူ့ပတ်ဝန်းကျင်ရှိ ဖိုရှန်းဂိုဏ်းသားများ၏ မျက်နှာအမူအရာကိုလည်း အကဲခတ်နေမိသည်။

ရင်သပ်ရှုမောဖွယ် ဖျော်ဖြေမှုများကို အံ့သြနေကြသော်လည်း သူတို့၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ ရှိနေဆဲ ပင်ဖြစ်သည်။ လူသားတို့သည် မိမိတို့နှင့် တိုက်ရိုက်ပတ်သက်နေသော ကိစ္စများကိုသာ အာရုံအစိုက်ဆုံး ဖြစ်ကြသည်။ သူတို့အတွက် အရေးအကြီးဆုံးမှာ ယနေ့ဖွင့်ပွဲ၏ အဓိက အစီအစဉ်ဖြစ်သော တိုက်ပွဲ ၁၈ ပွဲ ပင် ဖြစ်သည်။

ရင်းနှီးသော ပုံရိပ်တစ်ခုသည် ပျံသန်းရေးဓားကို စီးနင်းကာ အဆုံးအဖြတ်စင်မြင့်ပေါ်သို့ တက်လာသည်။

သူကား ကျောက်စိမ်းအိုး ဓားဂိုဏ်း၏ အပြင်စည်းတပည့် စီမံခန့်ခွဲသူနှင့် ကျောက်စိမ်းအိုး လက်နက်ပြတိုက်၏ အရှင်သခင် မီယောင်ပင် ဖြစ်သည်။ သူသည် ဤကဲ့သို့သော ပွဲများကို မကြာခဏ ဦးဆောင်လေ့ရှိသဖြင့် လူတိုင်းနှင့် ရင်းနှီးပြီးသား ဖြစ်သည်။

သူ၏ ပေါ်ထွက်လာမှုမှာ နောက်ဆုံးနှင့် သွေးအစွန်းဆုံးသော အစီအစဉ် စတင်တော့မည်ကို ညွှန်ပြနေသည်။

"ဖိုရှန်းဂိုဏ်းနဲ့ တာကျန်းဂိုဏ်းတို့အကြားမှာ သဘောထားကွဲလွဲမှု အချို့ရှိနေပါတယ်၊ ဒီနေ့မှာတော့ အဲဒီကိစ္စတွေကို အဆုံးအဖြတ်စင်မြင့်ပေါ်မှာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး အားလုံးက သက်သေအဖြစ် ကြည့်ရှုကြရမှာပါ၊ ဂိုဏ်းတစ်ခုချင်းစီကနေ အခြေခံတည်ဆောက်ခြင်းအဆင့်အောက်က အဖွဲ့ဝင် ကိုးဦးစီ ပါဝင်မှာဖြစ်ပြီး ဘယ်လိုနည်းလမ်းမျိုးကိုမဆို အသုံးပြုခွင့်ရှိပါတယ်၊ သာမန်တိုက်ပွဲတွေနဲ့ မတူတာကတော့ ဒီတိုက်ပွဲဟာ သေသည်အထိ တိုက်ရမယ့် တိုက်ပွဲဖြစ်ပါတယ်”

"ဟားဟား.... တကယ်လို့ နောင်မှာ ဘယ်သူမဆို အငြင်းပွားစရာတွေ ရှိလာခဲ့ရင် မြို့ရွာအသီးသီးမှာရှိတဲ့ ကျုပ်တို့ဂိုဏ်းရဲ့ အဆုံးအဖြတ်စင်မြင့်တွေကို ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်၊ အားလုံးကို စီစဉ်ပေးသွားမှာပါ"

စကား အတိုချုံးပြောပြီးနောက် မီယောင်၏ မျက်နှာမှာ တည်ကြည်သွားသည်။

"ကဲ.... အခု ပထမဆုံးပွဲကို စတင်ပါပြီ၊ ဖိုရှန်းဂိုဏ်းမှ ဟန်တန် နှင့် တာကျန်းဂိုဏ်းမှ မင်လုံယွီ"

ထိုစကားအဆုံးတွင် သူသည် အဆုံးအဖြတ်စင်မြင့်ပေါ်မှ ဆင်းသွားတော့သည်။

ကြီးမားလှသော ကျောက်သားစင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်မှ ပုံရိပ်နှစ်ခုသည် ဖြည်းည်းချင်း ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ချီစွမ်းအင်များ ပြည့်နှက်နေပြီး ပြောင်းပြန်လှန်ထားသော ပန်းကန်လုံးနှင့်တူသော အကာအကွယ်အစီအရင်ကြီးက စင်မြင့်ကို ပိတ်ဆို့လိုက်သည်။

အနိုင်ရသူ တစ်ဦးတည်းသာ ဤအဆုံးအဖြတ်စင်မြင့်ပေါ်မှ ပြန်လည်ထွက်ခွာခွင့် ရရှိမည် ဖြစ်သည်။

ပွဲကြည့်စင်ပေါ်တွင် နှစ်ဖက်ဂိုဏ်းဝင်များမှာ စိုးရိမ်စိတ်များကို ဘေးဖယ်ထားကာ မိမိတို့၏ ကိုယ်စားလှယ်များအတွက် အားပါးတရ အော်ဟစ်အားပေးနေကြသည်။

ဖိုရှန်းဂိုဏ်းသားများမှာ အထူးသဖြင့် ဟန်တန်နှင့် ရင်းနှီးသူများ ဖြစ်ကြသဖြင့် သူတို့၏ အော်ဟစ်သံများမှာ လေထုကိုပင် တုန်ခါစေသည်။

"ခန်းမမှူးဟန်.... သူ့ကို သတ်ပစ်လိုက်"

"သတ်စမ်း….နလုံးစားကျားက ပြိုင်ဘက်ကင်းတယ် "

အပြင်ဘက်မှ ဆူညံသံများသည် အကာအကွယ်အတွင်းရှိ လူများအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိပေ။ အကာအကွယ်အတွင်း၌ တိုက်ခိုက်သူနှစ်ဦးမှာ အချိန်ဆွဲမနေတော့ဘဲ မှော်အတတ်များ ပေါက်ကွဲထွက်လာကာ၊ မှော်လက်နက်များ အပြန်အလှန် ရိုက်ခတ်မိရင်း တိုက်ပွဲမှာ အပြင်းအထန် စတင်နေပြီ ဖြစ်သည်။

ဟန်တန်သည် အဆင့်မြင့် ပျံသန်းရေးဓားနှင့် အစွမ်းထက်သော အကာအကွယ်လက်နက်တို့ကို အသုံးပြုကာ နာမည်ကျော် ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးပီပီ တိုက်ခိုက်နေသည်။

ပွဲကြည့်စင်ပေါ်မှ လော့ချန်သည် ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူများ အချင်းချင်း မည်သို့ရင်ဆိုင်ကြမည်ကို သိလိုသဖြင့် တိုက်ပွဲကို အသေအချာ စိုက်ကြည့်နေမိသည်။ သူသည် နှလုံးစားကျား ဟန်တန်အကြောင်းကို အထူးတလည် စုံစမ်းထားခဲ့ဖူးသည်။

ဖိုရှန်းဂိုဏ်း၏ ခန်းမခုနစ်ခုကို ချီ သန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဦးစီက တာဝန်ယူထားခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း တာဟဲဈေးမြို့တော်မှ ကျင့်ကြံသူများသည် ထိုခုနစ်ဦးအပေါ် အမျိုးမျိုးသော သုံးသပ်ချက်များ ပေးထားခဲ့ကြသည်။

၎င်းတို့အထဲတွင် ဟန်တန်မှာ အဆင့်အမြင့်ဆုံးနှင့် ရက်စက်မှုအရှိဆုံး ကျားတစ်ကောင် ဖြစ်သည်။ သူ့အား ပထမဆုံးပွဲအတွက် ရွေးချယ်လိုက်ခြင်းက မီရှုဟွာသည် သူ့အပေါ် မည်မျှအထိ ယုံကြည်ထားသည်ကို ပြသနေသည်။

သို့သော်လည်း တိုက်ပွဲမှာ မည်သူမျှ မမျှော်လင့်ထားသည့် လမ်းကြောင်းသို့ ဦးတည်သွားသည်။

လျှို့ဝှက်ဆန်းကြယ်သော မင်လုံယွီမှာ အစီအရင်ကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်။ သူသည် ပထမဦးစွာ အကာအကွယ်အင်းစာရွက်ကို တည်ငြိမ်စွာ အသက်သွင်းလိုက်ပြီးနောက် အရပ်မျက်နှာအသီးသီးသို့ အစီအရင်အလံများကို ပစ်လွှတ်လိုက်သည်။

ဟန်တန်သည် အကာအကွယ်အင်းကို အဆက်မပြတ် တိုက်ခိုက်နေသဖြင့် အကာအကွယ်မှာ တုန်ခါနေသော်လည်း ရန်သူ့ကိုမူ ထိခိုက်အောင် မလုပ်နိုင်သေးပေ။ ထို့ကြောင့် သူသည် အစီအရင်အလံများကို ဖျက်ဆီးရန် ကြိုးစားတော့သည်။ သူ၏ စွမ်းရည်ဖြင့်ဆိုပါက အလံပေါင်းများစွာမှာ ခဏအတွင်းမှာပင် အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။

သူသည် အောင်ပွဲမှာ လက်တစ်ကမ်းတွင် ရှိနေပြီဟု ယုံကြည်ကာ လိပ်ခွံ ကဲ့သို့သော အကာအကွယ်ကို ဖောက်ခွဲရန် ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ ကြေမွသွားသော အလံစများမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရွှေရောင်ဓားဦးပေါင်း ရာနှင့်ချီ၍ ယှက်သန်းလာကာ သူ့အား အနားမပေးဘဲ တိုက်ခိုက်တော့သည်။

ဟန်တန်သည် သူ၏ အကာအကွယ်လက်နက်ကို ထုတ်သုံးလိုက်သော်လည်း ထိုရွှေရောင်ဓားဦးများ၏ ဒဏ်ကြောင့် အသက်ဆက်ရန် ခဲယဉ်းစွာ ရုန်းကန်နေရတော့သည်။

သူ မည်မျှကြာကြာ တောင့်ခံနိုင်မည်မဟုတ်သည်ကို လူတိုင်း မြင်နေရသည်။

မီရှုဟွာ၏ ကြင်နာတတ်သော အပြုံးများ ပျောက်ကွယ်သွားပြီး တာကျန်းဂိုဏ်းဘက်သို့ မှောင်မှောင်မည်းမည်း မျက်နှာထားဖြင့် ကြည့်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ဟိုင်ချောင်ကလည်း သူ့အား ပြန်လည်စိုက်ကြည့်နေသည်။

"ဒီလူကလည်း မင်းတို့ တာကျန်းဂိုဏ်းကပဲလား"

"အစ်ကိုကြီးမီ.... ခင်ဗျားလည်း သိပြီးသားပဲ မဟုတ်လား၊ ဘာလို့ ရှုံးမှာကြောက်နေတဲ့သူလိုမျိုး ဟန်ဆောင်နေရတာလဲ"

"ဟမ့်…. ရလဒ်က မထွက်သေးဘူး စောင့်ကြည့်ကြတာပေါ့"

မီရှုဟွာ ထိုသို့ပြောလိုက်သော်လည်း အဆုံးအဖြတ်စင်မြင့်ပေါ်မှ ဟန်တန်၏ ရင်နင့်ဖွယ် အော်ဟစ်သံများကြောင့် သူ၏ မျက်ခုံးများ မသိမသာ လှုပ်ခတ်သွားသည်။ ဟန်တန်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်နေပြီး သွေးနှင့်အသားများမှာ နေရာအနှံ့ လွင့်စင်နေတော့သည်။ တစ်ချိန်က နာမည်ကျော်ခဲ့သော နှလုံးစားကျား ၏ နောက်ဆုံးကံကြမ္မာမှာ ဤကဲ့သို့ပင် ဖြစ်သွားရတော့သည်။

ဖိုရှန်းဂိုဏ်းဝင် ရာပေါင်းများစွာမှာ လုံးဝ တိတ်ဆိတ်သွားကြသည်။

လုံးဝဆန့်ကျင်ဘက်ဖြစ်စွာပင် ကျန်ရှိသော ပရိသတ်များမှာမူ စိတ်လှုပ်ရှားစွာဖြင့် ဟစ်ကြွေးအားပေးနေကြသည်။ လူသားတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့မှာ ဘယ်သောအခါမှ ထပ်တူကျလေ့မရှိသည်မှာ အမှန် ပင်ဖြစ်သည်။

လော့ချန်မှာမူ ကျောချမ်းစရာ ခံစားချက်တစ်ခုနှင့်အတူ ထိုနေရာတွင် ထိုင်နေမိသည်။

ဟန်တန်၏ ချီ သန့်စင်အဆင့် ပါရမီရှင်အဆင့်မှာ ငြင်းပွယ်၍မရနိုင်သလို၊ သူ၏ အဆင့်မြင့် ပျံသန်းဓား၊ အဆင့်မြင့် အကာအကွယ်လက်နက်နှင့် ပြင်းထန်သော ချီစွမ်းအားတို့မှာလည်း ခိုင်မာသော အုတ်မြစ်များ ဖြစ်ကြသည်။

သူ၏ တိုက်ခိုက်ရေး နည်းစနစ်များမှာလည်း အပြစ်ပြောစရာ မရှိပေ။ သို့သော်လည်း ဤဆန်းကြယ်သော တိုက်ပွဲတွင် သူသည် အစပိုင်းတွင် အခွင့်သာခဲ့သော်လည်း နောက်ပိုင်းတွင် ဘာမှမလုပ်နိုင်ဘဲ ဖြစ်သွားရသည်။ ဤသည်မှာ အစီအရင်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားပါလော။

သူ တွေးတောနေစဉ်မှာပင် ဘေးရှိ မုရုံချင်းလျန်တစ်ယောက် လက်သီးများ တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်ကို သတိပြုမိလိုက်သည်။

All Chapters